တနေကုန်မထတမ်းအိပ်နေတာ ညနေခင်း မပန်းချီက ညစာလာစားဖို့ အခန်းထဲထိလာခေါ်တော့မှ နိုးတော့သည်။ စိတ်ရောလူရောပင်ပန်းလွန်းလို့ တချိုးထဲအိပ်ပျော်သွားတာများ တစက်ကလေးမှကိုမနိုး....အိပ်ရေးဝတော့ အားပြည့်သလိုတော့ ခံစားရသည်။ မပန်းချီက တခါထဲစောင့်ခေါ်မယ်လုပ်နေတာ သူမက ရေချိုးချင်သေးတာမလို့ စောင့်နေရမှာ အားနာလို့ နောက်မှလိုက်ခဲ့ပါမည်သေချာပြောပီး လွှတ်လိုက်ရသည်။ ဟိုမှာလဲ လူစုံနေမှာမလို့ သိပ်နောက်မကျချင်တာနဲ့ အမြန်ရေချိုးပီး ဝတ်နေကျအတိုင်းပဲ ခြေသလုံးတဝက်လောက်ရှည်တဲ့ ဂါဝန်လေးတထည်ကို အပေါ်က ဆွယ်တာ အနက်လေးနဲ့ထပ်ဝတ်ခဲ့ကာ ညစာစားကြမယ့် dining room ဆီကို ထွက်ခဲ့လိုက်သည်။
သူမရောက်တော့သူတို့က စားသောက်နေကြပီ....သူမကိုတွေ့တော့ မပန်းချီက သူ့နားမှာထိုင်ဖို့ခုံဆွဲပေးကာ ဝင်ထိုင်စေသည်။ ပီးရင် သူမအတွက်ဖယ်ထားသည်ဆိုသည့် စားစရာများကို သေချာလေးပေးကာ စားစေသည်။ ဒီခရီးက အမှန်တကယ်တော့ ကိုဝေယံနဲ့မပန်းချီကြောင့်သာ သူမ စိတ်အတော်သက်သာရာရခဲ့သည်ဆို မမှား။
"ဟယ်....တာရာ လက်မှာ ဘာဖြစ်တာလဲ ပြဦး အမကို"
"ဟင် ဘာမှ မဖြစ်ဘူး မမ"
"ပြဦး ပြဦး....ဟင် နည်းတာမဟုတ်ဘူး တာရာရယ် ဘာဖြစ်ထားတာလဲ လဲထားတာလား"
တာရာ လက်နာနေတာကြောင့် ဇွန်းကိုသေချာမကိုင်နိုင်တာကို ရိပ်မိသွားတဲ့ မပန်းချီ့ကြောင့် အားလုံးရဲ့အာရုံတွေက သူမအပေါ်ရောက်လာခဲ့သည်။ မပန်းချီကတော့ သူမ မပြချင်တာ တခြားသူတွေ စားသောက်နေလို့ အားနာလို့မပြချင်တာလို့ပဲထင်နေသည်။ အားလုံးထဲတော့ သူမကို မမှိတ်မသုန်ကြည့်နေတာ ဟိုလူ....တာရာ ခေါင်းငုံ့ကာ အစားပဲ သေချာဆက်စားလိုက်တော့သည်။ တချက်တချက်တော့ သူမကို စိတ်ပူတဲ့အကြည့်နဲ့ကြည့်နေတဲ့ မပန်းချီကို ပြန်ပြုံးပြရသေးသည်။ လက်က အတော်နာပေမယ့် ဆက်မေးလာမယ့် မေးခွန်းတွေအတွက်သူမမှာ အဖြေမရှိ။
"တာရာ မနေ့ညကထိအကောင်းကြီးပါ....အမတို့ပြန်ပို့ပေးတုံးကလဲ မလဲပါဘူး"
မမေဖြူစကားကြောင့် တာရာ မျက်စိစုံမှိတ်ကာ သက်ပြင်းသေးသေးလေးခိုးချမိသည်။ ပီးမှ အတတ်နိုင်ဆုံးပြုံးရင်း
"ဟုတ်တယ်အမ မနေ့က အမတို့ပြန်တော့ ရာရာ လမ်းခနထွက်လျှောက်သေးတယ်....မှောင်မှောင်မဲမဲထဲ မူးလဲမူးနေတော့ ဟီး....လဲသွားတာ ခုလိုဖြစ်သွားတာပဲ"
"အဲ့ကြောင့် ပြောပါတယ် အခန်းထဲတခါထဲပို့ပေးမလို့ဟာကို အပြင်မှာနေခဲ့တာ စိတ်မချပါဘူးဆိုနေ"
တာရာ့စကားက အဓိပ္ပါယ်ရှိနေတာမလို့ ယုံသွားတဲ့ မပန်းချီကထပီး ထောက်ခံလိုက်မှ အကုန်လုံးသူ့အာရုံနဲ့သူပြန်ဖြစ်သွားတော့သည်။
မဟာ ဟိုငတိမကိုကြည့်ပီး သူပြောသမျှတွေကို မသိမသာအကဲခတ်နေမိသည်။ သူတို့ပြောတဲ့တိုင်းဆို မနေ့ညက သူ့ကိုပို့ပီး သူမက အခန်းပြင်မှာကျန်ခဲ့တာလား.....အိပ်ရာခင်းပေးပီးပြန်ထွက်သွားတာနေမယ် အဲ့ဆို အဲ့ကျမှလဲတဲ့သူက သူ့လက်ကသွေးက အိပ်ရာကို ဘယ်ချိန်ပေစရာအကြောင်းရှိလို့လဲ။ ဒါမှမဟုတ် သူမကိုအရင်ပြန်ပို့ပီးမှ နောက်မှသူ့ကိုပြန်ပို့ပေးတာလဲဖြစ်နိုင်သည်။ အဲ့ဆို သူ့ဟာသူထွက်ကမြင်းပီးမှ ပစ်လဲလို့ ဒဏ်ရာအရင်ရလာတာပဲနေမယ်။ စကားက အဆုံးအစမရှိတာမလို့ အတန်ကြာငြိမ်နေတဲ့ မဟာ ချောင်းတချက်ရှင်းလိုက်ပီး
"မနေ့က ငါ့ကို အခန်းထဲ ဘယ်သူပို့လိုက်တာလဲ"
"အောင်မာ ငါတို့မပို့ရင် ကမ်းခြေပေါ်ပဲအိပ်ရမယ့်သူကများ....သောက်လိုက်တာ ဂျွမ်းကိုပစ်လို့ မနဲကို မ ယူရတယ်"
"ဟုတ်လား...."
"အေးပေါ့ ငါနဲ့ မင်းသိန်းပဲရှိတာလေ ပန်းချီနဲ့ မေဖြူက တာရာ့ကိုအရင်ပြန်ပို့တော့ ငါတို့ပဲ ကျန်ခဲ့တာ ငါတို့ပဲ လိုက်ပို့ရတော့တာပေါ့ဟ"
ရပီ ဒါပဲ သူလိုချင်တဲ့အဖြေက ဟုတ်တယ် သူတွေးထားသလိုပဲ ဟိုငတိမက အခန်းထဲအရင်ရောက်ပီးသား သူမရောက်ခင်ထဲက....ဒါ့ကြောင့် အရာရာက သူတွေးထားသလိုပဲ ဖြစ်သွားတာ တခြား ဘာကိစ္စမှ ရှိခဲ့မှာမဟုတ်ဘူး ရှိလို့လဲမရဘူး......
"မနက်ဖြန် မနက်နော် မဟာ...."
"ဘယ်ချိန်လဲ"
"7 နာရီလောက်ပေါ့ မနက်စာကို အပေါ်ရောက်မှစားမယ်လေ နိုးတာနဲ့တန်းထွက်မှာ"
"Okay"
ကိုမင်းသိန်းနဲ့ ဟိုလူ ပြောပုံအရ ပြန်တော့မှာလားမသိ....ပြန်ရတော့မယ်ဆိုတော့ တာရာ စိတ်ထဲကျိတ်ပျော်မိသွားသေးသည်။ အပျော်က တာရှည်မခံပါ ဘေးက မပန်းချီက
"မနက်ဖြန် Cruise စီးကြမှာ အပေါ်မှာပဲ ညအိပ်ကြမှာ ၂ ရက်စာလောက်အဝတ်စားခွဲယူခဲ့နော် အကုန်တော့ သယ်လာစရာမလိုဘူး"
"Cruise....?"
"အင်းလေ တာရာ သေင်္ဘာအကြီးကြီးတွေလေ"
"ဟုတ်...မမ"
Cruise ဆိုတာ ဇိမ်ခံသေင်္ဘာကြီးမှန်းသိပေမယ့် တခါမှ မစီးဖူးတာရော ရေကြောက်တာရောကြောင့် တွေဝေနေမိသည်။ မလိုက်လို့လဲ ရမယ့်ပုံမပေါ်။
စားသောက်ပီး ပင်ပန်းနေတာမလို့ အခန်းထဲပြန်နားချင်ကြောင်းပြောပီး တာရာအခန်းထဲပြန်ကာ စောင်ပုံထဲဝင်ပီးကွေးနေလိုက်သည်။ တနေကုန်အိပ်ထားတာမလို့ အိပ်လို့ကတော့မပျော်။ ဟိုလူ့ရဲ့ မျက်စိအောက်က ပျောက်နေရရင်ရပီ....ဟိုလူလဲသူမနဲ့ထပ်တူထပ်မျှပဲဆိုတာ သူမသိပီးသား...ဝေးလေကောင်းလေဆိုတဲ့ အတွေးကိုယ်စီနဲ့။
"သားကြီး မင်းရုပ်ကြီးကလဲ တနေကုန် အီလည်လည်ကြီးနဲ့ ဘာဖြစ်နေတာလဲ"
"မရှိပါဘူးကွာ ဒီတိုင်းပဲ "
"ဘာလဲ ကောင်မလေးက ဘာပြောလို့လဲ"
"ဘာပြောရမှာလဲ ဇယားမရှိပါဘူးကွာ"
"သားကြီး ငါပွင့်ပွင့်လင်းလင်းပဲပြောမယ်ကွာ....မင်းမှာလဲ မင်းခံစားချက်နဲ့မင်းဆိုတာ ငါနားလည်တယ်....ဒါမဲ့ကွာ ငါတို့လဲ အသက်တွေငယ်တော့တာမဟုတ်ဘူး ဖြစ်ချင်တာတွေထက် ဖြစ်သင့်တာတွေကို ဦးစားပေးရမယ့်အခိုက်တံ့တွေကိုနားလည်ပေးရမယ်လေကွာ မဟုတ်ဘူးလား"
"အဲ့တော့...."
"အဲ့တော့ကွာ အရာရာ နောက်မကျခင် အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ချိန်တွေရှိသေးတယ်ကွာ....နောက်မှ နောင်တရတာမျိုးကျ ဘာမှပြန်ပြင်လို့မှမရတာ"
"မူးနေတာလား ဝေယံ"
"ရေပဲသောက်ထားတာ မူးမလား....မူးချင်းမူး အချစ်မူးပဲမူးမှာ"
အတည်ပြောနေရင်းကနေ ခပ်လှမ်းလှမ်းက မေဖြူနဲ့ စကားပြောနေတဲ့ ပန်းချီ့ကို လှမ်းကြည့်ကာ ထဖောက်သေးသည်။ ဒီကောင် ဒီမိန်းကလေးကိုတော့ တကယ်ချစ်ရှာသည်။ အရင်က ဝေယံ့လောက် ရည်းစားရှုပ်တာ ဝေယံပဲရှိမည်။ ရည်းစားကို သက်စေ့ရုံထားတယ်ဆိုရင် အဲ့အသက်က သူ့အိမ်က လူဘယ်နှယောက်ရဲ့အသက်စေ့လဲလို့ ပြန်မေးရမယ့်အထိကို ရှုပ်သည်။ ဒီ ပန်းချီဆိုတဲ့ မိန်းကလေးနဲ့တွေ့တော့ စစချင်းက ကောင်မလေးက ကပ်သည့်ပုံမျိုး....စော်ချောချောလေးတွေကပ်တာနဲ့ ကျေနပ်နေတဲ့ ဝေယံက ဒီကောင်မလေးကိုလဲ ရှေ့ကလူတွေလိုပဲသတ်မှတ်ခဲ့တာ.... နောက် ၅ လလောက် ကြာတော့ ချက်ချင်းပဲ လက်ထပ်မယ်ဆိုပီး ရုတ်တရက်ကြီးထဖြစ်သွားသည်။ စစချင်းတုံးတော့ မဟာမပြောနဲ့ မင်းသိန်းပင် တားလိုက်သေးသည်။ ခနတာကြောင့်မလို့နေမယ် စဥ်းစားပါဦး ဘာညာဆိုပီး....တကယ့်တကယ်တမ်းကျ သူတို့နှစ်ဦးက အချိန်ကြာလာတာနဲ့အမျှ သံယောဇဥ်ဘယ်လောက်ရှိကြတယ် နားလည်ကြတယ်ဆိုတာကို သူတို့လိုအနီးကပ်ရှိတဲ့သူတွေအသိဆုံး။
"ငါ ပန်းချီနဲ့ စတွဲတုံးက သူ့ကို သာမန်ပဲ သဘောထားပီး ချစ်ဖို့လဲ မကြိုးစားခဲ့ဘူးကွာ"
"အင်း သိသားပဲ"
"အင်း မင်းမသိခဲ့တာက ပန်းချီက ငါ့ကို သူ့ကိုချစ်လာဖို့ အမျိုးမျိုးကြိုးစားခဲ့တာပဲ ငါမမြင်ခဲ့တာလား မမြင်ချင်ယောင်ဆောင်ခဲ့တာလား ကိုယ့်ဘာသာတောင် မသိခဲ့ပါဘူးကွာ"
ပြောရင်းနဲ့ ဝမ်းနည်းပြတဲ့ ဘေးကကောင်ကိုကြည့်ပီး မဟာနားမလည်နိုင်တော့ ခုလဲ သူတို့လောက်ပျော်ရွှင်နေရတာ သူတို့ပဲကို ဘာထဖြစ်ရတာလဲ
"မင်းတို့လဲ ခုအဆင်ပြေနေတာပဲလေကွာ ယူလဲယူပီးပီပဲကို"
"အင်း....အဲ့တာကိုပဲ ငါပြောချင်တာ...ငါတို့တွဲပီး ငါ့ဘက်ကရှောင်ဖယ်ဖယ်လုပ်ခဲ့တဲ့အချိန်ကျ သူက ငါ့ကိုလှည့်မကြည့်တော့ဘူး ပထမတော့ ငါလဲ ဖြတ်စရာတောင်မလိုဘူး သူ့ဘာသာသူပြတ်မယ်ပေါ့....တကယ်တမ်းမနေနိုင်တာက ငါ..ငါ့အပေါ်သူ့လောက်သီးခံပီး ချစ်ပေးတာ နောက်တယောက်မရှိတော့ဘူးဆိုတာကို သိအောင်လုပ်ပီးမှ ငါ့ကို စိတ်နာပီးလှည့်မကြည့်တော့တာကွာ"
"မင်းက သူ့ကိုမချစ်ခဲ့ဘူးမလား"
"မချစ်တာထက် ချစ်မိနေတာကို မသိတာ...ခုချိန်ပြန်စဥ်းစားရင် ကြောက်မိတယ်ကွာ"
"ဘာကိုလဲ"
"ငါသာဆုံးဖြတ်ချက်မှားခဲ့ရင် ငါချစ်တဲ့သူကို တဘဝစာဆုံးရှုံးရမှာလေ"
"ခုတော့ အဲ့လိုမှမဖြစ်တာ"
"မဖြစ်လို့လေ ဖြစ်ရင် ဘယ်လောက်ရင်နာရမလဲတွေးရင်း စိတ်မကောင်းဘူး သူချစ်ခဲ့တုံးက လျစ်လျူရှုခဲ့ရတာလဲ စိတ်မကောင်းဘူးကွာ"
"ဘာများလဲလို့ကွာ ဘာမှမဟုတ်တာပဲကို"
"အေးကွာ မင်းဒါတွေနားလည်ဖို့ အချိန်မှမကျသေးတာ"
မဟာ သူ့ဘာသာပြော သူ့ဘာသာ feel နေတဲ့ ဝေယံ့ကို စကားတွေရှည်နေမှာစိုးလို့ ဘာမှဆက်ပီး စောဒကမတက်မိတော့ပေ။ သူ့မှာလဲ သူပြောသလို ချစ်ရသူနဲ့ခွဲရတဲ့ဒုက္ခကို လောလောလတ်လတ်ခံစားနေရတာ သူလောက်ဘယ်သူနားလည်နိုင်မလဲ။ စိတ်ထဲ ညီးစီစီဖြစ်လာတာနဲ့ မနက်အစောထရမှာမလို့ဆိုပီး အခန်းသာပြန်ခဲ့လိုက်တော့သည်။
အခန်းထဲရောက်တော့ မီးကပိတ်ထားဆဲ။ ဟိုငတိမ အခန်းပြန်သွားတာ ဘယ်ရောက်နေလဲဆိုပီး တွေးမိအောင်တွေးကာ မီးဖွင့်ပီး အခန်းထဲအကြည့်....တွေ့ပါပီ ဆိုဖာပေါ်မှာ စောင်ခြုံပီး အိပ်နေတဲ့ ငတိမ သူဝင်လာတာကိုသိပုံမပေါ်....သူမဟုတ်ဘဲ တခြားတစိမ်းဝင်လာပီး တခုခုဆိုရင်တောင် သိပါ့မလားပဲ ဖြစ်သလိုနေနေတာဆိုပီး ရအောင်အပြစ်မြင်လိုက်သေးသည်။
တာရာ မျက်လုံးတွေမှိတ်ထားပေမယ့် သူဝင်လာတာတွေအစအဆုံးကို သိနေပါသည်။ အစက တံခါးလော့ချပီးနေမလို့ဟာ သူလာရင် ထဖွင့်ပေးနေပီး တွေ့နေရမှာစိုးလို့ မပိတ်ပဲထားလိုက်တာ။ သူနဲ့ကိုမျက်နှာချင်းဆိုင်ရမှာ စိုးရွံ့နေသေးသည်။ ခနနေတော့ ရှူးပေါက်ချင်လာကာ ထရမှာလဲ မထချင်နဲ့ ဒုက္ခလှလှတွေ့တော့သည်။ စောသေးပုံရတာမလို့ ဟိုလူလဲအိပ်မယ့်ပုံမပေါ်သေး။ အောင့်ထားလဲ နောက်ထပ် နာရီဝက်အပြင်ထပ် မနေနိုင်တော့ပေ။ လူက ရှူးပေါက်ချင်တာမှ မျက်ရည်တောင်ဝဲလာတဲ့ထိပင်။ နောက်ဆုံးတော့ ထကာ ရေချိုးခန်းထဲ အပြေးဝင်ခဲ့ရတော့သည်။
ငြိမ်ပီးအိပ်နေရာမှ ရုတ်တရက်ထကာ ရေချိုးခန်းထဲပြေးဝင်သွားတဲ့ ဟိုငတိမကြောင့် မနက်ဖြန်အတွက် အကျီထည့်နေရင်း မဟာ လှည့်ကြည့်မိသည်အထိပင်။ အမြဲလုပ်လိုက်ရင် တည်တည်ငြိမ်ငြိမ်ကိုမရှိ ပျာယာတွေကိုခတ်လို့ ဒါ့ကြောင့်လဲ မနေ့က ပစ်လဲတာနေမယ်။ နည်းတောင်နဲသေးတယ်လို့ ကလေးဆန်ဆန်တွေးမိသေးသည်။
ဝင်သွားတုံးက ကိုယ့်ဇောနဲ့ကိုယ်မလို့မသိသာပေမယ့် ထွက်လာတော့ ရေချိုးခန်းရှေ့ ခါးထောက်ပီး ရပ်နေတဲ့သူနဲ့ ပက်ပင်းတိုးတော့သည်။
"အမလေး...."
"အမြဲပျာယာခတ်နေတာ တည်တည်ငြိမ်ငြိမ်ကိုမရှိဘူး"
အသံမပေးဘာမပေးနဲ့ ရေချိုးခန်းရှေ့မှာ ရပ်နေတဲ့သူ့ကိုယ်သူကိုတော့ အပြစ်မမြင်ဘဲ လန့်တဲ့သူမကို အပြစ်လာပြောနေတဲ့ သူ့ကိုတာရာ ဘာမှပြန်ပြောချင်စိတ်မရှိ....မျက်နှာသာလွှဲထားလိုက်တော့သည်။ သူ့ဘာသာလုပ်စရာရှိတာမလုပ်ဘဲ ရှေ့ကမဖယ်ပဲပိတ်ရပ်နေတဲ့သူ့ကြောင့် ဘယ်ချိန်ထိရပ်နေရမလဲမသိတာနဲ့ တာရာ ဘေးကသာရှောင်ထွက်ဖို့ပြင်တော့ သူမလက်ကောက်ဝတ်တဖက်ကို ဇတ်ခနဲကောက်ဆွဲလိုက်တဲ့သူ့ကြောင့် ခြေလှမ်းတွေတုံ့သွားရသည်။
"မင်းကို စကားပြောနေတာလေ ရှောင်ထွက်သွားရလောက်အောင်မင်းမှာ လူမှုရေးမရှိဘူးလား"
လူမှုရေးရှိစေချင်ရင် လူလိုပြောလို့သာပြန်အော်ပစ်လိုက်ချင်သည်။ သူကပဲပြောရတယ်ရှိသေး။ ပြသနာအရှည်အရှည်မဖြစ်ချင်တာမလို့ သူမကပဲ စိတ်လျှော့ပီး သူ့ကိုတည့်တည့်ကြည့်ကာ အေးအေးဆေးဆေးပြန်ပြောလိုက်သည်။
"ဘာပြောမလို့လဲ ..... အရင်ဆုံးတော့ ကျမလက်ကိုလွှတ်ဦး"
မဟာ သတိလက်လွတ်သာ ဆွဲထားလိုက်တာ သူလဲ ဆွဲချင်လွန်းလို့ ဆွဲထားတယ်ရယ်မှမဟုတ် ခုလို တည့်ကြီးပြောခံလိုက်ရတော့ ချဥ်သွားတာနဲ့ ဆွဲထားတဲ့လက်ကို ပိုစောင့်ဆွဲလိုက်သည်။ အားနဲ့ဆွဲလိုက်တော့ သူမက သူနဲ့အတော်နီးနီးကပ်ကပ်ဖြစ်သွားသည်။ သူတို့ကြားမှာ ဘယ်လောက်မှမခြားတော့တာမှ လေတောင်တိုက်မရလောက်အောင်ကိုနီးကပ်သွားခဲ့သည်။ အနီးကပ်ဒီလောက်ရောက်နေတော့ သူမထက် အရပ်အတော်မြင့်တာမလို့ သူမကို မိုးထားတဲ့ သူ့ကိုအလန့်တကြားမော့ကြည့်နေတဲ့သူမမျက်လုံးတွေကိုသေချာမြင်လိုက်ရသည်။ မဟာ ဒီငတိမကို ဒီလောက်အနီးကပ်မမြင်ဖူးဘူး...မမြင်ဖူးတာထက် မကြည့်ဖူးတာဆိုလျှင်ပိုမှန်မည်။ အရင်ထဲက သတိထားမိတာတခုကတော့ သူမမျက်လုံးတွေ အသက်မဲ့နေတဲ့ ခံစားချက်မဲ့နေတဲ့ သူမုန်းတဲ့သူတဲ့မျက်လုံးတွေ....ခုတော့ အဲ့မျက်လုံးတွေအစား သူ့ကိုထိတ်လန့်နေတဲ့မျက်လုံးတွေကို အနီးကပ်မြင်လိုက်ရသည်။
"မင်းက ငါယူထားတာပဲ ငါစိတ်ပါရင် လက်ဆွဲရုံမကလို့ ကြိုက်တာလုပ်လို့ရတယ်"
"ဖယ်....ဖယ် ပေး "
သူ့စကားကို ဂရုမစိုက်ဘဲ သူ့လက်ထဲကနေ ဇွတ်ရုန်းနေတဲ့ငတိမကြောင့် ဒီလိုအဖြစ်ပျက်မျိုး တနေရာရာမှ ကြုံဖူးသလိုစိတ်ထဲ ခံစားလိုက်ရသည်။ ဒီလိုအဖြစ်ပျက်ကို ကြုံဖူးရအောင်လဲ မဟာဆိုတဲ့သူက ကောင်မလေးတွေကို ဆွဲလားရမ်းလားလုပ်တတ်နဲ့ကောင်မျိုးမဟုတ်....တဘဝလုံးဧကရီတဦးထဲနှင့်သာ ပတ်သတ်ဖူးသူ။ စိတ်ထဲ တမျိုးဖြစ်သွားတာနဲ့ သူမလက်တွေကိုလွှတ်ပေးလိုက်မိသည်။ သူ့လက်ကလွှတ်တာနဲ့ ခုနကနေရာကနေ နောက်ကို ခြေလှမ်းနှစ်လှမ်းလောက်ချက်ချင်းဆုတ်ပီး သူ့ဆီကနေ အကြည့်လွှဲသွားသည်။
"မင်း လက်က ဒဏ်ရာ ကိုမေးမလို့ လျှောက်တွေးမနေနဲ့"
သူကများ လာမေးတယ်ရှိသေး....သူလားဒီလိုစိတ်ရှိမှာ သူ့ဘာသာ ဘာတွေတွေးပီး မေးချင်တာတွေရှိနေလဲမှမသိတာ
"ကျမပြောပီးပီလေ ကျမဘာသာရတာ ဦးနေမင်းမဟာနဲ့မဆိုင်ဘူး စိတ်ထဲထည့်နေစရာလဲမလိုဘူး"
စိတ်ပေါက်ပေါက်နဲ့ပြောပီး သူမအိပ်တဲ့ဆိုဖာဆီ သူ့ကိုကျော်ကာ ပြန်လာပီး စောင်ဆွဲခြုံကာ မျက်လုံးမှိတ်ထားလိုက်တော့သည်။ သူမ မအိပ်မချင်း ပြသနာက ပီးမှာမဟုတ်....
"မင်းနဲ့ငါတူတူလာတာလေ ငါကမမေးရင်...."
မပီးနိုင်သေးဘူးလား လျှာရှည်တာလား စပ်စုတာလား စိတ်ပျက်လာရသည်။ ဒါ့ကြောင့်သူ့စကားတင်မဆုံးသေး
"ရတယ် မလိုဘူး....ခုရော နောက်နောင်ရော ကျမနဲ့ပတ်သတ်ရင် ရှင်မေးစရာလဲမလိုသလို စိတ်ထဲလဲထားးစရာမလိုဘူး"
လေသံမမာပေမယ့် ပြောနေတဲ့စကားတွေကြောင့် သူကများ စိတ်တိုနေတာလားလို့တော့ ထင်လိုက်သေးသည်။ ဘာလဲ သူ့ကို မနက်ထဲက မမေးလို့လား ခုမေးမလို့ပဲလေ....ဘာဖြစ်ရတာလဲ။ သူ့ပြောပီး တကယ်အိပ်သွားတာလား အိပ်ချင်ယောင်ဆောင်တာလား မသိတဲ့ငတိမကြောင့် မဟာ သူ့အိပ်ရာဆီသူပဲ ပြန်လာခဲ့သည်။ အဲ့ငတိမကို အမြင်ကတ်တာအဲ့မျိုးတွေ....စေတနာဆိုတာ လူတိုင်းနဲ့မတန်ဘူးဆိုတာ သိပ်မှန်တယ်။ ကောင်းတယ်လေ သူ့ဘက်က ခုရော နောင်ရော မေးစရာမလိုဘူးဆိုမှတော့ သေသေကြေကြေပစ်ကိုထားပစ်လိုက်ဦးမည်။ ခုတောင် မကောင်းတတ်လို့မေးရတာ သိပ်စိတ်ဝင်စားလှတယ်ရယ်မဟုတ်။ မမေးရင် ကျန်တဲ့ကောင်တွေကတမျိုးတမည်မရိုးအောင်ပွမ်ကြလို့ မေးရတာ။ ပီးတာပဲ ပတ်သတ်စရာမလိုဘူးဆိုလဲ ကိုယ်က ပိုတောင်ကြိုက်သေးတယ်။