မနက်ဖြန် tutorialအတွက် ညနေစာစားပြီးကတည်းက ဝေ စာကြည့်နေလေသည်။ ဝေ စာကြည့်ပုံက အခန်းတံခါးပိတ်၊ ဘလူးတုသ်နှင့် သီချင်းဖွင့်ကာ သီချင်းလေး လိုက်ဆိုလိုက် စာလေးလုပ်လိုက်နှင့်။ ခဏနေ
ဝေဖာလေး ဝါးလိုက်၊ ရေခဲမုန့်လေး စားလိုက်နှင့်။ သီချင်းတစ်ပုဒ်ဆုံးကာနီး အသံတိုးသွားမှ အခန်းတံခါးထုနေသံကြားရသည်။
'ဒုန်းဒုန်းဒုန်း'
'ဝေ....အိမ့်သက်ဝေ'
ဖေဖေ့အော်ခေါ်သံ။ ဝေ သီချင်းပိတ်ပြီး အမြန်ထသွားသည်။
'ဖေဖေ ဘာလို့လဲ'
'ဒီလောက်ခေါ်နေတာ မကြားရအောင် ဘာတွေလုပ်နေတာလဲ၊ သီချင်းသံလေး ဘာလေး လျှော့ပါဦး'
'စာလုပ်ရင်းသား သီချင်းနားထောင်နေလို့ မကြားလိုက်တာ၊ ဘာဖြစ်လို့လဲ ဖေဖေ'
'စာတွေတော့ တော်တော်ရတော့မယ်၊အောက်ကိုဆင်းခဲ့'
ဘာဖြစ်လို့ပါလိမ့်။ ဝေ လန့်လာသည်။ ဖေဖေ့နောက်မှ လိုက်သွားရင်း အိမ်ရှေ့ရောက်လာသည်။ တံခါးဝမှာ ရပ်နေသူက ဒေါ်မေဖြူစင်။
ဝေ့ကိုလှမ်းမြင်တော့ သူက ပြုံးပြသည်။ ဝေကတော့ နှုတ်ခမ်း၏ထောင့်စွန်းများကွေးသည်ဆိုရုံမျှ ပြန်ပြုံးပြသည်။
'မေဖြူနဲ့ လိုက်သွားလိုက်ဦး၊ မီးလုံးမလင်းလို့တဲ့'
'ဪ'
'လိုက်မယ်မလားဟင်'
ဒေါ်မေဖြူစင်ကမေးတော့ ဖေဖေက မဆိုင်းမတွပင်
'လိုက်ရမှာပေါ့၊ သွားလေ ဝေ' ဟုဆိုကာ ဝေ့ကို အရှေ့သို့တွန်းသည်။
တကယ်ပါပဲ မနက်ဖြန် အတွက် စာတွေအကုန်မကြည့်ရသေးဘူးကို။ ဝေ့စိတ်ထဲ မလိုက်ချင်သော်လည်း ခြေလှမ်းများကတော့ ဒေါ်မေဖြူစင် ခြေလှမ်းရာသို့ ပါမိလျက်သား။
ဒေါ်မေဖြူစင်က စကားစသည်။
'မင်းကို ဖုန်းခေါ်သေးတယ်၊ မကိုင်တာနဲ့ အိမ်လာခဲ့တာ'
'ဟုတ်လား၊ ဝေ မသိလိုက်ဘူး၊ သီချင်းသံနဲ့မို့ မကြားလိုက်ဘူး'
'အင်း'
တံခါးဖွင့်သံကြားမှ သတိရသည်။ အန်တီခင်ရော ရှိနေတာလား။
'အန်တီမေဖြူစင်တစ်ယောက်တည်းလား'
'အင်း၊ ခင်က ဒီညမလာဖြစ်ဘူး'
ဝေ ခေါင်းညိတ်လိုက်သည်။ ခုမှ ခြေမဒဏ်ရာကို သတိရသည်။
'အန်တီ ဒဏ်ရာ ဘယ်လိုနေသေးလဲ'
'ပျောက်သွားပါပြီ။ ခြေသည်းတော့ကွာသွားတယ်။ ပြန်ပေါက်နေပြီလေ၊ ဒီမှာတွေ့လား'
ပြောရင်းသား ဖလက်ရှ်မီးဖြင့် ထိုးပြတော့ ခြေသည်းငုတ်တိုလေးကို တွေ့ရသည်။
'ဝေ အားနာလိုက်တာ'
'အင်း၊ အားနာတဲ့သူကလည်း တစ်ရက်ပဲလား၊ နောက်နေ့တွေ ပေါ်ကိုမလာဘူးနော်'
'ဟို ... ဝေက အဆင်မပြေရင် ဖုန်းဆက်မယ်ထင်နေတာ၊ ဟုတ်တယ်နော်၊ ဝေ လာမေးလည်း ရတာကိုး၊ မေ့သွားတယ်၊ ဝေက အဲ့လိုပဲ နည်းနည်းပေါင်းသင်းဆက်ဆံရေးညံ့လို့'
ဧည့်ခန်းထဲတွင်တော့ မီးလင်းနေသည်။
'မီးလုံးက ဘယ်နားကပျက်တာလဲ'
'အိပ်ခန်းထဲမှာ'
ဒေါ်မေဖြူစင်က ရှေ့ဆောင်ခေါ်တော့ ဝေ အခန်းထဲသို့ လိုက်ဝင်ရသည်။ တကယ်ကို မှောင်နေတာပဲ။
'ဓာတ်မီးတို့ မီးအိမ်တို့မရှိဘူးလားဟင်၊ ဖုန်းမီးကို သိပ်အားမရလို့'
'အင်း၊ ရှိမလားမသိဘူး၊ သွားရှာလိုက်ဦးမယ်'
'ရှာရမှာဆိုရင်တော့ နေပါ၊ ဝေလည်း ဖုန်းယူမလာမိဘူး'
မီးလုံးသည် မျက်နှာကြက်နှင့်ကပ်လျက်သား။
အိပ်ရာပေါ် ခုံနှင့်တက်မှ ဖြစ်မည်။
'ဒီခုံဆိုဖြစ်မလား'
စားပွဲနှင့်ထိုင်ခုံ one set ဖြစ်ပုံရသော ခုံလေးကို ညွှန်ပြသည်။
'မဖြစ်ဘူးထင်တယ်၊ အဲ့ခုံက ပုတယ်၊ ထမင်းစားခန်းထဲက ထိုင်ခုံတွေ ရှည်သားပဲ၊ အဲဒါယူလိုက်မယ်လေ'
'အင်း၊ မင်းသဘောပဲလေ'
'မီးလုံးကို လွတ်မလွတ် စမ်းကြည့်သေးလား'
'ဟင့်အင်း၊ ခလုတ်ဖွင့်တာ မလာတာနဲ့'
ကောင်းရော၊ ကိုယ့်ဘာသာကိုယ် မကြိုးစားကြည့်ပဲနဲ့ သူများစာကြည့်နေတာ လာနှောင့်ယှက်တာပါလား။ ဝေ စိတ်တိုတိုဖြင့် တွေးသည်။
'ခလုတ် ပိတ်ပေးရဦးမလား' ဟု ဒေါ်မေဖြူစင်က မေးသည်။
'ရတယ်၊ မပိတ်နဲ့၊ လွတ်မလွတ်သိချင်လို့'
ဝေ မီးလုံးကို လှည့်ကြည့်သည်။ မလင်း။ ကျွမ်းသွားတာ ဖြစ်မှာပဲ။
'မီးလုံးက မကောင်းတော့တာ ထင်တယ်၊ လဲမှရမယ်'
ဝေသည် ခြေချစရာနေရာလွတ် ရှိသေးသည် အထင်နှင့် နောက်သို့ဆုတ်လိုက်သည်။ ဝေသည် ခုံကို မနင်းမိ။ လေကို နင်းမိလေသည်။ ဝေနောက်သို့ လှန်ကျခိုက် အောက်တွင်ရှိသော အန်တီမေဖြူစင့်လက်ဖဝါးက ဝေ့ခေါင်းနောက်ကို ကိုင်မိသည်။ ဝေက အရှိန်နှင့်နောက်ပြန်လန်၍ ဝေ့ကိုဖမ်းသော သူပါ လဲတော့သည်။ ဝေထိတွေ့မိသည်မှာ အိစက်သော မွေ့ရာ၊ ဝေ့ခေါင်းနှင့် မွေ့ရာကြားတွင် ဒေါ်မေဖြူစင်၏လက်။ ဝေ့မျက်နှာရှေ့တွင်တော့ ဒေါ်မေဖြူစင့်မျက်နှာက မိုးလျက်သား။
နောက်ပြီး မျက်ဝန်းတွေ။ ပထမ ဒေါ်မေဖြူစင့်မျက်ဝန်းတွေနှင့် ဝေ ဆုံသည်။ မျက်တောင်တစ်ခတ်မှာပင် ဒေါ်မေဖြူစင့် မျက်ဝန်းတွေက စရွေ့လျားသည်။ ဝေ့မျက်နှာပေါ်ကအစိတ်အပိုင်းတွေကို လိုက်ကြည့်နေသလို၊ ထိုရွေ့လျားနေသော မျက်ဝန်းတွေထံမှ ဝေ့အကြည့်ကို လွှဲ၍ မရ။ ကြမ်းပြင်ပေါ်သို့ ကျသွားပုံရသော ဒေါ်မေဖြူစင့်ဖုန်းက မှောက်လျက်ကျသည့်ပုံ။ ထိုအလင်းရောင်မှိန်ဖျဖျအောက်တွင်
တစ်ခဏကြာတော့ မျက်ဝန်းနှစ်စုံ ပြန်ဆုံသည်။ ထိုအခါမှ ဝေသည် လှုပ်ရှားရန် သတိရသည်။ ဝေ လူးလွန့်ပြီး ထရန်ပြင်သည်။ ခါးကအောင့်တောင့်တောင့်နှင့်။
ဝေ ထရန်ကြိုးစားခြင်းသည် ဒေါ်မေဖြူစင်နှင့် ပိုနီးကပ်သလိုဖြစ်သည်ကို ဝေ မတွေးမိ။ ဝေ့နဖူးက ဒေါ်မေဖြူစင်၏ မေးစေ့ကို တိုက်မိသည်။ ထိုအခါမှ သတိဝင်လာပုံရသော ဒေါ်မေဖြူစင်သည် နောက်သို့ဆုတ်လိုက်သည်။
'နာသွားလား အန်တီမြေဖြူ'
'ဘာရယ်'
နောက် တိုးလျလျ ရယ်သံ။ ဝေ စိတ်လှုပ်ရှားပြီး လျှာတွေတောင် လိပ်ကုန်တာလား။
'အဲ...မေဖြူလို့ ခေါ်တာ'
'အင်း၊ နားထောင်လို့ကောင်းသားပဲ'
'မြေဖြူကလား'
'မေဖြူလို့ မင်းခေါ်လိုက်တာကိုပြောတာ'
ဝေ ဘာပြန်ပြောရမည်မသိဘဲ ကုတင်ပေါ်မှ ဆင်းလိုက်သည်။
'မီးလုံးကလေ အိမ်မှာလည်း အပိုမရှိဘူး၊ ဘယ်လိုလုပ်ပေးရမလဲ'
'အို ရပါတယ်၊ ဒီညဧည့်ခန်းထဲပဲ ရွှေ့ပြီး အလုပ်လေးတွေ လက်စသတ်လိုက်မယ်'
ဟင်း။ အဲ့လိုလုပ်မယ်ဆိုလည်း ဘာလို့ခေါ်လိုက်ရသေးသလဲ မသိဘူး။ ဒီအဒေါ်ကြီးကတော့ ...ကျွတ်...။
'ဒါဆို ဝေ ပြန်လို့ရပြီလား'
'ပြန်လို့မရဘူးလို့ ပြောရင် မပြန်ဘူးလား'
'ရှင်'
'စတာပါ' ဟုပြောပြီး ရယ်နေသည်။ သူစတာကလည်း ဘယ်လိုကြီးလဲ။ ရယ်လည်း မရယ်ရဘူး။
ဝေသည် ပြန်ချင်သူဖြစ်ပါလျက် အိမ်ပြင်သို့ခြေလှမ်းရန် မေ့နေသည်။
'လာလေ၊ မင်းကို ပြန်လိုက်ပို့ပေးမယ်'
'ရပါတယ်၊ လေးငါးလှမ်းလျှောက်လိုက်ရင် ရောက်မှာပဲကို'
'လေးငါးလှမ်းတော့ မကပါဘူး၊ ညကြီး မြွေပါးကင်းပါးနဲ့မလို့ လာပါ'ဟု ဆိုကာ ဝေ့လက်မောင်းကို လာတွဲသည်။
ဝေ ယောင်နနနှင့် သူခေါ်ဆောင်ရာ ပါသွားသည်။ ဝေ့လက်မောင်းပေါ်က အဲ့ဒီလက်တွေကို ဘယ်လိုဖယ်ပစ်ရမလဲ စဉ်းစားနေစဉ် သူကစကားစလာသည်။
'ဘာဖြစ်လို့လဲ၊ လမ်းလျှောက်တာ ကျောက်ရုပ်ကြီးကျနေတာပဲ၊ ဘယ်နားနာသွားတာလဲ'
'မဟုတ်ပါဘူး၊ ဝေ ပုံမှန်ပါပဲ'
ဝေလိမ်ညာသည်ကို သိသည့်ပုံပမာ သူက ရယ်ကာ ခေါင်းညိတ်သည်။
'ကဲရောက်ပြီ။ အိမ်ထဲဝင်တော့'
ထိုအခါမှ စိတ်သည် သက်သာရာရသလို။
'ဖေဖေ ဝေပြန်ရောက်ပြီ' ဟု တစ်ချက်အော်ကာ အခန်းထဲတန်းဝင်သည်။
ညက တိတ်ဆိတ်လျက်။
ဝေ သီချင်းနားထောင်ရန် စိတ်မပါတော့၍ စာပြီးအောင် ကြည့်လိုက်သည်။ ဒီလောက်ဆို လုံလောက်ပြီဟုထင်သည်။ မီးပိတ်သည်။ အိပ်ရာထဲဝင်သည်။ ညနေကတည်းက မကိုင်မိသော ဖုန်းကိုကောက်ကိုင်သည်။ နံပါတ်အစိမ်းတစ်ခု၏ miss callသုံးခုကို စိုက်ကြည့်သည်။ ဘယ်ဘက်သို့ဘေးတစောင်း လှည့်အိပ်လိုက်သည်။ နှာခေါင်းတွင်းသို့ ရနံ့တစ်ခုက တိုးဝင်သည်။ ဘာအနံ့လည်းဟု တွေးရာ အနီးစပ်ဆုံးနှင်းဆီနံ့ဟု အဖြေထွက်သည်။ လက်မောင်းပေါ် မျက်နှာအပ်သည်။ ရနံ့ဆိုသည်မှာ ကပ်ငြိပါလာတတ်သော သဘောရှိသည်ကို သတိရသည်။ ထို့နောက် ဝေ အိပ်ပျော်ခြင်းသို့ ရောက်သည်။
အိပ်ပျော်ခြင်းသို့ မရောက်သေးသူကား တစ်ဖက်အိမ်ပေါ်ဝရန်တာမှနေ၍ ဝေ့အခန်းရှိရာပြတင်းသို့ လှမ်းမျှော်နေသူ မေဖြူစင်။ ထိုအခန်းမှ မီးအလင်းရောင်ပျောက်သွားချိန်တွင် မေဖြူသက်ပြင်းချမိသည်။ မကြားနိုင်သောသူဆီသို့ မကြားနိုင်သောရင်တွင်းမှ
ဂွတ်နိုက်ဘေဘီ ဟု နှုတ်ဆက်သည်။