နေဝင်ဖျိုးဖျအချိန်...
မှောင်ရိပ်သန်းနေပြီဖြစ်ရာ အိမ်တိုင်းနီးပါး ရေနံဆီမီးခွက်များ ထွန်းညှိထားကြလေပြီ။
မှန်မီးအိမ်လေးထွန်းထားသည့် နှစ်ထပ်ပျဉ်ထောင်အိမ်ကြီး၏ ဧည့်ခန်းတွင်း၌ တယ်လီဖုန်းသံက ကျယ်လောင်စွာမြည်ဟည်းလာသည်။
တယ်လီဖုန်းသံကြောင့် ထမင်းခူးခပ်ပြင်ဆင်နေသည့် ဦးဖိုးဝတုန်တက်သွားရ၏။
တစ်ဆက်တည်းမှာပင် တစ်ဖက်မှဖုန်းခေါ်နေသူက မည်သူမည်ဝါဖြစ်မှန်းသိနေသည့်အခါ ကြောက်လန့်စိတ်က အရိုးထဲထိစိမ့်တက်လာရတော့သည်အထိ။
ဤတယ်လီဖုန်းက ညနေရုံးဆင်းချိန်ကတည်းက လာနေသည်မှာ သုံးလေးကြိမ်ရှိလေပြီ။
စက်ရှင်မင်းကြီးနှင့် စကားမပြောရမချင်း ဆက်နေမည့်သဘောရှိသည်မို့ ဦးဖိုးဝတစ်ယောက် ဘုရားတနေရ၏။
မတတ်နိုင်ပါလေ...
တယ်လီဖုန်းမကိုင်မိပြန်လျှင်လည်း အပြစ်တစ်ခုဖြစ်ချေဦးမည်။
ဦးဖိုးဝ သက်ပြင်းချလိုက်ရင်း တယ်လီဖုန်းခွက်ကို ကောက်ကိုင်လိုက်ကာ
" ဟုတ်ကဲ့ ဖိုးဝပြောနေပါတယ် "
" အေး သားမောင်ရော ပြန်ရောက်ပြီလား "
ထင်သည့်အတိုင်းပင် တစ်ဖက်မှ ဒေါ်အုန်းခင်အသံကို ကြားလိုက်ရ၏။
" အဲ အဲ ဟို ပြန်မရောက်သေးပါဘူး မမခင် "
" ဘာ အခုထိလား "
လေလှိုင်းထဲမှ ဒေါသသံက လွန်စွာအားပြင်းစွာ ရိုက်ခတ်လာ၏။
" ဟုတ် ဟုတ်ကဲ့ "
" နေပါအုံး ရုံးဆင်းချိန်ကဖြင့် အတော်ကြာလို့ မိုးချုပ်နေပြီလေ အခုထိမရောက်သေးတာလား "
" ဟုတ်ပါတယ် မမခင်"
" အရင်ရက်တွေကရော..."
" ဗျာ... "
" ဪ ကဲ ဖိုးဝရယ် မင်းမှာလဲ တုံးအ တတ်ရန်ကော အရင်ရက်တွေလဲ သည်လိုပဲ အိမ်မကပ်ဘူးလား ဘယ်အချိန်မှပြန်လာသလဲ ဒါကိုမေးနေတာ "
" ဟုတ် ဟုတ်ကဲ့ မမခင် "
" ဘာကို ဟုတ်ကဲ့တာလဲ ရှင်းရှင်းပြော "
" ဟိုအရင်ရက်တွေကလဲ ခုနေ့လိုပဲ နောက်ကျမှပြန်လာတယ်လို့ပြောတာပါ "
" အဲဒါကြောင့် ငါဆီ တယ်လီဖုန်းပြန်မဆက်တာလား "
" ခင်ဗျာ "
" အရင်ရက်က သားမောင်ပြန်လာရင် တယ်လီဖုန်းဆက်ဖို့မှာထားတာ ပြန်မဆက်တဲ့ကိစ္စကိုမေးနေတာဟေ့ "
ဦးဖိုးဝ အကျပ်ရိုက်သွားရ၏။
မူးပြီးပြန်လာတတ်သည့် သူ့သားတော်မောင်က တယ်လီဖုန်းဆက်နိုင်ရန်နေနေသာသာ အိပ်ခန်းထဲတန်းဝင်အိပ်ပစ်သည်မဟုတ်ပါလား
ထိုအကြောင်းကိုပြောလိုက်ရင်လည်း ပိုဆိုးလာရန်သာရှိမည်မို့ ပြောမည့်စကားတို့ကို ကျိတ်မှိတ်မျိုချလိုက်ရင်း
" ဟုတ်ပါတယ် မင်းကြီးက အင်မတန်အချိန်လင့်မှ ပြန်ရောက်တာနဲ့..."
" ဗုဒ္ဓေါ နောက်ကျတာက ဘယ်အချိန်ထိမို့လဲ ဘယ်လောက်ကြာပြီလဲ "
တစ်ဖက်မှ ဒေါ်အုန်းခင်က စစ်စစ်ပေါက်ပေါက် မေးလာလေပြီ။
" ဟို ဟို သက်ကြီးခေါင်းချချိန်လောက်တော့ ပြန်ရောက်ပါတယ် အိမ်ပြန်နောက်ကျတာ တစ်ပတ်လောက်ပဲရှိပါသေးတယ် မမခင် "
(သက်ကြီးခေါင်းချ= ည10ချက်တီးခန့်အချိန် )
" ဪ အေး တော်သေးသားပဲ "
" ဟုတ်ကဲ့ "
" ဘာဟုတ်ကဲ့တာလဲ "
မမခင်အသံက လေလှိုင်းထဲမှပင် အတော်မာကျောနေ၏။
သားလူပျိုအိမ်ပြန်မရောက်သေးသည့် ကိစ္စအတွက် အတော်စိတ်တိုနေပုံပါပင်။
" အဲ အဲ မဟုတ်ကဲ့ပါဘူး မမခင် "
" ဖိုးဝ! "
" ဗျာ မမခင် "
" ငါတို့ မင်းကို ဘာအတွက် ထည့်လိုက်တာလဲ "
" ဟို ဟို မင်းကြီးကိုစောင့်ရှောက်ဖို့ပါ "
" အေး သိတော့သိသေးသားပဲ "
" ဟုတ် ဟုတ်ကဲ့ သိပါတယ် မမခင် "
လေလှိုင်းထဲမှ ထေ့ထေ့ငေါ့ငေါ့စကားသံများအကြား ဦးဖိုးဝ အသက်ပင်ရဲရဲမရှူရဲတော့...
တစ်ဖက်အသံကိုလည်း သတိဖြင့်နားစွင့်နေရသေး၏။
" အေး သားမောင်ရဲ့ ခြေလှမ်းတွေအားလုံးကို ငါ့ဆီအကြောင်းကြားဖို့ ငါ ပြောမထားပေဘူးလား ဟမ် "
" ပြော ပြောထားပါတယ် မမခင် "
" အေး အဲဒါ ငါ့ကိုဘာလို့ အကြောင်းမကြားတာလဲ "
" အဲ အဲဒါက ဟို...ဟိုဒင်း "
" ကဲ တော်တော့ သည်ကနေ့ သားမောင်ပြန်ရောက်တာနဲ့ ငါ့ဆီ တယ်လီဖုန်းပြန်ဆက်လိုက် "
" ဟို အချိန်လင့်"
" အမလေးဟယ် တကတည်းမှပဲ ဘယ်အချိန်ဖြစ်ဖြစ်ဟေ့ တယ်လီဖုန်းသာဆက် ငါလဲ မကြာမကြာဆက်နေမယ် ကြားလား "
" ဟို ဟု "
ဒေါ်အုန်းခင် မိမိပြောချင်သည်ကို ပြောပြီးပြီးချင်း တစ်ဖက်မှစကားသံကို မစောင့်တော့ဘဲ တယ်လီဖုန်းခွက်ကို ဂွက်ခနဲချပစ်လိုက်သည်။
" တကတည်းတော် စောင့်ရှောက်ဖို့ ထည့်လွှတ်လိုက်ပါတယ် စိတ်ကိုမချရဘူး သန်းခေါင်းယံကြက်တို့၊ လင်းကြက်တို့တွန်တဲ့အချိန် ပြန်မရောက်မှ အကြောင်းကြားမလား မသိဘူး ဟင်း "
ဒေါ်အုန်းခင် နှုတ်မှ မကျေမနပ်ရေရွတ်ရင်း ဧည့်ခန်းမှ စတီခုံပေါ်ထိုင်ချပစ်လိုက်၏။
အခုတလော သားဖြစ်သူကို စိတ်ထဲသိပ်မတွေ့ပါလေ...
သုံးလေးရက်တစ်ကြိမ် တယ်လီဖုန်းပြောနေကျ သားဖြစ်သူက သူ(မ)ဆီမဆက်သွယ်သည့်အပြင် သူ(မ)ဆက်သွယ်ချိန်တိုင်းလည်း အိမ်တွင်ရှိမနေ...
အမှန်ဆိုပါက ဒေါ်အုန်းခင်ဖုန်းဆက်ချိန်က ရုံးဆင်းပြီးအချိန်အတော်ကြာမှဖြစ်ရာ သားဖြစ်သူ အိမ်တွင်ရှိသင့်ချိန်ဖြစ်၏။
ပထမက သံသယများတတ်သူပီပီ စိတ်ထဲအတန်ငယ်ထင့်သွားမိသော်လည်း လူငယ်ဖြစ်၍ အပေါင်းအသင်းအချို့ကြောင့် ခဏတစ်ဖြုတ် အပြင်ဘက်တွင်ရှိနေခြင်းဟုသာ တွေးထားမိလိုက်သည်။
ယခုတော့ ထိုသို့ဟုတ်ဟန်မတူပါလေ...
သားမောင် ခြေလှမ်းပျက်နေသည်မှ သိသိသာသာကိုပျက်ယွင်းနေလေပြီ။
ယခင်ရက်များကလည်း ဝေဝေလေးနှင့် အနေနီးစပ်သွားလေမလားဟု သားဖြစ်သူက ဖိအားပေးကာ ဧည့်ကြိုခိုင်းလိုက်သော်လည်း ထူးခြားလာဟန်မတူပါ...
သည့်ထက်ထူးလာဖို့ကလည်း ဝေဝေလေးနှင့် တစ်ခန်းတည်းထည့်ထားရန်သာ ကျန်တော့လေသည်။
သားဖြစ်သူကလည်း ခင်ခင်ဝေကို ညီမငယ်တစ်ဦးအဖြစ်သာ လက်ခံနိုင်ကြောင်းနှင့် မည်သို့မှ လက်မဆက်နိုင်ဟု ယတိပြတ်ပြောထား၍အခက်တွေ့နေရခြင်းသာ...
မတော်၍အတင်းပေးစားမှ မတော်မရာလျှောက်လုပ်ပါက အရှက်ရ၍မျက်နှာပျက်ရာမည်မှာ မိမိတို့သာမို့ အသာငြိမ်နေရ၏။
အဖက်ဖက်ကပြည့်စုံသည့် ခင်ခင်ဝေကဲ့သို့ မိန်းကလေး၏ ဂုဏ်သိက္ခာကြောင့်သာမဟုတ်ပါလျှင် သူ(မ)အမှန်ပင် တဇွတ်ထိုးပေးစားပစ်၏။
ဘူးဆို ဖရုံမသီးသည့်သားဖြစ်သူ၏ အကျင့်စရိုတ်ကိုသိနေ၍လည်း ရှေးတိုးရခက်၊ နောက်ဆုတ်ရခက်ဖြစ်နေရလေသည်။
ဝေဝေဆိုမှ အခုတလောလည်း ဝေဝေလေးတစ်ယောက် အိမ်ကိုမလာတာပင် အတော်ကြာလေပြီ။
သားဖြစ်သူ၏စနက်ကြောင့် မဟုတ်ပါလေနှင့်ဟုပင် ဆုတောင်းရမည်သာ...
သို့တစေ သူ(မ)သဘောတွေ့သည့် မိန်းကလေးကလည်း ခပ်ရှားရှား။
ရုပ်ရည်၊ ပညာ၊ စည်းစိမ်အဖက်ဖက်ပြည့်ဝသည့် အမျိုးသမီးကောင်းလေးများကိုတွေ့တိုင်း သားမောင်၏ လက်တွဲဖော်အဖြစ်စိတ်ကူးယဉ်ရသည်ကလည်း အမောပင်...
ဟင်း ခက်သည်။
သည်သားတစ်ယောက်တည်းနဲ့တော့ ခက်ချေပြီ။
ဘိလပ်က မိန်းမတွေကို စိတ်မဝင်စားခဲ့၍ စိတ်အေးခဲ့ရသော်လည်း အခုမှပူလောင်လာရ၏။
သူကြားဖူးသည့် တရားထဲကလို ဗြဟ္မာ့ဘုံကလာ၍များ သားမောင်တစ်ယောက် တဏှာရာဂများ ကုန်ခမ်းနေသလား...
33နှစ်ကျော်အရွယ်က အရွယ်အတော်ထောက်၍ လူပျိုပင်တစ်စိတ်ဟိုင်းနေလေပြီ။
ဤအသက်အရွယ်က မိန်းမပျိုတစ်ဦးနှင့်လက်ဆက်ကာ သားသမီးများပွားစီးသင့်နေသည့် အရွယ်ပင်။
သူ(မ)တို့ မသေခင် မျိုးဆက်အဖြစ်မြေးလေးတော့ ချီချင်မိသေး၏။
ယမန်နေ့ကပင် ဘိုင်စကုပ်သွားကြည်ကြရင်း စိန်ပွဲစား မသောင်းတင်ထံမှ အကြွားခံလိုက်ရသေး၏။
သူ့သားတော်မောင် သစ်တောဝန်ထောက်မင်းက ကလေးနှစ်ယောက်ရနေကြောင်း သွားရေကျခမန်းပြောနေသည်ကို ဒေါ်အုန်းခင်တစ်ယောက် ပါးစပ်ဟောင်းလောင်းလေးဖြင့် နားထောင်လာခဲ့ရသည်။
ဒေါ်အုန်းခင်လည်း သည်လိုမျိုးတော့ကြွားချင်သား...
အရာရာမသိမ်ငယ်ရသည့် မိမိတို့ဘဝတွင် သွေးသားရင်းချာ အိမ့်ဆည်းလည်းလေးတော့ လိုအပ်နေခဲ့သည်မှာအမှန်...
မသောင်းတင်က သူကိုယ်တိုင်ကြွားရုံဖြင့် အားမရသေး...
မအုန်းခင်ဘက်ကိုပါလှည့်ကာ
" ခင်ခင့်သားကိုလဲ ကြင်ဖက်လေးဘာလေးရှာပေးအုံးလေတော့် တစ်ဦးတည်းသောသားရယ်လို့ သိပ်ဥမထားနဲ့နော့ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်တဲ့ "
ဤသို့ဤနှယ် စောင်းစောင်းချိတ်ချိတ်လေး စကားတင်သွားခဲ့သေးသည်မဟုတ်ပါလား..
" မဥရပါဘူးရှင် သားတော်မောင်က ကြေးများနေလို့ မသောင်းရဲ့ တစ်နေ့နေ့ပေါ့ရှင် "
ပြောသာပြောရသည်။
ဒေါ်အုန်းခင်ရင်ထဲ မခံချင်စိတ်တော့ဖြစ်မိသား...
မိမိသားက မသောင်း၏သားထက် မည်သည့်နေရာကမှ နည်းနည်းလေးပင်အောက်ကျမနေ...
ဥစ္စာချင်းတူသည်ထားဦး...
ရုပ်ရည်၊ ပညာက မသောင်း၏သားထက်ပင် သာသေး၏။
ထို့ပြင် မိမိသားက မစွမ်းဆောင်နိုင်သည့်သူမျိုးလည်းမဟုတ်...
ဖျတ်ဖျတ်လတ်လတ်ဖြင့် ကျန်းမာသန်စွမ်းသည့်အရွယ်ကောင်းလေး
အိုး လက်ဖက်ကောင်းစားလိုလျှင် ပလောင်တောင်တက်နှေးရသတတ်...
ဒေါ်အုန်းခင်မှာ သည်လိုပဲဖြေသိမ့်လိုက်ရပါ၏။
အမရာ၊ ကိန္နရီ၊ မဒ္ဒီ၊ သမ္ဗူလနှယ် နှိုင်းယှဉ်အပ်မဲ့ မိန်းမကောင်း၊ မိန်းမမြတ်ကို သားတော်မောင်ရှာနေတယ်ထင်ပါရဲ့လေ...
သို့တည်းမဟုတ် သားမောင်က လက်မထပ်ဘဲ သည်အတိုင်းများ နေသွားတော့မလို့လား...
အခန့်မသင့်ပါက သာသနာ့ဘောင်ပင်ဝင်သွားနိုင်၏။
အလိုလေး မဖြစ်
သည်လိုတော့ မဖြစ်ပါချေ...
ထိုအတွေးတို့ဖြင့် ဒေါ်အုန်းခင်တစ်ယောက် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေရင်းမှ အကြံအိုက်နေရလေသည်။
စိတ်ထဲမကျေနပ်ချက်များက အနားရှိ အေးအေးလူလူ ဆေးတံဖွာနေသည့်လင်တော်မောင်ထံ တစ်ဖန်ကျရောက်သွားပြန်၏။
" တော်ကြီးပဲကောင်းတယ် "
ဦးစံမောင်က ဆေးတံကိုဖွာရှိုက်ရင်းမှ ဒေါ်အုန်းခင်ကို စိုက်ကြည့်လိုက်ရင်း
" ဟောဗျာ ကိုစံမောင် ဘာလုပ်လို့တုံး "
" အဲသည် ဘာမှမလုပ်လို့ပြောနေရတာပေါ့ အဲလိုကြီးထိုင်နေတာကိုက မဟုတ်သေးတာရှင့် "
" ကိုင်း ပြော ဒါဖြင့် ဘာလုပ်ရမတုံး "
ဒေါ်အုန်းခင်ကလည်း မျက်နှာကိုမဲ့ရင်း ရှိသမျှဒေါသကို ဦးစံမောင်ထံ အပြစ်ပုံချဖို့ပြင်သည်။
" ရှင့်သားအသက်က သုံးဆယ်တောင်စွန်းနေပြီသိလား ကလေးတင်မဟုတ်ဘူး မြေးပါယူလို့ရတဲ့အရွယ်ရှင့် မငယ်တော့ဘူးသိလား အခုများတော့ ကြင်ဖက်တောင်မရသေးဘူး "
" ဪ စောပါသေးတယ် အမေကြီးရယ် ဟိုစကားကို မင်းမကြားဖူးဘူးလား အသက်50ကျော်မှ လူ့ဘဝကစတာတဲ့ "
" ကဲ ကြည့် စကားကို ပေါက်တက်ကရ ပြောနေတယ်
အသက်လေးဆယ်ကျော်မှ ဘဝစတယ်ပဲကြားဖူးပါတယ် သူ့ကျမှပဲ "
" ဘယ်သူဘယ်အချိန်စစကွာ ငါက အခုငါးဆယ်ကျော်ဆိုတော့ ငါးဆယ်မှပဲ ဘဝစတယ် ကိုင်း ဘာပြောချင်သလဲ "
ဦးစံမောင်က စနောက်လိုက်သော်လည်း ဇနီးသည်က ပျော်ရွှင်ဟန်မတူ။
" တွေ့လား တွေ့လား မဟုတ်တာပဲချော်ပြောနေပြန်ပြီ တကတည်း ရှင်ကိုယ်က နေစိမ့်နိုင်လွန်းလို့ပြောနေတာရှင့် ဘယ့်နှယ်တော် ကိုယ့်သွေးသားရယ်လို့ ပူပူပင်ပင်ကို မရှိဘူး "
" ဪ အမေကြီးရယ် စိတ်အေးအေးထားစမ်းပါ သားမောင်က အရွယ်ရောက်ပြီးသား ကိုယ့်ကိုယ်ကိုယ်ထိန်းနိုင်တဲ့ ပညာတတ်ပါကွ "
" အိုး ဒါကဒါပဲ ပူတာက ပူရတာပဲရှင့် အတတ်ကျူး အရူးဖြစ်သတဲ့ လည်လွန်းတဲ့ဘီး ချီးသင့်တယ်ဆိုတာ ရှင်လဲ အကြားဖူးသားပဲ မဟုတ်လား "
" အေး ငါကတော့ ကြံကြောက် လှည်းအောက်မအိပ်ရဆိုတာလဲ ကြားဖူးတယ်ဟေ့ မင်းဟာက မိုးပြိုမှာကြောက်လို့ ခြေနှစ်ချောင်းမြှောက်နေတယ်ဆိုတဲ့ တစ်တီတူးလိုဖြစ်နေပြီဟ "
" ဒါကတော့ မိုးမပြိုဘူး ပြိုခဲ့သည်ရှိသော်ပေါ့ရှင် အမလေး ရှင်တို့ယောက်ျားတွေကိုက အေးစက်စက်နိုင်လွန်းကြတာပါ "
လက်တခါခါ ခေါင်းတခါခါဖြင့် ပြောနေသည့် အိမ်သူသက်ထားကိုကြည့်ရင်း ဦးစံမောင် စိတ်မောရပါ၏။
" မေမေကြီး ထမင်းစားလို့ရပါပြီ "
ထိုအချိန်မှာပင် ဒေါ်အုန်းခင်တို့ ရွာဘက်မှခေါ်လာသည့် မိပုက ခပ်ရို့ရို့ကလေးလာခေါ်၏။
" အေးအေး လာတာပေါ့ကွယ် "
ခေါင်းလေးငုံ့ကာ မဝံ့မရဲလှမ်းကြည့်နေရှာသည့် ကလေးမလေးကို ဦးစံမောင် စကားပြန်လိုက်ရ၏။
" ကောင်းလိုက်တာ တော်ပဲစားဝင်နေ "
" နို့ မင်းကရော မစားတော့ဘူးလား "
" အိုး စားမှာပေါ့ "
ဆက်ကော့လက်ကော့ဖြင့် ထမင်းဝိုင်းဆီ ထထွက်သွားသည့်မဟေသီကိုကြည့်ရင်း ဦးစံမောင်ပြုံးလိုက်မိပါ၏။
မင်းနဲ့တော့ ခက်သားပဲ ခင်ခင်ရယ်
>>>>> အမောင် <<<<<
ညဆယ်နာရီခန့်အချိန်
ပုသိမ်မြို့လေးကား ညဥ့်အမှောင်ထဲ အိပ်မောကျနေလေပြီ...
ကားလမ်းမထက်၌လည်း လူသူအသွားအလာ အလွန်ကြဲပါးနေကာ ကားတစ်စီးစ နှစ်စီးစသာ တွေ့ရ၏။
အများအားဖြင့် မြို့သူမြို့သားအားလုံးနီးပါး ကိုယ်စီအိမ်ထဲဝင်ကာ မိသားစုစကားဝိုင်းကို တိုးတိုးတိတ်တိတ်ပြော၍လည်းကောင်း၊ မီးမှိတ်ကာအိပ်စက်၌လည်းကောင်း ရှိနေကြလေသည်။
Cadillac အဖြူလေးက ကားလမ်းမကိုဖြတ်၍ ခြံတံခါးပိတ်ထားသည့် ကျယ်ဝန်းသည့်ခြံရှေ့၌ထိုးရပ်သွားကာ ဟွန်း တရစပ်တီးလိုက်၏။
ကားဟွန်းသံကြောင့် မှောင်မဲနေသည့်နှစ်ထပ်အိမ်ကြီးထဲမှ လက်ဆွဲမီးအိမ်ရောင်လေး ထွက်ပေါ်လာပြီးနောက် များမကြာမီ အိမ်ထဲမှ လူကြီးတစ်ယောက်ထွက်လာကာ ခြံတံခါးကိုလာဖွင့်ပေးလေသည်။
ထို့နောက် ကားဖြူလေးက ခြံထဲအထိမောင်းဝင်ကာ နှစ်ထပ်အိမ်ကြီး၏ အိမ်ရှေ့ဘက်၌ တိခနဲရပ်သွား၏။
ဦးဖိုးဝတစ်ယောက် ခြံတံခါးကိုအမြန်ပိတ်ကာ ကားထဲမှဆင်းလာသူကို လက်ဆွဲမီးအိမ်ဖြင့် အပြေးအလွှား လမ်းပြလိုက်ရပြန်သည်။
သေရည်အိုးထဲဝင်လာရော့သလား မှတ်ရလောက်အောင်ပင် ကားပေါ်မှဆင်းလာသူဆီမှ သေရည်နံ့တို့ထောင်းထောင်းထနေကာ ခြေလှမ်းတို့ကလည်း ဘယ်ညာယိုင်ထိုးနေလေ၏။
ဦးဖိုးဝ တွဲမည်ပြုသည့်အခါ အနှီလူငယ်က မျက်လုံးတို့ကို မှေးစင်းကြည့်ရင်းမှ လက်ကာပြကာ အာလေးလျာလေးဖြင့်
"နေနေ ဦးကြီးဖိုးဝ အေ့ ကျွန်တော့်ဘာသာ သွားမယ် "
လူကိုအတွဲမခံဘဲ သိုင်းကွက်နင်းကျခြေလှမ်းတို့ဖြင့် ယိုင်တိယိုင်တိုင်သွားနေသူကိုကြည့်ရင်း ဦးဖိုးဝ သက်ပြင်းပူပူတစ်ချက်ကိုသာ မှုတ်ထုတ်လိုက်မိ၏။
လင်းမောင်ဆိုသည့် အနှီကောင်ငယ်လေး ငယ်စဉ်ကတည်းက ဦးဖိုးဝကိုယ်တိုင်ထိန်းကျောင်းခဲ့ရသည်မို့ သံယောဇဉ်ရှိပါသည်။
ငယ်ရွယ်သော်လည်း ပညာတတ်၊ သဘောကောင်းမနောကောင်းလေးမို့ တကယ့်အဖိုးတန်လေးပင်...
သမီးရှင်များ မျက်စိကျသည်မှာလည်း အပြစ်မဟုတ်ချေ။
အနှီလူငယ်က အရာရာပြည့်စုံနိုင်လွန်းသည့် ခြောက်ပစ်ကင်းသဲလဲစင်လေး မဟုတ်ပါလား...
ယခင်ကဖြင့် သေရည်ကို လုံးဝမသောက်တတ်သော်ငြား ယခုတလော နေ့စဉ်မူးပြီးမှပြန်လာတတ်လေသည်။
သည်ကလေး ဘယ်လိုများ ဖြစ်ရပါလိမ့်...
ကိုလင်းမောင် ဧည့်ခန်းထိုင်ခုံပေါ်အရောက် စားပွဲပေါ်မှ တယ်လီဖုန်းလေးက ထမြည်လာပြန်၏။
" ဟဲလို မမခင် "
" အေး သားမောင်ရောက်ပြီလား "
ထင်သည့်အတိုင်း ဒေါ်အုန်းခင်ထံမှဖြစ်သည်။
ယခုအထိ မအိပ်သေးဘဲ လှမ်းဆက်နေပုံကိုထောက်ပါက ယနေ့မှတယ်လီဖုန်းမပြောရလျှင် ပုသိမ်အထိလိုက်လာမည့်ပုံပင်။
အနားမှ ခေါင်းငိုက်စိုက်ကျနေသူကိုကြည့်ရင်း ဗျာများရသူက ဦးဖိုးဝပင်။
မရောက်သေးပါပြော၍လည်း မဖြစ်။
ရောက်ပြီဆိုပြန်လျှင်လည်း ထိတ်တိုက်တွေ့ချေတော့မည်။
မတတ်နိုင်တော့ပါလေ
လာမည့်ဘေး ပြေးတွေ့ရုံသာ...
" ဟုတ် ဟုတ်ကဲ့ ရောက်ပါပြီ "
" ဒါဖြင့် သူ့ကိုဖုန်းပေးလိုက်စမ်းကွယ် "
" မင်းကြီး မင်းကြီး မမခင်ပါ "
ဖုန်းခွက်ကလေးကိုထိုးပေးရင်း အကျိုးအကြောင်းပြောသည့်အခါ ကိုလင်းမောင်က မျက်မှောင်ကြုတ်ရင်း မေမေလားဟုဆိုကာ ဆွဲယူသွား၏။
ဖုန်းခွက်ကိုသာ ဆောင့်ဆွဲလိုက်သည်မို့ ဖုန်းအောက်ခံခွက်ကပါ ယိုင်ထိုးကျလာရာ ဦးဖိုးဝ မနည်းဆွဲဖမ်းကာ ကိုင်ပေးလိုက်ရ၏။
" မင်္ဂလာပါ မာတာမိခင် ကျေးဇူးရှင် အေ့ သားရဲ့မေမေ ချစ်တဲ့မွေးမေမေ အေ့"
" ဟဲ့ သားမောင် ဘာဖြစ်နေသလဲ "
" ဘာဖြစ်...အေ့ မေမေ့သား ဘာမှမဖြစ်ဘူး "
ကိုလင်းမောင်က ဖုန်းဖြေရင်း လက်ကပါ တကာကာဖြင့်လုပ်နေပြန်၏။
ချက်ဆိုနားခွက်က မီးတောက်သည့် ဒေါ်အုန်းခင်က မမြင်ရပါဘဲလျှက် သားဖြစ်သူလေသံဖြင့်ပင် မူးနေသည်မှန်း တပ်အပ်သိသွားလေပြီ။
" ဟင် လင်းမောင် မင်း အဲသည်အရည်တွေ သောက်လာတယ်ပေါ့လေ ဟုတ်လား "
" အရည်မဟုတ်ဘူး မာတာမိခင်ရဲ့ အေ့ နာမည်ရှိတယ် ဘာတဲ့ ဝီစကီ၊ ဘရန်ဒီ အေ့ ပြီးတော့ ရှန်ပိန်၊ ဝိုင်တဲ့ အေ့"
"ဟေ့ လင်းမောင် ငါ မင်းကို သေရည်နာမည်တွေပြောခိုင်းနေတာ မဟုတ်ဘူးကွ ဘာလဲ မင်းက စက်ရှင်တရားသူကြီးမင်းမဟုတ်ဘဲ ယစ်မျိုးဝန်လုပ်တော့မလို့လားဟမ် "
တစ်ဖက်က ရွဲ့ပြောနေသည့်တိုင် ကိုလင်းမောင်တို့က လက်ညှိုးတထောင်ထောင်ဖြင့်
" ကောင်းတယ် မာမီမားသားအကြံ တအားကိုကောင်းတယ် အေ့ အဲသည်လိုလုပ်ရမှာ သိပ်တော်တယ် အေ့ ရိုတ်ထ် မာမီ ယူအာရိုတ်ထ် "
ကိုလင်းမောင်က မူးနေ၍ ဘိုလိုပါရောကုန်၏။
" ငလင်းမောင် မင်း....မင်းကွာ မအေဖအေတွေမျက်ကွယ်မှာ ဖြစ်ချင်တိုင်းဖြစ်နေသလား ဟမ် "
တယ်လီဖုန်းထဲမှ ဒေါ်အုန်းခင်အသံကား မကြာမီပေါက်ကွဲတော့မည့် ဗုံးတစ်လုံးအလား အလွန်အမင်း ဒေါသထွက်နေဟန်ပင်။
ကိုလင်းမောင်ကတော့ ပေါက်ကရသာ လျှောက်ဖြေနေဆဲ။
" နိုး နိုး မာမီမားသား အေ့ နိုး နိုး ဖြစ်ချင်တာတွေ မဖြစ်ရလို့သောက်နေတာပါ အေ့ "
" တောက် လင်းမောင် "
" ဗျာ ဗျာ အေ့ မေမေ "
" မင်းကွာ...ဘာလို့ သည်လောက်သောက်ထားရသလဲ ညဘက်ကြီးမို့သာပဲ ဟင်း ပတ်ဝန်းကျင်ကြားမှာစိုးလို့ ငါ အင်မတန်ထိန်းနေတာနော် "
ဒေါ်အုန်းခင်အသံက အမှန်တကယ်ပင် မနည်းထိန်းချုပ်နေရပုံက အတိုင်းသား...
ဦးဖိုးဝတစ်ယောက် သားအမိနှစ်ယောက် ပြောနေပုံကိုကြည့်ရင်း ဘုရားတနေရ၏။
" ဟမ် အဲသည်လိုမဖြစ်ဘူးလေ အေ့ မပေါ့မပါးလွယ်မထားရဘူး မာတာမိခင်ရဲ့ "
" ဘာ...! "
" ကျန်းမာရေးဆိုတာ ချုပ်မထားရဘူး မေမေရဲ့ အေ့သွား...သွား သန့်စင်ခန်းဝင်စရာရှိ ဝင်လေ အေ့ သားက နားလည်ပါတယ် သွား...သွား အေ့ "
ကိုလင်းမောင်ကလည်း မူးနေသည်မို့ သူထင်ရာစွတ်ပြောနေတော့သည်။
" မင်း...မင်းတော့ကွာ တော်စမ်း တော်တော် လင်းမောင် အမလေး အမလေး သွေးတက်လိုက်တာဟဲ့ ဖိုးဝရေ ဖိုးဝ အနားမှာရှိသလား "
တယ်လီဖုန်းနားတွင် အသင့်အနေအထားဖြင့် ရပ်နေသည့်ဦးဖိုးဝ လေလှိုင်းထဲမှအသံကြောင့် ကပျာကယာအကြောင်းပြန်လိုက်ရ၏။
" ဟုတ် ဟုတ်ကဲ့ ကျွန်တော်ရှိပါတယ် မမခင် "
" အေး အဲသည်ကောင်လင်းမောင်ကို အိပ်ရာထဲတွဲပို့လိုက်စမ်းတော့ အလိုလေး ငါ့ဇက်ကြော ဟဲ့ ကြားလား "
" ဟုတ်ကဲ့ ဟုတ် ကြားပါတယ် မမခင် "
တစ်ဖက်မှ တယ်လီဖုန်းချသွားသံကြားမှ ဦးဖိုးဝ အသက်ကိုဖြောင့်ဖြောင့်ရှူရဲတော့၏။
တတိယကမ္ဘာစစ်ကြီးဖြစ်တော့မလားမှတ်ပေမဲ့
အခုလောက်နဲ့ ငြိမ်းချမ်းသွားလို့ တော်ပါသေးရဲ့ ...
ဖုန်းကျသွားသည်နှင့် ထိုင်ခုံပေါ်တွင်မျက်လုံးများ မှိတ်စင်းနေသည့် ကိုလင်းမောင်ကို အသာတွဲလိုက်ရသည်။
" ဦး...ဦးကြီး ရတယ် အေ့ ကျွန်တော်ရတယ် "
လက်သာတွင်တွင်ခါပြီး အိပ်ခန်းထဲယိုင်ထိုးထိုးဖြင့် ထသွားသည်မို့ ဦးဖိုးဝတစ်ယောက် နောက်နားမှမသိမသာ ကပ်လိုက်ရင်းဟန်ချက်ထိန်းပေးနေရ၏။
ခုတင်ပေါ်ရောက်သည်နှင့် ကိုလင်းမောင်က နှစ်နှစ်ခြိုက်ခြိုက် တန်းအိပ်ပျော်သွားတော့သည်။
အိပ်ပျော်သွားသည့် ကိုလင်းမောင်ကို ချည်စောင်အပါးတစ်ထည်လွှမ်းခြုံပေးလိုက်ကာ အသင့်ထောင်ထားပြီး အပေါ်အမိုးဆီခေါက်တင်ထားသည့် စစ်ခြင်ထောင်အစိမ်းလေးကိုပါ ဆွဲချထားပေးလိုက်၏။
အားလုံးပြီးစီး၍ အခန်းထဲမှထွက်မည်ပြုခိုက် ကိုလင်းမောင်ထံမှ အသံခပ်သဲ့သဲ့ကြားလိုက်ရသည်။
ကိုယ်တိုင်လည်းနားလေးသည့်အပြင် အသံက မသဲမကွဲမို့ ဦးဖိုးဝကောင်းစွာမကြားလိုက်ရချေ။
သို့တစေ ခြင်ထောင်ထဲရှိလူကတော့ ဆက်ယောင်နေဆဲပါပေ...
ဦးဖိုးဝ စစ်ခြင်ထောင်လေးအနား တိုးကပ်ကာ အသေအချာနားထောင်ကြည့်သည့်အခါ နာမည်တစ်ခုဖြစ်နေ၏။
" အစိုး...ဟင်း...အစိုး"
အစိုးတဲ့လား...
အဘယ်သူပါလိမ့်...
ဘဇာတွေဖြစ်ခဲ့လို့များ သည်လောက်သောက်နေရတာလဲ လူလေးရယ်...
အင်း သမုဒယ သမုဒယ
လူလေးကိုလင်းမောင်တစ်ယောက် ဆင်းရဲကြောင်းရင်းမြစ် သမုဒယသစ္စာကို ဖက်တွယ်နေမိပါပကော
နှောင်ကြိုးတွေ ဖြတ်မရအောင် အမြစ်တွယ်သမျှတော့ အချစ်မီးလောင်မြိုက်တာကို ခံစားနေပေတော့ လူလေးရေ...
တရားသမားပီပီ ဦးဖိုးဝတစ်ယောက် ခြင်ထောင်ထဲမှလူကိုသာ သနားကရုဏာသက်စွာကြည့်လိုက်ရင်း သက်ပြင်းခပ်လေးလေးတစ်ခုကို ချလိုက်မိပါ၏။
6.10.22
Thursday
ရွှန်းလဲ့ကျော်