ဆံပင်တွေအတန်ငယ်ရှည်ပြီး ပွယောင်းယောင်းဖြစ်နေသလို မျက်နှာပေါ်မှာလည်း မုတ်ဆိတ်တွေဟိုတစ်စ ဒီတစ်စဖြင့် ဝင်းဝါတဲ့အသားအရည်က အနည်းငယ်ညိုညစ်ညစ်ဖြစ်ချင်နေသည်။မျက်လုံးတွေကလည်း နီရဲကာပင်ပန်းနွမ်းနယ်သောအသွင်ကို ဆောင်လို့နေလေသည်။မြင်နေကြပုံစံအတိုင်း လည်သာဂျာကင်ကိုရင်ဘတ်ခွဲဝတ်ထားပါသော ဆိုင်းလော့ဒ်၏ပုံစံက အရင်လိုနုနယ်လန်းဆန်းမနေတော့ပေ။မတွေ့ရတဲ့ နှစ်လဆိုတဲ့အချိန်အတွင်းမှာ အများကြီးရင့်ရော်ရင့်ကျက်သွားသလိုပင်။
လက်ထဲမှာလည်း အိတ်အမဲကြီးဆွဲထားလျှက် ပုံစံကအခုမှ ခရီးရောက်မဆိုက်ဖြစ်လာသည့် ပုံစံဖြစ်သည်။ဆိုင်းလော့ဒ်၏ နွမ်းဖတ်နေသော ပုံစံအားသူ ဒီအတိုင်းငေးကြည့်နေမိသလို ဆိုင်းလော့ဒ်သည်လည်း မှိုင်းရီနေသောမျက်ဝန်းအစုံဖြင့်သူ့အား ပြန်ငေးကြည့်လို့နေသည်။နီညိုရောင်နှုတ်ခမ်းလွှာတွေဟာ တလှုပ်လှုပ်ဖြင့် စကားပြာဖို့ကြိုးစားနေပုံရသော်လည်း ဘာစကားမှထွက်မလာပေ။ဒီအတိုင်းအကြည့်တွေကသာ ပို၍စူးနင့်လို့လာ၏။အခန်းထဲရှိလေထုသည်လည်း ပုံမှန်ထက်ကိုပို၍ တိတ်ဆိတ်ငြိမ်သက်လို့နေသည်။
"မင်း ဘယ်လို...."
တိတ်ဆိတ်ခြင်းကို သူ့ဖက်မှစတင်ဖြိုခွဲဖို့ကြိုးစားလိုက်တော့ ဆိုင်းလော့ဒ်က ပင့်သက်ကိုရှိုက်၍....
"ကျွန်တော်...."
ဘာဆက်ပြောရမှန်းလည်း မသိတော့ချေ။ခရီးရောက်မဆိုက် မိုးမလင်းအားပဲ သူများအိမ်ပေါ်ပြေးတက်လာခဲ့မိတဲ့ ကိုယ့်အဖြစ်ကိုလည်း ဘယ်လိုရှင်းပြရမလဲမသိတော့။ပိုက်ဆံပေးဖို့ ခေါင်းစဉ်တပ်ထားပေမဲ့ ဒီလူ့ကိုသေမလိုလွမ်းနေလို့ပါဆိုတာကို ဘယ်ကဘယ်လိုစပြောရမှန်းလည်း မသိချေ။သူစကားလုံးများအား ပြင်ဆင်ရွေးချယ်နေစဉ်မှာပဲ....
!ကလစ်..!
အသံတစ်ခုနှင့်အတူ ရေချိုးခန်းတံခါးက ပွင့်ဟ၍လာလေသည်။
"အကို့ ဆပ်ပြာကုန်နေ...."
ခါးမှာတဘတ်အပိုင်းတစ်ခုကို ပတ်ထားလျှက် အပေါ်ပိုင်းဗလာကျင်းဖြင့် ရေချိုးခန်းထဲမှထွက်လာပါသော ကောင်လေးတစ်ယောက်အား တွေ့လိုက်ရသည်။အရင်တုန်းထဲက ရှင်းခန့်မောင်ဆီကို ဝင်ထွက်ဖူးနေသော ကောင်လေးဆိုတာကို စိတ်ကသိလိုက်တာနှင့် ရင်ဘတ်ထဲဟာဆင်းသွားရလေသည်။သူမရှိတဲ့နှစ်လအတွင်းမှာ သူ့နေရာမှာတခြားတစ်ယောက်ကို အစားထိုးလိုက်ပြီဆိုတဲ့အသိက သူ့ရင်ထဲ တဝုန်းဝုန်းပြိုကျစေကုန်သည်။သူ ဘာလို့များ အရူးလိုပြန်ပြေးလာခဲ့မိဝာာလဲ။တကယ်ဆို သူထွက်သွားခဲ့တဲ့နှစ်လလုံးမှာ ရှင်းခန့်ဟာ သူ့ကိုတစ်ခါလေးတောင် မဆက်သွယ်ခဲ့ချေ။ဘေးနားမှာ သူရှိခြင်းမရှိခြင်းဟာ ဒီလူ့အတွက်တော့ဘာသက်ရောက်မှုမှမရှိခဲ့ပေ။ဟုတ်တာပဲ ငကန်းသေငစွေပေါ်မှာပေါ့။သူ့ရဲ့ဖြစ်တည်မှုဟာ ဒီလူ့အတွက် ဘာများအရေးပါနိုင်မှာလဲ။သူက ငွေပေးငှားထားတဲ့ အိပ်ဖော် အဖော်သာသာပဲမဟုတ်လား။သူမရှိတော့လည်း နောက်တစ်ယောက်ကို ထပ်အစားထိုးတာ ဘာများဆန်းလို့လဲ။ရှင်းခန့်မောင်အတွက် အစားထိုးတဲ့အလုပ်ဆိုတာ အလွယ်ကူဆုံးပဲမဟုတ်လား။သူ့ကိုလည်း ဟိုတစ်ယောက်နေရာမှာ အစားထိုးခံစားခဲ့တာပဲ။သူ့ဖက်ကသာ လမ်းကြုံပတ်သတ်မှုကို မပြီးနိုင်မစီးနိုင်ဖြစ်နေခဲ့တာ။
ပါးစပ်က ဘာစကားတစ်ခွန်းမှ မပြောပေမဲ့လို့ ဆိုင်းလော့ဒ်၏ မျက်ဝန်းထဲမှ အရိပ်တွေကို သူကောင်းကောင်းကြီးဖတ်မိလို့နေသည်။ဇွဲသုနှင့်သူ့ကို တမျိုးတမည်ထင်သွားပြီဆိုတာ စိတ်ကခံစားမိလိုက်ရတာနှင့် ရင်ဘတ်ထဲမှာဖျဉ်းကနဲဖြစ်သွားရသည်။ဆိုင်းလော့ဒ်ရဲ့ အမြင်မှာသူဟာအဲ့ဒီလိုမျိုး ပေါ့သွမ်းတဲ့လူတစ်ယောက်ပါပဲ။တိတ်ဆိတ်မှုဟာ လူသုံးယောက်ရှိနေခဲ့တဲ့ အခန်းထဲမှာ စက္ကန့်ပိုင်းစာလောက်ကြီးစိုးသွားခဲ့သည်။
ဒီနေရာမှာ လူပိုတစ်ယောက်လိုမျိုး ဆက်ရှိမနေသင့်တော့ဘူးလို့ ခံစားလိုက်ရတာကြောင့် အံကိုခပ်တင်းတင်းကြိတ်ပြီး လက်ထဲမှအထုတ်အား ကုတင်ပေါ်အသာအယာတင်၍
"ကျန်တဲ့ပိုက်ဆံ လာပေးတာ...."
"...."
"ခင်ဗျားနဲ့ကျွန်တော် ပြီးပြီနော် ဘာမှမရှိတော့ဘူး...."
စကားသံကရင့်သည်။ဟိုတုန်းကထက်မလျှော့သောတင်းမာပြတ်တောက်လိုမှုများဖြင့် မျက်နှာထားက ခက်ထန်နေ၏။
ခရီးရောက်မဆိုက် မနက်အစောကြီး ပိုက်ဆံလာပေးရလောက်သည့်အထိ ဆိုင်းလော့ဒ်ဟာ သူတို့ပတ်သတ်မှုကို စိတ်အနှောင့်အယှက် ဖြစ်နေခဲ့ပုံရသည်။အဲ့ဒီလောက်အထိသူနှင့်ကင်းရှင်းချင်နေတာတဲ့လား။မာနကြောင့်ထင်သည် ရင်ဘတ်ထဲမှာတော့ အောင့်မျက်သွားခဲ့သည်။
"လေးရာအတိ...."
ရှင်းခန့်က နှုတ်ဆိတ်နေတော့ သူစကားထပ်ပြောမိသည်။ထွက်သွားလိုက်သင့်တာကို သိနေပေမဲ့ခြေထောက်တွေကမရွေ့ဖြစ်ပေ။
"အင်း ထားခဲ့လိုက်လေ..."
ရှင်းခန့်ဆီမှတည်ငြိမ်အေးဆေးသော စကားသံတစ်ခုသာထွက်ပေါ်လို့လာလေသည်။ထားခဲ့လိုက်ဆိုတဲ့ စကားသံထဲမှာ မနေစေလိုခြင်းတွေများရောယှက်ပါဝင်နေသလား သူဖမ်းဆုပ်ကြည့်မိ၏။သူ့ရင်ထဲမှာသာ အရူးလိုမျိုးဗလောင်ဆူနေသလောက် အရှေ့မှထိုလူကတော့ ငြိမ်သက်နေသည့် ကန်ရေပြင်လိုပင်။မျက်နှာပေါ်မှာ ဘာခံစားချက်အပြောင်းအလဲမှ ရှိမနေပေ။သူကသာ အရှုံးသမားတစ်ယောက်လိုမျိုး ခံစားရခက်နေခဲ့တာ။တကယ်တမ်းတော့ သူတို့နှစ်ယောက်မှာ ပြတ်သားချင်ခဲ့တာလည်းသူ၊မပြတ်သားနိုင်ခဲ့တာလည်း သူပဲဖြစ်နေခဲ့သည်။တစ်ဖက်လူကတော့ သူ့အတွက်ဘယ်လိုစိတ်ခံစားချက်မျိုးမှ မရှိခဲ့လောက်ပေ။တဖက်လူအတွက်တော့ သူဟာ ရက်လွန်စွန့်ပစ်ပစ္စည်းလိုမျိုး။
"အဟက်...."
ဆိုင်းလော့ဒ်က အသံထွက်၍ ခပ်မဲ့မဲ့ရယ်ပစ်သည်။
"သွားလိုက်ပါဦးမယ် အနှောင့်အယှက်ပေးမိရင် ဆောရီးပဲ..."
ခပ်ရွဲ့ရွဲ့လေသံဖြင့် ထေ့ငေါ့ပြောကာ အကြည့်စူးစူးတချက်ပေးပြီးမှ ဆိုင်းလော့ဒ်ကနေရာမှ လှည့်ထွက်၏။မျက်နှာပေါ်မှ ခပ်မဲ့မဲ့အပြုံးနှင့် မျက်ဝန်းထဲမှ အထင်းအမြင်သေးသော အရိပ်တို့ကြောင့် ရှင်းခန့်မျက်နှာတစ်ခုလုံး ဖြန်းကနဲဖြစ်သွားရသည်။ခြေလှမ်းကျဲများဖြင့် လှည့်ထွက်သွားခဲ့သော ကျောပြင်ကျယ်အား တားဆီးလိုက်ဖို့လည်းမကြိုးစားမိတော့။သူတို့ကြားမှာ ပတ်သတ်ဆက်စပ်စရာ ခိုင်မာတဲ့အကြောင်းတရားတွေလည်း မရှိကြတော့ဘူးမဟုတ်လား။ဒီကျောပြင်ကျယ်ကို ဒီတစ်ခေါက်ငေးခွင့်ရလိုက်ခြင်းဟာ နောက်ဆုံးအကြိမ်များ ဖြစ်နေလေမလား...။
"အကို ကျွန်တော် ကားထုတ်ထားလိုက်တော့မယ်နော်..."
ယောက်ျားလေးမို့ ထွေလီကာလီများမနေပဲ ဇွဲသုကပြင်ဆင်ပြီးစီးသွားပြီဖြစ်၏။တိုက်တိုက်ဆိုင်ဆိုင် သူကလည်းဒီနေ့မှ အလုပ်ကိစ္စခရီးတစ်ခုကို နေ့ချင်းပြန်သွားရမှာမို့ ဇွဲသုကိုခေါ်ထားလိုက်မိတာဖြစ်သည်။အကြောင်းတရားများဟာ ထိုကဲ့သို့တိုက်ဆိုင်စွာ...
"အင်း ထုတ်ထားလိုက်တော့ ကိုယ်အခုပဲဆင်းခဲ့မယ်..."
ဇွဲသုအခန်းထဲကထွက်သွားတော့မှ သူသက်ပြင်းအားရှိုက်ကာ အင်္ကျီကြယ်စေ့အား ခပ်မြန်မြန်တပ်လိုက်သည်။ဒီအချိန်မှာ ဇွဲသုရှိမနေလည်း ဆိုင်းလော့ဒ်၏သဘောထားက သူ့အပေါ်ပြောင်းလဲမည်မထင်ပါ။သူတို့ပတ်သတ်မှုကို ကင်းရှင်းချင်လွန်းလို့ပဲ တရားမဝင်အလုပ်တွေကို ထောင်နှုတ်ခမ်းနင်းပြီး လုပ်နေတာမဟုတ်ပါလား။ဒီတစ်ခါတော့ သူတို့ရဲ့အဆုံးသတ်ချိန်ကို တကယ်ရောက်ပြီထင်ပါသည်။
~~~~~
"နာမည်က ဇွဲသု သူ့အမေက မင်္ဂလာဈေးမှာ အထည်ဆိုင်ဖွင့်ထားတာ အဖေမရှိတော့ဘူး ကိုရှင်းခန့်အဖေရဲ့ လူယုံကြီးက ကောင်လေးရဲ့ဦးလေး လောလောလတ်လတ် ဘွဲ့ရထားပြီး သင်္ဘောလိုက်ဖို့လုပ်နေတာ..."
ဝသုန်ပြောပြနေတာကို နားထောင်နေရင်း ဆိုင်းလော့ဒ်က ရှင်းခန့်ရှိနေသောစားပွဲသို့ မျက်တောင်မခတ်ကြည့်လို့နေ၏။နှစ်ယောက်သား time cityကိုကိစ္စတစ်ခုဖြင့် ရောက်လာကြရင်း ကိုရှင်းခန့်တို့နှင့် ပက်ပင်းလာတိုးမိတော့ ဆိုင်းလော့ဒ်တစ်ယောက် မကြည်မလင်ဖြစ်ကုန်၏။
"ဟျောင့် ပေါ်တင်ကြီးရှိုးမနေနဲ့လေ မင်းကို ကိုရှင်းခန့်လှမ်းကြည့်နေပြီ..."
"ကြည့်ကြည့်ပေါ့ ငါ့မျက်လုံးနဲ့ငါကြည့်တာ ဘယ်သူ့ဂရုစိုက်ရမလဲ..."
နဂိုထဲကလည်း တဇွတ်ထိုးကောင်မို့ အခုလည်းဆိုင်းလော့ဒ်က အကန်တွေချည်းလွှတ်နေသည်။
"မင်း နှုတ်ဆက်ချင်နေတာ သွားနှုတ်ဆက်လိုက်ပါလား..."
"ဘာကိစ္စနဲ့ နှုတ်ဆက်ရမှာလဲ သူများကြားမှာအနှောင့်အယှက်ဖြစ်အောင်လို့..."
"ဘာကိုအနှောင့်အယှက်ဖြစ်ရမှာလဲ မင်း ထင်ကြေးနဲ့ရမ်းသမ်းနေမဲ့အစား အခုသွားနှုတ်ဆက်ပြီး အကဲခတ်ကြည့်ပါလား..."
"ဘာမှအကဲခတ်စရာမလိုဘူး ဟိုညကပဲ...."
ဆိုင်းလော့ဒ်ကပြောရင်းဖြင့် စကားကိုရပ်လိုက်တာမို့
"ဟိုညက ဘာဖြစ်လဲ..."
"ကျစ်! ဘာမှမဟုတ်တော့ဘူး..."
မကြည်မလင်ဖြင့်ရေရွတ်၍ စကားစကိုဖြတ်ပစ်သည်။ဘာဖြစ်ဖြစ် ဒီနှစ်ယောက်ကြားမှာ တစ်ခုခုရှိနေပြီဆိုတာကိုတော့ သူလည်းမှန်းဆမိနေပြီဖြစ်သည်။ရိုးရိုးသာမာန်အိမ်နီးချင်းဆက်ဆံရေးသာဆို မန္တလေးအထိ လိုက်လာစရာအကြောင်းမှမရှိပဲ။ဆိုင်းလော့ဒ်က လုံးဝဝန်မခံပဲ အတင်းငြင်းနေလို့သာ သံသယတွေကိုချိုးနှိမ်ထားခဲ့ရတာ။
"ကောင်လေးပုံစံက ရိုးရိုးသားသားပါကွာ ငါကြည့်သလောက်တော့ အဖြောင့်ပါကွ..."
"ဘယ်သူကမေးနေလို့လဲ"
ဝသုန်ထပ်ပြောတော့ ဆိုင်းလော့ဒ်က ဟွန့်ကနဲနှာမှုတ်ထုတ်၍ ဂျစ်တစ်တစ်ပြောသည်။ဆိုင်းလော့ဒ်၏စကားကြောင့် ဝသုန်အောင့်သီးအောင့်သက်ဖြင့် ကျွဲမြီးတိုသွားရပြီးမှ..
"မမေးပေမဲ့ သိချင်တဲ့မျက်လုံးကြီး တဝင်းဝင်းဖြစ်နေလို့လေ..."
"အဲ့ဒါ မင်းနဲ့ဘာဆိုင်လဲ သူများကိစ္စကိုလိုက်စိတ်ဝင်စားနေတာ တော်တော်အားနေတယ်ဟက်လား..."
ပြောမနာဆိုမနာ သူငယ်ချင်းအရင်းကြီးတွေမို့ ဆိုင်းလော့ဒ်ကဖိသိပ်ပြောထည့်သည်။
"မမွန်ဆီသွားပြီး ကိုရှင်းခန့်အကြောင်းတွေ စကားသွားနှိုက်တဲ့ မင်းလောက်တော့ အားမနေဘူးပေါ့..."
ဝသုန်ကလည်း တစ်ခွန်းမှမခံပဲ ပြန်ခွပ်၏။
ရွှေလီကပြန်လာပြီးထဲက ယောက်ယက်ခတ်အမူအယာပျက်နေသလို ဒီရက်တွေထဲအနီးကပ်ရှိနေရတာမို့ ရှင်းခန့်နှင့်ပတ်သတ်၍ ဆိုင်းလော့ဒ်မူပျက်နေသမျှ သူအကုန်သိနေရသည်။ဆိုင်းလော့ဒ်နှုတ်က ဘာတစ်ခုမှဖွင့်မပြောလာပေမဲ့လည်း အနေအထားကိုသူရိပ်မိသလိုတော့ ရှိနေပါပြီ။ပေါင်းလာခဲ့တဲ့သက်တမ်းတစ်လျှောက် သူ့မိန်းမအပေါ်မှာတောင် ရမ်ဆိုင်းလော့ဒ်တို့ ဒီလောက်အထိစိတ်ဝင်တစား ရှိခဲ့တာမှမဟုတ်ပဲ။
ဒီတခါတော့ ဆိုင်းလော့ဒ် ဘာမှမတုံ့ပြန်နိုင်တော့ပဲ စားပွဲခုံအောက်မှ ခြေထောက်ကိုသာ ခပ်ဆတ်ဆတ်လှမ်းကန်လေသည်။
"ရွှေလီမှာတုန်းကတော့ ဖင်ပိတ်ငြင်းနေပြီး အခုမှသေမလိုဖြစ်နေတယ် မအေဘေးလေး ပြောစမ်းစာမလာသတင်းမကြားနဲ့ ဘယ်တုန်းကကွေးသွားတာလဲ..."
သိချင်စိတ်တဝင်းဝင်းဖြင့် တိုးကပ်လာသော ဝသုန့်၏မျက်နှာကြီးအား သူပြန်တွန်းထုတ်၍...
"မေးတိုင်းပြောပြစရာလား...."
"အေးပါ အေးပါ နောက်မှ မမေးလည်းပြောပြချင်လွန်းလို့ပါဆိုပြီး မျက်နှာငယ်လေးနဲ့ လာမလုပ်နဲ့နော်..."
"ထုံးစံမရှိဘူး ငါတို့ကမျက်နှာကြီးမျိုး..."
ဆိုင်းလော့ဒ်က လေသံကိုတချက်မှမလျှော့ပဲ ဘက်ပြန်တိုက်နေစဉ်....
"ဘယ်မျက်နှာကကြီးပြီး ဘယ်မျက်နှာတွေကငယ်နေတာတုန်း..."
စကားသံနှင့်အတူ ရေမွှေးရနံတစ်ခုအား အရင်ရလိုက်ပြီးမှ သံသာညိုက ခုံဆွဲ၍စားပွဲဝိုင်း၌ ဝင်ထိုင်လေသည်။ဝသုန်က အားရပါးရဖောက်သည်ချဖို့ ပါးစပ်ပြင်လိုက်သော်လည်း..
"ဘာမှမဟုတ်ဘူး နင်ကလည်း နောက်ကျလိုက်တာ နင့်ဆိုင်နဲ့ time cityနဲ့ဘာမှလည်းမဝေးပဲနဲ့.."
ဆိုင်းလော့ဒ် စကားလမ်းကြောင်းလွှဲပစ်တော့...
"ထွက်လာခါနီးမှ ဧည့်သည်ရောက်လာလို့ဟ လမ်းမှာကားကပိတ်သေးတယ် မောလိုက်တာရေတစ်ခွက်လောက်..."
သံသာညိုက ခုံ၌ထိုင်ချရင်းဖြင့်ပြော၏။ဆိုင်းလော့ဒ်က အလိုက်သိစွာ ရေတစ်ခွက်ငှဲ့ပေးလိုက်၏။
"မြန်မြန်သောက် ပြီးရင်သွားမယ်..."
ဆိုင်းလော့ဒ်က ခပ်လောလောပြောတော့ သံသာညိုက ရေခွက်ကိုပြန်ချပြီးမှ...
"ရေလေးတော့သောက်ပါရစေဦး နင်ကလေ ဖြစ်လိုက်ရင်အသဲသန်ပဲ..."
"ငါအချိန်မရဘူးဟ အခုတောင် အလုပ်ကိစ္စတစ်ခုကို ဒီကောင့်ကိုလွှတ်ရမှာ တကယ်ဆိုနင့်ဖာသာ ကြည့်ကျက်ဝယ်ပေးလိုက်လည်းပြီးတာပဲ လက်ဆောင်ပဲကို..."
ဆိုင်းလော့ဒ်၏စကားကြောင့် သံသာညိုကမျက်စောင်းဝေ့ပြီးတော့မှ...
"ရိုးရိုးလက်ဆောင်မှ မဟုတ်တာ ဆရာမကြီးအတွက်လေ ဆရာမကြီးက နင့်အတွက်အရေးကြီးတဲ့လူမဟုတ်ဘူးလား..."
ဆရာမကြီးဆိုတာက သူ ကိုးတန်းဆယ်တန်း နှစ်နှစ်လုံးလုံး အိမ်၏စီးပွားရေးအခြေအနေကြောင့် ကျူရှင်မယူနိုင်ခဲ့တော့ ပညာဒါနပြုခဲ့သူဖြစ်သည်။ကျောင်းဝတ်စုံကစလို့ ကျောင်းသုံးကိရိယာအဆုံး ကြုံရင်ကြုံသလိုပေးကမ်းစောင့်ရှောက်တက်သလို သူ့ကိုလည်း အင်မတန်မှချစ်ခင်သော ဆရာမဖြစ်သည်။အခုလည်း သံသာညိုက မြစ်ကြီးနားပြန်မှာဖြစ်ပြီး အာစရိယပူဇော်ပွဲနှင့်လည်းကြုံကြိုက်နေတာမို့ သူကဆရာမကြီးအတွက် ပူဇော်လက်ဆောင်ကောင်းကောင်းလေး လူကြုံပါးလိုက်ဖို့ စိတ်ကူးမိတာဖြစ်၏။
"ကဲ ရပြီး စကားတွေများနေတာနဲ့ တော်တော်အချိန်ကုန်နေပြီ သွားမယ်..."
ဆိုင်းလော့ဒ်က ပြောရင်းဖြင့်နေရာမှ ထရပ်တာမို့...
"အေးပါ သူဌေးမင်းရယ် နင့်အချိန်တွေကို ငါဖြုန်းမိတာပါ..."
သူမပါ ရွဲ့ပဲ့ပြောရင်းဖြင့် နေရာမှထရပ်ရသည်။ဝသုန်ကတော့ တခြားအလုပ်ကိစ္စသွားမှာမို့ စားပွဲ၌သာထိုင်လျှက်ကျန်ခဲ့လေသည်။
"စောင့်ဦးလေ..."
ဆိုင်းလော့ဒ်က အရှေ့မှခြေလှမ်းကျဲကြီးများဖြင့် လှမ်းထွက်တာမို့လက်မောင်းကို ကမန်းကတမ်းလှမ်းဆွဲချိတ်ကာ နောက်မှအမှီလိုက်ရခြင်းသို့ ရောက်လေသည်။
~~~~~
မျက်စိရှေ့မှာပဲ လက်ချင်းချိတ်၍ ထွက်သွားသော ဆိုင်းလော့ဒ်တို့ စုံတွဲအားသူလိုက်ကြည့်နေမိရင်း ရင်ဘတ်ထဲမှာနာနာကျင်ကျင်ခံစားလို့နေရသည်။ဆိုင်ထဲသို့ဝင်လာကတည်းက ဆိုင်းလော့ဒ်နှင့်သူသူ့ငယ်ချင်းရှိနေတာကိုတွေ့သည်။ဆိုင်းလော့ဒ်ကိုယ်တိုင်လည်း သူ့ကိုမြင်ရဲ့သားဖြင့် မိတ်ဟောင်းဆွေဟောင်းလိုတောင် နှုတ်မဆက်ချင်သည့် ပုံစံမျိုး။ဆုံးရှုံးလိုက်ရသလိုမျိုး ခံစားချက်ကြီးကလည်း ရယ်စရာကောင်းလွန်းလှသည်။ဒီကောင်လေးက ဘယ်တုန်းကမှ သူ့အပိုင်လည်းမဟုတ်ခဲ့ပဲနဲ့။
"ဒါဆို ကျွန်တော်အရင်ပြန်လိုက်မယ်နော် အကို..."
ဇွဲသုဆီမှ စကားသံထွက်လာတော့မှ အတွေးလွန်နေမိရာမှာ သတိဝင်သည်။
"အိုခေ အိုခေ ဒီရက်ထဲလာကူပေးတာ ကျေးဇူးပါကွာ..."
"ကျေးဇူးတင်စရာလား အကိုရဲ့ မိသားစုတွေပဲဟာကို အကိုတစ်ယောက်ထဲ အလုပ်ရှုပ်နေတာ ကူပေးရမှာပေါ့ စိတ်ထဲထားမနေနဲ့.."
ဇွဲသုက ပေါ့ပေါ့ပါးပါးပြောရင်းဖြင့် အိတ်ကိုဆွဲ၍နေရာမှ တစ်ခါထဲထရပ်လေသည်။
"အဲ့ဒါဆို ကျွန်တော်လစ်ပြီ ဟိုကောင်တွေနဲ့ ချိန်းထားသေးလို့..."
"အိုခေပါ..."
ဇွဲသုထထွက်သွားပြီး ခဏကြာတော့မှ သူလည်းငွေရှင်းပြီး ဆိုင်ထဲမှလိုက်ထွက်ခဲ့လိုက်သည်။ဆိုင်းလော့ဒ်၏ သူငယ်ချင်းလည်း ဘယ်အချိန်ထပြန်သွားလဲ မသိလိုက်ပေ။သူပြန်ထွက်လာတော့ဆိုင်ထဲမှာ မရှိတော့ပေ။
~~~~~
စားသောက်ဆိုင်က ပြန်ထွက်လာပြီး ကိုယ့်ဖာသာအေးအေးဆေးဆေးအိမ်ပြန်လိုက်လျှင်၊ဆိုင်းလော့ဒ်တို့စုံတွဲ ရတနာဆိုင်မှာ လက်စွပ်ရွေးနေကြတာကိုသာ နောက်မှလိုက်မချောင်းကြည့်ဖြစ်ခဲ့လျှင်၊shoppingထွက်လာသော ဒေါနတို့ သူငယ်ချင်းအုပ်စုများနှင့် တည့်တည့်သာမတိုးမိလျှင် အခုအချိန်မှာ သူဟာအခုလိုမျိုး အဝတ်တန်းစင်တွေကြားထဲမှာ ဝင်ပုန်းနေရမှာမဟုတ်ပေ။
"ဟူး..."
သက်ပြင်းကို မသိမသာမှုတ်ထုတ်ရင်းဖြင့် အရှေ့မှကွယ်နေသော အင်္ကျီအားအသာအယာဟကြည့်ရသည်။ဒေါနနှင့်သူ့သူငယ်ချင်းတချို့က ထွက်ပေါက်နားရှိ ချိတ်ထားသောအဝတ်များအား ဟိုဟိုဒီဒီကြည့်လို့နေကြသည်။သူတို့နှင့်မလှမ်းမကမ်းမှာက ဆိုင်းလော့ဒ်တို့စုံတွဲ။အနေအထားက ဒီနေရာကနေ ထွက်ပြေးသွားဖို့ ဘယ်လိုမှအခွင့်သာမနေပေ။သူတို့ ဝယ်ခြမ်းပြီးစီးတဲ့အထိ ဒီလိုသာ ပုန်းလျှိုးကွယ်လျှိုး စောင့်ရပေတော့မည်။
"ငါ ဒါယူမှာနော် ဈေးကတော့ ပါးပါးလေးပါ အဟဲ..."
"မယူနဲ့ဆိုလည်း ယူမှာပဲမဟုတ်လား စောက်စကားကိုများတယ် မင်း..."
"မယူစရာလား အခုလိုအချိန်မှာ မင်းလို ဘောစိကိုမှ မညှင်းရရင် ဘယ်သူ့သွားညှင်းရမလဲ..."
"မအေဘေး..."
ဘေးကနားထောင်ကြည့်လျှင် စကားသံကရင့်သလို မျက်နှာထားကလည်း ခပ်တင်းတင်းပဲဖြစ်သည်။အကွာအဝေးကနီးကပ်နေတာမို့ စကားသံတွေက နားမစွင့်ထားပဲကြားနေရသည်။နဂိုပုံစံက သူများကိုသိပ်ပြီးစိတ်မဝင်စားတက်တာမျိုးတော့ မဟုတ်ပေ။သို့သော် ဒီအုပ်စုဆိုင်ထဲသို့ ရောက်လာမှ သူတို့နောက်ကနေ ခိုးကြောင်ခိုးဝှက်ပါလာသော ရှင်းခန့်မောင်တစ်ယောက် ရုပ်ပျက်ဆင်းပျက်ပုန်းကွယ်လိုက်တာကြောင့် စိတ်ဝင်စားမိသွားတာဖြစ်၏။လက်စွပ်ရွေးနေကတည်းက ရှင်းခန့်မောင်တစ်ယောက် သူတို့အနားမှာ မယောင်မလည်ရှိနေတာကို သတိပြုမိသည်။ထို့ကြောင့်ပဲ လက်စွပ်ဝယ်ပြီးသော်လည်း တန်းမပြန်ပဲ တမင်ကိုအင်္ကျီဆိုင်ထဲဝင်ချခဲ့တာ။ရှင်းခန့်မောင်သည်လည်းဇွဲကောင်းကောင်းဖြင့် မယောင်မလည် လိုက်ပါလာလေ၏။
"ဟိုဖက်က အဝါလေးပိုမိုက်တယ်ကွ..."
"အေးလေ ဒါကြီးက ရိုးနေပါပြီ တခြားပုံစံကြည့်စမ်းပါ.."
"ဒေါန ဟိုဖက်က အနက်လေးကြည့်ကြည့်စမ်း...."
!ဒေါန...!
ထိုအမည်နာမကို ကြားလိုက်ရချိန်မှာတော့ နားစွင့်နေမိရာမှ မျက်လုံးအကြည့်များကပါ ထိုအုပ်စုဆီသို့ အလိုအလျောက်ရွေ့လျားသွားရလေသည်။မြန်မာသံကြီးအတိအကျ ထွက်လာလို့သာ မြန်မာလို့ယုံလိုက်ရတာ မျက်နှာတစ်ခုလုံး မြန်မာနှင့်တူတာ တစ်နေရာမှမတွေ့။ထူးခြားတဲ့ရုပ်ရည်သွင်ပြင်နှင့် ထိုလူ့ကိုကြည့်ရင်း တစ်စုံတစ်ခုကို သဘောပေါက်၍လာခဲ့သည်။ဒေါနဆိုတဲ့ အမည်နာမဟာ နှစ်ယောက်တူစရာတော့ မရှိဘူးမှတ်လား။ပြီးတော့ အမူအယာပျက်နေတဲ့ ရှင်းခန့်မောင်၏ ပုံစံကသူ့၏မှန်းဆချက်တို့အား ပို၍ခိုင်မာစေခဲ့လေသည်။
!ဒီလူ့ကြောင့် အိနြေ္ဒပျက်တဲ့အထိ ပုန်းလျှိုးကွယ်လျှိုးလုပ်နေတာတဲ့လား အဟွန်း!
သူ စိတ်ကူးထဲ မဲ့ရွဲ့တွေးမိပြီးမှ....
"ကြည့်နေဦး ဟိုဖက်ခဏသွားဦးမယ်..."
သံသာညိုအား ပြောရင်းဖြင့် ရှင်းခန့်မောင်ပုန်းကွယ်နေသော နေရာနှင့်မလှမ်းမကမ်းသို့ ရောက်နေပြီဖြစ်ပါသော ဒေါန၏အနားသို့ သူမယောင်မလည်ဖြင့် တိုးကပ်၍လာလိုက်၏။ဒေါနဆိုသည့်လူကတော့ ပတ်ဝန်းကျင်၌ သူ့တစ်ယောက်တည်းသာ ရှိသည့်အလားအင်္ကျီတို့ကိုသာ အာရုံစိုက်လို့နေလေသည်။
တဖြည်းဖြည်း အနားသို့နီးကပ်လာပါသော လူနှစ်ယောက်အားကြည့်၍ ရှင်းခန့်အသက်တောင် မရှုမိတော့ချေ။ဒေါနနှင့်မျက်နှာချင်းဆိုင် မတွေ့ချင်တဲ့အကြောင်းပြချက်က ပြဿနာကိုကြိုတင် ရှောင်ကွင်းချင်၍ဖြစ်သည်။ဆိုင်းလော့ဒ်နှင့် မတွေ့လိုတာကတော့ အနောက်ကလိုက်ကြည့်မိတဲ့ ကိုယ့်အဖြစ်ကိုယ်ရှက်ရွံ့မိတာဖြစ်၏။အခုတော့ မတွေ့လိုမမြင်လိုပါဘူးဆိုတဲ့ နှစ်ယောက်စလုံးဟာ မိမိနှင့်လက်တစ်ကမ်းအကွာမှာ ရောက်နေခဲ့လေပြီး။ထပ်ပြီးတော့ ပုန်းကွယ်စရာနေရာလည်း မရှိတော့ချေ။ဒီအဝတ်တန်းစင်များကြားမှ တိုးထွက်သွားလျှင်လည်း ဒေါန၏သူငယ်ချင်းများနှင့် ပက်ပင်းတိုးမှာဖြစ်သည်။
သူ...ဘုရားတနေရုံသာတက်နိုင်တော့သည်။ဒီအဝတ်တန်းစင်ကို နှစ်ယောက်စလုံးလာမကြည့်ဖို့အတွက် ဆုတောင်းနေရုံသာတက်နိုင်၏။မျက်စိရှေ့သို့ တဖြည်းဖြည်းနီးကပ်လာပါသော ခြေတစ်စုံက သူ့ဆုတောင်းတွေကို မပြည့်ဝစေဘူးထင်လေသည်။သူ ပုန်းကွယ်နေသော အဝတ်တန်းစင်အရှေ့၌ ကွက်တိပင်ထိုခြေလှမ်းတို့က ရပ်တန့်၍သွား၏။သူ ရင်တွေတလှပ်လှပ်ဖြင့် ဘုရားတရားသာတလို့နေမိလေသည်။ထိုခြေအစုံက ရှေ့တည့်တည့်၌ အတန်ကြာရပ်လို့နေ၏။သို့သော် အဝတ်တွေကို ဆွဲယူကြည့်တာမျိုးမလုပ်ပဲ ခဏကြာတော့ ရှေ့သို့ဆက်လျှောက်သွားတာမို့ သူ သက်ပြင်းအား ဟူးကနဲချမိတော့သည်။
"ဟူး! တော်ပါသေးရဲ့..."
"ဘာတွေတော်နေတာလဲ..."
အနားနားကပ်၍ အနီးကပ်ကြီးထွက်လာသော အသံကြောင့် သူ တုန်ကနဲဖြစ်သွားရကာ သက်ပြင်းချနေရင်း တန်းလန်းကြီး လန့်ဖျပ်လို့သွားရလေသည်။အဝတ်တန်းစင်များနောက်သို့ ချက်ချင်းကြီးရောက်ချလာပါသော ဆိုင်းလော့ဒ်။လက်ပိုက်လျှက် နံရံအားကိုယ်ဟန်နွဲ့နွဲ့ဖြင့် မှီတွယ်ထားပြီးမှ နှုတ်ခမ်းထက်မှာတော့ မချိုမချဉ်မဲ့ပြုံးတို့အား ချိတ်ဆွဲ၍ထားလေသည်။ရုတ်တရက်ကြီးမို့ သူ ဘာပြန်ပြောရမှန်းလည်း မသိပါပဲ ဒီအတိုင်းကြောင်အစွာရှိနေမိသည်။
"ဒီထဲ ဘာဝင်လုပ်နေတာလဲ...."
"ကိုယ်...."
စကားတွေက ထစ်အစွာဖြင့် နှုတ်ဖျားမှဘယ်လိုမှ အောင်မြင်စွာ ထွက်ကျမလာခဲ့ပေ။သူ့၏ ဖြေရခက်နေပုံအားကြည့်ကာ ဆိုင်းလော့ဒ်ခပ်မဲ့မဲ့ပြုံး၍...
"အင်္ကျီကြည့်နေတာလား..."
"ဟင် အင်း ဟုတ်တယ် အင်္ကျီလာကြည့်တာ...."
သူယောင်နနဖြင့် ဆိုင်းလော့ဒ်၏စကားအား အနောက်မှဖောလိုးလိုက်ပြော၍ မျက်စိရှေ့မှတွေ့ရာ အင်္ကျီတစ်ထည်ကိုဆွဲယူဖို့ လက်လှမ်းမိသည်။သို့သော် အဝတ်တန်းစင်အောက်မှ တစ်ပိုင်းတစ်စမြင်နေရပါသော ခြေထောက်တစ်စုံအား တွေ့လိုက်ရချိန်မှာတော့ ထိုလက်တို့သည်လေထဲ၌သာ တန်းလန်းကြီးရပ်တန့်သွားရတော့လေသည်။
!ချိတ်ဆွဲထားတဲ့ အဝတ်တွေရဲ့ တစ်ဖက်မှာ ဒေါနရောက်နေပြီ..!
ထိုအသိကသူ့ကို အသဲအသန်ခြောက်ခြား၍ သွားစေလေသည်။ဆိုင်းလော့ဒ်လက်ထဲ အမိဖမ်းခံလိုက်ရတာ ကိစ္စမရှိပေမဲ့ ဒေါနနှင့်မျက်နှာချင်းဆိုင်ဆုံတွေ့ရဖို့တော့ သူတကယ်မဝံ့ရဲပါချေ။
"အဟွန်း!..."
သူ့အဖြစ်ကိုကြည့်၍ ဆိုင်းလော့ဒ်က မချိုမချဉ်မဲ့ပြုံးဖြင့် အသံထွက်မဲ့၏။ဆိုင်းလော့ဒ်၏ အပြုအမူကြောင့် သူနားမလည်နိုင်သလို မျက်လုံးလှန်ကြည့်မိတော့ ဆိုင်းလော့ဒ် ခပ်မဲ့မဲ့အပြုံးများဖြင့် မျက်ဝန်းတို့ထဲ စိုက်ကြည့်လာပြီးမှ..
"အပြင်ကတစ်ယောက်ကို ပုန်းနေတာလား..."
"...."
"ဘာလဲ အချစ်ဟောင်းလား...."
ခပ်ကြိတ်ကြိတ်ကပ်ပြောသော ဆိုင်းလော့ဒ်၏ စကားတို့အား ဘာမှလည်းပြန်မပြောနိုင်။အဝတ်တွေချိတ်ထားသော ချိတ်များဆီသို့လှမ်းနေပါသော ဆိုင်းလော့ဒ်၏ လက်ကိုသာ အထိတ်တလန့်ဖြင့် လိုက်ကြည့်မိပြီး တံတွေးအားခက်ခက်ခဲခဲမြိုချမိသည်။ဆိုင်းလော့ဒ်က စိန်ခေါ်သောအကြည့်တို့ဖြင့် မျက်ခုံးပင့်ပြသည်။သူမျက်ဝန်းစကားတို့ဖြင့် အဝတ်တို့ကို မဖယ်ပစ်ဖို့ တောင်းဆိုနေစဉ်မှာပဲ မျက်စိရှေ့မှ ချိတ်တွယ်ထားသော အဝတ်တချို့ကလှုပ်ရှားသွားလေသည်။
ရုတ်တရက် လျှပ်တပြတ်အချိန်အတွင်း ဘာဖြစ်သွားမှန်းတောင် မသိလိုက်ပါပဲနွေးထွေးသော ကိုယ်လေးကရင်ခွင်ထဲသို့ ပြိုကျလာ၏။အစောတုန်းကတော့ ရှင်းခန့်ကိုညစ်ချင်စိတ် မနာလိုဝန်တိုစိတ်ဖြင့် အပြင်ဖက်ရှိလူနှင့်တကယ်ကို ဆုံတွေ့စေဖို့ပဲဖြစ်သည်။အခုတော့ သူ့ရင်ခွင်ထဲသို့ အားကိုးတကြီးတိုးဝင်လာပါသော ကိုယ်လေးကြောင့် သူ့၏ရည်ရွယ်ချက်တွေ လမ်းပျောက်ကုန်လေပြီ။အရှေ့မှ ကွယ်ထားသော အဝတ်တွေဖယ်သွားတာနှင့် ရှင်းခန့်က သူ့၏ရင်ဘတ်အင်္ကျီစအား လက်နှစ်ဖက်ဖြင့် ခပ်တင်းတင်းဆုပ်ကိုင်ပြီး ရင်ခွင်ထဲတိုးဝင်လေသည်။
အင်္ကျီရင်ဘတ်အစကို ခပ်တင်းတင်းဆုပ်ထားသော ပန်းရောင်သမ်းနေသည့် လက်ချောင်းသွယ်သွယ်လေးတွေက တောင့်တင်းနေ၏။မျက်လွှာချထား၍ စင်းကျနေသည့် မျက်တောင်ဖျားလေးတွေဟာ တဖြတ်ဖြတ်ဖြင့် လှုပ်ခတ်လို့နေသည်။နှုတ်ခမ်းလွှာလေးတွေဟာလည်း လှုပ်ခတ်တုန်ယင်နေပြီး လည်တိုင်ဆီသို့တိုက်ရိုက်ထိခတ်နေသော လေငွေ့နွေးနွေးကလည်း သူ့နှလုံးသားအား ယားကျိကျိ ဖြစ်လို့လာစေသည်။။သူ့ခန္ဓာကိုယ်အား အကာအကွယ်ယူ၍ အပြင်ဖက်ရှိလူဆီမှ ရှောင်ပြေးချင်နေတာမှန်းသိနေတာတောင်မှ ရင်ခုန်သံတွေဟာ ဆင်ခြင်နိုင်စွမ်းကင်းမဲ့စွာ တိမ်းညွှတ်ချင်နေပြန်၏။
!ခင်ဗျားနဲ့တော့ ခက်နေပါပြီ....!
"အာ sorry..."
ချောင်ကျကျ အဝတ်စင်နောက်မှာ နှစ်ယောက်သားအပူးလိုက်ကြီး ပွေ့ပိုက်လျှက်ပုံစံဖြင့်တွေ့လိုက်ရတော့ အပြင်ဖက်မှလူက တမျိုးတမည်ထင်သွားကာ တောင်းပန်စကားပြောပြီးတာနှင့် နေရာမှ ခပ်သွက်သွက်လှည့်ထွက်သွားလေတော့သည်။ထိုလူထွက်သွားပြီ ဖြစ်သော်လည်း သူကတော့ ရှင်းခန့်မောင်၏ ခါးလေးပေါ်၌ လက်တင်ထားပြီး ထိုပုံစံအတိုင်းသာ ခပ်တောင့်တောင့်ရပ်နေမိလေသည်။
"ဟူး!...တော်သေးတယ်..."
ဆိုင်းလော့ဒ်၏ ပခုံးအား ကျော်ကြည့်ပြီးမှ သူသက်ပြင်းမောအား မှုတ်ထုတ်မိတော့သည်။ဆိုင်းလော့ဒ်၏ ကိုယ်ကြီးနှင့်ကွယ်လိုက်တာမို့ သူ့မျက်နှာကို ဒေါနအပြည့်အဝ မမြင်သွားတာကပဲ ကံကောင်းသည်ဟုဆိုရပေတော့မည်။ချောင်အကျဆုံး အဝတ်စင်နောက်မှာ ခပ်ကဲကဲအတွဲ ကဲနေသည်ဟု ထင်မြင်သွားတာကိုပဲ ကျေးဇူးတင်ရမလိုပင်။
ဒေါန၏တစ်ရန်အေးသွား၍ စိတ်ချလက်ချ သက်ပြင်းချမိပြီးမှ ဆိုင်းလော့ဒ်၏ ရင်ခွင်ထဲရောက်နေမိသော အဖြစ်အားသတိရသည်။ခပ်တင်းတင်း ဆွဲဆုပ်ထားမိသော ဆိုင်းလော့ဒ်၏ ရင်ဘတ်အား အလန့်တကြားဖြေလွှတ်လိုက်မိပြီး...
"ဆော ဆောရီး..."
စိုးရိမ်ထိတ်လန့်သော မျက်ဝန်းများဖြင့် ထစ်အသောစကားတို့အား တိုးညှင်စွာပြောနေပါသော မျက်စိရှေ့မှ လူအားကြည့်ကာ သူ့နှလုံးသားဟာ ကဆုန်ပေါက်လှုပ်ရှားလို့လာရသည်။
"ဘာကိုလဲ...."
ပြုံးစေ့စေ့ဖြင့် မေးလာပါသော ဆိုင်းလော့ဒ်၏ အမူအရာကြောင့် သူ နားမလည်နိုင်အောင်ဖြစ်သွားရပြီးမှ...
"ဟို ကိုယ် ကျေး ကျေးဇူး..."
ပြောရင်းဖြင့် ခြေလှမ်းအား နောက်ဆုတ်မိတော့ ဆိုင်းလော့ဒ်က လျှင်မြန်စွာပင် လက်တစ်ဖက်ဖြင့် ခါးလေးအားဆွဲဖက်ကာ ရင်ဘတ်ချင်းအပ်စေသည်။ရုတ်တရက်မို့ ပြင်ဆင်ချိန် မရလိုက်ပဲ သူဆွဲခေါ်သည့်အတိုင်းရင်ခွင်ထဲသို့ပါသွားရ၏။
"ကျေးဇူးဆိုတာ ပါးစပ်ကတင်နေလို့ပဲရမလား..."
"မင်း! ဘာလုပ်..."
ပါ့ဘလစ်ဧရိယာကြီးမှာဆိုတဲ့ အသိကြောင့်ပဲထင်သည်။ဒီလိုသာမန်ထိတွေ့မှုလေးကိုတောင် သူ့မှာ အထိတ်ထိတ်လန့်လန့်ဖြင့် ရင်တွေတလှပ်လှပ်ဆောင့်ခုန်ကာ စကားတွေကိုလည်း အစီအစဉ်ကျစွာမပြောနိုင်တော့ပေ။
"တကယ်ကျေးဇူးတင်ရင် ပြန်ဆပ်လေ..."
"ဟင်..."
မျက်နှာနားကပ်ပြော၍ တဖြည်းဖြည်းငုံ့ကျလာပါသော မျက်နှာကြီးကိုလည်း မရှောင်နိုင်။ယောက်ျားချင်းတောင်မှ လက်တစ်ဖက်တည်းဖြင့် ချုပ်ဖက်ထားတာကိုလည်း လွတ်မြောက်အောင် မရုန်းနိုင်။ဆိုင်းလော့ဒ်ထိတွေ့ ကိုင်တွယ်နေသမျှ နေရာတိုင်းမှ အားအင်းတွေဟာဆုတ်ယုတ်ကုန်ခမ်းကုန်သလိုပင်။နှုတ်ခမ်းပေါ်သို့ နူးညံ့စွာထိတွေ့လာပါသော အထိတွေ့များဆီမှာလည်း ဒူးထောက်လက်မြှောက်မိတာ အကြိမ်ကြိမ်။အပြင်မှာဆိုတဲ့ အသိကပဲ သူ့ကိုပိုပြီးရင်ခုန်စိတ်လှုပ်ရှားစေကာ ခြေထောက်တွေတောင် မခိုင်ချင်တော့ပဲ ညွှတ်ခွေကျလေသည်။ဆိုင်းလော့ဒ်သာ ဖက်တွယ်၍ မထိန်းထားပါကာ သူထိုနေရာမှာပဲ ပုံလျှက်လဲကျသွားနိုင်မည်ထင်သည်။
အစပိုင်းမှာတော့ နှုတ်ခမ်းလေးအား ထိကပ်သည်ဆိုရုံ။သို့သော် စက္ကန့်တွေတိုက်စားသွားတာနှင့် အနမ်းတွေဟာ တဖြည်းဖြည်းချင်း သိပ်သည်းနက်ရှိုင်း၍လာလေသည်။အနမ်းပင်လယ်ထဲမှာ ဆိုင်းလော့ဒ်ကိုယ်တိုင် မေ့မေ့မူးမူးဖြစ်လာသလို သူသည်လည်းအသက်ရှုရ ခက်ခဲမွန်းကြပ်လို့လာသည်။နောက်ဆုံး ဆိုင်းလော့ဒ်၏ ရင်ဘတ်ကြီးအားအတင်းတွန်းထုတ်မိတော့မှ ဆိုင်းလော့ဒ်က အနမ်းတို့အားရုတ်သိမ်းလေသည်။သို့သော် ရင်ခွင်ထဲချုပ်ဖက်ထားကိုတော့ နည်းနည်းမှဖြေလျှော့မပေး။
"မင်း! ဖယ်...."
မျက်ခုံးလေးတွေတွန့်၍ မျက်နာနီနီ မောဟိုက်သံလေးဖြင့် ပြောလာပါသော ရင်ခွင်ထဲမှလူအားကြည့်ကာ သူ့ရင်ထဲလမင်းတစ်ရာသာနေမိလေသည်။
ဘာမှလည်းပြန်မပြောပဲ ရယ်မြူးရိပ်သမ်းနေသော မျက်လုံးကြီးများဖြင့်သာ ကြည့်နေပါသော ဆိုင်းလော့ဒ်ကြောင့်လူကပို၍ အနေခက်လာရ၏။
!ကျေးဇူးဆပ်ဆိုလို့ ဆပ်ပြီးပြီးလေ ဘာများထပ်လိုချင်နေသေးတာလဲ..!
"May be we're perfect strangers"
"May be it's not forever"
ရှင်းခန့် အတွေးများနေစဉ်မှာပဲ ဆိုင်းလော့ဒ်၏ဖုန်းက ရုတ်တရက်ထမြည်၍လာလေသည်။ထိုအချင်းအရာကြောင့် ချုပ်ဖက်ထားပါသော ဆိုင်းလော့ဒ်၏ ရင်ဘတ်ကြီးအား အားကုန်သုံး၍တွန်းချကာ ထိုချောင်ဂလောင်ထဲမှ ခြေလှမ်းကျဲများဖြင့် ခပ်သွက်သွက်လှမ်းထွက်ခဲ့လိုက်တော့သည်။အနောက်မှာ ဘာတွေဘယ်လိုဖြစ်ကျန်ခဲ့ပါသလဲ လုံးဝကိုလှည့်မကြည့်ခဲ့တော့ပေ။
~~~~~~
AN.စာအုပ်ကိစ္စရယ်၊နေမကောင်းတာရယ်၊အလုပ်အသစ်ကိစ္စတွေရယ်ကြောင့် တော်တော်လေးကြာသွားပါတယ်။ announceလာမလုပ်ဘူးဆိုတာက ခဏခဏပြောရတာ အားနာလို့ပါ။နေမကောင်းတော့ ဖုန်းတောင်မကြည့်နိုင်တာလည်းပါပါတယ်။ရောဂါကတော့ အာရုံကြောအားနည်းတာတဲ့ screen timeလျှော့ရမယ်တဲ့။အခုဆေးသောက်နေရပါပြီ။ပျော်စရာကြီး😅။စောင့်ပေးနေကြတဲ့ ဗီတာမင်လေးတွေတစ်ယောက်စီတိုင်းကို ကျေးဇူးအများကြီးတင်ပြီး ချစ်ပါတယ်လို့။