Ep 17 (Z)

14.4K 581 13
                                    

"ဟောဒီက ငါးသည်!!!! ငါးသလဲထိုးပါတယ်...ငါးခုံးမပါတယ်!!!!"

"ထွေးညိုရေ...အရီးဒေါ်သင်!...ငါးသလဲထိုးလေးတွေပါတယ်လေ...ဟိုနေ့က ရရင်ပြောပါဦးလို့ ပြောထားလို့"

"အယ်...ရခဲ့ပြီလား... အတော်ပဲ ဟိုရက်တွေက လာရင် ရက်စောနေမှာတောင်စိုးတာ...အငယ်က မနက်ဖြန်ကျောင်းကို ပြန်တော့မှာဆိုတော့ ကြော်ထည့်ပေးလိုက်မလို့"

ထွေးညိုက အိမ်ပေါ်မှပြေးဆင်းကာ ငါးသည် မရင်လှရဲ့ ဈေးဗန်းကို အိမ်ရှေ့ကွက်ပျစ်တွင် ကူချပေးလိုက်၏... ထို့နောက် ခြေရင်းအိမ်ဘက်သို့လှည့်ကာ ဒေါ်လေးနှင်းဆီကို အော်ပြောလိုက်သည်...

"ဒေါ်လေးရေ အငယ့်အတွက် ငါးကြော် ဒီကလုပ်လိုက်မယ်နော် ဒေါ်လေး မလုပ်နဲ့တော့"

"ဝေ....အေးအေး...ဒေါ်လေးက ဒီမှာ မန်ကျည်းသီးမှဲ့ကို ပုစွန်ခြောက် ငြုပ်သီးမှုန့်နဲ့ ကြော်ပေးလိုက်မယ်"

ထွေးညိုက မရင်လှရဲ့ ငါးဗန်းထဲမှာ ငါးများကို ရွေးပြီး ချိန်ခိုင်းလိုက်သည်...

"ပိုထည့်ပေးဦးလေ မရင်လှရဲ့"

"ယူအေ ဒီမှာ ... ရော့ ပိုပိုသာသာလေးထည့်ပေးထားတယ်နော် ဆရာလေးအတွက်မလို့...များများသာ ကြော်ပေးလိုက်"

"အမလေး ဒေါ်ကပ်စီးက ဆရာလေးအတွက်ဆိုမှပဲ ပိုပေးတော့တယ်...နောက်ဆို မြသားမောင် နာမည်တပ်ပြီး ၀ယ်ရတော့မယ်"

"ပေးရမယ်ဟေ့ ငါတို့ဆရာလေးက လူလေးကလည်းချော စိတ်ထားလေးကလည်း ချစ်စရာ... ဒါနဲ့လေ မေးရဦးမယ် ဟိုဘက်ပိုင်းမှာ ပြောနေကြပါရော... လေးညိုက ပန်းအိဖြူကို မယူနိုင်ဘူးဆိုပြီး ပြောလွှတ်လိုက်တယ်ဆို"

"အလိုတော် ဘယ့်နှယ်တွေပြောနေကြပါလိမ့်...မယူနိုင်ဘူး ပြောရအောင် ယူဖို့တွေ ဘယ်တုန်းကများ ကမ်းလှမ်းထားလို့လဲ... လေးညိုနဲ့ ပန်းအိဖြူက ရိုးရိုး သူငယ်ချင်းတွေပါတော်... မရင်လှ ဘယ်တွေကများကြားလာသလဲ"

မရင်လှက လမ်းမဘက်တချက်ကြည့်ကာ လေသံကိုနှိမ့်လိုက်ပြီး...

"ဘယ်သူရှိရမတုန်းအေ... မိကြည်ထွေးပေါ့... ဟိုနေ့က တံတားမှာ လူတွေအများကြီးရှေ့ လေးညိုက အဲ့လိုပြောလွှတ်ပါတယ်ဆိုပြီး ပြောနေတာ...ပန်းအိဖြူ အမေ ဒေါ်အုံးတင်ကြီးက ဒေါသူပုန်တွေထလို့ ဆိုပဲ"

Mya Thar Maung (From Yae Kyi Aye)Where stories live. Discover now