"ငါ ပြန်လာနိုင်မှာမဟုတ်ဘူး အမ..."
"....."
"ငါမလာလည်းဖြစ်တာပဲ အရင်ကလည်းဒီလိုပဲ လှုနေကြပဲ..."
"....."
"ရတယ် သမီးကိုငါသွားကြိုလိုက်မယ်..."
"....."
"ငါအဲ့ဒါတွေ ထပ်မပြောချင်ဘူး အမ အဲ့အကြောင်းပဲပြောမယ်ဆို ဖုန်းချလိုက်တော့မယ်..."
ဖုန်းကိုနားနားကပ်၍ ပြောဆိုနေပါသော ဆိုင်းလော့ဒ်၏ ခပ်ဆတ်ဆတ်လေသံကြောင့် သူ့ခြေလှမ်းတို့ တန့်သွားရသည်။ဆိုင်းလော့ဒ်က အိမ်ရှေ့ခန်းမှာဖုန်းထွက်ပြောနေတာဖြစ်သည်။တမင်နားထောင်ဖို့ ရည်ရွယ်ချက်မျိုးနှင့်မဟုတ်သော်လည်း ဆိုင်းလော့ဒ်၏ မကြည်လင်သောလေသံကြောင့် အလိုအလျောက်နားစွင့်မိသား ဖြစ်သွားရသည်။
အရင်ကဆို ဆိုင်းလော့ဒ်တို့မိသားစု၏ ဆက်ဆံရေးက အလွန်ကိုမှနွေးနွေးထွေးထွေးရှိလှသည်။အခုတော့ ဘာအကြောင်းနဲ့များ ကတောက်ကဆဖြစ်နေရသလဲ မသိတော့ချေ။သူ သက်ပြင်းအားအသာရှိုက်ပြီးမှ အိမ်ရှေ့သို့ထွက်ဖို့ပြင်နေသော ခြေလှမ်းတို့အား ပြန်ရုတ်လိုက်တော့သည်။ပစ္စည်းအတွက် ဒီဇိုင်းပုံကြမ်းဆွဲထားတာကို ပြသဖို့စိတ်ကူးနှင့် အိမ်ရှေ့သို့ထွက်လိုက်ခဲ့တာဖြစ်သည်။
သူ ခြေလှမ်းပြန်လှည့်ဖို့ ပြင်လိုက်စဥ်မှာပဲ ဆိုင်းလော့ဒ်ကဖုန်းကိုချ၍ နောက်သို့လှည့်လာလေသည်။
"အမနဲ့ပြောနေတာလား...."
"အင်း!..."
သူမေးတော့ ဆိုင်းလော့ဒ်က မှုန်တေတေ မျက်နှာထားဖြင့်သာ ခေါင်းညိတ်ပြသည်။ဒီကိစ္စကို သူမပြောပြချင်ပါဘူးဆိုသည့်သဘော။သူလည်း အလိုက်တသိဖြင့် ဆက်မမေးတော့ပဲ ခေါင်းဆတ်လိုက်ပြီးမှ....
"ကိုယ့်ကို ဒါလေးတချက်ကြည့်ပေးပါဦး...."
ဆွဲလက်စပုံကြမ်းအားပြကာ စကားလမ်းကြောင်းလွှဲပစ်လိုက်တော့၏။
"ဒါကဘာလဲ ခါးပတ်လား..."
"အင်း!..."
"ခါးပတ်ထုတ်မလို့လား..."
ဆိုင်းလော့ဒ်က ပုံကြမ်းအားကြည့်ရင်းဖြင့် မေးလာသည်။
"မထုတ်ပါဘူး ကာစတန်မာအော်ဒါပါ..."
"သြော်! မိုက်ပါတယ် ဒါကသစ်ရွက်ပုံလား...."
"မဟုတ်ဘူး ငှက်မွှေးလိုမျိုးလေ အဲ့လိုမျိုး...."
"မိုက်တော့ မိုက်တယ် ဒါပေမဲ့ နည်းနည်းရိုးရှင်းနေသလားလို့...."
"မင်းက ဘာထည့်ချင်လို့လဲ...."
သူပြောတော့ ဆိုင်းလော့ဒ်က ပုံအားခပ်စိုက်စိုက်ကြည့်နေပြီးတော့ သူ့လက်ထဲမှခဲတံအားဆွဲယူလိုက်ပြီး....
"ဒီနေရာမှာ ကနုတ်လိုလို နွယ်လိုလိုထည့်လိုက်ရင်ရော..."
ပါးစပ်ကလည်းပြောရင်းဖြင့် လက်ကလည်းတစ်ခါတည်းဆွဲချသည်။ပထမက ခပ်ရှင်းရှင်းဖြစ်နေသော ဒီဇိုင်းကထိုအခါမှ ခမ်းနားထည်ဝါသွားသလိုမျိုး ခံစားလိုက်ရသည်။
"လိုတော့ လိုနေသေးတယ် အချိန်ရသေးတယ်မှတ်လား မောင် ညမှသေချာကြည့်ပေးမယ်လေ..."
"အင်း! အချိန်ကရပါသေးတယ်..."
ရှင်းခန့်ပြောရင်းဖြင့် ဆိုင်းလော့ဒ်အားဝေ့ကြည့်လိုက်ပြီးမှ...
"သွားစရာရှိလို့လား..."
"အင်း ပြခန်းဖက်တချက်သွားကြည့်မလို့လေ မရောက်တာနှစ်ရက်လောက်ရှိပြီဆိုတော့သွားမှရမယ် မောင်ဒီည နည်းနည်းနောက်ကျမယ် အဲ့ဒါသမီးကို သွားကြိုထားပေးနော်...."
ဆိုင်းလော့ဒ်က သူ့ပါးပြင်အားနူးညံ့စွာထိတွေ့ကိုင်တွယ်ရင်းဖြင့် ပြောလေသည်။
"အင်း! စိတ်ချပါ ကိုယ်သွားကြိုထားလိုက်မယ်..."
"အဲ့ဒါဆို မောင်သွားဖို့ပြင်လိုက်ဦးမယ်နော် သြော်! ထမင်းစားလည်း မစောင့်နဲ့တော့နော် အဆာလွန်နေလိမ့်မယ်..."
"အင်း!..."
ရှင်းခန့်၏ တိုးညှင်းညံ့သက်စွာပြောဟန်လေးကြောင့် သူအလိုအလျောက်ပြုံးမိကာ နဖူးပြင်သို့ အနမ်းတစ်ပွင့်ခြွေမိ၏။ပြီးတော့ နူးညံ့သောပါးပြင်လေးအား ခပ်ဖျစ်ဖျစ်ညှစ်ပြီးမှ နေရာမှလှမ်းထွက်ဖြစ်လေသည်။
"ရေချိုးပြီ..."
ကလေးလိုမျိုး ပါးပြင်အားဖျစ်ညှစ်ပြီးမှ ခပ်လောလောပြော၍ လှမ်းထွက်သွားပါသော ကျောပြင်ကျယ်ကြီးအား လိုက်ကြည့်နေမိရင်း ကြည်နူးရခြင်းတို့ဖြင့် အပြုံးနွေးနွေးတို့အလိုအလျောက် ဖြစ်တည်သည်။အတူတူနိုးထဖို့ အတူတူအိပ်စက်ဖို့ စိတ်ရဲ့အတက်အကျတိုင်းကို မျှဝေခံစားဖို့အတွက် လူတစ်ယောက်ရှိနေခြင်းဟာ သူ့အတွက်တော့ ရှင်သန်ရခြင်းဟာ အဓိပ္ပါယ်တို့ဖြင့် ပြည့်ဝလာခဲ့သည်။တစ်ယောက်အတွက် တစ်ယောက်ဖြစ်တည်နေကြတဲ့ ဒီလိုအခိုက်အတန့်တွေမှာပဲ အပြီးတိုင်နေထိုင်ချင်လေတော့သည်။
~~~~~~
လမ်းသွယ်လေးထဲသို့ ကားကိုဘီးလှိမ့်ယုံမောင်းဝင်လာခဲ့ရင်း မူကြိုရှေ့ရောက်တော့ အိမ်ကလာကြိုမှာကို ရပ်စောင့်နေကြသော ကလေးများထဲ နိုရာ့အားလှမ်းတွေ့လိုက်ရသည်။နိုရာကသူ့ကားအား လှမ်းမြင်လိုက်တာနှင့် မျက်နှာလေးအော်တိုပြုံးရွှင်သွားလေသည်။
"ကိုကို..!"
အသံစာစာလေးဖြင့် မြူးထူးစွာပြေးလာသော ကလေးလေးအား အလိုက်သင့်ဆီးကြိုလိုက်ရသည်။
"မီးက ဒယ်ဒီလာကြိုမယ်ထင်နေတာ..."
"ဒယ်ဒီက အလုပ်ရှိလို့တဲ့..."
"ဒါဆို မီး ကိုကိုနဲ့လိုက်ဆော့လို ရတာပေါ့..."
"ရတာပေါ့...."
သူ့စကားကြောင့် နိုရာ့၏မျက်နှာလေး ပို၍ရွှင်မြူးသွားပြီးမှ
"ဒီည ကိုကိုနဲ့အိပ်မယ်နော်..."
"အိပ်စေ..."
"ယေး..."
နိုရာက သူ့၏လက်အားဆွဲကိုင် လှုပ်၍ခုန်ဆွခုန်ဆွ ဖြစ်နေပြီးမှ နံဘေးရှိမျက်လုံးပြူးပြူး ဆံပင်ကောက်ကောက်ဖြင့် ကလေးမလေးအား နှုတ်ဆက်ဖို့သတိရသည်။
"နင့်အိမ်ကလာမကြိုဘူးလား..."
"ငါ့မာမီ လာကြိုမှာ...."
ထိုကလေးမလေးပြောနေစဥ်မှာပဲ ပြိုင်ကားလှလှလေးတစ်စီးက ကျောင်းရှေ့မှာလျှောကနဲ ထိုးရပ်လို့လာသည်။ပြီးတော့ ကားပေါ်မှ ခေတ်မှီအဝတ်အစားတို့ဖြင့် လှပပျိုမြစ်သော မိန်းမငယ်တစ်ယောက်ကားပေါ်မှ ဆင်းလို့လာလေသည်။
"မာမီ...."
ဆံပင်ကောက်လေးက ထိုမိန်းကလေးဆင်းလာတာမြင်တာနှင့် သူတို့ကိုပါနှုတ်ဆက်ဖို့ မေ့လျောသွားပြီး မြူးထူးစွာဖြင့် ခုန်ပေါက်ပြေးထွက်သွားလေသည်။နိုရာထိုမြင်ကွင်းကို ခပ်ငေးငေးလေး လိုက်ကြည့်နေပြီးမှ....
"မီးကျတော့ ဘာလို့မာမီမရှိရတာလဲ ကိုကို..."
"ဟင်!..."
ရုတ်တရက်မေးလာသော နိုရာ၏စကားကြောင့် သူဘာပြောရမှန်းမသိလှစွာ အံ့သြမှင်သက်သွားရတော့သည်။
"လုလုမှာလည်းမာမီရှိတယ် ငုဝါမှာလည်းမာမီရှိတယ် ဟိုနေ့ကလည်း ခင်မြတ်နိုးကို သူ့မာမီလာကြိုတယ် မီးကျတော့ ဘာလို့လာကြိုမဲ့မာမီ မရှိရတာလဲကိုကို...."
နိုရာ့၏အသံစာစာလေးက သူ့နားထဲမှာနီးသွားလိုက် ဝေးလာလိုက်ဖြင့် ပဲ့တင်ရိုက်ခတ်လို့နေသည်။အရင်တုန်းကတော့ အဘွားနှင့်ကြီးမေဖြစ်သူရဲ့ ပြုစုစောင့်ရှောက်မှုဖြင့် အိမ်ထဲမှာပဲနေခဲ့ရတာမို့ မိခင်ဆိုတဲ့နေရာကွက်လပ်ဟာ မသိသာခဲ့ပေ။အခုတော့ အပြင်လောကဖြင့် စတင်ထိတွေ့လာရပြီမို့ ထိုကွက်လပ်ဟာ သိသာထင်ရှားလာခဲ့လေပြီ။
အခုတော့ ငယ်တုန်းမို့မသိသာပေမဲ့ အရွယ်ရောက်လာတဲ့အခါ သူ့အမေရဲ့ကွက်လပ်ထဲမှာ ရှိနေတဲ့ကိုယ့်အပေါ်ကို ဒီကလေးများ ငြိုငြင်လေမလား။
"မီးမှာ ဘာလို့ မာမီမရှိတာလဲလို့ ကိုကို.."
"ဟင်..."
ငိုင်နေသောသူ့၏လက်အား နိုရာကဆွဲခါလှုပ်ယမ်း၍ မေးလာတော့မှ သူသတိကပ်၏။မျှော်လင့်တကြီး မျက်ဝန်းလေးများအား ငုံ့မိုးကြည့်ရင်း သူ့ရင်တွေမွန်းကျပ်လာခဲ့သည်။မေချိုဟာ မေမေ့နေရာကိုရောက်လာတော့မည်ဟု အတိအလင်းသိခွင့်ရသည့်နေ့ကလို ခံစားချက်မျိုးသာဖြစ်လေသည်။သူ ပင့်သက်ကိုအသာရှိုက်မိပြီးမှ....
"မီးမီးက မာမီလိုချင်လို့လား...."
သူခြောက်ကပ်ကပ်မေးမိတော့ နိုရာက နှုတ်ခမ်းလေးစူလိုက်ကာ လွယ်အိတ်ကြိုးအား လိမ်နေရင်းဖြင့်....
"လိုချင်တယ် မီးသူငယ်ချင်းတွေအကုန် မာမီရှိကြပြီး မီးတစ်ယောက်ထဲမရှိတာ အဲ့ဒါမို့ မာမီလိုချင်တယ်..."
"မာမီမရှိပေမဲ့ ဒယ်ဒီရှိတယ်လေ အန်တီရော ဘွားဘွားရောရှိတယ်လေ.."
သူပြောနေရင်းဖြင့် စကားအားခဏရပ်လိုက်ပြီးမှ နိုရာ့၏နဖူးပြင်ပေါ်မှ ဆံနွယ်လေးများအားသပ်တင်ပေးလိုက်သည်။
"ပြီးတော့ ကိုကိုလည်း ရှိနေတာပဲ..."
နှုတ်ဖျားမှထိုစကားတစ်ခွန်းလေး ထွက်လာဖို့ကို သူအတင်းဖျစ်ညှစ်ကြိုးစားနေရသည်။အပြစ်ရှိတယ်လို့ ခံစားနေရတဲ့စိတ်ကြီးက သူ့ကိုလိပ်ပြာမလုံဖြစ်စေသည်။သူခပ်တိုးတိုးရေရွတ်သလို ပြောမိတော့ နိုရာက မျက်ခုံးလေးတွေတွန့်သွားပြီးမှ....
"အဲ့ဒါက မာမီမှမဟုတ်တာ...."
နိုရာ၏ စူပွပွစကားလေးက သူ့တစ်ကိုယ်လုံးအား အေးခဲတောင့်တင်းသွားစေသည်။
"ဝိုင်းချစ်မာမီဆို အိမ်စာအတူလုပ်ပေးတယ် ညအိပ်ရင်ပုံပြောပြတယ် ထမင်းဘူးလှလှလေးလည်း လုပ်ပေးတယ်..."
"အဲ့ဒါတွေက အန်တီနဲ့ဘွားဘွားလုပ်ပေးနေတာပဲ မဟုတ်လား..."
"ဒါပေမဲ့ အန်တီနဲ့ဘွားဘွားက ဘေဘီလေးမှ မမွေးပေးတာ။လုလုမာမီဆို လုလုဆော့ဖို့ ဘေဘီလေးမွေးထားပေးတယ်တဲ့။လုလုပြောတာက မာမီကမှဘေဘီမွေးလို့ရတာတဲ့။ပြီးတော့ ပြောသေးတယ် လူတိုင်းမှာဒယ်ဒီရောမာမီရှိတယ်တဲ့။နင်ကဘာလို့မရှိတာလဲတဲ့...."
ငိုမဲ့မဲ့ဖြင့်ပြောနေပါသော နိုရာ့၏ပုံစံလေးအားကြည့်၍ သူ့ရင်တွေတလှပ်လှပ်ဖြစ်လာခဲ့သည်။အမိမဲ့ရတဲ့ နာကျင်မှုဒဏ်ရာကို သူကိုယ်တိုင်လည်း ခံစားခဲ့ရဖူးတယ်မဟုတ်လား။မိခင်ဆိုတဲ့အရိပ်ကို တမ်းတခဲ့ရတဲ့ညတွေ။ဒေါနတို့သားအမိကိုမြင်တိုင်း တိတ်တိတ်လေးသိမ်ငယ်ခဲ့ရတဲ့အချိန်တွေ။အန်တီနီလာ၏ ကိုကို့အပေါ်ချစ်ခင်ယုယမှုတို့ကိုမြင်တိုင်း အားကျခဲ့ရတဲ့အခိုက်အတန့်တွေ။စီးပွားရေးကိစ္စများနှင့်သာ အလုပ်ရှုပ်နေခဲ့တဲ့ ဖေဖေနှင့်လည်း သားအဖရယ်လို့နွေးနွေးထွေးထွေး မရှိခဲ့ရတော့ ထိုအချိန်ကာလများဟာ သူ့အတွက်တော့ ခက်ခဲခဲ့လေသည်။
"ပွမ် ပွမ် ပွမ်...."
နိုရာ့၏စကားကြောင်း သတိလက်လွတ်ငိုင်နေမိရာမှ ကားဟွန်းတီးသံ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာတာကြောင့် လန့်သွားမိသည်။ကျောင်းရှေ့မှာ ကားကိုပိတ်ရပ်ထားသလိုဖြစ်နေတာမို့ နောက်ကားတွေက မစောင့်နိုင်တော့ပဲ ဟွန်းအားဆောင့်တီး၍ အချက်ပြနေလေပြီ။ထိုအခါမှသူလည်း သတိဝင်လာရပြီး နိုရာ၏ကိုယ်လေးအား ဆွဲချီမပြီး....
"အိမ်ပြန်ရအောင် နောက်ကားတွေဟွန်းတီးကုန်ပြီ..."
ကလေးအား ကားပေါ်သို့သေချာနေရာချပြီးတော့မှ ကားအား အလျှင်အမြန်ပင်မောင်းထွက်ခဲ့ရလေတော့သည်။အိမ်အပြန်လမ်းမှာတော့ နိုရာက ရေခဲ့မုန့်ဝင်စားမည်ဟု အရေးဆိုကာ စကားခေါင်းစဥ်ပြောင်းသွားလေတော့သည်။
~~~~~~
ဧည့်သည်စောင့်နေတယ်ဆိုလို့ ရွှေချွတ်တဲ့ရုံထဲကနေ ပြန်ရောက်ရောက်ချင်း ဧည့်ခန်းဆီသို့သူတန်းလာခဲ့ရသည်။ဧည့်ခန်းထဲ၌ ရင်းနှီသလိုရှိနေသော ကျောပြင်တစ်ခုအားတွေ့လိုက်ရသည်။စည်းရရုံဆံပင်တို့အား သပ်သပ်ရပ်ရပ်စည်းနှောင်ထားတာမို့ ဂုတ်သားမို့မို့ဖြူဖြူတို့က အထင်းသားမြင်နေရသည်။သူ ဝေခွဲမရစွာဖြင့် ဧည့်ခန်းထဲသို့လှမ်းဝင်လိုက်တော့ မမျှော်လင့်ထားသောသူအား တွေ့လိုက်ရလေသည်။
"အန်တီ..."
နှုတ်ဖျားမှ အသံထွက်၍ အံ့သြစွာရေရွတ်မိသည့်အထိ။ဒေါ်ဂျာနူးကတော့ အံ့သြနေပါသောသူ့အား ခပ်ဖျော့ဖျော့ပြုံးပြလေသည်။သူ ဆိုဖာ၌ဝင်ထိုင်မိရင်း ရင်ထဲမှာတလှပ်လှပ်ဖြစ်လို့နေသည်။ဆိုင်းလော့ဒ်၏အမေ သူ့ဆီသို့ တကူးတကရောက်လာတဲ့ ကိစ္စဟာ သူတို့နှစ်ယောက်၏ ဆက်ဆံရေးနှင့်ပတ်သတ်တာကလွဲပြီး တခြားမရှိဘူးမ
ဟုတ်လား။သို့ပေမဲ့ ဒီလောက်အထိမြန်မြန်ဆန်ကြီး သူ့ဆီကိုရောက်ချလာလိမ့်မယ်လို့တော့ မမျှော်လင့်ထားမိပေ။ရှေ့ရက်တွေက ဆိုင်းလော့ဒ်၏ အိမ်နှင့်မကျေလည်ဖြစ်နေခြင်းဟာလည်း ဒီပြဿနာကြောင့်သာဖြစ်ပေလိမ့်မည်။ဆိုဖာ၌အသာအယာဝင်ထိုင်ရင်း စိတ်လှုပ်ရှားမှုအား ငြိမ်သက်အောင် ကြိုးစားထိန်းသိမ်း၍နေရသည်။တစ်နေ့ဒီလို မျက်နှာချင်းဆိုင်ပြီး စကားပြောစရာကိစ္စတွေရှိလာလိမ့်မယ်ဟု ကြိုတွက်ထားပြီးသား ဖြစ်သည်။သို့သော် အခုလိုဘာမှမပြင်ဆင်ထားရပဲ ရုတ်တရက်ကြီးရင်ဆိုင်ရချိန်မှာတော့ သူအတော်လေးတည်ငြိမ်အောင် ကြိုးစားနေရသည်။အေးစက်နေသော လက်ဖဝါးတို့အား ခပ်တင်းတင်းဆုပ်ထားရင်းဖြင့်....
"အန်တီ ရောက်နေတာကို...."
စိတ်လှုပ်ရှားမှုအား ထိန်းချုပ်ထားရာမှ ထွက်ပေါ်လာသောလေသံက တည်ငြိမ်နေသော်လည်း ခြောက်ကပ်ကပ်ဖြစ်လို့နေသည်။
"ဟုတ်တယ် သူဌေးလေးနဲ့ စကားလေးပြောချင်လို့လာခဲ့တာပါ အန်တီ့ကို အချိန်လေးနည်းနည်းလောက် ပေးနိုင်မလား..."
ဟိုအရင်ကလိုမျိုး ခင်မင်ဖော်ရွေမှုတို့ဖြင့် ခြားနားလှစွာ မရှိသင့်သော ရိုသေကျိုးနွံမှုတို့အား ဒေါ်ဂျာနူးကဆင်ယင်လို့ထား၏။
"ဟုတ်ကဲ့ ကျွန်တော်အချိန်ရပါတယ်။အပူသောက်မလား အအေးသောက်မလား အန်တီ..."
"မသောက်တော့ပါဘူး သူဌေးလေး အန်တီက သူဌေးလေးနဲ့ စကားအေးအေးဆေးဆေး ပြောချင်လို့ပါ..."
မနီးမဝေးရှိ အတွင်းရေးမှုမလေး ချောစုအားဝေ့ကြည့်ကာ ပြောလာတာမို့ သူအလိုက်တသိဖြင့်ပင် အပြင်သို့ထွက်သွားဖို့ အချက်ပြလိုက်ရသည်။အခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပုံက မုန်တိုင်းမလာမှီလေငြိမ်နေသလိုမျိုး။သူကိုယ်တိုင်လည်း ဒေါ်ဂျာနူးအား ရင်မဆိုင်ရဲစွာ ခေါင်းအားခပ်လွှဲလွှဲ ပြုထားမိသည်။နှစ်ယောက်သား ထိုပုံစံအတိုင်းရှိနေကြပြီးမှ ဒေါ်ဂျာနူးက သက်ပြင်းအား အသာရှိုက်လေသည်။
"အန်တီဘာကြောင့် ရောက်လာရသလဲဆိုတာ သူဌေးလေးသိမှာပါ..."
"ဟုတ်ကဲ့...."
သူခပ်အက်အက်ပြောမိတော့ ဒေါ်ဂျာနူး၏ မှိုင်းရီနေပါသော မျက်ဝန်းတို့ ဝေ့တက်လာခဲ့သည်။
"သားနဲ့အကြောင်းကို ဟိုတစ်လောကမှ အန်တီသိရတယ်။သိသိရချင်း အတော်လေးလည်း လန့်သွားခဲ့တယ်။မယုံနိုင်ခဲ့ဘူး။ဆိုင်းလော့ဒ်က မိန်းမယူပြီးကလေးတောင် မွေးထားခဲ့တာမို့ ဒီလိုဖြစ်သွားတာက အန်တီ့အတွက်ဘယ်လိုမှလက်မခံနိုင်စရာပဲ"
မျှော်လင့်ထားပြီးသားစကားမို့ သူအသက်အောင့်ကာ အံကိုခပ်တင်းတင်းကြိတ်ထားမိသည်။
"အဲ့ဒါကြောင့် အခုလို သူဌေးလေးနဲ့စကားလာပြောတာပါ..."
"အဲ့ဒါက ဆိုင်းလော့ဒ်နဲ့ပဲ အရင်ပြောသင့်တာမဟုတ်လား အန်တီ..."
သူ့ဆီမှထိုစကားကို ကြိုတင်မျှော်လင့်ထားပြီးသားလိုမျိုး ဒေါ်ဂျာနူးက ခပ်ရေးရေးပြုံး၍ ခေါင်းညိတ်သည်။
"အန်တီပြောပြီးပါပြီ။အန်တီ့သားက ခေါင်းသိပ်မာတယ်။ဆုံးဖြတ်ချက်တစ်ခုကို လွယ်လွယ်မချတက်သလို ဆုံးဖြတတ်ပြီးရင်လည်း ဘယ်တော့မှမပြင်တက်ဘူး။အဲ့ဒါကြောင့် အန်တီ သူဌေးလေးဆီ ရောက်လာရတာပါ။မိခင်တစ်ယောက်အနေနဲ့ ဒီကိစ္စကြီးကဘယ်လိုမှ လက်ခံပေးဖို့မဖြစ်နိုင်တာ သူဌေးလေးလည်းနားလည်မှာပါ..."
အခုခေတ်မှာ လိင်တူချစ်သူတွေဟာ ဘယ်လောက်ပဲတန်းတူအခွင့်အရေး ရနေပါပြီပြောပြော မိသားစုပတ်ဝန်းကျင်အနေဖြင့် အလွယ်တကူလက်ခံပေးနိုင်သည်ဆိုတာ မရှိသလောက်ရှားလေသည်။သူ သက်ပြင်းအားရှိုက်မိပြီးမှ
"အန်တီတို့ဖက် ဒီလိုမျိုးတုံ့ပြန်လာမှာကို ကျွန်တော် ကြိုတွေးထားပါတယ်။ချက်ချင်းကြီး လက်ခံလိုက်ဖို့ မလွယ်တာလည်း သိပါတယ်။လက်ခံလာအောင် ကျွန်တော်တို့အချိန်ယူ ကြိုးစားမှာပါ။ကျွန်တော်တို့တကယ်ချစ်နေကြတာပါ အန်တီ..."
သူခပ်တိုးတိုး ရေရွတ်သလိုပြောမိတော့ ဒေါ်ဂျာနူးကသက်ပြင်းရှိုက်ရင်းဖြင့်
"အချစ်ဆိုတာကို အန်တီယုံကြည်ပါတယ်။ယုံကြည်ပေမဲ့ လက်ခံနိုင်တာတော့မဟုတ်ဘူး။အသက်၃၀ကျော် သက်လတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက်ဟာ အချစ်တစ်ခုတည်းကိုပဲ မျက်စိစုံမှိတ်ကိုးကွယ်လောက်တဲ့အထိ မရင့်ကျက်ဘူးလို့ အန်တီတော့မထင်ဘူး။သူဌေးလေးရဲ့ ဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံအရ အသက်အရွယ်ရဲ့ ရင့်ကျက်မှုအရ အချစ်ကဘဝထဲကအစိတ်အပိုင်း သေးသေးလေးပဲဆိုတာ သိလောက်မှာပါ။အဲ့ဒါကြောင့် ဆိုင်းလော့ဒ်နဲ့ကိစ္စဟာ အဆုံးထိရှေ့ဆက်ကြဖို့ မဖြစ်နိုင်ဘူးဆိုတာ သိနှင့်မှာပါ။ခံစားချက်တွေကို အန်တီမတားဆီးပါဘူး။ဒါပေမဲ့ မဖြစ်သင့်ဘူးဆိုတာလေးကိုပဲ သတိကပ်စေချင်တယ်"
ဒေါ်ဂျာနူးက ခိုင်ခိုင်မာမာပြောသည်။
"ဘာကြောင့်လဲ ကျွန်တော်က ယောက်ျားဖြစ်နေတဲ့အကြောင်းပြချက် တစ်ခုတည်းကြောင့်လား..."
သူ နာနာကျင်ကျင်ဖြင့်မေးမိသည်။ယောက်ျားနှစ်ယောက် ချစ်ကြတာဟာ ဘာများမှားနေလို့ အပြစ်တစ်ခုလိုမျိုး စွဲချက်တင်ချင်နေကြတာလဲ။လူနှစ်ယောက်ကြားက ထပ်တူကျနေတဲ့ အချစ်ပဲလေ ဘာကြောင့်အဆုံးထိဆက်မသွားနိုင်ရတာလဲ။
"ယောက်ျားတစ်ယောက်ဆိုတာထက် မဖြစ်သင့်တာမို့ အန်တီအခုလိုမျိုး လာတောင်းပန်ရတာပါ"
ပြောရင်းဖြင့် ဒေါ်ဂျာနူး၏ အသံတို့ကတိမ်ဝင်သွားခဲ့ပြီးမှ..
"အန်တီ့ကို အတ္တကြီးတယ်လို့ပြောချင်ရင်လည်း ရပါတယ်။ဟုတ်ပါတယ် အန်တီအတ္တကြီးမိပါတယ်။မိခင်တစ်ယောက်အနေနဲ့ရော အဘွားတစ်ယောက်အနေနဲ့ပါ လွန်ကဲမိတဲ့အတ္တပါ။အန်တီ့သားအတွက်ဆိုတာထက်ကို လူမမယ်မြေးလေးရဲ့မျက်နှာကြောင့် အန်တီအခုလိုလာတောင်းပန်ရတာပါ"
"....."
"လိင်တူချစ်ခြင်းကို အန်တီလက်ခံပါတယ်။လေးစားပါတယ်။ယောက်ျားနှစ်ယောက်ကြားမှာ အချစ်ရှိနိုင်တာကိုလည်း ယုံကြည်ပါတယ်။ဒါပေမဲ့ သူဌေးလေးတို့ကြားမှာ အချစ်ဆိုတာ ရှိနေခဲ့ရင်တောင်မှ အန်တီ့မြေးလေးကို နည်းနည်းလောက် ငဲ့ကြည့်ပေးဖို့အတွက် တောင်းပန်ချင်တာပါ..."
ဒေါ်ဂျာနူးဆီမှ ဆက်တိုက်ထွက်ပေါ်လာတဲ့ စကားတွေကြောင့် သူ့မှာချေပစရာစကားမရှိတော့ပေ။
"ဆိုင်းလော့ဒ်သာ လူပျိုလူလွတ်ဖြစ်နေခဲ့ရင် အန်တီလက်မခံနိုင်ရင်တောင်မှ သူ့ရွေးချယ်မှုကို လေးစားပေးမှာပါ။ဒါပေမဲ့ အခုသူကဖခင်တစ်ယောက်။သမီးမွေးထားတဲ့ အဖေတစ်ယောက်မို့ ဒီကိစ္စက ဘယ်လိုမှမဖြစ်သင့်တဲ့ကိစ္စပါ။မိဘတွေ ပုံမှန်နောက်အိမ်ထောင်ပြုရင်တောင် သားသမီးတစ်ယောက်ရဲ့ရင်ထဲမှာ အနည်းနဲ့အများတော့ စိတ်ဒဏ်ရာရကြတာချည်းပါ။အခုလို ပုံမှန်မဟုတ်တဲ့ကိစ္စက ဒီကလေးအတွက် အထိခိုက်ဆုံးဖြစ်မှာ။သူ့မှာ နောင်ထပ်အဖေတစ်ယောက် ရှိနေတဲ့အဖြစ်ကို ငယ်တုန်းမှာတော့ သူလက်ခံကောင်းလက်ခံနိုင်လိမ့်မယ်။အရွယ်ရောက်လာတဲ့တစ်နေ့ကျရင်တော့ ပတ်ဝန်းကျင်ရဲ့ဝေဖန်တဲ့ဒဏ်ကို သူခံနိုင်မှာမဟုတ်ဘူး"
"....."
"သူဌေးလေးကိုယ်တိုင်ကလည်း နိုရာ့အပေါ်မှာ သံယောဇဥ်ရှိပြီးသားမို့ ဒီကလေးရဲ့အနာဂတ်အတွက် ဒီကလေးရဲ့ဘဝအတွက် ငဲ့ညှာပေးပါလို့ အန်တီအနူးအညွှတ်တောင်းပန်ပါတယ်။သူဌေးလေးတို့လို့ အနေအထားနဲ့ ဆိုင်းလော့ဒ်ထက်သာတဲ့သူမျိုးကို ခေါင်းခေါက်ရှာလို့ရပါတယ်။ဆိုင်းလော့ဒ်ကတော့ ဒီလိုဖြစ်လို့မရတာမို့ အန်တီတို့ကိုငဲ့ညှာပေးပါလို့ တောင်းပန်ပါတယ်။အန်တီအနူးအညွှတ်တောင်းပန်ပါတယ်"
ဒေါ်ဂျာနူးကပြောနေရင်းဖြင့် အသံတို့တိမ်ဝင်သွားခဲ့ပြီး ဝေ့ဝဲလာသော မျက်ရည်တို့အားအသာအယာတို့သုတ်လေသည်။
ယောက်ျားချင်းမို့ သဘောမတူနိုင်ပါဘူး လက်မခံနိုင်ပါဘူးဟု နင်ပဲငဆဆိုလာလျှင်တောင် သူဂရုမစိုက်ပဲ ရှေ့ဆက်တိုးမိဦးမည်။အခုလိုမျိုး ကလေးတစ်ယောက်၏ စိတ်ခံစားချက်တို့ဖြင့် ချည်တုပ်ပြီးပြောလာချိန်မှာတော့ သူ့၏မာန်မာနတွေ အားပျော့ကုန်ရလေပြီ။ နောက်အိမ်ထောင်ဆိုတဲ့ အရိပ်ရဲ့ သိမ်ငယ်စေမှုတွေကို သူကိုယ်တိုင်အခါးသီးဆုံးခံစားဖူးခဲ့တယ်မဟုတ်ပါလား။
"သူဌေးလေးဖက်ကပဲ သေချာစဥ်းစားငဲ့ညှာပြီး အဆက်ဖြတ်ပေးပါလို့ အန်တီတောင်းပန်ပါတယ်။အခုနေချိန် ဆိိုင်းလော့ဒ်က ခေါင်းမာနေရင်တောင်မှ သူဌေးလေးကလက်မခံတော့ဘူးဆိုရင် သူလည်းသူ့သမီးအတွက် ပိုတွေးတက်သွားမှာပါ။နိုရာ့အတွက် ငဲ့ညှာပေးပါလို့ အန်တီအထပ်ထပ် တောင်းပန်ရင်းတောင်းဆိုပါတယ်။တကယ်ကို တောင်းပန်ပါတယ် သူဌေးလေးရယ်..."
ဒေါ်ဂျာနူးက အတုန်တုန်အယင်ယင်ဖြင့် ပြောဆိုရင်း ဆိုဖာပေါ်ထိိုင်နေရာမှ ထကာ သူ့ရှေ့ကြမ်းပြင်၌ ဒူးထောက်ထိုင်ချသည်။
"ရှိခိုးပြီးတောင်းပန်ဆိုလည်း အန်တီတောင်းပန်ပါတယ်။အန်တီတို့မိသားစုရဲ့သိက္ခာနဲ့ မြေးလေးရဲ့ ဘဝအတွက် ငဲ့ညှာပေးပါလို့ တောင်းပန်ပါတယ် သားရယ်..."
ကြမ်းပြင်ပေါ်ဒူးထောက်နေသော သူ့မိခင်အရွယ်အမျိုးသမီးကြီးအား သူကြောင်ကြည့်ရင်းအသက်မဲ့နေမိသည်။ကိုယ့်သားအရွယ်လူငယ်လေးရှေ့မှာ သားသမီးဇောဖြင့် မဆိုင်းမတွဒူးထောက်နေပုံက သူ့ရင်ကိုနာကျင်လို့လာစေသည်။အမေဆိုတာ ဒီလိုမျိုးပဲဖြစ်လိမ့်မည်။သားသမီးအတွက်သာဆို အရာအားလုံးကို စွန့်လွှတ်စွန့်စားရင်းနှီးနိုင်တဲ့ သတ္တိမျိုးရှိပေလိမ့်မည်။အန်တီနီလာသည်လည်း ကိုကို့သိက္ခာအတွက် အတ္တကြီးမားစွားဖြင့် အရှေ့မှကာဆီးပေးခဲ့သည်။မေချိုသည်လည်း ဒေါနအတွက်လိုအပ်ချိန်မှာ မားမားမတ်မတ်ရပ်တည်ပေးခဲ့သည်။ဆိုင်းလော့ဒ်၏ အမေသည်လည်းထိုနည်း၄င်းပင်။အားမတန်သည်မို့ သားသမီးအတွက် အဆုံးစွန်အထိ မာန်လျှော့ခဲ့သည်။
သူ့အမေဆိုရင်ရော အခုလိုအချိန်ဆို သူ့ဖက်ကနေ ဘယ်လိုများရှိပေးနေလိမ့်မလဲ...။အမေသာရှိရင် သူ့ကိုကာကွယ်ပေးမှာလား။အရာအားလုံးကို သူ့အတွက်ရင်ဆိုင်ပေးလောက်မလား။သူ့အတွက် သူစိမ်းတစ်ယောက်ဆီမှာ ဒူးထောက်တောင်းပန်လောက်မလား....။
သူမသိတော့ပါချေ။အမေဆိုတာ သူ့အတွက်တော့ စိမ်းသက်တဲ့ စကားလုံးသက်သက်ပါပဲ။
"အန်တီ့သဘောအတိုင်းပါပဲ...။အန်တီ့ သဘောအတိုင်းဖြစ်စေရပါမယ်...."
အတက်နိုင်ဆုံး ခံစားချက်တို့အား ထိန်းချုပ်၍ပြောပြီး မျက်ဝန်းတို့အား မှိတ်ချမိတော့ ပါးပြင်ပေါ်သို့ပူနွေးသော မျက်ရည်စီးကြောင်းတို့ ဖြတ်သန်းစီးဆင်းသည်။
ဆိုင်းလော့ဒ်၏မိခင် ဘာဆက်ပြောနေပါသလဲ သူမကြားနိုင်စွမ်းတော့သလို။ဘယ်လိုနှုတ်ဆက် ပြန်သွားခဲ့သလဲ သူမသိနိုင်စွမ်းတော့ချေ။သူ့၏ စိတ်ဝိဉာဥ်တစ်ခုလုံးဟာ လေဟာနယ် အမှောင်ထုကြီးထဲ၌သာ လွင့်မျောလို့နေသည်။
နာကျင်အက်ရှစွာဖြင့် မှီတွယ်ရာကိုလိုက်လံ ရှာဖွေနေခဲ့သလိုမျိုး.....။
~~~~~~~
"ဘာလို့ ဆေးလိပ်တွေ အဲ့လောက်သောက်နေတာလဲ...."
ရှင်းခန့်၏ နှုတ်ခမ်းနားဆီမှ ဆေးလိပ်တိုအား သူလက်လှမ်းမိတော့ ရှင်းခန့်က ရှောင်ပစ်ပြီး တအားရှိုက်သည်။ပြီးတော့ အငွေ့ဖြူဖြူတို့အား မှုတ်ထုတ်ပစ်တာမို့ နှစ်ယောက်ကြားမှာ အခိုးအငွေ့တို့ဖုံးလွှမ်းသွားရသည်။ခုနလေးကပဲ သာယာသော ငြီးငြူသံအပြည့်ဖြင့် လှုပ်ရှားသက်ဝင်နေခဲ့တဲ့ အခန်းလေးဟာ အခုတော့ဆေးလိပ်မီးခိုးငွေ့တို့ကြားမှာ တိတ်ဆိတ်နေခဲ့ပြန်သည်။သူ အသာအယာခေါင်းခါယမ်းရင်းဖြင့်သာ ကုတင်ဘောင်ပေါ်သို့ မြှောက်တင်ထားပါသော ခြေသလုံးဖြူဖြူလေးအား ဆွဲယူဖိကိုက်ပစ်သည်။ဝစ်လစ်စလစ်ဖြင့်ရှိနေပါသော အမျိုးသားလေးကတော့ သူဘာပဲလုပ်နေနေ ဆေးလိပ်သောက်ဖို့ကိုသာ အာသီသရှိနေပုံရသည်။နီရဲနေသော ခြေချောင်းလေးအား သူစုပ်ယူနမ်းရှိုက်ပြီးမှ အမှတ်အသားအပြည့်ဖြင့် ခန္ဓာကိုယ်လေးပေါ် နောက်တစ်ကြိမ်လုပ်ငန်းစဖို့ အုံ့မိုးလိုက်မိသည်။ဆေးလိပ်နံ့တွေ စွဲထင်နေသော လည်တိုင်လေး၌ မျက်နှာအပ်နမ်းရှိုက်မိတော့ ရှင်းခန့်က အလိုက်သင့်လေး မျက်နှာမော့ပေးလေသည်။ပြီးတော့ ဆေးလိပ်တိုအား ကုတင်စောင်း၌ ဖိချေပစ်ပြီးမှ.....
"လမ်းခွဲကြရအောင်....."
"ဟင်!...."
လည်တိုင်တစ်လျှောက် မွတ်မွတ်သိပ်သိပ် နမ်းရှိုက်နေရင်း ရှင်းခန့်ဆီမှ အေးတိအေးစက်ထွက်ပေါ်လာသော စကားသံကြောင့် သူဆတ်ကနဲဖြစ်သွားရတော့သည်။ရှင်းခန့်၏ မျက်နှာအား မယုံနိုင်သလို အလန့်တကြားကြည့်မိတော့ ခံစားချက်မဲ့စွာ အေးစက်နေပါသော မျက်နှာသေဖြင့်သာ ရင်ဆိုင်လိုက်ရလေတော့သည်။
~~~~~~~~~