ခြေလှမ်းကျဲများဖြင့် ဆိုင်ထဲမှလှမ်းထွက်လာခဲ့ရင်း ကားပါကင်ဆီသို့ ဘယ်လိုဘယ်ပုံရောက်ခဲ့မှန်းတောင် မသိချေ။ရင်တွေတလှပ်လှပ်ခုန်လှုပ်နေကာ ခြေထောက်နှင့်မြေကြီးလည်းထိသည်မထင်။ကားထဲဝင်ထိုင်ပြီး မောင်းလည်းမမောင်းနိုင်ပဲ လှုပ်ရှားနေသောစိတ်အစဥ်အား ငြိမ်သက်စေဖို့ ထိန်းသိမ်းနေရသည်။အနမ်းလေးတစ်ခုပဲကို ဒီလောက်အထိ အိန္ဒြေပျက်စရာလိုလို့လား။ဆိုင်းလော့ဒ်၏ ဇွတ်တရွတ်အနမ်းတို့အား ပြန်တွေးမိတော့ မျက်နှာတစ်ခုလုံး တရှိန်းရှိန်းဖြင့် ပူတက်လာရသလို ကိုယ်တိုင်တောင် သတိမထားမိပဲ နှုတ်ခမ်းလွှာတို့ညွှတ်ကွေးကာ အလိုအလျှောက်ပြုံးမိလေသည်။သို့သော် ထိုအပြုံးတို့က ခတ္တခဏပဲဖြစ်သည်။ရတနာဆိုင်ထဲ သံသာညိုနှင့်အတူ နှစ်ယောက်သား ပြုံးရွှင်ရယ်မောနေကြပါသော မြင်ကွင်းအား ပြန်အမှတ်ရမိတော့ သူ့နှုတ်ခမ်းတွေ ခပ်တင်းတင်းစေ့လို့သွားရသည်။
ဆက်ဆံရေးတွေတိုင်းမှာ သူဟာဘာကြောင့်များ အမြဲတမ်းလိုလို ရွေးချယ်မခံရမှန်း မသိတော့ချေ။အမြဲတမ်းနောက်ကောက်ကျခဲ့ရသည်။အမြဲတမ်း ပစ်ပယ်ခံရသည်။သူလည်း သာမာန်လူသားတစ်ယောက်မို့ တစ်ခါလောက်တော့ တန်ဖိုးထားခြင်း ချစ်ခြင်းကိုခံယူလိုလှသည်။သူ့အတွက် သီးသန့်ဖြစ်တည်နေတဲ့ တစ်စုံတစ်ယောက်ကို ပိုင်ဆိုင်ချင်လှသည်။သို့ပေမဲ့ သူ့ကိုကံတရားက အဲ့လောက်အထိ မျက်နှာသာပေးချင်ပုံမရပေ။ဒါမှမဟုတ် ဘုရားသခင်သူ့ကို ဖန်ဆင်းခဲ့တုန်းက နံရိုးတစ်ချောင်းကို ထုတ်ပေးဖို့ သူမေ့လျော့ခဲ့ပုံရလေသည်။အဲ့ဒါကြောင့် ဒီလောက်အထိ အထီးကျန်နေရတာ။
သူ ရောက်တက်ရာရာလျှောက်တွေးရင်းဖြင့် သက်ပြင်းအားမှုတ်ထုတ်ကာ ကားစီယာရင်ပေါ်သို့ မျက်နှာသာအပ်လိုက်မိတော့လေသည်။
~~~~~
ကားပေါ်ကနေ မြေပြင်ပေါ်သို့ခြေချမိသည့်အထိ အသက်ကိုအောင့်ထားမိသည်။သူဒီနေ့လစ်မစ်ကျော်သွားပြီဖြစ်သည်။ခြေလှမ်းတွေက နောက်ထပ်ထပ်ကြွလို့မရလောက်အောင် လေးလံယိုင်နဲ့နေလေပြီ။ဒီနေ့တော့ ဘာအဖော်သဟဲမှလည်း ရှာမနေတော့ပဲ တွေ့ရာဘားတစ်ခုမှာ ဝင်မော့ပစ်လိုက်တာ။လစ်မစ်ကျော်ပြီးဆိုတာကို ဦးနှောက်ကသတိထားမိလိုက်တာနှင့် ထပြန်ခဲ့တာဖြစ်သည်။အကူမခေါ်ပဲ အိမ်ရှေ့အထိပြန်မောင်းခဲ့နိုင်တာကိုပဲ ကိုယ့်ဖာသာကျေနပ်နေမိသည်။အိမ်ရှေ့ဆိုပေမဲ့လည်း သူ့ခြံရှေ့တည့်တည့်တော့ မဟုတ်ပေ။ဆိုင်းလော့ဒ်၏ ဖုန်းဆိုင်ရှေ့ရောက်တော့ သူဘယ်လိုမှ ဆက်မမောင်းနိုင်တော့ပဲ ကားရပ်ပစ်လိုက်ရခြင်း ဖြစ်လေသည်။ကားတံခါးဘောင်အား အားပြု၍ ပြင်ပမှလေနုအေးအား တစ်ဝကြီးရှုရှိုက်ကာ အရက်မူးတဲ့ ဝေဒနာအား အံတုနိုင်ဖို့ ကြိုစားမိသည်။
ကားတံခါးအား မှီထားရင်းဖြင့် မီးမှောင်နေသော ဆိုင်ခန်းလေးအား ဘာရယ်မဟုတ်ငေးကြည့်မိသည်။အရင်တုန်းကဆို ဒီလိုညဖက်တွေဆို ဘားမှာလိုက်သောက်ရင်သောက် မသောက်ရင်လျှင်လည်း ဒီအခန်းလေးထဲမှာပဲ နှစ်ယောက်သားတစ်ခွက်တစ်ဖလား မော့နေကြ။အပြင်လျှောက်သွားဖြစ်ရင်တောင်မှပဲ သူ့အနားမှာ ဆိုင်းလော့ဒ်ရှိနေတာပဲဆိုသည့်အသိက သူ့ကိုလုံခြုံမှုပေးသည်။လစ်မစ်ကျော်မှာကို သတိထားနေစရာမလို။မူးပြီး လမ်းပေါ်မှောက်လဲကျန်နေခဲ့မှာကို စိုးရိမ်နေစရာမလို။သူ့အနားမှာ ဆိုင်းလော့ဒ်သာရှိနေလျှင် ဘာကိုမှစိုးရိမ်နေစရာမလိုခဲ့ပေ။
အတိတ်ကိုပြန်သတိရမိတော့ မီးမှောင်နေတဲ့အခန်းလေးကို ကြည့်ရင်း ယောက်ျားတန်မဲ့ ငိုချင်လာရသည်။သူ့နားကနေ လူတွေ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြတာဟာ သူ့အတွက်သိပ်ထူးဆန်းတဲ့ ကိစ္စတော့လည်းမဟုတ်ပါ။သို့သော် ဒီကောင်လေးနဲ့ကျမှ သူ့မှာ ဘာလို့များအလဲလဲအပြိုပြိုတွေ ဖြစ်နေရမှန်းမသိ။ဘာမှမဖြစ်သလို ကြိုးစားနေနေလည်း အချိန်တန်လာရင် သူနာကျင်ရတာပဲဖြစ်သည်။သူ့ဘဝရဲ့ အဓိပ္ပါယ်ဟာ ပျောက်ဆုံးသွားရသလိုမျိုး။အသက်ရှင်နေရတာကိုတောင် အကြောင်းပြချက်ရှာမတွေ့နိုင် ဖြစ်နေရလေသည်။
ကားတံခါးဘောင်အား မှီထားရင်းဖြင့် ခေါင်းတွေတရိပ်ရိပ်ထိုးတက်လာကာ သူ့ခန္ဓာကိုယ်က မှီတွယ်ရပ်တည်ဖို့တောင် ခက်ခဲလာပြီဖြစ်သည်။ယမကာအစွမ်းကြောင့် ခြေထောက်များပင် မခိုင်တော့စွာ ကားဘော်ဒီကို မှီ၍ခြေပစ်လက်ပစ် ထိုင်ချရခြင်းသို့ရောက်သည်။ကိုယ့်ရပ်ကွက်ထဲ ပြန်ရောက်နေပြီမို့ အိမ်ထဲမဝင်နိုင်ပဲ လမ်းပေါ်မှာ အိပ်ပျော်သွားလည်း သိပ်တော့ပြဿနာမရှိလှပါ။သူ့အသိစိတ်တွေ နိုးတစ်ဝက်အိပ်တစ်ဝက် ဖြစ်နေဆဲ မျက်စိရှေ့မှမှောင်နေသော အခန်းလေးက မီးတွေထိန်ထိန်လင်းလို့ လာလေသည်။
ရုတ်တရက်မီးအလင်းရောင်က ဖြာကျလာတာမို့ သူ့မျက်လုံးတွေ စူးသွားရကာ အလိုအလျောက်လက်ဖြင့်ကာမိလေတော့သည်။ပိတ်ထားသော မှန်တံခါးချပ်က လျှောကနဲပွင့်သွားကာ ရင်းနှီးနေသောပုံရိပ်တစ်ခု မျက်စိရှေ့သို့ရောက်ရှိလာလေတော့သည်။ထိုပုံရိပ်က ဘောင်ဘီထဲသို့လက်ထည့်ကာ သူ့နှင့် မလှမ်းမကမ်း၌ရပ်ကြည့်လေသည်။
သူလေးလံနေသော မျက်လုံးတို့အား အားတင်းဖွင့်ကာ ခေါင်းအားနှစ်ချက်လောက် ခါယမ်း၍ပြန်ကြည့်တော့ ဆိုင်းလော့ဒ်နှင့်ဆင်တူသည့် ထိုပုံရိပ်ကပို၍သာ ဝေးဝါလာသည်။မျက်စိထဲ နှစ်ကိုယ်ကွဲတွေဖြစ်ကုန်၏။ဆိုင်းလော့ဒ်က အခန်းအပ်ပြန်အပ်သွားပြီမို့ အခုလိုပေါ်လာစရာ အကြောင်းမရှိတာကိုလည်း ဦးနှောက်ကသိလို့နေ၏။ဆိုင်ရှေ့မှာ မူးလဲနေလို့ လာဖယ်ခိုင်းသည့် အိမ်ငှားအသစ်ပဲဖြစ်ပေလိမ့်မည်။
"ဟက်..."
နေရာမှာ အားတင်းကာ ကုန်းရုန်းထရင်း ကိုယ့်အဖြစ်ကိုယ် စိတ်ညစ်ညစ်ဖြင့် အသံထွက်ရယ်မိသည်။မူးနေတာတောင်မှ ထင်ယောင်ထင်မှားနဲ့ အဲ့ဒီကောင်စုတ်လေးကို မြင်ယောင်နေရတယ်လို့။
"ဆောရီး ဆောရီး ကိုယ်နည်းနည်းမူးသွားလို့ အဟား..."
အာလေးလျှာလေးပြောရင်းဖြင့် ဖွင့်ထားသော ကားတံခါးကို အားပြုကာ ရှင်းခန့်ကယိုင်နဲနဲဖြင့် နေရာမှထရပ်သည်။ သို့သော် စိတ်ဆောင်နေတာပဲရှိကာ ခန္ဓာကိုယ်ကမလိုက်နိုင်ပဲ ပစ်စလက်ခတ်ပြန်ယိုင်ကျလေသည်။ဆိုင်းလော့ဒ် သက်ပြင်းချကာ ခေါင်းအားခါယမ်းရင်းဖြင့် ယိုင်ကျလာသော ကိုယ်လေးအားအလိုက်သင့် ဖမ်းထိန်းပေးလိုက်ရသည်။
"ရတယ် ရတယ် ကိုယ် ကိုယ်အခုပဲ ဖယ်ပေးမယ် ဆောရီး ဆောရီး..."
ပါးစပ်ကသာ ရွေ့ပေးမယ် ဖယ်ပေးမယ်ဖြင့် ဗလုံးဗထွေးပြောနေတာ လူတစ်ကိုယ်လုံးကတော့ သူထိန်းဖက်ထားသည့်အတိုင်း သူ့အပေါ်မှာတစ်ကိုယ်လုံး ပစ်စလက်ခတ်မှီတွယ်ထားပြီးပြီဖြစ်သည်။ကားကိုရွေ့ပေးဖို့မပြောနှင့် သူကိုယ်သူတောင် မတ်မတ်မရပ်နိုင်တော့။အိမ်ရှေ့မှာကားရပ်၍ ကားပေါ်မှာယိုင်ထိုး ဆင်းလာသည့်မှစကာ ကားဘော်ဒီကိုမှီ၍ လမ်းပေါ်မှာပစ်စလက်ခတ် ထိုင်လှဲချလိုက်သည့်အထိ အထဲကနေပြီး သူထိုင်ကြည့်နေခဲ့တာဖြစ်သည်။သူသာထွက်မလာခဲ့ရင် တကယ်ပဲလမ်းပေါ်မှာ ညအိပ်တော့မည်ပုံပင်။
!တစ်ယောက်ထဲ ဒီလောက်အထိ သွားလာပြီး ဗရုတ်သုတ်ခဖြစ်နေရတယ်လို့။ဒီလူဟာတော့လေ...!
"ဘာကိုဖယ်ပေးမှာလဲ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ကြည့်ဦး မတ်တပ်တောင်ရပ်နိုင်တော့လို့လား..."
သူမချင့်မရဲတွေး၍ ခပ်ဆတ်ဆတ်ပြောမိတော့မှာ ရှင်းခန့်၏ ရီဝေစင်းကျနေသော မျက်ဝန်းတို့က အံ့သြတကြီးရွေ့လျားလို့လာလေသည်။ပြီးတော့ သူ့၏ပါးပြင်အားတို့ထိကာဖြင့်....
"ဆိုင်းလော့ဒ်! မင်း မင်းလား..."
ရူးကြောင်မူးကြောင်ဖြင့် လွတ်နေလိုက်ပုံများ လူတစ်ယောက်လုံး အရှင်လတ်လတ်ရှေ့ရောက်နေတာတောင် မမှတ်မိနိုင်တော့ပေ။
"ကျုပ်မဟုတ်လို့ ဘယ်သူဖြစ်ရမှာလဲ..."
သူစိတ်ပေါက်ပေါက်ဖြင့် ပြောမိတော့ ရှင်းခန့်က နီရဲနေသောမျက်ဝန်းတို့ဖြင့် ခပ်တွေတွေကြည့်လို့လာလေသည်။
"ဘာကိစ္စနဲ့ အဲ့လောက်အထိရုပ်ပျက်ဆင်းပျက်ဖြစ်အောင် လျှောက်သောက်နေရတာလဲ ခင်ဗျားအဖော်က ဘယ်မှာလဲ မူးနေတာကို ဒီအတိုင်းပြန်လွှတ်လိုက်တာပဲလား..."
သူကသာ မရပ်မနားတရစပ်ပြောနေသော်လည်း ရှင်းခန့်ကတော့ ဒီအတိုင်းသာ တွေတွေကြီးကြည့်လို့နေ၏။
"မူးနေတာကို ကားမောင်းပြန်လွှတ်လိုက်တယ် လမ်းထဲမှာတစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ ဒီလောက်လေးတောင် အသုံးမကျတဲ့ကောင်တွေ ခင်ဗျားဘာလုပ်ဖို့ တွဲနေသေးလဲ..."
"မင်းပြန်မလာတော့ဘူး ထင်နေတာ..."
သူကသာ ဆူဆူပူပူလုပ်နေပေမဲ့ အရက်မူးပြီးအသိစိတ်ပျောက်နေပါသော ရှင်းခန့်၏နားထဲသို့ ဝင်သည့်ပုံမပေါ်ပါပေ။သူ့စိတ်ထဲရှိရာကိုသာ ဗလုံးဗထွေးပြော၍ သူ့၏လည်တိုင်အား ဖက်တွယ်ကာ ရင်ခွင်ထဲသို့ ကလေးလိုမျိုးတိုးဝင်လို့လာလေသည်။
"အပြီးပျောက်သွားပြီး ထင်နေတာ..."
ခပ်တိုးတိုးထွက်ပေါ်လာသော အသံလေးထဲမှာ ဝမ်းနည်းမှုအငွေ့အသက်တို့အား သူဖမ်းဆုပ်မိလိုက်တော့ ရင်ဘတ်ထဲစိတ်မကောင်းခြင်းတို့ ကြီးစိုးကုန်လေသည်။ဆူပူချင်တဲ့စကားတို့သည်လည်း လမ်းခုလတ်မှာပင် ပျောက်ဆုံးကုန်ရသည်။
"အဆင်မပြေဘူး မင်းမရှိတော့ အဆင်မပြေဘူး..."
စကားတွေဆက်တိုက်ပြော၍ ခပ်နွေးနွေးကိုယ်လုံလေးက ပိုတင်းကျပ်အောင် တိုးဖက်၍လာ၏။
!သူရှိခြင်းမရှိခြင်းက ရှင်းခန့်မောင်အတွက် သက်ရောက်မှုရှိနေတာတဲ့လား...!
ထိုသို့တွေးမိတော့ သူ့၏ရင်ခုန်သံတွေမြန်ဆန်လို့လာရသည်။မမျှော်လင့်ရဲပေမဲ့လည်း....။မျှော်လင့်ဖို့မထိုက်တန်မှန်းသိပေမဲ့လည်း စိတ်ခံစားချက်တွေကို ဦးနှောက်က ထိန်းချူပ်တားဆီးဖို့တော့ မတက်နိုင်ပေ။
"ဘာအဆင်မပြေတာလဲ...."
သူ အသက်အောင့်၍ မေးမိသည်။
"ဒီထဲက နာတယ်..."
ရှင်းခန့်တိုးဖက်ထားရာမှာ ပြန်ခွာကာ သူ့အားရီဝေဝေကြည့်၍ သူ့ရင်ဘတ်ကို သူညွှန်ပြ၍ပြောလာလေသည်။
"ဘာလို့လဲ...."
"မင်းကြောင့်...."
"ကျွန်တော်ကြောင့် ကျွန်တော်က ဘာလုပ်လို့လဲ..."
"မင်းက....."
ရှင်းခန့် ပြောရင်းဖြင့် စကားရပ်သွားကာ တွေတွေလေးစဥ်းစားလို့နေပြန်လေသည်။ပြီးမှ....
"အိမ်ပြောင်းသွားတာလေ ပြီးတော့ လက်စွပ်ဝယ်တယ်...."
မျက်နှာနီနီလေးဖြင့် အမူးသမားလေးက စကားတွေကို အဆက်အစပ်မရှိပါပဲ တောင်ရောက်မြောက်ရောက်ဖြင့် ပြောလို့နေလေသည်။အရက်မူးနေတာမို့ စကားတွေကို အတည်ယူသင့်သလားတော့ မသိပါ။ဘာဖြစ်ဖြစ်ထန်းရည်မူးရင်ကျွဲခိုးပေါ်တယ်ဆိုတဲ့စကားပုံလည်း ရှိတယ်မဟုတ်လား။ဒီအခြေအနေဟာ ရှင်းခန့်၏ရင်ထဲက ခံစားချက်တွေကို တူးဖော်ကြည့်ဖို့ အချိန်ကောင်းပဲမဟုတ်ပါလား။
"အင်း...ဘာဖြစ်လဲ လက်စွပ်ဝယ်တော့..."
"အဲ့ဒါ စိတ်ညစ်လို့...."
ရှင်းခန့်၏ စကားကြောင့် သူလှစ်ကနဲ ပြုံးမိပြီးမှ...
"အင်း! ဘာလို့စိတ်ညစ်ဝာာလဲလို့..."
"ဟား! မူးလို့ မူးလိုက်တာ အိပ်ချင်ပြီ..."
မေးတာတခြား၊ပြောတာကတခြား။ရှင်းခန့်က ခေါင်းမော့၍ ဟားကနဲ အော်ပစ်ပြီးမှာ သူ့ရင်ခွင်ထဲသို့ ပြန်လည်တိုးဝင်မှီတွယ်လို့လာပြန်သည်။ယိုင်ကျလာသော ကိုယ်လေးအား သူအလိုက်သင့်ထိန်းဖက်လိုက်တော့ ရှင်းခန့်က ပစ်စလက်ခတ်မှီချပြီးမှ...
"အိပ်ချင်နေပြီ ချီသွားပေးစမ်းပါ..."
ရှင်းခန့်မောင်ကတော့ ရှင်းခန့်မောင်ပါပဲ။မူးရူးပြီး အသိစိတ်ပျောက်နေရင်တောင်မှ ရမ်ဆိုင်းလော့ဒ် အသံကြားတာနှင့် အမိန့်ပေးခိုင်းစေဖို့ မမေ့မလျော့ အသင့်ရှိနေခဲ့တာမျိုး။
နောက်ဆုံးတော့ မူးပြီးအိပ်ပျော်သွားပြီဖြစ်သည့်လူအား သူ့အိမ်ထဲသို့သာခေါ်ခဲ့ရခြင်းသို့ ရောက်သည်။
~~~~~~
"ဝေါ့...."
"အန်မလို့လား နေဦး ခဏ ခဏ မအန်ချလိုက်နဲ့..."
ရေပတ်တိုက်ပေးဖို့ ပြင်နေတုန်း ရှင်းခန့်ဆီမှ ပျို့အန်သံတွေထွက်လာတာမို့ အနားသို့အလျှင်အမြန် ပြေးရပြန်သည်။ရေဇလုံအား စားပွဲပေါ်တင်ကာ ကုတင်အားကျောမှီထိုင်နေပါသော ရှင်းခန့်အား ဆွဲထူမရသည်။
"ထ ထ ရေချိုးခန်းထဲသွားမယ်..."
"ဝေါ့...အု ဟု..."
သူဆွဲထသော်လည်း ရှင်းခန့်က နေရာမှပါမလာပဲ ရေချိုးခန်းအထိသွားဖို့ အချိန်မမှီနိုင်တော့ကြောင်း အချက်ပြသည်။အနီးအနားမှာလည်း ခံစရာဘာခွက်မှ မရှိနေတာကြောင့် နောက်ဆုံးမှာတော့ ရေပတ်တိုက်ဖို့ရာ လုပ်ထားပါသော ဇလုံကိုသာထိုးခံပေးရခြင်းသို့ရောက်၏။
"ဝေါ့...အဟွတ် ဟွတ်..."
"...."
ကျောကိုခပ်ဖွဖွ ထုပေးရင်းဖြင့်မှ...
"အဲ့လောက်အထိ မဆင်မခြင်သောက်ရလား ခင်ဗျားကတော့..."
ခုနကလောက်တော့ လေသံကမတင်းမာနိုင်တော့ပဲ သူမချင့်မရဲပြောမိသည်။ရှင်းခန့်ကတော့ အားရအောင်ဆန်ပြုတ်တွေ စိတ်ကြိုက်ရောင်းပြီးသွားတော့မှ အနည်းငယ်အမူးပြေသွားသလိုမျိုး ထူထူထောင်ထောင်ဖြစ်လို့လာ၏။ သူရေဇလုံအသစ်အား လဲလှယ်ပြီးအခန်းထဲသို့ ပြန်ဝင်လာတော့ ကုတင်ပေါ်၌ ငုတ်တုတ်ထိုင်နေပြီဖြစ်သည်။
"ရေပတ်တိုက်မယ် အင်္ကျီချွတ်..."
သူပြောတော့ မျက်လုံးဝင့်ကြည့်လာပြီးမှ....
"ရပါတယ် ကိုယ့်ဖာသာလုပ်လိုက်ပါ့မယ်..."
"...."
သူဘာမှထပ်ပြောမနေတော့ပဲ ကုတင်စွန်း၌ တင်ပါးလွှဲဝင်ထိုင်ကာ အင်္ကျီရင်ဘတ်ကြယ်စေ့ကိုသာ ဆွဲဖြုတ်လိုက်သည်။
!တစ်သက်လုံး လုပ်ပေးနေကြကို အခုမှအပိုတွေ...!
ဆိုင်းလော့ဒ်က ဘာမှထပ်မပြောပဲ မှုန်ကုပ်ကုပ်ဖြင့် ရေပတ်တိုက်ဖို့ပြင်နေတာမို့ သူထပ်မငြင်းတော့ပဲ ဒီအတိုင်းပဲငြိမ်နေပေးလိုက်တော့သည်။သောက်ထားသမျှ အန်ချလိုက်၍ထင်သည် ခုနကလိုမျိုး ရီဝေမူးမိုက်မနေတော့ပဲ အနည်းငယ်ပေါ့ပါးသွားလေသည်။လက်ချောင်းတစ်ချောင်းချင်းစီကအစ စိတ်ရှည်လက်ရှည်ဖြင့် ရေပတ်တိုက်ပေးနေပါသော ကောင်လေးအား ငေးကြည့်နေရင်းဖြင့် ခံစားချက်တွေလှိုက်လှဲလာရပြန်သည်။အပိုင်မရနိုင်တဲ့အရာတွေဟာ ငေးကြည့်လေပိုလှလေ လောဘတက်ချင်မိလေပဲတဲ့။
ဒီတစ်ခေါက်လည်း ငေးရင်းနဲ့ပဲ သူမောရဦးမည်ထင်ပါသည်။
စိတ်မောစွာတွေးမိရင်းဖြင့် သက်ပြင်းအားရှိုက်ပြီးမှ
"ဘယ်လိုရောက်လာတာလဲ...."
အခန်းပြန်အပ်လိုက်ပြီဆိုပြီး ရှိနေတဲ့အဖြစ်ကိုမေးချင်တာဖြစ်သည်။ဆိုင်းလော့ဒ်က လက်ချောင်းလေးတွေကို ရေပတ်ဝတ်ဖြင့် စိတ်ရှည်လက်ရှည်ပွတ်တိုက်ပေးနေရာမှ မျက်လုံးဝင့်ကြည့်လာပြီး....
"ပစ္စည်းတစ်ခုကျန်ခဲ့လို့ လာယူတာ..."
"သြော်.."
ဆိုင်းလော့ဒ်က ပြောရင်းဖြင့် အကြည့်မလွှဲပါပဲ ခပ်စိုက်စိုက် ကြည့်နေပြီးမှ....
"ဒီလိုပဲ ညကြီးသန်းခေါင် ပစ်စလက်ခတ်လျှောက်မူးနေတာပဲလား..."
"...."
"ခင်ဗျားလူက အိမ်ပြန်ပို့ဖော်တောင်မရဘူးလား..."
သူပြောတော့ ရှင်းခန့်၏ မျက်ခုံးလေးတွေတွန့်ကွေးသွားပြီးမှ...
"ဘယ်သူလဲ...."
နားမလည်သလို ပြန်မေးတော့ ဆိုင်းလော့ဒ်၏ မျက်နှာထက်၌ ခပ်မဲ့မဲ့အပြုံးတို့ဖြစ်ထွန်းသွားခဲ့ပြီး...
"ဘယ်သူကမလဲ ခင်ဗျားရဲ့ကစားစရာအသစ်လေးလေ..."
ထေ့ငေါ့ပြောရင်းဖြင့် ရေပတ်ဝတ်အား ရေဇလုံထဲပစ်ထည့်သည်။
"ဒီတစ်ခါတော့ ဂုဏ်တူဒြပ်တူလေးဆိုတော့ ခင်ဗျားအဖေက လွှတ်ထားပေးလိုက်ပြီလား အဟွန်း!..."
ပြောရင်းဖြင့် ခပ်မဲ့မဲ့အသံထွက်ရယ်ပစ်တော့ လူကိုတမင်ပဲလှောင်နေရိနေသလို ခံစားလိုက်ရသည်။
"ဘာကိုလွှတ်ထားတာလဲ ဖေဖေနဲ့ဘာဆိုင်လို့လဲ..."
"သြော် မဆိုင်ဘူးလား...."
ဆိုင်းလော့ဒ် မျက်ခုံးပင့်၍ရိပြီးမှ နေရာမှထရပ်သည်။
"အဲ့ဒါဆိုဘာလဲ ကျွန်တော့်လိုပဲ ပိုက်ဆံပေးခေါ်ထားတာလား..."
"ဘာ...."
"အိမ်ပြန်ပို့ဖော်တောင် မရတာ ဘာလုပ်ဖို့လဲ အိပ်ဖို့အတွက်ပဲဆို ပိုက်ဆံပေးရတာချင်းအတူတူ တစ်ညတစ်ယောက် မရိုးအောင်ခေါ်စမ်းပါ ခင်ဗျားလူထက်သာတဲ့ အလန်းတွေချည်းပဲ..."
ဆိုင်းလော့ဒ်၏စကားတွေအောက် သူဘာမှလည်း ပြန်မတုံ့ပြန်နိုင်သည်။သူကိုယ့်ကို စသိခဲ့သည့်ပုံစံကလည်း ဒီပုံစံပဲဖြစ်သည်။စပွန်ဆာသူဌေးတစ်ယောက်ဆိုတဲ့ အမြင်ပဲမို့ ထိုထင်မြင်ချက်ကို သူမခံချင်ဖြစ်နေလို့လည်းမရပေ။သူ့ကိုလည်း ငွေကြေးနှင့်ချည်နှောင်ပြီး ရယူခဲ့တာမို့ တခြားသူနှင့်လည်း ထိုဆက်ဆံရေးမျိုးတည်ဆောက်မယ်လို့ ထင်မှတ်ခြင်းက သဘာဝကျပါသည်။သို့ပေမဲ့ ထိုအပေးအယူတွေကြားမှာ ခံစားချက်တွေကိုပါ အပိုအဆစ်ထည့်ပေးလိုက်သည်ဆိုတာကိုတော့ သူဘယ်တော့မှ ထုတ်ဖော်ပြောမှာ မဟုတ်ချေ။
"အဲ့ဒါ ကိုယ့်ကိစ္စပါ မင်းနဲ့မဆိုင်ဘူး..."
"ဟက် ဟုတ်ပါတယ် မဆိုင်ပါဘူး နောက်ဆိုဝင်မပါမိအောင် မျက်စိမှိတ်ထားမယ် ကျီးထိုးထိုးခွေးစားစား..."
"အင်း လမ်းဘေးမှာ အိပ်နေတာမကလို့ ဘာပဲဖြစ်ဖြစ် မျက်နှာလွှဲသွားလိုက် မင်းနဲ့ကိုယ်က တစ်ခါမှမသိဖူးတဲ့ သူစိမ်း...."
ထိန်းပြောနေရင်းဖြင့် အသံကတိမ်ဝင်သွားသည်။ဒီကောင်လေးနှင့် ပတ်သတ်လာလျှင် ပျော့ညံ့လွန်းသည့် ကိုယ့်ကိုယ့်ကိုယ်လည်း မကျေနပ်။ဆက်နေနေလျှင် ငိုချမိတော့မှာ သေချာနေတာမို့ စိတ်ကိုတင်းကာ နေရာမှထရပ်လိုက်သည်။သူ့၏ လှုပ်ရှားမှုမြင်လိုက်တာနှင့် ဆိုင်းလော့ဒ်က ဝုန်းကနဲ အနားရောက်လို့လာလေသည်။
"ခင်ဗျားက သိပ်ပြတ်သားနေတယ်ပေါ့ ဟုတ်လား..."
ပခုံးနှစ်ဖက်အား ခပ်ကြမ်းကြမ်းဆုပ်ကိုင်၍ မေး၏။ပြီးတော့ လက်နှစ်ဖက်အား ပြန်လွှတ်ကာ ဆံပင်တွေထဲလက်ထိုးဖွပစ်သည်။
"ဟုတ်ပါတယ် ခင်ဗျားက ပြတ်သားပြီးသားပါ ခင်ဗျားက တစ်ချက်တောင်လှည့်ကြည့်ခဲ့တဲ့သူမဟုတ်ဘူး ကျုပ်မရှိလည်း ကျုပ်နေရာမှာအစားထိုးဖို့ စပယ်ယာဘတ်တွေ ခင်ဗျားဆီမှာ အများကြီးပဲ..."
ဆိုင်းလော့ဒ်၏ စကားလုံးတိုင်းက သူ့ရင်ကိုဓားထက်ထက်နှင့် ထိုးစိုက်နေသည့်နှယ်။ထင်ရက်လေခြင်းဆိုပြီး မနာကျင်ချင်လည်း မရတော့ပေ။ထိုစကားတွေကို ဆက်နားထောင်ချင်စိတ်လည်း မရှိတော့သလို။ဒီလူကိုဆက်ကြည့်နိုင်ဖို့ အင်အားသည်လည်းမရှိတော့။ထို့ကြောင့် ဆိုင်းလော့ဒ်အားရှောင်ကွင်းကာဖြင့် နေရာမှထွက်ခွာဟန်ပြင်တော့ ဆိုင်းလော့ဒ်က လက်မောင်းအား ပြန်ဆွဲထားပြီး...
"နေဦး..."
"ဘာလုပ်ဖို့နေရမှာလဲ..."
ရှင်းခန့် အေးစက်စက်ပြောရင်းဖြင့် ဆုပ်ကိုင်ထားသော လက်အား ခပ်ကြမ်းကြမ်း ခါထုတ်ပစ်သည်။
"မင်း ထင်သလိုစော်ကားနှိမ်ချနေတာတွေ ငါ့ကိုရစရာမရှိအောင်ကဲ့ရဲ့ရှုံ့ချနေတာတွေကို နားထောင်ပေးဖို့ နေရမှာလား..."
ရှင်းခန့်က စိတ်တိုလာပြီဆို ကိုယ်လို့ပြောနေရာမှ ငါဖြစ်သွားလေ့ရှိလေသည်။ပြောရင်းဖြင့် မျက်ခမ်းစပ်လေးတွေ တလှုပ်လှုပ်ဖြစ်လာကာ အသက်ရှူသံတွေပါ ပြင်းထန်လို့လာလေသည်။ကျောခိုင်းထားရာမှ အားပါပါဖြင့် ဆတ်ကနဲလှည့်လို့လာကာ...
"ဟုတ်တယ် ငါကအဲ့လိုလူမျိုး ဘာဖြစ်လဲ စပွန်ဆာပေးတယ် ယောက်ျားတွေခေါ်အိပ်တယ် ရိုးရိုးသားသား ပတ်သတ်မှုဆိုတာ တစ်ယောက်မှမရှိဘူး အလုပ်သဘောပတ်သတ်မှုလည်းမရှိဘူး ငါ့နားမှာရှိတဲ့ယောက်ျားတိုင်းက ငါနဲ့အိပ်ဖို့ပဲ မင်းနဲ့လည်းအိပ်တယ် မင်းမဟုတ်တဲ့ကောင်တွေနဲ့လည်းအိပ်တယ် ရိုးအီလွယ်တယ် ခဏခဏအသစ်ပြောင်းတယ် ငွေလမ်းခင်းပြီး ယောက်ျားတွေနဲ့အိပ်တယ် ဟုတ်တယ် အဲ့ဒါဘာဖြစ်လဲ ဘာပြောဦးမလဲပြော ဘာပြောချင်သေးလဲ...."
"ခင်ဗျား ကျုပ်ကိုမရွဲ့နဲ့ တောက်!..."
ဆိုင်းလော့ဒ် ဒေါသတကြီး ဖြတ်အော်၍ တောက်ခေါက်ပစ်တော့ ရှင်းခန့်၏ စကားသံတို့တိတ်ကျသွားပြီးမှ...
"ငါ ပြန်ရွဲ့ခွင့်မရှိဘူးလား မင်းထင်သလို စော်ကားထေ့ငေါ့နေသမျှ ငုံ့ခံရမှာလား..."
"....."
"မင်း ဘာဖြစ်ချင်နေတာလည်း ငါနားမလည်တော့ဘူး ငါတို့ဆက်ဆံရေးကို မင်းရပ်ချင်တယ်ဆိုလို့ မင်းသဘောအတိုင်း ရပ်စဲပေးခဲ့တယ်။မင်းရှေ့မှာ အရိပ်အယောင်တောင် မပြခဲ့ဘူး။မင်းသဘောအတိုင်း ငါ့ဖာသာအဆင်ပြေအောင် နေခဲ့တယ်။အဲ့ဒါတောင် မကျေနပ်ဘူးလား ဒီလိုစိတ်ထင်တိုင်း လာစော်ကားနေမှဖြစ်မှာလား"
"ကျုပ်သဘောထဲမှာ ခင်ဗျားနောက်ကောင်တွေ ခေါ်အိပ်ဖို့မပါဘူး..."
"သြော်..."
ရှင်းခန့်ရေရွတ်တော့ ဆိုင်းလော့ဒ်က ဒေါသထွက်နေသော မျက်ဝန်းတို့ဖြင့် ကြည့်လာသည်။
"မင်း တော်တော်အတ္တကြီးတာပဲ မင်းတောင်လက်ထပ်တော့မှာ မဟုတ်လား။မင်းကျတော့ အမျိုးသမီးတစ်ယောက်နဲ့ ပျော်ပျော်ရွှင်ရွှင် ဘဝအသစ်ကိုတည်ဆောက်ပြီး ငါ့ကိုတော့ မင်းကြောင့်သေတဲ့အထိ အသဲကွဲကျန်နေခဲ့ခိုင်းမယ်ပေါ့..."
"ဘာရယ်..."
"အေး အဲ့လိုမှကျေနပ်မယ်ဆိုလည်း ဟုတ်တယ် ငါဆိုတဲ့ကောင် ဘဝတစ်ခုလုံးစုတ်ပြတ်ကျန်နေခဲ့ပြီပဲ မှတ်ထားလိုက် ကျေနပ်လိုက်တော့ ဖယ်!.."
ရှင်းခန့်ပြောရင်းဖြင့် ဆိုင်းလော့ဒ်၏ ကိုယ်ကြီးအား တွန်းတိုက်ကာ နေရာမှပြေးထွက်သည်။
"ဟိတ် နေဦး..."
ဆိုင်းလော့ဒ်ကလည်း ချက်ချင်းပဲ အနောက်မှနေ၍ ရှင်းခန့်၏ကိုယ်လေးအား ပြန်ဆွဲကာ သိမ်းကျုံးဖက်ထားရင်းဖြင့်...
"ဘာတွေလျှောက်ပြောနေတာလဲ ဘယ်သူကလက်ထပ်မှာလဲ..."
"မင်း ဖယ်စမ်း လွှတ်!..."
တကယ်ဆို စိတ်လွတ်လက်လွတ် အော်ကြီးဟစ်ကျယ်ကို ငိုချပစ်ချင်နေပါပြီ။နေ့ရက်ပေါင်းများစွာ ပင်ပန်းဆင်းရဲစွာဖြင့် ထိန်းချုပ်ထားရတဲ့ခံစားချက်တွေကို လွှတ်ချလိုက်ချင်နေပါပြီ။ယောက်ျားရင့်မာကြီးဆိုပေမဲ့လည်း စိတ်ခံစားချက်အပိုင်းမှာတော့ ခံနိုင်ရည်ဟာ အကန့်သတ်ရှိလေသည်။
"မဟုတ်ပါဘူးကွာ ခဏလေး အတင်းရုန်းမနေနဲ့ ကျွန်တော်ပြောပြမယ် ဘာတွေပေါက်ကရ လျှောက်ထင်နေတာလဲ..."
ကျုပ်ဆိုပြီး တစ်ချိန်လုံးဒေါသကြီးနေသမျှ ရှင်းခန့်၏မျက်ဝန်းထဲ မျက်ရည်ကြည်တွေ ဝေ့ဝိုင်းလာတာနှင့် သူ့ဒေါသတွေဟာ ဦးကျိုးခဲ့လေပြီ။
"ဟိုနေ့က အထင်လွဲသွားတာလား လက်စွပ်သွားဝယ်တယ်ဆိုတာ ဘာမှလက်ထပ်လက်စွပ်မဟုတ်ဘူး ကျွန်တော့်ဆရာမတစ်ယောက်ကို ကန်တော့ဖို့ လက်ဆောင်ထည့်ပေးဖို့ သွားဝယ်တာပါ ဘာတွေမဟုတ်တာတွေ လျှောက်ထင်နေတာလည်း ခင်ဗျားရဲ့..."
ဆိုင်းလော့ဒ် တရစပ်ရှင်းပြတော့ ရှင်းခန့်၏ ရုန်းကန်မှုတို့အနည်းငယ်ငြိမ်သက်သွားခဲ့လေပြီ။ဆိုင်းလော့ဒ်က ငြိမ်သက်သွားသော ကိုယ်လေးအား မျက်နှာချင်းဆိုင်ဖြစ်အောင် လှည့်ယူပြီးမှ...
"ကျွန်တော် ပြောနေတာကြားလား..."
"မကြားဘူး ဖယ်...."
"မဖယ်ဘူး မေးစရာရှိသေးတယ် ခုနပြောတာ အသဲကွဲတယ်ဆိုတာဘာလဲ အဲ့ဒါပြောပြ..."
ဆိုင်းလော့ဒ်က မျက်လုံးချင်းဆုံအောင် အတင်းလိုက်ငုံ့ကြည့်၍မေးသည်။ခုနကတော့ ကိုယ်ဒေါသနှင့်ကိုယ် စကားတွေထက်နေခဲ့တာ။အခုတော့ ပြောစရာစကားတို့ ပျောက်ရှကုန်လေပြီ။ဒီကောင်လေးနဲ့ဆို အရှက်ကကြံဖန်ကွဲရမဲ့ကံကို ပါလာသည်ထင်သည်။
"ခင်ဗျား အသဲကွဲနေတာလား..."
"ဘာကို အသဲကွဲရမှာလဲ ဘာတွေလာပြောနေတာလဲ ဖယ်ပေး ပြန်မလို့..."
"မဖြေမချင်း ပြန်ဖို့မစဥ်းစားနဲ့..."
ဆိုင်းလော့ဒ်က ပြောရင်းဖြင့် တံခါးဝ၌ကျောကပ်ရပ်ပြီး လော့ခ်ချပစ်သည်။ရှင်းခန့်တကယ်ပဲ စိတ်ရှုပ်ထွေးစွာ အော်ငိုချင်လာရသည်။ကိုယ့်ဖက်ကနေစပြီး ခံစားချက်တွေ ဖြစ်တည်နေခဲ့တဲ့ အဖြစ်ဟာဘယ်လောက်ရှက်စရာကောင်းလိုက်သလဲ။ကိုယ့်ကို တစ်ချိန်လုံးအထင်သေးနေပါတယ်ဆိုမှ ကိုယ့်ဖက်ကစပြီး ခံစားချက်တွေ ဖောက်ပြန်နေခဲ့တာဟာ သိက္ခာကျစရာကောင်းလွန်းပါသည်။
"ပြော!ကျွန်တော် လက်ထပ်သွားရင် အသဲကွဲမှာလား.."
"မပြောဘူးလို့ ပြောနေတယ်လေ မင်း ဘာဖြစ်နေတာလဲ.."
"ခင်ဗျားကရော ခေါင်းလေးညိတ်လိုက်ရတာ ဘာအပန်းကြီးနေလို့လဲ..."
"ကိုယ့်ဖာသာ ကွဲကွဲမကွဲကွဲ မင်းနဲ့ဘာဆိုင်လဲ..."
"ဆိုင်လို့ပေါ့ ကျွန်တော့်ကြောင့် ဟုတ်တယ်မဟုတ်ဘူးဆိုတဲ့အဖြေက ရှေ့ဆက်ကျွန်တော် ဘာလုပ်သင့်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်အပေါ် အများကြီးသက်ရောက်သွားမှာ.."
သြော်!ဖြစ်ရလေခြင်း။မပိုင်ရင်ခြင်တောင် မရိုက်ချင်ပါဘူးဆိုတဲ့ လူစားမျိုးပေါ့။ကိုယ့်ဖက်ကခံစားချက်ကိုပဲ တူးဖော်ချင်နေပြီး သူ့ဖက်ကျတော့သိုဝှက်ထားသည်။အငြင်းမခံချင်တဲ့မာနကိုပိုက်ပြီး ခံစားချက်ကိုနောက်ပို့ထားသည်။ဒူးမထောက်လိုခြင်းဆိုတဲ့ မာနတွေကိုလည်း လှမ်းမြင်နေရလေသည်။
ရှင်းခန့် နာနာကျင်ကျင်လေးပြုံးမိပြီးမှ...
"မကွဲဘူး မင်းနဲ့ဘာမှမဆိုင်ဘူး.."
"ဘာ..."
ရှင်းခန့်ပြောရင်းဖြင့် ရုန်းထွက်တော့ ဆိုင်းလော့ဒ်ခါးလေးအား ပို၍တင်းကျပ်အောင်ဆွဲဖက်၍ ရင်ချင်းအပ်စေပြီးမှ..
"မရဘူး မဆိုင်လို့မရဘူး..."
"..."
"ဒီမှာ ခင်ဗျားကြောင့် ဘယ်လောက်လောင်မြှိုက်နေရလဲ သိလား ခင်ဗျားဆီမှာ ကျွန်တော့်အတွက် ခံစားချက်တွေမရှိလို့ကိုမရဘူး အသဲကွဲတာရော ပျော်တာရော ရီတာရော ကျွန်တော့်ကြောင့်ပဲဖြစ်ရမယ်သိရဲ့လား...."
"ရူးနေလား ခံစားချက်ဆိုတာ အဲ့လိုအမိန့်ပေးလို့ရတက်လား.."
"မသိဘူး ခင်ဗျားရဲ့ခံစားချက်တိုင်းကို ကျွန်တော်ပိုင်ချင်တယ်..."
တကယ်ဆို ကျွန်တော့်ကတော့ ဒီလိုပါဆိုပြီး အရင်ဖွင့်ဟရမှာမဟုတ်လား။အခုတော့ သူ့ခံစားချက်ကိုသာ လိုချင်နေတာမျိုး။သူက ဖွင့်ဟဝန်ခံဖို့အထိတောင် မထိုက်တန်ဘူးတဲ့လား။ဒီရင်ဟာမနာကျင်ချင်လည်း မရတော့ပါ။
"ပိုင်ချင်တယ်ဆိုတိုင်း ပိုင်ရတာမှမဟုတ်တာ တကယ်ပိုင်ဆိုင်ချင်ရင် တလေးတစားနဲ့ တောင်းခံပြီး ပိုင်ဆိုင်ခွင့်ရဖို့ ကြိုးစားသင့်တာ။အခု မင်းက အဲ့လိုမကြိုးစားချင်ပါဘူး ဘာလို့လဲ ငါက ကြိုးစားဖို့မထိုက်တန်တဲ့သူမို့လား.."
"ဟာ...မဟုတ်တာ ကျစ်!မဟုတ်ဘူး လွဲပြန်ပြီကွာ.."
ရှင်းခန့်၏စကားကြောင့် ဆိုင်းလော့ဒ် ပြာပြာသလဲဖြစ်သွားပြီးမှ...
"ဆောရီး ဆောရီးပါကွာ နားလည်ပြီ နားလည်ပြီ ကျွန်တော်က တုံးတယ် ဒဲ့တိုးဆန်တယ် အဲ့ဒါကိုတော့ နားလည်ပေးပါ ဟုတ်တယ် ကျွန်တော် အရင်လိုပြီး အဆင့်ကျော်သွားတာ တကယ်တော့ ကျွန်တော့်ရဲ့စိတ်ကို အရင်ဖွင့်ပြရမှာပါ...."
"မင်းက စကားအဖတ်တင်မခံချင်တာလေ..."
"အဲ့လိုမဟုတ်ပါဘူးကွာ..."
ရှင်းခန့်စကားနာထိုးတော့ ဆိုင်းလော့ဒ် ဘာမှလည်းမရှင်းပြတက်တော့ပဲ သောကများသွားရသည်။
"မှန်ပါတယ် စကားအဖတ်တင်မခံချင်တာထက် မာနကြီးခဲ့မိတာ။ခင်ဗျားက အရာအားလုံးမှာ ပြည့်စုံသာလွန်နေတဲ့လူလေ။ကျွန်တော့်ဖက်မှာကျ အားနည်းချက်တွေချည်းပဲ။ကျွန်တော့်ဖက်က ဖွင့်ဟလို့ ကျွန်တော့်အချစ်ကို တခြားအရာတွေနဲ့ရောယှက် တန်ဖိုးဖြတ်မှာကို ကျွန်တော်အကြောက်ဆုံးပဲ။ဥပမာ ခင်ဗျားအဖေလို့..."
"...."
ဆိုင်းလော့ဒ်၏ စကားကြောင့် ရှင်းခန့်၏ မျက်ဝန်းထဲ စိတ်မကောင်းသော အရိပ်လေးတွေ ဖြတ်ပြေးသွား၏။
"ကျွန်တော်နားလည်ပါတယ်။ဘယ်သူမဆို ဒီလိုပဲတွေးမှာပဲလေ။အဲ့ဒါကို သည်းခံနိုင်ပါတယ်။ဒါပေမဲ့ ခင်ဗျားကိုယ်တိုင်က အဲ့လိုတွေးလာမှာကိုတော့ သေမလောက်ကြောက်တယ်..."
"မဟုတ်တာ ကိုယ် မင်းကို တစ်ခါမှအဲ့လိုမျိုး မတွေးခဲ့ဘူး အစကနေအခုထိ.."
ရှင်းခန့်ပြာပြာသလဲငြင်းတော့ ဆိုင်းလော့ဒ်ကပြုံးပြီးမှ...
"အဲ့ဒါဆို ဘယ်လိုတွေးခဲ့တာလဲ..."
"မင်း အရင်မပြောပဲနဲ့ ဘာလို့ပြောရမှာလဲ...":
"အာ ဆောရီး အဟမ်း အခုပြောမယ် အခုပြောမယ်..."
ဆိုင်းလော့ဒ်က လည်ချောင်းရှင်းရင်းဖြင့် ရှင်းခန့်၏ မျက်ဝန်းတို့ထဲ စိုက်ကြည့်ပြီးမှ....
"ခုနက ကျွန်တော်ပြောတယ်လေ ပစ္စည်းတစ်ခု ကျန်ခဲ့လို့ လာယူတယ်ဆိုတာ..."
"အဲ့ဒါ ဘာဖြစ်လဲ..."
"အင်း အဲ့ဒါဘာပစ္စည်းကျန်ခဲ့တာလည်း သိလား.."
"မသိဘူး..."
ပြောတဲ့စကားက ရိုးရိုးပေမဲ့ ရင်ခုန်သံတွေကတော့ မရိုးသားစွာ...
"ကျွန်တော့်နှလုံးသား ကျွန်တော့်နှလုံးသား ကျန်ခဲ့လို့ လာပြန်ယူတာ..."
"......"
ဘာလိုလိုစကားမှန်းသိနေတော့ ရင်တွေတဖြတ်ဖြတ်ခုန်ကာ မျက်နှာတွေ ရှိန်းတက်လာရတော့သည်။
"ခင်ဗျားဆီမှာ ကျွန်တော့်နှလုံးသား ကျန်ခဲ့တာ ပြန်ပေး..."
"ဘာလဲ မသိဘူး..."
ရှင်းခန့် မပွင့်တပွင့် ပြော၍ ခေါင်းငုံ့ချမိတော့ ဆိုင်းလော့ဒ်က မေးဖျားလေးအား ပြန်ဆွဲမော့ကာ မျက်ဝန်းတွေထဲ စိုက်ကြည့်၍
"ချစ်တယ်! ခင်ဗျားကို သိပ်ချစ်တယ်...!
အဲ့ဒီစကားတစ်ခွန်းကလေ သူ့အတွက်တော့ ကမ္ဘလောကကြီးတစ်ခုလုံး ရပ်တန့်သွားသလိုပါပဲ။နားစည်မှနေတဆင့် နှလုံးအိမ်အထိ ချိုမြိန်မှုတွေဟာ တိုက်ရိုက်စီးဝင်တယ်။
"ပထမဦးဆုံးနဲ့နောက်ဆုံးဖြစ်တဲ့ ခံစားချက်ပါပဲ မောင်တို့ အစကပြန်စကြရအောင်နော်..."
နဖူးပြင်ကို ဖွဖွဖိကပ်နမ်းရင်းခွင့်တောင်းတော့ ခေါင်းညိတ်လိုက်မိလား ခေါင်းခါလိုက်မိသလားလည်း မသေချာ။အဲ့ဒီအနမ်းလေးတစ်ပွင့်ဟာ လူကိုပန်းမွေ့ယာထဲဖြတ်လျှောက်မိစေသလို။တိမ်စိုင်တွေပေါ် ဆွဲတင်လိုက်သလိုလို။
အချစ်နှင့်ပြန်စတင်ပြီး ပြီးပြည့်စုံရတဲ့ခံစားချက်တွေဟာ လှိုက်ဖိုကြည်နူးဆွတ်ပျံ့နေလိုက်ပုံများ...
~~~~~~
AN.ဇီးကွက်လေးတွေ စောင့်နေကြသေးလား😘
ဒါနဲ့ အားရှိအောင် စျေးဗန်လေးကူခင်းကြပါလား🤭