Cold Fire ||Completed||

By synr_daisukina_hito

126K 11.4K 1.4K

"ဝမ်ရိပေါ် မင်း လုပ်ရဲလား?" "ငါ လုပ်ရဲတယ်" UNICODE ONLY More

Cold Fire
Chapter 1 - အိုဟောင်းနေသော အဆောက်အဦးများ
Chapter 2 - Pink Girl
Chapter 3 - အမာရွတ်
Chapter 4 - နောက်ယောင်ခံခြင်း
Chapter 5 - မွေးနေ့လက်ဆောင်
Chapter 6 - အသွားတုံးနေတဲ့ ဘလိတ်ဓါး
Chapter 7 - အရူးလေး
Chapter 8 - ရည်းစားဟောင်း
Chapter 9 - ကျောက်စိမ်းလိပ်ပြာ
Chapter 10 - Dare
Chapter 11 - မီးရှူးမီးပန်း
Chapter 12 - ပြိုလဲခြင်း
Chapter 13 - ကောင်းကင်နဲ့ မြေကြီး
Chapter 14 - အဖြူလေးတစက်က ရုပ်ဆိုးမှုတရာကို ဖုံးကွယ်နိုင်တယ်။
Chapter 15 - လွတ်မြောက်လာတဲ့ မြင်းပိန်လေး
Chapter 16 - စ,မှတ်ရဲ့နောက် တမီတာအကွာ
Chapter 17 - ကျောက်စိမ်းလိပ်ပြာရဲ့ သွေးမျက်ရည်
Chapter 18 - အဖော်
Chapter 19 - အတူတူနေတဲ့လူ
Chapter 20 - ရွှံ့ညွန်
Chapter 21 - အလိမ်အညာ
Chapter 22 - အနီရောင်စာလုံးလေး
Chapter 23 - ပျောက်ဆုံးဝိဉာဉ်
Chapter 24 - သစ္စာရှိတဲ့ အချစ်ဦး
Chapter 25 - သတ္တိ
Chapter 26 - ပြင်းပြတဲ့စိတ်ဆန္ဒတွေ
Chapter 27 - မင်း ထွက်မသွားနဲ့။
Chapter 28 - ကန့်သတ်ချက်မရှိ၊ ခြွင်းချက်မရှိ
Chapter 29 - မင်းကို ပိုချစ်တယ်။
Chapter 30 - အနိုင် အရှုံး
Chapter 31 - ချစ်ခဲ့ခြင်းရဲ့သက်သေ
Chapter 33 - မေ့ပျောက်ထားတဲ့မှတ်ဉာဏ်များ
Chapter 34 - Stars in the Sun
Extra 1 - နွေပူပူရဲ့ အချစ်
Extra 2 - ဆောင်းဦးနှောင်းပိုင်းရဲ့အချစ်
Final Extra - ဆောင်းရာသီရဲ့အချစ်

Chapter 32 - အနီရောင်လက်ကိုင်ဖုန်း

2.1K 263 26
By synr_daisukina_hito

အဲ့နေ့နောက်ပိုင်းကစပြီး ဝမ်ရိပေါ်ရဲ့ဖုန်းထဲ ရှောင်းကျန့်ဆီက စာတွေ နေ့တိုင်းဝင်တယ်။ တခါတလေမှာ စကားတလုံးတည်းဟာ သူ့ကို အတိတ်အကြောင်းတွေ အချိန်အကြာကြီး စားမြုံ့ပြန်နေစေတယ်။ သဘောက ရှောင်းကျန့်ဟာ သူ့ကို လိုချင်နေတုန်းပဲ။ ပြီးတော့ သူ့အကြောင်းတွေ နေ့တိုင်း ပြောပြချင်စိတ် ရှိတယ်။ အဲ့တော့ သူဟာ မျှော်လင့်ချက် တစွန်းတစနဲ့အတူ ပြန်ဆုံမယ့်ရက်ကို နေ့တိုင်းမျှော်နေခဲ့တယ်။

အရင်ကဆို သူ သွားလေရာ ဖုန်းယူသွားရတာ မကြိုက်ဘူး။ အခုချိန်မှာ လှုပ်ရှားသမျှတိုင်း ဖုန်းပါတယ်။ သူ ရှောင်းကျန့်ကို စာပို့ဖို့လုပ်တိုင်း ဒုက္ခရောက်ရတယ်။ သူ ဆေးခန်းကို လိမ်လိမ်မာမာသွားပြီး တရုတ်အပ်စိုက်ပညာနဲ့ ဆေးကုသတယ်ဆိုတဲ့အကြောင်း ပြောပြတယ်။ လတ်တလောမှာ လေးလံတဲ့အလုပ်ကြမ်းတွေ သူ မလုပ်ဘူး။ ရှောင်းကျန့်သတင်းကို ရလိုရငြား နေရာစုံကို လျှောက်သွားနေတတ်တယ်။

ရှင်းရှင်းလင်းလင်း ရှိနေတဲ့ တခုတည်းသောအရာကတော့ ဆန်းဒင်းဟာ ပုံမှန်အတိုင်း လည်ပတ်နေတုန်းဖြစ်တယ်။ ဆန်းဒင်းရဲ့ လူကြီးပိုင်း အပြောင်းအလဲဖြစ်တယ်ဆိုတဲ့သတင်းတွေ ဘာသံမှ မကြားရဘူး။ တနေ့မှာ အားချင်းက သူ့ကို ချီးကျူးတယ်။ သတင်းစာကို မြန်မြန်ဖတ်လာနိုင်ပြီဆိုတဲ့အကြောင်းနဲ့ စာပို့တာ မြန်လာပြီဆိုတဲ့အကြောင်း ဖြစ်တယ်။

"တကယ်လား? ငါ့ကိုယ်ငါတော့ အဲ့လောက်မထင်ဘူး"

"တကယ်ပြောတာ။ အရမ်းမိုက်တယ်"

ဝမ်ရိပေါ်ဟာ ရှောင်းကျန့်နဲ့ ကွာခြားတယ်။ သူမ ရှောင်းကျန့်နဲ့ တတွဲတွဲဖြစ်ခဲ့တုန်းကဆို သူမမှာ ပြောစရာစကားတွေမှ အများကြီးပဲ။ ဝမ်ရိပေါ်ကတော့ ဒီအတိုင်း အစာသွတ်ထားတဲ့ဘူးသီးကြီးလိုပဲ။ သူမဘက်ကသာ စကားစမပြောရင် ဝမ်ရိပေါ်ရဲ့ပါးစပ်ဟာ အပ်နဲ့ချုပ်ခံထားရသလို ဘာစကားမှ ထွက်မလာတတ်ဘူး။

ထင်မှတ်မထားစွာဘဲ တနေ့မှာ ဝမ်ရိပေါ်က ဦးဆောင်လို့ သူမကို မေးခွန်းတွေ မေးလာတယ်။

"သူ အဲ့လို စီးပွားရေးကိစ္စကြီးတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ဘယ်လောက်တောင် ခွန်အားကြီးနေဖို့ လိုတယ်လို့ မင်းထင်လဲ?"

အားချင်းက အံ့ဩသွားတယ်။

"ကျမလည်း မသိဘူးလေ"

အားချင်းက ချမ်းသာသူတွေနဲ့ သိပ်အဆက်အဆံ လုပ်ဖူးတာမဟုတ်ဘူး။ ရှောင်းကျန့်ရဲ့ "ချမ်းသာတယ်"ဆိုတဲ့အချက်ဟာ သူမကို ရှုထောင့်တခုပဲ ပေးတယ်။ သူမနဲ့ ရှောင်းကျန့်ကြား ကွာဟချက် ဘယ်လောက်ကြီးမားတယ်ဆိုတာပဲ။ ခန့်မှန်းကြည့်ဖို့ ခက်ခဲတယ်။ ဝမ်ရိပေါ်အတွက်ကတော့ သူ နားလည်ထားတဲ့ ချမ်းသာမှုဆိုတာ ကောင်းကင်နဲ့ မြေကြီးပမာ ကွာခြားတယ်။ ဒါပေမဲ့ အရင်တုန်းကဆိုရင် သူဟာ အကြောက်အရွံ့မရှိ၊ ခေါင်းမာစွာနဲ့ ရှောင်းကျန့်ဘေး တန်းတူရပ်ချင်ခဲ့တယ်။ အခုချိန်မှာ သူ ရှောင်းကျန့်ကို ကတိပေးထားတယ်။ အရာရာကို အရင်ကထက် ပိုသင်ယူဖို့။ အဲ့တော့ ပထမဆုံး ခြေလှမ်းအနေနဲ့ သူဟာ စာဖတ်တတ်တဲ့အခွင့်အရေးကို အသုံးချလို့ သတင်းစာဖတ်ပြီး အသိဉာဏ်ပိုတိုးအောင် လုပ်တယ်။

မကြာခင်မှာပဲ တလကုန်လွန်သွားတယ်။ တချိန်တုန်းကတော့ သူတို့ဟာ လဆန်းပိုင်းအတွင်း အပန်းဖြေလို့ရမယ့် တနေရာရာ သွားဖို့နဲ့ စိန်လက်စွပ်ဆင်တူ ဝယ်ဖို့ အစီအစဉ် ချထားခဲ့တာဖြစ်တယ်။ ရှောင်းကျန့်ဘက်က တိတ်ဆိတ်နေတဲ့အခါ သူ့ဘက်က ဘယ်လိုလို့ စကားစရဲတော့မှာလဲ။ သူ့ရဲ့ နေ့စဉ် လုပ်ငန်းဆောင်တာတွေအကြောင်း နေ့တိုင်း သတင်းပို့နေတုန်းပဲ။ ပြီးရင် သူ့ရဲ့ သူဌေးရှောင်းဆီက စာပို့လာမှာကို စောင့်နေတတ်တယ်။

[အားချင်းရဲ့ကိုယ်ဝန်က ၇ လ ကျော်နေပြီ။ ကလေးနာမည် ဘာပေးရမလဲဆိုပြီး ငါ့ကို လာမေးတယ်။ ငါ မသိဘူး။ မင်း ရွေးကြည့်ရော? ချစ်စနိုးနာမည်လေးတခု အရင်စဉ်းစားကြည့်။]

ဒီစာကို မပို့ရသေးခင်မှာဘဲ ဖုန်းက အားကုန်သွားတယ်။ သူ ချက်ချင်း အားသွင်းကြိုးလိုက်ရှာတယ်။ အဲ့ဒီအချိန်မှာ အဆောက်အဦးအပြင်ဘက် မီးတွေ မှောင်မဲနေတာကို တွေ့လိုက်ရတယ်။

အားချင်းက အိပ်မပျော်သေးတာမို့ ဘာဖြစ်တာလဲ လှမ်းမေးတယ်။

"မီးပျက်သွားတာ"

"အခုတလော ခဏခဏ ပျက်နေတယ်။ ညဘက်ဆို ပုံမှန်ပျက်ပြီ။ မနက်ကျမှ ပြန်ပြန်လာတယ်"

"ငါ မင်းရဲ့ ရှောင်းကောကို စာပို့နေတာ။ ဖုန်းက ရုတ်တရက်ကြီး အားကုန်သွားမယ်လို့ ထင်မထားဘူး"

ပြဿနာဖြစ်တဲ့နေ့တုန်းက သူဟာ ဖုန်းတလုံးပဲ ယူလာခဲ့တာဖြစ်တယ်။ အားသွင်းကြိုးကို နောက်မှ အပြင်က ဝယ်လိုက်တယ်။ ဖုန်းမှာ အပိုဘတ္ထရီတုံး မရှိဘူး။ ရှောင်းကျန့်ရဲ့ စာကို မဖတ်ရတော့ဘူးဆိုတဲ့ ခံစားချက်က သူ့ကို ဒေါသထွက်စေတယ်။

"ကျမဖုန်း သုံးလေ"

အားချင်းက အိပ်ရာဘေးက ဖုန်းကိုယူလိုက်တယ်။

"ကျမမှာ ဆက်သွယ်ရမယ့်လူမရှိဘူး။ အဲ့တော့ ကျမ ရပ်ချင်နေတာ။ အဲ့လိုမှ မဟုတ်ရင် တလကို ၅ ယွမ် ပေးနေရမှာ။ အလုပ်အရမ်းရှုပ်တယ်"

အနီရောင် second hand ဖုန်းလေးက သူ့လက်ထဲ ရောက်လာတယ်။ လုပ်ဆောင်ပုံဟာ Nokia ဖုန်းနဲ့ ဆင်တူတယ်။ ဝယ်တုန်းက တော်တော်ဈေးကြီးလောက်မယ်။

"မရပ်ပါနဲ့။ အကယ်၍များ ငါ မင်းနဲ့ အတူမရှိတုန်း မင်း တခုခု နေထိုင်မကောင်းဖြစ်ရင် ဒီဖုန်းနဲ့ ငါ့ကို ဆက်လိုက်လို့ရတယ်။ မင်း မီးဖွားဖို့က ၂ လ ကျန်သေးတယ်ဆိုပေမဲ့ သတိ ပိုထားရမယ်"

အားချင်းရဲ့ဗိုက်က အရမ်းကြီးနေပြီဖြစ်တယ်။ အမြွှာလေးဖြစ်လောက်မယ်လို့ သူမ တွေးထားခဲ့ပေမဲ့ တကယ်တမ်းမှာ သူမရဲ့ခန္ဓာကိုယ်ဟာ ကျန်းမာရေး သိပ်မကောင်းတဲ့အတွက် ကိုယ်ဝန်ဆောင်နိုင်ဖို့ သိပ်မသင့်တော်သေးဘူး။ ပြီးတော့ ကိုယ်ဝန်နဲ့ပတ်သက်ပြီး မလုပ်တတ်၊ မကိုင်တတ်ဖြစ်ရတဲ့အခါ လရင့်လာလေ၊ သူမကိုယ်နေဟန်ထားက ဆိုးလာလေ ဖြစ်နေတယ်။

တော်သေးတာက သူမဟာ သူမရဲ့ပုံပန်းသဏ္ဍာန်နဲ့ပတ်သက်ပြီး သိပ်ဂရုစိုက်တဲ့သူ မဟုတ်ဘူး။ ပြီးတော့ သူမဟာ နောက်ကို အဲ့လို "ဧည့်သည် အပို့အကြို" လုပ်ငန်းတွေ မလုပ်တော့ဘူး။

"ကော ကျမက ကောကို အများကြီး ဆွဲချနေမိပြီ"

သူမဟာ ဒီစကားကို နေ့တိုင်းပြောတယ်။ ဝမ်ရိပေါ်က သူမကို ဆက်မပြောဖို့ လက်ကာပေမဲ့ သူမက ဆက်ပြောနေတုန်းပဲ။

"အရမ်းလွယ်တယ်လို့ ကျမက ထင်ခဲ့မိတာ။ ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးရတာ ဒီလောက်ခက်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ကလေးက အရမ်းအလုပ်ရှုပ်တယ်။ ကောပြောတဲ့ပုံအရ ကျန်းကျွင်းက လူကောင်းသိပ်မဟုတ်ဘူးဆိုတော့ ကျမဗိုက်ထဲက ကလေးက လူဆိုးဖြစ်မလာလောက်ဘူးမလားဟင်?"

ဝမ်ရိပေါ်က စာရေးနေတယ်။

[ငါ့ဖုန်းက အားကုန်သွားလို့။ ဒါ အားချင်းရဲ့ဖုန်း။ မင်း ဒီကို စာပို့လို့ရတယ်။ စောစောက စာပို့ထားသေးလား။ ငါ မဖတ်လိုက်ရဘူး။]

ပြီးတာနဲ့ သူ ပြန်ပြောလိုက်တယ်။

"ငါ့ကို လူကောင်းလို့ မင်းထင်လား?"

"ဒါပေါ့။ ကောနဲ့ ရှောင်းကောက အကောင်းဆုံးလူတွေပဲ"

ဝမ်ရိပေါ်က ပြုံးတယ်။

"မင်းမှားနေပြီ။ ငါက မကောင်းတာတွေ အကုန်လုပ်ခဲ့ဖူးတယ်။ လူသတ်တာ။ ပြန်ပေးဆွဲတာ။ ဖမ်းချုပ်ထားတာ။ မကောင်းတာ အကုန်လုံး"

မုဒိန်းကျင့်ခဲ့တယ်ဆိုတဲ့စကားကိုတော့ သူ ထည့်မပြောဖြစ်ဘူး။

"ဖအေက မကောင်းလို့ ကလေးက မကောင်းတာလို့ ပြောတာက ဆီလျော်သလိုလို ထင်ရတယ်။ ဖအေက ကောင်းမှ မကောင်းခဲ့တာ။ ဒါပေမဲ့ မင်းအဖေက မင်းလို သဘောထားပြည့်ဝပြီး ကြင်နာတတ်တဲ့မိန်းကလေးမျိုးကိုလည်း မွေးခဲ့တာပဲမလား။ အဲ့တော့ အဲ့စကားတွေက အမြဲမှန်နေတာ မဟုတ်ဘူး"

အားချင်း အံ့ဩသွားတယ်။ ပြီးတာနဲ့ နှုတ်ခမ်းစူလိုက်တယ်။

"ကျမ မယုံဘူး"

ဝမ်ရိပေါ်က အနီရောင်လက်ကိုင်ဖုန်းကို ခဏလောက် စိုက်ကြည့်နေတယ်။

ရှောင်းကျန့်တယောက် သူ့ကိုယ်သူ ဓါးနဲ့ထိုးခဲ့တဲ့နေ့ကစပြီး သူဟာ အနီရောင်နဲ့ပတ်သက်လို့ ပြောမပြတတ်တဲ့ ခံစားချက်တွေ ရှိခဲ့တယ်။ သွေးကို မြင်လို့မရဘူး။ အထူးသဖြင့် ရှောင်းကျန့်ရဲ့သွေး။ ဒါပေမဲ့ သူ့ခန္ဓာကိုယ် သွေးထွက်တာနဲ့ပတ်သက်လို့‌တော့ သူ နည်းနည်းစိတ်ချမ်းသာတယ်။ သူ့ခန္ဓာကိုယ်‌ပေါ် ဒဏ်ရာများများရပြီး သွေးများများထွက်လေ၊ သူ့အပြစ်တွေကို ပိုပေးဆပ်နိုင်လေလို့ သူ တွေးတယ်။

ပိုက်လိုင်းကနေတဆင့် စီးဆင်းသွားတဲ့သွေးတွေကို ကြည့်ရင်း ထိုသွေးတွေကို လဲလှယ်လိုက်ရလို့ လက်ထဲကို ငွေတွေရောက်လာတဲ့အချိန်မှာ သူ မျက်မှောင်ကြုတ်လို့ ခက်ခက်ခဲခဲ တွေးခဲ့တယ်။ ဒီသွေးတွေဟာ ရှောင်းကျန့်ဒဏ်ရာကနေ စီးဆင်းသွားတဲ့ သွေးပမာဏထက် ပိုများရဲ့လားဆိုတာပဲ။ ဘယ်လိုပဲ ကြည့်ကြည့်၊ မလုံလောက်သေးဘူးလို့ သူ တွေးတယ်။

ဒီရက်တွေအတွင်းမှာ သူတို့နှစ်ယောက်ရဲ့ပတ်သက်မှု အဆင့်မြင့်တက်သွားတဲ့အခိုက်အတန့်တွေအကြောင်း သူ မကြာခဏ တွေးဖြစ်တယ်။ သူ ရှောင်းကျန့်ကို စောင်နဲ့ပတ်ထုပ်ရင်း လမ်းတလျှောက်ပြေးလို့ သွေးရူးသွေးတန်း အော်ပြောနေခဲ့တယ်။

"သတိရပါဦး။ ငါ မင်းကို မထိတော့ဘူးလို့ ကတိပေးပါတယ်"

သူ ရှောင်းကျန့်ရဲ့အသက်ကို ကယ်ခဲ့ချင်တုန်းပဲ။ ဒါပေမဲ့ ဆေးရုံကြီးကိုတော့ မသွားချင်ခဲ့ဘူး။ သူဟာ တကိုယ်ကောင်းဆန်တယ်။ တကိုယ်ကောင်းဆန်လွန်းလို့ သူ ရှောင်းကျန့်နဲ့ ခဏလေးတောင် မခွဲချင်တော့ဘူး။ သူ ဆေးရုံကြီးကိုသွားရင် ရှောင်းကျန့်က ဘာကြောင့် ဒဏ်ရာရတာလဲ မေးကြမယ်။ ပြီးရင် သူ့ကို ဖမ်းချုပ်ထားပြီး နောက်ထပ်တွေ့ခွင့် ပေးမှာ မဟုတ်တော့ဘူး။ ဒီအချက်နဲ့ယှဉ်လိုက်တဲ့အခါ သူဟာ ရှောင်းကျန့်ကို သေသွားစေဖို့ ဆန္ဒပိုရှိတယ်။ ဘာပဲပြောပြော သူ့ဘဝအတွက်က နောင်တရစရာတွေ ရှိမနေဘူး။

ထျန်းကျိယုံးက သူ့လုပ်ဆောင်မှုတွေကို သဘောတူပြီး ဒီဒဏ်ရာကြီးနဲ့ ဆေးရုံကြီးသွားရင် အသက်မမီတော့ဘူး၊ ဒီကို ပို့လာတာမှန်တယ်ဆိုတဲ့စကားတွေ ပြောခဲ့ပေမဲ့လည်း သူကိုယ်တိုင်ရဲ့ ရက်စက်မှုကိုတော့ လက်မလွှတ်နိုင်ခဲ့ဘူး။ သူဟာ တချိန်တုန်းက သူ့ကို လူလို မဆက်ဆံခဲ့လို့ဆိုတဲ့အကြောင်းပြချက်နဲ့ ရှောင်းကျန့်ကို မုန်းခဲ့တယ်။ အခုချိန်မှာ ရှောင်းကျန့်က ဒီလိုအဆိပ်ပြင်းတဲ့နည်းလမ်းနဲ့ သူ့ကို လက်စားချေ တုံ့ပြန်တဲ့အပေါ် သူ ပိုပြီးတော့မုန်းတယ်။ ဒါပေမဲ့ ဒီအမုန်းတရားတွေပေါ်မှာ ထပ်ပေါင်းထည့်တဲ့အမုန်းတွေနဲ့ သူ့ကိုယ်သူ ပိုမုန်းတယ်။ သူဟာ ဘယ်လိုဝံပုလွေပေါက်လဲ? မဟုတ်သေးဘူး။ သူဟာ သူ့အဖေရဲ့ လူမဆန်မှု အပြစ်ကြွေးတွေကို အမွေရခဲ့တဲ့အပြင် ရုတ်တရက် သောင်းကျန်းတတ်တာမျိုးလည်း ရခဲ့သေးတာလား?

ထျန်းကျိယုံးဟာ ရှောင်းကျန့်ရဲ့ဒဏ်ရာကို ညတွင်းချင်း ကုသပေးခဲ့တယ်။ ခွဲစိတ်ခက မြင့်မားတဲ့အပြင် ကိစ္စကြီးတခုကိုလည်း သူ လုပ်ခဲ့သေးတယ်။ အငှားအိမ်လေးထဲက သွေးစွန်းပေးနေတဲ့အရာမှန်သမျှကို သူ မီးရှို့ပစ်ခဲ့တယ်။

သူ ဒီလိုတွေ မလုပ်ဖြစ်ခဲ့တာ အတော်ကြာပြီဆိုပေမဲ့ လုပ်ဖြစ်တော့လည်း သူနဲ့ ရင်းနှီးနေတုန်းပါပဲ။ တချိန်တုန်းက သူဟာ သူ့အဖေရဲ့အလောင်းကို ဒီလိုမျိုး ပြာကျသွားအောင် မီးရှို့ပစ်ခဲ့တယ်။ တောရွာကလေးက အဲ့ဒီ့လူဟာ ပျောက်ကွယ်သွားတာ ကြာခဲ့ပြီဖြစ်တယ်။ သူ့အဖေကို သူ့အမေနဲ့အတူ မြှုပ်နှံခဲ့ပါတယ်လို့ သူ လိမ်ခဲ့တယ်။

တကယ်တမ်းမှာ သူဟာ သူ့အဖေရဲ့အရိုးပြာတွေကို အိမ်သာကျွင်းထဲ ဖြူးချခဲ့တယ်။ သူဟာ ခံစားချက်ကင်းတယ်၊ အဆိပ်ပြင်းတယ်၊ ပြီးတော့ ရက်စက်တယ်။ ရှောင်းကျန့် သေလုဆဲဆဲ ဖြစ်နေချိန်မှာ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဘယ်လိုလုပ်ရမယ်ဆိုတာ သူ မှတ်မိနေတုန်းပဲ။ ဘေးအိမ်ကလူတွေရော၊ အိမ်ပိုင်ရှင်ပါ ဒီအငှားအိမ်ထဲမှာ ဘာဖြစ်ခဲ့တယ်ဆိုတာ သိကြတာမဟုတ်ဘူး။

မီးတောက်တွေဟာ သူ့မျက်စိရှေ့မှာ လိပ်ပြာတောင်ပံတွေလို တဖျတ်ဖျတ် တောက်လောင်နေခဲ့တယ်။

ဆင်းရဲတဲ့မိသားစုက ပေါက်ဖွားလာတဲ့လူတွေဟာ အမှုအခင်းတွေကို လွယ်လွယ်ကျူးလွန်တတ်ကြပြီး တဖက်လူစကားကို သိပ်မယုံတတ်ကြဘူးဆိုတာ ဟုတ်ရဲ့လား? ပမာဏများလွန်းတဲ့ စွန့်ပစ်အမှိုက်ပစ္စည်းတွေဟာ နေ့တိုင်း မီးရှို့ခံနေရတယ်။ ပြီးတော့ အဲ့နေရာတွေဟာ အလောင်းတွေနဲ့ သဲလွန်စတွေကို ဖျောက်ဖျက်ပစ်ဖို့ အကောင်းဆုံးနေရာဖြစ်တယ်။ အကယ်၍များ လူတယောက်က မြို့တော်ထဲမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ရင် သဲလွန်စတွေကို လက်စဖျောက်ပစ်ဖို့ အဲ့လောက်လွယ်မှာမဟုတ်ဘူး။

သူ ရလဒ်ကို စောင့်ဆိုင်းခဲ့တယ်။ ရှောင်းကျန့်သာ သေသွားရင် သူ တခါတည်း အတူလိုက်သွားမယ်။ ရှောင်းကျန့် အသက်ရှင်ရင်တော့ သူ လုပ်ချင်သလို လုပ်ပါစေပေါ့။

ဒါပေမဲ့ ရှောင်းကျန့်က အတိတ်မေ့သွားခဲ့တယ်။ အရင်တုန်းက ဖြစ်ခဲ့တာတွေမှန်သမျှကို မေ့သွားခဲ့တယ်။ သူ့ခေါင်းထဲမှာ "ဝမ်ရိပေါ်"ဆိုတဲ့ နာမည် ၃ လုံးကိုပဲ မှတ်မိတယ်။ ဒီလိုနဲ့ပဲ ရှင်းပြရခက်စွာ သူဟာ နောက်တကြိမ် "မွေးဖွားခွင့်"ကို ရခဲ့ပြီး သူ့ရဲ့ ပျော့ပျောင်းမှုမရှိတဲ့ ဦးဏှောက်ဟာ မြန်မြန်ဆန်ဆန် လှုပ်ရှားရင်း "ချစ်သူ"ဆိုတဲ့ခေါင်းစဉ်အောက် သူ့ရဲ့အိပ်မက်တွေနဲ့ အလိမ်အညာတွေကို တခုပြီးတခု ပြောထွက်စေခဲ့တယ်။

ဘာလို့လဲ။ သူ့ကို ဘယ်သူ ဖြေပေးနိုင်မလဲ။ ထျန်းကျိယုံး ဖြေမပေးနိုင်သလို ဘယ်သူမှလည်း ဖြေမပေးနိုင်ခဲ့ဘူး။

[ရှင်းရှင်း]

စာဝင်လာတယ်။

ဝမ်ရိပေါ်ဟာ သူ့မျက်ဝန်းထောင့်ကို လက်နဲ့ပွတ်သုတ်လိုက်ရင်း ရှောင်းကျန့်ဆီက ပို့လိုက်တဲ့စာဖြစ်ကြောင်း အတည်ပြုတယ်။ ရှောင်းကျန့်က အားချင်းရဲ့ကလေးကို "ရှင်းရှင်း"လို့ ခေါ်စေချင်တာလား?

[ဘာဖြစ်လို့လဲ။]

တဖက်လူက ပြန်မဖြေပြန်ဘူး။ အကြာကြီးကြာလို့ အားချင်းက ဟောက်သံတိုးတိုးနဲ့အတူ သူ အိပ်ငိုက်လာတဲ့အချိန်မှာ ရှောင်းကျန့်က သူ့ကို နောက်ထပ် စာတကြောင်း ထပ်ပို့တယ်။

[ဒီနေ့ညရဲ့ ကြယ်တွေက အရမ်းလှလို့]

ခေါက်အိပ်ရာပေါ်မှာ လှဲနေရင်း ဝမ်ရိပေါ် မျက်မှောင်ကြုတ်လိုက်တယ်။ သူ့ဟာသူ စဉ်းစားကြည့်တယ်။ ဒီနာမည်ဟာ မိန်းကလေးရော၊ ယောက်ျားလေးပါ သုံးလို့ရတဲ့ နာမည်ပဲ။

သူ အတွေးထဲ မျောသွားပြန်တယ်။

အကယ်၍များ ရှောင်းကျန့်က "ကွိုင်းကွိုင်း"နဲ့ပတ်သက်လို့ အထူးတလည် စိတ်ဆိုးတာမျိုး မဖြစ်တော့ဘူးဆိုရင် သူ အတိတ်ကအကြောင်းတွေ နည်းနည်းစီ ပြန်ပြောပြချင်တယ်။ သူတို့နှစ်ယောက် ဝမ်ချွမ်းက ရှင်းရှင်းဟူ ရွာသစ်မှာ နေခဲ့ဖူးတာတွေ၊ တယောက်နဲ့တယောက်ရဲ့အချစ်ကို ဖော်ထုတ်ပြသခဲ့တဲ့ ညအကြောင်းတွေ၊ ရှောင်းကျန့်ရဲ့ မွေးနေ့ကို ကျင်းပခဲ့တာတွေနဲ့ ရှင်းရှင်းဟူရေကန်ဘေး မီးရှူးမီးပန်း ထွန်းညှိခဲ့တာတွေအကြောင်းပေါ့။

ကွိုင်းကွိုင်းက ပြောခဲ့ဖူးတယ်။

"ငါ့နှလုံးသားထဲမှာ မင်းက အေးစက်တဲ့မီးနဲ့တူတယ်။ ငါ့ရင်ထဲက အတုအယောင်မီးတောက်လိုမျိုး"

အေးစက်သောမီးဆိုတာ ဘာလဲ?

"နေဝင်ပြီး ကြယ်ထွက်လာချိန် တိမ်တောက်တာကို ပြောတာ။ လှလှပပလေး တောက်လောင်နေပြီး ကြည့်လို့ လင်းလက်နေတယ်လေ။ ဒါပေမဲ့ အန္တရာယ်မရှိဘူး။ လူကို ထိခိုက်နာကျင်စေတာမျိုး မဖြစ်ဘူး။ ငါ အမြဲ စဉ်းစားကြည့်တယ်။ လောကကြီးမှာ အဲ့လိုမီးမျိုး ရှိနိုင်ပါ့မလားဆိုပြီး။ အခုကြည့် အဲ့မီးက ငါ့ကို တကယ် မနာကျင်စေဘူး"

ဝမ်ရိပေါ် ဟိုလှိမ့်၊ ဒီလှိမ့် လုပ်နေတယ်။ အဲ့အချိန်တုန်းက စိတ်အခြေအနေကို သူ သတိရသွားတယ်။ သူဟာ ရင်ထဲလှုပ်ရှားမှုနဲ့အတူ ဝမ်းနည်းခဲ့ရပြီး ကွိုင်းကွိုင်းအတွက် အရာအားလုံး အဆင်သင့်ဖြစ်နေတဲ့လူ ဖြစ်ခဲ့တယ်။ သူ့လိုလူမျိုးဟာ ဘယ်လိုလို့များ အေးစက်တဲ့မီးဖြစ်ဖို့ ထိုက်တန်မှာတဲ့လဲ? သူဟာ ရှောင်းကျန့်ကို နာကျင်မှုအပေးခဲ့ဆုံးလူဖြစ်တယ်။ အဲ့တော့ သူဟာ ကြယ်ဖြစ်ဖို့ မထိုက်တန်ဘူး။ အားချင်းရဲ့ကလေးဟာ ကြယ်ကလေးတွေလို ကြင်နာပြီး ထိခိုက်မှုကင်းမဲ့တဲ့ကလေး ဖြစ်လာဖို့ မျှော်လင့်ရုံပါပဲ။

တဖြည်းဖြည်းနဲ့ သူ မအိပ်ချင်တော့ဘူး။ သူ ဖုန်းထဲမှာ စာတွေ အများကြီးရေးပြီး တလုံးချင်းစီ ပြန်ဖျက်တယ်။

အချိန်က အရမ်းနောက်ကျနေပြီ၊ ၁၂ နာရီကျော်နေပြီဖြစ်တယ်။ သူ ရှောင်းကျန့်ဆီကို စာတကြောင်း ပို့လိုက်တယ်။

[အိပ်တော့။ နောက်ကျတဲ့ထိ မနေနဲ့။]

တဖက်ကစာဟာ ခပ်မြန်မြန်ပဲ ရောက်လာတယ်။ တလုံးတည်း "အင်း"တဲ့။

ဝမ်ရိပေါ် ရုတ်တရက် အိပ်ရာပေါ် ဆတ်ခနဲ ထထိုင်လိုက်ပြီး စိတ်မြန်လက်မြန်နဲ့ စာတွေ ရိုက်လိုက်တယ်။

[ရှောင်းကျန့် ငါ မင်းကို အရမ်းလွမ်းတယ်။ ငါ မင်းမျက်နှာကို ထိကိုင်ချင်တယ်။ မင်းကို ဖက်ထားချင်တယ်။ မင်း ပိန်နေပြီလား? ငါ့ကို လွမ်းနေလား? ငါတို့ ဘယ်တော့တွေ့နိုင်.....]

သူ ရုတ်တရက် ရပ်လိုက်ပြီး ပြန်ဖျက်တဲ့ခလုတ်ကို နှိပ်လိုက်တယ်။ ဒါပေမဲ့ စိတ်မြန်လက်မြန် လုပ်လိုက်တာမို့ လက်က တခြားခလုတ်ကို သွားနှိပ်မိတယ်။

စာပို့လိုက်မိလား သေချာအတည်ပြုကြည့်တဲ့အခါ တော်သေးတယ်။ စာက Draft box ထဲကို ရောက်သွားတာဖြစ်တဘ်။

သူ ရှောင်းကျန့်ကို ဒီ့ထက်ပိုပြီး ဆွဲမချချင်တော့ဘူး။ ရှောင်းကျန့်အတွက် သူ့ရဲ့ဆွဲချနိုင်တဲ့အလေးချိန်ဟာ အားချင်းထက် အဆ ၁၀၀၀၊ အဆ ၁၀၀၀၀ ပိုများတယ်။

ကျဉ်တက်လာတဲ့နှာခေါင်းကို ပွတ်ရင်း ဖုန်းရဲ့ draft box ထဲက ဂဏန်းနံပါတ်အတန်းလိုက်ဟာ သူ့မျက်စိထဲ ဝေဝေဝါးဝါး ဝင်လာခဲ့တယ်။

အချိန်အရ ပထမဆုံး စာသားတွေဟာ သူ ရေးထားတဲ့စာတွေဖြစ်ပြီး ဒုတိယစာသားနဲ့ တတိယစာသားတွေဟာ နံပါတ်တန်းတွေ ဖြစ်တယ်။

နံပါတ်တွေက ၁ ကနေ စမထားဘူး။ ဂဏန်းစာလုံးတန်း အရှည်အနေအထားအရဆို ဖုန်းနံပါတ်လည်း မဟုတ်ဘူး။ အဲ့တော့ ဒါ ဘာတွေလဲ?

အားချင်းရဲ့ဖုန်းမို့ သူ ဝင် မစပ်စုချင်ဘူး။ သံသယတွေနဲ့ပဲ သူ အိပ်ရာပေါ် ပြန်လှဲလို့ အိပ်ပျော်ဖို့ ကြိုးစားတယ်။ ညလယ်သန်းခေါင်မှာ အားချင်းက အိမ်သာသွားဖို့ အိပ်ရာက ထလာတယ်။ သူမလည်း လှုပ်ရှားမှုအသံတွေကို ကြားလိုက်ရတယ်။

"ကော ရတယ်။ ကျမဘာသာသွားမယ်။ အဆင်ပြေတယ်"

ကိုယ်ဝန်လရင့်လာလေ၊ အပေါ့သွားတဲ့အကြိမ်ရေ ပိုများလေဖြစ်တယ်။ အားချင်းမှာ ဝမ်ရိပေါ်ကို နှိုးရမှာ အားနာနေတယ်။

"မင်းပြောတာ မှတ်မိသလောက် မင်းဖုန်းက ကျန်းကျွင်းပေးတာဟုတ်?"

"အင်း ဟုတ်တယ်"

"ငါ ရုတ်တရက် draft box ထဲမှာ နံပါတ်တွေ တွေ့လိုက်လို့။ မင်း save ထားတာလား?"

အားချင်းက တချက်ကြည့်တယ်။

"ဟင့်အင်း။ အဲ့စာတွေ အဲ့မှာ ရှိနေမှန်းတောင် ကျမ မသိဘူး။ တခါမှ မမြင်ဖူးဘူး"

ဝမ်ရိပေါ် ခဏလောက် စဉ်းစားကြည့်တယ်။ ဒီနံပါတ်စီစဉ်ပုံတွေကို သူ တနေရာရာမှာ မြင်ဖူးသလိုပဲ။ ဘယ်နေရာမှာ မြင်ဖူးခဲ့တာလဲ?

သူ အရမ်းကြီး အိပ်ပျော်သွားတာ မဟုတ်ဘူး။ ပုံရိပ်တချို့က သူ့အာရုံထဲမှာ တဖျတ်ဖျတ် ဆက်တိုက်ပေါ်နေတယ်။ သူ ဘယ်လိုမှ ဆက်စပ်လို့ မရတဲ့ ပုံရိပ်တွေပေါ့။ ရုတ်တရက် သူ အိပ်မက်ကနေ နိုးထလာတယ်။ တကိုယ်လုံး ချွေးစေးတွေ ပြန်နေပြီး သူ့ရင်ဘတ်ကို လက်နဲ့ဖိလိုက်တယ်။

ဒီနံပါတ်တွေက ဘဏ်ကတ်နံပါတ်တွေပဲ။ ဟုတ်တယ်။ အဲ့ဒါ ဖြစ်နိုင်တယ်။ သူ့မှာ ဘဏ်ကတ်မရှိဘူး။ သူ ရှောင်းကျန့်နဲ့အတူတူနေတုန်းက စားဖို့သောက်ဖို့၊ အဝတ်အစားဖိုး၊ နေထိုင်စရိတ်၊ ခရီးစရိတ် ဘာမှ မပူခဲ့ရဘူး။ ရှောင်းကျန့်က သူ့ကို ငွေပေးတယ်။ သူ တခါမှ ငွေကို စစ်မကြည့်ခဲ့ဘူး။ သူက ငွေကို ဘာလို့လိုချင်ရမှာလဲ။ သူလိုချင်တာ ရှောင်းကျန့်။ သူ ရှောင်းကျန့်ကို လိုချင်တာဟာ ရှောင်းကျန့်မှာ ငွေရှိမရှိကိစ္စတွေနဲ့ ဘာမှသက်ဆိုင်ခြင်း မရှိဘူး။

သူ ဒီနံပါတ်တွေအကြောင်း သတိပြုမိတာ ဘာဖြစ်လို့လဲဆိုရင် သူဟာ သူ့ရဲ့မှတ်ဉာဏ်တွေနဲ့ တဆက်တည်း အိပ်မက်မက်ခဲ့လို့ပါပဲ။ ထျန်းကျိယုံးကို ပေးရမယ့် ခွဲစိတ်ခငွေအတွက် သူ့မှာ့ရှိတဲ့ငွေတွေအပြင် ရှောင်းကျန့်ပိုက်ဆံအိတ်ထဲက ငွေတချို့တဝက်နဲ့ ပေးခဲ့တယ်။ ကျန်ငွေတွေအတွက် သူ အမြတ်ကြီးစား လူမိုက်ဂိုဏ်းတွေဆီက ငွေချေးခဲ့တယ်။ အဲ့အချိန်တုန်းက သူ ရှောင်းကျန့်ရဲ့ပိုက်ဆံအိတ်ကို နှိုက်ရှာခဲ့တယ်။ ID card ကလွဲရင် တခြားဘဏ်ကတ်တွေ တခုမှကို မထိခဲ့ဘူး။ ဒါပေမဲ့ အဲ့ကတ်တွေက ဘယ်လိုပုံဆိုတာနဲ့ ကတ်ပေါ်က နံပါတ်အထားအသိုတွေက ဘယ်လိုဆိုတာ သူ သိတယ်။

အဲ့ကတ်တွေကို သုံးလို့မရခဲ့ဘူး။

တဖက်မှာလည်း နန်ကျိုးဟာ အန္တရာယ်ဇုံထဲ ကျရောက်နေတယ်။ ကြိုတင်အကွက်ချကြံစည်တဲ့အနံ့တွေ ရနေတယ်။ ရှောင်းကျန့်လို အကောင်ကြီးကြီး လူတယောက်ကတော့ သူ့ကတ်ကို သုံးပြီး ငွေထုတ်လို့ ရတာပေါ့။ ဒါပေမဲ့ ငွေသာထုတ်လိုက်မယ်ဆိုရင် နောက်ယောင်ခံလို့ ရသွားနိုင်တယ်။ တဖက်မှာလည်း အကယ်၍ အန္တရာယ် မရှိဘူးဆိုရင်တောင် သူနဲ့ ရှောင်းကျန့် အတူတူ ရှိနေတယ်ဆိုတာကို ဘယ်သူမှ မသိစေချင်ဘူး။ အဲ့တော့ ရှောင်းကျန့်က အတိတ်ကို သတိမရခင်ထိ သူတို့နှစ်ယောက်ကို ဘယ်သူမှ ခွဲလို့မရဘူး။ အဲ့လိုမှမဟုတ်ရင် ပြဿနာတွေ တက်ကုန်မှာပေါ့။

ဒီလိုယုံကြည်မှုမျိုးနဲ့ပဲ သူဟာ အတိတ်မေ့နေတဲ့ရှောင်းကျန့်ကို နန်ကျိုးကနေ ခေါ်ထုတ်ပြီး ဝမ်ချွမ်းရှိရာ ခေါ်သွားနိုင်ခဲ့တာဖြစ်တယ်။ ဆန်းဒင်းဂရုရဲ့ စီးပွားရေးအင်အား သက်ရောက်မှုမရှိတဲ့နေရာ၊ ဆင်းရဲမွဲတေလွန်းတဲ့ နေရာထောင့်လေးမှာ ပုန်းကွယ်နေခဲ့တယ်။

ဒီလိုမျိုး ရှောင်းကျန့်အပေါ် ဆုံးဖြတ်ချက်ချတဲ့အခါ သူဟာ ရှောင်းကျန့်ရဲ့ခွင့်ပြုချက်မယူဘဲ သူကိုယ်တိုင် ဆုံးဖြတ်ခဲ့တာဖြစ်တယ်။ နန်ကျိုးက အန္တရာယ်ပဲ ကျရောက်နေနေ၊ သူ့အတွက် စိတ်ထဲထားနေစရာ လုံးဝမလိုတော့ဘူး။ သူတို့နှစ်ယောက်ကို ရှာမတွေ့သေးသရွေ့၊ သူတို့နှစ်ယောက် အတူတူ ရှိနေသေးသရွေ့၊ ပုန်းကွယ်နေရတာပဲ ကောင်းပါတယ်။

ဒါဟာ တကိုယ်ကောင်းဆန်ပြီး မောက်မာတဲ့ ဝမ်ရိပေါ်ဖြစ်တယ်။ သူ့ရဲ့ တကိုယ်ကောင်းဆန်တဲ့ဆန္ဒတွေကို ကျေနပ်စေဖို့အတွက် ရှောင်းကျန့်နဲ့ အပြင်လောက ဆက်ဆံပြောဆိုရမယ့်ကိစ္စမှန်သမျှကို ဖြတ်တောက်ပစ်ခဲ့တယ်။ နန်ကျိုးက အငှားအိမ်လေးမှာ ချုပ်နှောင်ခဲ့သလိုမျိုး ကြိုးစတွေ၊ သံကြိုးတွေ သုံးခြင်းမရှိဘဲ အတိတ်မေ့နေတဲ့ရှောင်းကျန့်ကို လေပျော့လေးနဲ့ ချုပ်နှောင်ထားခဲ့တယ်။ တံခါးကို ပိတ်ထားခဲ့ပြီး "ယုံအောင်ပြောထားတဲ့အလိမ်အညာ"တွေအောက် ထားခဲ့တယ်။

ဒါကိုက သူပဲ။ ညစ်ပတ်တယ်၊ စိတ်ပုပ်တယ်၊ ကောက်ကျစ်တဲ့ဉာဏ် အပြည့်ရှိတယ်။

ရှောင်းကျန့်က သူ့ကို စွန့်ပစ်ခဲ့ပြီး ပြောခဲ့တဲ့ စွပ်စွဲစကားမှန်သမျှဟာ သူ့နှလုံးသားထဲမှာ တံဆိပ်ရိုက်ထားသလိုရှိနေတယ်။ ဒါပေမဲ့ တကယ်တမ်း သူ ထွက်သွားတဲ့အခါ ရှောင်းကျန့်က ငိုယိုပြီး သူ့ကို နေရာတိုင်းမှာ လိုက်ရှာခဲ့တယ်။ အဲ့အခါ ဒီလိုဆွဲဆောင်မှုမျိုးကို သူ့မှာ မငြင်းဆန်နိုင်ဘဲ နောက်တကြိမ် ပြန်လာဖြစ်ခဲ့တယ်။

ဒါတွေက ဘဏ်ကတ်နံပါတ်တွေဆိုရင် ကိုင်ဆောင်သူက ဘယ်သူဖြစ်နေမလဲ?

အကယ်၍များ ဒါက ကျန်းကျွင်းရဲ့နံပါတ်တွေဆိုရင် တယောက်ယောက်က သူ့ထဲကို ငွေလွှဲပေးလောက်မှာပဲ။ အဲ့လိုသာဆိုရင် သူ့အနောက်က လက်မဲကြီးက လျို့ချန်းဖြစ်နိုင်မလား?

အဲ့ဒီ့လူကို ဆန်းဒင်းကနေ ကန်ထုတ်ပြီးနောက်မှာ ဘာသတင်းမှ မကြားရတော့ဘူး။ အဲ့ဒီ့လူဟာ ကျန်းရာဝမ်အတွက် အလုပ်လုပ်ပေးနေတာကို သူတို့သိတယ်။ ဒါပေမဲ့ အဲ့ဒီ့လူရဲ့ သဲလွန်စကို ရှာမတွေ့နိုင်ဘူး။ ကျန်းရာဝမ်က သူ့ကို ပုန်းခိုင်းထားတာ ဖြစ်နိုင်သလို တခြားနေရာ ပြောင်းလိုက်တာလည်း ဖြစ်နိုင်တယ်။

လောကကြီးမှာ လူတွေအများကြီးပဲ။ လူတယောက်ကို ရှာတယ်ဆိုတာ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာရတာနဲ့ ဆင်တူတယ်။ သဲလွန်စအနည်းငယ်ရှိရင်တော့ ရှာလို့လွယ်နိုင်လောက်တယ်မလား?

သူ ခိုင်မာတဲ့ဆုံးဖြတ်ချက်ချပြီးတာနဲ့ အဲ့နံပါတ် ၂ စုံကို ရှောင်းကျန့်ဆီ ပို့လိုက်တယ်။ မထင်မှတ်စွာဘဲ ဖုန်းဝင်လာတယ်။

"ရှောင်းကျန့်"

သူ့ပါးတွေက စိတ်လှုပ်ရှားမှုကြောင့် တွန့်ကွေးသွားတယ်။ သူ ကောင်းကောင်းစကားမပြောနိုင်ဘူး။ နာမည်ကို ခေါ်ထုတ်ပြီးတာနဲ့ ဆို့တက်သွားတယ်။

ဖုန်းတဖက်မှာ ခဏလောက်တိတ်ဆိတ်သွားတယ်။ အဲ့ဒီ့နောက် သူနဲ့ တကယ်ကို ရင်းနှီးနေတဲ့ ရှောင်းကျန့်ရဲ့အသံ ထွက်လာတယ်။

"မင်း စောစောက ပို့လိုက်တာ ဘာတွေလဲ?"

"အဲ အဲ အဲ့ဒါလား"

သူ့ရဲ့စကားပြောနိုင်စွမ်းရည်က အမြဲတမ်း ညံ့တယ်။ အလျင်စလို ဖြစ်လာတဲ့အခါ ထစ်အတာမျိုး ဖြစ်ပေမဲ့ အရေးကြီးတဲ့ သဲလွန်စတခုကို မထင်မှတ်ဘဲ ရှာဖွေတွေ့ရှိထားတာမို့ သူ ပြောဖြစ်အောင် ပြောလိုက်တယ်။

"အရမ်းအတွေးလွန်တာမျိုးလည်း ဖြစ်နိုင်တယ်။ အသုံးမဝင်လောက်ဘူး"

ရှင်းလင်းတဲ့အသက်ရှူသံဟာ ဝမ်ရိပေါ်ရဲ့နှလုံးခုန်သံကို ပိုမြန်အောင် လုပ်နေတယ်။ သူ တတ်နိုင်သမျှ လေသံကို ညင်သာအောင်လုပ်တယ်။ တဖက်လူကို ထိတ်လန့်သွားမှာ စိုးသလိုမျိုး။

"ငါ မင်းကို နှောင့်ယှက်တာ မဟုတ်ပါဘူး။ စိတ်မဆိုးနဲ့နော်"

"ငါက လွယ်လွယ်နဲ့ စိတ်ဆိုးတတ်တဲ့သူလား?"

ရှောင်းကျန့်က ပြန်မေးတယ်။

ရယ်သံမပါတာမို့ ဝမ်ရိပေါ် အနည်းငယ်ကြောင်သွားတယ်။ သူ ခပ်သွက်သွက် ပြောလိုက်တယ်။

"မဟုတ်ပါဘူး။ မင်းက အတော်ဆုံး။ မင်းက ဘယ်တုန်းကမှ စိတ်မဆိုးတတ်ဘူး။ အင်းပါ ရှောင်းကျန့်။ မင်း ထမင်းစားပြီးပြီလား?"

သူ သူ့ခေါင်းကို ခပ်ပြင်းပြင်းရိုက်လိုက်တယ်။ သူ ဘာတွေ ပြောနေမိတာလဲ။ ရှောင်းကျန့်ကို ဘာတွေပဲပြောပြော၊ သူပြောသမျှစကားတွေက ပျင်းစရာကောင်းတာချည်းပဲ။ သူ့စကားတွေက အဓိပ္ပါယ်မရှိသလို သူ့မျက်နှာအခြေအနေကလည်း ကြည့်မကောင်းဘူး။

လတ်တလောမှာ သူ သတင်းစာတွေ ဖတ်ထားခဲ့တာမို့ သတင်းစာထဲမှာပါတဲ့ ဟာသအတိုအထွာတွေအကြောင်း သူ သိထားတယ်။ အဲ့တော့ သူ ဟာသ တခု၊ နှစ်ခုလောက် ရှောင်းကျန့်ကို ပြောပြချင်ခဲ့တယ်။ ဖုန်းခေါ်ရတာလွယ်တယ်။ အသံကို ကြားတဲ့အခါ စောစောက ပြောမယ်တွေးထားတဲ့ဟာသတွေ အကုန်အတောင်ပံပေါက်ပြီး ထွက်ပြေးသွားတာမို့ တခုမှကို သူ သတိမရတော့ဘူး။

"ငါ စားပြီးပြီ။ မင်းရော မစားရသေးဘူးလား?"

"ငါ..... ငါ အခုမှ နိုးတာ"

ဝမ်ရိပေါ်က တွန့်ဆုတ်နေတယ်။

"ငါ မနေ့ညက အိပ်တာ အရမ်းနောက်ကျသွားလို့"

ရှောင်းကျန့်ဆီက ခပ်တိုးတိုးရယ်သံ ထွက်လာတယ်။ ဝမ်ရိပေါ်တယောက် အူလည်လည်ဖြစ်ပြီး ပြောစရာစကားတွေ ပျောက်ဆုံးသွားတဲ့အထိ ရှောင်းကျန့်က ရယ်နေခဲ့တယ်။

"ငါ ဟိုနေ့က ဘာလို့များ မင်းကို ရိုက်ခဲ့မိတာလဲ"

ရှောင်းကျန့်က သက်ပြင်းချတယ်။

"မင်းနဲ့ပတ်သက်ပြီး စိတ်မဆိုးတော့ပါဘူးလို့ ပြောထားခဲ့တာလည်း ငါပဲ။ မဆူတော့ပါဘူးလို့ ပြောထားခဲ့တာလည်း ငါပဲ"

"မဆူတော့ဘူးလို့ပဲ ပြောတာလေ။ မရိုက်ဘူးလို့မှ မပြောခဲ့တာ"

ဝမ်ရိပေါ်ဟာ ပူတက်လာတဲ့ဟန်းဖုန်းကို ပါးပေါ်ကပ်လိုက်တာမို့ မျက်နှာက ရဲတက်သွားတယ်။

"မင်း မကျေနပ်ရင် ရိုက်လို့ရပါတယ်"

"နာလား?"

ရှောင်းကျန့်ရဲ့အသံထဲမှာ ပဥ္စလက်စွမ်းအားတွေ ရှိနေသလိုပဲ။ ညင်သာတဲ့လေသံလေးဟာ သူ့ရဲ့အဓိက နာကျင်မှုနေရာကို ထိတွေ့သွားတယ်။

ရှောင်းကျန့်နဖူးပေါ်က ဒဏ်ရာနဲ့စာရင် ဒါက ဘာမို့လို့လဲ။ စကားလုံးတွေက သူ့နှုတ်ဖျားရှိရာ ရောက်လာတဲ့အခါ ဝမ်ရိပေါ်ဟာ သူ့ရဲ့ထက်မြက်တဲ့ဘက်ခြမ်းကို ပြတယ်။

"အဲ့တုန်းကတော့ မနာခဲ့ပေမဲ့ အခုမှ နည်းနည်းနာလာတယ်"

"အဲ့ဒါဆိုလည်း ကိုယ့်ဟာကိုယ် ပွတ်လိုက်။ ငါက အခုလောလောဆယ် မင်းကို ပွတ်ပေးလို့ မရဘူး"

ရှောင်းကျန့်က စိတ်ကောင်းဝင်နေပုံရတယ်။ အဆုံးသတ် ပြောလိုက်တဲ့အသံက နည်းနည်းမြင့်သွားတယ်။ ဒီနေရာက အဆောက်အဦးတွေဟာ ဝမ်ချွမ်းက အိုဟောင်းနေတဲ့အဆောက်အဦးတွေထက် ပိုသာနေတာမျိုး မရှိဘူး။ ဒီနေရာမှာ မနက်ခင်း နေရောင်ခြည် မရှိဘူး။ ဒါပေမဲ့ ဝမ်ရိပေါ်ဟာ မနက်ခင်းရဲ့အလင်းရောင်တွေ ဖြာကျမှုအောက် ရောက်နေသလိုမျိုး အရမ်းအရမ်းကို သက်တောင့်သက်သာ ရှိနေတယ်။

"ရှောင်းကျန့်"

"ရိပေါ်"

ဒါဟာ ဒီရက်တွေအတွင်း ရှောင်းကျန့်က သူ့ကို နာမည်ခေါ်တဲ့ ပထမဆုံးအကြိမ် ဖြစ်တယ်။ အရမ်းနူးညံ့တယ်။

"ငါ ဒီမှာ လုပ်စရာတွေ ရှိနေသေးတယ်။ ကျန်းအဖိုးကြီးရဲ့ အဓိကနိုင်ကွက်ကို ရှာမတွေ့သေးဘူး။ အဲ့တော့ ငါ သူတို့နဲ့ ထိပ်တိုက်တွေ့ဖို့ ပြင်ထားတယ်။ နှစ်ဘက်လုံးက အဆုံးအရှုံး မဖြစ်ချင်တာမို့ အခုချိန်မှာ သူ့သမီးကို သူ ပြန်ထိန်းထားပြီး သူ့ဘက်ကအရင် အေးအေးဆေးဆေး ဆွေးနွေးဖို့ ငါ့ကို ကမ်းလှမ်းလာတယ်။ မင်း ခဏပဲစောင့်။ သတင်းထောက်ကို ထိုးတဲ့ကိစ္စ ငါ ကိုင်လိုက်မယ်။ အဲ့ခွေးရူးမ ကျန်းရာဝမ်က မင်းကို ထပ်နှောင့်ယှက်မှာပဲ ငါ စိုးတာ။ ဒါပေမဲ့ မင်း မပူပါနဲ့။ ကိစ္စတွေက ဘယ်လောက်ကြာမယ်မသိပေမဲ့ အမြန်ဆုံး ပြီးသွားမှာပါ"

"တောင်းပန်ပါတယ်"

"ဒီကိစ္စတွေကို ငါကိုင်တွယ်တဲ့နည်းက မှန်မနေခဲ့တာပါ"

ရှောင်းကျန့်က သူ့ကို ဖျောင်းဖျတယ်။

"ငါက ရင်းနှီးတဲ့ဆက်ဆံရေးတွေနဲ့ ပတ်သက်ပြီး ကိုင်တွယ်တာ သိပ်မတော်ဘူး။ အနာဂတ်မှာ တဖြည်းဖြည်း ပြောင်းလဲနိုင်မယ့်အချိန်တွေ ရှိလာမှာပါ။ မင်း ဘယ်လိုထင်လဲ?"

ဒီတခေါက် ပြဿနာတွေ လုပ်မိပြီး သူများကို ထိုးမိတာတွေကြောင့် တောင်းပန်တာ မဟုတ်ဘူး။ ဒီအတိုင်း တောင်းပန်စရာတွေ အများကြီး၊ အများကြီး ရှိနေခဲ့လို့။ အမှားတွေ များနေခဲ့တဲ့အခါ အခုချိန်မှာ ဘယ်လိုထုတ်ပြောရမှန်း မသိဘူး။ ဝမ်ရိပေါ် ထပ်ပြောလိုက်တယ်။

"ငါ တောင်းပန်ပါတယ်"

ရှောင်းကျန့်မှာ ခံစားချက်တွေ ပျောက်ဆုံးသွားသလိုပဲ။ သူ ခပ်အေးအေးပဲ ပြောလိုက်တယ်။

"ပျော်နေတဲ့အချိန်မှာ အတိတ်အကြောင်းတွေးပါ။ မပျော်တဲ့အခါကျရင် အဲ့ဒါတွေကို မေ့ပစ်လိုက်ပါ။ မင်း နည်းနည်းပျော်သွားရအောင် စကားနည်းနည်း ပြောပြရမလား?"

"ဘာများလဲ?"

ဝမ်ရိပေါ်ဟာ မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း မျက်ရည်ကို ပြန်သိမ်းတယ်။

"အဲ့ဒီ့နံပါတ်တွေက ဘဏ်ကတ်နံပါတ်တွေ ဖြစ်နိုင်တယ်။ ငါ တချက်ကြည့်ရုံနဲ့သိတယ်။ ပြီးတော့ ဒါတွေက အရမ်းအရေးကြီးပုံရတယ်။ ဆိုတော့ ဘယ်လိုလဲ၊ မင်းကိုယ်မင်း တော်သွားပြီလို့ထင်လား?"

"အယ် တကယ်လား?"

ဝမ်ရိပေါ် နည်းနည်းတက်ကြွသွားတယ်။

"အင်း အရင်တခေါက် ငါ အားချင်းကို တွေ့တုန်းက သူ ဖုန်းအနီရောင်လေး ကိုင်ထားတာလေ။ ငါ တနေရာရာမှာ မြင်ဖူးခဲ့သလိုပဲ။ ဘာပဲပြောပြော ငါ သေချာစစ်ကြည့်ရမယ်"

သူတို့ ခဏလောက်ကြာကြာ စကားပြောဖြစ်တယ်။ ရှောင်းကျန့်က ပြောတယ်။ သူ နည်းနည်းအလုပ်ရှုပ်နေတယ်တဲ့။ ဒါပေမဲ့ ဝမ်ရိပေါ်က ဖုန်းမချချင်ဘူးဆိုတာကိုလည်း သူ နားလည်တယ်။ အဲ့တော့ သူ ပါးစပ်ကို ကာလိုက်ရင်း သူများမကြားစေချင်တဲ့ပုံ လုပ်ပြီးကာမှ အသံကျယ်ကျယ်နဲ့ ပြောလိုက်တယ်။

"ခွေးနက်မည်းကြီးက အစားမစားရလို့ ပိန်နေပြီလား?"

ဝမ်ရိပေါ် မျက်လုံးပြူးသွားတယ်။

"နောက်ကို ငါ ပဲပေါက်စီတွေ များများလုပ်ထားပြီး တနေ့နှစ်လုံး ကျွေးမှပဲ။ အဲ့လိုမှ ကလေးတွေကို လှည့်စားရာမကျတော့မှာ"

*

ဝမ်ရိပေါ်မှာ ဇီးပန်းပွင့်တွေကို ကြည့်ပြီး ပဲပေါက်စီနှစ်လုံးကို မြင်ယောင်လို့ သူ့ရဲ့ဆာလောင်မှုတွေအောက် ရက်အနည်းငယ်လောက် စိတ်တွေ တက်ကြွနေခဲ့တယ်။ ရှောင်းကျန့်ရဲ့ စာတွေက ပိုပိုများလာတယ်။ တခါတလေမှာ သူ့ကို ဖုန်းခေါ်တယ်။ နှစ်ယောက်သားက အတူတူမရှိရတာကလွဲရင် တယောက်နဲ့တယောက်အပေါ် လွမ်းရတာကို မရပ်တန့်နိုင်ခဲ့ဘူး။

အဲ့ဒီ့နောက် သတင်းကောင်းတွေ ရောက်လာတယ်။

"ဒီဘဏ်အကောင့်နံပါတ်နှစ်ခုက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ ငါ့ရဲ့အဆက်အသွယ်တွေအောက်ကနေ ငွေစီးဆင်းမှုသတင်းတွေ ငါ သိခဲ့ရတယ်။ အဲ့ဒီ့နံပါတ်တွေက ကျန်းမိသားစုနဲ့ တခြားခေါင်းဆောင်ပိုင်းက လူကြီးတယောက်ရဲ့ ငွေကြေးအလွှဲအပြောင်း လုပ်တဲ့နံပါတ်တွေပဲ။ ပြီးတော့ အဲ့ဒီ့လူကြီးက..... "

ရှောင်းကျန့်က တခါတည်းပြောပြတယ်။

"မင်းက ဒီလောက်တော်တဲ့ဟာ။ ခန့်မှန်းကြည့်"

"ချူးမိသားစုလား?"

"ဝေး ဘယ်လောက်ပဲ ထက်မြက်ပါစေဦး၊ အာဏာပါဝါတွေ ယူဖို့ကျ ငါ အရမ်း စိတ်ဖိစီးလွန်းတယ်"

"ချူးကျန်းမိသားစုနှစ်ခုက ဆက်ဆံရေးကောင်းတွေ ရှိခဲ့တာဆိုတော့ ဒီလိုငွေလွှဲပြောင်းမှုမျိုးက ဘာမှအရေးမပါနိုင်ဘူးလေ ဟုတ်တယ်မလား?"

"မဟုတ်ဘူး။ သူတို့တွေကြား ဘယ်လောက်ပဲ ဆက်ဆံရေးကောင်းနေပါစေ၊ သူတို့က တကယ့်ခမည်းခမက်တွေ မဖြစ်သေးဘူးလေ။ ဖြစ်နေခဲ့တယ်ဆိုရင်တောင် ချူးလန်ရဲ့အဖေ အလုပ်လုပ်တဲ့ကုမ္ပဏီက ကျန်းမိသားစုဆီကနေ ငွေတွေအများကြီး လက်ခံတယ်ဆိုတာ ထူးဆန်းမနေဘူးလား။ ချူးလန်အဖေက လာဘ်စားမှုနဲ့ အကျင့်ပျက်ခြစားမှုကြောင့် အလုပ်ပြုတ်ပြီး ထောင်ထဲရောက်သွားတာ။ အဲ့ဒါ တကယ်တော့ ကျန်းမိသားစုက ချူးမိသားစုကို ချောက်ချဖမ်းခိုင်းလိုက်တာ။ သူတို့တွေကြားမှာ လာဘ်ထိုးထားတာတွေ အများကြီး။ ရယ်တော့ရယ်ရတယ်။ ချူးလန်က ဒီကိစ္စတွေကို ခုချိန်ထိ သိချင်မှသိမှာ။ သူ့အဖေကို တိုင်ပြီး ထောင်ချဖမ်းခိုင်းလိုက်တာ ကျန်းရာဝမ်ဆိုတာကိုလေ"

"အဲ့တော့ အားချင်းရဲ့ဖုန်းက ကျန်းရာဝမ် သုံးခဲ့တာပေါ့"

ဝမ်ရိပေါ်က ရုတ်တရက် သတိပြုမိသွားတယ်။

ကျန်းရာဝမ်ဟာ ဒီလိုမျိုး မိုက်မဲတုံးအတဲ့အမှားမျိုး မလုပ်လောက်ဘူးလို့ ထင်ရပေမဲ့ သူမမှာ မိုက်မဲတုံးအတဲ့ရည်းစား ရှိခဲ့တာဆိုတော့ ဒါဟာ အံ့ဩစရာတော့ မဟုတ်ဘူးပေါ့။ ဒီဖုန်းထဲမှာ စာတွေ၊ ဖုန်းခေါ်ထားတဲ့ records တွေ အကုန်လုံးရှင်းထားတယ်။ Sim card အပြောင်းအလဲလုပ်ထားတာတွေကြောင့် သတင်းအချက်အလက်တွေကို ပြန်ဖော်လို့ မရဘူး။ draft box ထဲကစာတွေပဲ ကျန်နေခဲ့တာဖြစ်ပြီး အဲ့ဒါတွေဟာ လျှို့ဝှက်ချက်ပေါင်းများစွာကို ကိုယ်စားပြုနေတယ်။

ဒါ့အပြင် အစအဆုံး မရှိတဲ့ ဒီနံပါတ်တွေကို ဘယ်သူက ဂရုပြုမိပြီး စုံစမ်းစစ်ဆေးဖို့အတွက် အဓိကသဲလွန်စကြီး ဖြစ်နေမယ်မှန်း ဘယ်သူက သိမှာမို့လို့လဲ။

ကြည့်ရတာ ဝမ်ရိပေါ်က သူ့ကိုယ်သူ အသုံးမကျဘူးထင်တဲ့စိတ်တွေနဲ့ ရှောင်းကျန့်ကို အရမ်းကူညီချင်နေခဲ့လို့ ထင်ပါတယ်။ သူ ရိုက်ချိုးခဲ့၊ ဖျက်ဆီးခဲ့တဲ့ သူတို့နှစ်ယောက်နဲ့ ပတ်သက်တဲ့အရာမှန်သမျှကို စိစစ်ပြီးတာနဲ့ အိပ်မက်ပြန်မက်ခဲ့တယ်။

ဒီလက်ကိုင်ဖုန်းဟာ မြက်ပင်ရှည်တွေကို ဆက်ထားတဲ့ အညိုရောင်ကြိုးနဲ့ ဆင်တူတယ်။ ဟိုးမိုင်ပေါင်းများစွာထိ ရှည်လျားနေခဲ့တယ်။ ဒီအချက်ကို အဓိကထားရင်း ရှောင်းကျန့်ဟာ ချူးလန်မိသားစုနဲ့ တခြားကုမ္ပဏီရဲ့ကြားက ဆက်သွယ်မှုကို ဖော်ထုတ်နိုင်ခဲ့တယ်။ လွန်ခဲ့တဲ့ ၁ နှစ်လောက်တုန်းက ဒီဆက်သွယ်မှုဟာ ကျန်းရာဝမ်ရဲ့ ရည်ရွယ်ချက်ရှိရှိ ဖုန်းကွယ်မှုအောက် တိမ်မြုပ်သွားခဲ့တယ်။ စုံစမ်းစစ်ဆေးရေးဘက်က ဒါတွေကို ရှာဖွေတွေ့ရှိသွားတာမျိုး မရှိခဲ့ဘူး။ တခါတုန်းက ဒီသဲလွန်စတွေ ပြန့်သွားခဲ့လို့ ချူးလန်ရဲ့အဖေဟာ ထောင်ထဲရောက်မှာ စိုးရိမ်ခဲ့တယ်။ သူ့အနေနဲ့ ကျန်းမိသားစုကို ဆက်သွယ်လို့ မရခဲ့ဘူး။ အနည်းဆုံးတော့ ကျန်းရာဝမ်ရဲ့အဖေဟာ သေချာပေါက် ဒီအမှုကိစ္စတွေထဲ ပါဝင်နေမှာဖြစ်တယ်။

ဒါပေမဲ့ ရှောင်းကျန့်ရဲ့ရည်ရွယ်ချက်က ကျန်းမိသားစုကို ဆွဲချဖို့ မဟုတ်ဘူး။ ကျန်းရာဝမ်ကို ထိန်းထားနိုင်မယ့် သက်သေအစစ်အမှန် မရှိဘူး။ အဲ့အမျိုးသမီးဟာ မစားရတဲ့အမဲ သဲနဲ့ပက်တဲ့သဘောနဲ့ နံရံကျော်တက်ပြီး ကျောက်စိမ်းတုံးကို မီးရှို့ပစ်မှာ သူ စိုးတယ်။

နှစ်ဘက်လုံးက ကိုယ့်ဘက်ထိခိုက်မှာ စိုးတဲ့အခါ ကိစ္စတွေကို အေးအေးဆေးဆေး ဖြေရှင်းတာက အကောင်းဆုံးပါပဲ။ ရှောင်းကျန့်ဟာ ဒီအခွင့်အရေးကို အမိအရယူလို့ ကျန်းရာဝမ်ရဲ့ ရှယ်ယာကို ပေါက်ဈေးရဲ့ ၃၀ ရာခိုင်နှုန်းလျှော့လို့ ပြန်ဝယ်ဖို့ ကမ်းလှမ်းတယ်။

ဒါဟာ တဖက်လူကို သူလုပ်ခဲ့တဲ့နည်းအတိုင်း ပြန်လည်ပြုမူလိုက်ခြင်းဖြစ်တယ်။

"ငါ့ကို ဆန်းဒင်းကထွက်အောင် ဖိအားပေးတာပေါ့လေ? ရှောင်းကျန့် ငါ ထွက်သွားလို့ရတယ်။ နင် ဝယ်ချင်တယ်ဆိုရင်တော့ မျှတတဲ့ပေါက်ဈေးနဲ့ ဝယ်မှဖြစ်မယ်။ အဲ့လိုမှမဟုတ်ရင် ငါ အလျှော့ပေးမှာ မဟုတ်ဘူး"

ကျန်းရာဝမ်ဟာ အခုချိန်မှာ ပြိုလဲကျတော့မလို ဖြစ်နေတယ်။ ကုမ္ပဏီမှာရှိတဲ့ သူမရဲ့ရာထူးကို ရှောင်းကျန့်က ဖြုတ်ချလိုက်ပြီဖြစ်တယ်။ အခုချိန်မှာ သူမဟာ သေခါနီးလူတယောက်လို ရုန်းကန်ရင်း ရှယ်ယာတွေကို လွှတ်မပေးဘဲ ဆွဲထားတယ်။

"၃၀ ရာခိုင်နှုန်းလျှော့ဈေးနဲ့က ငါ အတတ်နိုင်ဆုံး လုပ်ထားတာပဲ။ အဲ့လိုမှမဟုတ်ရင် ငါ့လက်ထဲက သက်သေတွေကို ထုတ်ပြလိုက်ရုံပဲ။ မင်းအဖေ ကိစ္စပြီးတာနဲ့ မင်း ငါ့ကို တောင်းပန်ခယပြီး လာပြောလည်း ငါ သဘောတူမှာ မဟုတ်တော့ဘူး"

နှစ်ဘက်လုံး လမ်းဆုံးရောက်နေတယ်။ ရှေ့နေအဖွဲ့တွေ အကုန်ထွက်သွားတာနဲ့ ကျန်းရာဝမ်ဟာ သူမအိတ်ထဲက ဖိုင်တခုကို ထုတ်လိုက်တယ်။

ရှောင်းကျန့်ရဲ့မျက်နှာအမူအရာ ပြောင်းလဲသွားတယ်။

"ဒါပုံမှန်ပဲလေ။ ဟုတ်တယ်မလား။ ငွေရှိရင် သရဲကို‌တောင် ခိုင်းစားလို့ရတယ်။ နင် စိတ်ရောဂါကုဆရာဝန်နဲ့ပြပြီး စိတ်ဖိစီးမှုအတွက် ဆေးကုသမှု ခံယူနေရတာ အမှန်ပဲလေ ဟုတ်တယ်မလား? အကယ်၍များ ငါက ဒီအကြောင်းကို လူထုရှေ့ ချပြလိုက်ရင် နင့်ရဲ့လုပ်နိုင်စွမ်းရည်အပေါ် အသိအမှတ်ပြုမှုက လုံးဝ ကျဆင်းသွားမှာ။ ငါ့အတွက်ကတော့ ကိစ္စမရှိဘူး။ ငါ့မိသားစုကို ထိရင် နင်လည်း ကောင်းကောင်းနေရမယ်မထင်နဲ့"

ပြနေကျဆေးရုံမှာပဲ ပြနေတာ မှန်ပေမဲ့ ပိုပြီး ကျွမ်းကျင်တဲ့သမားတော်ကို ပြောင်းလိုက်တဲ့အခါမှာ အမှားအယွင်းလေး ဖြစ်သွားခဲ့တယ်။

လူတွေဟာ ငွေကြောင့်သေပြီး ငှက်တွေက အစာကြောင့် သေတယ်။ ရှောင်းကျန့်ဟာ လူ့သဘာဝရဲ့ ယုတ်မာကောက်ကျစ်မှုကို လိုက်မမီနိုင်ဘူး။ သူ ပြောင်းလိုက်တဲ့ဆရာဝန်ဟာ ကျန်းမိသားစုရဲ့ငွေကိုယူပြီး သူ့ကို သစ္စာဖောက်လို့ နန်ကျိုးကနေ ထွက်ခွာသွားခဲ့တယ်။

ရှောင်းကျန့် မျက်နှာပျက်သွားတယ်။ တဒိတ်ဒိတ်တိုးနေတဲ့ သွေးတွေကို ခုခံရင်း,

"မင်း လုပ်နိုင်မလား ကြည့်ရသေးတာပေါ့။ မင်းမှာ အစီအစဉ်ကောင်းရှိသလို ငါကရော လုပ်မထားဘူးထင်လို့လား? ကျန်းရာဝမ် မင်း ငါနဲ့ တိုက်ခိုက်လို့ကတော့ နိုင်ချေ လုံးဝမရှိဘူး"

"ငါ နင်နဲ့ မတိုက်ခိုင်ရင် ဒီ့ထက်ပိုဆိုးတဲ့နည်းနဲ့ သေမှာပေါ့!"

ကျန်းရာဝမ်က သူမလက်ထဲက စာရွက်စာတမ်းတွေကို စားပွဲပေါ် ပစ်တင်လိုက်တယ်။

"အခုချိန်မှာ ငါ အရမ်း ပင်ပန်းနေပြီ။ အဲ့တော့ ကိစ္စတွေကို တားဆီးဖို့ပဲ တတ်နိုင်တယ်။ ရှောင်းကျန့် ငါ့တောင်းဆိုချက်က တခုတည်းပါ။ ငါတို့တွေ partnership ကို ဖျက်လိုက်တာနဲ့ ငါက ငါ့ရဲ့ ၄၉ ရာခိုင်နှုန်းကို ယူမယ်။ နင်က နင့်ရဲ့ ၅၁ ရာခိုင်နှုန်းကိုယူ။ ကုမ္ပဏီရဲ့နာမည်အောက်က ပိုင်ဆိုင်မှုတွေကို အချိုးကျခွဲဝေမယ်။ ၃ ယောက်ထောက်တိုင်နဲ့ တည်ဆောက်ထားတာက လုံးဝ အကျုံးမဝင်တော့ဘူး။ ပြီးရင် ငါတို့ ကိုယ့်လမ်းကိုယ်လျှောက်ကြမယ်"

ရှောင်းကျန့်တကိုယ်လုံး ဒေါသတွေပြည့်နေတယ်။ ဒီမိန်းမဟာ အခုထိ မော်ကြွားတုန်း၊ မောက်မာတုန်းပဲ။ သူမဟာ တကယ်ကို ရင်ဆိုင်ရခက်တဲ့ ပြိုင်ဖက်တယောက်ပဲ။ သူ ဒီမိန်းမကို လျှော့တွက်ထားလွန်းတယ်။

"အားကျန့် ငါတို့တွေ သိကျွမ်းခဲ့တဲ့ မျက်နှာကိုထောက်ပြီး ငါ့ကို နောက်ဆုတ်ခွင့်ပေးပါ။ ငါ နန်ကျိုးက ထွက်သွားပါ့မယ်။ နင်မုန်းတဲ့လူကို ငါ နင့်ဆီ ပေးပါ့မယ်။ လျို့ချန်းအတွက် နင် စိတ်မပူပါနဲ့။ နင့်ရဲ့ ရည်းစားလေးအကြောင်း အများကြီးသိနေတဲ့ အဲ့ဒီ့လူကို ငါ့လောက် ဘယ်သူမှ ချုပ်ကိုင်နိုင်မှာမဟုတ်ဘူး။ ငါ နင့်ကို ကတိပေးပါတယ်။ ငါ သူ့ကို တနေရာရာပို့လိုက်မယ်။ နင်နဲ့ငါ ပူးပေါင်းလိုက်ရင် သူ လွတ်သွားနိုင်ပါ့မလား?"

*

မျက်စိတမှိတ်အတွင်းမှာပဲ မေလကို ကူးပြောင်းသွားတယ်။ အားချင်းရဲ့မွေးရက်က နီးကပ်လာပြီဖြစ်တယ်။ အဲ့တော့ ဝမ်ရိပေါ်ဟာ အနီးအနားမှာပဲ လှုပ်ရှားနေရတယ်။ ဒါပေမဲ့ နေ့တိုင်း သတင်းစာရောင်းတဲ့နေရာဆီကို သွားဖြစ်အောင်သွားတာက အကျင့်ဖြစ်လာတယ်။ ဒါဟာ တကယ်ကောင်းတယ်။ အဲ့ဒါကြောင့်ပဲ သူဟာ ရှောင်းကျန့်အကြောင်းကို သတင်းစာမှာ ဖတ်လိုက်ရတယ်။

သိတဲ့အတိုင်းပဲ။ ပြီးခဲ့တဲ့ လတွေအတွင်းမှာ ရှောင်းကျန့်နဲ့ပတ်သက်တဲ့အရာမှန်သမျှ ဘာမှမပေါ်ခဲ့ဘူး။ အရာအားလုံး သေချာဖုံးကွယ်ထားနိုင်ခဲ့တယ်။

သတင်းစာရဲ့ စီးပွားရေးဆိုင်ရာကဏ္ဍကို တဝက်လောက် နေရာယူထားတဲ့သတင်းမှာ ပါလာတဲ့ခေါင်းစဉ်ဟာ "ဆန်းဒင်းဥက္ကဌရဲ့ ကျန်းမာရေးအခြေအနေက စိုးရိမ်နေရပြီလား? နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ စွမ်းဆောင်နိုင်ခဲ့တဲ့ နံပါတ် ၁ ကျားကြီး ဘယ်ရောက်သွားလဲ"ဆိုတာဖြစ်တယ်။ တကယ်တော့ အချိန်အကြာကြီး ပေါ်မလာခဲ့တဲ့ ဆန်းဒင်းဂရုရဲ့ ဥက္ကဌကြီး ရှောင်းကျန့်ဟာ လတ်တလောတင် ကျင်းပခဲ့တဲ့ provincial-level industry and commerce federation event မှာ မိန့်ခွန်းပြောကြားခဲ့တယ်။

အဲ့ဒီ့ညက ဆေးရုံပေါက်ဝမှာ ကျန်းမာတဲ့ပုံရိပ်ကို ပြခဲ့ပြီး "အလုပ်များလို့ပါ။ လူကြီးမင်းရဲ့ ပူပန်‌ပေးမှုအတွက် ကျေးဇူးတင်ပါတယ်" လို့ ပြောခဲ့ပေမဲ့ သူ ဆေးရုံ‌ရှေ့မှာ မူးလဲခဲ့တယ်ဆိုတဲ့ ကောလဟလတွေနဲ့အတူ ပြင်းထန်တဲ့ ရောဂါတချို့ ခံစားနေရတယ်ဆိုတဲ့ သတင်းတွေက စီးပွားရေးလောကထဲ ဟိုကဒီက ပြန့်လာတယ်။

ဘယ်လိုရောဂါတွေ ဖြစ်နေလဲဆိုတဲ့အပေါ် တယောက်တပေါက် ပြောကြတာတွေရှိတယ်။ သတင်းထဲမှာလည်း ခန့်မှန်းခြေတချို့ ဖော်ပြထားတယ်။ "ရင်းနှီးတဲ့လူတွေ ပြောပြချက်အရ"ဆိုပြီး။

ဝမ်ရိပေါ် ပျာသွားတယ်။ ရှောင်းကျန့်ဟာ မနေ့က event အကြောင်း သူ့ကို ကြိုတင်ပြောပြခဲ့ပြီးသားဖြစ်တယ်။ အဲ့တော့ သူတို့နှစ်ယောက်ကြား ဆက်သွယ်မှုမရှိတဲ့ ၂၄ နာရီအတွင်းမှာ ဒီကိစ္စကြီး ဖြစ်ပွားခဲ့တယ်။

ဖုန်းခေါ်တယ်။ ဘယ်သူမှ မကိုင်ဘူး။ စာပို့တယ်။ ပြန်စာမလာဘူး။ အခြေအနေဟာ အဆိုးဘက်ကို ဦးတည်သွားနေတယ်။ သူ နောက်ရက်သတင်းစာကို ဖတ်လိုက်ရတဲ့အချိန်မှာ လူစိတ်ဝင်စားမှုများနေတဲ့ သတင်းစာဟာ ဆန်းဒင်းဂရုရှယ်ယာခွဲဝေမှုကို တရားဝင် ပြုလုပ်ပြီးပြီဆိုတဲ့အကြောင်း အတည်ပြုတယ်။

ရှောင်းကျန့်နဲ့ ကျန်းရာဝမ် ပူးပေါင်းပြီး စာထုတ်ထားတယ်။ စီးပွားရေးဆိုင်ရာ အတွေးအမြင်မတူညီမှုကြောင့် ဒီလိုလုပ်လိုက်ရတာဖြစ်ကြောင်း၊ ကိုယ်ရေးကိုယ်တာ အမုန်းတရားတွေမပါဝင်ကြောင်း ရေးသားထားတယ်။ ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုတွေ၊ အလုပ်သမား၊ creditor's rights နဲ့ debts တွေကို သေချာစီမံခန့်ခွဲပြီး ဖြစ်တာမို့ ဘာမှစိတ်ပူစရာမလိုကြောင်း ဖြစ်တယ်။

နန်ကျိုးသတင်းစာရဲ့ ခန့်မှန်းခြေအရ တရုတ်ပြည် နိုင်ငံခြားကုန်သွယ်မှုလောကရဲ့ သမိုင်းမှာ မှတ်ကျောက်တင်ခဲ့တဲ့ ဆန်းဒင်းဂရုကို ပိတ်သိမ်းလိုက်ပြီဖြစ်တယ်။

ဝမ်ရိပေါ်ရဲ့လက်ထဲက သတင်းစာဟာ မြေပေါ်ကို ပြုတ်ကျသွားခဲ့တယ်။

*

ရှောင်းကျန့်သတင်းကို ကြားပြီး ရက်အနည်းငယ်ကြာသွားခဲ့ပြီဖြစ်တယ်။

[တွေ့ရအောင်။]

ရိုးရိုးရှင်းရှင်း စာလုံးလေးတွေကို ဝမ်ရိပေါ်ဟာ စိတ်ထိခိုက်မှု၊ စိတ်နှလုံးညိုးချုံးမှုတွေနဲ့ ဖတ်လိုက်ပြီးနောက် ရှောင်းကျန့်ရဲ့ စိတ်ဓါတ်ကျနေတဲ့ပုံကို မြင်ယောင်ကြည့်တယ်။

တွေးကြည့်ရုံနဲ့တင် သူ့ကို ရူးအောင် နှိပ်စက်နေသလိုပဲ။ သူ တခုခု ထိရောက်တာ လုပ်ချင်တယ်။ ဒါပေမဲ့ သူဟာ ရှောင်းကျန့်အကြောင်းကိုပဲ တချိန်လုံး တွေးနေမိတယ်။ လမ်းလျှောက်နေရင်း တွေးတယ်။ တွေးရင်းနဲ့ လမ်းလျှောက်တယ်။ စားနေရင်း တွေးတယ်။ တွေးရင်းနဲ့လည်း စားတယ်။

တရုတ်နှစ်သစ်ကူးတုန်းက သူတို့နှစ်ယောက် ဒိတ်ဖြစ်တဲ့ ပန်းခြံမှာတွေ့ဖို့ ချိန်းဆိုလိုက်တယ်။ ဒါပေမဲ့ သူတို့နှစ်ယောက် မတွေ့ဖြစ်တာ ၃ လတောင်ရှိသွားပြီမို့ အရမ်းကို ကြာနေခဲ့ပြီပဲ။

သူဟာ အမြဲတမ်း ရှောင်းကျန့်ကို ရှက်ရွံ့စေသူ ဖြစ်တယ်။ သူဟာ အဆင့်မရှိတဲ့လူ၊ သင့်တော်တဲ့အဝတ်အစား မဝတ်တတ်ဘူး။ ပြီးတော့ ကောင်းတာတွေလည်း ဘာမှ မလုပ်ခဲ့ဖူးပုံပါပဲ။ ဒီနေ့မှာ သူ ရေကို သေချာချိုးတယ်။ နှစ်ကူးတုန်းက ဝယ်ထားတဲ့ အနက်ရောင် အနာက်တိုင်းဝတ်စုံကို ဝတ်တယ်။ သူ့အနားမှာ ဗိုက်ကိုပင့်လို့ လမ်းလျှောက်နေတဲ့ အားချင်းက သူ့ကို စနောက်တယ်။ ဆံပင်ကို ပုံသွင်းပေးရမလားဆိုပြီး။ သူ အဲ့စကားကိုယုံပြီး hair salon ကို သွားခဲ့တယ်။

"ကြည့်ကောင်းတာလေး....."

ဘယ်ပုံက ခေတ်မီလဲဆိုတာ သူ မသိဘူး။ အဲ့တော့ သူ မေးလိုက်တယ်။

"ကျောက်စိမ်းလိပ်ပြာသီချင်းဆိုတဲ့လူကို သိလား?"

သူ့ဆံပင်ကို "ဟောင်ကောင်ဆံပင်စတိုင်လ်" ပြင်လိုက်တယ်။ သူ လမ်းပေါ်မှာ လမ်းလျှောက်နေရင်း သူ့ဆံပင်ကို အမြဲတမ်း ထိကိုင်ချင်နေခဲ့တယ်။

သူ နေ့နေ့ညည တွေးတောခဲ့ရတဲ့လူနဲ့တွေ့ဖို့ သိပ်မဝေးတော့ဘူး။

အဲ့ဒီ့လူဟာ ခါတိုင်း ဝတ်နေကျမဟုတ်တဲ့ အနက်ရောင်တီရှပ်အင်္ကျီကို ဝတ်ထားပြီး ထိုင်ခုံတန်းလျားပေါ်မှာ နောက်မှီထိုင်လို့ တနေရာကို ငေးကြည့်နေတယ်။ သူ့ရဲ့ပိန်သွယ်တဲ့ခြေထောက်တွေဟာ ဘောင်းဘီထဲမှာ ချောင်ကျနေပြီး လေတိုက်ရင်တောင် ပါသွားမလား ထင်ရတယ်။

တခုခုကို တွေးနေပုံပေါ်တာမို့ ဝမ်ရိပေါ်ဟာ အနားကို အသံမကြားအောင် လျှောက်သွားခဲ့တယ်။ သူ အဲ့အရာကို မှတ်မိရမှာတောင် ကြောက်နေခဲ့တယ်။ ဒါပေမဲ့ အဲ့ဒါ ဘာလဲဆိုတာ သူသိတယ်။ သူ့မျက်လုံးတွေက အရမ်းကောင်းတာမို့ ရှောင်းကျန့်ဟာ လက်နဲ့ကျစ်ထားတဲ့ ဆွဲကြိုးလေးကို ဆွဲထားမှန်း မြင်နေရတယ်။ ကျစ်ကြိုးပေါ်မှာ အနီရောင်ကျောက်စိမ်းလိပ်ပြာလေး ရှိနေပြီး အဲ့လိပ်ပြာလေးရဲ့အလယ်က ကျိုးထားတဲ့နေရာမှာ ကော်နဲ့ကပ်ထားတယ်။

သူ ရှောင်းကျန့်ကို နာမည်ခေါ်ရတာ အရမ်းသဘောကျတယ်။ ဒါပေမဲ့ အခုချိန်မှာ သူ့ပါးစပ်က ထွက်မလာနိုင်ဘူး။ ခြေလှမ်း ၅ လှမ်း၊ ၆ လှမ်းစာလောက်အဝေးမှာ သူ တအံ့တဩ တွေ့လိုက်ရတဲ့အရာဟာ ရှောင်းကျန့်က သူ ဗီလာမှာ ထားရစ်ခဲ့တဲ့ အဝတ်နွမ်းနွမ်းတွေကို ဝတ်ထားတယ်ဆိုတာပါပဲ။

ဒါကြောင့်လည်း လည်ပင်းနေရာမှာ အပေါက်တွေ ရှိနေတာကိုး။ သူက ဒါကို ခုနောက်ပိုင်း ခေတ်စားနေတဲ့ စတိုင်လို့ ထင်ခဲ့တာဖြစ်တယ်။

"အဲ မတွေ့တာကြာပြီ"

ရှောင်းကျန့်က ရုတ်တရက် သူ့ဘက် မျက်နှာလှည့်လာတယ်။ သူ့ကို မြင်တဲ့အခါ ခပ်ငေးငေးကြည့်ရင်း နှုတ်ခမ်းထောင့်ကို တွန့်ကွေးလို့ ပြုံးတယ်။

ဝမ်ရိပေါ်ရဲ့နှလုံးသား တင်းကြပ်သွားတယ်။

သူ့အသက် ၁၆ နှစ်ကတည်းက သူနဲ့ ရှောင်းကျန့်ဟာ အဲ့လောက်အကြာကြီး ခွဲမနေခဲ့ရဖူးဘူး။ ဟိုးအောက်ခြေထိ ကျသွားတဲ့ပုံထိ ခွဲနေခဲ့ရတာမဟုတ်ဘူး။

"ဒီနေ့က ရာသီဥတု သာယာတယ်လေ ဟုတ်တယ်မလား?"

ရှောင်းကျန့်က သူ့ကို အနားမှာ ထိုင်ခိုင်းပြီး သူ့ကို တချက်ကြည့်တယ်။

"မင်း ဘာလို့ ဒီလောက်အများကြီး ဝတ်လာတာလဲ။ မပူဘူးလား?"

ရှောင်းကျန့်ပုံစံက အရမ်းတွေ relax ဖြစ်နေမယ်လို့ မထင်ခဲ့ဘူး။ အားလပ်ရက်တွေယူပြီး သူငယ်ချင်းတွေနဲ့ တွေ့နေတဲ့ ကောလိပ်ကျောင်းသားလေးလိုပဲ။ သူတို့နှစ်ယောက် တွေ့ဖြစ်ရင် "နှစ်ယောက်သား ငိုကြီးချက်မနဲ့ စကားတွေ အများကြီး ပြောဖြစ်မယ်"လို့ ထင်ခဲ့တာဖြစ်တယ်။ အနည်းဆုံးတော့ နည်းနည်းခပ်ဝေးဝေးလောက်ကနေ ရှောင်းကျန့်ကို တွေ့တုန်းက မျက်ရည်တွေ ဝဲတက်လာခဲ့ပေမဲ့ ရှောင်းကျန့်ရဲ့နှုတ်ဆက်သံက သူ့မျက်ရည်တွေကို အဝေးတွန်းထုတ်ပစ်ခဲ့တယ်။

"မ... မပူဘူး"

"အင်း"

ရှောင်းကျန့်က ထိုင်ခုံနောက်မှီပေါ် လက်ထောက်လိုက်ရင်း ရေကန်ဘေးမှာ လမ်းလျှောက်နေတဲ့ နိုင်ငံခြားသားစုံတွဲကို လှမ်းကြည့်တယ်။ သူ့ကို ပြန်ငြင်းတာမျိုး မလုပ်ဘူး။

အေးတယ်။

သေချာပုံသွင်းလာခဲ့တဲ့ သူ့ဆံပင်စတိုင်ဟာ မထင်ရင် ဆံပင်တု စွပ်ထားသလိုပဲ။ တကယ်ဆို ရှောင်းကျန့်က သူ့လည်တိုင်မှာ ကျောက်စိမ်းလိပ်ပြာအတုကို ဆွဲထားပေမဲ့ သူ့ပုံစံကတော့ သူရဲဘောကြောင်ရာ ကျလွန်းတယ်။

နန်ကျိုးရဲ့မေလက နွေရာသီဖြစ်တယ်။ ဝမ်ရိပေါ်ဟာ ချွေးတွေ ဆက်တိုက်ထွက်နေတယ်။ ချွေးတွေဟာ နဖူးကနေ စီးကျလာပြီး သူ့နှာသီးဖျားထိပ်ကနေ တတောက်တောက်ကျတယ်။ သူ သူ့ suit အင်္ကျီရဲ့ လက်ခုံနဲ့ သုတ်ဖို့ ပြင်လိုက်ချိန် အင်္ကျီလက်နဲ့ အသားနဲ့ ထိကပ်တဲ့အချိန်မှာ ရပ်လိုက်တယ်။

ရှောင်းကျန့်ရဲ့ ပိန်ပါးတဲ့လက်မောင်းတွေဟာ တီရှပ်အင်္ကျီကို ပိုကျယ်သွားစေသလိုပဲ။ ဒီအဝတ်အစားတွေက သူဝတ်ခဲ့တဲ့ သူ့အဝတ်အစားတွေဖြစ်တဲ့အခါ တကယ်ဆို ဒီလိုမဖြစ်သင့်ဘူးမလား။

နှစ်ယောက်သားဟာ အိပ်ရာပေါ်မှာ အကြိမ်ပေါင်းများစွာ ရင်းနှီးခဲ့ဖူးတယ်။ ဒါပေမဲ့ အခုချိန်မှာ ထိုင်ခုံတခုပေါ် ဘေးချင်းကပ် ထိုင်နေပေမဲ့ လက်ကိုတောင် မကိုင်ရဲဘူး။ ပြီးခဲ့တဲ့ ၃ လအတွင်း အရာအားလုံး ပြောင်းလဲသွားခဲ့တာလား?

"ငါ သတင်းစာ ဖတ်လိုက်ရတယ်"

ခြောက်သွေ့နေတဲ့ လည်ချောင်းနဲ့အတူ လမ်းတလျှောက် ပြေးလာခဲ့တဲ့ ဝမ်ရိပေါ်ဟာ စကားပြောဖို့အတွက် သူ့ခွန်အားကို စုစည်းလိုက်တယ်။ ရုတ်တရက် သူ သတိပြုမိသွားတာက သူဟာ ရှောင်းကျန့်အတွက် ရေဖြစ်ဖြစ်၊ အအေးဖြစ်ဖြစ် တခုခုသောက်ဖို့ ပြင်မလာခဲ့ရဘူးဆိုတာပါပဲ။

ကွိုင်းကွိုင်းရဲ့မွေးနေ့မှာ အပြင်ထွက်လည်ကြတုန်းက ဒီကိစ္စနဲ့ပတ်သက်ပြီး သူ အသင့်ပြင်ထားဖို့ အကြိမ်ပေါင်းများစွာ ကိုယ့်ကိုကိုယ် သတိပေးထားခဲ့တယ်။ အပြင်ထွက်လည်ရင် ဘာတွေ လုပ်ရမယ်ဆိုတာ၊ ရှောင်းကျန့် ဘာတွေကြိုက်တတ်တယ်ဆိုတာ၊ တခုပြီးတခု စီစဉ်ပြီး နောက်ဆုံးကျမှ ကွိုင်းကွိုင်းက သူနဲ့အတူတူ လုပ်လာမယ့်အရာတွေကို ခွင့်ပြုပေးမယ်။

ကိစ္စတွေတခုပြီးတခု ဖြစ်ပျက်သွားတိုင်း အတိတ်ကအရိပ်မည်းတွေကို မေ့ဖျောက်ပစ်ဖို့ သူ့ကိုယ်သူ တွန်းအားပေးခဲ့တယ်။ ကျန်ရှိနေတဲ့ဘဝကို အသုံးချပြီး အပြစ်တွေကို ပေးဆပ်မယ်။ ကွိုင်းကွိုင်းအပေါ်မှာ အတတ်နိုင်ဆုံး ကောင်းဖို့ ကြိုးစားပြီး သူ့နှလုံးသားကို သူကိုယ်တိုင်ထုတ်လို့ "ငါ လုပ်ရဲတယ်"ဆိုတဲ့စကားကို နောက်တကြိမ် ထပ်ပြောခဲ့တယ်။

လတ်စသတ်တော့ သူဟာ တကယ်ကို အရည်အချင်းမပြည့်မီတဲ့ ရည်းစားတယောက်ပဲ။ သူ ရှောင်းကျန့်နဲ့ လျှောက်လည်တဲ့အခါ ငွေယူလာဖို့ပဲ သတိရပြီး ဈေးကြီးတဲ့ညစာ အတူစားခဲ့တယ်။ ပြီးတော့ ၂ ယွမ်တန် ရေဘူးလေးကို လျစ်လျူရှုခဲ့တယ်။

ထူးဆန်းတယ်။ သူ့ပါးနှစ်ဖက်ဟာ အပူဒဏ်ကြောင့် ရဲတက်လာပေမဲ့ သူ့လက်ဖဝါးတွေကတော့ အေးစက်နေခဲ့တယ်။ သူ့ရဲ့လက်ချောင်းထိပ်ဖျားလေးတွေဟာ ရှောင်းကျန့်ရဲ့လက်မောင်းကို ထိတွေ့သွားတဲ့နောက် နှစ်ယောက်လုံး တုန်တက်သွားခဲ့တယ်။

"အနားမှာ လူတွေအများကြီးပဲ"

ရှောင်းကျန့်က သူ့ကို ပြုံးပြတဲ့အခါ သူ ချက်ချင်းပဲ လက်ကို ပြန်ချလိုက်တယ်။

"မင်းမြင်တဲ့အတိုင်းပဲ။ အဲ့သတင်းက အခြေအနေတွေကို ပြောင်းပြန်လှန်ပစ်လိုက်တာ"

ရှောင်းကျန့်ဟာ သူ့ရဲ့ခြေတံရှည်တွေနဲ့ သူ့ခြေထောက်အောက်က ကျောက်ခဲကို ကန်ထုတ်လိုက်တယ်။

"လျို့ချန်း အဖမ်းခံလိုက်ရတယ်။ လွန်ခဲ့တဲ့ ၁ နှစ်လောက်က မိန်းကလေးတယောက်ကို သူ မုဒိန်းကျင့်ခဲ့တဲ့အကြောင်း ငါ သိလိုက်ရတယ်လေ။ ငါ အဲ့ကောင်မလေးရဲ့မိသားစုကို ရှာပြီး သူ့ကို တရားစွဲခိုင်းလိုက်တာ"

လွန်ခဲ့တဲ့ ၁ နှစ်လောက်က မုဒိန်းမှုအတွက် သက်သေဆိုတာတွေ ဘယ်လိုများ ရှိနေနိုင်သေးတာလဲ? တချို့မုဒိန်းမှုတွေဟာ သဲလွန်စမပေါ်ဘဲ ပျောက်ကွယ်သွားခဲ့ပြီး တချို့ကိစ္စတွေကတော့ ကံမကောင်းတာနဲ့ ချက်ချင်းထောင်ထဲသွားရတယ်။

"ငါ ရေတဘူး သွားဝယ်လိုက်ဦးမယ်။ မင်း ရေဆာနေလား?"

ဝမ်ရိပေါ် ဘယ်လိုမှ ထိုင်မနေနိုင်တော့ဘူး။

"ငါ ရေမဆာပါဘူး"

ရှောင်းကျန့်က သူ့ကို ပခုံးပေါ် ခပ်ဖွဖွပုတ်လို့ ဆက်ပြောတယ်။

"ငါနဲ့ ကျန်းရာဝမ် ခွာပြဲသွားတာ တကယ်ကောင်းတယ်။ ကုမ္ပဏီရဲ့ ရန်ပုံငွေတွေက အရင်ကလောက် အရမ်းမခိုင်တော့ပေမဲ့ ပြောရေးဆိုခွင့်တွေအကုန် ငါ့လက်အောက် ရောက်လာပြီ။ ငွေတွေကုန်သွားရင်တောင် အရင်ကထက် ပိုရှာနိုင်တယ်"

ဝမ်ရိပေါ်ဟာ သူ့ပခုံးပေါ်က အသားမရှိ၊ သွေးကြောတွေချည်း ထင်းထွက်နေတဲ့ လက်ခုံကို ငေးကြည့်နေမိတယ်။ သူ စက်ရုပ်တရုပ်လို ပြောလိုက်တယ်။

"သတင်းစာထဲမှာ ရေးထားတာ ကျန်းမိသားစုက ကုမ္ပဏီရဲ့ ရွှေ့ပြောင်းလို့ရတဲ့ပိုင်ဆိုင်မှုမှန်သမျှ အကုန်ယူသွားတယ်ဆို"

"အင်း"

ရှောင်းကျန့်က သူ့ကို ပခုံးနဲ့တိုက်တယ်။ အရင်တုန်းကလိုပဲ တရင်းတနှီး။

"သူ နန်ကျိုးက ထွက်သွားပြီလေ။ ကုမ္ပဏီရဲ့ စက်ရုံတွေနဲ့ ရွှေ့ပြောင်းလို့မရတာတွေကို ယူသွားလို့မရဘူး။ ငါ ဒီမှာ ရှိနေတယ်။ ငါ အလုပ်သမားတွေနဲ့ အောက်လက်ငယ်သားတွေကို ဂရုစိုက်ရဦးမယ်"

"ရှောင်းကျန့်....."

"စိမ်းလန်းတဲ့တောင်တန်းတွေ ရှိနေသရွေ့ ထင်းကုန်သွားမှာကို ကြောက်နေစရာမလိုဘူး။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပိုင်းမှာ ငါ့ခြေငါ့လက်နဲ့ တည်ထောင်ထားခဲ့တဲ့ ငါ့ရဲ့တိုင်းပြည်ဟောင်းကို ငါ ဘယ်လိုလို့ စွန့်ခွာနိုင်ရက်ပါ့မလဲ"

ဝမ်ရိပေါ်ဟာ သူ့ကို ငေးကြည့်နေမိတယ်။

ရှောင်းကျန့်ပုံစံက အရမ်းပင်ပန်းနေတယ်။ မျက်လုံးအောက်က ညိုမှောင်နေတဲ့ မျက်ကွင်းတွေနဲ့အတူ နေရောင်အောက် ပြေးလွှားခဲ့ရခြင်းရဲ့သက်သေအဖြစ် မျက်နှာပေါ်မှာ ခြောက်သွေ့နေတဲ့ နေလောင်ကွက်တချို့ကို တွေ့ရတယ်။

"ငါ ဒီည အမေရိကားကို သွားမယ်"

ရှောင်းကျန့်မျက်နှာက ပြုံးနေတုန်းပဲ။

"ဒီတခေါက်မှာ ငါ မင်းကို ခေါ်မသွားတော့ဘူး။ အားချင်းက မွေးတော့မယ်။ သူ့ကို သေချာဂရုစိုက်ပါ"

ဝမ်ရိပေါ်ရဲ့မျက်နှာတခုလုံး ထုံကျင်နေတယ်။ နေရောင်အောက်မှာ ထုံကျင်လွန်းလို့ သူ့နှုတ်ခမ်းတစုံပဲ လှုပ်ရှားနိုင်နေတယ်။

"အမေရိကားကို..... သွားမှာ?"

"အင်း စီးပွားရေးကိစ္စအကြောင်း ဆွေးနွေးဖို့ပါ"

အရာရာဟာ လွန်ခဲ့တဲ့ ၁ နှစ်ကအချိန်ကို ပြန်ရောက်သွားခဲ့သလိုပါပဲ။

"ဒီတခေါက် နည်းနည်းကြာသွားတာမျိုးလည်း ဖြစ်နိုင်တယ်။ အမေရိကားမှာ လုပ်လို့မရရင် အင်္ဂလန်ကို သွားမယ်..... အယ် မငိုနဲ့လေ"

ဒီလူ အရမ်းပိန်သွားတဲ့အခါ သူ့ရဲ့လက်ချောင်းလေးတွေ ဘယ်လိုပုံဖြစ်နေလဲဆိုတာကို ဝမ်ရိပေါ်ဟာ ပထမဆုံးအကြိမ်အနေနဲ့ သိရှိလိုက်ရတယ်။ ခြောက်သွေ့ပြီး အေးစက်နေတဲ့ လက်ချောင်းထိပ် အသားပြားလေးဟာ သူ့မျက်ရည်တွေကို ညင်ညင်သာသာ သုတ်ပေးသွားတယ်။ သူပြောနေတဲ့စကားတွေက ဘာမှမတတ်နိုင်သလိုလေသံမျိုး။

"..... ဘာလို့ငိုနေရတာလဲ အရူးလေးရဲ့?"

TBC-

Words count - 9693 words

___________________________________________

*Note*

ရှင်းရှင်း (星星) = ကြယ် / ကြယ်များ

🍀🍀🍀🍀🍀

Continue Reading

You'll Also Like

24.7K 484 18
I died. The fucking truck driver ran me over. But a god saved me.... Sort of.... Gave me another chance to live in another world as a Hero. Is this a...
23.9K 2.1K 37
cover by @lykafs10 She was dumped.....he was officially single... he was master of his league .she was the only ace female player .....they both mar...
1.1K 78 8
𝐬𝐭𝐚𝐭𝐮𝐬 ⿻ on-going 𝐬𝐭𝐚𝐫𝐭𝐞𝐝 ⿻ 04 / 07 / 2024 𝐞𝐧𝐝𝐞𝐝 ⿻ - / - / - 𝐃𝐀𝐓𝐀 ⫹⫺ ORTER MADL FAN FICTION MASHLE:...