"ဟောဒီက ငါးသည်!!!! ငါးသလဲထိုးပါတယ်...ငါးခုံးမပါတယ်!!!!"
"ထွေးညိုရေ...အရီးဒေါ်သင်!...ငါးသလဲထိုးလေးတွေပါတယ်လေ...ဟိုနေ့က ရရင်ပြောပါဦးလို့ ပြောထားလို့"
"အယ်...ရခဲ့ပြီလား... အတော်ပဲ ဟိုရက်တွေက လာရင် ရက်စောနေမှာတောင်စိုးတာ...အငယ်က မနက်ဖြန်ကျောင်းကို ပြန်တော့မှာဆိုတော့ ကြော်ထည့်ပေးလိုက်မလို့"
ထွေးညိုက အိမ်ပေါ်မှပြေးဆင်းကာ ငါးသည် မရင်လှရဲ့ စျေးဗန်းကို အိမ်ရှေ့ကွက်ပျစ်တွင် ကူချပေးလိုက်၏။ ထို့နောက် ခြေရင်းအိမ်ဘက်သို့လှည့်ကာ ဒေါ်လေးနှင်းဆီကို အော်ပြောလိုက်သည်။
"ဒေါ်လေးရေ အငယ့်အတွက် ငါးကြော် ဒီကလုပ်လိုက်မယ်နော် ဒေါ်လေး မလုပ်နဲ့တော့"
"ဝေ....အေးအေး...ဒေါ်လေးက ဒီမှာ မန်ကျည်းသီးမှဲ့ကို ပုစွန်ခြောက် ငြုပ်သီးမှုန့်နဲ့ ကြော်ပေးလိုက်မယ်"
ထွေးညိုက မရင်လှရဲ့ ငါးဗန်းထဲမှာ ငါးများကို ရွေးပြီး ချိန်ခိုင်းလိုက်သည်။
"ပိုထည့်ပေးဦးလေ မရင်လှရဲ့"
"ယူအေ ဒီမှာ ... ရော့ ပိုပိုသာသာလေးထည့်ပေးထားတယ်နော် ဆရာလေးအတွက်မလို့...များများသာ ကြော်ပေးလိုက်"
"အမလေး ဒေါ်ကပ်စီးက ဆရာလေးအတွက်ဆိုမှပဲ ပိုပေးတော့တယ်...နောက်ဆို မြသားမောင် နာမည်တပ်ပြီး ၀ယ်ရတော့မယ်"
"ပေးရမယ်ဟေ့ ငါတို့ဆရာလေးက လူလေးကလည်းချော စိတ်ထားလေးကလည်း ချစ်စရာ... ဒါနဲ့လေ မေးရဦးမယ် ဟိုဘက်ပိုင်းမှာ ပြောနေကြပါရော... လေးညိုက ပန်းအိဖြူကို မယူနိုင်ဘူးဆိုပြီး ပြောလွှတ်လိုက်တယ်ဆို"
"အလိုတော် ဘယ့်နှယ်တွေပြောနေကြပါလိမ့်...မယူနိုင်ဘူး ပြောရအောင် ယူဖို့တွေ ဘယ်တုန်းကများ ကမ်းလှမ်းထားလို့လဲ... လေးညိုနဲ့ ပန်းအိဖြူက ရိုးရိုး သူငယ်ချင်းတွေပါတော်... မရင်လှ ဘယ်တွေကများကြားလာသလဲ"
မရင်လှက လမ်းမဘက်တချက်ကြည့်ကာ လေသံကိုနှိမ့်လိုက်ပြီး
"ဘယ်သူရှိရမတုန်းအေ... မိကြည်ထွေးပေါ့... ဟိုနေ့က တံတားမှာ လူတွေအများကြီးရှေ့ လေးညိုက အဲ့လိုပြောလွှတ်ပါတယ်ဆိုပြီး ပြောနေတာ...ပန်းအိဖြူ အမေ ဒေါ်အုံးတင်ကြီးက ဒေါသူပုန်တွေထလို့ ဆိုပဲ"
"အံ့သြောပ...လူတွေကလည်း စကားတွေကိုကားလိုက်ကြတာ လွန်ရော... တောင်ပေါ်မှာ နားရွက်ကားကားနဲ့ ကလေးလေးမွေးတဲ့ သတင်းက တောင်အောက်ရောက်တော့ နဂါးလေးမွေးတယ် လို့ ဖြစ်သွားသလိုပဲတော်... လေးညိုက အဲ့လိုပြောလိုက်တာမဟုတ်ပါဘူး... အဲ့ဒီနေ့က အပျိုအုပ်စုထဲမှာ ကျွန်မသူငယ်ချင်း မိစုလည်းရှိပါတယ်တော်"
"လေးညိုက သူနဲ့ ပန်းအိဖြူက ရိုးရိုးသူငယ်ချင်းတွေပဲ ပန်းအိဖြူအပေါ် နှမသားချင်းလိုပဲ သဘောထားတာမလို့ လျှောက်မစကြဖို့ပဲ ပြောလိုက်တာပါတော်...မယူနိုင်ဘူး ကို ပြောစရာမလိုတာ ... အစကတည်းက ယူစရာ အကြောင်းမှမရှိတာ တကယ်တည်း"
"အေးပါအေ...ငါလည်း ကြားတာမေးကြည့်ရတာ...လေးညိုက လူချောဆိုတော့ ဟိုကကြိုက်ချင် ကြိုက်နေမှာပေါ့"
"မရင်လှလည်း သူများတွေကို လျှောက်ပြောမနေနဲ့ဦး စကားတွေ ကားနေမယ်"
"ဘယ်ပြောရဖို့လဲ...မပြောဘူးနှော့ မပြောဘူး"
ငါးဖိုးရှင်းပေးလိုက်ပြီး မရင်လှလည်း ခြံထဲကထွက်သွားမှ ထွေးညို သက်ပြင်းချလိုက်မိသည်။ ကိုယ့်မောင်ကလည်း ဘူးဆို ဖရုံမသီးတတ်သူမဟုတ်လား။ ပန်းအိဖြူကိုတော့ လုံးဝကိုမကြိုက်သည့်ပုံပင်။ ဒီကောင်လေး ဟိုဟာလည်းမကြိုက် ဒီဟာလည်း မလိုချင်နဲ့။ ဘာတွေကြိုက်ပြီး ဘာတွေလိုချင်နေမှန်းကို မသိ။
ထွေးညို ငါးတွေသိမ်းဖို့ လုပ်နေတုန်း ခင်မောင်သိန်းက ခြံထဲသို့ဝင်လာသည်။ ထွေးညိုကို တစ်ချက်ကြည့်ပြီး အိမ်အောက်သို့ တိုက်ရိုက်၀င်သွားသဖြင့် လှမ်းပြောရသေးသည်။
"ဟဲ့ ခင်မောင်သိန်း... လေးညိုနဲ့ အငယ်နဲ့က တံတားမှာ"
"သိတယ်"
"သြော်"
ခင်မောင်သိန်းက အိမ်အောက်မှ ပြန်ထွက်လာပြီး
"ဟို...ရေအိုးစင်ပေါ်မှာ"
"ဘာကြီးတုန်း"
ထွေးညို အမေးကိုပြန်မဖြေပဲ ခေါင်းငုံ့ပြီး ထွက်သွားသော ခင်မောင်သိန်းကြောင့် ထွေးညိုမှာအူလည်လည် နှင့်ကျန်ခဲ့ရသည်။ သူပြောသွားသော အိမ်အောက်က ရေအိုးစင်ဆီသွား၍ ရေအိုးနှီးအုပ်ဆောင်းကို လှပ်ကြည့်တော့မှ သံပန်းကန်ပြား အဖုံးပေါ်တွင် တွေ့လိုက်ရသည်က ကျွတ်ကျွတ်အိတ်လေးနှင့်ထုပ်ထားသော
"ခရေပန်းတွေ"
.............................................................................
"ဟာ အဖေကလည်း ဒီတိုင်းထားလိုက်ပါဗျ... နွားတွေရော ကျွန်တော်ရော နေသားကျနေပြီကို"
"မင်း အမ အိုးတွေလှောင်ထားဖို့ နေရာမရှိဘူးကွ...ဒီနေရာမှာ အိုးလှောင်ဖို့ ထားရမှာ"
အဖေက မမထွေးညို အိုးများလှောင်ထားရန် နေရာအတွက် အိမ်ခြေရင်းမှ လေးညိုရဲ့ ဘူမိနက်သန် နွားတင်းကုတ်ကို ဖျက်၍ အိမ်နောက်ဖေးသို့ ရွှေ့ရန်ပြင်နေသဖြင့် လေးညိုနှင့် စကားများနေရခြင်းဖြစ်သည်။
"အဖေကလည်း အိုးလှောင်ဖို့ကို နောက်ဖေးမှာ ဆောက်လိုက်ပေါ့ဗျ"
"ဟ! အိုးလာဝယ်တဲ့ လူတွေက နောက်ဖေးထိသွားကြည့်နေရမှာပေါ့ကွ...စျေးရောင်းတဲ့ပစ္စည်း ဘယ် နောက်ဖေးထားရဖို့လဲ မင့် ဟာက"
"ကျစ်! အိမ်နောက်ဖေးကြီးဆို ကျွန်တော် အိပ်လို့ အဆင်မပြေဘူးလေ အဖေရာ"
"မင့်လဲ အိမ်နောက်ဖေး မအိပ်ခိုင်းပါဘူး... အိမ်ပေါ်ပြန်တက်အိပ်ပေါ့... ဘယ့်နှယ် အိမ်ကြီးတစ်လုံးလုံးရှိရဲ့သားနဲ့ နွားတင်းကုတ်ပဲ အိပ်ချင်ရတယ်လို့ ... ဆင်းရဲဇာတာ ပါတဲ့ကောင်"
လေးညို စိတ်ရှုပ်နေရပြီ။ ဒီနွားတင်းကုတ်က သာမန်နွားတင်းကုတ်မဟုတ်ကြောင်း၊ အငယ်နဲ့ ပတ်သက်သည့် အမှတ်တရတွေပြည့်သိပ်နေသည့် အချစ်နွားတင်းကုတ်လေး ဖြစ်ကြောင်း ဦးအုန်းမောင် သိအောင် ဘယ်လိုရှင်းပြရပါ့။
ချစ်သူဖြစ်ပြီးမှ နှစ်ယောက်သား လွတ်လပ်စွာ ချစ်ကြည်နူးရာ ဗိမ္မာန်လေးလဲ ဖြစ်ခဲ့ရသေးသည်မဟုတ်လား။ မနေ့ညနေကမှ ဒီတင်းကုတ်လေးပေါ်မှာပဲ အငယ့်ရဲ့ သနပ်ခါး မွှေးမွှေးလေးကို နေရာအနှံ့ မွှေးကြူခဲ့ရသေးသည်။
"ကိုလေး... ကုန်းမောင် တို့ ဘာတွေလုပ်နေကြတာလဲ"
ထိုအခိုက်မှာပဲ အငယ်က ခြံထဲဝင်လာသည်။ အဖေက အငယ့်အား လှည့်ကြည့်ပြီး
"မြမောင်သားလေး လာခဲ့ တင်းကုတ်ကူဖျက်ဦး"
"ဗျာ! ဖျက်မယ် ?"
အငယ်က မျက်လုံးလေးပြူးသွားကာ အလန့်တကြားမေးသည်။
"ဟ! ဒီကောင်ကပါ ဒီတင်းကုတ်ကို နှမြောပြန်ပြီလားဟ... မင်းတို့ နှစ်ကောင် ဒီတင်းကုတ်ကို တော်တော်ကြိုက်နေကြလား"
"ကိုလေး"
အငယ်က တကယ်လား ဆိုသည့် မျက်နှာပေးလေးနှင့် လေးညိုကို ကြည့်လာသဖြင့် ခေါင်းသာ ညိတ်ပြလိုက်ရသည်။ အငယ်က မျက်မှောင်လေးကျုံ့သွားပြီး
"ဘကြီး ဘာလို့လဲဗျ... ဒါဖျက်လိုက်တော့ ကိုလေးက ဘယ်သွားအိပ်တော့မှာလဲ"
"အိမ်ပေါ်မှာ အိပ်ပေါ့ကွ...ဒီကောင်တွေ ခက်နေတော့တာပဲ...မင်းလဲ အိမ်လာအိပ်တဲ့နေ့ဆို အိမ်ပေါ်မှာပဲ အိပ်... ယောက်ကျားလေးတွေပဲကွာ ဘုရားခန်း အိမ်ဦးခန်းအိပ်ရမှာကို ဒီနွားတင်းကုတ်ကို တော်တော် သဘောခွေ့နေကြတယ်"
"ဘကြီးက ဗျာ"
"မင်းတို့အစ်မ အိုးတွေထားရဖို့ကွ...လာလာ ကြာတယ် ဖျက်... ပြီးရင် အနောက်မှာ ပြန်ဆောက်ရမှာ"
အဖေက ဘယ်လိုမှ ပြောမရသဖြင့် လေးညိုနှင့် အငယ်မှာ စိတ်မချမ်းသာစွာနှင့် ကူဖျက်ပေးနေရတော့သည်။ အငယ်က လေးညိုနှင့်အတူ ထရံများကို ဖြုတ်နေရာမှ လေသံတိုးတိုးလေးနှင့်
"ကိုလေး...ကျွန်တော်တို့တော့ ဘုံပျောက်ပြီဗျ"
"အေးလေကွာ...အငယ်က မနက်ဖြန် ပြန်တော့မှာဆိုတော့ ကိုလေးက ဒီညတွေ့ချင်သေးတာကို"
လေးညိုပြောတော့ အငယ်က ပြုံးစစလေးနှင့် ခေါင်းငုံ့သွားသည်။ လေးညိုက အဖေ့အလစ်မှာ အငယ့် နားနားကပ်ပြီး
"ညနေကျရင် အေးစေတီ၀န်းထဲက ဟိုနေ့က နေရာမှာ တွေ့ကြမယ်နော်"
"ဟုတ်"
အငယ်က ခေါင်းညိတ်တော့ လေးညို ရင်တောင်ခုန်သွားရသည်။ အငယ်နဲ့ အပြင်မှာ ပထမဦးဆုံး ချိန်းတွေ့ရမှာဖြစ်သဖြင့် စိတ်ထဲ မရိုးမယွနှင့် အူယားနေရပြီ ဖြစ်သည်။
"ဟိုကောင်တွေ အဲ့နား ထရံခွါတာ ကမ္ဘာတည်နေပြီလားကွ...သွက်သွက်ကလေး လုပ်စမ်းပါဟ"
အဖေ့အော်သံကြားတော့ အငယ်က ဇက်ကလေးပုသွားပြီး လေးညိုကိုလျှာလေး တစ်လစ်ထုတ်ပြလာသည်။ လေးညို အငယ့်ပုံစံလေးကို မချင့်မရဲနှင့် လည်ဂုတ်လေးကိုသာ ဖျစ်ညှစ်နေရတော့၏။
.............................................................................
သားမောင် တစ်ယောက် ရေချိုးပြီးကတည်းက သေတ္တာကြီးဖွင့်ပြီး ငုတ်တုတ်ထိုင်နေသည်မှာ အတော်ကြာနေပြီ ဖြစ်သည်။
"ဟိုကလေးဟာ အင်္ကျီဝတ်မှာဖြင့် ဝတ်ပါတော့လား...ကိုယ်ချွတ်ကြီးနဲ့ အအေးပတ်တော့မယ်"
"ဘာဝတ်ရမှန်း မသိလို့ အမေကြီးရ"
"ဟဲ့ ဘယ်သွားမှာ မလို့တုန်း"
"ဗျာ... ဘယ်မှ မသွားပါဘူး"
"တွေ့တာတစ်ထည်ကောက်ဝတ်လိုက်ပါတော့လား ပြောရတာဟယ်"
အမေကြီးက လူကြီးပီပီ ပူညံပူညံ လုပ်နေသဖြင့် သားမောင်မှာ သေတ္တာထဲ ရှိစုမဲ့စု အဝတ်လေးကို မြန်မြန်မွှေနှောက်နေရတော့သည်။ ရှိရှိသမျှ အကောင်းတချို့က မြို့ကအဆောင်မှာ ကျန်နေခဲ့ကြသည်။ နောက်ဆုံးတော့ အမေပုဂံသွားတုန်းကဝယ်လာပေးသည် အမှတ်တရပုဂံ ချည်သားအင်္ကျီအဖြူ လက်တိုလေးနှင့် ပုဆိုးအကွက်စိတ်လေးတထည်ကိုသာ ထုတ်ဝတ်လိုက်ရတော့သည်။
အင်္ကျီအဖြူလေးက လည်ကတုံးလက်တိုလေးဖြစ်ပြီး ကြယ်သီးတပ်အနားတလျှောက်နှင့် အောက်နားလေးမှာ ရွှေချည်ငွေချည်လေးတွေထိုးထားပြီး ထုပ်ကြယ်သီးလေးတွေနှင့်ဖြစ်သည်။ ကျောကုန်းဘက်တွင်တော့ ပုဂံရောက် အမှတ်တရမြန်မာ ဟူသော စာတန်းကြီးက ထင်းလို့
ရိုးရာအင်္ကျီပုံစံလေး ဖြစ်တာကြောင့် အသားဖြူသော သားမောင်နှင့် လိုက်ဖက်သော်လည်း နောက်ကျောက စာတန်းကြီးကြောင့် မဝတ်ဘဲသိမ်းထားခဲ့သည်မှာ ကြာပြီ။ ဒီနေ့မှ တခြားလဲဝတ်စရာမရှိတာကြောင့် ဒီအင်္ကျီလေးပဲ ထုတ်ဝတ်လိုက်တော့သည်။ အင်္ကျီကို ပုဆိုးထဲထည့်ပြီး ပုဆိုးကို သေသေသပ်သပ်လေးစည်းလိုက်သည်။ နဖူးပေါ်က ဆံပင်တိုတို့ကို ဘေးခွဲလေးခွဲပြီး ဖြီးသင်လိုက်တော့ မျက်ခုံးထင်းထင်းလေးနှင့် နှာတံချွန်ချွန်လေးက ထင်းခနဲပေါ်လာတော့သည်။
ပုံမှန်ဆို သားမောင်က အခုလို ရှိုးထုတ်ဖို့မပြောနှင့် မှန်တောင်သိပ်ကြည့်တဲ့သူမဟုတ်။ သို့ပေမဲ့ အခုက ကိုလေးနဲ့ ပထမဆုံးချိန်းတွေ့ရသလိုမျိုးဆိုတော့ ကိုလေးရှေ့မှာ အရင်ကထက် နည်းနည်းတော့ ပို၍ကြည့်ကောင်းချင်မိသည်။
အားလုံးပြင်ဆင်ပြီးသွားတော့ တိုင်မှာချိတ်ထားသည့်မှန်ထဲသို့ နောက်ကျောကိုလှည့်ကြည့်လိုက်သည်...
"အဟက်"
"ပုဂံရောက် အမှတ်တရ မြန်မာ" တဲ့။
ပုဂံရောက်မရောက်တော့ မသိဘူး ခဏနေရင် "ကိုလေးရင်ခွင်ထဲရောက် အမှတ်တရ မြသားမောင်"ဖြစ်ရတော့မည့် အရေးတွေးပြီး နားရွက်တွေပင် ပူလာရတော့သည်။
သားမောင် အမေပြန်မရောက်ခင် ခပ်သွက်သွက်လေး အေးစေတီဘက်သို့ ထွက်လာခဲ့ရသည်။ မဟုတ်ရင် အမေက သားမောင်ပုံစံကိုကြည့်ပြီး စစ်လားဆေးလားတွေ လုပ်နေမှဖြင့်။ ဟိုရက်တွေကလည်း သားမောင် သနပ်ခါးတွေလိမ်းလိမ်းသွားပြီး ကြာကြာမခံ ပျက်ပျက်သွားရသည်ကို "နင် ဘာတွေနဲ့ မျက်နှာလျှောက်ပွတ်နေသလဲ" ဟု မေးနေသေးသည်။
ကိုလေးကတော့ အစောကြီးကတည်းက ရောက်နှင့်နေလောက်ပြီ။ အေးစေတီသို့ ခါတိုင်းလည်း သွားလာနေကျဖြစ်ပေမဲ့ ဒီနေ့မှ ကိုယ့်ဟာကိုယ် စိတ်မလုံသဖြင့် ရင်ထဲတဒိတ်ဒိတ်နှင့်ဖြစ်နေရသည်။
"ဟယ်...ဆရာလေး !!!"
"အမေ့!"
စေတီအဝင်ဝမှာ ဖိနပ်ချွတ်ပြီး ကုန်းကောက်နေတုန်း နောက်ကျောဆီမှ အော်ခေါ်လိုက်သံကြောင့် လန့်ပြီး ရှေ့ဇောက်ထိုးလဲတော့မလိုဖြစ်သွားရ၍ မနည်းဟန်ချက် ထိန်းလိုက်ရသည်။ လှည့်ကြည့်လိုက်တော့ သားမောင် စာခေါ်သင်ပေးနေကျ သံလုံး၏ အမေဖြစ်နေသည်။
"သြော် မတင်ရီ"
"ဘုရားထဲလာတာလား... ဆရာလေးတို့များ ကြီးလာလေ ပိုချောလာလေပဲဟေ့...ကြည့်ပါဦးတော်"
"အဟား...နောက်မှ မုန့်ကျွေးပါ့မယ်ဗျာ...သွားလိုက်ဦးမယ်နော်"
"သွားပါ သွားပါ မုန့်ကျွေးဖို့ မလိုပါဘူးတော် ချောလို့ချောတယ်ပြောတာ... မြို့က မင်းသားလေးကျနေတာပဲ ဖြူဥလို့ "
မတင်ရီက သူ့လမ်းသူဆက်သွားရင်း ပါးစပ်ကလည်း ပြောဆိုသွားသေးသည်။ သားမောင် ဖိနပ်ကို ခါးကြားထိုးလိုက်ပြီး ရှေးဟောင်းစေတီများနားသို့ လျှောက်လာခဲ့သည်။ ခုချိန်ထိ ကိုလေးရဲ့ အရိပ်အယောင်ကို မတွေ့ရသေး။ ဟိုတစ်နေ့က တွေ့ခဲ့သည့်နေရာမှာလည်း မရှိ။ သားမောင် မျက်မှောင်ကျုံ့လာရတော့သည်။ သားမောင် ထိုနေရာမှ လှည့်ထွက်မည်အပြုတွင် စေတီကြားထဲမှ တစ်စုံတစ်ယောက်၏ ဆွဲဖက်ခြင်းကို ခံလိုက်ရသည်။
"အမေ့!"
"အငယ်"
ကိုလေးက သားမောင်ကို ဖက်ထားရာမှ နည်းနည်းခွါလိုက်ပြီး သားမောင်တကိုယ်လုံးကို ရွှန်းရွှန်းစားစားကြည့်နေသဖြင့် သားမောင်အနေရခက်လာသည်။
"အငယ်က အရမ်းချောနေတာပဲကွာ... ဒီအင်္ကျီလေးနဲ့ အရမ်းလိုက်တာပဲ"
"ကိုလေးက ဗျာ"
"အဟွန်း... အငယ်က ကိုလေးနဲ့ ချိန်းတွေ့မှာ မလို့ ရှိုးတွေထုတ်လာတာလား...ဟုတ်လား"
ကိုလေးက သားမောင်ရဲ့ နှာခေါင်းဖျားလေးကို ဆွဲညှစ်ပြီး ပြုံးစစနှင့် မေးသည်။
"လျှောက်ပြောမနေနဲ့ဗျ... ဒီတိုင်း အင်္ကျီဝတ်စရာမရှိလို့ကို... သူများကိုပြောမနေနဲ့ ကိုလေး ဘာလို့ ရေမွှေးတွေ မတရားဆွတ်လာတာလဲ... မွှန်ထူနေတာပဲ"
သားမောင်က ကိုလေးရင်ဘတ်ကို ငုံ့နမ်းလိုက်ပြီး နှာခေါင်းရှုံ့ပြလိုက်သည်။ ကိုလေးက တဟားဟားနှင့် သဘောကျစွာရယ်နေပြီး သားမောင် နဖူးကို ငုံ့နမ်းလာသည်။
"ရွှတ်!"
"ကိုလေး! ဘုရားထဲမှာ လျှောက်မနမ်းနဲ့လေ သူများတွေ တွေ့ကုန်မယ်ဗျ"
"အဲ့ဒါဆိုလာ... ဟိုကြားထဲသွားရအောင်"
"ဗျာ! ဘယ်...ဘယ်ကြားထဲလဲ...မသွားချင်ဘူးဗျ"
"အငယ်ကလည်း လာပါ...လိမ်မာတယ်... အငယ်က မနက်ဖြန်ဆို ကျောင်းပြန်သွားရတော့မှာလေကွာ... ကိုလေးက လွမ်းကျန်နေခဲ့ရမှာ... ကိုလေးကို မသနားဘူးလား"
ကိုလေးက ပြောပြီး သားမောင်ကို စေတီဟောင်းများကြားသို့ ဇွတ်ဆွဲခေါ်သွားတော့သည်။ စေတီနံရံကို မှီထိုင်ပြီး ကိုလေးက သားမောင်ကို ရင်ခွင်ထဲ ပွေ့ပိုက်ထားသည်။
"အငယ်"
"ဗျာ"
"ပြောဖို့စောသေးတယ်ဆိုပေမဲ့ ကိုလေးကြိုပြောထားချင်တယ်... ကိုလေးတို့ လျှောက်ရမဲ့ခရီးက ခက်ခဲမှာ အငယ်သိတယ် မဟုတ်လား"
သားမောင် ကိုလေးရင်ခွင်ထဲမှ ထွက်ပြီး မျက်နှာချင်းဆိုင် ထိုင်လိုက်သည်။ ကိုလေးမျက်နှာကို သေချာမော့ကြည့်လိုက်ပြီး
"ကျွန်တော် သိပါတယ်"
"ဘာတွေပဲကြုံလာရပါစေ...ကိုလေးက အငယ့်ရှေ့မှာ အမြဲတန်းရှိနေပေးမှာမလို့ အငယ်က စိတ်ဓာတ်ကျမသွားရဘူးနော်... ကိုလေးကိုပဲ ယုံကြည်ပြီး နေပေးရမယ်နော်... ကိုလေး အငယ့်ကို အရမ်းချစ်တာ အငယ်ယုံတယ်မဟုတ်လား"
သားမောင် ခေါင်းကိုတဆတ်ဆတ် ညိတ်ပြမိသည်။
"ကျွန်တော် ကိုလေးကို ယုံတယ်"
ကိုလေးမျက်နှာက ပြုံးသွားသည်။ သားမောင် အပိုမပြောပါ။ ကိုလေးရဲ့ အပြုံးက အရမ်းကိုကြွေချင်စရာကောင်းလွန်းလှပါသည်။ ကိုလေး တစ်ခါပြုံးလိုက်တိုင်း သားမောင်ရင်တွေ ဗလောင်ဆူအောင် လှုပ်ခတ်သွားရသည်မှာ ဟိုးတုန်းကတည်းက
"အငယ်"
ကိုလေးက သားမောင်မျက်နှာကို စိုက်ကြည့်နေရင်းမှ အကြည့်တွေက သားမောင်၏ နှုတ်ခမ်းဆီသို့ ရွေ့လျားလာသည်။ ထို့နောက် ကိုလေးက တံတွေးတချက်မြိုချလိုက်သဖြင့် လည်စလုပ်ထင်းထင်းက အထက်အောက် တချက်ရွေ့လျားသွားသည်။
ဟင့်အင်း... ကိုလေး .... မဟုတ်ဘူးမလား...
ဒီနေရာမှာ နမ်းလိုက်မှာတော့ မဟုတ်ဘူးမလား...
ဒီလိုနမ်းလိုက်လို့တော့ မဖြစ်ဘူးလေ... ကျွန်တော် နှလုံးခုန်နှုန်းတွေ အမြန်လွန်ပြီး သတိလစ်သွားရင် ဘယ်လိုလုပ်မလဲ...
သားမောင် စိတ်ထဲက ငြင်းနေမိပေမဲ့ လက်တွေ့မှာတော့ သားမောင်ရဲ့ အကြည့်တွေကလည်း ကိုလေးနှုတ်ခမ်းတွေဆီမှာ။ သားမောင်လည်း တံတွေးမြိုချလိုက်မိသည်ထင်သည်။ ကိုလေးက သားမောင်ရဲ့ မေးဖျားလေးကို လက်နှင့်ဆွဲမော့လိုက်ပြီး ခေါင်းကို ငုံ့ကိုင်း၍ ဦးတည်လာသည်က နှုတ်ခမ်းလွှာတွေဆီသို့။
ကိုလေးရဲ့ ထွက်သက်တချို့က သားမောင်၏ပါးပြင်ဆီသို့ ရိုက်ခတ်လာသည်။ နှုတ်ခမ်းလွှာတွေဆီမှာ ခံစားမိနေသည်က နှူးညံ့သည့် အထိအတွေ့။ သားမောင်မျက်လုံးများကို မှိတ်ထားမိလိုက်တော့သည်။
ကိုလေးရဲ့ အချစ်တွေကို နှုတ်ခမ်းလွှာတွေဆီမှ တဆင့် နူးညံ့နွေးထွေးစွာ ခံစားမိနေရသည်။ ချစ်ရသူဆီက ဒီလိုမျိုးအနမ်းခံရတဲ့အခါ ရင်တခုလုံး တသိမ့်သိမ့်တုန်တတ်ကြောင်းလည်း သိခဲ့ရပါပြီ။
သကြားမကူ သကာမလူးထားသည့် သဘာဝအနမ်းတို့ဟာ အချစ်ကြောင့် သူ့အလိုလို ချိုမြိန်တတ်ကြောင်းလည်း နားလည်ခဲ့ရပါပြီ။
အေးစေတီဘုရားဝန်းထဲက ရှေးဟောင်းစေတီတွေကြားမှာ ရောင်စုံအချစ်ပန်းလေးတွေ ဖူးပွင့်နေကြောင်း မန်းချောင်းနားတဝိုက်က တောလိပ်ပြာလေးတွေ မသိပါစေနဲ့။ သူတို့ ဝိုင်းအုံပျံဝဲလာကြတဲ့ အခါ ကျွန်တော်တို့ ချစ်သူနှစ်ယောက်အကြောင်းကို လူတွေသိသွားမှာ စိုးမိပါရဲ့။
.............................................................................
<3 DiDi Zaw
(30/08/2022)
Next Ep >>>>>>>
"ဟင်!"
ပန်းအိဖြူ လက်ထဲမှ ဘုရားပန်းတွေ လွတ်ကျသွားရပြီး....ပါးစပ်ကို လက်ဝါးနှင့် အမြန်အုပ်ထားလိုက်မိသည်... ကိုယ့်မျက်လုံးကိုယ်ပင် မယုံနိုင်လောက်အောင် နေရာတွင် ကျောက်ရုပ်တရုပ်လို ရပ်နေမိသည်မှာ မည်မျှကြာသည်မသိ...
>>>>>>>>>>>>>>>