အချိန်တွေများကုန်တာမြန်တာ တာရာပင် နောက်တလကျော် နှစ်လလောက်ဆိုမွေးတော့မည်။ နဂိုကလဲ ပိန်တဲ့သူမလို့ကော ကလေးကလဲ အရမ်းထွားပုံမရတာကော ဗိုက်ကတော့ သိပ်မကြီးသေးပေ။ သူများတွေပြောတာတော့ အပျိုဗိုက်မလို့ဆိုပဲ......
တာရာ ခါတိုင်းတော့ ပြည်သူ့ဆေးရုံမှာပဲ အလှည့်ကိုစိတ်ရှည်လက်ရှည်စောင့်ပီးပြလာခဲ့တာ ခုတော့ မွေးခါနီး ၈ လထဲရောက်နေတာရော မမချမ်းရဲ့ မပြမချင်းတတွတ်တွတ် တာနေမှုရောကြောင့် ခုတော့ ပုဂ္ဂလိကဆေးရုံကြီးကိုလာပြရသည်။ ဟုတ်တော့ဟုတ်သည် ပြည်သူ့ဆေးရုံကြီးမှာဆို လူနာတွေကများလွန်းတော့ အလှည့်ကိုရောက်အောင်မနဲစောင့်ရသည်။ တချို့နေ့တွေဆို ကိုယ်ကသာစောင့်နေတာ ကိုယ့်အလှည့်က နောက်ရက်ထဲပါသွားတဲ့အချိန်မျိုးတောင်ရှိသေးသည်။ အင်းလေ.....ဆရာဝန်တွေလဲ လူသားတွေပဲမလို့ ၂၄ နာရီလုံးတော့ ဘယ်ကြည့်ပေးနိုင်မလဲ ဆရာဝန်နဲ့ လူနာအင်အားမမျှတာမလို့ တော်ရုံပိုက်ဆံတတ်နိုင်တဲ့သူတွေက ပြည်သူ့ဆေးရုံကိုမလာကြ။ တာရာကတော့ ဟိုးးးး ကိုယ်ဝန်စရှိထဲက ဗိုက်အပ်ရုံသာအပ်ထားတာ သန္ဓေကောင်းတဲ့ကလေးမလို့ထင်တယ် ကြားထဲ ဘာပြဿနာ ကိစ္စကြီးကြီးမားမားမှမရှိခဲ့လို့ အလှည့်ကျစောင့်ပီးပြဆိုလဲ အဆင်ပြေခဲ့သည်။ ခုတော့ မွေးခါနီးမလို့ဆိုပီး မမချမ်းက အတင်းပြောလို့သာ လာရတာ တာရာ့စိတ်ထဲတော့ လိုတယ်လို့မထင်မိ။ စိတ်ပူနေတဲ့ မမချမ်းရဲ့စေတနာကိုမစော်ကားချင်တာကြောင့်သာ လာခဲ့ရတာ....ရောက်ပီဆိုထဲက ကုန်လိုက်တဲ့ပိုက်ဆံတွေ...တော်သေးသည်ပြောရမည် မန်နေဂျာဖြစ်တဲ့မမချမ်းက တာရာ့အတွက်ဆိုပီး အထက်ကို မီးဖွားစားရိတ်တွေဘာတွေ သူ့ဘာသာသူတင်ပေးထားလို့သာပေါ့။
တာရာ ဆရာမကြီးစမ်းသပ်ပီးတော့ အပြင်ကိုထွက်ကာ ငွေရှင်းပီး ပြန်မယ်အလုပ်....
"တာရာ.....တာရာမလား"
"ဟင်...."
တာရာ အမြန်ပဲ တဖက်ကိုလှည့်လိုက်ပေမယ့် မမီတော့....ကိုဝေယံက သူမကိုသေချာပေါက်ကိုမြင်ပီး မှတ်မိသွားပီ......အဲ့ချိန်စိတ်ထဲတွေးနိုင်တာ တွေးမိတာ တခုထဲကတော့ 'သွားပါပီ' ဟူ၍သာ။ မမြင်ချင်မတွေ့ချင်ပါဘူးဆိုမှ တည့်တည့်လာတိုးရသည်။ မျက်လုံးများကို ဇွတ်မှိတ်ကာ နှုတ်ခမ်းများကိုလဲ ကိုက်ထားမိသေးသည်။ သူမ ကောင်တာပေါ်က ဆေးစာအုပ်ကို အမြန်ကောက်ဆွဲယူကာ ကိုဝေယံနှုတ်ဆတ်တာကိုပင် ဥပေက္ခာပြုပီး ခပ်သွက်သွက်ခြေလှမ်းတွေနဲ့ ထွက်ခဲ့တော့သည်။
ပန်းချီ ကိုယ်ဝန်နဲ့ကို သွေးနဲနဲဆင်းနေတာမလို့ စိတ်ချရအောင် ဆေးရုံတက်လိုက်တာ ၃ ရက်လောက်ရှိပီ။ ဒီနေ့ပဲဆေးရုံကဆင်းမှာမလို့ အောက်က ကောင်တာမှာ ငွေရှင်းရင်း ရှေ့က မိန်းကလေးကို ဘေးတစောင်းမြင်နေရာကနေ ရင်းနှီးသလိုရှိလို့ လှည့်လာတဲ့အခါမှ သေချာကြည့်မိတော့ တာရာ.....တာရာအစစ်ပါ။ သူမကိုကြည့်ရတာတော့ အကောင်းကြီး...သို့သော်... အင်း....ပြောရမှာအားနာပေမယ့် ဗိုက်ကတော့ အတော်ပူနေသည်။ သူနှုတ်ဆက်တာကို သေချာပေါက်ကိုမြင်လိုက်တဲ့ တာရာ သူ့ကိုဖြတ်ခနဲကြည့်ပီး တဖက်ကို အလျင်စလိုလှည့်သွားပီး အဝေးကိုထွက်သွားသည်။
"ပိုက်ဆံရှင်းတော့မှာလားမသိဘူး"
"အော် ဟုတ်ကဲ့ ရှင်းမှာ ခင်ဗျ....."
"Room no.709 ကနော် လူနာ နာမည် မပန်းချီထွဋ်ခေါင်နော်...."
"ဟုတ် ဟုတ်ပါတယ်...."
ဝေယံ ငွေစာရင်းက ကောင်မလေးပြောတာတွေဆီအာရုံက သေချာမရောက်....အယောင်ယောင်အမှားမှားနဲ့ ပိုက်ဆံအိတ်ထဲ ဟိုကဒ်ထုတ် ဒီကဒ်ထုတ်နဲ့ အလုပ်တွေရှုပ်လို့။
"၃၆ သိန်းကျပါတယ် ငွေသားနဲ့ရှင်းမလား card နဲ့ရှင်းမလားရှင့်"
"Card နဲ့ပဲရှင်းလိုက်မယ်....ဒီမှာ ကဒ်ပါ"
သူအိတ်ထဲက တွေ့တဲ့ card တကဒ်ကိုထုတ်ပေးပီး ပြေစာပြန်ပေးတာစောင့်နေတုံး
"ဟိုလေ.....ခုနက ငွေရှင်းသွားတဲ့ မိန်းကလေးက နာမည်ဘယ်လိုခေါ်လဲမသိဘူး"
သူ့အမေးကို ဒီကောင်ဘာလားဆိုတဲ့ အကြည့်နဲ့ မော့ကြည့်လိုက်တဲ့ ငွေစာရင်းကအမမျက်နှာကြောင့် သူ့ကိုဇယားလာရှုပ်သည်ဟုထင်နေတာကို ဝေယံသဘောပေါက်သွားပီး
"ကျတော်က တခြားသဘောမေးတာမဟုတ်ပါဘူး ကျတော့် သူငယ်ချင်းမိန်းမ အိမ်ကစိတ်ဆိုးပီးဆင်းသွားတာ တူလို့ရယ်"
တနေ့တနေ့ ငွေစာရင်းတွေကြားအလုပ်ရှုပ်နေတာပါဆို ဘယ့်နှယ့်လူလဲ....လူနာတွေရဲ့အတွင်းရေးကို မပြောရဘူးဆိုတဲ့ rule က ရှိပေမယ့်လဲ ခုနက သူမရှေ့တင် ကလေးမ နာမည်ကို ခေါ်လိုက်တာ သူမသေချာပေါက်ကြားလိုက်သည်မလို့။ ပီးတော့ သူ့ကြည့်ရတာလဲ ဟိုလို မိန်းမမြင်တိုင်းလိုက်ရောချင်တဲ့ နှာဘူးလိုပုံစံမဟုတ်ဘဲ အတည်ပေါက်ရုပ်နဲ့သေချာကြီးမေးနေတာမလို့
" ရှေ့က ငွေရှင်းသွားတဲ့ ကောင်မလေးလား"
"ဟုတ်တယ် ဆွယ်တာအဖြူနဲ့လေ ကျတော်တောင် သူ့နာမည်ခေါ်လိုက်သေးတယ်လေ"
ရှေ့ကတယောက်ဖြစ်နေတာကော history ထဲ ခုချက်ချင်းပြန်ကြည့်ရင်တောင် သိရတာကောမလို့ သူမ ပြန်ကြည့်ပေးလိုက်တော့....ဟုတ်သည် သူမနာမည်က သူခေါ်လိုက်တဲ့ နာမည်မျိုးပဲ
"နာမည်က တာရာတဲ့လား"
"ဟင်...."
"ရှင့်သူငယ်ချင်းမိန်းမနာမည်ကိုပြောတာ"
"ဟုတ်တယ် ဟုတ်တယ် တာရာတဲ့ နှစ်လုံးထဲ"
"အဲ့ဆိုရင်တော့ ဟုတ်တယ် တာရာတဲ့"
"ရှင့်သူငယ်ချင်းနာမည်ကရော....."
"ဟင်......"
ခုနက သူ့ကိုမယုံတဲ့ပုံပေါက်နေတာမလို့ ပါးစပ်ထဲတွေ့ရာပြောလိုက်တာ ခုမှပြသနာတတ်ပီ...မတတ်နိုင်ဘူးကွာ သူငယ်ချင်းရာဆောရီး
"နေမင်းမဟာတဲ့"
"အဲ......နေဦး နေဦး.....မဟုတ်သေးဘူး ရှင့်သူငယ်ချင်းနာမည် ဒီမှာမပါဘူး"
"ဟင် သူ့ဘာသာသူဆေးခန်းလာပြတာ သူ့ယောက်ျားနာမည်ထည့်ရသေးတာလား"
"အော်....တခြားပြသနာဆိုရင်တော့ မလိုဘူးပေါ့ ခုဟာက ကိုယ်ဝန်လာပြတာလေ ကလေးအဖေနာမည်တော့ ထည့်ရတာပေါ့"
"ဟင်....ကိုယ်ဝန်"
သူ့ရဲ့ အံ့အားသင့်ပီးထအော်လိုက်တဲ့အသံက အတော်ကျယ်သွားတာမလို့ သူလဲ သူ့ပါးစပ်ကို လက်နှစ်ဖက်နဲ့အမီပိတ်လိုက်ပေမယ့် နဂိုထဲက သိပ်မယုံချင်တဲ့ ငွေစာရင်းက အမကတော့ သူ့ကို မျက်မှောင်ကျုံ့ကာကြည့်နေပီ.....အခြေနေကိုသဘောပေါက်လိုက်တာမလို့ မျက်နှာကိုမနဲပြန်ထိန်းပီး
"ဟာ ကျတော့်သူငယ်ချင်းကို တော်တော်စိတ်ဆိုးနေတာထင်တယ် ကြည့်ဦး အဖေနာမည်တောင် မထည့်ထားဘူး သွားပြေးပြောလိုက်ဦးမယ် ကျေးဇူးအမ"
Card ကို အမြန်ဆွဲယူပီး ထိုနေရာကနေအပြေးတပိုင်းထွက်ခဲ့တော့သည်။ ကြာကြာနေရင် နှာဘူးကောင်ဆိုပီး ရုံးခန်းရောက်ရတော့မည်ကော ပန်းချီ့ကိုပြေးပြောချင်တာရောပေါင်းကာ ခြေလှမ်းခပ်သွက်သွက်နဲ့ ပန်းချီ့အခန်းဆီပြန်လာခဲ့တော့သည်။
တာရာ ကိုဝေယံ့ကို အားနာပေမယ့် ခုအခြေနေက သေချာတွေ့ပီး နေကောင်းလား စားပီးပီလား မေးနေရမယ့် အခြေနေမဟုတ်။ သူမကို ဒီအခြေနေ ဒီပုံစံနဲ့ သူတို့ကိုမမြင်စေချင်ပေ။ ကြားထဲ ၄လလောက်အေးဆေးနေလာခဲ့ပီးမှ ခုမှ ဘယ့်နှယ့်လို့လုပ်လာတွေ့နေရသလဲ....တကယ်တော့ သူမမှားတာပါ ဒီလိုဆေးရုံမျိုးက လူချမ်းသာတွေလာတဲ့နေရာလေ မဆီမဆိုင်လာမိခဲ့တဲ့ ကိုယ့်ဘာသာပဲ အပြစ်တင်မိရမည်မလား။
တာရာ ကိုယ့်အတွေးနဲ့ကိုယ် ခေါင်းငုံ့ပီး ခပ်သွက်သွက်ပဲလျှောက်လာခဲ့တာ ဓာတ်လှေခါးနားရောက်လာတဲ့ထိပဲ။
တင်....
ဓာတ်လှေခါးပွင့်သွားတာနဲ့ ဘာမှမမြင်တော့ဘဲ အထဲကိုပြေးဝင်မိတော့သည်။ ဓာတ်လှေခါးစီးပီးအောက်ရောက်ရင် ဘယ်သူမှမမြင်တော့ဟူ၍သာ ကိုယ့်ကိုယ်ကိုအားပေးနေမိပီး အောက်မြန်မြန်ရောက်ဖို့အရေး ကိုယ့်အရေးဖြစ်နေတာ ဓာတ်လှေခါးထဲက ထွက်လာတဲ့သူကိုပင်မမြင်နိုင်ဘဲ ဝင်တိုက်မိတော့သည်။
အင့်...
"ဆောရီး ဆောရီးပါ"
တိုက်မိတာ ဘယ်သူဘယ်ဝါမှန်းလဲမသိ မသိလဲမသိချင်....မော့ပင်မကြည့်ဘဲတောင်းပန်ကာ ဓာတ်လှေခါးထဲ အမြန်ဝင်ကာ လှည့်လိုက်တော့ ကြုံတောင့်ကြုံခဲလို့ပဲပြောရမလား ကံကိုက အဲ့လောက်ဆိုးတယ်လို့ပဲဆိုရမလားမသိ....တိုက်မိတာ ဟိုလူကြီး နေ မင်း မ ဟာ.....
မဟာ ဝေယံ့မိန်းမ ပန်းချီဆေးရုံတက်နေတာသိပေမယ့် မအားတာနဲ့ မလာဖြစ် ဒီနေ့ဆေးရုံဆင်းမယ်ဆိုမှ မဖြစ်ဖြစ်အောင်လာရသည်။ မကောင်းဘူးလေ ဒီလိုချိန်မှ ကိုယ့်မျက်နှာမပြရင်...
အလုပ်အကြောင်းဟိုတွေးဒီတွေးနဲ့တက်လာရင်း ဓာတ်လှေခါးထဲကအထွက် သူ့ကိုအတင်းဝင်တိုက်မိတဲ့ မိန်းကလေးတယောက်.....သူ့ကိုတော့ မြင်ပုံမပေါ် ....ဘာတွေများအရေးကြီးနေလဲမသိ ဇွတ်အတင်းတောင်းပန်ပီးထွက်သွားတော့မှ စိတ်ထဲ ရင်းနှီးနေသလိုခံစားရလို့ လှည့်ကြည့်တော့ အဖြူရောင်လက်ရှည်ဆွယ်တာ တဆက်တည်းဂါဝန်အရှည်လေးကိုဝတ်ထားတဲ့ သူမ မှားစရာနှစ်ယောက်မရှိ။ ဂါဝန်က သိပ်မဝဲတဲ့ပုံမလို့ အနည်းငယ်ထွက်နေတဲ့ဗိုက်ကလေးကိုတော့ မြင်ဖြစ်အောင်မြင်လိုက်သေးသည်။
ဒါ ဟိုတယောက်မလား ဟင်....ဗိုက်ကြီးနဲ့....အာ ငါသိတာပဲ ဒါဘယ်သူနဲ့ရတဲ့ကိုယ်ဝန်လဲ....
သူမကိုမြင်လိုက်ခါမှ သိချင်စိတ်တွေများလာတာနဲ့ ဝေယံတို့ ပန်းချီတို့ဆီလာတာပင်မေ့ပီး သူမဆီကိုသွားဖို့ခြေလှမ်းပြင်လိုက်တော့
"မ လာ နဲ့"
တံခါးပိတ်လုနီးဖြစ်နေတဲ့ ဓာတ်လှေခါးထဲကနေ အနည်းငယ်မာကျောတဲ့အသံနဲ့ သူ့ကိုစေ့စေ့ကြည့်ကာပြောလိုက်တဲ့ သူမကြောင့် ခြေလှမ်းပြင်နေတဲ့သူပင် ရုတ်တရက် ကြောင်ပီးရပ်သွားခဲ့သည်။ တံခါးပိတ်တဲ့အထိ တခနအတွင်းသေချာမြင်လိုက်ရတာကတော့ အဓိပ္ပါယ်ဖော်ရခက်တဲ့သူမမျက်နှာပဲ.....ဝမ်းနည်းနေလား အားငယ်နေလားဆိုလဲ အဲ့ပုံမပေါ်။ ကြောက်နေလန့်နေတာမျိုးလဲမဟုတ်။ အဲ့ဆို သူ့ကို မုန်းနေတဲ့ပုံပေါ်လားဆိုလဲ အဲ့လိုမဟုတ်။
တာရာ သူမဆီခြေလှမ်းပြင်နေတဲ့သူ့ကို လေသံခပ်မာမာနဲ့ပဲပြောခဲ့သည်။ ဘာကိစ္စသူက လာဦးမှာလဲ။ တော်သေး ဓာတ်လှေခါးထဲ လူတဦးမှ မရှိတာကြောင့်ရော ထပ်ဝင်မလာတဲ့သူမရှိတာကြောင့် သူမပြောပီး တန်းတံခါးပိတ်သွားကာ သူမအေးဆေးအောက်ကိုဆင်းနိုင်ခဲ့သည်။ အမလေးးးးး လျှာရှည်ပိီး ဒီဆေးရုံတခေါက်ကလေးလာပြမိပါတယ် အုံလိုက်ကျင်းလိုက်နဲ့ကိုတိုးတော့တာပဲ။
အေးဆေးဖြစ်သွားမှ အပြန်လမ်းမှာ ပြန်စဥ်းစားတော့ ကိုဝေယံ့ကိုတွေ့ခဲ့တာဆိုတော့ ဘယ်သူများ ဘာဖြစ်လို့လဲမသိ။ ဆုမတောင်းကောင်းပေမယ့် ဘယ်သူဖြစ်ဖြစ် မမပန်းချီတော့ မဖြစ်စေချင်ပေ။ တွက်ကြည့်မယ်ဆို မမပန်းချီလဲ ကိုယ်ဝန်က ခြောက်လထဲလောက်ရောက်လောက်ပီထင်တယ် သားလေးမွေးမလား သမီးလေးမွေးမလားမသိဘူး......
........
ငွေရှင်းဖို့ထွက်သွားတုံးကအကောင်း အပြန်ကျ ငူငူငေါင်ငေါင်နဲ့ အခန်းထဲဝင်လာတဲ့ ဝေယံ့ကိုမြင်တော့ ဆေးရုံကဝန်ထမ်းကောင်မလေးနဲ့အတူ ဆေးရုံဆင်းဖို့ ပစ္စည်းတွေသိမ်းလက်စဖြစ်နေတဲ့ ပန်းချီက ဝေယံ့အနားသွားကာ
"ကို ဘာဖြစ်လို့လဲ ကို"
"ပန်းချီ.....ကို တာရာ့ကိုအောက်မှာတွေ့ခဲ့တယ်"
"ဟုတ်လားကို နေမကောင်းဘူးလား တာရာ....ခုဘယ်မှာလဲ သွားတွေ့ရအောင်လေ..."
"မဟုတ်ဘူး သူ့ဘာသာဆေးခန်းလာပြတာ"
"ဟင် နေမကောင်းဘူးလားမသိဘူး လိုက်ပေးမယ့် အဖော်မရှိဘူးနဲ့တူတယ် ခက်ပါတယ် ပန်းချီတို့လဲ ပြန်မှာ ပြန်လိုက်ပို့ရအောင် သွားခေါ်ချည် သွား ကို"
"ခုက ပြန်သွားပီ"
"ဟင်....ကိုကလဲ တခါထဲတော့မခေါ်ခဲ့ဘူး"
"မဟုတ်ဘူးပန်းချီရဲ့"
ပြောမယ့်စကားမပြောဘဲဝေ့နေတဲ့ ဝေယံ့ကြောင့် ပန်းချီစိတ်ပင်ဆိုးလာသည်။
"ဘာတွေလဲ ရှင်းအောင်ပြောဦး ငူငူငေါင်ငေါင်နဲ့ ပြန်လာထဲက"
"တာရာက နေမကောင်းတာမဟုတ်ဘူး ဗိုက်ရှိနေတာထင်တယ်"
"ဟင်.....တာရာက မင်္ဂလာဆောင်သွားပီလား ဘယ်သူနဲ့လဲ သူ့အမျိုးသားပါလာလား"
အမျိုးသမီးတို့ထုံးစံအတိုင်း အတိုအစတခုသိရတာနှင့် ရေဆုံးမြေဆုံးသိချင်ပီ.....ထိုအဖြေမရှိလို့ ပြောရတာ ဝေ့နေပါတယ်ဆို
"မပါဘူး တယောက်ထဲလာတာပဲတွေ့တာ ကိုယ့်တွေ့တော့လဲ ဒီတိုင်းထွက်သွားတာ ကိုယ်နှုတ်ဆက်တာတောင် ပြန်မခေါ်ဘူး"
"ဟင် တာရာ ဘယ်လိုဖြစ်တာပါလိမ့်"
"အော် ကိုရယ် ကိုက ကိုမဟာ့သူငယ်ချင်းဆိုတော့ သူနောက်အိမ်ထောင်ပြုသွားတာသိရင် မျက်နှာပူလို့နေမှာပေါ့"
တွေးလဲတွေးပေးနိုင်တဲ့ ပန်းချီ့ကိုကြည့်ကာ ပြောသင့်မပြောသင့်ကစဥ်းစားရသေးသည်။ သူတခုခုပြောဖို့ကျန်နေသေးသည်ကို သိတဲ့ ပန်းချီက
"နေပါဦး ကို့ရုပ်က တမျိုးကြီး ဘာဖြစ်လာသေးလို့လဲ"
ကဲဟေ့ လိမ်မရတဲ့အဆုံး ကိုယ်နဲ့လဲမဆိုင်တာမလို့ ဖြစ်ချင်ရာဖြစ်ဟေးးးးး
"ကိုယ်နဲနဲစုံစမ်းကြည့်လိုက်တော့ တာရာက ကိုယ်ဝန်လာပြတာတဲ့ ကလေးအဖေတော့ မရေးထားဘူး single mom အနေနဲ့လာပြတာထင်တယ်"
"ဟင်...."
ပန်းချီအံ့သြလွန်းလို့ ကိုယ့်ပါးစပ်ကို လက်နဲ့အုပ်မိတဲ့ထိပင်။ ခင်တာ သိတာသိပ်မကြာသေးပေမယ့် တာရာက ဖြစ်ကတတ်စမ်းနေတတ်တဲ့မိန်းကလေးမဟုတ်တာကျိန်းသေသည်။ ခုဟာ ဘယ်ဟာက ဘယ်လို.....
"ကို မှတ်မိလား....ပန်းချီ့မွေးနေ့တုံးက ဆေးရုံမှာတွေ့တာလေ အဲ့တုံးကတည်းကလားမသိဘူး"
"ဟုတ်ပါ့မလား ပန်းချီရဲ့ အဲ့တုံးက တွေ့တာတော့ ပုံမှန်ပါပဲ"
"အော် ကိုဝေယံရယ် ဗိုက်ကြီးတာ ခုချက်ချင်း ကိုယ်ဝန်ရ ခုချက်ချင်း ဗိုက်ပူတာမှမဟုတ်ဘဲ...."
ပန်းချီပြောတာလဲ ဖြစ်နိုင်တာမလို့ ဝေယံငြိမ်ပီးစဥ်းစားလိုက်တော့
"အဲ့ကတည်းက ရတာဆိုရင်တောင် ခုဆို ၄ လ ၅ လ လောက်ရှိပီ.....ကိုယ်တွေ့ခဲ့တယ်မလား တာရာ့ကို"
"အင်းလေ"
"ဗိုက်ကတော်တော်ထွက်နေပီလား"
"ဟာ ပန်းချီရယ် ကိုယ်ဘယ်လိုသိမလဲ တွေ့တယ်ဆိုတာလဲ မြင်ရုံပဲ သူလဲအမြန်ထွက်သွားတော့ ဗိုက်ပူနေတာပဲ သိလိုက်တာ ဘယ်နှလဗိုက်ဘာညာတော့ ကိုယ်က ဘယ်လိုလုပ်သိမလဲ"
"ပန်းချီ့ဗိုက်လောက်ရှိလား"
ခက်ပီ မသိပါဘူးနေ သူမရဲ့ထွက်ကာစဗိုက်ကလေးပြကာမေးနေတော့ ဒီစကားစပြောမိတဲ့ ကိုယ့်ပါးစပ်ပင် ကိုယ်ပြန်ရိုက်ချင်မိသည်။ သို့သော် မဖြေလဲမပီးတော့သည်မလို့
"အင်း....ရှိမယ်ထင်တယ်"
ဒေါက် ဒေါက် ဒေါက်
ဒီချိန် ဘယ်သူဝင်လာဝင်လာ အဲ့တာ ဝေယံ့ရဲ့ကယ်တင်ရှင်ပဲ.....တံခါးခေါက်သံကြောင့် စိတ်သက်သာရာရသွားပီး အပြေးလေးတံခါးသွားဖွင့်တော့ မဟာ....
"မဟာ....မင်းကွာ မအားရင်မလာပါနဲ့ဆိုတာကို"
"အာ မဟုတ်တာ ငါရှေ့ရက်တွေက တကယ်မအားနေလို့ ခုကောသက်သာပီလား မင့်မဗိုက်"
"အေး သက်သာပါပီကွာ....ငါတို့တောင် ခုပဲဆေးရုံဆင်းတော့မလို့ ပစ္စည်းသိမ်းနေပီ"
"ဟုတ်လား ဆောရီးကွာ တကယ်ကိုမအားနေတာနဲ့ပဲ ခုမှကိုလာရတယ်"
ဝင်လဲဝင်လာ မေးလဲမေးလိုက်တဲ့ မဟာ့ဆီကို ပန်းချီ့အာရုံကမရောက်တော့။ သူမစဥ်းစားနေတာ သူမလောက်နီးနီးဗိုက်ကရှိပီဆိုရင် ကျိန်းသေတယ် ၆ လ ၇ လ အို.....၅လ လောက်လဲ ရှိနေနိုင်တာပဲ။ တာရာနဲ့ မဟာတို့ကွာရှင်းတာ ၆ လ လောက်ရှိပီဆိုတော့ ဘယ်သူနဲ့ ရတာလဲဒီကိုယ်ဝန်က။ ၆ လဆိုရင်တော့ ကျိန်းသေတယ်....ဒီလူ.....ပန်းချီတွေးလဲတွေး ဝေယံနဲ့စကားတပြောပြောနဲ့ အခန်းထဲဝင်လာတဲ့ မဟာ့ကိုလှည့်ကြည့်မိလိုက်သည်။ သူမလိုက်ကြည့်နေတော့ ဝေယံနဲ့ စကားပြောလက်စမဟာက သူ့ကိုလိုက်ကြည့်နေတာသိလို့ထင်ပ သူမကိုကြည့်ပီး
"နေကောင်းပီလား ပန်းချီ"
"....."
ပန်းချီ မေးနေတဲ့ မဟာ့အသံကိုကြားပေမယ့် အာစေးကပ်နေသလိုဖြစ်ကာ ဘာမှပြန်မပြောနိုင်။ မပြောနိုင်တာထက် မပြောချင်တာဆိုပိုမှန်မည်။
"ပန်းချီ.....အဆင်ပြေရဲ့လား"
အနားကိုရောက်လာတဲ့ ဝေယံ့ကြောင့်
"အော် အင်း....ပြေပါတယ်...ဟုတ် ကိုမဟာ ပန်းချီနေကောင်းပါတယ်"
ဘာမှရေရေရာရာမသိသေးခင်လဲ သူများကိုအပြစ်တင်လို့မရ။ ကိုမဟာနဲ့ဆိုင်ချင်မှ ဆိုင်မှာလေ.....ဒါ့ကြောင့်အတတ်နိုင်ဆုံးပြုံးကာ ပြန်ဖြေလိုက်ရသည်။
"ကို ပန်းချီ bathroom ခနသုံးဦးမယ် ကိုမဟာ ခနလေးနော် "
"ရတယ် ရတယ်အေးဆေး...."
ပန်းချီ toilet ထဲဝင်သွားတော့ ဝေယံ မဟာ့နားကပ်ပီး တခုခုပြောမယ်ပြင်တုံး....ပန်းချီဗိုက်အပ်ထားတဲ့ ဆရာဝန်မကြီးက တိုက်တိုက်ဆိုင်ဆိုင်ရောက်ချလာသည်။
"ဆရာမကြီးပါလား....ခနနော် ပန်းချီက bathroom သုံးနေလို့"
"အော် ရတယ် ရတယ် ဆေးရုံဆင်းတော့မှာမလို့ လာ round တာ ထွေထွေထူးထူးမရှိဘူးမလား"
"မရှိပါဘူးခင်ဗျ အကုန်အဆင်ပြေပါတယ်"
"အင်း အင်း အဲ့ဆို ကျမလဲ ပြန်ရဦးမှာမလို့ ပြန်လိုက်တော့မယ် နောက်တခေါက်ဆေးခန်းလာပြမှပဲဆုံကြတာပေါ့"
"ဟုတ်ကဲ့ခင်ဗျ"
မဟာ ရှေ့မှာ ဆရာမကြီးဆိုသူကို ရိုကျိုးနေတဲ့ ဝေယံ့ကိုကြည့်ပီး ရီချင်စိတ်မနဲထိန်းထားရသည်။ သူ့မိန်းမဗိုက်အပ်ထားတဲ့သူဆိုတော့ ဖားရတာ ဟုတ်ကဲ့ခင်ဗျနဲ့နေတာပဲ.....
"ဆရာမကြီး ဆရာမကြီး ခန....ခနလောက်နေပါဦးနော်"
လှည့်ထွက်လို့ အခန်းပေါက်ပင်ရောက်တော့မယ့် ဆရာမကြီး ရေချိုးခန်းထဲက အပြေးတပိုင်းထွက်လာတဲ့ ပန်းချီ့ကြောင့် သူမကို အသာလှည့်ကြည့်ပီး
"ဒေါ်ပန်းချီ အဲ့လိုမပြေးနဲ့လေ ခုမှနေကောင်းခါစကို"
"ဟီး ဟုတ်....ဒါနဲ့လေ ပန်းချီ မေးစရာလေးရှိလို့ပါ ခနလေးရယ်ပါ ရသေးတယ်မလားဟင်"
"အင်း ရပါတယ် မေးပါ"
"ဟိုလေ ဆရာမကြီးဆီမှာ တာရာဆိုတဲ့ ခပ်ငယ်ငယ် မိန်းကလေးလူနာများရှိလားမသိဘူး"
"ဘာလို့လဲ"
လူနာတွေရဲ့အတွင်းရေးကို လျှို့ဝှက်ပေးထားရမယ့် ဝိနည်းတွေရှိတာကြောင့် ဆရာမကြီးကြည့်ရတာ သူမ အမေးကို သိပ်မဖြေချင်တဲ့ပုံ
"ဒီလိုပါ သူကလေ ပန်းချီ့ သူငယ်ချင်းရဲ့ အမျိုးသမီးပါ စိတ်ကောက်ပီးထွက်သွားတာ... အရင် တခါက ဆရာမကြီးရဲ့ ဆေးခန်းရှေ့မှာတွေ့ဖူးလို့ပါ"
ပန်းချီ့ဆီက တာရာဆိုတဲ့ နာမည်ကြောင့် ဝေယံကော မဟာကော တယောက်ကိုတယောက်ပြိုင်တူကြည့်မိလိုက်ကြသည်။
"အော် အသိတွေလား"
"အရမ်းခင်တာဆရာမကြီးရဲ့"
"အင်း အရမ်းခင်ရင်လဲ သူ့အမျိုးသားကိုအမြန်ပြန်လာခေါ်လို့ ပြောလိုက်ဦး ကလေးမလေးက မွေးခါနီးပီ ခုနကတောင် လာပြသွားသေးတယ် နောက်လလောက်ထဲမွေးမယ်ထင်တာပဲ"
"နောက်လ?? နောက်လဆိုတော့ ကိုယ်ဝန်ကရင့်ပီပေါ့နော်"
"အင်း လူနာတွေများလို့ သိပ်မမှတ်မိပေမယ့် ၈ လလောက်တော့ရှိပီထင်တယ်....ဒါမဲ့နေပါဥိး ခုနက ကလေးမက ယောက်ျားရှိတယ်တို ဟုတ်လား"
"ဟုတ် ဟုတ်....."
"သိပ်မမှတ်မိပေမယ့် သူပြောဖူးတာ ယောက်ျားက သေပီဆိုလား ဘာလားပဲ သိပ်တော့ မမှတ်တော့မမှတ်မိတော့ဘူး"
"သေပီ????"
"အင်း ဆေးခန်းလာပြတိုင်း အသီးလေးတွေ ယူယူလာပေးလို့ သတိထားမိနေတာ ကလေးမလေးက သနားစရာပါ တစ်ယောက်ထဲ ရုန်းကန်နေရရှာတာ မိဘမရှိတာတော့ သေချာတယ်"
"အော် ဟုတ် ဟုတ်"
"အဲ့ဆို နောက်ဆေးခန်းကူးရဦးမှာမလို့ သွားလိုက်ဦးမယ် နောက်တခါ ဆေးခန်းရက်ချိန်းကျမှဆုံကြတာပေါ့"
"ဟုတ်"
ဆရာမကြီးရဲ့ နှုတ်ဆက်စကားကို ပန်းချီ ဖျော့တော့နေတဲ့ အသံနဲ့သာ ပြန်နှုတ်ဆက်နိုင်တော့သည်။ တာရာရယ် ဘယ်လိုတွေများဖြစ်ခဲ့တာလဲကွယ်.......နေပါဦး ဗိုက်က ၈ လဆိုတော့ ကိုမဟာနဲ့ မကွဲခင်ထဲကလား.... မဟုတ်မှလွဲရော
.....ဝေယံကလဲ ပန်းချီနဲ့အတွေးတူသည့်နှယ် မဟာ့ကို လင်မယားနှစ်ယောက်လုံး တပြိုင်ထဲလှည့်ကြည့်မိတော့
"ဘာလဲ ငါ့ကို ဘာလို့ အဲ့လိုလာကြည့်နေကြတာလဲ"
"မင်းနဲ့ သူနဲ့ကွဲတာမှ လွန်ရော ၅ လပဲရှိသေးတာလေ ခုက ဗိုက်က ၈ လဆိုတော့ မင်းမကြည့်လို့ ဘယ်သူ့ကြည့်ရမှာလဲ"
"ဟေ့ကောင် သူ့ဘာသာ ဘယ်နှလနေနေ ငါနဲ့ဘာမှမဆိုင်တာကိုကွာ"
မဟာ ခုနက ပန်းချီနဲ့ ဆရာဝန်မကြီးပြောတာ အစအဆုံးကြားလိုက်တာမလို့ သူလဲ အတွေးတချို့ခေါင်းထဲရောက်လာခဲ့သည်ကတော့အမှန်ပင်။ အဲ့ဆို သူ့အိမ်မှာထဲက ရှိနေခဲ့တာလား သူ့ကိုဘာလို့မပြောတာလဲ....မဟုတ်မှလွဲရော သူနဲ့မဆိုင်လို့ မပြောခဲ့တာလား။
"မင်းကို သူက အဲ့ကိစ္စနဲ့ပတ်သတ်ပီး တခွန်းမှမပြောခဲ့ဘူးပေါ့"
"ငါတောင် ခုမှ သေချာသိရတာ"
"တာရာက ဘာလို့ မင်းကိုမပြောခဲ့တာလဲ မသိဘူး"
ငါ့ကလေးမဟုတ်လို့နေမှာပေါ့ကွာ လို့ပြောလိုက်ချင်ပေမယ့်လဲ သူများကလေးကိုလွယ်ပီး သူ့အိမ်မှာ သူ့အနားမှာ အချိန်တခုထိနေသွားခဲ့တယ်ဆိုတဲ့ အဖြစ်ကို ပြန်မဖော်ချင်တော့တာမလို့
"သိဘူးလေကွာ သူ့အကြောင်းနဲ့သူရှိလို့နေမှာပေါ့"
.........
တာရာဆိုင်ကိုပြန်ရောက်လာထဲက မျက်နှာမကောင်း။ ပိုထူးဆန်းတာက အရင်ကဆို ခွင့်ယူဖို့ ခနခနပြောတာတောင် တရက်မပျက်ခဲ့တဲ့သူက မီးဖွားခွင့်တင်ပေးဖို့ မမချမ်းကို ဆိုင်ပြန်ရောက်ရောက်ချင်းပဲပြောနေလေရဲ့။
"ရာရာ အပြင်မှာ ဘာဖြစ်ခဲ့လို့လဲ"
"ဘာမှမဖြစ်ပါဘူး မမချမ်းရယ်....တာရာပြောတာလေးသာ လုပ်ပေးပါနော်"
"ရပါတယ် ခွင့်က လစာနဲ့ခွင့်ရဖို့ အမအားလုံးစီစဥ်ပီးသား ခုကရုတ်တရက်ကြီးဆိုတော့ ဘာများဖြစ်လဲလို့ပါ ဆရာဝန်မကြီးက ဘာပြောလိုက်လို့လဲ"
"ဘာမှထွေထွေထူးထူးမရှိပါဘူး ရာရာ နဲနဲပင်ပန်းသလိုဖြစ်နေလို့ ကလေးအတွက်တောင်မနားပေးနိုင်လို့ စိတ်မကောင်းလို့ပါ"
စိုးရိမ်နေတဲ့ မမချမ်း ကျေနပ်လောက်တဲ့ အဖြေရတော့မှ
"အော် အဲ့ကြောင့်ပြောတာ နားပါဆိုနေ အလုပ်အတွက်က မပူနဲ့ အကုန်အဆင်ပြေတယ် အနားကောင်းကောင်းယူတော့ လိုတာရှိရင်လှမ်းသာပြောလိုက် ဟုတ်ပီလား"
"ဟုတ် မမချမ်းး.....မမချမ်း ဒါနဲ့လေ ဘယ်သူဖြစ်ဖြစ် ရာရာ့ကို လာရှာရင် မရှိဘူး မသိဘူးပဲပြောပေးပါနော် တာရာ့လိပ်စာတွေဘာတွေလဲမမေးလိုက်ပါနဲ့နော်"
"အင်း အင်းး အမနားလည်ပါတယ် စိတ်ချ မပေးဘူး"
"ဟုတ် အဲ့ဆိုရာရာ ပြန်တော့မယ်နော် နားချင်လာလို့ "
"အေးအေး ဂရုစိုက်သွားဦးနော်"
"ဟုတ်....လုံးလုံးရေ ရာရာပြန်ပီနော် အားရင်လာလည်အုံး"
"ကြားမှာမဟုတ်ဘူး စတိုထဲ ခေါင်းစိုက်နေလောက်ပီ"
"ဟုတ် ဟုတ် ပြောပေးပါဦး လုံးလုံးကိုလဲ"
"အေး အေး"
တာရာ ဆေးရုံကနေပြန်လာတဲ့ တလမ်းလုံး စဥ်းစားလာခဲ့တာ သူမအခြေနေကို ကိုဝေယံမြင်သွားပီဆို ကျိန်းသေ မမပန်းချီသိမှာပဲ။ အရင်တခါ မမပန်းချီမွေးနေ့တုံးက သူမကို ဆိုင်နားထိပြန်လိုက်ပို့ပေးခဲ့တာမလို့ သူမအဲ့နားမှာအလုပ်လုပ်တာ နေတာဆိုတာသိသွားနိုင်သည်မလား။ အဲ့ကျ သူမကို ကျိန်းသေလာရှာတော့မှာ အဲ့ကျ သူမ ဘယ်လိုဖြေရှင်းချက်ပေးရမလဲ။ မေးလာမယ့် မေးခွန်းတွေအတွက် အဖြေလုံးဝမရှိ။ နောက်ဆုံးစဥ်းစားလိုက်တော့ ရှေ့ နှစ်ပတ်လောက်ဆို ခွင့်က စယူလို့ရပီ စောပီး ယူလိုက်ရင်အဆင်ပြေမလားမသိ....လာရှာရင်တောင် မတွေ့အောင်ပဲနေချင်တော့သည်မလို့ ကြိုပီးရှောင်ထားတာပိုကောင်းသည်.....မမပန်းချီကော ကိုဝေယံကောကို ခင်ပေမယ့် ဒီလိုကိစ္စနဲ့တော့ ဆက်ပီး မပတ်သတ်လိုတော့ပေ။
......
"ကို ဆင်းမေးကြည့်ပါ ဒီနားတဝိုက်"
"ဟင် ဆိုင်တွေကအများကြီးလေ ပန်းချီရယ်"
"မတတ်နိုင်ဘူးလေ ဒီလိုပဲရှာရမှာပဲကို"
ဆေးရုံက ဆင်းလာထဲက အိမ်ပြန်နားပါဆိုတာကို မနားဘဲ အရင်တခါတာရာနဲ့ဆုံတုံးက ပြန်လိုက်ပို့ခဲ့တဲ့နေရာကိုမောင်းခိုင်းပီး ဇွတ်ကို တဆိုင်ဝင်တဆိုင်ထွက်ရှာခိုင်းနေတော့သည်။ ဆိုင်တွေက ပွစိလန်ရိုက်နေတာ ပုံမပါဘာမပါနဲ့ရှာရမှာ အဲ့လောက်တော့ လွယ်မည်မထင်။ အကျပ်ရိုက်နေတဲ့ ဝေယံ့ကို စိတ်မရှည်တော့တဲ့ ပန်းချီက
"ကို မရှာရင် ပန်းချီ့ဘာသာရှာမယ်"
"အမလေး ပန်းချီရယ် ရှာပေးပါမယ် မဆင်းတော့မဆင်းပါနဲ့ ရှာပေးမယ်ကွာ ဟုတ်ပီလား"
တယောက်ကလဲ ဗိုက်ကြီးနေတာကိုမေ့နေလားမသိ စိတ်မြန်လက်မြန်နဲ့ ကားတံခါးပင်ဖွင့်ပီးနေပီ။ နောက်တယောက်ကလဲ ၂၁ ရာစုရဲ့ ဖခင်လောင်းပေမလို့ ပြာယာကိုခပ်လို့ သူ့မိန်းမက ခုမှဆေးရုံကဆင်းလာတော့....ကားထဲက ထွက်ဖို့ပြင်နေတဲ့ ဝေယံ့ကို သူ ပုခုံးလှမ်းပုတ်လိုက်ပီး
"ဟိုးရှေ့က 24 hours mini mart မှာ အလုပ်လုပ်တာ"
"ဟင်... ကိုမဟာက ဘယ်လိုလုပ်သိလဲ"
ရှေ့ကနှစ်ခုံကြားခေါင်းတင်မဟုတ် လူရော ဗိုက်ရောပါရောက်လာတဲ့ ပန်းချီ့ကြောင့် မဟာရော ဝေယံကော ရှေ့ခုံတွေမှာ ထိုင်ရင်း ဘေးတဖက်တချပ်ဆီကို အသီးသ်ီး မသိမသာကပ်လိုက်ကြသည်။
"ဒီလိုပါပဲ တခါက ပစ္စည်းတခုသွားဝယ်ရင်းတွေ့ဖူးလို့"
"ဟင်....ကိုမဟာရယ် အဲ့တုံးထဲက တာရာ့အကြောင်းမသိခဲ့ဘူးလား"
မဟာ တကယ်တော့ အစထဲက သိပီးသားဖြစ်တာကြောင့် ဟင့်အင်းဟုလဲ မငြင်းချင်တာမလို့ အသာငြိမ်နေလိုက်တော့ ဘေးကနေ ငိုသံကြီးနဲ့ ပန်းချီထကာ အော်တော့သည်။
"တာရာ ဘယ်လိုတောင် နေနေရလဲ ဖြတ်သန်းနေရလဲမသိဘူး သနားပါတယ်"
"ပန်းချီ မငိုနဲ့လေကွာ "
ပြာပြာသလဲဝင်ချော့တဲ့ ဝေယံ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတာ သိသာလွန်းနေပီ
"ပန်းချီတောင် နှစ်ဖက်မိဘကော ကိုယ့်ယောက်ျားက ဂရုစိုက်ခံနေရတာတောင် တခါတလေ အားငယ်တယ် ကြောက်မိတယ်....တာရာ့မှာ ဘယ်သူမှလဲရှိတာမဟုတ်ဘူး တယောက်ထဲရုန်းကန်ရှာဖွေနေရတာ ဘယ်လောက်တောင် ခက်ခဲနေလိုက်မလဲ"
"အင်းပါ ပန်းချီရယ် ကိုတို့တွေ့အောင်ရှာပီး ကူညီပေးလို့ရတာပဲ မငိုနဲ့ တိတ်တိတ်"
တယောက်က အာပြဲနဲ့ငို တယောက်က ဇွတ်ချော့နေတဲ့ သူတို့လင်မယားကိုကြည့်ကာ မဟာလဲ ဘေးက ဘာလုပ်ရမှန်းမသိ။ သူတို့ဆိုတာ ဟိုကလေးမနဲ့က ကိုယ်နဲ့ပတ်သတ်ပီးမှ သိကြတာမလား ဒါတောင် သူတို့က ကိုယ့်ထက်ခံစားပေးနေကြတာ။
"ပန်းချီဆို ကိုယ်ဝန်နဲ့ အလုပ်တွေတောင်မလုပ်နိုင်တာ တာရာက ခုထိအလုပ်လုပ်နေရတုံးပဲလားမသိဘူး သနားပါတယ်"
ငိုလဲငို ပြောလဲ ပြောနေတဲ့ ပန်းချီ့နားက ထွက်ဖို့ မဟာကြံရတော့သည်။
"လာကွာ ဝေယံ ဟိုရှေ့နားက သူအလုပ်လုပ်တဲ့ဆိုင်ထဲသွားမေးရအောင် တခုခုတော့သိမှာပေါ့"
"အေး အေး ပန်းချီကားပေါ်က စောင့်နေနော် ကို သေချာမေးခဲ့မယ် ငိုလဲမငိုနဲ့တော့ တိတ်တော့နော်"
ပြောသာပြောခဲ့ရတာ ခုထိကောင်းကောင်းအငိုမတိတ်သေးတဲ့ ပန်းချီ့ကို ထားခဲ့ရတာ စိတ်မဖြောင့်.....သို့သော် သူမသွားမချင်း တခုခုမသိရမချင်း ငိုငိုနေလို့တော့ မဖြစ်။ ဝေယံကိုယ်တိုင်လဲ တာရာ့ကို သနားမိပါတယ်။ ဆွေမရှိမျိုးမရှိတကောင်ကြွက်ဘဝနဲ့ ကလေးတယောက်ကိုမွေးဖို့ကြိုးစားနေရရှာတာ
"ဟို.....တဆိတ်လောက် ဒီမှာ တာရာဆိုတဲ့ မိန်းကလေးရှိလားမသိဘူး"
"ဘာကိစ္စရှိလို့လဲ"
"ဟို....ကျတော်တို့က သူငယ်ချင်းတွေပါ တာရာဒီဆိုင်မှာ အလုပ်လုပ်တယ်ဆိုလို့ မတွေ့ရတာကြာလို့ လာမေးတာပါ အဆက်သွယ်လဲပျက်နေတော့လေ"
မမချမ်း ရှေ့က လူနှစ်ယောက်ပုံကိုကြည့်တော့လဲ သားသားနားနားဥပဓိရုပ်ကောင်းကောင်းတွေပါ။ တာရာပြောဖူးတဲ့ပုံအရ သူမမှာ ခုလိုသူငယ်ချင်းမျိုးတွေရှိပုံတော့မပေါ်....ဘာလို့လာရှာတာလဲ ဘာအတွက်လဲ
"တာရာအလုပ်ထွက်သွားပီကွဲ့ "
"အလုပ်ထွက်သွားပီ"
"အင်း လွန်ခဲ့တဲ့လကပဲအလုပ်ထွက်သွားတာ"
"အော် အဲ့ဆို သူ့ဖုန်းဖြစ်ဖြစ် အိမ်လိပ်စာဖြစ်ဖြစ်များသိလို့ရမလားခင်ဗျ"
လူပုံစံကြည့်ပီးတိုင်းလဲ ယုံလို့တော့မဖြစ်။ တာရာကမွေးခါနီးမလို့ သူငယ်ချင်းတွေသိုက်သိုက်ဝန်းဝန်းနဲ့ အားရှိစေချင်သော်လည်း မတော်လို့ ဒီလူတွေက တာရာ့ ခင်ပွန်းအဟောင်းသာဆိုရင်.....ပီးတော့ တာရာမွေးခါနီးမလို့ ကလေးကို ဇွတ်ခေါ်ဖို့ဆိုပီး လာတဲ့သူတွေဆိုရင်...အို....မဖြစ်သေးပါဘူး တာရာကလဲ ခုနကမှ ထူးထူးဆန်းဆန်း သူ့လိပ်စာကို ဘယ်သူ့မှမပေးဖို့ပြောခဲ့သည်က ရှိသေးတယ်မလား
"မရှိတော့ဘူး အမတို့ဆီက ထွက်တဲ့ဝန်ထမ်းမှတ်တမ်းတွေက်ု တလထက်ပိုမသိမ်းဘူး"
လမ်းစက ခုနကပဲတွေ့မလိုနဲ့ လုံးဝကိုပျောက်သွားပီ။
"အော် ဟုတ်ကဲ့ ကျေးဇူးပါ "
ဝေယံထွက်သာထွက်လာခဲ့ရသည်။ ကားပေါ်က ပန်းချီ့ကိုတော့ ဘယ်လိုရှင်းပြရမလဲမသိ ခေါင်းတွေတောင်ခြောက်လာသည်။ ဟင်းးးးးး မီးစင်ကြည့် က ရတော့မှာပဲလေ......
မဟာ ခုနက ကားပေါ်က ဆင်းလာထဲက ဘာတခွန်းမှဝင်မပြောပေမယ့် ဆိုင်က အမကြီးပြောတဲ့ အလုပ်ထွက်သွားပီဆိုတဲ့ စကားကိုတော့ ဘာလို့ရယ်မှန်းမသိ မယုံဘူးဖြစ်နေသည်။ မင်းပြေးနိုင်တဲ့ထိ ပြေးထားဦးပေါ့ ငတိမရယ်........