ဆိုင်းလော့ဒ်၏ မိခင်ထွက်သွားတော့မှ နိုရာ့အား ကစားစရာများဖြင့် နေရာချပေးခဲ့ပြီး မျက်နှာသစ်ဖို့လုပ်ရသည်။သူ ရေချိုးခန်းထဲမှ ပြန်ထွက်လာတော့ ဆိုင်းလော့ဒ်က ပြန်ရောက်လို့နေပြီဖြစ်သည်။သားအဖနှစ်ယောက် ထမင်းစားစာပွဲ၌ထိုင်ကာ မနက်စာပင်စားသောက်နေကြပြီ။သူ ရေစိုနေသောခေါင်းအား သုတ်ရင်းဖြင့်လျှောက်ဝင်သွားလိုက်ပြီးခုံဆွဲ၍ ဝင်ထိုင်လိုက်၏။ဆိုင်းလော့ဒ်ကတော့ သူ့ဆီသို့ အကြည့်တစ်ချက်ပင် ဝေ့မလာခဲ့ပဲ မလိုင်တစ်ခွက်နှင့်ပေါင်မုန့်မီးကင်ပန်းကန်ကိုသာ ရှေ့ရောက်ချပေးသည်။
"ဒယ်ဒီ မီး ဒါမစားဘူး..."
"မစားရင် ဖယ်ထားလိုက်လေ...."
ဆိုင်းလော့ဒ်ပြောရင်းဖြင့် ပန်းကန်အလွတ်တစ်ခုအား နိုရာ့ရှေ့သို့ ထိုးပေးသည်။နိုရာက ပေါင်မုန့်ဘေးသားများအား ဟိုတစ်စဒီတစ်စဖြင့် ပန်းကန်ထဲသို့ ထည့်ပြီးမှ မနက်စာကို သပ်သပ်ရပ်ရပ်လေး စတင်စားသောက်လေသည်။ဆိုင်းလော့ဒ်ကလည်း မှုန်ကုပ်ကုပ် မျက်နှာတည်ကြီးဖြင့်သာ မနက်စာကိုသဲကြီးမဲကြီး စားသောက်နေတာမို့ အခန်းထဲရှိလေထုက တိတ်ဆိတ်ငြိမ်သက်လို့နေသည်။ရှင်းခန့် သက်ပြင်းအား အသာခိုးရှိုက်ပြီးမှ မနက်စာအားစိတ်မပါစွာ စတင်စားသောက်ရခြင်းရောက်သည်။
"မီး စားလို့ပြီးပြီ..."
"လက်သေချာ သုတ်ဦး..."
ဆိုင်းလော့ဒ်က ပြောရင်းဖြင့် ကိုယ်တိုင်ပဲနိုရာ့၏လက်အား ဆွဲယူသုတ်သင်ပေးပြီးမှ....
"အိမ်ရှေ့သွားတော့ အပြင်ထွက်မသွားနဲ့နော် နိုရာ အထဲမှာပဲထိုင်ဆော့..."
"ဟုတ် ဒယ်ဒီ..."
နိုရာက ခေါင်းညိတ်ပြပြီးတာနှင့် အခန်းထဲမှ ပြေးထွက်လို့သွားသည်။နှစ်ယောက်ထဲကျန်ခဲ့သည့် ထမင်းစားခန်းထဲမှ လေထုကပို၍တောင် အေးစက်သွားသယောင်ပင်။ဆိုင်းလော့ဒ်ကလည်း စားသောက်ခြင်းကို လက်စသတ်လိုက်ပြီး ပန်းကန်းများအား ဆေးကြောသိမ်းဆည်းလို့နေသည်။အခုအချိန်အထိ သူ့အားစကားတစ်ခွန်းမှ မဆိုလာခဲ့သလို အကြည့်တစ်ချက်ပင် ဝေ့မလာခဲ့ချေ။ကျောခိုင်းထားပါသော အမျိုးသား၏ နောက်ကျောပြင်အား ကြည့်နေရင်းဖြင့် သူသက်ပြင်းကိုသာ နောက်ထပ်တစ်ကြိမ်ခိုးရှိုက်မိသည်။စားသောက်နေခြင်းအား လက်စသတ်၍ ပန်းကန်တို့အား ဆိုင်းလော့ဒ်ရပ်နေပါသော ဘေစင်ရှိရာသို့ သယ်သွားလိုက်၏။
"ထားခဲ့..."
ပထမဦးစွာမကြည်မလင်ဖြင့် ထွက်ပေါ်လာသည့်အသံက ပြတ်တောင်းပြတ်တောင်းဖြင့် အနည်းငယ်မာကျောနေသယောင်။ပန်းကန်များအား ဘေစင်ထဲသို့ ထည့်ပေးလိုက်ပြီးမှ ဆိုင်းလော့ဒ်၏ခါးအား နောက်ကျောမှသိုင်းဖက်ကာ ကျောပြင်၌ မျက်နှာအပ်လိုက်သည်။ကျောပြင်ကျယ်ကြီးအား ခပ်ဖွဖွခိုးနမ်းလိုက်သည့်အထိ ဆိုင်းလော့ဒ်က ခပ်တောင့်တောင့်သာ ငြိမ်သက်လို့နေသည်။
"စိတ်မဆိုးပါနဲ့..."
"...."
"မင်းစိတ်ဆိုးနေတော့ ကိုယ်တကယ်အဆင်မပြေဘူး..."
"...."
သူ တိုးဖွဖွပြောရင်းဖြင့် ဆိုင်းလော့ဒ်၏ခါးအား ပို၍တင်းကျပ်အောင် တိုးဖက်မိသည်။ဆိုင်းလော့ဒ်ဖက်မှ အတန်ကြာတိတ်ဆိတ်နေပြီးမှ...
"စိတ်မကောင်းတာ..."
အက်ရှစွာထွက်ပေါ်လာတဲ့အသံက ဆွေးမြေ့နာကျင်ခြင်းများဖြင့်...
"လမ်းခွဲဖို့ ပြတ်စဲဖို့ကို လွယ်လွယ်လေးပြောရက်လို့ စိတ်မကောင်းတာ..."
"...."
ဆိုင်းလော့ဒ်က ပြောရင်းဖြင့် ခါး၌ဖက်တွယ်ထားသော လက်တို့အား ဖယ်ချကာမျက်နှာချင်းဆိုင်ဖြစ်အောင် လှည့်၍လာလေသည်။နီရဲနေသော မျက်လုံးအစုံက တစ်ညလုံးမအိပ်ပဲငိုထားတာမှန်း သိသာလို့နေသည်။အခုလည်းနှာခေါင်းထိပ်ဖျားလေးတွေ အတန်ငယ်အရောင်ရင့်နေတာမို့ ဒီကောင်လေးငိုချင်နေပြီဆိုတာ ရိပ်စားမိလိုက်သည်။
"ဘာနဲ့ပဲ ယှဥ်လာလာ ကျွန်တော့်ကိုပဲလွှတ်ချဖို့ စိတ်ကူးပြီးသားလား ကျွန်တော့်ကိုလွှတ်ချလိုက်ဖို့က ခင်ဗျားအတွက်အလွယ်ကူဆုံးပဲလား ဟမ်!..."
"....."
"ကျွန်တော့်ဖက်ကတော့လေ ခင်ဗျားနဲ့ပတ်သတ်လာရင် အရာအားလုံးကခက်ခဲတယ် လွယ်လွယ်လေးနဲ့ ချစ်ခဲ့ရတာမဟုတ်လို့ ခင်ဗျားကိုလွယ်လွယ်လေး လွှတ်မချနိုင်ဘူး စိတ်ကူးတွေအနာဂတ်တွေနဲ့ အဆုံးထိရှေ့ဆက်ဖို့ သေမလိုကြိုးစားနေတဲ့ ကျွန်တော့်စိတ်ကို ခင်ဗျားက စကားလေးတစ်ခွန်းထဲနဲ့ သတ်လိုက်တာပဲသိလား ကျွန်တော်ကခင်ဗျားအတွက် အဲ့လောက်အထိအပေါစားဆန်လွန်းနေတာလား..."
"မဟုတ်ဘူး..."
"မဟုတ်ရင်ဘာလို့လဲ ဘာလို့များအဲ့လိုမျိုး ပြောနိုင်ရတာလဲ...."
ဆိုင်းလော့ဒ်ပြောတော့ သူ ပင့်သက်ကိုရှိုက်လိုက်ပြီးမှ...
"မင်းက ကိုယ့်ဘဝရဲ့ အရေးကြီးတဲ့လူတစ်ယောက်ပါ မင်းကြောင့်ပဲ ကိုယ့်ဘဝကပြန်ပြီးအဓိပ္ပာယ်ရှိခဲ့တာ ကိုယ့်ရဲ့အိမ်မက်ဆိုးတွေဆီကနေ ရုန်းထွက်နိုင်ခဲ့တာ မင်းလက်မောင်းပေါ်မှာ အိပ်စက်ခဲ့တဲ့ညတွေတိုင်း ငြိမ်းချမ်းခဲ့ရတာ မင်းကကိုယ့်အတွက် ပြောပြလို့မရအောင်တန်ဖိုးကြီးတဲ့လူပါ..."
ရှင်းခန့်ပြောနေတော့ ဆိုင်းလော့ဒ်က ခပ်ငေးငေးသာ ငေးကြည့်လို့နေသည်။
"ဖေဖေကျတော့ ကိုယ်ပြန်ပေးဆပ်ချင်တဲ့ လူတွေထဲကတစ်ယောက်ပဲ။ကိုယ့်ဘဝရဲ့ငယ်ရွယ်ချိန် အတော်များများကို ရူးသွပ်မိုက်မဲမှုတွေထဲ လှောင်ပိတ်ရင်း သားသမီးတစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေကို လျစ်လျှူရှုခဲ့မိတယ်။ကိုယ့်အပေါ်မှာ သူ့နည်းသူဟန်နဲ့တာဝန်ကျေခဲ့တဲ့ ဖေဖေ့ရဲ့မျှော်လင့်ချက်တွေကို ရိုက်ချိုးပစ်ခဲ့တယ်။အဲ့ဒီအတွက် ကိုယ်အမြဲတမ်း အပြစ်ရှိနေသလိုခံစားနေခဲ့ရတယ်။ဒါကြောင့် အခုအချိန်မှာ ကိုယ်တက်နိုင်သလောက် ဖေဖေ့ကို ပြန်ပေးဆပ်ချင်တာမျိုး။ဖေဖေ့ရဲ့မျှော်လင့်ချက်လေးတွေကို ဖြည့်ဆည်းပေးချင်တာမျိုးပါပဲ"
"....."
"မင်းကို တမင်လွှတ်ချချင်တာမျိုးမဟုတ်ပါဘူး။ဖေဖေရော မင်းရောက ကိုယ့်အတွက် တကယ်ကို အရေးကြီးတဲ့လူတွေပါ..."
ရှင်းခန့်က ခပ်တိုးတိုးပြောနေရင်းဖြင့် ဆိုင်းလော့ဒ်၏ရင်ခွင်ထဲသို့ တိုးဝှေ့ဖက်တွယ်လို့လာသည်။
"မင်း ဘာကိုစိုးရိမ်နေတာလဲဆိုတာ ကိုယ်နားလည်ပါတယ်။ဖေဖေက ကိုယ်တို့ကြားမှာ အဲ့ဒီလိုမျိုးဝင်စွက်ဖက်မဲ့လူမျိုးမဟုတ်ပါဘူး..."
"အဲ့ဒါက ခင်ဗျားအမြင်လေ။ကျွန်တော်ကတော့ စိုးရိမ်တယ် ဘာအကြောင်းကြောင့်နဲ့မှ ခင်ဗျားကိုပြန်မပေးလိုက်နိုင်ဘူး။အဲ့ဒါကြောင့် ကျွန်တော့်ဖက်ကနေ လက်ဦးမှုယူပြီး ခင်ဗျားကို ဒီနေရာကနေဆွဲထုတ်သွားချင်တာ။တကယ်လို့သာ ခင်ဗျားအဖေက ကျွန်တော့်မာနကို အသုံးချထိုးနှက်လာခဲ့ရင် ကျွန်တော်ခံနိုင်ရည်ရှိမှာမဟုတ်ဘူး။အဲ့ဒါကြောင့်မို့ ခင်ဗျားကို ကျွန်တော့်ဖက်မှာ အပြည့်အဝရပ်တည်စေချင်တာ..."
ဆိုင်းလော့ဒ်၏ စကားကြောင့် သူသက်ပြင်းရှိုက်မိပြီးမှ..
"ဘာဖြစ်လို့ မဖြစ်လာသေးတာတွေကို ကြိုတွေးပြီး ပူလောင်နေရတာလဲ။ဒီအခြေအနေလေးအတိုင်း အတူရှိနေကြတာကပဲ ကိုယ်တို့ အဆင်ပြေနေတာပဲ မဟုတ်ဘူးလား..."
ရှင်းခန့်ကပြောရင်းဖြင့် ဆိုင်းလော့ဒ်၏ ခါးအားပို၍တင်းကျပ်အောင် တိုးဝှေ့ဖက်တွယ်ပြီးမှ
"ကိုယ်မင်းကို သဘောကျတယ်။ဒီအတိုင်း သဘောကျနေရရုံလေးနဲ့ ပျော်တယ်။မသေချာမရေရာတဲ့ ထာဝရဆိုတာတွေကိုလည်း ကိုယ်မတွေးချင်ဘူး။ဒီအခိုက်အတန့်လေးတွေကိုပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ ကိုယ်မှတ်သားထားချင်တယ်..."
"....."
ဆိုင်းလော့ဒ် သက်ပြင်းရှိုက်ပြီးတော့မှ ရင်ခွင်ထဲမှလူကို ပြန်ခွာလိုက်ပြီး ပခုံးလေးအားဆုပ်ကိုင်ဖျစ်ညှစ်သည်။
"ကျွန်တော်သိတဲ့ အချစ်ဆိုတာကတော့ တစ်ဘဝလုံးအတူရှိသွားနိုင်တာပဲ၊တစ်ယောက်ရဲ့အတိတ်ကို တစ်ယောက်ကလက်ခံပြီး နှစ်ယောက်အတူ ပစ္စပ္ပန်မှာ အနာဂတ်အတွက်ပုံဖော်ကြတာမျိုးပဲ။ကျွန်တော်ကတော့ ခင်ဗျားကိုသဘောကျရုံနဲ့ မတင်းတိမ်နိုင်ဘူး။ခင်ဗျားနဲ့အတူ ခိုင်မာလေးနက်တဲ့ ဆက်ဆံရေးကိုတည်ဆောက်ချင်တာ။နှစ်ယောက်ပေါင်းတစ်ဘဝဖြစ်ချင်တာ။ဒီအခြေအနေလောက်နဲ့ အဆင်မပြေဘူး..."
"မင်း ဆိုလိုချင်တာကို ကိုယ်နားလည်ပါတယ်။ဒါပေမဲ့ ကိုယ် မင်းအပေါ်ကို အဲ့ဒီလိုမျိုး လောဘမတက်ရဲဘူး ဆိုင်းလော့ဒ်..."
ရှင်းခန့်၏ စကားကြောင့် ဆိုင်းလော့ဒ်၏ မျက်ဝန်းတို့ထဲ နားမလည်နိုင်သော အရိပ်တိုဖြတ်ပြေးကုန်သည်။
"ကိုယ့်ရဲ့စိတ်က အတ္တလွန်ကဲတယ်။ကိုယ်သဘောကျတဲ့ဘယ်အရာကိုမဆို ပိုင်ဆိုင်လိုစိတ်ပြင်းပြတယ်။အဲ့ဒီအရာကို သဘောကျပြီဆိုရင်လည်း အဆုံးစွန်အထိ ကိုယ့်ကိုယ်ကိုယ်ပျက်စီးခံ ထိခိုက်ခံပြီး ဖက်တွယ်ထားချင်တဲ့စိတ်မျိုးပဲ။အဲ့ဒီစိတ်ကြောင့်ပဲ ကိုယ်သဘောကျတဲ့အရာတွေကို ကိုယ်တိုင်ဖျက်ဆီးခဲ့မိတယ်။အခုတစ်ခေါက်တော့ ကိုယ်အတ္တမကြီးချင်တော့ဘူး။ကိုယ့်အတ္တတွေလွန်ကဲလာတဲ့အခါ မင်းပူလောင်ရမှာ ကိုယ့်ကြောင့်မွန်းကျပ်ရပြီး ကိုယ့်ကိုမုန်းတီးသွားမှာမျိုးကို ကိုယ်ကြောက်တယ်..."
"ကျွန်တော်က ဘာလို့မုန်းရမှာလဲ..."
သူရှုပ်ထွေးစွာမေးမိတော့ ရှင်းခန့်က ယဲ့ယဲ့လေးပြုံးသည်။
"ကိုယ့်ရဲ့အစစ်အမှန်တွေကို မင်းမသိသေးလို့သာ ဒီလိုမျိုးပြောနိုင်တာ။ကိုယ့်ရဲ့အတွင်းထဲက မျက်နှာကိုသာပြလိုက်ရင် မင်းရွံရှာသွားမှာ။ပြုပြင်ပြီးကြိုးစားတည်ဆောက်ထားတဲ့ ကိုယ့်ကိုသာမင်းချစ်ရင် ချစ်နိုင်လိမ့်မယ်။ဟိုတုန်းကလို အတ္တစိတ်လွန်ကဲပြီးရူးသွပ်နေတဲ့ ဆိုက်ကိုကောင်သာဆို မင်းလည်းရွံမုန်းပြီး ကိုယ့်အနားကနေစွန့်ခွာသွားမှာပဲ..."
ရှင်းခန့်က ပြောရင်းဖြင့် မျက်လွှာလေးအားချကာ ဆိုင်းလော့ဒ်၏ အင်္ကျီရင်ဘတ်အစအား တုန်ယင်နေသောလက်တို့ဖြင့် ဆွဲဆုပ်ကိုင်ထားပြီးမှ...
"အဲ့ဒါကြောင့် မင်းကိုချစ်တဲ့စိတ်တွေမှာ ကိုယ့်အတ္တတွေကိုသင်းသတ်ထားတယ်။မင်းကို ဘယ်လိုအရာနဲ့မှ မချည်နှောင်ချင်ဘူး။ကိုယ့်ကြောင့် စိတ်ချမ်းမြေ့ရတယ်ဆိုတဲ့ ခံစားချက်လေးကိုပဲ ပေးချင်ခဲ့တာ။အဆုံးထိ ကိုယ့်အနားမှာ မင်းရှိနေဖို့ကို မမျှော်လင့်ထားဘူး။ကိုယ့်အနားမှာရှိရတာ အဆင်မပြေဖြစ်လာတဲ့နေ့ မင်းထားခဲ့လို့ရတယ်။ကိုယ့်ကြောင့်နဲ့ မင်းကို ဝန်ဖြစ်စေမှာမဟုတ်ဘူး..."
"ဒါကတော့ ခင်ဗျားက ကျွန်တော့်အချစ်ကို အထင်သေးတာပဲ..."
ဆိုင်းလော့ဒ်က ပြောရင်းဖြင့် ရင်ခွင်ထဲမှလူအားပြန်ခွာကာ မေးဖျားလေးအား ပင့်မော့ယူ၍
"ဒီမှာကြည့်! ကျွန်တော့်မျက်လုံးတွေထဲကို သေချာတည့်တည့်ကြည့်"
"...."
"အခုပြောမဲ့စကားတွေက နှုတ်ဖျားကပြောတာလား ရင်ထဲကလာတဲ့ စကားတွေလားဆိုတာ ခင်ဗျားသေချာကြည့်ပြီးမှဆုံးဖြတ်..."
နှုတ်ဖျားကထွက်လာပါသော ခိုင်ကျည်ပြတ်သားနေတဲ့ထလေသံရယ် မျက်ဝန်းတို့ထဲမှ ဆုံးဖြတ်ချက်တို့ နက်နဲခိုင်မာနေသောအရိပ်တို့ဖြင့် နဂိုတည်သောမျက်နှာထားက ပို၍တည်ကြည်လို့နေသည်။
"ကျွန်တော် ခင်ဗျားကို ချစ်တယ်ဆိုတဲ့စိတ်ကို အကြွင်းမဲ့ယုံထားလို့ရတယ်။ပြီးတော့ အဲ့ဒီအချစ်စိတ်က ဘယ်တော့မှပြောင်းလဲမသွားဘူး။ခင်ဗျားကောင်းတာဖြစ်ဖြစ်။ဆိုးတာဖြစ်ဖြစ်။အတိတ်က ခင်ဗျားပဲဖြစ်ဖြစ် အခုလက်ရှိခင်ဗျားပဲဖြစ်ဖြစ် ရှင်းခန့်မောင်ဆိုတာ ဖြစ်နေသရွေ့ ကျွန်တော်ကချစ်နေမှာ..."
"ကိုယ်က အတ္တကြီးတယ်..."
"ရတယ်..."
"ယုတ်မာတဲ့ကိစ္စတွေလည်း ကျုးလွန်ခဲ့ဖူးတယ်"
"ကျွန်တော်သိတယ်..."
"အတ္တဆိပ်တက်လာတဲ့အခါ မင်းအပေါ်လည်း အဲ့လိုကျူးလွန်မိနိုင်တယ်"
"အဆင်ပြေတယ်.."
"ကိုယ့်အတ္တတွေနဲ့ မင်းကိုလှောင်ပိတ်ထားချင်လာလိမ့်မယ်.."
"ခင်ဗျားသဘော..."
ဆိုင်းလော့ဒ်ကပြောရင်းဖြင့် ရှင်းခန့်နှင့်နဖူးချင်းဆွဲကပ် တေ့ဆိုင်လိုက်ပြီးမှ...
"ခင်ဗျားရဲ့အစစ်အမှန်တိုင်းကို လက်ခံနိုင်တယ်။ခင်ဗျားလူသတ်ချင်ရင်တောင် ကျွန်တော်က အလောင်းကူဖျောက်ပေးချင်တယ်၊ခင်ဗျားဖြူစင်မြင့်မြတ်နေမှမဟုတ်ဘူး လူယုတ်မာဆိုလည်း ကျွန်တော်ချစ်တယ်။အဲ့ဒါကြောင့်မို့ ကျွန်တော်အပေါ်မှာ ခင်ဗျားအတ္တတွေနဲ့ စိတ်ရှိသလိုခြယ်လှယ်နိုင်တယ်။ကျွန်တော်ကတော့ ခင်ဗျားကို စိတ်ပျက်သွားမဲ့လူမျိုး မဟုတ်ဘူး။ခင်ဗျားနဲ့သာ အတူရှိခွင့်ရမယ်ဆို အရာအားလုံး ခင်ဗျားသဘောအတိုင်းပဲ..."
ဘာလိုသေးလဲ။အဲ့ဒီစကားဟာ ဘာမှထပ်မလိုတော့အောင် ပြည့်စုံစေခဲ့ပါပြီ။ဒီကောင်လေးက သူ့ရဲ့အရာအားလုံးကို လက်ခံပေးနိုင်ပါတယ်တဲ့လေ။
"အဟား!.."
ခံစားချက်တွေနင့်နဲ၍ မျက်ရည်ကြည်တို့ဝေ့ဝဲလာပေမဲ့ ငိုချမိတာမဟုတ်ပဲ အသံထွက်၍ရယ်မိတော့သည်။
"တစ်ခုပဲ ဘာကြောင့်ဖြစ်ဖြစ် ကျွန်တော့်ကို လွှတ်ချဖို့မတွေးပါနဲ့ ဘယ်သူနဲ့ပဲယှဥ်လာယှဥ်လာ ကျွန်တော့်ကိုပဲ ရွေးချယ်ပေးပါ..."
သွားတန်းလေးတွေပေါ်အောင် ပြုံးရယ်ရင်းဖြင့် သူခေါင်းကိုသာ တဆတ်ဆတ်ညိတ်ပြမိပြီး ဆိုင်းလော့ဒ်၏ လည်တိုင်အားဖက်တွယ်မိတော့သည်။ရှင်းခန့်၏ အပြုအမူကြောင့် ဆိုင်းလော့ဒ်၏ မျက်နှာကြီးပြုံးကြည်သွားရတော့သည်။ရှင်းခန့်၏ မေးဖျားလေးအား အသာပင့်မော့ယူကာ ငြင်သာစွာထိကပ်ရင်း အနမ်းခြွေမိသည်။ရှင်းခန့်ကလည်း အလိုက်သင့်ပင် အနမ်းတို့အားတုံ့ပြန်၍ လာလေသည်။တစ်ခါတစ်ရံတော့လည်း စကားလုံးတွေဟာ သိပ်ပြီးအရေးတကြီး မလိုအပ်တော့ဘူးမဟုတ်လား။မနက်ခင်းရဲ့ စိတ်ကောက်ပြေစ အနမ်းတွေဟာ ချိူမြိန်ယစ်မူးစရာကောင်းလွန်းလိုက်ပုံများ...။
"ဒယ်ဒီ...."
အနမ်းပင်လယ်ထဲ စိတ်လွတ်လက်လွတ် ယစ်မူးနေမိကြရင်း အခန်းဝမှ နိုရာ့၏ အသံကြားတော့မှပဲ နှစ်ယောက်သား အလန့်တကြားဖြင့် လူချင်းခွာမိကြသည်။ရှင်းခန့်သည်လည်း မျက်နှာရဲရဲဖြင့် သူ့ရင်ဘတ်အား ထိတ်လန့်တကြားတွန်းထုတ်သည်။
"သမီး အိမ်ရှေ့မှာနေပါဆို ဘာလိုချင်လို့လဲ..."
ဆိုင်းလော့ဒ် အိုးတိုးအမ်းတမ်းဖြင့် မေးရင်းသမီးဖြစ်သူရှိရာသို့လျှောက်သွားလိုက်သည်။
"ဒယ်ဒီက ကိုကို့ကို ဘာလို့ကိုက်နေတာလဲ..."
"...."
ကလေးဆိုတော့ သူ့အသိလေးဖြင့် သူမှန်းဆတက်သလို ပြောသည်။သမီးဖြစ်သူ၏ အသံစူးစူးလေးကြောင့် ဆိုင်းလာ့ဒ် မျက်နှာကြီးဖြန်းကနဲဖြစ်သွားသည်။
"ဘာတွေလျှောက်ပြောနေတာလဲ မကိုက်ပါဘူး..."
"ကိုက်တယ် မီး ခုနကမြင်တယ်..."
နိုရာက ခပ်စူးစူးလေးအော်ရင်းဖြင့် ခြေတစ်ဖက်ကိုပါဆောင့်ဖြစ်ကာ...
"ဒယ်ဒီ့ကိုမခေါ်ဘူး ကိုကို့ကိုကိုက်တယ်..."
ခပ်စူးစူးလေးအော်၍ ငိုမဲ့မဲ့ဖြစ်လာတာကြောင့် ရှင်းခန့်လည်း မနေသာတော့ပဲ မျက်နှာနီနီလေးဖြင့် အပြေးရောက်လာရတော့သည်။နိုရာ့ရှေ့ဒူးထောက်ထိုင်ချပြီး ကျောလေးအား ပွတ်သပ်ပေးပြီးမှ...
"ဒယ်ဒီက မကိုက်ပါဘူးနိုရာရဲ့ ကိုကို့မျက်လုံးထဲ အမှိုက်ဝင်သွားလို့ မှုတ်ပေးတာပါ..."
ရှင်းခန့်က လေပြေလေးဖြင့် ချော့မော့သလိုပြောလိုက်တော့မှ နိုရာက ရှူပ်ထွေးနေသော မျက်လုံးလေးများဖြင့် ခဏလောက်တွေဝေလို့နေသည်။
"ခုနက ဒယ်ဒီ ကိုကို့ကို လည်ပင်းညှစ်နေတာ..."
"...."
"မဟုတ်ပါဘူး နိုရာအမြင်မှားတာပါ လာ ကိုကိုနဲ့ဆိုင်လိုက်မှာ မဟုတ်လား သွားရအောင်..."
ရှင်းခန့်က ချော့မော့ပြောရင်းဖြင့် စကားလမ်းကြောင်းလွှဲပစ်သည်။
"နိုရာ ချောကလက်စားမှာ မဟုတ်လား ကိုကို ချောကလက်ကိတ်ဝယ်ထားတယ်..."
ချောကလက်ဆိုသော အသံကြားတာနှင့် နိုရာ၏မျက်လုံးလေးတွေ တလက်လက်ဖြစ်သွားကာ ချက်ချင်းမြူးထူး၍သွားသည်။ရှင်းခန့် သက်ပြင်းခိုးချ၍ အာရုံပြောင်းသွားပြီဖြစ်သော နိုရာ၏လက်ကလေးအား ဆွဲ၍ထွက်ခဲ့လိုက်တော့သည်။
မျက်ရိပ်မျက်ကဲဖြင့် နှုတ်ဆက်ပြီးမှထွက်သွားပါသော နှစ်ယောက်အားကြည့်၍ ဆိုင်းလော့ဒ် ငိုရမလိုရီရမလိုဖြင့် ခေါင်းကိုသာ ခါယမ်းမိတော့သည်။
!မွေးရကျိုးနပ်လိုက်တဲ့ သမီး..!
~~~~~~
"မီးက ဒီအနီရောင်ကိုကြိုက်တာ..."
"ဟုတ်လား ဘာလို့တုန်း အဖြူနဲ့အနီက တူတူပဲလေ..."
"နိုး နိုး အနီကလှတယ်..."
ဧည့်ခန်းဆီမှ ထွက်ပေါ်လာသော အပြန်အလှန်စကားပြောဆိုသံတို့ကြောင့် ရှင်းခန့်အံ့သြသွားရပြီး အသာအယာချောင်းကြည့်လိုက်တော့ ဖေဖေ့ပေါင်ပေါ်၌ရှိနေပါသော နိုရာ့အား အံ့သြစွာတွေ့လိုက်ရတော့သည်။နဂါးမောက်သီးကို ပလုပ်ပလောင်းစားထားတာမို့ ပါးစပ်တစ်ဝိုက်၌လည်း အနီရောင်အစွန်းအထင်းများဖြင့်။
"လှတာနဲ့ စားကောင်းရောလားကွ..."
"စားကောင်းတာပေါ့ မီးကလှမှစားတာ မလှရင်မစားဘူး ဒီလို အနီလေးတွေ အဝါလေးတွေဆိုလှတယ် လှတော့မီးမီးကြိုက်တယ်.."
နိုရာက ပန်းကန်ထဲရှိ နဂါးမောက်သီးများနှင့် သရက်သီးစိတ်တို့အား တစ်ခုချင်းထိုးပြပြီး ပြောလို့နေသည်။ဖေဖေကလည်း တပြုံးပြုံးဖြင့်သဘောတကျရှိလို့နေသည်။
"ဟေ! ဟုတ်ပါပြီကွာ ဟား ဟား ဟား"
ဆိုင်လော့ဒ်က မနက်ထဲကအလုပ်ကိစ္စနှင့် အပြင်ထွက်သွားသည်။သူကလည်းအိမ်မှာ ဖိုင်တွဲတစ်ခုယူစရာရှိတာမို့ နိုရာကိုပါ ခေါ်ခဲ့လိုက်တာဖြစ်သည်။ဧည့်ခန်းထဲခဏထားခဲ့ပြီး အပေါ်မှာ လိုအပ်တာပြန်ယူ၍ ပြန်ဆင်းလာတော့ ဒေါ်နိုရာတို့ကဖခင်ဖြစ်သူနှင့် အဖွဲ့ကျလို့နေသည်။သူ မြင်ကွင်းအားငေးကြည့်နေပြီးတော့မှ ဧည့်ခန်းထဲသို့လှမ်းဝင်ခဲ့လိုက်သည်။
"ကိုကို..."
နိုရာက သူ့အရိပ်မြင်တာနှင့် ဖေဖေ့ပေါင်ပေါ်မှာပြေးဆင်းလို့လာသည်။
"သား! ပြန်တော့မလို့လား..."
"မပြန်သေးပါဘူး ခဏနေမှ ပြန်မှာပါ.."
သူပြောရင်းဖြင့် ဝင်ထိုင်လိုက်ပြီးမှ နိုရာ့အားပေါင်ပေါ်သို့တင်ကာ...
"ဖေဖေ နေကောင်းတယ်မှတ်လား..."
"ကောင်းနေပါပြီကွာ အလုပ်တောင်ပြန်သွားလို့ရနေပြီ မင်းမေချိုက ပိုကိုပိုနေတာ..."
"အမလေး ဦးမင်းမောင်ရယ် ကျွန်မကပဲပိုရတယ်ရှိသေး ရှင့်ကိုရှင်ဆယ့်ခြောက်နှစ် ထင်နေသေးတာလား အလုပ်တွေက သားရှင်းရှိနေတာ ရှင်ဘာစိတ်ပူစရာလိုလို့လဲ..."
"မင့် ငါမှ အလုပ်မရှိရင်မနေတက်တာ..."
"အဲ့ဒါပဲ သားရေ့ မင်းအဖေလည်း နားချခဲ့ဦး ဟိုတစ်နေ့ကလည်း မေချိုတောင်မသိလိုက်ပဲ ရွှေချွတ်တဲ့ဆီတစ်ယောက်ထဲထွက်သွားတယ်လေ မတော်လမ်းမှာ မူးမေ့လဲရင် ဘယ်လိုလုပ်မလဲ..."
"လဲစရာလားကွာ မင်းကလည်း.."
လင်မယားနှစ်ယောက် အပြန်အလှန်ပြောနေကြတာကို သူခပ်ပြုံးပြုံးသာနားထောင်နေလိုက်သည်။ဖေဖေနှင့် မေချိုက ငယ်ပေါင်းတွေ မဟုတ်ကြသော်ငြား ငယ်ချစ်ဦးတွေမို့ တစ်ယောက်အပေါ်တစ်ယောက် မေတ္တာစစ်ဖြင့်ချစ်ခင်ဆိုတာကတော့ ထင်ရှားလေသည်။
"ကိုကို..."
စကားပြောနေကြတုန်း နိုရာကခြေဖျားလေးထောက်၍ နားနားကပ်ခေါ်လာသည်။
"ဟင်! ဘာလဲ.."
သူခေါင်းကိုငုံ့ချ၍ နိုရာ့ပါးစပ်နားကပ်ပေးလိုက်တော့ နိုရာက သူ့လည်တိုင်အားဖက်တွယ်ပြီးတော့မှ...
"မီး ငါးကြည့်ချင်လို့..."
နိုရာကစရောက်ကတည်းက ဧည့်ခန်းထဲရှိ အလှမွေးငါးကန်အား စိတ်ဝင်တစားဖြစ်နေတာဖြစ်သည်။
"ငါး ဟိုကန်ထဲကငါးလား..."
သူပြန်မေးတော့ နိုရာက ခေါင်းတဆတ်ဆတ်ညိတ်ပြီးမှ
"မီး ခဏလေးပဲ ကြည့်မှာ.."
"အင်း ရတယ် သွားကြည့်..."
သူ့ဆီက ခွင့်ပြုချက်ရတော့ နိုရာက ဂါဝန်လေးအားဝဲနေအောင်ခါ၍နေရာမှ လှည့်ပြေးထွက်သွားလေသည်။ထိုအချင်းအရာအား ဦးမင်းမောင်က အစအဆုံးလိုက်ကြည့်နေပြီးမှ...
"ကလေးက သားကို ခင်ပုံပဲ..."
"ဟုတ်တယ် ကျောင်းပိတ်ရက်ဆို ကျွန်တော်နဲ့ပဲ..."
"ချစ်စရာလေးပါ..."
"အလည်လေး သိလည်းသိတက်တယ် လူလည်းမကြောင်ဘူး ဖေဖေ့ကိုရောင်းစားသွားမယ်..."
သူပြောတော့ ဖေဖေက ခပ်ဖွဖွပြုံးပြီးတော့မှ လက်ဖက်ရည်ခွက်အား ဆွဲယူကာတကျိုက်မော့လေသည်။ပြီးမှ...
"တစ်ခါတစ်လေတော့လည်း ဒီလိုမြေးလေးတစ်ယောက်လောက်တော့ ထိန်းချင်သား။တစ်ချိန်လုံး ရွှေတွေနဲ့အလုပ်ရှုပ်နေမှာထက် ဒါမျိုးကလေးစုတ်လေးနဲ့ အလုပ်ရှုပ်ရတာက ပိုကောင်းမယ်ထင်တယ်..."
"......"
"သားကရော ဒီအတိုင်းပဲနေသွားတော့မှာလား..."
ဖခင်ဖြစ်သူ၏စကားကြောင့် သူမသိမသာဖြင့် ပင့်သက်ရှိုက်မိပြီးမှ...
"ကျွန်တော် ဒီအတိုင်းပဲ အဆင်ပြေလို့ပါ..."
"အဲ့ကောင်လေးကရော...."
ဖခင်ဖြစ်သူ၏ ဒဲ့တိုးစကားကြောင့် သူမျက်လွှာချမိပြီးမှ..
"သူက ကျွန်တော့်အပေါ်ကောင်းပါတယ် ကျွန်တော်လည်းသူနဲ့ရှိရတာပျော်တယ်..."
ရှင်းခန့်၏စကားကြောင့် ဦးမင်းမောင် အကြာကြီးတိတ်ဆိတ်သွားခဲ့ပြီးမှ သက်ပြင်းရှည်ကြီးအားချသည်။
"သား ပျော်တယ်ဆိုရင်တော့ ဖေဖေဘာမှမပြောလိုပါဘူး။သားအဆင်ပြေဖို့ပဲ အရေးကြီးပါတယ်။အတိတ်မှာပိတ်မိမနေပဲ အားလုံးကို အသစ်ကပြန်စနိုင်တာကိုပဲ ဖေဖေဝမ်းသာပါတယ်..."
ဘာပဲဖြစ်ဖြစ် ဖေဖေနှင့်စကားတွေ အများကြီးပြောရလိမ့်မည်ဟု သူထင်ထားခဲ့တာဖြစ်သည်။အခုလိုမျိုး ဖေဖေ့ဆီမှ လွယ်လွယ်ကူကူ လက်ခံပေးဖို့ကိုတော့ သူမမျှော်လင့်ထားခဲ့ချေ။ရင်ထဲမှာ လှိုက်ကနဲဖြစ်သွားရကာ ဖခင်ဖြစ်သူအား ကျေးဇူးတင်စွာဖြင့် မော့ကြည့်မိတော့ ဖေဖေက နားလည်သလို ပြုံးပြသည်။
"သားတို့ချင်း သေချာတိုင်ပင်ပြီးတဲ့အခါကျ အိမ်ကိုခေါ်ခဲ့ဦးလေ.."
"ဟုတ် ဟုတ်ကဲ့ ကျေးဇူးပါ ဖေဖေ..."
~~~~~
"ဘယ်တွေလျှောက်သွားနေကြတာလဲ..."
"အပြင်ခဏထွက်လည်တာလေ..."
အိမ်ပြန်ရောက်တော့ ဆိုင်းလော့ဒ်က ပြန်ရောက်နေပြီဖြစ်သည်။သူတို့ပြန်အလာကို ဆိုင်ရှေ့ရှိခုံတန်း၌ ထွက်စောင့်နေပုံရသည်။ကားရပ်လိုက်တာနှင့် ချက်ချင်းကားဆီသို့ အပြေးရောက်လာသည်။
"ကလေး အိပ်သွားပြီ..."
သူ နောက်ခန်းတံခါးအားဆွဲဖွင့်ရင်း ပြောတော့ ဆိုင်းလော့ဒ်က အနားသို့ရောက်လာပြီး သမီးဖြစ်သူအားပွေ့ချီခေါ်လေသည်။အိပ်မောကျနေတာမို့ နိုရာကအင်းအင်းအဲအဲ အသံပြုလာပေမဲ့ နိုးတော့မနိုးချေ။ဆိုင်းလော့ဒ် ကလေးချီသွားပြီမို့ သူလည်းကားသွင်းကာခြံတံခါးပိတ်ပြီးတော့မှ အနောက်မှ လိုက်ဝင်ခဲ့ရလေသည်။
"အီး ဟီး ဟီး အား...!"
အိမ်ထဲဝင်ဝင်ချင်း အာခေါင်ခြစ်ငိုနေပါသော နိုရာ့ငိုသံကြောင့် ရှင်းခန့် ခေါင်းနပမ်းကြီးသွားရတော့သည်။
"ဘာလို့ငို့နေတာလဲ ပြီးပြီးဆို နိုရာ..."
"အား!...အီး ဟီး ဟီး..."
"အဝတ်ကလဲမှ ရမှာပေါ့ ရိုက်ခံထိတော့မယ် နိုရာတော့..."
"ဘာဖြစ်တာလဲ..."
အခန်းထဲသို့ အပြေးရောက်သွားတော့မှ သားအဖနှစ်ယောက်၏ အရေးအခင်းကို သိလိုက်ရတော့သည်။
"မင်းက ကလေးကို ဘာလို့နှိုးလိုက်တာလဲ..."
"ရေပတ်တိုက်ပေးမလို့လေ ကျစ်! နိုရာ တိတ်တိတ်နေစမ်းကွာ..."
ဆိုင်းလော့ဒ်က သူ့ကိုပြောရင်းဖြင့် သမီးဖြစ်သူအား စိတ်မရှည်စွာ ခပ်ဆတ်ဆတ်ငေါက်သည်။
"သြော် အိပ်မောကျနေတာကို သွားနှိုးမှတော့ကလေးက ဂျီကျပြီပေါ့။ဒီအတိုင်း အင်္ကျီပဲလဲပေးလိုက်တာ မဟုတ်ဘူး ဖယ်..."
"...."
"လာ လာ နိုရာ မငိုနဲ့တော့ ကိုကိုဆီလာ..."
ရှိုက်သံတစ်ဝက်ဖြင့် ကလေးအားပွေ့ချီကာ ပေါင်ပေါ်တင်ရင်း အဝတ်အစားလဲပေးရသည်။နိုရာကတော့ သူမှန်းသိလိုက်တာမို့ အာခေါင်ခြစ်မအော်တော့ပေမဲ့ တအိအိဖြင့် ရှိုက်နေဆဲဖြစ်သည်။သူ ကျောလေးအား အသာပွတ်သပ်ပေးပြီးမှ....
"ကိုကိုနဲ့ ပြန်အိပ်မယ်နော်..."
ကလေးအား ချော့မော့ပြောရင်းဖြင့် အိပ်ရာပေါ်သို့ အသာနေရာချရသည်။နိုရာက သူ့လည်တိုင်အားဖက်တွယ်လာတာမို့ သူလည်း ကျောလေးအား တဖြည်းဖြည်းပုတ်သိပ်ရသည်။
သူနှင့်ကျတော့ အာခေါင်ခြစ်အော်နေပြီး ရှင်းခန့်လက်ထဲကျ ငြိမ်သွားသော သမီးဖြစ်သူအားကြည့်ကာ သူခေါင်းကိုသာခါယမ်းမိသည်။တကယ်ဆို သူ့အဖြစ်က ဖခင်အမည်ခံသာရှိနေတာ။သမီးနှင့်အတူတူ အနီးကပ်နေရသည့်အချိန်ဆိုတာ ရှားပါးခဲ့သည်။အနူးနှင့်အမ၏ လက်ပေါ်မှာသာ တစ်လျှောက်လုံးမွေးမြူခဲ့တာမို့ ကလေးထိန်းကျောင်းရတဲ့ပညာဟာ သူ့အတွက်တော့တကယ်ကို အကျွမ်းတဝင်မဖြစ်ခဲ့တာဖြစ်သည်။
ရှင်းခန့်သည်လည်း သူ့လိုတစ်ကိုယ်ရည်တစ်ကာယ ယောက်ျားသားဆိုပေမဲ့ နိုရာ့ကိုထိန်းကြောင်းတက်ခြင်းမှာတော့ သူ့ထက်ကိုသာလေသည်။မျက်စိရှေ့ရှိမြင်ကွင်းကို ကြည့်နေရင်း သူတို့ဟာတကယ့်မိသားစုလေးသဖွယ် ခံစားချက်မျိုးကို ခံစားလို့လာရသည်။အတွေးနှင့်အတူ ပြုံးမိကာ ရှင်းခန့်ဘေးနားရှိ လွတ်နေသောနေရာ၌ ဝင်လှဲ၍ခါးလေးအား ဖက်လိုက်ပြီးမှ...
"ခင်ဗျားက တကယ့်အမေကြီးကျနေတာပဲ..."
နားရွက်နားကပ်၍ သူခပ်တိုးတိုးပြောတော့ မီးရောင်မှိန်မှိန်အောက်မှာ ပါးပြင်လေးတွေ အရောင်ရင့်လို့သွားသည်။ဆိုင်းလော့ဒ်က နားနားကပ်၍ ပြောနေရင်း နားရွက်ဖျားလေးအား ခပ်ဖွဖွကိုက်ဆွဲတော့ ရှင်းခန့်၏ကိုယ်လေး တွန့်သွားရကာ...
"ကလေးအိပ်တော့မယ် ဘယ်လိုဖြစ်နေတာလဲ..."
"မောင်ကတော့ အခုမှနိုးတာ.."
"မင်း!..."
သူ တံတောင်ဖြင့်တွန်းထိုးနေတာလည်း မအောင်မြင်။နောက်ကနေဖက်တွယ်ကာ နားရွက်ဖျားလေးမှစ လည်တိုင်တစ်လျှောက် ပွတ်တိုက်နမ်းရှိုက်၍နေလေသည်။
"မင်း ဘယ်လိုဖြစ်!"
"ငြိမ်ငြိမ်နေ!..."
နှစ်ယောက်သား ခပ်ကြိတ်ကြိတ်ဖြင့် တွန်းထိုးရုန်းကန်နေတော့ အိပ်ပျော်ခါစပြုနေသော နိုရာကပြန်နိုး၍လာသည်။ရှင်းခန့်အား ဖက်တွယ်ထားသော ဆိုင်းလော့ဒ်အား မြင်တာနှင့် အိပ်ရာမှကုန်းထကာ...
"ဒယ်ဒီ သွား! သွား!..."
"ဟာ.."
ပါးစပ်ကာ ပြောနေတာနှင့် အားမရပဲ သူ့လက်သေးသေးလေးများဖြင့် ဆိုင်းလော့ဒ်၏ ကိုယ်ကြီးအားတွန််းချလေသည်။
"ဘယ်သွားရမှာလဲ ဒယ်ဒီအိပ်မို့လေ..."
"နိုး နိုး ဒယ်ဒီ သွား သွား...အဟင့်!"
နိုရာက အတင်းကန်ကြောက်ပြောရင်းဖြင့် ငိုမဲ့မဲ့လေးဖြစ်လာတာမို့ သူ ဆိုင်းလော့ဒ်၏ ကိုယ်ကြီးအားကုတင်ပေါ်မှ တွန်းချပစ်ကာ...
"ကလေးအိပ်တော့မှာ သွားပေးလိုက်စမ်းပါ..."
"ဟာ! ဘယ်သွားရမှာလဲကွာ!..."
"သွား သွား အဟင့် ဟီး!..."
"မငိုနဲ့ သမီး မငိုနဲ့ တိတ်တော့ ဒယ်ဒီသွားပြီ သမီးဒယ်ဒီသွားပြီ လာ ကိုကိုနဲ့ပြန်အိပ်မယ်နော်..."
အိပ်ရေးမဝတာမို့ နိုရာတို့ မကြည်မလင်ဖြစ်ကာ ဂျီတိုက်လေပြီ။ရှင်းခန့်ကတော့ သူ့ကိုစိတ်မဝင်စားအားတော့ပဲ နိုရာအိပ်ဖို့အရေး တို့အရေးသားဖြစ်လို့နေသည်။ဒီညတော့ နိုရာ မအိပ်မချင်း သူ ကုတင်တက်ခွင့်ရဖို့ လမ်းမမြင်တော့ချေ။
!ဒီသမီးမျိုး ဘာလို့များမွေးခဲ့မိတာပါလိမ့်..!
~~~~~
AN.စျေးဗန်းလေးတွေ ဝိုင်းခင်းပေးကြတာ ကျေးဇူးအများကြီးပါနော်။ပြီးတော့ စာဖတ်သူတစ်ယောက်က ဟီရိုးအင်းဆိုတာ ဘာလဲလို့မေးထားတာလေး တွေ့လိုက်လို့ပါ။ဟီရိုးအင်းဆိုတာ ဘိန်းဖြူကိုပြောတာပါ။ကချင်ကြီးကဦးလေးကို ဘိန်းစွဲသလိုစွဲနေတာပေါ့ရှင်။