Wild Rose(complete)

By LahPhan_85

2.4M 203K 29.4K

"ခင်ဗျားက ဟီရိုးအင်းလိုပဲ မကောင်းမှန်းသိနေပေမဲ့လည်း လူကိုအရူးအမူး စွဲလမ်းစေတယ်" ... More

Intro
part1(Unicode)
part1(Zawgyi)
part 2(Unicode)
part2(zawgyi)
part3(Unicode)
part3(Zawgyi)
part4(Unicode)
part4(Zawgyi)
part5(Unicode)
part5(Zawgyi)
part6(Unicode)
part6(Zawgyi)
part7(Unicode)
part7(Zawgyi)
part8(Unicode)
part8(Zawgyi)
part9(Unicode)
part9(Zawgyi)
part10(Unicode)
part10(Zawgyi)
part11(Unicode)
part11(Zawgyi)
part12(Unicode)
part12(Zawgyi)
part13(Unicode)
part13(Zawgyi)
part14(Unicode)
part14(Zawgyi)
part15(Unicode)
part15(zawgyi)
part16(Unicode)
part16(Zawgyi)
part17(Unicode)
part17(Zawgyi)
part18(Unicode)
part18(Zawgyi)
part19(Unicode)
part19(zawgyi)
part20(Unicode)
part20(Zawgyi)
part21(Unicode)
part21(Zawgyi)
part22(Unicode)
part22(Zawgyi)
part23(Unicode)
Part23(Zawgyi)
part24(Unicode)
Part24(Zawgyi)
part25(Unicode)
Part25(Zawgyi)
part26(Unicode)
part26(Zawgyi)
part27(Unicode)
part27(Zawgyi)
part28(Unicode)
part28(Zawgyi)
part29(Zawgyi)
part30(Unicode)
part30(Zawgyi)
part31(Unicode)
part31(zawgyi)
part32(Unicode)
part32(zawgyi)
part33(Unicode)
part33(zawgyi)
part34(unicode)
part34(zawgyi)
part35(Unicode)
part35(Zawgyi)
part36(Unicode)
Part36(Zawgyi)
Part37(Unicode)
Part37(Zawgyi)
Part38(Unicode)
Part38(Zawgyi)
Part39(Unicode)
Part39(Zawgyi)
Part40(Unicode)
Part40(Zawgyi)
part41(Unicode)
part41(Zawgyi)
part42(Unicode)
part42(Zawgyi)
part43(Unicode)
Part43(Zawgyi)
part44(Unicode)
Part44(Zawgyi)
Part 45(Unicode)
Part45(Zawgyi)
Part 46(Unicode)
Part46(Zawgyi)
❤🌹
part 47(Unicode)
part 47(Zawgyi)
Part 48(Unicode)
Part 48(Zawgyi)
Part 49(Unicode)
Part 49(Zawgyi)
Final(unicode)
Final(zawgyi)
Extra
Extra(Zawgyi)
Announce📍📍📍

part29(Unicode)

37.7K 3.5K 614
By LahPhan_85

အခန်းတံခါးဖွင့်သည့်အသံနှင့်အတူ လှုပ်ရှားသံတစ်ခုကြောင့် သူမော့ကြည့်မိတော့ ဆွဲခြင်းကြီးဖြင့် အခန်းထဲသို့ဝင်ရောက်လာသော မေချိုနှင့်အတူ အထွေးအားတွေ့လိုက်ရသည်။မေချိုက ဆိုင်ကနေ၍ ဆေးရုံသို့ချက်ချင်းတန်းလာခဲ့ပုံရသည်။အတန်ငယ် နွမ်းလျ၍နေလေသည်။

"အိပ်ပျော်နေတာလား...."

ဖေဖေ့ကုတင်အနီးသို့ အသာကပ်၍ ခပ်တိုးတိုးမေးတော့ သူခေါင်းငြိမ့်ပြလိုက်ပြီး....

"ခုနကမှ ပြန်အိပ်ပျော်သွားတာ..."

"ဒီနေ့ရော ဘယ်လိုလဲ အစားစားရဲ့လား..."

"မနက်ကတော့ ensureတစ်ခွက်သောက်တယ် ပြီးတော့ ငှက်သိုက်ပူတင်းတစ်ဘူးတော့ ကုန်သွားတယ် မေချို ငါးရံ့ဆန်ပြုတ်က သူ ခံတွင်းမတွေ့ဘူးထင်ပါတယ် တစ်ဇွန်းနှစ်ဇွန်းပဲသောက်တာ..."

သူပြောပြတာကို နားထောင်နေရင်းဖြင့် မေချိုက စိတ်မသက်သာစွာ သက်ပြင်းရှိုက်လေသည်။

"သူမစားချင်လည်း ညကျရင်တော့ ဆိတ်စွပ်လေးချော့ကျွေးရမှာပေါ့ မင်းအဖေက ဆိတ်စွပ်ကြိုက်တက်တော့ လုပ်ခဲ့လိုက်တာ..."

ဖေဖေက ‌အိပ်ရာထဲစလဲကတည်းက အစားကိုမဝင်တော့တာဖြစ်သည်။ဆရာဝန်ကြီးတွေ ကိုယ်တိုင်ကလည်း အစားဝင်မှ ရှေ့လျှောက်ရောဂါကုထုံးက ထိရောက်မှုရှိမည်ဟု ဆိုလေသည်။သို့ပေမဲ့ ဖေဖေက ဘာ‌ပဲကျွေးကျွေး တို့ကနန်းဆိတ်ကနန်းသာ စားလေသည်။နေ့စဥ် ensureတစ်ခွက်နှင့် ငှက်သိုက်ပူတင်းတစ်ဗူးလောက်ကိုသာ တာဝန်ကျေစားသောက်တက်သည်။ကျန်းမာစဥ်ကလည်း အစားအသောက်မမက်သည့်သူမို့ အခု‌လို့မမာတော့ ခံတွင်းပိုပျက်သည်ထင်လေသည်။

မေချိုပြောတာကိုနားထောင်နေရင်းဖြင့် ‌လှပ်နေသောစောင်အား ဖေဖေ့‌ခြေဖျားလေးတွေ လုံခြုံအောင် အသာအယာဆွဲဖုံးပေးလိုက်ပြီးမှ...

"ဆေးတွေသွင်းနေရလို့ မစားချင်တာမျိုးလား မသိပါဘူး..."

"စစ်နိုင်းပြောတာတော့ အစားဝင်မှဖြစ်မှာတဲ့ မဟုတ်ရင်မကောင်းဘူးတဲ့ သူ ဒီညလာကြည့်ပေးမယ်ပြောတယ် ဒေါနလည်းလိုက်လာလိမ့်မယ်...."

မေချိုကပြောရင်းဖြင့် စကားကိုခဏရပ်ပြီးမှ သူ့အားအကဲခတ်သလို တချက်ကြည့်၍.....

"သားရှင်း ဒီညပြန်နားရင်နားလိုက်ပါလား ရက်ဆက်ဆိုတော့ သားလည်းပင်ပန်းနေပြီပေါ့.."

မေချို့၏စကားတို့ထဲမှာ ကိုကိုနှင့်ဒေါနလာမှာမို့ သူနှင့်မဆုံစေချင်ဘူးဆိုသည့် အရိပ်အယောင်တို့ ပါဝင်နေတာကို သူခံစားလိုက်ရ၏။မေချို့ဆီမှာ တခြားရည်ရွယ်ချက်မျိုး မရှိပေမဲ့လို့ ထိပ်တိုက်ဆုံဖြစ်လျှင် ပြဿနာထပ်ဖြစ်မှာကို စိုးရိမ်နေသည့်ပုံစံမျိုးဖြစ်သည်။အခုအချိန်မှာ သူကိုယ်တိုင်လည်း ကိုကိုနှင့်ရောဒေါနနှင့်ရော မဆုံချင်ပေ။ဖြစ်နိုင်လျှင် သူ့ဘဝထဲမှ ရှုပ်ထွေးမှုမှန်သမျှကို လွှတ်ချပြီး အဝေးဆုံးကို ထွက်ပြေး‌ချင်နေမိသည်။နေရာအသစ် ပတ်ဝန်းကျင်အသစ်မှာ သူ့ကိုယ်သူပြန်ရှာဖွေချင်သည်။သူ့ဘဝကို အစကနေ အသစ်တဖန်ပြန်တည်ဆောက်ချင်မိသည်။သူ့ရဲ့အစွန်းအထင်းတွေအားလုံးကို ခဝါချပစ်ချင်မိလေသည်။

"ဟုတ်ကဲ့ မေချို အဲ့ဒါဆို ကျွန်တော်အရင်ပြန်လိုက်ပါ့မယ်..."

သူ‌လေသံကိုထိန်း၍ ပြောပြီး နေရာမှအသာအယာထရပ်လိုက်၏။

"‌သြော် ဒီမှာသားအတွက် ဟင်းတွေချက်ခဲ့ပေးတယ် အိမ်မှာစားဖို့လေ ယူသွားဦး သား..."

မေချိုပြောတော့ အထွေးက ခြင်းထဲမှစတီးချိုင့်တစ်ခုအား ထုတ်ယူလာပြီး သူ့အားလှမ်းပေး၏။သူ ဘာမှအထွေးအထူးပြောမနေပါပဲ ချိုင့်အားဆွဲယူလိုက်ပြီး...

"အဲ့ဒါဆို ကျွန်တော်သွားတော့မယ်နော်..."

"အေးပါ သား ကားလည်းသတိထားမောင်းအုံး..."

"ဟုတ်ကဲ့..."

မေချို့အားနှုတ်ဆက်ပြီး ကားပါကင်ရှိရာဒုတိယအထပ်သို့ ဆင်းခဲ့လိုက်သည်။အခုပဲ ည၇နာရီရှိနေပြီမို့ ဆက်နေနေလျှင် ဒေါနတို့ရောက်လာတာနှင့် တိုးနိုင်သည်မဟုတ်လား။ထို့ကြောင့် သူအချိန်ဆက်မဆွဲနေတော့ပဲ ထွက်လာခဲ့လိုက်တာဖြစ်လေသည်။အခုအချိန်မှာ ဘယ်သူ့ကိုမှ စိတ်အနှောင့်အယှက်မပေးချင်သလို သူကိုယ်တိုင်လည်း မလိုလားအပ်တဲ့ စိတ်ရှုပ်ထွေးစရာ အဖြစ်တို့ကို လက်ခံမယူချင်နေပေ။ကားပါကင်သို့ ဆင်းလာခဲ့ရင်း လူကသိသိသာသာပဲ ပင်ပန်းနွမ်းနယ်မှုတို့အား ခံစားနေရလေသည်။လေးရက်ဆက်တိုက် ဒိုင်ခံလူနာစောင့်ခဲ့ရတာမို့ သူတကယ်လည်းပြိုင်းနေပြီဖြစ်သည်။စိတ်ကမအိပ်ချင်ပါဘူး ဆိုနေသော်ငြားလည်း လူကတော့မဟန်နိုင်တော့ပါချေ။အိမ်ပြန်ရောက်လျှင်တော့ ရေချိုးပြီးတာနှင့် ထိုးအိပ်ဖို့သာတွေးထားလိုက်၏။

------

"ဆိုင်းလော့ဒ်..."

ခေါ်သံကြောင့် လှည့်ကြည့်မိတော့ အဖြူရောင်အခိုးအငွေ့တို့သာ ပိန်းပိတ်နေကာ လူကိုတော့မမြင်ရပေ။ဒီအသံဟာ ရှင်းခန့်မောင်၏ အသံဆိုတာ ရှင်းရှင်းလင်းလင်း သိနေရ၍ သူလှုပ်လှုပ်ရှားရှား ဖြစ်သွားရသည်။ဘယ်လိုကဘယ်လို ဒီအခိုးအငွေ့တို့ဖြင့် ပိန်းပိတ်နေတဲ့ တောအုပ်ကြီးထဲ ရောက်လာခဲ့မှန်းမသိတော့ချေ။အိမ်မက်မက်နေတာများလား။အိမ်မက်မက်နေတာပဲ ဖြစ်လိမ့်မည်။ဦးနှောက်က ထိုကဲ့သို့ဆင်ခြင်မိသော်လည်း လူကတော့ အသံပိုင်ရှင်ရှိရာသို့ ရှာဖွေနေမိပြီဖြစ်သည်။

"ကိုယ် ဒီဖက်မှာ...."

အရှေ့ကိုပြေးနေရင်း အနောက်ဖက်မှ အသံကြားလိုက်ရတော့ ကိုယ်ကိုတစ်ပတ်လည်အောင် ပြန်လှည့်မိ၏။ရှင်းခန့်က သူ့အနောက်ဖက်မှာ ကြည်ကြည်စင်စင် အပြုံးလေးဖြင့် ရှိလို့နေလေသည်။ဘယ်လိုဆွဲငင်အားတွေကြောင့်မှန်း မသိပါပဲ ထိုအရိပ်လေးရှိရာဆီသို့ သူတဖြည်းဖြည်း တိုးကပ်သွားမိသည်။ထိုအရိပ်လေးကတော့ သူ့အားပြုံးစစဖြင့်သာ လက်ကမ်းကြို၏။ပြီးတော့ နွေးထွေးစွာဖြင့် ပွေ့ဖက်လို့လာခဲ့သည်။‌ဘယ်လိုစိတ်၏ စေတသိတ်ကြောင့်မှန်း မသိပါပဲ သူသည်လည်းထိုအရိပ်လေးအား တင်းကျပ်စွာပြန်လည်ပွေ့ဖက်မိသည်။ပြီးတော့ မေးဖျားလေးအား အသာပင့်မော့ယူတော့ ကြည့်ဖြူစွာပင် မျက်နှာနုနာလေးက လိုက်ပါလာ‌၏။နှုတ်ခမ်းပါလေးအား နူးညံ့စွာအနမ်းခြွေမိတော့လည်း မငြင်းဆန်။သူတို့ကြားမှာ စကားလုံးတွေဟာ မလိုအပ်တော့သလိုမျိုး။နှုတ်ခမ်းပါးလေး၏ နူးညံ့နွေးထွေးမှုလေးဆီမှာ သူယစ်မူးနေမိရင်း ခန္ဓာကိုယ်ကဆတ်ကနဲ တုန်ခိုက်သွားရကာ စိတ်နှင့်ခန္ဓာသတိကပ်မိလေတော့သည်။

မျက်လုံးကိုဖြတ်ကနဲ ဖွင့်မိလိုက်တာနှင့် သူ့ရင်ခွင်ထဲမှ နွေးထွေးမှုလေးဟာလည်း ပျောက်ကွယ်သွားသည်။ဝါကျင့်ကျင့် မီးရောင်တို့ဖုံးလွှမ်းထားသော အခန်းငယ်ထဲမှာ သူတစ်ယောက်ထဲသာ။ရှင်းခန့်သည်လည်းမရှိသလို ပိတ်ပိန်းနေသော အခိုးအငွေ့များသည်လည်း မရှိတော့ပေ။

!အိမ်မက်မက်နေခဲ့တာပဲ....!

အိမ်မက်ဆိုသော်ငြား ပီပြင်ထင်ရှားလွန်းပုံက သူ့နှုတ်ခမ်းတွေဆီမှာ အခုထက်ထိနွေးထွေးမှု အငွေ့အသက်တချို့ဟာ စွဲထင်ကျန်ရစ်ခဲ့လေသည်။ပြီးတော့ ရင်ထဲမှာ တသိမ့်သိမ့်ကြည်နူးရခြင်းဆိုသော ခံစားချက်သေးသေးလေးရော။ထိုခံစားချက်လေး အလိုအလျောက် ဖြစ်တည်နေတာကို သတိထားမိလိုက်တာနှင့် သူ့စိတ်တို့ရုတ်တရက် နောက်ကျိရှုပ်ထွေးသွားရပြန်လေသည်။

"ကျစ်!"

သူနှုတ်မှ အသံထွက်ရေရွတ်ပြီးတော့ အိပ်ရာမှ လူးလဲကုန်းထပြီး ဆေးလိပ်ဗူးနှင့်မီးခြစ်အား ဆွဲယူကာအပြင်ဖက် ဝရန်တာသို့ လှမ်းထွက်လိုက်သည်။ညနေက မှေးကနဲအိပ်ပျော်သွားရင်း အိမ်မက်တွေမက်ကာ ပြန်နိုးလာတော့ ည၁၀နာရီထိုးနေပြီ။ဝသုန်ကတော့ အောက်ထပ်မှာ အကျင်တို့အုပ်စုနှင့် မာကျောက်သွားဆော့နေပုံရသည်။
သူ ဝရန်တာ၌ရပ်ရင်း ဆေးလိပ်ကို ခပ်ပြင်းပြင်းဖွာရှိုက်မိသည်။

အိမ်မက်ထဲအထိ ရှင်းခန့်မောင်ပါလာရခြင်းကို ဆိုးဆိုးဝါးဝါးကြီး မနှစ်မြို့တာမျိုး မဖြစ်မိပေမဲ့ သူတကယ်စိတ်ရှုပ်နေမိသည်။ထိုလူနှင့်ဇာတ်လမ်းကို အပြီးဖြတ်တော့မည်ဟု ဆုံးဖြတ်ထွက်ခဲ့ပြီးကာမှ သူ့အတွေး‌ထဲမှာ ထိုလူကတောက်လျှောက်စိုးမိုးနေခဲ့သည်။ဒီဖက်ကမ်းကိုရောက်တဲ့အချိန်တွေဆို ပိုဆိုးသည်။သူ့အတွေးထဲမှာ ထိုလူ့၏အကြောင်းများသာ မကြာခဏဆိုသလို တဝဲလည်လည်ဖြစ်နေမိသည်။သူစတင်ကျောခိုင်းခဲ့တဲ့ ဆက်ဆံရေးကို သူပဲမပြတ်သားနိုင်စွာ ပြန်လှည့်ကြည့်နေမိသည်။အဲ့ဒီလူကို သူတကယ်ကြီးလွမ်းဆွတ်
နေခဲ့သည်။သို့ပေမဲ့ ထိုခံစားချက်တို့ကို သူလက်မခံနိုင်ပေ။
သူ မျိုးတူလိင်တူ ယောက်ျားတစ်ယောက်ကို...။ဆက်မတွေးနိုင်တော့ပေ။ဒီကိစ္စကြီးကို လက်ခံလိုက်ဖို့ သူ့အတွက်အတော့်ကို ခက်ခဲလွန်းလှသည်။သို့သော် ဒီခံစားချက်တွေဆီကနေ ထွက်ပြေးနေရင်းဖြင့်လည်း သူမလွတ်မြောက်နိုင်ပြန်။

ရှုပ်ထွေး‌နေသော စိတ်အစဥ်ဖြင့်ဆေးလိပ်အား ဖွာရှိုက်ရင်း
မြစ်တစ်ဖက်ကမ်းရှိ မြန်မာပြည်ပိုင်နက်အား သူအဓိပ္ပာယ်မဲ့စွာ ငေးမောကြည့်နေမိသည်။စိတ်တွေဟာထိုင်းမှိုင်းနေပုံက သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုဟာ အဲ့ဒီရေခဲမြစ်ရဲ့တစ်ဖက်ခြမ်းမှာ ပျောက်ရှကျန်ရစ်ခဲ့တဲ့အတိုင်း။

!အို ကိုယ်တို့နှစ်ယောက်ရဲ့အသိမှာ ကတိစကားတစ်ခွန်းမှ မရှိပါ ဘာမှမထူးဆန်းတဲ့ကဗျာ...!

!ဒီ‌ရေခဲမြစ်ရဲ့တစ်ဖက်ဆီ ကိုယ်မကြည့်မိသလိုနေရင်း ကိုယ်နှလုံးသား တိတ်ဆိတ်နေခဲ့တာ...!

ဝရန်တာမှာ ငြိမ်သက်စွာရပ်နေမိဆဲ အောက်ထပ်မှ သီချင်းသံသဲ့သဲ့က လွင့်ပျံ့လာလေသည်။အခုတလော အဲ့ဒီသီချင်းကို သူမကြာခဏဆိုသလို ကြားနေရသည်။ကြားလိုက်ရတိုင်းလည်း ဘာမှမဆိုင်ပါပဲ ရှင်းခန့်မောင်ဟာ သူ့အတွေးထဲ ဝင်ရောက်လာတက်၏။ထို့အခါမှာ သူ့စိတ်တွေဟာ ထိုင်းမှိုင်းလေးလံသွားလိုက်။ကြည်နူးလှိုက်ဖိုသွားလိုက်။ဘာရယ်လို့အမည်တပ်မရပါပဲ နောက်ဆုံးမှာတော့ စိတ်ရှုပ်ထွေးခြင်းများဖြင့်သာ သူလုံးလည်ချာလည်လိုက်နေခဲ့သည်။

!ကမ္ဘာမြေခြောက်သွေ့တဲ့နေ့ရက်တွေ တကယ်တမ်းတော့ ငါ့ရင်မှာ နင်တစ်ယောက်ထဲရှိခဲ့တယ်!

!ကြေကွဲရမဲ့အဖြစ်တွေ နေခဲ့ရမှာမြင်ပြီး ကိုယ်နှလုံးသားစိုးရွံ့နေခဲ့တယ်!

ဝန်ခံရလျှင် အချစ်ဆိုတဲ့အရာဟာ သူ့အတွက်အစိမ်းသက်သက်ပါပဲ။ရင်ခုန်သံတွေကိုတောင် သေချာအဓိပ္ပာယ်မဖွင့်ဖြစ်လိုက်ပဲ အိမ်ထောင်ရေးဆိုတဲ့ နွံထဲကိုသူခုန်ချခဲ့ရသည်။အိမ်ထောင်ဦးစီးတစ်‌ယောက်၏ လေးလံတဲ့တာဝန်တွေ လောကဓံရဲ့ရိုက်ချက်တွေက သူ့စိတ်နှလုံးသားကို အသားမာတက်နေစေခဲ့သည်။အခုတော့ အသက်အစိတ်ရောက်မှ သူ့နှလုံးသားဟာ ဆယ်ကျော်သက်လေးလို ပြန်လည်ခုန်လှုပ်တက်လာပြီတဲ့။အဲ့ဒီအကြည်ရောင်မျက်ဝန်းလေးတွေ။ခပ်တင်းတင်းစေ့ထားတက်တက်တဲ့ နှုတ်ခမ်းပါးရဲရဲလေးတွေ။အလိုမကျတိုင်းတွန့်ကွေးသွားတက်တဲ့ မျက်ခုံးတန်းလေးတွေကို ပြင်းပြင်းပြပြ လွမ်းဆွတ်တက်လာပြီတဲ့။

!ဒီမိုးတွေရွာတယ် မနေ့ညကအိမ်မက်တယ် မင်းကိုရင်ဆိုင်ဖွင့်ပြောတော့မယ်...!

!ထာဝရအဆုံးထိ နှုတ်မဆက်ပါကွယ်...!

!ထာဝရအဆုံးတိုင် ကိုယ်တန်ဖိုးထားပါ့မယ်...!

အဲ့ဒါက အချစ်လား။သူ ချစ်မိသွားတာများလား..။

ချစ်နေတာလားလို့ တွေးမိလိုက်တော့ ကိုယ်တိုင်တောင်သတိမထားမိလိုက်ပါပဲ နှုတ်ခမ်းဖျားတွေကော့ညွှတ်ကာ ပြုံးမိသည်။ရင်ဘတ်ထဲမှာလည်း တငြိမ့်ငြိမ့်ဖြင့် ‌ရေလှိုင်းငယ်လေးတွေ ဖြတ်ပြေးကုန်သည်။

!သူ...အဲ့ဒီအမျိုးသားကို တကယ်ပဲ..!

"တီ တီ တီ တီ..."

အတွေးတွေလွန်နေဆဲ ရုတ်တရက် ခါးကြားမှဖုန်းက ထမြည်လာ၏။ကြည့်လိုက်တော့ နိုရာ့ဆီမှ ဗီဒီယိုကောလ်ခေါ်လာတာဖြစ်လေသည်။သူ ဖုန်းခေါ်ဆိုမှုအား လက်ခံလိုက်တော့ ဖုန်းscreenပေါ်မှာ သမီးဖြစ်သူ၏ မျက်နှာကအပြည့်ပေါ်လာလေသည်။

"ဒယ်ဒီ...."

နိုရာက မြူးထူးစွာဖြင့် အသံပြုလာပြီး လက်ကလေးမြှောက်ကာသူ့အားနှုတ်ဆက်၏။

"မအိပ်သေးဘူးလား သမီး..."

"အိပ်သေးဘူး..."

"ဟာ အဲ့ဒီမှာ ၈နာရီခွဲပြီမဟုတ်လား သမီးကစောစောမအိပ်ဘူးလား..."

"ဖုန်းကြည့်နေတော့ နင့်သမီးက မအိပ်ဘူးဟေ့..."

ဂျူလီယာက ဘေးမှနေ၍ ဝင်ပြောသည်။

"သမီးက ညနက်တဲ့အထိ ဖုန်းဆော့နေတာလား.."

သူအနည်းငယ်လေသံတင်းသွားတော့....

"မီးက ဒယ်ဒီ့ကိုသတိရလို့ ဖုန်းပြောချင်လို့ပါ ဖုန်းဆော့တာဟုတ်ပါဘူး..."

နိုရာကတော့ သူထုံးစံအတိုင်း တစ်ကိုယ်လုံးမှာ ဆင်‌ခြေဆင်လက် အပြည့်ဖြင့်ပါပဲ။သူ မသိမသာလေးပြုံးမိပြီးမှ...

"အင်း ဒယ်ဒီပြောထားတယ်နော် သမီးက ငယ်သေးတယ် ဖုန်းတွေအရမ်းဆော့ရင် မကောင်းဘူးလို့..."

"ဟုတ်..."

"လိမ္မာတယ်...."

သူ့ လေသံကိုပြန်လျှော့လိုက်တော့ နိုရာက ချက်ချင်းတက်တက်ကြွကြွလေး ဖြစ်သွားရပြီး....

"ဒယ်ဒီသိလား မီးမီးအခု ဒယ်ဒီဆီ့ကို ဗီဒီယိုကောလ်ခေါ်တက်သွားပြီး..."

"ဟုတ်လား တော်လိုက်တာကွာ..."

"ဟုတ်တယ် ကိုကို့ဆီကိုလည်း ခေါ်တက်တယ် တီတီမွန်သင်ထားပေးတာ မီးခေါ်ပြမယ် ကြည့်နေ..."

ဖခင်ဆီမှ ချီးကျူးမှုကိုရတော့ ကလေးပီပီ သူတော်ကြောင်းတက်ကြောင်းကို တရားလွန်ပြသချင်စွာဖြင့် ရှင်းခန့်ဆီသို့ နောက်ထပ်ဖုန်းကို joinပြတာ သူတားဆီချိန်တောင်မရလိုက်ချေ။

"သမီး မလုပ်...."

သူ့စကားက တစ်ဝက်တစ်ပြတ်မှာပဲ ရပ်သွားရကာ ‌‌ခေါင်းကိုပုဝါဖြင့်သုတ်နေရင်း ဖုန်းကိုင်လိုက်သော ရှင်းခန့်၏မျက်နှာက ကင်မရာရှေ့ ပေါ်လာပြီဖြစ်လေသည်။

"Hi နိုရာ အမိန့်ရှိပါခင်ဗျ..."

သုံးယောက်joinထားတာကို သတိမပြုမိပဲ ခေါင်းကိုဖြစ်သလိုဆွဲလွဲသုတ်နေရင်း နိုရာ့အား ခပ်မြူးမြူးပြန်ထူးလာလေသည်။အခုမှ ရေချိုးပြီးကာစဖြစ်ပုံရလေသည်။

"ကိုကို ဘာလုပ်..."

"အခုပဲဆေးရုံက ပြန်ရောက်တာပါခင်ဗျ..."

ဆေးရုံက ဘာကိစ္စနဲ့လဲ။ဘယ်သူ နေမကောင်းလို့လဲ။သူ့အတွေးဖြင့် မျက်ခုံးတို့တွန့်ကုတ်သွားရသည်။ကြည့်နေတုန်းမှာပဲရှင်းခန့်က မျက်နှာပေါ်ဖုံးအုပ်နေသော ပုဝါအားဆွဲဖယ်လိုက်ပြီး screenရှေ့ မျက်နှာအားအကျအနလှည့်လာကာ...

"နိုရာရော ဘာလုပ်...."

screenပေါ်မှာ ရုတ်တရက်ကြီး ဆိုင်းလော့ဒ်၏ ခပ်တည်တည်မျက်နှာကြီးကိုပါ တွေ့လိုက်ရ၍ သူအိုးတိုးအမ်းတမ်းဖြစ်သွားရလေသည်။နိုရာဖုန်းခေါ်လာတာမို့ အရင်လိုပဲပေါ့ပေါ့ပါးပါး ကိုင်လိုက်မိတာ ဆိုင်းလော့ဒ်နှင့်ပါ joinထားမည်ဟု မထင်မိလိုက်ပေ။နှစ်ယောက်စလုံး ရုတ်တရက်ကြောင်အနေပြီး ဘာမှလည်းမပြောဖြစ်ကြပေ။

"မီး ဖုန်းခေါ်တက်တာ ဒယ်ဒီကို ပြနေတာ..."

နိုရာက လက်သီးလက်မောင်းတန်း၍ ခုန်ဆွခုန်ဆွဖြင့်ပြောနေပြီးမှ ဖုန်းအားသေချာနေရာ ကျအောင်ထောင်လိုက်ပြီး

"တီတီ တီတီ ဒီမှာ မီး ဒယ်ဒီကိုရော ကိုကို့ကိုရော ဖုန်းခေါ်ထားတာ လာကြည့် လာကြည့်..."

သူ့အန်တီကို အသံစူးစူးလေးဖြင့် အော်ပြောနေပြန်လေသည်။

"မကြည့်အားပါဘူး..."

"ဟာ တီတီက လာကြည့်ပါဆို မီးခေါ်ထားတာ လာကြည့်လို့..."

နိုရာကပြောရင်းဖြင့် ဂါဝန်လေးဝဲခါနေအောင် ကင်မရာရှေ့မှထပြေးသွား၏။သူ့အန်တီကို ကင်မရာရှေ့ရောက်လာစေဖို့ အတင်းအကျပ်သွားခေါ်နေပုံပေါ်၏။တူဝရီးနှစ်ယောက်၏ ငြင်းခုန်ဆူပူနေသံများကို ဖုန်းထဲမှအတိုင်းသားကြားနေရသော်လည်း ကင်မရာရှေ့ကိုတော့ မရောက်လာခဲ့ချေ။သူတို့နှစ်ယောက်သာ ကြောင်တောင်တောင်ဖြင့် ကင်မရာရှေ့ ကျန်ခဲ့လေ၏။နှစ်ယောက်သား ဖုန်းချဖြစ်ဖို့လည်း သတိမရသလို စကားလည်း မပြောဖြစ်ကြပဲ ဒီအတိုင်းပဲတိတ်ဆိတ်စွာ ရှိနေမိကြသည်။

"ဟိုင်း..."

ထိုအတိုင်းပဲ အတန်ကြာရှိနေပြီးမှ အနေခက်ရတဲ့ အခြေအနေကို သူ့ဖက်မှ စတင်ဖြိုခွဲလိုက်တော့ ရှင်းခန့်ကလည်း ယောင်နနဖြင့် ခေါင်းညိတ်လာသည်။

"အင်း"

နှုတ်ဆက်ပြီးတော့လည်း နှစ်ယောက်ကြားမှာ ဘာမှပြောစရာစကားမရှိပဲ ပြန်ပြီးတိတ်ဆိတ်လို့ သွားပြန်လေသည်။နှစ်လနီးပါး အဆက်အသွယ်ပြတ်တောက်မှုဟာ သူတို့ကိုစိမ်းသက်သွားစေဖို့ လုံလောက်သည်ထင်။

ကင်မရာထဲမှ လူကိုစေ့စေ့ကြည့်နေရင်း သူ့ရင်ထဲမှ ရှုပ်ထွေးနောက်ကျိမှုတွေဟာ ပျောက်ကွယ်ကုန်တာလည်း ထူးဆန်းလေသည်။‌ခုနတုန်းကအထိ ဒီလူ့ကိုတမ်းတမြင်ယောင်နေမိတဲ့စိတ်အား အလိုမကျဖြစ်နေခဲ့သည်။ဒီလူ့ကိုထပ်မတွေ့ချင် မပတ်သက်ချင်။မတမ်းတချင် စသည့်စိတ်တို့ဖြင့် ရုန်းကန်တိုက်ခိုက်ရင်း သူပင်ပန်းနေခဲ့သည်။သို့ပေမဲ့ အခုတွေ့လိုက်ရတော့ ထိုရှုပ်ထွေးနေခဲ့တဲ့ သူ့စိတ်တွေဟာ အေးချမ်းသွားရသည်။ကန္တာရထဲမှာ ရေကြည်တစ်ပေါက်ကို တွေ့လိုက်ရတဲ့လူလိုမျိုး။အသက်ရှုနေရခြင်းဟာ အခုမှပြီးပြည့်စုံသွားရသလိုမျိုး။အရင်က စိတ်ရှုပ်ခဲ့ရတဲ့ခံစားချက်ကသပ်သပ်။ငြိမ်းချမ်းနှစ်လိုနေခဲ့တဲ့ ခံစားချက်ကသပ်သပ်စီပဲ ဖြစ်သည်။

"အလုပ်အဆင်ပြေလား..."

ရှင်းခန့်က ခပ်တိုးတိုးမေးလာ၏။

"အင်း ပြေပါတယ်...."

သူပြန်ဖြေရင်းဖြင့် အတန်ငယ်နီရဲနေသော မျက်ဝန်းလေးများအား သတိပြုမိသွားသည်။ရှင်းခန့်၏ ပုံစံကအတော်လေးကို ပင်ပန်းနွမ်းနယ်သည့်ပုံစံပေါက်နေလေသည်။နေများမကောင်းတာလား။အရင်လိုပဲ တစ်ယောက်ထဲပစ်စလက်ခတ်နေနေပြန်တာလား။ခေါင်းထဲမှာ အတွေးတွေတန်းစီ၍ သူမေးဖို့စိတ်ကူးလိုက်စဥ်မှာပဲ....

"ဆိုင်းလော့ဒ် ဟျောင့် ထမင်းစားမယ် ထတော့...."

အခန်းဝမှနေ၍ ဝသုန့်၏အသံကြီးကဟိန်းကနဲ ထွက်ပေါ်လာတာကြောင့် သူဆတ်ကနဲ ဖြစ်သွားရပြီး ထောင်ထားသော ဖုန်းအားအလိုအ‌လျှောက်အောက်ချကာ ကွယ်ဝှက်လိုက်မိသည်။သူခိုးလူမိသလို ခံစားချက်ဖြင့် လူလည်းတုန်ယင်သွားရသည်။မနေ့တစ်နေ့ကတော့ မသက်ဆိုင်ပါဘူး မပတ်သက်ပါဘူးဟု ဘူးခံငြင်းဆိုထားတာမဟုတ်လား။အခုကျမှ ဖုန်းပြောနေသည်ဆိုပါက သူ့သိက္ခာတွေအကုန် မြောင်းထဲရောက်ရချည်ရဲ့။

"အေး လာပြီ...."

ဝသုန် အခန်းထဲဝင်လာမှာစိုး၍ ကမန်းကတမ်းအသံပြန်ပြုရင်းဖြင့် ဖုန်းကိုခေါင်းအုံးအောက်သို့ ထိုးထည့်ပြီး အပြင်သို့ လိုက်ထွက်ခဲ့လိုက်တော့လေသည်။

ရုတ်တရက်မြင်ကွင်းပြောင်းလဲသွားသော ဖုန်းမျက်နှာပြင်အားကြည့်၍ သူ့ရင်ထဲ စစ်ကနဲဖြစ်သွားရသည်။ဆိုင်းလော့ဒ်ဟာသူ့၏ဖြစ်တည်မှုနှင့်ပတ်သတ်ပြီး အမြဲတမ်းအထင်သေးစိတ်ဖြင့် ရှက်ရွံ့တက်သည်ဆိုတာကို သူဘာလို့များမေ့မေ့သွားခဲ့ရတာလဲ။သူတို့ပတ်သတ်ခဲ့ဖူးတာကို လူသိမခံနိုင်လို့ သူ့အနားကနေ အခွင့်အရေးရတာနှင့် ‌ထွက်ပြေးသွားခဲ့တာ မဟုတ်လား။ပြီးတော့ ဒီကောင်လေးဟာ အစကနေအဆုံးအထိ သူတို့ရဲ့ပတ်သတ်မှုအတွက် စိတ်ပင်ပန်းဆင်းရဲနေခဲ့ရလိမ့်မည်။ဒီပတ်သတ်မှုနှင့်အတူ သူ့ကိုပါရွံရှာစက်ဆုပ်နေခဲ့ပုံပါပဲ။

သူအတွေးတို့ဖြင့် နာနာကျင်ကျင်ပြုံးမိပြီးမှ နိုရာ့အားထပ်မစောင့်တော့ပဲ ဖုန်းကိုချပစ်လိုက်သည်။ပြီးတော့ အိပ်ရာပေါ်သို့ နွမ်းလျစွာဖြင့် လှဲချပြီးမျက်ဝန်းတို့အားမှေးမှိတ်ထားလိုက်၏။ဘာကိုမှ ထပ်မတွေးချင်တော့ပေ။နာကျင်ရတဲ့ခံစားချက်ပဲဖြစ်ဖြစ် ပျော်ရွှင်ရတဲ့ခံစားချက်ပဲဖြစ်ဖြစ် ဘယ်လိုခံစားသိကိုမှ သူမခံစားချင်တော့ပေ။သူ့စိတ်နှလုံးသားတစ်ခုလုံးကို ဒီအတိုင်းသာအေးခဲပစ်လိုက််ချင်တော့သည်။အမုန်းတရာလည်းမရှိသလို ချစ်ခြင်းတရားကိုလည်း မခံစားချင်တော့ပေ။စိတ်အသေဖြင့်သာ ဝတ္တရားကျေအသက်ဆက်ချင်မိတော့လေသည်။

------

"ရန်ကုန်မြို့မှ ကြိုဆိုပါ၏"

ရန်ကုန်မြို့အဝင်ဆိုင်းပုဒ်ကြီးက နီယွန်မီးအလင်းရောင်၏အောက်မှာ ထည်ဝါစွာရှိလို့နေလေသည်။တရုတ်ပြည်နယ်စပ်ကနေ ကမ်းကူးပြီးတာနှင့် မန္တလေးသို့ချက်ချင်းဆင်းသည်။လောပန်းကြီးနှင့် အလုပ်ကိစ္စပြောပြီးတော့ ည၁၁နာရီထိုးပြီဖြစ်သည်။ခရီးပန်းလာပြီမို့ ဝသုန်က မန္တလေးမှာပဲနားလိုက်ချင်ပေမဲ့ သူကတော့ချက်ချင်း ပြန်ချလာခဲ့တာဖြစ်သည်။အမြဲတမ်းခရီးထွက်လိုက် အလုပ်တွေလျှောက်သွားလိုက်ဖြင့်လူက အခုတစ်ခေါက်မှာတော့ ရန်ကုန်ကို ပြင်းပြင်းပြပြကြီးလွမ်းဆွတ်နေခဲ့လေသည်။

"မင်း အိမ်ရောက်မှ နှိုးတော့ကွာ မင်းကိုပို့ရင်းနဲ့ မင်းဆီမှာပဲ ဝင်အိပ်တော့မယ်...."

ဝသုန်၏ မျက်လုံးတို့ မပွင့်တပွင့်ဖြင့် အိပ်ချင်မူးတူပြောလာသော စကားကြောင့် သူအကြပ်ရိုက်သွားရသည်။သူ ဖုန်းဆိုင်အခန်းကို ပြန်အပ်လိုက်ပြီဆိုတာ ဝသုန်မသိသေတာမို့ ပထမတော့ ဖုန်းဆိုင်ရှေ့ရောယောင်ပေါယောင် ဆင်းနေခဲ့ပြီးမှ ရှင်းခန့်ဆီသွားမလို့ စိတ်ကူးမိတာဖြစ်သည်။အခုတော့ ဒီမအေဘေးကြောင့် ကြောင်ပျောက်ရတော့မည့်ကိန်းပင်။ကားမောင်းနေရင်းဖြင့် ဝသုန့်အား ဘယ်လိုပထုတ်ရမလဲ အသဲအသန်စဥ်းစားနေမိသည်။နောက်ဆုံးတော့ သူ့တို့လမ်းကိုကျော်ပြီး ဝသုန့်အိမ်ရှိရာသို့သာမောင်းလိုက်ရတော့သည်။

"ဟျောင့် ထ ထ ရောက်ပြီ..."

ခြံရှေ့တည့်တည့်ကားရပ်၍ လှုပ်နှိုးတော့မှ သကောင့်သားကနိုးတော့မူလေသည်။

"ဟမ် ရောက်ပြီလား..."

"ရောက်ပြီ ဆင်းတော့..."

ကားခါးပတ်ကို သူကိုယ်တိုင်ပဲ စိတ်မှရှည်စွာ ဆွဲဖြုတ်ပေးလိုက်တော့ ဝသုန်က ထူးဆန်းစွာကြည့်လာ၏။ပြီးမှ သူ့ခြံ‌ရှေ့ ပြန်ရောက်နေတာကို သတိပြုမိသွားကာ....

"ဟ ငါ့အိမ်ထိမောင်းလာတာလား မင်းအိမ်မှာပဲ အိပ်‌ပါမယ်ဆိုမှ..."

"စောက်စကားများလိုက်တာ မြန်မြန်ဆင်းစမ်းပါ..."

သူစိတ်မရှည်နိုင်စွာဖြင့် ကားတံခါးအားတိုးဖွင့်ကာ ဝသုန်၏ကိုယ်ကြီးအား တွန်းချပစ်သည်။ဝသုန်တစ်ယောက် ဘာမှန်းညာမှန်းမသိလိုက်ပဲ လမ်းမပေါ်သို့ ကိုးရို့ကားယားကြီး ရောက်သွားရတော့သည်။

"မင်းကား ယူသွားမယ်..."

သူ ခပ်လောလောပြော၍ တံခါးကိုဆွဲပိတ်ပစ်တော့...

"ဟာ ဟျောင့် ငါ့အိတ်..."

ဝသုန်လှမ်းအော်တာကိုလည်း ဂရုမစိုက်တော့ပဲ သူကားကိုသာမောင်းထွက်ခဲ့လိုက်တော့သည်။အနောက်မှာ ဝသုန်ဘယ်လို ဖြစ်ပျက်ကျန်နေခဲ့မလဲဆိုတာကိုလည်း သူမစဥ်းစားနိုင်တော့ပေ။

-----

ဝသုန်တို့လမ်းနှင့် သူတို့လမ်းက ၂လမ်းကျော်လေးမို့ ခဏတွင်းချင်းမှာပဲ သူတို့လမ်းထဲသို့ ရောက်လာခဲ့လေသည်။ကားအား ရှင်းခန့်၏ခြံရှေ့တည့်တည့်၌သာ ရပ်လိုက်၏။ ရည်ရွယ်ချက်ကတော့ ပိုက်ဆံပေးဖို့ရောက်လာတာပဲဖြစ်သည်။သို့ပေမဲ့ ခြံရှေ့မှာခြေစုံရပ်မိတော့မှ သူ့ရင်တွေတလှပ်လှပ် ခုန်လှုပ်လာရသည်။ဒီနေရာဟာ မဝင်ထွက်မသွားလာဘူးတာလည်း မဟုတ်ပဲနဲ့။

စိတ်လှုပ်ရှားနေတာကို ငြိမ်သက်စေဖို့ ခြံရှေ့မှာဒီအတိုင်း ခဏရပ်နေလိုက်၏။အိမ်ထဲဝင်ဖို့ သူ ခွင့်တောင်းသင့်လား။ ဒီအတိုင်းပဲ အရင်လိုမျိုးဝင်သွားရမလား။စိတ်ထဲ ချီတုံချတုံဖြစ်နေမိပြီးမှ အကျင့်ပါနေသောလက်က ခြံတိုင်ရှိမီးအုပ်ဆောင်းလေး၏အောက်သို့ ရောက်သွားလေသည်။
သော့တံလေးကို စမ်းမိတော့ သူ့အနည်းငယ် အံ့သြသွားရသည်။တကယ်ဆို ဒီနေရာမှာ သော့ထားတဲ့အကျင့်က ဒီအိမ်ကို သူဝင်ထွက်တော့မှသာ အလွယ်တကူဝင်ထွက်ရစေဖို့ ရှင်းခန့်က အကျင့်လုပ်ခဲ့တာဖြစ်သည်။ဒီသော့လေးဟာ ဒီနေရာမှာရှိနေခြင်းဟာ သူတို့နှစ်ယောက်ရဲ့ ဆက်နွယ်မှုလေးသာ မဟုတ်ပါလား။ထိုသို့တွေးမိတော့ သူ့ရင်ထဲမှာ နွေးကနဲဖြစ်လို့သွားရ၏။

!အခုမှ မနက်၅နာရီခွဲဆိုတော့ ရှင်းခန့်မောင်တစ်ယောက် အိပ်နေဆဲပဲထင်..!

!သူ့အကျင့်အတိုင်း ပုစွန်ထုပ်လိုမျိုး ကွေးကွေးလေးပဲအိပ်နေမှာလား!

အခုပဲမြင်တွေ့ရတော့မည့်လူကို အတွေးထဲမှာ ပုံဖော်ရင်းနှုတ်ခမ်းတွေ ကော့ညွှတ်နေမိတာလည်း အရူးလိုပင်။ဒီနေရာ ဒီအရိပ်ကိုခြေရာချင်းထပ်အောင် ဝင်ထွက်သွားလာခဲ့‌ဖူးပေမဲ့ အခုလိုစိတ်လှုပ်ရှား ကြည်နူးလှိုက်ဖိုရသော ခံစားချက်မျိုးနှင့်တော့ မဟုတ်ပေ။သူ မီးမဖွင့်ပဲဖြင့် အိမ်အပေါ်ထပ်အထိ ဒီအတိုင်းသာတက်လာခဲ့မိလေသည်။ခပ်စေ့စေ့ဟထားသော အခန်းရှေ့ရောက်တော့ မီးရောင်ပြပြလေးကို မြင်လိုက်ရ၏။အမြဲဝင်ထွက်သွားလာဖူးရုံမက ညအိပ်ညနေပါ နေခဲ့ဖူးတဲ့အခန်းကို အခုကျမှ သူ့မှာ မင်္ဂလာအိပ်ခန်း ဝင်ရတော့မည့် သတို့သားလိုမျိုး ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် အတုန်တုန်အယင်ယင် ဖြစ်နေမိလေသည်။

သူအသက်ကိုအောင့်၍ တံခါးအားအသာအယာ တွန်းဖွင့်လိုက်တော့ ဗီရိုရှေ့ကျောခိုင်းလျှက် ရပ်နေပါသော ကျောပြင်လေးအား မြင်လိုက်ရလေတော့သည်။သူ့၏လှုပ်ရှားသံကြောင့် ဆတ်ကနဲလှည့်လာပါသော ကျောပြင်လေး။အံ့သြရိပ်တို့ ဖြတ်ပြေးသွားပါသော အကြည်ရောင်မျက်ဝန်းလေး။မသိမသာလေး ပွင့်ဟသွားပါသော နှုတ်ခမ်းလွှာလေး....။စက္ကန့်ပိုင်းစာအတွင်း ထိုလူ့၏ မျက်နှာပေါ်မှ အပြောင်းအလဲများစွာကို ဖမ်းဆုပ်နေမိရင်း သူကိုယ်တိုင်ဟာလည်း ခံစားချက်မျိုးစုံဖြင့် လှုပ်ခတ်နေခဲ့သည်။သူဗဟိုပြုနေခဲ့တဲ့ ရပ်ဝန်းကို ရှာဖွေတွေ့ရှိလိုက်သလိုမျိုး။
တမ်းတလှိုက်မောခဲ့ရသမျှဟာ အဲ့ဒီလူကို မြင်လိုက်ရရုံဖြင့် ပြီးပြည့်စုံခဲ့သည်။

!အဲ့ဒီအခိုက်အတန့်လေးမှာ တစ်စုံတစ်ရာဟာ ‌နှစ်ခါပြန်ထပ်စဥ်းစားဖို့မလိုအောင် သေချာခဲ့လေတော့သည်!

-----

AN.စောင့်ပေးကြတဲ့အတွက် အများကြီးကျေးဇူးပါ။GEကအော်ဒါကောက်တော့မှာဆိုတော့ စာအုပ်ကိစ္စနဲ့နည်းနည်း အလုပ်များနေတာမို့ပါ။

Continue Reading

You'll Also Like

236K 18.2K 38
ရည်​မှန်းချက်​တူညီခဲ့တဲ့ သူတို့နှစ်​​ယောက်​။ ဘဝ​လျှောက်​လမ်း မတူညီတဲ့ သူတို့နှစ်​​ယောက်​။ အရမ်းချစ်​ကြတဲ့ သူတို့နှစ်​​ယောက်​။ ဘာဆက်​ဖြစ်​ကြမှာလဲ...
77.1K 2.4K 29
unicode မောင့်မြတ်နိုးရာ fic လေးနဲ့ သူပြောသော ကြယ်ကြွေပုံပြင် fic လေးနှစ်ပုဒ်ကို တစ်စုတစ်စည်းတည်းနဲ့ဖတ်လို့ရအောင် စာပြန်စီလိုက်တဲ့ Fic လေးပါဗျ။ zawgy...
886K 57.7K 54
Title : APo Hsu Genre : Own Creation / BL Tags : Romance Cover Artist : Moon U Author : Ya...
611K 48.1K 51
မင်ရန်ရှင်း💓ဝမ်ယွမ် {ဝမ်ယင်}