ထွက်ခွာသွားပါသော လူငယ်လေး၏ ကျောပြင်ပျောက်ကွယ်သွားပါမှ သူလည်းအထဲသို့ ပြန်ဝင်ခဲ့လိုက်သည်။သူ့ကို မတွေ့လျှင်ဆိုင်းလော့ဒ် စိတ်ပူနေမှာစိုး၍ဖြစ်၏။ပွဲထဲသို့ပြန်ရောက်တော့ ဆိုင်းလော့ဒ်က စားပွဲနှင့်မလှမ်းမကမ်း၌ အမျိုးသားလေးယောက်နှင့်အတူ စကားရပ်ပြောနေလေသည်။နံဘေးကပ်ရပ်၌ သံသာညိုသည်လည်း အတူရှိနေကာ ရယ်ပွဲဖွဲ့လို့နေသည်။အလုပ်သဘောအရ ဒီပွဲကိုတက်ရောက်လာရမှန်း သိပေမဲ့ သံသာညိုပါအတူပါမည်ဆိုတာကို သိလိုက်ရတော့ သူ့စိတ်ထဲ စနိုးစနောင့်ဖြစ်ခဲ့ရတာအမှန်။ထို့ကြောင့်ပဲ ဒီနေ့ညမှာ သူဒီနေရာအထိ လိုက်ပါဖြစ်ခဲ့တာဖြစ်သည်။ဆိုင်းလော့ဒ်ကို မယုံကြည်တာမျိုးတော့ မဟုတ်ပေ။သို့သော် ဟိုတစ်နေ့က ဒေါ်ဂျာနူးနှင့် စကားပြောပြီးကတည်းက သူ့စိတ်တွေမအေးချမ်းနိုင်ပဲ အနည်းငယ်စိုးထိတ်လှုပ်ခတ်နေမိတာအမှန်။
စားပွဲဝိုင်း၌ သူဝင်ထိုင်လိုက်သည့်အထိ ဆိုင်းလော့ဒ်တို့အုပ်စုက စကားကောင်းနေကြဆဲရှိသည်။သံသာညိုက အတော်လေးကို လှပသည့်အထဲပါပါသည်။ခေတ်မှီအောင်ပြင်ဆင်ခြယ်သတက်သူမို့ နဂိုအလှကပို၍ကြွရွနေသည်။ ယောက်ျားတွေအလယ်မှာ ကိုယ်လုံးအသားပေးထားသည့် ပြိုးပျက်လက်နေပါသော ဝတ်စုံဖြင့်သံသာညိုက ထီးထီးကြီးဖြစ်လို့နေသည်။ဆိုင်းလော့ဒ်က ကိုယ်ကိုခပ်စောင်းစောင်းရပ်နေတာဖြစ်၏။ဒါကိုပဲ သံသာညိုက ဆိုင်းလော့ဒ်ဖက်သို့ ပို၍တိုးကပ်ရပ်နေတာမို့ ရုတ်တရက်လှမ်းကြည့်ပါလျှင် ရင်ခွင်ထဲမှီနေသလိုလို။ဘယ်လိုဖြစ်ဖြစ် ကျန်သည့်လူလေးယောက်နှင့် နှစ်ယောက်ကသီခြားဖြစ်နေသည်။မသိတဲ့လူဆို ပါတနာလိုလို အတူပွဲတက်လာတဲ့စုံတွဲလိုလို။
မြင်ကွင်းကိုကြည့်နေရင်း သူစိတ်မသက်မသာဖြစ်လာရသည်။အရှေ့ရှိဖန်ခွက်ထဲမှ အရည်များအား ဆွဲယူမော့သောက်ရင်း မြင်ကွင်းအားမျက်နှာလွှဲမိ၏။သို့သော် ဆိုင်းလော့ဒ်၏လက်မောင်းအား ဆုပ်ကိုင်လိုက်ပါသော သံသာညို၏ဖြူသွယ်သော လက်များက သူ့အာရုံထဲသို့ ကပ်ငြိပါလာသည်။တကယ်ဆို သူ့ကိုဒီစားပွဲဝိုင်းမှာ ထားပစ်ခဲ့စရာဘာလို့လဲ။ဘယ်သူဘယ်ဝါရယ်ပါလို့ ခေါင်းစဉ်တပ်မိတ်ဆက်ပေးဖို့ ခက်ခဲနေလို့လား။တကယ်တမ်းစဉ်းစားကြည့်တော့လည်း သူ့ကိုသာသူ့အသိုင်းအဝိုင်းကနေ ခွဲထုတ်ချင်နေတာ။ဆိုင်းလော့ဒ်ကိုယ်တိုင်ကတော့ သူတို့၏ဆက်ဆံရေးကို ချပြဖို့တောင်အဆင်မပြေသေးပေ။straightစစ်စစ် တစ်ယောက်အတွက် ဒီကိစ္စကအများကြီး ရုန်းကန်ရဦးမယ်ဆိုတာကို သူသိပေမဲ့လည်း တစ်ခါတစ်လေတော့ သူနားလည်မပေးချင်တော့ပေ။
"အကို!...."
အတွေးတို့ဖြင့် ငြိမ်သက်နေမိဆဲ အနားသို့လူရိပ်တစ်ရိပ်ရောက်လာတာမို့ သူမော့ကြည့်မိတော့ ခုနကပါးချိုင့်ပိုင်ရှင်လေးဖြစ်လို့နေသည်။
"လူမရှိဘူးမှတ်လား ထိုင်မယ်နော်..."
ပြောပြောဆိုဆိုဖြင့် နေးလ်က သူ့ဘေး၌ခုံဆွဲကာ ဝင်ထိုင်လေသည်။ရုတ်တရက် သူလည်းဘာပြန်ပြောရမှန်းမသိပဲ ကြောင်နေမိသည်။နေးလ်အနောက်မှ ပါလာသောကိုယ်ရံတော်တို့ကတော့ ဘေးနားမှာဝိုင်းပတ်၍ အသီးသီးနေရာယူလိုက်ပြီဖြစ်သည်။အန်ကယ်ဂျက်တစ်ယောက်သာ မနှစ်မြို့သလို မျက်ခုံးတွန့်သွားလျှက်...
"ဒီမှာ ထိုင်လို့မရဘူး နေးလ် ဗွီအိုင်ပီဝိုင်းကို သွားရမှာ မဟုတ်ရင် ဒီနားကိုလူတွေအုံကျလာလိမ့်မယ်..."
အန်ကယ်ဂျက်၏စကားကြောင့် နေးလ်၏စိမ်းညို့နေသော မျက်ခုံးတန်းတို့ တွန့်ကုပ်သွားကာ နှုတ်မှပင်ကျစ်ကနဲ စုတ်သပ်ရေရွတ်ပစ်သည်။ပြီးတော့ အနီး၌ဝိုင်းပတ်စောင့်ကျပ်နေပါသော သက်တော်စောင့်တချို့အား ဝေ့ဝဲကြည့်ပြီးတော့မှ...
"သူတို့ကို တခြားနေရာသွားနေခိုင်းလိုက် အန်ကယ်ဂျက်လည်း ကျွန်တော့်နားကပ်မနေပဲ အဆင်ပြေတဲ့နေရာနေ အဲ့ဒါဆိုကျွန်တော်မှန်း ဘယ်သူမှသိတော့မှာမဟုတ်ဘူး..."
နေးလ်၏စကားကြောင့် အန်ကယ်ဂျက်၏မျက်နှာကြီး ရှုံ့မဲ့သွားပြီးမှ...
"ပေါက်ကရတွေ လျှောက်ပြောမနေနဲ့ နေးလ် ဒီနေ့ပွဲကအရေးကြီးတာကို ပေါ့ပေါ့ပျက်ပျက်လုပ်မနေနဲ့ ဒီနေ့အတွက် ဦးကျင်ဟုတ်နဲ့တွေ့ပြီးတာနဲ့ ပြန်ရမှာ..."
အန်ကယ်ဂျက်ကပြောရင်းဖြင့် နံဘေးရှိရှင်းခန့်အား မသိမသာဝေ့ကြည့်ပြီးမှ အသံကိုပို၍နှိမ့်ချကာ...
"မလိုအပ်တာတွေ လျှောက်မလုပ်ဖို့သေချာမှာလိုက်တယ်..."
"ကျွန်တော်ကလေးမဟုတ်တော့ဘူး အန်ကယ်ဂျက် ဘာကလိုအပ်တယ် ဘာကမလိုအပ်ဘူးဆိုတာ ကျွန်တော်ကိုယ်တိုင်ဆုံးဖြတ်နိုင်တဲ့ အရွယ်ကိုရောက်နေပြီ နေရာတကာကျွန်တော့်ကို လိုက်ထိန်းချုပ်နေတာတွေ လျှော့လို့ရမလား..."
နေးလ်၏လေသံက အနည်းငယ်မာမာတင်းတင်း ဖြစ်သွားတော့ အန်ကယ်ဂျက်၏ မျက်နှာကတမျိုးတမည်းဖြစ်သွားပြီးမှ ဦးညွတ်၍ခြေလှမ်းအား နောက်ဆုတ်ပြီး မလှမ်းမကမ်းသို့ လှမ်းထွက်သွားသည်။သက်တော်စောင့်တချို့ပါ အတူလိုက်ပါသွားကြတာမို့ အနီးရှိလေထုထဲမှတင်းကျပ်မှုတချို့ လျှော့ပါးသွားသလို ခံစားလိုက်ရသည်။နေးလ်သည်လည်း အခုမှပဲ အသက်ရှုချောင်သွားသလိုမျိုး ပေါ့ပေါ့ပါးပါးဖြစ်သွားသလိုဖြင့်...
"အနှောင့်အယှက်ဖြစ်သွားရင် ဆောရီးနော်အကို!..."
"မဟုတ်တာ ဘာမှမဖြစ်ပါဘူး အဆင်ပြေပါတယ်..."
သူပေါ့ပေါ့ပါးပါး ပြောလိုက်တော့ နေးလ်ကပါးချိုင့်လေးပေါ်ရုံယောင်ယောင်လေး ပြုံးပြသည်။
"ဟိုဖက်ဝိုင်းမှာဆို အလုပ်ကိစ္စတွေချည်း လာပြောနေကြမှာစိုးလို့ ဒီမှာကျတော့ နည်းနည်းလွတ်လပ်မလားလို့လေ..."
သူတို့ထိုင်နေတဲ့ဝိုင်းက စားပွဲဝိုင်းအားလုံးထဲမှာ ထောင့်အကျဆုံး မှောင်ရိပ်အကျဆုံးဝိုင်းဖြစ်သည်။ထို့ကြောင့် ရုတ်တရက် သတိထားမိဖို့ရာမလွယ်။အသက်ငယ်ငယ်ကောင်လေးတစ်ယောက်၏ မျက်နှာပေါ်မှာ အလုပ်တာဝန်တွေဖိအားတွေကြောင့် စိတ်ပင်ပန်းရခြင်းများကို အတိုင်းသားမြင်လိုက်ရ၏။
"ဒီအချိန်လေးတော့ လွတ်လွတ်လပ်လပ်နေချင်မိလို့ အဟွန်း.."
နေးလ်ကပြောရင်းဖြင့် အဟင်းလားအဟွန်းလား မသဲကွဲသောအသံကိုပြု၍ ပြုံးသလိုမဲ့သလိုပြုပြီးမှ ရှေ့မှရှန်ပိန်ခွက်အား ဆွဲယူမော့ချသည်။
"အကိုနဲ့ သေချာတောင်မိတ်မဆက်ရသေးဘူး အကို့နာမည်လေး သိခွင့်ရှိမလားဗျ.."
နေးလ်ကမေးတော့ သူခေါင်းညိတ်ပြုံးပြပြီးမှ လက်ကမ်း၍...
"ရှင်းခန့်မောင်ပါ..."
နေးလ်က သူ့လက်အား အသိအမှတ်ပြုသလို ခေါင်းညိတ်ပြီး ပြန်လည်ဆုပ်ကိုင်၍လာသည်။ပြီးတော့ သူ့နာမည်ကို တိုးဖွဖွရေရွတ်၍ စဉ်းစားဟန်ပြုနေတာမို့ သူအသာအယာပြုံးမိပြီး....
"ကိုယ်က မင်းတို့လောကထဲမဟုတ်ပါဘူး မင်းသိမှာမဟုတ်လောက်ဘူး..."
"ဒီလောကထဲက မဟုတ်တာပိုတောင်ကောင်းပါသေးတယ် ကျွန်တော့်က တကယ့်ကို သာမန်relaxဖြစ်စေမဲ့ မိတ်ဆွေကောင်း တစ်ယောက်ကိုပဲလိုချင်တာမို့လေ..."
ဘဝမှာ ဒီလောက်အထိအကြာကြီးနေမှ လူတစ်ယောက်နှင့် အသိမိတ်ဆွေအဖြစ် မိတ်ဖွဲ့နိုင်တာဟာလည်း တစ်မျိုးတော့တစ်မျိုးပါပဲ။ဘာဖြစ်ဖြစ် ခံစားချက်တွေတော့ ကောင်းနေတာအမှန်ပင်။ပြီးတော့ နေးလ်၏ပုံစံကလည်း ရည်ရည်မွန်မွန်သဘောမနေကောင်းပုံရတာမို့ သူအတော်လေးကို သက်တောင့်သက်သာဖြစ်နေမိသည်။နှစ်ယောက်သား အမှောင်ကျနေသော ဝိုင်း၌ထောင့်ကပ်ထိုင်ပြီး စကားကောင်းနေခဲ့ကြတာ အချိန်တွေဘယ်လိုတောင် ကုန်သွားမှန်းမသိချေ။နှစ်ယောက်ကြားမှာ စကားစပြတ်သွားတယ်ဆိုတာမျိုး မရှိခဲ့သလို ရင်းနှီးကြဖို့အတွက် စကားခေါင်းစဉ်ကို တကူးတကရှာနေစရာ မလိုခဲ့ပေ။နေးလ်က စီးပွားရေးလုပ်ငန်းစုကြီးတစ်ခု၏ အမွေဆက်ခံသူဟု စကားပြောရင်းသိခဲ့ရသည်။ဒီပွဲထဲရှိ လူအတော်များများက နေးလ်နှင့်စကားပြောခွင့်ရဖို့အတွက် ရောက်ရှိနေကြတာဖြစ်ကြောင်း သဘောပေါက်မိလိုက်သည်။နှစ်ယောက်သား စကားပြောနေကြဆဲ ဆိုင်းလော့ဒ်တို့အုပ်စုတွေက သူတို့စားပွဲရှိရာသို့လျှောက်လာကြသည်။
"ကိုနေးလ်က ဒီမှာမှောင်ရိပ်ခိုနေတာကိုး..."
ဆိုင်းလော့ဒ်နှင့်သက်တူရွယ်တူ ရှိမည့်အနောက်တိုင်းဝတ်စုံနှင့်လူက ရယ်ရွှန်းပတ်ရွှန်းဖြင့် လှမ်းပြောသည်။ဘယ်လိုဖြစ်ဖြစ် နေးလ်ထက်အသက်ကြီးပုံရသော်လည်း လေးစားသမှုကိုပြသနေတာမို့ သူ့နံဘေးမှလူငယ်လေးဟာ တော်ရုံလူတော့ မဟုတ်တန်ရာဟုဆင်ခြင်မိသည်။နေးလ်က မျက်ခုံးအား လက်မဖြင့်ကုပ်ခြစ်ပြီး အပြုံးမပျက်စေပဲ...
"မဟုတ်ရပါဘူးဗျာ ဒီအတိုင်းအပြင်မှာပဲ ထိုင်ဖြစ်သွားတာပါ..."
"ဘာလဲ! ကိုနေးလ်ဝင်လာရင် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်မှာစိုးလို့လား..."
"မထင်နဲ့နော် အခုလည်း မှောင်ရိပ်ခိုနေတဲ့မင်းသားကို မှောင်ရိပ်ခိုပြီး ရှိုးနေတဲ့မဒီချောတွေရှိတယ်နော့ ဟား ဟား ဟား..."
တစ်ယောက်တစ်ပေါက် ပြောရင်းဖြင့် မလိုအပ်ပဲတဟားဟား အော်ရယ်သေးသည်။နေးလ်ကတော့ အပြုံးယဲ့ယဲ့ဖြင့်သာရှိနေသည်။ဆိုင်းလော့ဒ်ကတော့ သူနှင့်နေးလ်တို့ ဘယ်လိုများအဖွဲ့ကျနေသလဲဟု သိချင်စိတ်ပြင်းပြနေသောမျက်လုံးကြီးဖြင့် ရှိနေလို့နေသည်။
"ဘယ်လိုလဲ ကိုနေးလ် စိတ်ဝင်စားရင်ဒွန့်ကျရအောင်လေ စိတ်ကြိုက်လက်ညှိုးထိုးလိုက်နော် ဒီညက ခင်ဗျားရဲ့ည..."
"ဟာ! မဟုတ်တာဗျာ နေပါစေ ဒီအတိုင်းပဲအေးဆေးနေပါရစေ..."
နေးလ်ခြေကာလက်ကာဖြင့်ပြောတော့မှ အားလုံးကိုယ်ရှိန်သတ်သွားကြသည်။အားလုံး စားပွဲဝိုင်း၌နေရာယူထိုင်လိုက်စဉ်မှာပဲ နေးလ်ဆီမှ ဖုန်းတီးလုံးသံက ထွက်ပေါ်လို့လာသည်။နေးလ်က ဖုန်းအားဖွင့်ကြည့်ပြီးမှ....
"ခွင့်ပြုပါဦး ခဏလေးပါဗျ...."
နေးလ်က ခေါင်းအသာညွတ်၍ နေရာမှထထွက်ပြီးမှ ဖုန်းအားဖွင့်ဖြေကာ ခပ်လှမ်းလှမ်းသို့ လျှောက်ထွက်သွားလေသည်။
"ဟယ်လို မှိုင်း!..."
ခုနကရယ်မောနေကြသော မျက်နှာတွေက ရုတ်ခြည်းပြောင်းလဲသွားကြပြီး နေးလ်၏နောက်ကျောအား အထင်မြင်သေးသော အကြည့်တို့ဖြင့်လိုက်လံကြည့်ရှုရင်း...
"မင်းကလည်း ဇွတ်မဒီနေတယ် မင်းကောင်ကဖြင့် ခြောက်သလိုလို စိုသလိုလိုဖြစ်နေတာကို..."
လေးယောက်ထဲမှ မျက်လုံးမှေးမှေးဖြင့်တစ်ယောက်က ထပြောသည်။ထိုလူ့၏စကားကြောင့် ကျန်တဲ့သုံးယောက်စလုံး မျက်လုံးတွေပြူးကျယ်လာသည့်အထိ အံ့သြဘနန်းဖြစ်ကုန်သည်။
"ဟာ မဟုတ်ကဟုတ်က ဘရိုရာ..."
"မဟုတ်ပဲပြောပါ့မလားကွာ တကယ်အခြောက်ပါဆို..."
ထိုလူကပြောရင်းဖြင့် ခန္ဓာကိုယ်အား ပို၍ငုံ့ကိုင်းကာ မျက်နှာအားရှေ့တိုးလာ၍ လေသံအားပို၍နှိမ်ချလိုက်ပြီးမှ...
"ခုနက မှိုင်းဆိုတာ ကြားလိုက်လား အဲ့ဒါ ဟိုမော်ဒယ်အဆိုတော်လေ..."
"ဘယ်မော်ဒယ်လဲ..."
"အမြဲ အင်္ကျီချွတ်ပြနေတဲ့ကောင်ကွာ ဟိုတစ်လောက သူ့ရှိုးပွဲမှာလား အရက်ခွက်ကိုင်ပြီးစင်ပေါ်တက်လာလို့ ပွဲဆူသွားသေးတာ အဲ့ကောင်အဲ့ကောင်..."
"မသိဘူး..."
"ထားလိုက် အဲ့ဒါက အဓိကမဟုတ်ဘူး အဓိကက နေးလ်ကအခြောက်ကွ အဲ့ဒါမို့အခုအချိန်ထိ မိန်းမကိစ္စအရှုပ်အရှင်းမကြားရတာ ကြည့်ပါလား။ပြီးတော့ အဲ့မင်းသားကို စပွန်ဆာပေးထားတာတဲ့..."
"ဟုတ်ပါ့မလားမင်းဟာက..."
"တကယ်ပါဆို ငါခိုင်လုံတဲ့ရပ်ကွက်က ကြားခဲ့တာ တကယ်အခြောက် ခြောက်နေတာ..."
ထိုလူစုဆီမှ အခြောက်ဟုတစ်ခွန်းပြောလေတိုင် သူ့နားထဲသံရည်ပူလောင်းချခံလိုက်ရသလိုမျိုး ခံစားနေရသည်။ဆိုင်းလော့ဒ်အား မသိအသာခိုးကြည့်မိတော့ အတန်ငယ်စိတ်ရှုပ်နေသလိုမျိုး မျက်ခုံတန်းတို့ခပ်တွန့်တွန့်ဖြစ်လို့နေသည်။သူ့အတွက်တော့ ဝိုင်းထိုင်နေရတဲ့လူတွေကြားထဲမှာ လေထုက မသက်သာဖြစ်လာခဲ့သည်။လက်ဖျားခြေဖျားတို့ အေးစက်လာကာ ချွေးစေးတို့ပြန်၍လာသည်။
"ပုံစံကတော့ မယုံနိုင်စရာပဲ..."
နောက်ထပ်တစ်ယောက်က မယုံနိုင်သလိုရေရွတ်တော့ သံသာညိုက သူ့ထံသို့မထီတရီဖြင့် ကြည့်လာခဲ့ပြီးမှ...
"တချို့တွေကအဲ့လိုပဲလေ လူမသိသူမသိပုန်းနေတာ မထင်ရပေမဲ့ တကယ်အခြောက်ပဲ သနားဖို့တော့ကောင်းပါတယ် ဟိုဘဝတုန်းက သူများသားမယားဖျက်ဆီးခဲ့တဲ့ ဝဋ်ကြွေးတွေပေါ့လေ နော် ဆိုင်းလော့ဒ်..."
သံသာညိုက ပြောရင်းဖြင့် ဆိုင်းလော့ဒ်ကိုပါ ပခုံးချင်းတိုက်ပစ်သည်။ဆိုင်းလော့ဒ်က အင်းမလုပ်အဲမလုပ်ဖြင့် ရှန်ပိန်ခွက်ကိုမော့ချသည်။စိတ်ရှုပ်နေသလိုမျိုး မျက်နှာတစ်ခုလုံးသုန်မှုန်၍နေသည်။
"ယောက်ျားချင်းကြီးကတော့ ရွံစရာကြီးပါကွာ..."
"ဒါလေးကွာ ဒါ ဒါ..."
တစ်ယောက်က လက်ညှိုးနှင့်လက်မကိုအသာဝိုင်းပြတော့...
"အဲ့လိုကောင်တွေ အထင်ကြီးစရာကိုမရှိဘူး အခြောက်မလင်များ လုပ်နေရတယ်လို့ ယောက်ျားသိက္ခာကျတယ်..."
"တကယ်နော် အဲ့အခြောက်မတွေက ကြိုက်ပြီဆို သေအောင်အမ်းတာ အဲ့လိုအမ်းနိုင်မှလည်း သူတို့အနားကပ်မှာကို ဒါပေမဲ့ဟယ် ဘယ်လိုပဲကျကျ တသက်လုံးတော့ ယောက်ျားချင်းကြီး ဘယ်သူကကပ်ချင်မှာလဲ အချိန်တန်မိန်းမယူသွားမှာပဲ သနားစရာလည်းကောင်းတယ် ရီလည်းရီချင်တယ် အဟင်း!"
သံသာညိုက မထီတရီအပြုံးလေးဖြင့်ပြောပြီး ပခုံးလေးတွန့်ကာ ပြိုကျလာသောဆံနွယ်တို့အား လှပစွာပင့်တင်သည်။
"အော်ဂလီဆန်ပါတယ်ကွာ..."
တစ်ယောက်တစ်ပေါက်ပြော၍ ရယ်ပွဲဖွဲ့နေတာကို သံသာညိုကလည်း ဝင်ညှောင့်သည်။ပြီးတော့ စကားပြောလိုက်တိုင်း မထီတရီဖြင့် လှောင်ပြောင်ရိပ်အပြည့်ဖြင့် မျက်ဝန်းတွေက သူ့ဆီသို့သာဝေ့ဝဲ၍နေသည်။တကယ်ဆို ဒီလူတွေထဲမှာ ကိုယ်တွေအကြောင်းအစအဆုံးသိထားသည့်သူဟာ သူမတစ်ယောက်သာ ရှိတာမို့ ကိုယ့်ကိုယ်ပဲတမင်ရည်ရွယ်၍နေတာ သိသာလွန်းလှသည်။ယောက်ျားလေးများ၏ စကားဝိုင်းထဲမှ အတင်းအဖျင်းပဲမို့ စကားစကထိုမျှနှင့်ပြတ်တောက်သွားသည်။ဒါကိုပဲ သံသာညိုက ကျေနပ်နိုင်ပုံမရစွာ...
"ယောက်ျားတွေချည်းစုနေတဲ့ နေရာမျိုးမှာ အဲ့လိုလူတွေကအပေါဆုံးပဲတဲ့..."
"ယောက်ျားတွေစုနေတာ စစ်တပ်နဲ့ဘောလုံးကလပ်ပဲရှိတယ် ဟား ဟား ဟား..."
အရယ်သန်ပုံရသောလူက တဟားဟားဖြင့် အော်ရယ်ပြန်သည်။
"ထောင်ကျန်သေးတယ်လေ ထောင်..."
သံသာညိုက အသံစွာစွာလေးဖြင့် ဝင်ပြောပြီးမှ သူ့ဖက်သို့တည့်တည့်လှည့်လာကာ...
"သြော် ကိုရှင်းခန့် ထောင်ကျဖူးတယ်မှတ်လား အထဲမှာရော ဘယ်လိုလဲ အဲ့လိုမျိုးတွေရှိလား..."
"သံသာ..."
ဆိုင်းလော့ဒ်က အံကြိတ်သံဖြင့်ဟန့်သလို တဝါးဝါးတဟားဟားဖြင့် ပွဲကျနေပါသော ကျန်သည့်လူတွေအားလုံး အိုးတိုးအမ်းတမ်းဖြစ်ကုန်ကြသည်။ဆိုင်းလော့ဒ်နှင့်အတူပါလာသည့် လူအဖြစ်သာသိထားကြပြီး သေချာမရင်းနှီးကြသည့်သူတွေဖြစ်သည်။လူကြားထဲမှာ သူ့ကိုတမင်တိုက်ခိုက်လိုတဲ့ ရည်ရွယ်ချက်ဖြင့် ပြောမှန်းသိလိုက်ရသည်။ဆိုင်းလော့ဒ်သည်လည်း မျက်နှာပျက်နေသလို အစောတုန်းက ပွဲကျနေသည့်လေထုသည်လည်း ရုတ်ခြည်ငြိမ်သက်၍သွားသည်။
ကျေနပ်အားရနေသော မျက်ဝန်းတလက်လက်ဖြင့် မျက်စိရှေ့ရှိမိန်းမပျိုအား သူအေးစက်သော အကြည့်စူးစူးတချက်ပေးပြီးမှ ခပ်ပါးပါးပြုံးလိုက်ပြီး...
"အထဲမှာက ပုံမှန်ပါပဲ အားလုံးကပုံမှန်ပဲ။လိင်တူချစ်ကြိုက်တာက ရောဂါမှမဟုတ်ပဲ။နှစ်ဆယ့်တစ်ရာစုပဲရောက်နေပြီ အတွေးတွေကဒိတ်အောက်နေစရာ မလိုပါဘူး။ပြီးတော့ ထောင်ဆိုတိုင်းလည်း လူဆိုးတွေပဲရှိနေတာမဟုတ်ပါဘူး အထဲကတချို့လူတွေက အပြင်ကလူတွေထက်တောင် ပိုပြီးကျင့်ဝတ်ကို နားလည်သေးပါတယ်။ဥပမာ ယောက်ျားချင်းကြိုက်တာဖြစ်ဖြစ် စပွန်ဆာပေးတာဖြစ်ဖြစ် ခြူစားတာဖြစ်ဖြစ် အားလုံးက တစ်ကိုယ်ရည်လွတ်လပ်ခွင့်ပဲ ကာယကံရှင် နှစ်ဦးနှစ်ဖက်ကျေနပ်ရင်ပြီးတာပဲ။ဘယ်သူကမှ အတင်းအဖျင်းလုပ်ပြောပြီး အချိန်ဖြုန်းနေလေ့မရှိကြပါဘူး..."
စကားလုံးတစ်လုံးချင်းစီတိုင်းကို ရှင်းလင်းပြတ်သားစွာ ပေါ့ပေါ့ပါးပါး ပြောနေသည့် ရှင်းခန့်၏ဟန်ပန်က သာမာန်စကားစမြည်ဆိုနေသည့်နှယ်။သံသာညို၏ မျက်နှာက ဟန်မဆောင်နိုင်အောင် ပျက်ကျသွားရသည်။ရှင်းခန့်ကတော့ ပြောစမ်းဆိုသည့် အပြုံးပါးပါးဖြင့်သာရှိနေပြီး ရှန်ပိန်ခွက်အား လှုပ်ခါပြီးမှ အသာမော့ချသည်။
"အဟမ်း! အတင်းအဖျင်းရယ်တော့ မဟုတ်ပါဘူး ဒီလိုပဲစပ်မိစပ်ရာပေါ့ဗျာ ခေတ်ကိုက ဒီလိုပါပဲဗျာ ဟား ဟား.."
အစောတုန်းက မျက်လုံးမှေးမှေးနှင့်လူကပဲ တင်းမာစပြုနေသော အခြေအနေအား ပြေလည်စေဖို့ထိန်းသိမ်းသည်။ရှင်းခန့် အပြုံးပြုံးယဲ့ယဲ့ဖြင့် ငြိမ်သက်နေလိုက်တော့ စကားဝိုင်းက ခေါင်းစဉ်ပြောင်း၍သွားသည်။ခဏကြာတော့ တရုတ်လူမျိုးတချို့ပါ စားပွဲဝိုင်းထဲရောက်လာကြသည်။ဆိုင်းလော့ဒ်က တရုတ်တစ်ယောက်နှင့် အဖွဲ့ကျနေတာမို့ သူနေရာမှအသာထထွက်ခဲ့လိုက်သည်။ခုနက ရပ်ခဲ့သော ရေကန်ဘေးရောက်မှပဲ ရှုပ်ထွေးနေသော စိတ်တို့ကအနည်းငယ်ကြည်လင်သွားသလို ခံစားလိုက်ရသည်။သူရေကန်နံဘေး၌ တိတ်တဆိတ် ဆေးလိပ်ဖွာနေစဉ်မှာ ခြေသံတစ်ခုကြောင့် လှည့်ကြည့်မိသည်။စည်းချက်ကျစွာလျှောက်လှမ်းလာပါသော သံသာညို့အားမြင်လိုက်ရတော့ ရှန်ပိန်အရှိန်ကြောင့် ခပ်ထွေထွေဖြစ်နေသော သူ့သွေးတို့ဆူပွက်လာသလို ခံစားလိုက်ရသည်။
သံသာညိုက သူ့အားခြေဆုံးခေါင်းဆုံး ကြည့်ပြီးမှ ခပ်မဲ့မဲ့ပြုံး၍ နံဘေး၌ယှဉ်လျှက်ရပ်သည်။ပြီးတော့ လှလှပပလေးလက်ပိုက်လျှက်...
"ကျွန်မက ကိုရှင်းခန့်ကို အဲ့လိုလူမျိုးလို့ ထင်တောင်မထင်ထားမိဘူး..."
အဓိပ္ပာယ်များစွာပါဝင်နေသော သံသာညို၏စကားကြောင့် သူမျက်ခုံးတို့တွန့်မိသွားပြီးမှ
"ဘာကိုလဲ..."
"အဟင်း!"
သူနားမလည်နိုင်စွာ ပြန်မေးမိတော့ သံသာညိုက ခေါင်းမော့ရယ်သည်။
"စကားတက်လို့လေ..."
"...."
"လူတစ်ဖက်သားကို သိပ်နားလည်ပေးတက်တယ်နော် ဒါမှမဟုတ်..."
သံသာညိုက ပြောရင်းဖြင့်စကားအား တစ်ဝက်တပြတ်ဖြင့် ရပ်လိုက်ပြီးမှ သူ့ဖက်သို့ တည့်တည့်လှည့်ကာ မျက်နှာချင်းဆိုင်ဖြစ်စေဖို့ ကိုယ်ဟန်အားပြုပြင်၍ရပ်သည်။
"ကိုယ်တိုင်က အခြောက်မို့လို့ ကာကွယ်ပေးလိုက်တာလား..."
"...."
ဒီအမျိုးသမီး ဒီအထိလိုက်လာကတည်းက သူ့ကိုတိုက်ခိုက်ထိုးနှက်ဖို့ပဲဆိုတာကို ကြိုတွေးထားပြီးသားမို့ သူထူးပြီး ဒေါသမထွက်မိတော့ပေ။နှုတ်ခမ်းကိုတွန့်ရုံသာ ပြုံးလိုက်ပြီးမှ....
"အခြောက်မို့လို့ဆိုတာထက် ကိုယ်က လူတစ်ဖက်သားရဲ့ ဖြစ်တည်မှုကို လေးစားတက်ပြီး ကျင့်ဝတ်သိတဲ့လူမို့ပါ..."
သူပြောတော့ သံသာညိုမျက်နှာပျက်သွားပေမဲ့ ခဏလေးပဲ ဖြစ်ကာ မျက်နှာပေါ်မှာ လှောင်ပြောင်လိုသော အပြုံးတို့ ချက်ချင်းပြန်လည်ဖြစ်ထွန်းလာပြီး...
"အဟင်း! ရှင်စကားတက်တိုင်း လျှောက်ပြောနေလည်း အမှန်တရားက ပြောင်းလဲမသွားပါဘူး ရှင်တို့အတွက် အစစ်အမှန်ဆိုတာ ဘယ်တုန်းကရှိဖူးလို့လဲ အခြောက်မတစ်ယောက်နဲ့ သက်ဆုံးတိုင် ပေါင်းသွားတဲ့ယောက်ျားမျိုး ဘယ်မှာရှိလို့လဲ အချိန်တန်မိန်းမယူကြတာပဲလေ..."
သံသာညို၏ ကလေးဆန်ဆန်တိုက်ခိုက်နေသော စကားတိုကြောင့် သူဒေါသဖြစ်ရမည့်အစား သူရယ်သာရယ်ချင်မိလာသည်။
"အဲ့ဒါက ကိုယ့်အကြောင်းပါ မင်းစိတ်ပူနေစရာလိုလို့လား..."
"အဟင်း! ကျွန်မက ပြောပြတာပါ ဆိုင်းလော့ဒ်က အချိန်တန်ရှင့်ကို ထားသွားမှာပဲဆိုတာ..."
သူမ၏ စကားတိုင်းက သူ့အပေါ်ဘာသက်ရောက်မှုမှတော့ မရှိပါ။သံသာညို၏ ပုံစံက သိပ်လိုချင်တဲ့အရုပ်လေးကို ပိုင်ဆိုင်ခွင့်ရသွားတဲ့ တစ်ပါးသူအပေါ် ရန်လိုနေပါသော ကလေးဆိုးလေးနှင့်သာတူနေသည်။
"အင်း! လောကကြီးမှာ ဘယ်အရာမှထာဝရမမြဲပါဘူး ထားသွားပါစေ အနည်းဆုံးတော့ ကိုယ်က ထားသွားခံရဖို့အတွက် ပိုင်ဆိုင်ခဲ့ရဖူးတယ်လေ..."
ရှင်းခန့်က စကားအားခဏရပ်ပြီးတော့မှ သံသာညိုအား စေ့စေ့ကြည့်လိုက်ပြီး...
"မင်းကတော့ တစ်ခါမှတောင်မပိုင်ဆိုင်ခဲ့ဖူးလို့ ထားသွားခံရပါပြီလို့ ငိုကြွေးခွင့်တောင် မရှိဘူးမှတ်လား..."
"ဘာ...!" "တောက်!..."
သူ့စကားကြောင့် သံသာညို၏ ဒေါသတို့ယမ်းပုံမီးကျကုန်သည်။ မျက်နှာလှလှလေးသည်လည်း ဒေါသစိတ်ကြောင့် အရောင်ရင့်လာခဲ့သည်။အသက်ရှုသံလေးတွေပါ ပြင်းထန်လာခဲ့ပြီး ဒေါသအား ထိန်းချုပ်နေပြီးမှ...
"အဟက်! အခုနေတော့ ရှင်ပြောနိုင်တာပေါ့..."
"...."
"ဘာပဲဖြစ်ဖြစ် ထားခဲ့ခံရမယ်လို့ ရှင်မျှော်လင့်ထားပြီးသားဆိုတော့လည်း ကောင်းပါတယ်။ဒါမှ မကြာခင်ရှင်မနာကျင်ရမှာ..."
သံသာညို၏ သေချာပိုင်နိုင်လှသော အမူအယာကြောင့် သူဝေဝါးသွားမိတော့ သံသာညိုက ပို၍အားတက်သရောဖြစ်လာပြီး...
"အနူးကို ဆိုင်းလော့ဒ်က မကြာခင်အိမ်ထောင်ပြုပါ့မယ်လို့ ကတိပေးလိုက်ပြီလေ..."
"....."
"အဲ့ဒါမို့ မြစ်ကြီးနားမှာ အိမ်ဝယ်ထားတာ ရှင်မသိရသေးဘူးမှတ်လား..."
"....."
"သူက ရှင့်အနားမှာ ငွေဝယ်ကျွန်လိုမျိုး တစ်သက်လုံးနေချင်တာလို့ ရှင်ထင်နေတာလား သူ့မှာအင်အားရှိတာနဲ့ ရှင့်ဆီကနေ အချိန်မဆွဲပဲရုန်းထွက်မှာ ဆိုင်းလော့ဒ်က ဘယ်သူ့အရိပ်မှာမှခိုမဲ့ယောက်ျားမျိုး မဟုတ်ဘူး။သူရှင့်ကို ပတ်သတ်နေတာ ငွေဆိုတဲ့လိုအပ်ချက်ကြောင့်ဆိုရင်တောင်မှ အဲ့လိုအပ်ချက်ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ သူတခြားနေရာကနေရှာမှာ..."
သံသာညို၏ စကားတွေက သူ့ကိုအနည်းငယ်တော့ လှုပ်ခတ်လာစေသည်။သို့သော် အမူအယာမပျက်စေပဲထိန်း၍...
"ကိုယ်တို့ အဲ့လိုပတ်သတ်မှုမျိုးမဟုတ်ဘူး..."
"ဘယ်လိုပဲဖြစ်ဖြစ်ပါ ရှင်ချမ်းသာနေတာက ရှင့်အနားမှာ သူဆက်နေရခက်တဲ့ အကြောင်းပြချက်ပဲ ဆိုင်းလော့ဒ်က ရှင်ထင်ထားထက်ကို ပိုမာနကြီးတယ်။ရှင့်ရဲ့အရိပ်အမိုးအောက်မှာ သူ့သိက္ခာတွေမှေးမှိန်နေရမဲ့အဖြစ်ကို သူဘယ်တော့မှ ကျေနပ်မှာမဟုတ်ဘူး။သူ့က ရှင့်အရိပ်ကနေ ရုန်းထွက်မှာ..."
!ရှင့် အရိပ်ကနေ ရုန်းထွက်မှာ...!
!ရှင့် အရိပ်ကနေ ရုန်းထွက်မှာ....!
!ဆိုင်းလော့ဒ်ကလည်း ဟိုမှာပဲပြန်အချေချမယ်လို့ ပြောပါတယ်။အန်တီတို့ မြစ်ကြီးနားပြန်ပြောင်းရင် သားလိုက်လည်ပါလား။ဟိုမှာ အရမ်းနေလို့ကောင်းတာ...!
မျက်စိရှေ့ရှိ သံသာညို၏ စကားတွေရယ် မနေ့တစ်နေ့က စိတ်လိုလက်ရ ပြောဆိုပြနေတဲ့ ဒေါ်ဂျာနူး၏ စကားတို့ရယ်ဟာ သူ့နားထဲသို့ တစ်လှည့်စီပြန်လည်တိုးဝင်ကြားယောင်မိလာလေသည်။သူ့အနားကနေ ထွက်သွားမှာ။ဆိုင်းလော့ဒ်က သူ့အရိပ်ကနေ ရုန်းထွက်ချင်နေတာ။
!ခင်ဗျားရဲ့ပကာသနတွေကို ခွာချခဲ့...!
ဘယ်လိုပဲ သူမေ့ထားချင်ပေမဲ့လည်း ဆိုင်းလော့ဒ်၏ မာနရောင်လက်နေတက်သော မျက်ဝန်းတွေကတော့ သူ့ကိုခြောက်လှန့်နေဆဲဖြစ်သည်။လူတွေက ဘာလို့များသူ့အနားကနေ ထွက်ခွာဖို့ပဲကြိုးစားနေကြတာလဲ။တခြားလူတွေကရော သူ့အနားကလူကိုဘာလို့ ဆွဲထုတ်ဖို့ကြိုးစားချင်ကြတာလဲ။သူ့အတွက် စစ်မှန်တဲ့တစ်စုံတစ်ယောက်ကို မျှော်လင့်လို့မရဘူးလား။
ခေါင်းထဲမှာအတွေးများစွာဖြင့် မျက်စိရှေ့ရှိအမျိုးသမီးအား ကြည့်ကာ သူ့မျက်ဝန်းတို့စူးရဲအေးစက်၍လာရသည်။သံသာညိုကတော့ တိတ်ဆိတ်သွားသော ရှင်းခန့်၏ပုံစံအားကြည့်ကာ ကျေနပ်အားရစွာဖြင့်...
"ရှင်က တစ်ယောက်ထဲကျန်ခဲ့ရမှာပဲ..."
ထပ်ပြီးအနိုင်ပိုင်းသလို ပြောဆိုလာတဲ့စကားက သူ့၏နှလုံးသားအား မှောင်မိုက်နေသော ရေခဲကန်ထဲသို့ဆွဲနှစ်ချလိုက်သလိုပင်။သူ့၏အသိစိတ်တွေအဆုံးစွန်ထိမှောင်မိုက်သွားသလို သူကိုယ်တိုင်ဟာ သူမဟုတ်တော့သလိုမျိုး ထိန်းချုပ်နိုင်သည့် အသိစိတ်တို့လွတ်ထွက်သွားပြီဖြစ်သည်။
"ရှင် ရှင် ဘာလုပ်မလို့လဲ...."
ရုတ်ခြည်အမူအယာပြောင်းလဲ၍ တဖြည်းဖြည်းတိုးကပ်လာပါသော ရှင်းခန့်ကြောင့် သူမထိတ်လန့်သွားရသည်။ရှင်းခန့်၏ မျက်ဝန်းတို့ကရေခဲချွန်တွေလိုမျိုး အေးစက်စူးရှနေခဲ့သည်။လူသတ်လိုသော အရိပ်ငွေ့အပြည့်ဖြင့် ထိုအေးစက်သော ခံစားချက်မဲ့နေသော မျက်နှာသေက သူမအား အန္တာရာယ်အငွေ့အသက်ကို ခံစားလာရစေသည်။ဘာအမူအရာမှ မပြပဲ ဒီအတိုင်းတဖြည်းဖြည်း တိုးကပ်လာသည့် ရှင်းခန့်မောင်၏ ပုံစံကအနီးသို့ရောက်လျှင် တစ်ခုခုအန္တာရယ်ပြုနိုင်သည်ဟု စိတ်က ခံစားမိလိုက်တာနှင့် သူမခြေလှမ်းအား နောက်သို့အလိုအလျောက်ဆုတ်မိသည်။
တစ်လှမ်း...!
နှစ်လှမ်း...!
သုံးလှမ်း...!
ခြေလှမ်းသုံးလှမ်းမြောက်မှာတော့ ရှင်းခန့်မောင်သည်လည်း အနီးသို့ရောက်လာပြီဖြစ်သလို သူမသည်လည်း လေဟာနယ်၌ ခြေချမိကာ ဟန်ချက်ပျက်သွားခဲ့သည်။အထိတ်တလန့်ဆွဲမိဆွဲရာ ဆွဲမိတော့ ရှင်းခန့်မောင်၏ အင်္ကျီရင်ဘတ်အစဖြစ်လို့နေသည်။ခန္ဓာကိုယ်တစ်ပိုင်းက ရေပေါ်မှာ စောင်းလျှက်အနေအထားကြီး ဖြစ်နေသည်။
ရေကူးကန်ဆိုပေမဲ့ အနက်၇ပေလောက်ရှိတာမို့ ရေကြောက်တက်သော သူမအဖို့ ဒီအခြေအနေက စိုးရိမ်ထိတ်လန့်စိတ်တို့အား မြင့်တက်စေသည်။
"မလွှတ် မလွှတ်ချလိုက်နဲ့ ကျွန်မ ရေမကူးတက်ဘူး..."
သူမ အထိတ်ထိတ်အလန့်အလန့်ဖြင့် တောင်းပန်မိကာ အင်္ကျီရင်ဘတ်အစအား အတင်းဆုပ်ထားမိပေမဲ့ ရှင်းခန့်မောင်ကတော့ လူသတ်လိုသောမျက်ဝန်းတို့ဖြင့် အေးစက်ကာခံစားချက်မဲ့နေသော မျက်နှာထားဖြင့်သာ ရှိလို့နေသည်။
မျက်စိအောက်မှ တောင်းပန်တိုးလျှိုးနေသော မိန်းမလှလေး၏ စကားတို့က သူ့အသိစိတ်တို့အား ပြန်လည်မထိန်းကွပ်နိုင်ခဲ့ပါ။တောင်းပန်နေပါသော သံသာညို၏မျက်နှာသည် ဒေါနနှင့်အတူ ပြုံးရွှင်ကြည်နူးနေခဲ့သော ကိုကို့မျက်နှာဖြစ်သွားလိုက်၊သံသာညိုပဲပြန်ဖြစ်လာလိုက်ဖြင့် သူ့အသိစိတ်ထဲရှုပ်ထွေးဝေဝါးလို့နေသည်။
!ရှင်က တစ်ယောက်ထဲကျန်ခဲ့မှာ...!
!ရှင့်ဆီကနေ ဆိုင်းလော့ဒ်က ကျွန်မဆွဲထုတ်သွားမှာ..!
ဟုတ်တယ်။ဒီမိန်းကလေးက ဆိုင်းလော့ဒ်ကို သူ့ဆီကနေ ဆွဲထုတ်သွားတော့မှာ။မဖြစ်ရဘူး။သူ့ဆီကနေ ဆိုင်းလော့ဒ်ကို ဘယ်သူမှယူသွားလို့မရဘူး။ဒါကို သူဟန့်တားရမယ်။ကာကွယ်ရမယ်။
စိတ်ကတွေးနေတာနှင့်အတူ အင်္ကျီရင်ဘတ်စအား ဆွဲဆုပ်ကိုင်ထားပါသော သံသာညို၏လက်အား သူအားသုံး၍ ဆွဲဖြုတ်ချမိတော့လေသည်။
"ဝုန်း!..."
ရေကန်ထဲသို့ ဝုန်းကနဲပြုတ်ကျသံနှင့်အတူ ရေစက်မှုန်တွေသူ့ဆီသို့ စင်တက်လာသည့်အထိ ထိုနေရာ၌ အသက်မဲ့စွာ ခပ်တောင့်တောင့်ကြီး ရပ်ကြည့်လို့နေမိသည်။သံသာညို၏ ခန္ဓာကိုယ်က ရေထဲသို့ပြုတ်ကျသွားပြီး မြုပ်ချည်ပေါ်ချည်ဖြစ်နေခဲ့သည်။သို့သော် ထိုမြင်ကွင်းအား ရုပ်ရှင်ပိတ်ကားတစ်ခုလိုမျိုး ရပ်ငေးကြည့်နေမိရင်း သူ့စိတ်တွေဗလာဖြစ်လို့နေခဲ့လေသည်။
"ဝုန်း!..."
သံသာညို၏ ခန္ဓာကိုယ်ကြီး အဆုံးထိနစ်မြှုပ်လုဖြစ်နေဆဲမှာပဲ သူ့နံဘေးမှလူရိပ်တစ်ခုဟာ ကန်ထဲသို့ဝုန်းကနဲခုန်ဆင်းသွား၏။နောက်ထပ် ရေမှုန်ရေစက်တွေ သူ့မျက်နှာပေါ်လာစင်တော့မှပဲ သူ့၏ခန္ဓာကိုယ်က ဆတ်ကနဲတုန်သွားရကာ စိတ်နှင့်လူသတိကပ်မိတော့သည်။
!သူ သူ ဘာလုပ်မိတာလဲ...!
!လူထပ်သတ်မိတာလား...!
အတွေးနှင့်အတူ သူ့တစ်ကိုယ်လုံးအေးစက်တောင့်တင်းလာရသည်။
"ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ..."
"ကောင်မလေးတစ်ယောက် ရေထဲကျတာ..."
ခဏတွင်းချင်းမှာ ပါတီထဲမှလူအုပ်ကြီးက ကန်ဘေးသို့စုရုံးရောက်ရှိလို့လာသည်။ခုနက ကန်ထဲသို့ခုန်ဆင်းသွားပါသော နေးလ်သည်လည်း သံသာညိုအားဆယ်၍ ကန်ဘောင်ပေါ်သို့ ပြန်ရောက်နေပြီဖြစ်သည်။တစ်ယောက်တစ်လက်ဝိုင်းဝန်းပြုစုပေးတော့မှ သံသာညိုလည်း ရေများအန်ထုတ်ပြီး သတိပြန်လည်လာခဲ့ပြီဖြစ်သည်။
"ဘာဖြစ်တာလဲ..."
လူကြားထဲတိုးဝှေ့ဝင်လာပြီးမှ ဆိုင်းလော့ဒ်ကသူ့အားမေးသည်။သို့သော် သူပြန်မဖြေနိုင်ပါပဲ ခြေထောက်နားရှိ သံသာညိုနှင့်နေးလ်ကိုသာ မမှိတ်သုန်ကြည့်နေမိသည်။ဆိုင်းလော့ဒ်က အမူအယာပျက်နေသော သူ့အားသတိမပြုမိပါပဲ သံသာညို၏နံဘေး၌ ဒူးတုပ်ထိုင်၍ ပခုံးလေးအားထိန်းကိုင်ပြီးမှ...
"ဘယ်လိုဖြစ်တာလဲ ဘယ်လိုဖြစ်လို့ပြုတ်ကျရတာလဲ..."
ဆိုင်းလော့ဒ်မေးတော့ သံသာညိုက ထိတ်လန့်နေသော မျက်ဝန်းတို့ဖြင့် သူ့ဆီကြည့်လာခဲ့သလို နေးလ်သည်လည်း အံ့သြသောမျက်လုံးတို့ဖြင့် သူ့အားသိသိသာသာကြည့်၍လာခဲ့သည်။
ထိုမျက်ဝန်းနှစ်စုံနှင့် ဆုံလိုက်မိချိန်မှာတော့ သူ့တစ်ကိုယ်လုံးတုန်ယင်လာရကာ အသက်ရှုရတာခက်ခဲ၍လာလေသည်။ခြေထောက်တွေပင် ဒူးမခိုင်တော့ပဲ နေရာမှအငွေ့ပျံပျောက်ကွယ်ချင်စိတ်တို့သာ ဖြစ်ပေါ်၍လာလေတော့သည်။
~~~~~