တခြားလူတွေပြောနေကြတာ အမှန်ပဲထင်တယ်။ သူတကယ်လွန်နေခဲ့တာဖြစ်မယ်။ အရမ်းတရားလွန်နေခဲ့တာ..ထင်တယ်။ ကိုကိုပြောနေကြဆိုသလို "အတော်ခေါင်းမာတဲ့ ဆိုးပေလေး"ဖြစ်နေခဲ့တာထင်တယ်။ တကယ်ကို ဖြစ်နေခဲ့တာပဲ။ ဆောနူဟာ အမှန်တရားကို လက်ခံနိုင်လာတယ်။
ဂျောင်ဝန်းပြောတာတွေလဲ မှန်နေခဲ့တာပါပဲ။ သူ့လိုလူမျိုးကိုသေချာနားလည်ဖို့ရာ တအားကိုမှ ဦးနှောက်တွေထုတ်သုံးပြီး အဖက်ဖက်ကဖြည့်တွေးပေးရမှာလေ။
တကယ်တော့ သူ့ဘက်က သူ့ကိုနားလည်ပေးဖို့တစ်စုံတစ်ယောက်မလိုအပ်ပါဘူး။ သူဘယ်လိုလူမျိုးလဲဆိုတာ သူဘေးကလူတွေကို သိစေချင်တာ။ သူ့ပုံစံကို အရှိအတိုင်းလက်ခံစေချင်တာ။
ဆောနူအတွက်.. ပြောရမယ်ဆိုရင်လေ..
မိုးရေတွေမှာ အရောင်လေးတွေရှိတယ်။
မိုးရေရဲ့အရောင်က မီးခိုးရောင်...
ပြီးတော့... အပြာရောင်လေး နည်းနည်းရောတယ်။ လွမ်းစရာကောင်းပြီး စိတ်အေးချမ်းဖွယ်ရာလေးဆိုလဲ ဟုတ်တယ်။ မိုးရွာနေပြီဆိုတာက ကောင်းကင်ကြီးက သူတို့ကိုခဏလောက် အနားယူဖို့ပြောနေတာ။ လူတွေ၊ အပင်တွေ၊ တခြားသက်ရှိတွေကို အေးချမ်းအောင်လို့ မိုးစက်လေးတွေနဲ့ပက်ဖျန်းပေးတာ။ အေးအေးလေးနဲ့ဆွေးနေရတာမျိုး.. တပြိုင်နက်ခံစားရအောင်လုပ်ပေးတာ။
အခု သူကြုံတွေ့နေရသလိုမျိုးပါပဲ။ မိုးရေတွေက သူ့ကိုပွေ့ဖက်ထားတယ်။ အစ်ကိုထွက်သွားကိုကြည့်နေရင်း စိတ်ထဲမှာ တပြိုင်နက် ခံစားချက်တွေအများကြီးလာဆုံနေတော့တာ။
သူ ၁၁နှစ်တောင်ချစ်ခဲ့ရတဲ့အစ်ကို ထွက်သွားတာကိုကြည့်ပြီး...
သူက တကယ်ကို အရမ်းစိတ်ကူးယဉ်တတ်တဲ့သူမျိုးပဲနော်။ သူအမြဲတွေးနေခဲ့မိတာ... လမင်းကြီးကလဲ ထိန်ထိန်သာနေမယ်၊ ကြယ်တွေကလဲ တလက်လက်တောက်ပနေမယ်၊ ဒီလိုအရမ်းလှတဲ့ညမျိုးမှာ ကြယ်တွေကိုငေးမယ်။ အဝေးပြေးလမ်းမကြီးပေါ် ကားလျှောက်မောင်းမယ်၊ နေထွက်ချိန်ကိုကြည့်မယ်၊ နေဝင်ဆည်းဆာကို ရှု့စားမယ်။ သူက... သူက ဒါတွေအားလုံးကို တစ်နေ့မှာ အစ်ကိုနဲ့အတူတူလုပ်ခွင့်ရလိမ့်မယ်လို့ မျှော်လင့်ခဲ့မိရုံလေးပါ။
"ငါဒီလိုမခံစားရတော့တဲ့တစ်နေ့ ရောက်မလာခင်အချိန်ထိ ငါဖွင့်ပြောနေဦးမှာပဲ"
ဒီစကား။ ဆောနူ ဂျောင်ဝန်းကို ပြောခဲ့ဖူးတယ်။ ဆောနူကိုယ်တိုင်လဲ တကယ်သိချင်မိပါတယ်။ အဲလိုနေ့မျ်ိုးက ရှိရောရှိလာဦးမှာလား။ အစ်ကို့ကိုချစ်တယ်လို့ သူပြောချင်စိတ်တွေကုန်ခမ်းသွားတဲ့နေ့ဆိုတာ တကယ်ရှိလာနိုင်ပါ့မလား။ ဆောနူက အစ်ကို့ကို ဒီလိုပဲ.. တသက်လုံးချစ်သွားတော့မယ်ထင်တယ်။ ဆောနူက အစ်ကို့ကို ဒီလိုလေးပဲ မြတ်နိုးသွားပြီး အစ်ကို့ဆီက ဘယ်သောအခါမှ မေတ္တာရောင်ပြန်မဟပ်တာမျိုး..
"ဟာ ဘယ်လိုတွေဖြစ်နေတာလဲ ဆောနူရေ!!!"
ဆောနူ တကယ်ပဲရူးနေပြီ။ အစ်ကိုထွက်သွားထဲက သူကမိုးရွာထဲမှာ အသိစိတ်လွတ်နေသလိုမျိုးရပ်နေခဲ့တာ။ ဆောနူက တကယ်ကိုရူးနေခဲ့ပြီ။ မိုးရေတွေက သူ့မျက်ရည်တွေနဲ့ရောထွေးနေခဲ့တယ်။ ဆောနူက တကယ်ကို ရူးနေတာပါပဲ။ တစ်ဦးတည်းသောလူက သူ့နှလုံးသားကို အကြိမ်များစွာ အစိမ်းလိုက်ထိုးခွဲနေတာကို အမြဲခွင့်ပြုနေမိတာ။
"ဆောနူ!! မိုးရွာထဲဘာလုပ်နေတာလဲ။ ရူးများနေပြီလား!!!"
ကိုကိုက သူ့အပေါ်အင်္ကျီကိုချွတ်ပေးပြီး ဆောနူခေါင်းကိုသုတ်ပေးတယ်။ ပြီးတော့ ဆောနူရဲ့ခန္ဒာကိုယ်လေးကို အင်္ကျီနဲ့ခြုံပေးတယ်။
"တကယ်သေချင်နေတာလား!!"
ဆောနူ ဘာမှပြန်မဖြေနိုင်ခဲ့ပါဘူး။ သူ့နှလုံးသားအပိုင်းအစတွေကို လိုက်ကောက်နေမိတုန်း။ ဒါမှမဟုတ်... သူက ဒီလိုမျိုးလုပ်ခွင့်တောင်မရှိတာများလား။
ကိုကို့ရဲ့လက်ဖဝါးတွေက သူ့မျက်နှာပေါ်လာစင်နေတဲ့မိုးစက်တွေကို ကာပေးထားတယ်။ သူ့ကိုကြည့်နေတဲ့ကိုကို့အကြည့်တွေက နူးနူးညံ့ညံ့ရယ်ပါ။
"ဆောနူ.. တော်လိုက်တော့နော်။ ဒါတွေကို ရပ်လိုက်ကြရအောင် နော်"
ဘဝမှာ ပထမဆုံးအကြိမ် ဆောနူဟာ သူဘယ်လောက်ထိ သနားစရာကောင်းတဲ့အကြောင်း သဘောပေါက်လာခဲ့တယ်။ အစ်ကို့ကိုချစ်ခဲ့မိပြီးနောက်ပိုင်း သူဘယ်လောက်တောင် ပျော့ညံ့နေခဲ့တယ်၊ နုံချာနေခဲ့တယ်၊ သနားစရာကောင်းလောက်အောင် အသုံးမကျဖြစ်နေခဲ့တယ်... ရုတ်တရပ် သူကဒီအချက်တွေကို မြင်လာတယ်။
သူက အစ်ကိုကလွဲပြီး သူ့နံဘေးဘယ်သူမှလာလို့မရအောင် တံတိုင်းတွေအထပ်ထပ်ကာရံထားခဲ့တာ။ အစ်ကိုက ဘာမှမတောင်းတာတောင် သူကိုယ်တိုင်လိုလိုလားလားနဲ့ ဒီတံတိုင်းတွေကိုဖွင့်ဖို့အတွက်သော့ အစ်ကို့ကိုပေးခဲ့မိတယ်။ အစ်ကိုက သူ့ကို ကြိုးတွေနဲ့ တွယ်နှောင်ထားစရာတောင် မလိုခဲ့ပါဘူး။ သူကိုယ်တိုင် လိုလိုချင်ချင်နဲ့ လှောင်အိမ်လေးထဲဝင်နေခဲ့မိတာ။
"ဆောနူရယ်.. မင်းက ဒီထက်အများကြီးပိုပြီး ထိုက်တန်ပါတယ်။ မကြာခင် ဒီထက်ကောင်းတာတွေနဲ့ကြုံရမှာပါ။ အခုတော့ စိတ်လျှော့လိုက်ရအောင်နော်။ မင်း သူ့ကိုအမြဲပေးနေခဲ့တဲ့အချစ်မျိုးနဲ့ တစ်နေ့ပြန်ကြုံရမှာပါ"
ပူလောင်နေတဲ့အရည်တွေက သူ့ပါးပြင်ပေါ်စီးကျလာတယ်။ မိုးရေတွေဖြစ်ချင်ဖြစ်မယ်။ မျက်ရည်တွေဖြစ်ချင်ဖြစ်မယ်။ သူလဲမသိတော့ပါဘူး။ မိုးရေနဲ့မျက်ရည်ရောကုန်တာလဲဖြစ်ချင်ဖြစ်မှာ။ သူသိတာကတော့ သူပြောဖူးတဲ့တစ်နေ့ရောက်လာပြီဆိုတာပါပဲ။ အစ်ကို့ချစ်တယ်လို့ သူဖွင့်ပြောဖို့မလိုအပ်တော့တဲ့တစ်နေ့..... ရောက်လာခဲ့ပြီ ထင်ရတာပါပဲ...
🥀
နောက်တစ်နေ့လဲရောက်ရော ဆောနူဖျားတော့တာပဲ။ ဖျားမယ်ဆိုတာ သူသိပြီးသားပါ။ ကိုကိုက သူ့အနားနေပေးမယ်လို့ မရမကပြောနေပေမယ့် သူငြင်းလိုက်တယ်။
"တစ်ယောက်ထဲအဆင်ပြေတာသေချာရဲ့လား"
ကိုကိုက နောက်ဆုံးတကြိမ်အနေနဲ့ ကုတင်ပေါ်က ကျောပိုးအိတ်ကိုယူလွယ်ရင်း ဆောနူနဖူးပေါ် သူ့လက်တွေတင်လို့ အဖျားစမ်းတယ်။
ဆောနူ ကိုကို့ကိုပြုံးပြလိုက်တယ်။ ခါတိုင်းပြုံးနေကြ အပြုံးမျိုး... တောက်တောက်ပပနဲ့ ပျော်ရွှင်နေတဲ့အပြုံးမျိုးလေ။ ဒါပေမယ့် ဆောနူ မလုပ်နိုင်ခဲ့ဘူး။
ကိုကိုက သက်ပြင်းချပြီး ဆောနူအိပ်ရာပေါ် ဝင်ထိုင်လိုက်တယ်။
"အရမ်း တွန်းအားပေးမနေနဲ့။ ကိုကို့ဖုန်းကို ဒီမှာထားခဲ့လိုက်မယ်"
"ဖုန်း"ဆိုတဲ့စကားလုံးလေးလဲကြားရော... ဆောနူက ခပ်ဖျော့ဖျော့အပြုံးလေးမပျောက်ကွယ်သွားဖို့ မနည်းကြိုးစားလိုက်ရတယ်။ သူ့ဖုန်းကပျက်သွားပြီလေ။ အရှိန်နဲ့အောက်ပြုတ်ကျသွားလို့နေမှာ.. မဟုတ်လဲ ရေထဲမှာအကြာကြီးပစ်ထားလိုက်မိလို့ဖြစ်မယ်။
"ကိုကို့အတန်းက ညနေ၄နာရီဆိုပြီးပြီ သိလား။ ဒီကြားထဲ တစ်ခုခုလိုချင်တာရှိရင် ဖုန်းဆက်လိုက်နော်"
"ဟုတ်.."
ဂျေးက မတ်တပ်ထရပ်လိုက်တယ်။ အခန်းတံခါးကိုပြန်မပိတ်ခင် ဆောနူကို သေချာလေးကြည့်နေတယ်။ ကိုကို့ကိုကြည့်ရတာ ချီတုံချတုံဖြစ်နေသလိုပဲ။ သက်ပြင်းတွေလဲ ခဏဏချနေတော့တာ။
"ဆောနူ ကိုကို ဆောင်းဟွန်းကို ဘာပြောပေးရဦးမလဲ"
ဆောနူ မျက်နှာလွှဲမိသွားတယ်။ အသိစိတ်က လွတ်ထွက်သွားပြီး စောင်အနားစကို ဆွဲလိမ်နေမိတော့တာ။
"ဘာ... ဘာကိုလဲ"
"ဆောနူသိပါတယ်။ ဆောင်းဟွန်းက ဆောနူလေးအဆင်ပြေလား မေးမှာလေ။ အဲကောင်က အသည်းမာချင်ယောင်ဆောင်ဆောင်ပြီး တကယ်တမ်းအရမ်းဂရုစိုက်တဲ့ကောင်ပါကွာ။ မနေ့ကတော့ ဘာတွေဖြစ်သွားလဲ ကိုကိုလဲသေချာမသိပါဘူး။ ဒါပေမယ့် သူက ဆောနူကို တကယ်အလေးထားမှန်း ဆောနူလဲသိပါတယ်... အင်း... ဆောနူ ဖြစ်စေချင်သလို ပုံစံမျိုးမဟုတ်ပေမယ့်လေ..."
ဆောနူ ခပ်သာသာခေါင်းငြိမ့်ပြလိုက်မိတယ်။ ကိုကိုပြောတာ အမှန်ပဲ။ အစ်ကိုသာ တကယ်မကောင်းတဲ့လူဖြစ်နေရင် ဆောနူက ၁၁နှစ်ကြီးတောင် ဆက်ချစ်နေနိုင်ပါ့မလား။ အစ်ကိုက လူကောင်းမို့လို့ ဆောနူဒီလိုတွေဖြစ်နေရတာပေါ့။ ဆောနူ မျက်နှာပြောင်တိုက်ပြီး ခဏဏချစ်တယ်ပြောနေတာတွေကို အမြဲငြင်းနေတာကလွဲလို့ ဆောနူအပေါ် ဘယ်သောအခါမှ မျက်နှာလွှဲခဲပစ်မလုပ်တဲ့သူ။
ဆောနူရဲ့ messageတွေကို အမြဲreplyပြန်ပေးတယ်။ တကယ်တော့ ဆောနူ အစ်ကို့ဆီmessageတစ်စောင်ပို့တိုင်း replyက တောင်ခနဲ ချက်ချင်းပြန်ရောက်လာနေကြ။ ဆောနူဒုက္ခရောက်နေတဲ့အချိန်တိုင်း စိတ်အခြေအနေကောင်းလာအောင်နှစ်သိမ့်ပေးနေကြ။ ဆောနူ နေမကောင်းဖြစ်တဲ့အခါမျိုး၊ ဒါမှမဟုတ် စာမလိုက်နိုင်လို့စိတ်တအားညစ်နေတဲ့အခါမျိုးဆို အစ်ကိုက ကိုကို့ဆီ ဆောနူအခြေအနေကို မေးမြန်းရတာအမော။ ဘဝရဲ့အရေးကြီးတဲ့အချိုးအကွေ့တွေတိုင်း၊ အခြေအနေတွေတိုင်းမှာ အစ်ကိုက ဆောနူအတွက် ရှိနေပေးခဲ့တာ။ အမြဲ... ဆောနူဘေးရှိနေပေးခဲ့တာ...
ဒီလိုတွေကောင်းနေပေးလို့ ဆောနူက အစ်ကို့ဆီကနေ ထွက်မသွားရဲတာဖြစ်မယ်။
အစ်ကိုက တခါတလေရက်စက်ပေမယ့် ဆောနူအပေါ်အမြဲဂရုတစိုက်ရှိမှန်း ဆောနူသိတယ်။ ဆောနူကို ရည်ရွယ်ပြီးထိခိုက်အောင် ဘယ်တော့မှမလုပ်ဘူး။ ဒါကြောင့်မို့လို့ ဆောနူက တခါတလေအူကြောင်ကြောင်လေးဖြစ်ရသေးတာ။ အစ်ကိုက သူ့ကိုကြိုက်တယ်ထင်တယ်နော်..ဆိုပြီးတွေးမိနေတာမျိုးလေ။ တကယ်လို့ အစ်ကိုသာ သူဖွင့်ပြောသမျှကို ပစ်ပစ်ခါခါသာမငြင်းပစ်ဘူးဆိုရင် ဆောနူက ကိုယ့်အတွက်အခွင့်အရေးရှိတယ်လို့ အရမ်းသေချာနေမိတော့မှာ။
"ဒီတစ်ခါတော့ အစ်ကိုက မေးမယ်မထင်ပါဘူး..."
ဆောနူ ခါးခါးသီးသီးပြုံးလိုက်မိတော့တာပဲ။ ကိုကိုကတော့ ဆောနူကို သနားတဲ့အကြည့်တွေနဲ့ကြည့်နေခဲ့တယ်။
🥀