အပိုင်း ၂ - ဝတ္ထုထဲ ကူးပြောင်းသွားခြင်း။ (၂)
မန်နေဂျာသည် ရပ်သွားပြီး မယုံကြည်နိုင်ပုံနှင့် မေးလိုက်သည်။
"...မင်း ဘာပြောလိုက်တာလဲ?"
သူ၏အမြင်တွင် ကုမ္ပဏီရှိလူတိုင်း အလုပ်ထွက်နိုင်သော်လည်း ယဲ့ချင်းသည် ထိုသို့မလုပ်ဟု သူ အသေအချာပြောနိုင်သည်။
သူသည် အလုပ်ခွင်ထဲတွင် ဆယ်စုနှစ်များစွာရှိနေခဲ့ပြီး မရေမတွက်နိုင်လောက်သော ဝန်ထမ်းများစွာကို တွေ့မြင်ခဲ့ရသည်။
သူ၏ တပါးသူအပေါ် အကဲဖြတ်ခြင်းသည် ပြီးပြည့်စုံသောအဆင့်တွင်ရှိသည်ဟုတောင် ချီးမြှောက်ခြင်းခံရသည်။
တချို့သောသူတို့သည် ရည်မှန်းချက်ကြီးကြသည်။ သူတို့၏ အရည်အချင်းနှင့် လုပ်နိုင်စွမ်းတို့နှင့် ကိုက်ညီသော ဆက်ဆံမှုမရရှိပါက ရိုးရှင်းစွာပင် အလုပ်ပြောင်းလိုက်ကြမည်ဖြစ်သည်။
ယဲ့ချင်းသည် နောက်အုပ်စုတွင် ပါဝင်သည်။ သူမသည် အလုပ်ကြိုးစားကာ သူမ၏ ရာထူးနေရာလေးတွင် တာဝန်ကိုကျေပွန်စွာ လုပ်တတ်ပြီး အတိတ်မှ ကြင်နာမှုများကိုလည်း တန်ဖိုးထားတတ်သည်။
သူမလို ပုဂ္ဂိုလ်သည် အတည်တကျ တစ်နေရာကိုရှာတွေ့ပါက ထိုနေရာမှ တုတ်တုတ်မျှလှုပ်မည်မဟုတ်ပေ။
လွန်ခဲ့သောနှစ်များက ယခုထက်ပိုအလုပ်များသောအချိန်များတွင် ယဲ့ချင်းသည် အလွန်ပင်ပန်းပြီး အစာအိမ်အနာမှ သွေးများပင် ထွက်ခဲ့သည်။ သို့သော် သူမသည် အလုပ်သို့ ရအောင် သွားခဲ့သေးသည်။
သို့သော် ယခုတွင် သူမသည် မေ့လဲခဲ့ပြီး ဆေးရုံသို့ရောက်ခဲ့သည့်တိုင် ဆရာဝန်ဘက်မှ သူမသည် အဆင်ပြေသည်ဟု ပြောခဲ့သည်။ မည်သို့ကြောင့် အလုပ်ထွက်မည်ဟု ပြောရက်သနည်း။
ကုမ္ပဏီဘက်မှ ယဲ့ချင်းကိုပေးသောလစာသည် မနည်းပေ။ သူမ၏စုငွေတို့ကို အိမ်ဝယ်ရန်နှင့် ပြင်ဆင်ရန် သုံးခဲ့သည် မဟုတ်ပါလော။
အလုပ်ထွက်သော် သူမသည် မည်သည့်နေရာမှ ပိုက်ဆံရမည်နည်း။
ယဲ့ချင်းသည် လေသံမပြောင်းဘဲနှင့် တဖန်ထပ်ပြောခဲ့သည်။ "ကျွန်မပြောတာက ကျွန်မ အလုပ်ထွက်တော့မယ်လို့။" သူမ၏မျက်ဝန်းတစ်စုံသည် ပြုံးနေသော လခြမ်းလေးလိုပင် ကွေးတက်သွားသည်။
သူမနှင့် တစ်ခန်းတည်းကျသော လူအိုကြီးသည် ဆရာဝန်၏ရုံးခန်းမှ ပြန်ရောက်လာသည်။ သူမ၏ အပြုံးကိုတွေ့သော် သူ၏စိတ်အစုံသည် လွတ်ထွက်သွားပြီး ထိုနေရာ၌ပင် သတိလက်လွတ်ဖြစ်သွားသည်။
ယဲ့ချင်းတွင် ရပ်သပ်ရှုမောဖွယ်ခန္ဓာကိုယ်မရှိပေ။ သူမ၏အလှသည် ရိုးစင်းသည်။
သို့သော် ယခုသူမ၏ အပြုံးသည် ဆောင်းဦး၏နေရောင်ခြည်ပမာ နွေးထွေးလှ၏။ ၎င်းသည် နောက်ဆုံးတွင် လုံလောက်သည့် နွေးထွေးမှုရရှိပြီးနောက် ကန်ရေပြင်ပေါ် တိတ်တဆိတ်နှင့် ဖူးပွင့်လာသော နှင်းပန်း*လိုပင်။
တစ်ဘက်၌ မန်နေဂျာသည် နောက်ဆုံးတွင် တုံ့ပြန်လာပြီး သူမကို စတင်နားချတော့သည်။
သူ၏ စကားတို့တွင် ဤတစ်ကြောင်းလည်း ပါ၏။
"ဟုတ်တယ်။ ဒီကြားထဲ တအား အလုပ်များတာ၊ ဒါပေမဲ့ တစ်လအတွင်းမှာပဲ ပြီးသွားမှာလေ။"
"မကြာခင်ဘဲ နှစ်ကုန်တော့မယ်။ အခုနေ အလုပ်ထွက်ရင် မင်းရဲ့ နှစ်ကုန်ဘောနပ်စ် မရတော့ဘူးနော်။
တစ်နှစ်လုံး မင်းကြိုးစားခဲ့သမျှ အရာထင်မှာမဟုတ်တော့ဘူး။"
"အခုနှစ်တွေထဲ အလုပ်ရှာရတာ ခက်ကခက်နဲ့။ တခြားအလုပ် ရှာဖို့ဆိုတာ လွယ်မှာမဟုတ်ဘူး။"
"ကုမ္ပဏီက မင်း အလုပ်ကြိုစားတာကိုလည်း သိပြီး နောင်မှာ သေချာပေါက် မင်းကို လစာတိုးပေးလိမ့်မယ်။"
ယဲ့ချင်းသည် နားထောင်နေရင်းနှင့် အနည်းငယ် ပြုံးလိုက်မိသည်။ သူမသည် ဒေါသမထွက်သလို မငြင်းဆန်ခဲ့ပေ။
မန်နေဂျာ၏ လည်ချောင်းသည် ခြောက်ကပ်လာပြီးနောက် ရေသောက်ရန် ခဏနားနေသောအချိန်တွင်မှ သူမ ပြောလိုက်သည်။
"ကျွန်မ အကုန်နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်မလုပ်နိုင်တာမရှိတော့ဘူး။ ကျွန်မ ဇာတိကိုပြန်ပြီး တိုးတက်အောင်လုပ်ဖို့ ဆုံးဖြတ်ထားတယ်။"
မန်နေဂျာသည် ရေကို ထွေးထုတ်မုလုနီးနီးပင်။
ပရောဂျက်လုပ်ဆောင်နေစဉ် ကုမ္ပဏီသည် ဝန်ထမ်းတို့၏ အလုပ်တာဝန်ကို သုံးဆတိုးမြှင့်ခဲ့သည်။ ယခုတွင် ကုမ္ပဏီမှပေးသော လစာနှင့် မတန်အောင် အကောင်းဆုံးလုပ်ပေးခဲ့သော သူတို့၏ ဝန်ထမ်းကောင်းကို ဆုံးရှုံးရပေတော့မည်။
သူ တကယ်ပင် သွေးအန်ချင်မိတော့သည်။
•.•
လဝက်အတွင်းမှာပင် ယဲ့ချင်းသည် ဖွံ့ဖြိုးတိုးတက်ရန်အတွက် မူလပိုင်ရှင်၏ ဇာတိသို့သွားရန် ပြင်ဆင်နေခဲ့သည်။
ပထမဦးစွာ သူမသည် ကုမ္ပဏီသို့သွားကာ အလုပ်ထွက်ရန်အတွက် လုပ်ငန်းစဉ်တို့ကို လုပ်ဆောင်ခဲ့သည်။ ထို့နောက် အင်တာနက်ပေါ်တွင် အငှါးကြော်ငြာတင်ခဲ့သည်။
မူလကိုယ်၏ တိုက်ခန်းသည် နေရာကောင်းတွင်မရှိသော်ငြား ပထမအဆင့်မြို့၏ ငှါးရမ်းခသည် မနည်းနိုင်ပေ။ သူမသည် အိပ်ခန်းနှစ်ခန်းပါ တိုက်ခန်းကို တစ်လတွင် ယွမ်လေးထောင့်ငါးရာနှင့် အငှါးတင်မည်ဖြစ်သည်။
မူလပိုင်ရှင်၏ဇာတိသည် လူသိပ်မသိကြပေ။ ထိုနေရာတွင် သူမ၏ တစ်လဝင်ငွေ ယွမ်လေးထောင့်ငါးရာနှင့် ကောင်းမွန်စွာနေထိုင်ရန် လုံလောက်ပြီဖြစ်သည်။
ယဲ့ချင်းသည် သူမ၏ဘဝအသစ်နှင့် ပတ်သတ်ပြီး အလွန်ကျေနပ်မိသည်။
သူမသည် ခရီးဆောင်အိတ်နှစ်လုံးကို ဆွဲ၍ ကျေးလက်ဒေသသို့ ထွက်ခဲ့တော့သည်။
သူမသည် ဤအကြံကို မူလပိုင်ရှင်၏ မှတ်ဉာဏ်များ လက်ခံရရှိပြီး နောက်တစ်မိနစ်တွင်ပဲ ရခဲ့ခြင်းဖြစ်သည်။
သူမသည် ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းမည့် ချမ်းသာသည့်သူတစ်ဥိး ဖြစ်လာပေလိမ့်မည်။
သူမသည် ကျေးလက်တွင် နေထိုင်ရန် ပထမတန်းစားမြို့၏ ယွမ်လေးထောင့်ငါးရာကို မှီခိုမည်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သူမစားသောက်ရန် လုံလောက်သည့် ငွေပမာဏရှိပြီး စိတ်ပူစရာမရှိပေ။
သူမသည် လူလွတ်ဖြစ်ပြီး လက်ထပ်ရန်နှင့် ကလေးယူရန် အစီအစဉ်မရှိချေ။ ဤကမ္ဘာတွင် သူမသည် အေးဆေးသက်သာစွာ နေထိုင်မည်ပင်။ သူမ၏ရည်ရွယ်ချက်သည် နေ့တိုင်း သူမ အိပ်ယာ ထချင်သည့်အချိန် ထ၍ နေပူစာလှုံကာ ရုပ်ရှင်ဒရာမာများကြည့်ရန်ဖြစ်သည်။
ဝတ္ထုဇာတ်ကြောင်း၏ တာဝန်အတွက်တော့ အားနာပါ၏။ သူမ မမြင်မလိုက်ပေ။
•.•
Notes:
*နှင်းပန်း