(ပင်လယ်ပြာရဲ့တေးသွား ချစ်ခြင်...

By Hsu_Madi

134K 10.1K 563

ပင်လယ်ပြာရဲ့ လှိုင်းခတ်သံတွေထဲ ကျွန်တော် အချစ်ကို ရှာတွေ့ခဲ့တယ်။ Starting Date - 15.11.2022 Ending Date - 12... More

Part - 1 (Zawgyi)
Part - 1 (Unicode)
Part - 2 (Zawgyi)
Part - 2 (Unicode)
Part - 3 (Zawgyi)
Part - 3 (Unicode)
Part - 4 (Zawgyi)
Part - 4 (Unicode)
Part - 5 (Zawgyi)
Part - 5 (Unicode)
Part - 6 (Zawgyi)
Part - 6 (Unicode)
Part - 7 (Zawgyi)
Part - 8 (Zawgyi)
Part - 8 (Unicode)
Part - 9 (Zawgyi)
Part - 9 (Unicode)
Part - 10 (Zawgyi)
Part - 10 (Unicode)
Part - 11 (Zawgyi)
Part - 11 (Unicode)
Part - 12 (Zawgyi)
Part - 12 (Unicode)
Part - 13 (Zawgyi)
Part - 13 (Unicode)
Part - 14 (Zawgyi)
Part - 14 (Unicode)
Part - 15 (Zawgyi)
Part - 15 (Unicode)
Part - 16 (Zawgyi)
Part - 16 (Unicode)
Part - 17 (Zawgyi)
Part - 17 (Unicode)
Part - 18 (Zawgyi)
Part - 18 (Unicode)
Part - 19 (Zawgyi)
Part - 19 (Unicode)
Part - 20 (Zawgyi)
Part - 20 (Unicode)
Part - 21 (Zawgyi)
Part - 21 (Unicode)
Part - 22 (Zawgyi)
Part - 22 (Unicode)
Part - 23 (Zawgyi)
Part - 23 (Unicode)
Part - 24 (Zawgyi)
Part - 24 (Unicode)
Part - 25 (Zawgyi)
Part - 25 (Unicode)
Part - 26 (Zawgyi)
Part - 26 (Unicode)
Part - 27 (Zawgyi)
Part - 27 (Unicode)
Part - 28 (Zawgyi)
Part - 28 (Unicode)
Part - 29 (Zawgyi)
Part - 29 (Unicode)
Final Episode (Zawgyi)
Final Episode (Unicode)
ကျေးဇူးတင်လွှာ (Z+U)
Physical Book Announcement
Can order now

Part - 7 (Unicode)

2.7K 281 25
By Hsu_Madi

"လောက သဘာဝ"

>>>>>>>

ပင်လယ်ပြင်မှ တိုက်ခတ်လာတဲ့ လေက ယခုမှ နေကောင်းခါစ ကျွန်တော့်အတွက် အချမ်းပိုစေပါသည်။
ဆိပ်ကမ်းကို ဒုတိယအကြိမ် ရောက်ရှိလာရပြန်သည်။

ပူသည်၊ အေးသည်ကို ဂရုမစိုက်ဘဲ တုံးတိုက်တိုက် ကျားကိုက်ကိုက် နေလာခဲ့တဲ့ ကျွန်တော့်ရဲ့ ကိုယ်ပေါ်ရှိ အနွေးထည်က အန်ရီကို့အကျႌသာ ဖြစ်၏။

"သေချာ ချိန်းထားရဲ့လား"

တစ်စုံတစ်ယောက်နဲ့ ချိန်းဆိုထားပုံရပြီး ချိန်းဆိုထားချိန်ထက် ငါးမိနစ်ကျော်နေပြီဖြစ်တာကြောင့့် နာရီကို တကြည့်ကြည့် လုပ်နေတဲ့ အန်ရီကိုက ရို့စ်အား မေးသည်။

"သေချာပါတယ် ဟိုရက်က နင်မအားလို့ ဒီရက်ကိုရွှေ့ကြောင်း ငါ သေချာ မေးလ်ပို့ထားပါတယ် သူကလည်း လက်ခံကြောင်း အကြောင်းပြန်တယ်"

ကျွန်တော် အားနာမှာစိုးတဲ့ ရို့စ်က ကျွန်တော် နေမကောင်းလို့ ပြုစုနေရတယ်လို့ မပြောဘဲ အန်ရီကို အလုပ်ရှုပ်နေတာကြောင့်လို့သာ ပြော၏။ ကျွန်တော့်ကြောင့် အလုပ်နားထားရတယ်ဆိုတာ သိနေတော့ အားနာရတာပါပဲ။

"ဟိုမှာ လာပြီ"

ကျွန်တော်တို့ ရှိရာဆီသို့ လူနှစ်ယောက်လာနေ၏။

"ဟိုတယ်က ထွက်လာခါနီးမှ ကိစ္စလေးတစ်ခုပေါ်လာလို့ နောက်ကျသွားတယ် အန်ရီကို ငါ မင်းကို တွေ့ချင်နေတာ အခုမှပဲ အပြင်မှာ တွေ့ရတော့တယ်"

ပါးစပ်က အန်ရီကိုလို့ နာမည်တပ်ပြောနေပေမဲ့ လက်နှစ်ဖက်ကို ဆန့်လို့ ထိုလူက ကျွန်တော့်ဆီကို ဦးတည်လာနေ၏။

"အန်ရီကိုက သူ "

ရို့စ်က ကျွန်တော့်အရှေ့မှ ပိတ်ရပ်ပြီး ပြောလေ၏။
နှုတ်ဆက်ကြရင်တောင် အနမ်းနဲ့ နှုတ်ဆက်ကြတဲ့ သူတို့တွေအတွက် ဖက်တာက သိပ်ပြီးမထူးခြားပေမဲ့ မြန်မာနိုင်ငံမှာ ကြီးပြင်းခဲ့တဲ့ ကျွန်တော့်အတွက်တော့ နေရကြပ်စေပြီး ယခုအချိန်မှာ ရို့စ်က ကယ်တင်ရှင်ကြီးလို ဖြစ်နေတော့သည်။

ဒီတစ်ခေါက် လှေပေါ်တက်ချိန်မှာ ကျွန်တော့်ဆီကို မတူညီသည့် လူနှစ်ယောက်က လက်ကမ်းသည်။ ယခုမှ စတွေ့သည့် သူစိမ်းတစ်ယောက်နဲ့ အန်ရီကိုရဲ့ လက်တို့က ကျွန်တော့်ကို လက်ကမ်းလာ၏။

အန်ရီကိုကလည်း ကျွန်တော့်အတွက် သူစိမ်းဆိုပေမဲ့ ယခုမှစတွေ့သည့် လူတစ်ယောက်နဲ့ ယှဉ်ရင်တော့ အန်ရီကိုက ကျွန်တော့်အတွက် စိမ်းသက်နေသူ မဟုတ်ပေ။

ကျွန်တော် လက်ကမ်းလိုက်မိတာ ရင်းနှီးဖူးတဲ့ လက်ဖဝါးဆီသို့။ လက်ဖဝါးနွေးနွေးရဲ့ ယှက်နွယ်မှု့ကို အားပြု၍ လှေပေါ်တက်ချိန် အန်ရီကို့အပြုံးတွေက မနက်ခင်း နေရောင်ခြည်လို တောက်ပနေ၏။ ပင်လယ်လေလို လတ်ဆတ်နေ၏။

ရွေးချယ်ခြင်းခံရတဲ့အခါ လူတွေရဲ့ အပြုံးတွေဟာ ဒီလိုပဲ ကြည့်ကောင်းပါသလား။

ပင်လယ်ရေအောက်ထိ ဆင်းဖူးပြီဖြစ်တဲ့ ကျွန်တော့်အတွက် ကြောက်ရွံ့ခြင်းတို့ မရှိ။ သက်သောင့်သက်သာ ရှိလှသည်။
ဒီတစ်ခေါက်မှာတော့ အဲလက်စ်၊ နိုဗန်၊ ဒေးဗစ်တို့က လှေတစ်စီးနဲ့ သပ်သပ်လိုက်ပါ၏။ ဒီနေ့ ဘာလုပ်ကြမှာလဲ နောက်ထပ် လူနှစ်ယောက်ကရော ဘယ်သူတွေလဲ ကျွန်တော် မသိရသေး။

"မိုက်ကယ် မင်း လေ့ကျင့်ထားတာတွေကို ငါကြည့်ချင်တယ်"

အန်ရီကို့စကားအဆုံး မိုက်ကယ်ဆိုသူက သူ့အိတ်ထဲမှ tabletကို ထုတ်ပေးလာ၏။ အန်ရီကိုကြည့်တဲ့အခါ ဘေးနားကပ်ရပ်ထိုင်နေတဲ့ ကျွန်တော်ပါ မြင်ရသည်။
ငါးအကြီးစား နှစ်ကောင်နဲ့ ရေကူးကန်ထဲမှာ ရေပြိုင်ကူးနေသည့် ပုံရိပ်က tabletရဲ့ မျက်နှာပြင်ထက်မှာ တရွေ့ရွေ့ပေါ်နေသည်။

အံ့ဩပြီးရင်း အံ့ဩနေရတာက နေ့စဉ်ရက်ဆက်
ကျွန်တော် တစ်ကြိမ်တစ်ခါမှ မကြုံဖူးတာတွေ ကြုံတွေ့နေရခြင်းကြောင့်။

"ဗိုလ်ဗိုလ် ဒါကို Hummerhead Shark  (ဟမ်းမားဟတ်ငါးမန်း)လို့ခေါ်တယ်။ ဒီကောင်က Coral reef Shark (သန္တာကျောက်တန်းငါးမန်း)လို့ ခေါ်တယ်
ဒီဟမ်းမားဟတ်ငါးမန်း အမျိုးအစားက ကမ္ဘာမှာ ရှားပါးမျိုးစိပ်ထဲ ပါနေပြီ။"

ရှင်သန်လာတဲ့ နှစ်ဆယ့်ငါးနှစ်တာ ဘဝတစ်လျှောက် ငါးမန်းလို့သာ ကြားသိခဲ့ဖူးတဲ့ ကျွန်တော့်အတွက် ကြားရတဲ့ နာမည်တွေက အထူးအဆန်းဖြစ်နေစေ၏။ ငါးမန်းမှာတောင် အမျိုးအစားကွဲတွေ ရှိသေးတာလား။

"ငါးမန်းကိုတောင် ဘယ်နှမျိုးလောက် ခွဲထားပြန်တာလဲ"

တအံ့တဩမေးတဲ့ ကျွန်တော့်မေးခွန်းမှာ အမှားတွေ ပါသွားတာကြောင့် အန်ရီကိုက ကျွန်တော့်ဆံပင်ကို ဖွပြီး သဘောကျစွာ ပြုံး၏။ လူတွေက ခွဲချင်တိုင်း ခွဲလို့ရတာမှ မဟုတ်ဘဲ။ သဘာဝအလျှောက် ဖြစ်တည်နေတဲ့ မျိုးစိပ်တွေ။

"တစ်ချို့ပညာရှင်တွေက အမျိုးအစားပေါင်း နှစ်ရာရှိတယ် ပြောပေမဲ့ တစ်ချို့ပညာရှင်တွေကတော့ လေးရာကျော်ရှိတယ် ပြောကြတယ်။ အတိအကျ ထုတ်ပြန်တာမျိုးတော့ မရှိသေးဘူး။"

ဆယ်ဂဏန်းလောက်သာ ခန့်မှန်းထားတဲ့ ကျွန်တော့် ခန့်မှန်းချက်က မှားပြန်ပြီ။ ငါးမန်းအမျိုးအစားနဲ့တင် ရာချီနေတာ သုတေသနပညာရှင်တွေ မှတ်မိနိုင်ရဲ့လားလေ။

ဟမ်းမားဟတ်ငါးမန်းက နှုတ်ခမ်းရှေ့တွင် ယပ်တောင်
သဏ္႑ာန် အတွန့်တွေနဲ့ဖြစ်ပြီး သန္တာကျောက်တန်း ငါးမန်းကတော့ ငါးမန်းဖြူနဲ့ ပုံသဏ္႑ာန် သိပ်မကွာခြားပေမဲ့ အရောင်လေးတော့ ကွာ၏။

ပြိုင်ပွဲအဆုံးတွင် အရင်ပန်းဝင်သူက ဟမ်းမားဟတ်ငါးမန်း ဖြစ်ပြီး သန္တာကျောက်တန်းငါးမန်းက လူရေကူးတာထက်ပင် နှေး၏။ လူနဲ့ ရင်းနှီးနေပြီး လေ့ကျင့်ပေးထားဟန်ရှိတဲ့ ငါးမန်းတွေက လူကို ရန်မူခြင်း မရှိ။

သတ်မှတ်နေရာရောက်ချိန်တွင် ကျွန်တော်တို့ စီးလာတဲ့ လှေက ရန်တန့်သွားပေမဲ့ အဲလက်စ်တို့က ကျွန်တော်တို့ လှေနဲ့ မီတာတစ်ရာအကွာအဝေးမှာ ရပ်၏။

"အဆင်သင့်ဖြစ်ရင် ပြော မိုက်ကယ်"

"ခဏ ရေယပ်တပ်ရဦးမယ်"

မိုက်ကယ်ဆိုသူက အပေါ်မှထပ်ဝတ်လာတဲ့ အဝတ်အစားတွေကို ချွတ်ချပြီး ခြေထောက်မှာ ငါမြှီးနဲ့တူတဲ့ ရေယပ်ကို တပ်၏။

"သူက အရံှုးမရှိ ရေကူးချန်ပီယံလေ အခု ငါးမန်းဖြူနဲ့ ရေပြိုင်ကူးမလို့"

မိုက်ကယ်လုပ်သမျှကို မျက်စိမလွှဲ လိုက်ကြည့်နေတဲ့ ကျွန်တော့်နားကို အန်ရီကိုက တိုးတိုးကပ်ပြော၏။

"ငါးမန်းက ရန်မလုပ်ဘူးလား"

ကျွန်တော် ထိတ်လန့်စွာ မေးမိတော့....

"လူတွေက ငါးမန်းကို ဆိုးဝါးတဲ့ သတ္တဝါလို့ မြင်နေကြပေမဲ့ ငါးမန်းတွေက သူတို့ကို ရန်မမူရင် ဘာမှမလုပ်တတ်ဘူး။ လူတွေက ငါးမန်းကို ကြောက်တာထက် ငါးမန်းတွေက လူတွေကို ပိုကြောက်တယ်။ သူတို့ကို အန္တရာယ်ပေးနိုင်တာ လူတွေပဲ ရှိတယ်လေ။"

အန်ရီကို ပြောတာလည်း ဟုတ်နေတာပဲ။ လျှော့တိုက် ငါးဖမ်းခြင်းတွေ ပြုလုပ်ကြတာတွေ များလာတော့ တချို့ ငါးအမျိုးအစားတွေက ရှားပါလာကြပြီ။ ရေပျော်သတ္တဝါတွေအတွက် အန္တရာယ်ပေးနိုင်တာ လူတွေဖြစ်သလို ကာကွယ်နိုင်တာလည်း လူတွေပဲ။ ထိရောက်တဲ့ ဥပဒေ၊ အရေးယူမှု့တွေ ရှိသင့်တယ်။

အရှေ့မီတာတစ်ရာ အကွာမှာရှိတဲ့ အဲလက်စ်တို့ လှေက ငါးမန်းအတွက် အစာချနေ၏။ မိုက်ကယ်က ထိုအစာကို မြင်ပြီး သွားစားမဲ့ ငါးမန်းအလာကို အဆင်သင့်စောင့်သည်။

အဲလက်စ်တို့ ချထားတဲ့ အစာကို မြင်သွားတဲ့ ငါးမန်းဖြူက ကျွန်တော်တို့ လှေဘေးက ဖြတ်သွားချိန် မိုက်ကယ် ရေထဲသို့ ခုန်ဆင်းသွားသံကိုပါ တစ်ခါတည်း ကြားလိုက်ရ၏။

ကျွန်တော့်ဘေးနားမှာပဲ ရပ်၍ အန်ရီကိုက အချိန်မှတ်သည်။
ဒေးဗစ်တို့ အဲလက်စ်တို့က ဒရုန်းဖြင့် မှတ်တမ်းယူ၏။
အစပထမပိုင်းတွင် ငါးမန်းဖြူနဲ့ မိုက်ကယ်က တန်းတူ သူမ,သာ၊ ကိုယ်မ,သာ ဖြစ်နေပေမဲ့ အစာနားကိုရောက်ချိန် ငါးမန်းက ရေထဲမှတိုးထွက်ပြီး ခုန်ဖမ်းလိုက်တာကြောင့် စက္ကန့်ပိုင်းမျှ ကွာသွား၏။

"39.14စက္ကန့်, 40.14စက္ကန့်"

ငါးမန်းရော မိုက်ကယ်ပါ ပန်းဝင်ချိန်တွင် အန်ရီကို့နှုတ်က အချိန်အတိုင်းအတာ နှစ်ခုကို ရေရွတ်သည်။ မီတာတစ်ရာ အကွာအဝေးကို တစ်မိနစ်တောင် မပြည့်ပဲ ကူးခတ်နိုင်တဲ့ မိုက်ကယ်က တော်သည်။ ဒါပေမဲ့ မွေးကတည်းက ရေထဲရှင်သန်လာတဲ့ ငါးမန်းကိုတော့ နိုင်ဖို့ရာ ခဲယဉ်း၏။

"အဲ့ဒါကို ပိုလာရစ်တိုက်ခိုက်နည်းလို့ ခေါ်တယ် ဗိုလ်ဗိုလ်
ငါးတွေက သားကောင်ကို လိုက်ရင် အစပိုင်းမှာ ဖြည်းဖြည်းချင်း လိုက်ပြီး နောက်ပိုင်းမှ အရှိန်မြှင့်တာ။"

အစားကောင်းစားရင် ချစ်တဲ့သူကို သတိရတယ်တဲ့။ အန်ရီကိုကတော့ တစ်ခုခုထူးခြားပြီး ကျွန်တော် မသိနိုင်လောက်မဲ့ အကြောင်းအရာဆို သတိတရပြောပြ၏။
ကိုယ့်ဘာသာ ခိုင်းနှိုင်းမိတဲ့ ဥပမာကြောင့် တစ်ကိုယ်တည်း မျက်နှာပူနေရခြင်းတွေ။ ခက်တော့တာပဲ။

"အေးလိုက်တာ"

မီတာတစ်ရာ အကွာအဝေးကို အသွားအပြန် ကူးခတ်လာတဲ့ မိုက်ကယ်က အေးလိုက်တာဟု ထပ်ခါတစ်လဲလဲ ရေရွတ်သည်။ မန်နေဂျာဖြစ်ဟန်တူတဲ့ အမျိုးသားက တဘတ်ကမ်းပေး၏။

"ရံှုးသွားတော့ စိတ်မကောင်းဘူး"

ကျွန်တော့်ဘေးနားမှာ ထိုင်ပြီး မိုက်ကယ်က မျက်နှာငယ်နဲ့ လာပြော၏။ သူ့ပုံစံဟာ ကျွန်တော့်ဆီက နှစ်သိမ့်မှု့ လိုအပ်နေသူ တစ်ယောက်ပမာ။

"နောက်တစ်ခါဆို ဒီထက်ပိုမြန်တဲ့ ငါးမန်းနဲ့ မင်း ပြိုင်သင့်တယ်"

ခပ်တည်တည် မျက်နှာထားနဲ့ ပြောလိုက်တဲ့ အန်ရီကိုရဲ့ ရွဲ့တဲ့တဲ့စကား။

သဘောထားကြီးလွန်းသူက ဘာတွေကို စိတ်တိုပြီး အငေါ်တူးတူး စကားဆိုပါသလဲ။ သဘောကောင်းတဲ့ ဒီလူက ဒီလိုလည်း စိတ်တိုတတ်ပါသေးသလား။ မတူညီတဲ့ ပုံစံတစ်ခုကို မြင်ရခြင်းက ကျွန်တော့်အား သဘောကျစေ၏။

>>>>>>

ညပိုင်းတွင် မီးပုံပွဲအသေးစားလေးလုပ်ဖို့ အန်ရီကိုတို့ သူငယ်ချင်းတစ်စုက စိတ်အားထက်သန်နေကြပြီး ညနေပိုင်းကတည်းက ပြင်ဆင်နေကြသည်။

နွေရာသီနဲ့ မီးပုံပွဲ မအက်စပ်ပေမဲ့ ပင်လယ်ကမ်းခြေလို နေရာမျိုးမှာတော့ ပင်လယ်လေအေးအေးနဲ့ လိုက်ဖက်လှသည်။

ပြင်ဆင်နေကြတဲ့ အန်ရီကိုတို့ သူငယ်ချင်းတစ်စုနဲ့ ဟိုတယ်ဝန်ထမ်းတွေကြား ကျွန်တော်နဲ့ ရို့စ်က နှစ်ယောက်တည်း ကွဲထွက်နေ၏။ လုပ်ကူမယ်ပြောတိုင်း လက်မခံသူတွေက ကမ်းခြေမှာ အေးအေးဆေးဆေး လမ်းလျှောက်နေဖို့သာ ပြောသည်။

ကောင်းကင်တွင် ပုစွန်ဆီရောင်သန်းနေပြီး နေဝင်တော့မည်။
ရို့စ်ကို ကြည့်လိုက် ကောင်းကင်ကို ကြည့်လိုက်နှင့်
ကျွန်တော့်ရင်ထဲမှာတော့ မေးခွန်းတွေ ပြည့်နှက်နေ၏။

"မနက်ဖြန် မမတို့ ပြန်တော့မယ်"

ကျွန်တော်မေးချင်နေတဲ့ မေးခွန်းရဲ့ အဖြေ။ လှမ်းနေတဲ့ ခြေလှမ်းတွေ ရပ်တန့်သွားပြီး ရင်ထဲမှာ မွန်းကြပ်သွား၏။ ဒါဘယ်လို ခံစားချက်ကြီးလဲ။ တွေ့ဆုံကြပြီးရင် ခွဲခွာရမှာ လောကသဘာဝပဲ။ အကြိမ်ကြိမ် ကြုံခဲ့ဖူးပေမဲ့ လက်မခံနိုင်တဲ့ ကျွန်တော်ဟာ မရင့်ကျက်တဲ့သူသာ။

"ဒီကိုလာတဲ့နေ့က ငါးယောက်အတူ လာဖို့လုပ်ထားပေမဲ့ လက်မှတ်အဆင်မပြေတာရယ် ရာသီဥတုအခြေအနေရယ်နဲ့
အန်ရီကိုတစ်ယောက်တည်းကျန်ခဲ့ပြီး နောက်ကျခဲ့တာ"

'လေယာဉ်ချိန် အရွှေ့အပြောင်းကြောင့် အနည်းငယ်  နောက်ကျသွားတယ်' လို့ ကျွန်တော်တို့ စတွေ့တဲ့နေ့က အန်ရီကို ပြောတဲ့ စကားကို နားထဲ ပြန်ကြားယောင်မိ၏။

"အပြန်တော့ သူ့စိတ်နဲ့သူ တစ်ယောက်တည်း ပြန်လာဖို့ကို ရွေးတယ်။ နောက်တစ်ရက်လောက် အန်ရီကို ထပ်နေလိမ့်မယ်"

ဘယ်လောက်ပဲ ထပ်နေဦးမယ်ပြောပြော ကျွန်တော် မပြုံးနိုင်။ သေမဲ့ရက်ကို ကြိုသိနေရတဲ့ သေဒဏ်ကျခံထားရသူလို ခံစားချက်မျိုးကို ကျွန်တော် ခံစားနေရတာ။

"အဲ့နေ့ညက သူ မမဆီကို စာပို့လာတယ်။ သူနဲ့တူတဲ့ ကောင်လေးတစ်ယောက်နဲ့ ဆုံတယ်တဲ့။ သူ အဖော်လုပ်ပေး ရလိမ့်မယ်တဲ့"

သူနဲ့တူတဲ့ ကောင်လေးဆိုတာ ဘယ်အချက်ကို ရည်ညွှန်းပါသလဲ။ အစစအရာရာ ကွဲပြားလှတဲ့ ကျွန်တော်တို့ နှစ်ယောက်ဟာ ဘယ်အချက်ကများ တူညီပါသလဲ။
အန်ရီကို ကျွန်တော့်ဘေးနာကို စ,ရောက်လာကတည်းက ယခုအချိန်ထိ ကျွန်တော့်မှာ မေးခွန်းတွေ များလှ၏။

"အန်ရီကိုရဲ့ ငယ်ဘဝက အထီးကျန်မှု့တွေနဲ့ ဖြတ်သန်းခဲ့ရတာ"

ရို့စ်က ဒီထက်ပိုပြီး ဘာမှဆက်မပြောခဲ့ပါ။ အန်ရီကိုနဲ့ ကျွန်တော် တူတယ်ဆိုတာက အထီးကျန်ခြင်းကို ရည်ညွှန်းပါသလား။ ကျွန်တော့်ရင်ထဲမှာ ပို၍ပင် မေးခွန်းတွေ တရိပ်ရိပ်တိုးလာတော့၏။

မီးပုံပွဲရဲ့ အပြင်အဆင်က ပုံမှန်မဟုတ်။ ကျွန်တော်နဲ့ ရို့စ်တို့ လာရာလမ်းတစ်လျှောက်တွင် ဆီမီးတိုင်လေးတွေ ထွန်းညှိထားပြီး နှင်းဆီပန်းအနီရောင်တွေပါ ကြဲထား၏။

ခဏအကြာ ကျွန်တော်တို့နှစ်ယောက်နားကို ကလေးလေးတစ်ယောက် ပန်းစည်းလေးကိုင်ကာ ပြေးလာ၏။ ရို့စ်လက်ထဲသို့ ပန်းစည်းလေး ထည့်၍...

"ပျော်ရွှင်ပါစေ မမ"

မိန်းကလေးသဘာဝအတိုင်း ရို့စ်က ပန်းစည်းလေးကို ကြည့်လျက် သဘောကျနေ၏။ အပြင်အဆင် အခြေအနေကို ကြည့်ပြီး တစ်ခုခုကို ကျွန်တော် သဘောပေါက်လာသလို ခံစားရသည်။

ကျွန်တော် တွေးထင်ထားခဲ့သလိုပဲ အဲလက်စ်က ဂစ်တာတစ်လုံးဖြင့် အဆင်သင့်စောင့်နေ၏။

"It's you, it's always you
If I'm ever gonna fall in love...."

အဲလက်စ်ရဲ့ မျက်ဝန်းတွေဟာ နုညံ့နေပြီး ရို့စ်အား ချစ်ရည်ရွှန်းလဲ့နေသော အကြည့်တို့ဖြင့် စူးစူးစိုက်စိုက်ကြည့်၍ It's youသီချင်းကို သီဆိုနေ၏။

ကျွန်တော်နဲ့ မသက်ဆိုင်တဲ့ နေရာဖြစ်တာကြောင့် ရို့စ်ဘေးမှ အသာထွက်၍ အန်ရီကိုတို့ရှိရာဘက်ကို သွားရသည်။
ရို့စ်ရဲ့ အပြုံးတွေမှာ ကြည်နူးရိပ်တွေသန်းနေပြီး မျက်ဝန်းတွေမှာလည်း မျက်ရည်စများဖြင့် လက်နေသည်။

ကျွန်တော်အပါအဝင် အန်ရီကို၊ ဒေးဗစ်၊ နိုဗန်တို့ကလည်း သူငယ်ချင်းနှစ်ယောက်အတွက် ဝမ်းသာအားရ ရှိလှသည်။

"တစ်ဘဝလုံး မျက်နှာမညိုးစေဘဲ ပျော်အောင်ထားမှာမို့ ကိုယ့်ကိုလက်ထပ်ပါလား...."

သီချင်းအဆုံး ဒူးထောက်ကာ ကတၳီပါ လက်စွပ်ဗူးနီလေးအား ရို့စ်ရှေ့မှာ ဖွင့်၍ အဲလက်စ်က လက်ထပ်ခွင့်တောင်၏။ ဘေးပတ်ဝန်းကျင်မှာ ကျွန်တော်တို့တွေအပြင် ကမ်းခြေသို့ အပျော်ခရီးလာသူများ၊ ဟိုတယ်ဝန်ထမ်းများကလည်း ကြည့်နေကြ၏။ အချို့လူများက လက်ခံပါဆိုတဲ့ စကားကို အဲလက်စ်ဘက်က ကူအော်ပေးကြသည်။

ပါးပြင်လေးမှာ နှင်ဆီရောင်သန်းနေပြီဖြစ်တဲ့ ရို့စ်က သူ့လက်ထဲမှ ကိုင်ဆောင်ထားတဲ့ ပန်းစည်းလေးဖြင့် မျက်နှာကိုကွယ်၍ ခေါင်းညိတ်ကာ လက်ခံ၏။ မြင်ရသူအချို့က ကိုယ်လက်ထပ်ခွင့်တောင်ခံရသလို လက်ခုပ်လက်ဝါးတီးကာ ဂုဏ်ပြုကြသည်။ ဝမ်းသာကြသည်။ မြင်ရသူတိုင်း ကြည်နူးရလောက်တဲ့ အချစ်ငှက်လေးတွေရဲ့ မြင်ကွင်း။

ကြင်ကြင်နာနာ အနမ်းခြွေနေကြတဲ့ ချစ်သူနှစ်ဦးကို လေညှင်းလေးကပါ ညှင်သာစွာ တိုက်ခတ်၍ ဂုဏ်ပြု၏။

ပင်လယ်ပြင်ဘက်က တိုက်ခတ်လာတဲ့ လေအေးလေးကြောင့် ကျွန်တော့်လက်မောင်းတွေကို မအေးအောင် အသာပွတ်တိုက်မိခိုက်လေမတိုးတော့သည်ထိ ကျွန်တော့် တစ်ကိုယ်လုံး လုံခြုံနွေးထွေးသွားရ၏။  ကျွန်တော့်ကိုယ်ပေါ်သို့ ရောက်လာတဲ့ အနွေးထည်။
ဆန့်ကျင်ဘက်ဆန်စွာပဲ အန်ရီကိုဟာ ရှပ်လက်တိုလေးနဲ့ ဖြစ်သွားသည်။

ကျွန်တော့်ကြောင့် ကျွန်တော်ဖြစ်နေလို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ တစ်စုံတစ်ယောက်ဆီက ရရှိတဲ့ မေတ္တာတွေဟာ ကြည်နူးစရာကောင်းကြောင်း ဒီရက်ပိုင်းတွေမှာ ကျွန်တော်သင်ယူနေမိတာ။

-------------------------------------------------------------
(13.12.2022) (9:00PM)

Types of Sharkလို့ ရိုက်ရှာရင် ငါးမန်းအမျိုးအစားတွေအကြောင်း ထွက်ပါတယ်။ ငါးမန်းမျိုးစိတ်တွေက အတော်များပါတယ် အတိအကျ တင်ပြထားတာမျိုး မတွေ့ခဲ့ပါဘူး။ Source from google ပါရှင့်။

Hummerhead shark

Coral reef shark

Continue Reading

You'll Also Like

1.1M 26.7K 45
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
1.5M 89.7K 38
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
497K 54.2K 23
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...
19.9K 714 9
"You know, you remind me of someone Hayley Marshall." "You do too, and old friend. The resemblance is uncanny." "Yes, it is." Rebekah Mikaelson went...