မြို့ထဲရှိ အထည်ဆိုင်တစ်ခုတွင် စိုးကြီးနှင့် ဝေသည် အရောင်အသွေးစုံလင်သော အထည်စများကို လိုက်ကြည့်နေလေသည်။ သီတင်းကျွတ်ခါနီးဖြစ်၍ ဆိုင်တွင် ဈေးဝယ်သူ များပြားနေသည်။
စိုးကြီးက စကားစသည်။
'အဲ့တော့ နင့်အဖေက နင့်ကို အန်တီ့ကို သွားကန်တော့ခိုင်းတာပေါ့ ဟုတ်လား'
'ဟုတ်တယ်၊ မနေ့ညက ထမင်းစားနေတုန်းကြီး ပြောတာ၊ ငါ ထမင်းတောင် နင်ပါတယ်ဆို'
'ဟားဟား၊ သောက်ကျိုးနည်း'
'ကိစ္စက အဲ့မှာ မပြီးသေးဘူး၊ ငါမသွားရဲဘူးထင်လို့ အိမ်ကို လိုက်ပို့ဦးမယ်တဲ့၊ ရယ်ရမလား ငိုရမလားတောင်မသိဘူး'
'ဘာမှ လုပ်မနေနဲ့၊ တစ်ခါတည်းသာ နင့်အဖေကို ပြောလိုက်တော့'
'အင်း ပြောတော့ပြောမှာ၊ ဒါပေမဲ့ အခုမဟုတ်သေးဘူး'
'အန်တီနဲ့ အခြေအနေ ဘယ်လိုရှိလဲ' ဟု စိုးကြီးက ဝေ့နား ကပ်မေးသည်။
'ဟီးဟီး'
'French Kissပေးပြီးပြီလား' ဟု မဆိုင်းမတွ မေးချလိုက်သော စိုးကြီးကို ပါးစပ်ပိတ်ချိန်မရလိုက်။
'ကောင်မရယ်၊ လော်ငှားပေးရဦးမလား၊ တိုးတိုးမေးမှပေါ့'
'ပြောစမ်းပါ၊ ငါမေးတာပဲ'
ဝေ ခေါင်းကို ယမ်းပြလိုက်သည်။
'ညံ့လိုက်တာ အိမ့်သက်ဝေရယ်၊ ချာတူးကို လန်နေတာပဲ'
'ဒါပေမဲ့...'
'ဒါပေမဲ့ ဘာဖြစ်လဲ'
'ငါက ဒါတွေ ဘာလို့ နင့်ကိုပြောပြရမှာလဲ၊ ဟီးဟီး၊ ဒါငါတို့ နှစ်ယောက်ကြားက ကိစ္စပါ'
'အေးပါ၊ အေးပါ အချစ်ဆိုတာ လျှို့ဝှက်ချက်တစ်ခုပါ လုပ်နေလိုက်၊ ဒီပုံစံမျိုးနဲ့ဆိုရင်တော့ ငါတော့မြင်ယောင်သေး၊ ဟဲဟဲ'
'တော်စမ်းပါ၊ နင်ဒါပဲ တွေးနေ၊ ငါ့ကိုသာ အစ ကူရွေးပေးစမ်းပါ'
တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်နှင့် နောက်ဆုံးတော့ အန်တီနှင့် လိုက်မည့် ဝမ်းဆက်တစ်ထည်ကို ရသည်။
🔸
ဝေသည် အန်တီ့ရှေ့တွင် ပုဆစ်တုပ်ထိုင်ရင်း စိတ်ထဲတွင် စိတ်ကျဉ်းကျပ်မှုနှင့် ရယ်ချင်စိတ်ကို တစ်ပြိုင်နက်ထဲ ခံစားနေရသည်။ ဖေဖေက ခပ်လှမ်းလှမ်းမှာ ရှိနေသည်။ ကန်တော့ဖို့ မျက်ရိပ်ပြသည်။
အန်တီ့မျက်နှာက တည်ငြိမ်လှသည်။ ဝေသည် လက်အုပ်ချီလိုက်သည်။
'အန်တီ့အပေါ်မှာ...'
ဝေသည် စကားကို ရှေ့မဆက်နိုင်ဘဲ ခစ်ခနဲ တစ်ချက် ရယ်ချလိုက်သည်။
ဖေဖေက 'သမီး' ဟု လှမ်းဟန့်သည်။
အန်တီ့မျက်နှာကို ကြည့်တော့ တည်ငြိမ်မှု လွင့်ပါးပါးအောက်တွင် ရယ်မြူးရိပ်သမ်းလာသည်ထင်ရသည်။ ဝေသည် ရယ်ချင်စိတ်ကို မနည်းမြိုသိပ်လိုက်ပြီး တစ်ဖန် ပြန်အားတင်းလိုက်သည်။
'အန်တီ့အပေါ်မှာ ဝေ ကာယကံ၊ ဝစီကံ၊ မနောကံနဲ့ ပြစ်မှားမိရင် ခွင့်လွှတ်ပါ' ဟုဆိုကာ ဦးသုံးကြိမ်ချသည်။ အန်တီက ဆုတွေပေးသည်။ အန်တီက တည်ငြိမ်သလောက် ဝေတစ်ယောက် မတည်ငြိမ်လိုက်ပုံများ။
ဖေဖေက ဖုန်းလာ၍ 'မေဖြူ ကျွန်တော့်ကို ခွင့်ပြုပါဦး၊ ဝေ့ကို နည်းနည်းပါးပါး ဆုံးမပေးပါဦး' ဟု ဆိုကာ အိမ်သို့ ပြန်သွားသည်။ အဲ့ဒီဖုန်းဟာ ခုနကတည်းက လာလိုက်ပါရောလား။
ဖေဖေထွက်သွားတော့ ဝေသည် အန်တီ့ကို လျှာတစ်လစ်ကလေးဖြင့် ပြောင်စပ်စပ် လုပ်ပြကာ အန်တီ့ဘေးတွင် ဝင်ထိုင်သည်။
'မင်း ဘာလို့ ခုနက အဲ့လောက် ဂနာမငြိမ်ဖြစ်နေရတာလဲ' ဟု အန်တီက ပြောသည်။
'ဖေဖေ့ကို ဝေတို့ အကြောင်း ပြောမှ မပြောရသေးတာကို'
'ဘယ်တော့ ပြောမှာလဲ' ဟု ဆိုလာသော အန်တီ့မျက်နှာက ရွာတော့မည့် မိုးနှယ်။
ဝေသည် ကြမ်းပြင်ပေါ်သို့ ထိုင်ချလိုက်ရင်း အန်တီ့ ပေါင်ပေါ်တွင် ခေါင်းကို တင်လိုက်သည်။
'ဝေ့မွေးနေ့ကျရင် ပြောမှာပါ အန်တီရဲ့၊ အန်တီက ဘာတွေ စိတ်ပူနေတာလဲဟင်၊ ဝေတို့ကို ဘာကမှ မခွဲနိုင်ဘူးဆိုတာ အန်တီ မသိဘူးလား၊ ဝေက အန်တီ့ကို သိပ်ချစ်တယ်ဆိုတာကော အန်တီမသိဘူးလား'
အန်တီသည် ဝေ၏ ဆံပင်ထဲသို့ လက်ချောင်းများ ထည့်ကာ ဆော့ကစားနေသည်။ ထို့နောက် အန်တီ၏ သက်ပြင်းဖွဖွ ချသံကို ကြားမိသည်။
'မနက်ဖြန်ညနေ တို့တွေ လေတံခွန် သွားလွှတ်ရအောင်'
'ဟင် အန်တီက လွှတ်တတ်လို့လား'
'ဟင့်အင်း၊ မလွှတ်တတ်ဘူးလေ၊ မင်းသင်ပေးပေါ့'
ဝေသည် ခေါင်းထောင်လာပြီး အန်တီ့မျက်နှာကို မော့ကြည့်ကာ ညာဘက်လက်ကို ဘယ်ဘက်ရင်ဘတ်ပေါ်တင်၍ ပြောလိုက်သည်။
'အန်တီ့အမိန့်တော်အတိုင်းပါ' ဟူ၏။
🔸
ဝေသည် အနီရဲရဲ လေတံခွန်တစ်ခုကို ဝယ်ထားသည်။ ကိုင်လို့ကောင်းသည့် ရစ်လုံးအနေတော်လည်း ရှိပြီ။ ညနေ မိုးမရွာဘဲ လေသာဖို့သာ ဆုတောင်းရတော့မည်။
အန်တီက ကားနှင့်သွားမည်ဟု ပြောသည်။ ဝေ့ စက်ဘီး တာယာကို မယုံပါတဲ့။ တင်နင်းမည်ဆိုတော့လည်း ဝေ ပင်ပန်းမှာစိုးသတဲ့။
ထို့ကြောင့် ကွင်းပြင်ကျယ်သို့ ကားနှင့်ရောက်လာခဲ့သည်။ တော်သေးသည်။ ကောင်းကင်က ကြည်ကြည်လင်လင်။ အန်တီ၏ အလှက ပီပီပြင်ပြင်။
'ဝေ အစမ်းတစ်ခါလွှတ်ပြမယ်နော်၊ အန်တီ ဒီထိပ်ဖျားကနေ လေတံခွန်ကို ကိုင်ပေးထား၊ ဝေက လေညာက နေမယ်၊ လေတံခွန်ကို မြှောက်ပေးထားနော်၊ ဝေ နည်းနည်းနောက်ဆုတ်လိုက်ဦးမယ်'
ဝေသည် နောက်သို့ ဆုတ်ရင်း ရစ်လုံးမှ ကြိုးကို ဖြေလျှော့သည်။
'ရပြီ၊ အန်တီ၊ အပေါ်ကို လွှတ်လိုက်တော့'
'လွှတ်ရတော့မှာလား'
'အင်း လွှတ်လိုက်တော့'
ဝေသည် ခြေအတိုးအဆုတ် ပြုကာ အထက်သို့ တက်ရန် အရှိန်ယူနေသော လေတံခွန်ကို ခပ်မြင့်မြင့်သို့ ရောက်စေရန် ရစ်လုံးကို လှည့်ပေးနေသည်။
ဝေ့အနားသို့ လာနေသော အန်တီ့ကို
'အန်တီ၊ မြင်လား၊ တက်သွားပြီ' ဟု ပြောလိုက်သည်။
'ကြည့်တော့လည်း လွယ်လွယ်လေးရယ်'
'အန်တီ၊ ဒါလေး စမ်းလွှတ်ကြည့်လေ'
ဝေသည် ရစ်လုံးကို အန်တီ့လက်ထဲ ပြောင်းပေးလိုက်သည်။ အန်တီ့လက်ထဲတွင်
လေတံခွန်သည် အောက်သို့ပြန်ကျမည့်ဟန် ပြနေသည်။ အန်တီက ဝေ့လက်ထဲ ရစ်လုံးကို ပြန်ထည့်ပေးသည်။
'တို့ မလုပ်တတ်ဘူး၊ မင်းပဲလွှတ်၊ မင်းလွှတ်တာပဲ တို့ကြည့်တော့မယ်'
'အန်တီကလည်း ပြုတ်ကျပစေပေါ့၊ အန်တီသင်ချင်တယ်ဆို'
'လုပ်ပါ၊ မင်းပဲ လွှတ်ပြပါ၊ မင်းလွှတ်နေတာ ကြည့်ကောင်းတာပဲ၊ ပျံနေတဲ့ လေတံခွန်ကိုကြည့်ရတာ တို့သဘောကျတယ်'
ထို့ကြောင့် ဝေသည် စိတ်လိုလက်ရဖြင့် လေတံခွန် လွှတ်နေသည်။ ပတ်ဝန်းကျင်တွင် လွှတ်သူမရှိသဖြင့် ကောင်းကင်တွင် ဝေ့ လေတံခွန်သာ လွတ်လွတ်လပ်လပ် ပျံသန်းနေသည်။ ကြိုးငြိမှာ မပူရ၊ ကြိုးဖြတ်ခံရမှာ မပူရ။
'အန်တီက ဝေ့ကို ချစ်တတ်အောင် သင်ပေးတယ်။ ဝေက အန်တီ့ကို စက်ဘီးစီးတာနဲ့ လေတံခွန်လွှတ်တာ သင်ပေးတယ်၊ ပြီးတော့ အန်တီ့အတွက် ရည်ရွယ်ပြီးတော့ crochetထိုးနည်းပါ တတ်အောင် သင်နေတယ်'
'အဲ့တော့ မင်းက သင်ရတာတွေ များလို့ ငြိုငြင်နေပြီလား'
'မငြိုငြင်ပါဘူး၊ ပြောပြတာပါ'
'ဒါနဲ့ မင်းကို နောက်ထပ်တစ်ခု သင်ပေးရဦးမယ်'
အန်တီသည် ဝေ့အနီးသို့ လူချင်းထိလုမတတ် ကပ်လာသည်။
ဝေသည် လေတံခွန်ကိုလည်း ကြည့်ရင်း အန်တီ့ကိုလည်း ကြည့်ရင်း ဗျာများနေသည်။
ဝေ့မျက်နှာနားတွင် အန်တီ့လက်ချောင်းသွယ်သွယ်များ ရစ်ဝဲလာပြီး မျက်နှာကို ဆွဲလှည့်ခံလိုက်ရသည်။ ချက်ချင်းဆိုသလို ဝေ နှလုံးခုန်မြန်လာသည်။ ထို့နောက် အန်တီ့နှုတ်ခမ်းဖူးများက ဝေ့နှုတ်ခမ်းပေါ်သို့ အသာအယာ ကျရောက်လာသည်။
ဝေသည် ညာလက်မှ ရစ်လုံးကို လွှတ်လိုက်သည်။ ရစ်လုံးသည် ဘယ်လက်ထဲတွင် တွဲလောင်းကျသွားသည်။ ခဏအကြာတွင် လေတံခွန်ပြုတ်ကျလာသည်။ ဒီတစ်ခါတော့ ကောင်းသော ပြုတ်ကျခြင်းရယ်ပါဟု ဝေတွေးမိသည်။ ဝေသည် ဘယ်လက်ထဲတွင် ကျန်သော ရစ်လုံးကို မြေကြီးပေါ်လွှတ်ချလိုက်သည်။ အန်တီ့ကို တင်းကျပ်စွာ ပြန်ဖက်လိုက်သည်။ ဟုတ်သည်။ အန်တီ့ကို ပြန်ဖက်ထားရမည်။ မဟုတ်လျှင် အန်တီ့လုပ်ပုံကြောင့် ဝေသည် လေတံခွန်လို ပျံသွားမှာ စိုးရသည်။
🔸🔸🔸
ပြီးပါပြီ
ဇာတ်လမ်းလေးက ဒီမှာပဲအဆုံးသတ်သွားတယ်ဆိုပေမယ့် အန်တီမေဖြူစင်နဲ့ဝေတို့ကတော့ စာဖတ်သူတွေရဲ့ နှလုံးသားထဲမှာဆက်လက်ရှင်သန်နေမယ်လို့ ယုံကြည်ပါတယ်
အစကနေ အဆုံးထိ တစ်စိုက်မတ်မတ် စောင့်မျှော်ဖတ်ရှုပေးကြတဲ့ စာဖတ်သူတစ်ဦးချင်းစီကိုလည်း ကျေးဇူးတင်ပါတယ်💛
Oct 25, 2022
2:45PM
မြိုင်ဟေဝန်