အပိုင်း ၅ - မာမီ (၁)
ထိုစကားကို သူမပြောပြီးသော် ညစာစားပွဲတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။
ဤအိမ်ကို ယဲ့ချင်းပိုင်ဆိုင်သည်။ စားပွဲတွင်ထိုင်နေကြသော ကိုယ်ဝန်နှင့်ဝမ်းကွဲယောင်းမ အပါ အားလုံးသည် ထိုအရာကို သိရှိကြသည်။ သူမသည် နှစ်အနည်းငယ်အကြာ နေထိုင်ခဲ့ခြင်းကြောင့်သာ အလိုအလျောက်ပင် သူမ၏အိမ်ဟု မှတ်ထားလိုက်ခြင်းဖြစ်သည်။
ဝမ်းကွဲယောင်းမ၏မျက်နှာသည် မည်းမှောင်သွားပြီး ထိုစကားများကြောင့် ခဏတာ ဘာဖြေရမှန်းမသိတော့ချေ။ သူမသည် သူမကို သံသဃရှိစွာကြည့်နေသော ယဲ့ချင်းကိုသာ ဒေါသတကြီးကြည့်လိုက်တော့သည်။
ပထမအဒေါ်သည်လည်း ကိုယ်တွယ်ရန်လွယ်ကူသောသူ မဟုတ်ခဲ့ပေ။ သိသာလွန်းသော အပြုံးတုကြီးဖြင့် သူမသည် ဆိုလိုက်သည်။
"ငါတို့အားလုံးက မိသားစုတွေပဲ။ ငါ့ဟာ၊ နင့်ဟာ ဘယ်ရှိပါ့မလဲ။
အားချင်း၊ သမီးက ရွာမှာနေတာမှ မဟုတ်တာဘဲကို အိမ်ကို ဒီအတိုင်းမသုံးဘဲ ပစ်ထားတာကောင်းပါ့မလား?
သမီးရဲ့ ဝမ်းကွဲနဲ့ ယောင်းမတို့ကို ပေးနေလိုက်ပါ။
သမီးရဲ့ ယောင်းမက ကိုယ်ဝန်က လနုသေးတယ်လေ။
သမီးက နည်းနည်းငဲ့ညှာပေးနိုင်ပါတယ်။ ဟုတ်တယ်မလား၊ အားချင်း။"
ယဲ့ချင်းသည် သဘောတူညီဟန် ခေါင်းညိတ်လိုက်သည်။ "ပထမအဒေါ်က မှန်တာပဲ။ မိသားစုဆိုတာ သေချာပေါက်ကို တစ်ယောက်နဲ့တစ်ယောက် စောင့်ရှောက်ပေးရမယ်လေ။"
လူတိုင်းသည် သူမ၏စကားတို့ကို မယုံကြည်နိုင်ပေ။ သူမ တံခါးပေါက်မှ ဝင်လာတည်းက ဆွေမျိုးတစ်သိုက်သည် ယဲ့ချင်းတစ်ယောက် လွန်ခဲ့သည့်ကိုးနှစ်ကနှင့် အကွာကြီး ကွာခြားသွားသည်ကို သတိပြုမိကြသည်။
လွန်ခဲ့သောကိုးနှစ်မှယဲ့ချင်းဆိုလျှင် ပထမအဒေါ်ပြောပြီးနောက် ပြန်ခွန်းတုံ့ပြန်မည်မဟုတ်ဘဲ ဒေါသတကြီးသာ ကြည့်နေနိုင်ပြီး ပြန်လည်း ချေပရန် စဉ်းစားနိုင်မည်မဟုတ်ပေ။
ယခုသူမနှင့် မတူချေ။
သုမသည် ရင့်ကျက်လာပြီးနောက် မိသားစု၏အရေးပါမှုကို ကောင်းကောင်းသိပြီး ပိုမိုနားလည်လာပုံပင်။
ပထမအဒေါ်သည် ဤရလဒ်ကို အလွန်ကျေနပ်ခဲ့သည်။ သူမ၏ သားအငယ်အကြောင်းကို ပြောသောအခါ အောင်မြင်နိုင်မည့်အခွင့်အရေး အလွန်များမည်ဟု သူမ ခံစားမိသည်။
ယဲ့ချင်းသည် ပြုံးနေလျက် အားလုံး၏ အထက်အောက် စုန်ဆန်ကြည့်နေသည်ကို အမှုပင်မထားချေ။
သူမသည် ရေအလွန် ဆာနေ၏။ သူမနံဘေးတွင်လည်း ရေမရှိချေ။ သို့သော် အားလုံး၏လက်ထဲတွင် အရက်မဟုတ်လျှင်တောင် တခြားသောက်စရာတစ်ခုခုရှိသည်ကို သတိပြုမိလိုက်သည်။
ယဲ့ချင်းသည် အလွန်ကျေနပ်စွာဖြင့် သူမ၏ ကုလားထိုင်ကို အနည်းငယ် နောက်ဆုတ်ကာ စားပွဲအောက်ဘက်သို့ လှမ်းကြည့်လိုက်သည်။
သေချာသည်ပင်၊ သူမနှင့် ထိုင်ခုံအနည်းငယ် အကွာတွင် ကိုလာပုလင်းကြီးတစ်ပုလင်းကို သူမတွေ့လိုက်ရသည်။
ယဲ့ချင်း၏မျက်လုံးများသည် အရောင်လက်သွားပြီး သူမ၏ထိုင်ခုံမှ ထလိုက်သည်။ သူမ၏အပြုအမူများကြောင့် လူတိုင်း အံ့အားတကြီးဖြစ်သွားပြန်သည်။
ထိုစက္ကန့်အတွင်း၌ လူတိုင်းသည် သူတို့၏တူများကို ရပ်တန့်၍ ယဲ့ချင်းကိုသာ တိတ်တဆိတ်ကြည့်နေကြသည်။ သူတို့သည် ယဲ့ချင်းတစ်ယောက် နှာစေးနေသောကလေးရှေ့သို့ သွားပြီးနောက်တွင် ကိုလာဘူးကို ကောက်ယူလိုက်သည်ကိုမြင်တွေ့လိုက်ရသည်။
ထို့နောက် တစ်ခါသုံးခွက်ကိုယူကာ သူမ၏နေရာသို့ပြန်သွားပြီး သူမအတွက် ခွက်အပြည့်လောင်းထည့်လိုက်သည်က တခြားသူတွေ မရှိသကဲ့သို့ပင်။
သူတို့၏အိမ်ကို သူမ၏အိမ်ဟု ယေဘုယျပြောနိုင်သော်ငြား ဤအိမ်ကို သူမ၏အိမ်ဟု အမှန်တကယ်ထင်နေပါသလော။ အကြီးဆုံးအဒေါ်သည် အမျက်ဒေါသတို့ ထွက်လာရတော့သည်။
ယဲ့ချင်းသည် ကျေနပ်စွာပင် ကိုလာကို တစ်ကျိုက်မော့ချပြီးနောက် သူမ၏မျက်နှာရှိ အပြုံးတို့သည် ရုတ်တရက်ပင် ကွယ်ပျောက်သွားလေသည်။
သူမ၏ခေါင်းကို အနည်းငယ်ငုံ့ပြီး အနောက်သို့ကြည့်ကာ သူမ၏ပါးပြင်တွင် ကြည်လင်နေသောမျက်ရည်စက်တို့ ကျလာတော့သည်။ ထို့နောက် ယဲ့ချင်း၏ ကြေကဲဖွယ်အာ့ဟူ*အသံသည် ထွက်ပေါ်လာချေတော့သည်။
"ကျွန်မတို့က မိသားစုဖြစ်နေမှတော့ ကျွန်မမှာ ရှင်တို့အကုန်လုံးကို ပြောပြချင်တာရှိတယ်။
ဒီတစ်ခေါက် ကျွန်မအိမ်ပြန်လာတာ၊ ပြန်သွားဖို့ အစီအစဉ်မရှိတော့ဘူး။"
လူတိုင်း ထိတ်လန့်သွားကြသည်။
အကြီးဆုံးအဒေါ်သည် ရုတ်တရက် အော်ပြောမိသွားသည်။ "ဒီမှာ ဘာကောင်းတာရှိလို့ နင်က နေမှာလဲ?"
ယဲ့ချင်းသည် အနည်းငယ် ခေါင်းညိတ်လိုက်ကာ သူမ၏ မျက်ရည်တချို့ကို သုတ်လိုက်သည်။ သူမသည် အားလုံးကို ဝမ်းနည်းစွာကြည့်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။
"သိပ်မကြာခင်က၊ အလုပ်မှာ ရုတ်တရက်ကြီး မေ့လဲသွားခဲ့တယ်။"
သူမ ခဏရပ်လိုက်ပြီး ပိုမိုများပြားသော မျက်ရည်စက်တို့မှာ သူမပါးပြင်သို့ စီးကျလာတော့သည်။ သူမသည် ငိုရှိုက်လိုက်ပြီး မနည်းပင် စကားဆက်ရသည်။
"ဆရာဝန်ကပြော...ပြောတာ ကျွန်မက တစ်နှစ်လောက်ပဲ အချိန်ကျန်တော့မယ်တဲ့။ ပိုဆိုးတာက ကျွန်မရဲ့ရောဂါက ကုလို့မရဘူး။
ဆရာဝန်က ကျွန်မကို ကျန်တဲ့အချိန်တွေကို နေရာကောင်းမှာ ဖြတ်သန်းဖို့အကြံပေးလိုက်တယ်။
ဒါကြောင့်၊ ဒါကြောင့် ကျွန်မ အလုပ်ထွက်ပြီး ဒီကိုပြန်လာခဲ့တာ။"
လူတိုင်း ကြက်သေ သေသွားခဲ့သည်။
"ဘာ!"
အကြီးဆုံးအဒေါ်က ဆိုသည်။
"နင့်ဟာက ဘယ်လိုရောဂါမျိုးလဲ?"
ဒုတိယအဒေါ်မှ မေးလိုက်သည်။
"ကင်ဆာလား?"
"မဟုတ်ဘူး..." ယဲ့ချင်းသည် ခေါင်းခါပြီး သူမ၏နှုတ်ခမ်းကို ညင်သာစွာကိုက်ကာ ပြောလိုက်သည်။
"ပိုပြီး ရှားပြီး ပုံမှန်မဟုတ်တဲ့ ရောဂါ။ ကျွန်မပြောရင်တောင် အဒေါ်တို့သိမှာမဟုတ်ပါဘူး။ ဒါကြောင့် မပြောတော့ဘူး။"
ဝမ်းကွဲယောင်းမသည် မျက်မှောင်ကြုတ်ကာ သူမ၏ယောင်းမနှင့်ပတ်သတ်ပြီး တစ်စုံတစ်ရာ လွဲနေသည်ဟု ခံစားမိ၍ "အင်း၊ ဘာပဲဖြစ်ဖြစ် ပြောမှာဖြင့် ပြောလိုက်ပါ။ ဘယ်လိုမျိုးလဲ? ကူးစက်နိုင်တဲ့ ရောဂါမျိုးလား?"
•.•
Notes :
*Erhu