နှုတ်ခမ်းနီရဲရဲဆိုးထားပြီး အနီနဲ့ အနက်ကို ရောယှက်ကာ ပန်းကနုတ်တို့ဖြင့်ပုံဖော်ထားသော ဝတ်စုံနှင့် လွန်စွာ ကျက်သရေရှိလှသည့် အမ်ျုးသမီးတစ်ဦး
ထို အမျိုးသမီးဟာ ပြီးခဲ့တဲ့ညက ချွန်းဟွာရဲ့ ဖျော်ဖြေမှုကို တွေ့ပြီး သဘောကျနှစ်သက်သောကြောင့် လိပ်စာစုံစမ်းကာ လိုက်လာသည့်ပုံပင်။
" အာ..အရင်မိတ်ဆက်ပါရစေ..တို့က ရှန်းယွီ ဆောင်ကြာမြိုင်ရဲ့ပိုင်ရှင်..မိုယွီ လို့ခေါ်ပါတယ်..."
.
.
ချွန်းဟွာ ဟာ ပြန်မေး၏။
"ရှန်းယွီ ဆောင်ကြာမြိုင် က ပိုင်ရှင်က ဘာလို့ ?"
ရှန်းယွီ ဆောင်ကြာမြိုင်..တစ်နည်းအားဖြင့် အပျော်မယ် ဂေဟာ.. ထိုဂေဟာ က ဟုန်ရီ တိုင်းပြည်၏ အထင်ကရ နေရာတစ်ခုဖြစ်ချေ၏။
ကူးသန်းသွားလာရေး ကုန်သည် တိုင်းတစ်ပါးသားတို့ ရဲ့ အာရုံကို အထူးစွဲဆောင်နိုင်ပါသော နေရာတစ်ခု..
ဟုန်ရီမြေကို ခြေချသော ယောက်ျားတိုင်း ရှန်းယွီသို့ လည်ပတ်မသွားခဲ့မိလျင် ယောက်ျားမစစ် ဟူသာ ပြောစကားတောင်ရှိသည်။
ထင်ပေါ်ကျော်ကြားလှသော မိန်းမလှလေးများ စုဝေးရာ ရှန်းယွီ က အင်မတန် ကြီးကျယ်ခန်းနားလှသော ဆောင်ကြာမြိုင်တစ်ခုပေ။
တည်းခိုးခန်းပေါင်း ၅၀ ကျော်နှင့် အဆင့်တန်းလိုက် အသီးသီးခွဲထားသော အခန်းပြင်ဆင်ပုံတို့အပြင် လာရောက်လည်ပတ်သော ဧည့်သည်တော်များရဲ့ အသည်းစွဲက ရှန်းယွီ ဆောင်ကြာမြိုင်ရဲ့ ရင်သက်ရှုမောစရာ ကပွဲသဘင် အခမ်းနားပင်။
ထို ဖျော်ဖြေရေးပွဲသဘင်ဟာ..ရက်ကြီးခါကြီးနှင့် အထူးဧည့်သည်တို့ လာတည်းတဲ့အခါ မကြာခနပြုလုပ်လေ့ရှိပြီး.. လူတိုင်းလက်လွှတ် မခံနိုင်အပ်ပေသော ပွဲသဘင်တစ်ခုပင်။
အတော်ဆုံး တေးဂီတ တူရိယာ ပညာရှင်များရဲ့ ဖျော်ဖြေတင်ဆက်မှုတို့နှင့် အတူ အလှပဆုံးသော ကချေသည်မ လေးများဟာ မလုံခြုံသော အဝတ်စားတို့ကို ဆင်မြန်းပြီး ရမ္မက်ကြွစေသော ကကွက်အလှတို့ကို ကပြလေ့ရှိကြသည်။
နေ့စဉ် ဧည့်သည် မပျက် စည်ကားနေသော အကောင်းဆုံး ဆောင်ကြာမြိုင်ကြီးရဲ့ ပိုင်ရှင်ဟာ အဘယ်သို့သောကိစ္စရပ်ကြောင့် ချွန်းဟွာ စီ ပေါက်ရောက်လာလဲ ချွန်းဟွာစဉ်းစားရင်း..
မိုယွီ အမျိုးသမီးက ပြောလာသည်၊
"အကမယ် လုပ်ဖို့ စိတ်ဝင်စားလား..မနေ့ညက မင်းရဲ့ ဖျော်ဖြေမှူကို ကြည့်လိုက်ရတယ်.. မျက်နှာ..ခန္ဓါကိုယ်..နဲ့ အရည်ချင်း...
အားလုံး ပြီးပြည့်စုံလွန်းတယ်"
ချွန်းဟွာ ဟာ ကချေသည် ဖြစ်ဖို့ စိတ်အားထက်သန်ခဲ့သူပင်.. သူဟာ ယခုကြားနေရသော စကားတွေကြောင့် ဝမ်းသာချင်မိခဲ့ပေမယ့်..ထိုအမျိုးသမီးဟာ တစ်စုံတစ်ခုကို သတိမပြုမိကြောင်း စိုးရိမ်မိသည်..
"ဟို..မိုယွီ အမျိုးသမီး တစ်ခုခု အထင်မှားနေပုံရတယ်.. ချွန်းဟွာက.."
သူဟာ စကားဆုံးအောင် မပြောလိုက်မိခင်မှာ မိုယွီ ဟာ စကားဖြတ်ပြော၏။
"ယောက်ျားလေးဆိုတာလား"
ချွန်းဟွာ ဟာ အံ့သြမိလိုက်သည်။
"သိ..သိ နေခဲ့တာလား"
အမျိုးသမီး မိုယွီဟာ ချွန်းဟွာ အနားသို့ချဉ်းကပ်ရင်း လက်ထဲက သေသေသပ်သပ် ခေါက်ထားသောယပ်တောင်ကို ပင့်မြှောက်လိုက်သည်၊
ထို့နောက် ချွန်းဟွာရဲ့ မျက်နှာ..လည်ပင်းနှင့် ဝမ်းဗိုက်တစ်လျှောက် ယပ်တောင်လေးဖြင့် ပွတ်ဆွဲသွားပြီး
"ဒါပေမယ့် မစိုးရိမ်ပါနဲ့..တို့က မိန်းကလေးတွေရဲ့ အချိုးစားကို အမြဲအကဲခတ်နေရတဲ့ သူမို့ မင်းက ယောက်ျားလေးဆိုတာ တပ်အပ်ပြောနိုင်ပေမယ့်.. သာမာန် လူတစ်ယောက်ကတော့ ဘယ်လိုမှ မသိနိုင်ဘူး..
တို့လည်း အစက တွေဝေသွားတယ်...."
(အမျိုးသမီးလက်ထဲက ယပ်တောင်လေးဟာ ချွန်းဟွာရဲ့ လည်စလုပ်လေးနား ခိုနားလိုက်သည်)
"လည်စလုပ်...အဲ့ကနေ သတိထားမိတယ်ဆိုပါတော့.. သေးသေးလေးပါပဲ..ဒါပေမယ့်..တို့ မျက်လုံးကိုတော့ လိမ်လို့မရဘူးလေ"
အမျိုးသမီးရဲ့ ဆိုပုံအရ သူဟာ ယောက်ျားလေးမှန်းသိရဲ့ ချွန်းဟွားကို ကချေသည်လုပ်ဖို့ ကမ်းနေသေးသည်ကို ကြည့်ရင် ထို အမျိုးသမီး မိုယွီဟာ တစ်ခုခုတော့ စီစဉ်ထားသည်ပင်။
ချွန်းဟွာက မေး၏။
"ဒါဆို ကျွန်တော် ယောက်ျားလေးမှန်းသိရက် အကမယ် လုပ်ဖို့ ကမ်းလှမ်းတာလား"
မိုယွီ ဟာ စိတ်ဆုံးဖြတ်ထားသည့်ပုံပင်။
"အင်း..ဟုတ်တယ်။..ဘယ်လိုလဲ စိတ်ဝင်စားလား။
မင်းပုံက အသက်ပြည့်ပုံ မပေါ်သေးဘူး..ဟုတ်တယ်မလား?
(ထို့နောက် မျက်လုံးဟာ အဖွားအိုရဲ့ နာရေးဆုတောင်းစင် ကိုလှမ်းကြည့်ပြီး )
တို့နဲ့ အတူလိုက်ခဲ့..
ဘယ်လိုပဲဖြစ်ဖြစ် မင်းဒီမှာ တစ်ယောက်တည်းရှင်သန်ရုန်းကန်ဖို့ ခက်ခဲမှာပဲ..
တို့ နဲ့ လက်တွဲမယ်ဆိုရင်
စင်မြင့်ပေါ်မှာ ဖျော်ဖြေဖို့ အဆင့်သင့်ဖြစ်တဲ့ထိ ပျိုးထောင်ပေးပြီး မင်းယောက်ျားလေးဆိုတာကို ဖုံးပေးထားမယ်..
ရှန်းယွီ ဆောင်ကြာမြိုင်ရဲ့ အကောင်းဆုံး ကချေသည် ဖြစ်လာပေးပါ"
ပြောပြီးသည်နှင့် အမျိုးသမီး မိုယွီဟာ ကျေနပ်အပြုံး ပန်ဆင်လိုက်သည်..
အဘယ့်ကြောင့်ဆိုသော် ထို ၁၆နှစ်ကောင်လေးရဲ့ စိတ်အားထက်သန်မှုကို မြင်ခဲ့ပြီးသူတစ်ယောက်မို့ပင်။
ထိုကောင်လေးဟာ သူနှင့် တစ်လှေတည်းစီးဖို့ သေချာပေါက် ရွေးချယ်မည်ပင်။
.
.
၎င်းနောက်ပိုင်းမှ စ၍ ချွန်းဟွာ ဟာ အဖွားအိုနဲ့ သူနှင့် နေခဲ့သော အိမ်စုတ်လေးကို စွန့်ခွာပြီး ရှန်းယွီ ဆောင်ကြာမြိုင်တွင် နေထိုင်ရသည်။
အနေ့နေ့ အလလ ကကွက်မျိုးစုံနှင့် အမျိုးသမီးလိုနေပုံထိုင်ပုံအသီးသီးတို့ကို လေ့လာ သင်ယူရသည်။
ယောက်ျားလေးဟူသော သရုပ်မှန်အစစ်ကို ချွန်းဟွာ ကိုယ်တိုင်နှင့် မိုယွီ အမျိုးသမီးမှလွဲ၍ ကျန်သောသူမသိခဲ့။
" ချွန်းဟွာ လာဦး"
မှောင်ပြပြ အခန်းထဲတွင် ဒူးတစ်ဖက်ထောင်ကာ ထိုင်နေသော မိုယွီ ။
ချွန်းဟွာက တရိုတသေ အခန်းထဲသို့ဝင်လာခဲ့ပြီး..မှင်စုတ်တံနှင့် ပေလွှာလိပ် ဝါကျင့်ကျင့်ကို ဖြန့်ကာ တင်ထားသော စားပွဲခုံအရှေ့၌ ကျုံ့ကျုံ့လေးဝင်ထိုင်လိုက်ပါ၏။
ထိုအခါ မိုယွီ အမျိုးသမီးက သူ၏ညာဘက် အင်္ကျီလက်ကိုခေါက်တင်ကာ စုတ်တံကို ပင့်မြှောက်ကာကိုင်းရင်း နက်မှောင်သော မှင်ရည်ခွက်ထဲသို့နှစ်စေသည်။
အစွန်းထင်းမရှိစေရန် စုတ်တံကို ခွက်အနားဘောင်တွင်သပ်လိုက်ပြီးသည့်နောက် ပေစာရွက်လိပ်ပေါ်တွင်ရေးဆွဲလာသော အနက်ရောင် စာလုံး ၂ခု။
**ယဲ့..ဟွာ...**
ထင်းထင်းရှင်းရှင်းမြင်နေရပါသော စကားလုံး၂လုံးကို ရေရွတ်လိုက်ပြီး..
"နားထောင်.. မင်းနာမည်က ချွန်းဟွာ မဟုတ်တော့ဘူး.. "ယဲ့ဟွာ" .. ညပန်း လို့ အဓိပ္ပါယ်ရတယ်..အခုချိန်ကစပြီး ဘယ်သူမေးမေး မင်းနာမည်ဟာ ယဲ့ဟွာ ပဲ"
ဤသို့သော ဓလေ့စည်းကမ်းရှိသည်။
မည်သို့သော အမျိုးကောင်း သားသမီးဖြစ်စေကာမူ..ဆောင်ကြာမြိုင်ဟူသော အရိပ်အောက်သို့ဝင်တဲ့အခါ သူတို့၏ မူလ နာမည်အရင်းများကို ပြောင်းကြရ၏။
ယခင်က လှပခြင်း တင့်တယ်ခြင်း မွန်မြတ်ခြင်း ဆောင်သော နာမည်အက္ခရာအရေးသားများဟာ အပျော်မယ် အကမယ်ဖြစ်လာသည်နှင့် အဆင့်နှိမ့်ခြင်း , ည , ပျော်မွေ့ခြင်းအသုံးတော်ခံ စသော အဓိပ္ပါယ်ဆောင်သော အက္ခရာများစီသို့ ပြောင်းကြရသည်။
ယဲ့ဟွာ သည်လည်း ထိုကဲ့သို့ပင်။
ရိုးသားဖြူစင် လှပတင့်တယ်သော နွေဦးပန်းကလေး ချွန်းဟွာ မှ.. သူတစ်ပါး၏ နန်းရှိုက်အသုံးတော်ခံ ညမွှေးပန်း လေး ယဲ့ဟွာ အဖြစ်သို့။
.
.
ချွန်းဟွာဟာ သူ့၏ ဖွားဖွားပေးခဲ့သော "ချွန်းဟွာ" ဟူသည် အမည်နာမ ကို နှလုံးသားဝယ် ထာဝရ မြှုပ်နှံခဲ့ကာ "ယဲ့ဟွာ" ဟူသော နာမည်ကို ကျေကျေနပ်နပ် လက်ခံခဲ့သည်။
သူဟာ ဤလမ်းကို လျှောက်ဖို့ ရွေးခဲ့ပေပြီ။
တနေ့တခြား ယဲ့ဟွာ ၏ အလှတရားဟာ ပိုကာ ထင်ပေါ်လာသလို.. သူဟာ အကောင်းဆုံး ကချေသည်ဖြစ်လာဖို့ကိုလည်း လေ့ကျင့်ရင်း သူ၏ အဖွားပေးထားခဲ့သော ဓါးမြှောင်လေးနှင့်လည်း မကြာခနဆော့ကစားကာ ကိုယ်ခံပညာအနည်းကျဉ်းကိုတော့ တတ်မြောက်ထား၏။
ယောက်ျားတို့ရဲ့ နှုတ်ဖျားက သတ်မှတ်ပါလေသော အဆင့်နိမ့်မြင့်အလိုက် အပျော်မယ် အကမယ်များဟာ တစ့်နေ့ထက် တစ်နေ့ ယဲ့ဟွာ အား မနာလိုလာကြသည်နှင့် ထိုသူတို့ဟာ တစ်နည်းမဟုတ် တစ်နည်းတော့ စိတ်နှောက်ယှက်ပေးတတ်ကြသေးသည်။
"ယုလန်..မင်းကို အပ်မယ်နော်..ဒီည ဧည့်သည်ကို သေချာပြုစုပေးလိုက်ပါ"
မိုယွီဟာ လက်ဖက်ရည်ကြမ်းတစ်ခွက်ကိုမော့ရင်းပြောလိုက်သည်နှင့် တစ်ဖက်ကချိုအီလှသော အသံတစ်ခုက ဖြေကြားခဲ့၏။
"သခင်မ စိတ်မပျက်စေရပါဘူး..ယုလန် အကောင်းဆုံးဖျော်ဖြေပေးမှာပါ"
လက်ရှိ အဆင့်မြင့်ဆုံးဟု သတ်မှတ်ခံထားရလေသော ထိုမိန်းကလေး..သူဟာ ရှန်းယွီ ဆောင်ကြာမြိုင်၏ ထိပ်တန်း အကြော်ကြားဆုံး အကမယ်တစ်ယောက်လည်းဖြစ်သည်၊
သူမ၏ ရုပ်ရည်နှင့် ခန္ဓါကိုယ်ဟာ မစွမ်းနိုင်သော ယောက်ျားကိုတောင် ၃ချီ ၄ချီ ပြီးအောင် မြူဆွယ်နိုင်သည်ဟူ၍ပင်။
ယုလန်ဟာ မိုယွီ သခင်မအား အရိုသေပေးရင်း ထွက်လာပြီး ကပွဲ အတွက် ပြင်ဆင်နေခဲ့သည်၊
ထိုအချိန်တွင် သူမဟာ သုတ်သုတ်ပြာပြာ တောက်တိုမယ်ရ လုပ်နေပါသော ယဲ့ဟွာ အားလှမ်းမြင်လိုက်၏။
နာမည်ကြီးနေသော ထိပ်တန်းအလှမယ်လေးအဖို့ အဖူးအပွင့်အသစ်လေး ယဲ့ဟွာ ဟာ သူ့၏နေရာကို ခြိန်းခြောက်သလို ဖြစ်နေခဲ့ပြီး လက်မခံလို့ မရတဲ့ ယဲ့ဟွာရဲ့ လှပမှုဟာ သူမအဖို့ မျက်စိဆံပင်မွှေးစူးနေသည်နှယ်။
တစ်နေ့တစ်ခြားကြည့်မရဖြစ်လာသည်။
ထို့အပြင် မိုယွီသခင်မကိုယ်တိုင်က ယဲ့ဟွာကို ထိန်းကျောင်း သင်ကြားပေးသည်မို့ ပိုလို့တောင် မနာလိုစရာ ..
"အဲ့တစ်ယောက်က ဘာတွေများကောင်းနေလို့လဲ...သေချာကြည့်ရင် ငါကတောင် ပိုရှိသေး"
သူမ ပြောနေသည်မှာ မိန်းကလေးတို့၏ အမို့မောက်နေရာဖြစ်သော တင်ပါး နှင့် ရင်သား တို့ကို ဆိုလိုခြင်း။
မိန်းကလေးတစ်ယောက်နှင့် ယောက်ျားလေးတစ်ယောက်ယှဉ်လျင် သေချာပေါက် မိန်းကလေးက ပိုရှိတာ သဘာဝပင်။ သို့သော် ယုလန်ဟာ ယဲ့ဟွာ က ယောက်ျားလေးမှန်း မသိသည့်အတွက်ကြောင့် အသေးဖွဲလေးကအစ ယှဉ်ပြိုင်ကာ မနာလို၏။
သို့သော် ယဲ့ဟွာ ဆိုသူဟာလည်းယောက်ျားလေးတန်မဲ့ ရင်ဘတ်နေရာဟာ အနည်းငယ်မို့မောက်ကာ အနောက်က မက်မွန်လုံးလေးဟာလည်း ကျစ်ကျစ်လုံးလုံးနှင့် ချစ်စဖွယ်ကောင်းလှသောကြောင့်ပင် မိန်းကလေးမဟုတ်ဟု တော်ရုံသတိမထားမိခြင်းပင်။
.
.
ယုလန် အလှပြင်နေရင်း ယဲ့ဟွာ ဟာ လက်ထဲ၌ ပြောင်ပြောင်လက်လက်နှင့် လှပလှသော အဝတ်စားတို့ကို တစ်ပွေ့ပိုက်ရင်း အနားရောက်လာချေ၏။
"ယုလန် မိန်းကလေး အတွက် အဝတ်စားတွေရပါပီ"
ယုလန်ဟာ ပန်းဆံထိုးတစ်ခုကို ပန်ဆင်ရင်း..
"အဲ့နားမှာ ထားခဲ့လိုက်..အော် ပြီးတော့.. ဒါလေးတွေပါယူသွား"
ယဲ့ဟွာ ကြည့်လိုက်တဲ့အခါ.. မလျှော်ရသေးသော အဝတ်စားများပင်.. ၎င်းအပြင် အဝတ်စားများ၌ မိန်းမ လစဉ် ဓမ္မတာသွေးများဟာ ပေစွန်းနေသေး၏။
ယဲ့ဟွာ ကြောင်ငန်းငန်းဖြင့်ပြောလိုက်သည်..
"ဒါတွေက.."
ယုလန်ဟာ အလှပြင်ခုံမှ ထကာ..အဝတ်စားများကို ယဲ့ဟွာလက်ထဲကို ပစ်ထည့်ပေးပြီး
"လျှော်ပေးနော်.. တို့က ဖျော်ဖြေရဦးမှာမို့လေ.. ဒါမျိုးတွေက..မင်းလို အစေခံတွေကပဲလုပ်ရမှာဟုတ်?"
ယဲ့ဟွာက ဘာမှ ပြန်မတုန့်ပြန်ခဲ့ပေ။ သူဟာ တရားဝင် ကချေသည်မဖြစ်သေးသလို... အစေခံဆိုတာလည်း မမှားပေ။ သူဟာ မိုယွီ ထံတွင် ကျေးဇူးဆပ်ရမည့်သူ။ မိုယွီဟာ သူ့ကို စောင့်ရှောက်ထားပြီး သူ့အား အကသင်ပေးသူ။
ဤကျေးဇူးတို့ကြောင့်ပင် သူဟာ တခြားမည်သည့်အရာကိုမျှအထွန့်မတက်ပဲ ခေါင်းငြိမ့်ခံရှာသည်။
လက်ထဲတွင် ထိုညစ်ပတ်နေသော အဝတ်စားတို့ကို ပွေ့ကာ ထွက်သွားသည့်ပုံကို ကြည့်ရင်း ယုလန် ဟာ ကျေနပ် အားရနေခဲ့၏။
.
.
သည်လိုနှင့် ယုလန်၏ အကောင်းဆုံး ဖျော်ဖြေတင်ဆက်မှုဟာ စတင်ခဲ့သည်။
လက်ခုပ်သြဝသတို့ ချီးမြှင့်ကြသော လူအုပ်ကြီးကြားတွင် သူမဟာ တောက်ပသော ပန်းတစ်ပွင့်နှယ် သို့သော် ဖျော်ဖြေတင်ဆက်မှုအလယ်သို့ရောက်တဲ့အခါ တစ်စုံတစ်ခုက ထူးဆန်းတယ်လို့ ခံစားလာရသည်။
လူတချို့က သူမအားကြည့်ရင်းရယ်နေကြသည်၊ တချို့က လှောင်ပြောင်နေကြသလို တချို့က အတင်းဖျင်းပြောနေကြသည်နှယ်၊
အကြောင်းရင်းမှာ သူမ ၏ စကပ်ဟာ ကပ်ကြေးညှပ်ရာတစ်ချို့ကြောင့် ပြဲကာ ချည်တစ်ချို့ဟာ ပုံပျက်ပန်းပျက်တွဲလောင်းကျနေခဲ့သည်ပင်။
အမြဲတမ်း အမှားမရှိ တင်ဆက်လေ့ရှိသော သူမ ဟာ ယခု လူပုံလယ်တွင် စကပ်ကွဲပြီး အရှက် ဗြန်းဗြန်းကွဲလေရသည်။ မျက်နှာများထူပူကာ သူမဟာ မငိုမိဖို့ ထိန်းထားရင်း ဘယ်သူ့လက်ချက်လဲဆိုတာ ကောက်ချက်ချနေခဲ့သည်။
သူမအား ဤ ကပ်ကြေးဖြင့်ညှပ်ထားသော အဝတ်စားကို လာပေးတာ ယဲ့ဟွာ မဟုတ်ပါလား?
.
.
တဖက်တွင် ယဲ့ဟွာ ဟာ အမျိုးသမီး ဓမ္မတာများပေကြံနေသော အဝတ်စားများကို လျှော်ဖွတ်လို့နေသည်။ သူဟာ ဘာမှသိပုံမပေါ်၊
ခနကြာတော့ ဆူဆူညံညံ အသံများကြားလာရသည်
"ယုလန်..ယုလန် စိတ်ထိန်းပါဦး"
"ဘယ်မှာလဲ..အဲ့ အောက်တန်းစား ကောင်မ"
ယဲ့ဟွာ အဝတ်လျှော်နေသော နေရာသို့ရောက်လာသော မိန်းကလေးတစ်အုပ်စု၊ ယုလန်ကတော့ ဦးဆောင်ထားသည်ပင်။
ယဲ့ဟွာကလည်း လက်ထဲက အဝတ်ကို ခနချပြီး ယုလန်ကို နှုတ်ဆက်လိုက်သည် ..သို့သော် ယုလန် ဘက်က ကောင်းသော နှုတ်ဆက်ခြင်းမဟုတ်ခဲ့။
"ဖြောင်း!!!!!"
ယုလန်ရဲ့ လက်ဖဝါး အရာ ဟာ ယဲ့ဟွာရဲ့ ပါးပြင်ထက် နီရဲကာ သွေးချေဥသည်အထိ စွန်းထင်းသွားစေပြီး၊ အမျက်ဒေါ်သနောက်က လိုက်လာသော ပြင်းပြလွန်းသည့် အားကြောင့် ကြမ်းပြင်သို့ ခွေခနဲပါ လဲကျသွားခဲ့သည်။ ယဲ့ဟွာ က နားမလည်ခဲ့။
"မိန်း..မိန်းကလေး ယုလန်..ဘာလို့..အား"
ယုလန် ဟာ ယဲ့ဟွာရဲ့ ငွေရောင်ဆံပင်တွေကို ဆွဲဆောင့်ကာ ကိုင်လိုက်ပြီး လက်တစ်ဖက်က ကပ်ကြေးကို ကိုင်ထားလျက်..
"နင်..နင်မလား..ငါ့ အင်္ကျီတွေကို ကပ်ကြေးနဲ့ညှပ်ပြီး ငါ့ကို စောက်ရှက်ခွဲတာ...နင်မလား"
ယဲ့ဟွာ ဟာ ထိတ်လန့်ရှာကာ သူ မကျူးလွန်သော အရာတစ်ခုကို ပြန်ဖြေရှင်းချင်ခဲ့ပါသော်ညား ယုလန်ဟာ အခွင့်ရေးမပေးပဲ သူ့ဆံပင်ကို ဆောင့်ဆွဲရင်း အော်ဟစ်နေခဲ့သည်။
"လွှတ်..လွှတ်ပါ..ယဲ့ဟွာ မလုပ်ရပါဘူး.."
ယုလန်လက်ထဲက ကပ်ကြေးဟာ ယဲ့ဟွာရဲ့ ဆံပင်များကို ဖြတ်လုနီးပင်
"စောက်ပါးစပ်ပိတ်ထား..ရိုးသားချင်ယောင်ဆောင်နေတဲ့ကောင်မ..နင့် ဆံပင်တွေကို ငါပြန်ညှပ်ပစ်မယ်"
ကူရာမဲ့သော ယဲ့ဟွာ ဟာ ဘာမှ ပြန်မလုပ်နိုင်ခဲ့။ သူဟာ သူ့အား ထိပါးလာသော ယောက်ျားတစ်ယောက်ကို ဓါးမြှောင်ဖြင့် ရွယ်ရဲသော်ညား..ဤ မိန်းကလေးများကိုတော့ မရဲဝံ့ပါ။
ထိုသူတို့ဟာ ရှန်းယွီ ဆောင်ကြာမြိုင်၏ မျက်နှာများ မျက်နှာဖုံး အလှလေးများဖြစ်ကြ၏။ သူတို့ကို ထိခိုက်အောင်လုပ်လို့မဖြစ်။ ထိုသူတို့ကသာ သူ့ကို ထိခိုက်အောင်လုပ်နေသည်ပင်၊
ကပ်ကြေးရဲ့ အသွားများဟာ ယဲ့ဟွာ၏ ဆံနွယ်များကို မထိခင်စဲစဲ
"အဲ့တာဘာလုပ်နေတာလဲ..ချက်ချင်းလွှတ်လိုက်စမ်း!!"
မိုယွီရဲ့ အော်ဟောက်လိုက်မှုကြောင့် ယုလန်လက်ထဲက ကပ်ကြေးဟာ လွတ်ကျသွားပြီး..
"မို..မိုယွီ သခင်မ.."
ရုန်းစုရုန်းစု ကြည့်နေကြသော မိန်းကလေးများဟာ မိုယွီရောက်လာတဲ့အခါ အသီးသီးဖယ်ကုန်၏။
ကြမ်းပြင်၌ဒူးထောက်လျက်ရှိသော ယဲ့ဟွာ ဟာ
" မိုယွီ သခင်မ..ယဲ့ဟွာ..ယဲ့ဟွာ တကယ် မလုပ်ရပါဘူး.. ယဲ့ဟွာပြောတာ ယုံပေးပါ.. ယဲ့ဟွာ မလုပ်ရပါဘူး
မိန်းကလေး ယုလန်ရဲ့ အဝတ်စားတွေကို မညှပ်ခဲ့ပါဘူး"
ထိုကလေးရဲ့ ဒူး၂ဖက်က ကတုန်ကရင် ထောက်လျက်သား..ဆံပင်များဟာ တစ်စုံတစ်ယောက်ရဲ့ ဆောင့်ဆွဲမှုကြောင့် လုံးထွေးကာ နီရဲနေပါသော ပါးပြင်က .. ဘယ်လောက်တောင် စော်ကားခံထားရရှာလဲ သိပ်သိသာလွန်းသည်။
ယုလန်ဟာ အော်ဟစ် ပြန်သည်
"နင် လိမ်မနေနဲ့..နင်လုပ်တာ ငါသိတယ်..သခင်မ..သူ ယုလန် အဝတ်တွေကို တမင်ညှပ်ပစ်ခဲ့တာ"
"တိတ်စမ်း!!!!"
မိုယွီတစ်ချက် အော်လိုက်ပြီးနောက် ယုလန် အနားကို လျှောက်သွားလိုက်ပြီး
"ဖြောင်း!!!!"
"သ..သခင်မ"
"ဖြောင်း!!!!!"
၂ချက်မြောက်ပြီးတဲ့နောက် ယုလန်ဟာ အသံမထွက်ရဲပါတော့ချေ။ အသားများတစ်ဆက်ဆက်တုန်ကာ သူဟာ သူများပါးတစ်ဖက်ကို ထိခိုက်ခဲ့သည့်အခကြေးအနေနှင့် သူမ ၏ ပါးနှစ်ဖက်ကို ပြန်ပေးဆပ်လိုက်ရ၏။
မိုယွီက ပြောလာသည်။
" မင်း ခုနက ရိုက်လိုက်တဲ့ပါးက ရှန်းယွီ ဆောင်ကြာမြိုင်ရဲ့ မျက်နှာဆိုတာ မသိတာလား.. ဟမ်!!!
သူ ဘာလို့ မင်းကို ပြန်မတုန့်ပြန်လဲ သိလား?
မင်းက ရှန်းယွီရဲ့ အရေးပါဆုံး မျက်နှာတစ်ခုမို့ပဲ..
ဒါတောင် မင်းက သူ့ကိုလုပ်ရဲတယ်..
အခု မင်းပါးပေါ်က ဒဏ်ရာဟာ မင်း ရှန်းယွီရဲ့ ပန်းတစ်ပွင့်ကို ထိခိုက်စေခဲ့တဲ့ အတွက် ပြစ်ဒဏ်ပဲ
ကြားလား"
ထို့စကားပီးသည့်နောက် ယုလန်ဟာ ရှက်ရွံ့ခြင်းကြောင့် ငိုကာ ထွက်ပြေးသွားခဲ့သည်။
မိုယွီဟာ ယဲ့ဟွာကိုလည်း အခန်းတွင်ပြန်နားဖို့ပြောခဲ့ပြီး လူအုပ်စုအသီးသီးကလည်း အလျှိုလျှိုအနောက်ဆုတ်သွားကြသည်။
သို့သော် မိုယွီ သည် သတိထားမိခဲ့ပါ၏။
ယုလန် ပြေးသွားပြီးနောက် ထိုလူအုပ်ထဲတွင် ကျေနပ်ကာ ရယ်ပြုံးနေခဲ့သော သူတစ်ယောက်ရှိနေခဲ့သည်ကိုပင်။
ထိုသူကမှ ယုလန်၏ အဝတ်စားများကိုညှပ်ကာ ယဲ့ဟွာအားခြောက်ချခဲ့သူပင်ဖြစ်ချေတော့သည်။
.
.
**ဘုရင့် နန်းဆောင်**
~~~ဘေးပတ်လည်း ပိတ်မှောင်ကာ ယန်းလုဝမ် ရဲ့ ခန္ဓါကိုယ်ကတော့ မီးတောက်များဖြင့် တောက်လောက်နေခဲ့သည်~~~
သူဟာ ပူလည်းမပူပါသလို..အေးချမ်းခြင်းလည်းမရှိပါပေ
အဆုံးမရှိသောလမ်းကို လျှောက်လှမ်းနေခဲ့ပြီး .. ဘယ်ကိုဦးတည်နေခဲ့မှန်းလဲ မသိ..
ထိုစဉ်ရုတ်တရက် သူ့မျက်စိရှေ့တွင် ပန်းလေးတစ်ပွင့်ဟာ တောင်ပစွာ ပွင့်လန်းနေ၏။
ဦးတည်ရာမဲ့သော ခြေလှမ်းများဟာ ရုတ်တရက်ထို ပန်းကလေးစီသို့ လျှောက်လှမ်းနေခဲ့ကာ ယန်းလုဝမ်ဟာ ဘယ်ကမှန်းမသိရောက်လာသော ဆာလောင်မွတ်သိပ်မှုများကြောင့် ခေါင်းတွေမူးဝေလာသည်..
နှင့်တစ်ပြိုင်နှက် ပတ်ပတ်လည်တွင် မြည်ဟီးလာသော အသံနက်ကြီးတစ်ချို့
"ပန်းတစ်ပွင့်...မီးကို ငြိမ်းသတ်မယ့် ပန်းတစ်ပွင့်..
မီးကို ငြိမ်းသတ်မယ့် ပန်းတစ်ပွင့် "
ယန်းလုဝမ်ဟာ ထိုအသံများရဲ့ ပဲ့တင်ထပ်သံများကြောင့် ဆူညံကာ ရုတ်ချည်း မျက်လုံးများပွင့်လာချေတော့သည်။
တိတ်ဆိတ်သော အခန်းကျယ်နှင့် ပြတင်းပေါက်က တိုးဝင်နေသော လေပြေလေးများ.. သူဟာ ခမ်းနားသော ကုတင်ကြီးပေါ်တွင် ထထိုင်လိုက်သည်။
စောနက အရာသည် အိမ်မက် တစ်ခုပေလော။
အခန်းတွင်းက လှုပ်ရှားသံ တစ်ချို့ကြောင့် အပြင်က လူက မေးလာသည်။
"နိုးတော် မူပြီလား အရှင်လုဝမ် , ရေနွေးကြမ်းလေး သုံးဆောင်မလား ဘုရား"
ယန်းလုဝမ် ဟာ မျက်ခုံး၂ခုနေကြားကို လက်ဖြင့်နှိပ်နှယ်ရင်း ..
"အင်း..ဝင်ခဲ့"
ထိုအခါ ရေနွေးကြမ်း နှင့် သရေစာ မုန့်အချို့ပြင်ဆင်ထားသော ဗန်းကို ကိုင်ဆောင်ကာ တရိုတသေ ဝင်လာသော ကုန်းကုန်း၊
အရှင် လုဝမ် ရဲ့ စားပွဲခုံပေါ်တွင် တည်ခင်းပေးပြီး
" သုံးဆောင်လို့ရပါပြီ အရှင်"
ခါးစည်းကြိုးဖြည်ထားသော အပေါ်ဝတ်ရုံကိုသာ ဝတ်ဆင်ထားတဲ့ ယန်းလုဝမ်ဟာ...ရေနွေးကြမ်းကို စိတ်ကြိုက်ငှဲ့ကာ တစ်ခွက် မော့ချလိုက်၏။
ခေါင်းအနည်းငယ်ရှင်းသွားသလို ခံစားရပြီးတဲ့နောက်..
" ရှောင် ကုန်းကုန်း"
ကုန်းကုန်း က ခေါင်းတစ်ချက်ငုံကာ အရိုသေပေးလျက်
"မိန့်တော်မူပါ အရှင်"
ယန်းလုဝမ်ဟာ ကုန်စင်နေသော ရေနွေးကြမ်းခွက်ရဲ့ နှုတ်ခမ်းဘောင်ကို လက်ဖြင့်ပွတ်သပ်ဆော့စကားရင်းပြောသည်၊
"ကိုယ်တော် ဒီရက်ပိုင်း ထူးထူးဆန်းဆန်းအိမ်မက်တွေ ခဏခဏမက်တယ်"
ထိုစကားကိုကြားတဲ့ အခါ ရှောင် ကုန်းကုန်း ဟာ စိတ်ထဲတင်းကျပ်သွားမိသည်။
အဘယ်ကြောင့်ဆိုသော် ဘုရင်ဟာ "ကိုယ်တော် အိမ်မက် မက်တယ်" ဟု ပြောပြီးသည်နှင့်
သူ၏ အိပ်စက်မှုကို နှောက်ယှက်သော မည်သူမဆို အပြင်လူလောက၌ဖြစ်စေ သာမာန်လူမမြင်ရသော တစေ မကောင်းဆိုးဝါးပင် ဖြစ်စေ ဘုရင်ဟာ ချေမှုန်းသတ်ဖြတ်ပစ် တတ်၏။
ရှောင်ကုန်းကုန်းသည် ဤသည်ကို တိတ်တခိုးစိုးရိမ် မိပါသော်ညား ကြည့်ကောင်းအောင် ပြန်ပြောရသည်။
"အရှင့်ရဲ့ အိပ်စက်မှုကိုတစ်စုံတစ်ယောက်ကများ နှောက်ယှက်ပြန်လို့လား ဘုရား"
ထိုအခါ ယန်းလုဝမ် ဟာ ခပ်နှဲ့နှဲ့ ရယ်ကာ
"ဟဟ..ရှောင် ကုန်းကုန်းစိတ်မပူပါနဲ့..ဒီတစ်ခေါက်အိမ်မက် မက်တာ လူလည်းမဟုတ်သလို တစေလည်း မဟုတ်ဘူး..
..ပန်းတစ်ပွင့်.."
ရှောင်ကုန်းကုန်းသည် ဘုရင့်အား မသိမသာ အကဲခတ်မိတဲ့အခါ သူဟာ ထို ပန်းတစ်ပွင့် အကြောင်းကို ရယ်ကာ ပြောနေသည့်တိုင် ပန်းတစ်ပွင့်ဆိုလျင်တောင်မှ ထို ပန်း ကို မြေလှန်ရှာပြီး ချေမှုန်းချင်နေသည့် အရိပ်ရောင်က ရှိနေသေး၏။
သို့သော် ယန်းလုဝမ်ဟာ ယခင်ကလို သွေးမဆိုးခဲ့၊ ထိုအကြောင်းရာကို ကျော်သွားလိုက်ပြီး ရေနွေးကြမ်းနောက်တစ်ခွက်ငှဲ့ချိန်၌.. တခါးခေါက်သံကို ကြားလိုက်ရသည်။
"ကျွန်တော်မျိုး ယီ အမတ်ပါ"
ဘုရင်ဟာ ရေနွေးနောက်တစ်ခွက်ကို မော့လိုက်ပြန်၏
"ထျန်းကုန်းက ဧည့်သည်တွေကို ဧည့်ခံဖို့ ဘယ်လိုလဲ"
ယီ အမတ်က အရိုသေပေးလျက်
"ရှန်းယွီလို့ခေါ်တဲ့ ဆောင်ကြာမြိုင်တစ်ခုကို ရွေးထားကြောင်းပါ..
ဆောင်ကြာမြိုင်လို့ ဆိုပေမယ့် သူက ဟုန်ရီရဲ့ အထင်ကရ အကောင်းဆုံး တည်းခိုဆောင်လည်း ဖြစ်ပါတယ်..
ပန်းအလှတွေ စုစည်းနေပြီးတော့ ကူးသန်းသွားလာရေး ဧည့်သည်တိုင်းရဲ့ အာရုံကို ဖမ်းစားနိုင်တဲ့ နေရာတစ်ခုမို့
(ဤနေရာမှာ ပန်းအလှဆိုတာ မိန်းကလေးတွေကို တင်စားသုံးနှုန်းလိုက်ခြင်းပါ)
ထျန်းကုန်းတိုင်းပြည်က လာမယ့် ကိုယ်စားလှယ်တွေကို ထိုနေရာမှာ တည်းခိုင်းပြီး တည်ခင်းကျွေးမွေးတာ သင့်လျှော်ကြောင်းပါ အရှင်"
ယန်းလုဝမ် ဟာ တာဝန်ဝတ္တရား အရမို့သာ မေးမြန်းရာ၏။ သူဟာ ထို ပျော်မွေ့ဖွယ်ရာများတွင် စိတ်ဝင်စားခြင်းမရှိသလို ခေတ္တလာရောက်နေထိုင်မည့် တိုင်းတစ်ပါးက ကိုယ်စားလှယ်များအတွက် ဧည့်ဝတ်ကျေစေရန် အတွက်သာ၊
သို့ရာ.. "ပန်းအလှတွေ စုစည်းနေသည်" ဟူသော နေရာတွင် အရှင်ဘုရင်ဟာ မျက်ခုံးလေးတစ်ချက်ပင့်မိ၏။
ဤသည်မှာ ဘုရင်ဟာ မိန်းမလှတို့နှင့်အိပ်စက်ခြင်းကို ကြိုက်နှစ်သက်သောကြောင့်လည်းမဟုတ်သလို..ဘုရင် ယန်းလုဝမ်နှင့် တစ်ညတာ ကုန်ဆုံးဖူးသည့် မိန်းကလေးဟူသည်လည်း သည်နေ့ သည်အချိန်ထိမရှိ၊
သူဟာ စိတ်ဆက်၏။
သတ်ခြင်းဖြတ်ခြင်း နှင့် စစ်ပွဲတို့မှလွဲရင် အပျော်လိုက်စားခြင်းကို သဘောကျနှစ်သက်သူ မဟုတ်၊
ဒါ့အပြင် သူ့အောက်က ပစ္စည်း၂ခုဟာလည်း အခြားအိန္ဒေမြဲ့ ခပ်ပေါ့ပေါ့ယောက်ျားတို့လို အမမြင်တိုင်း အဖိုသတ္တိကြွတတ်သူမျိုးလည်းမဟုတ်ရချေ။
သို့ပေတိ..ယန်းလုဝမ်ဟာ လောလောလက်လက် မက်ထားသော အိမ်မက်ကြောင့် "ပန်း" ဟူသည့် အသုံးနှုန်းကို ကြားတဲ့အခါ မျက်ခုံးလေးတော့ တွန့်မမိပဲ မနေနိုင်။
ဤသည်မှာ တိုက်ဆိုင်မှုပေလော။ သို့မဟုတ် သူရှာချင်သော ပန်းလေး ဟာ ပန်းတွေကြားထဲ၌ ရောယှက်နေသော တစ်ပွင့်တည်းသော ပန်းကလေး ပေလော။
အရှင်ဘုရင်၏ စိတ်ထဲတွင် ဗဟေဠိ ဒွိဟ များဟာ ဖြစ်တည်လို့နေခဲ့သည်။
သူ၏ရင်ထဲတွင် ခါတိုင်းထက် စူးစမ်းချင်စိတ်လေးဟာ ဖြစ်တည်လို့နေခဲ့၏။
"ရှန်းကုန်းကုန်း.. ကိုယ်တော့်အတွက် အရပ်သား ဝတ်စုံပြင်ဆင်ထားပေး"
ထိုစကားကိုကြားတဲ့အခါ ရှန်းကုန်းကုန်းနှင့် ယီအမတ်တို့ဟာ ကြောင်ငိုက်သွားကြသည်။
"အရှင့် အလိုတိုင်းပါ"
.
.
ပိတုန်းရောင်နက်မှောင်သော ဆံသားတို့ကို တစ်ဝက်စည်းနှောင်ထားကာ..ရွှေချည်ပန်းကနုတ်များပုံဖော်ထားသည့် အနက်ရောင်ဝတ်စုံနှင့် ဘွတ်ဖိနပ် အရှည်ကို ဝတ်ဆင်ထားသည်မှာ, အရှင်ဘုရင်ဟာ လွန်စွာ ခန့်ညားပြည့်စုံလှသည်
မျက်နှာကို ဖုံးကွယ်ဖို့ရန် ပဝါအနက်ရောင်များ လွှာချထားလေသော ခမောက် ကို ခပ်ငိုက်ငိုက် စောင်းလိုက်ပြီးနှင့်
"အရှင်.. တကယ်ပဲ ကိုယ်ရံတော် မလိုဘူးလား"
ယန်းလုဝမ် ဟာ ရှောင်ကုန်းကုန်းကို စကားပြန်ခနဲ့လိုက်သည်၊
" ကိုယ့်တော်အတွက် ဒါတွေမလိုတာ အသိသာကြီးကို ရှောင်ကုန်းကုန်း မေးရဲတယ်နော်"
ဘုရင်ဟာ တစ်ယောက်တည်း လွတ်လွတ်လပ်လပ် ခရီးသွားရတာ ကြိုက်နှစ်သက်သူပေ၊ လွတ်လွတ်လပ်လပ်လည်း သတ်ဖြတ်တတ်၏။
ထို့ကြောင့်ပင် ရှောင်ကုန်းကုန်းက အပြစ်မရှိ ပြည်သူများ ယန်းလုဝမ် ၏ ဓါးစာ မဖြစ်ရလေအောင် ဘေးက အထိန်းအစောင့် တစ်ယောက်တော့ ထည့်ပေးချင်ပါ၏၊
သို့သော် ဘုရင့်၏ အပြောကြောင့်အထွန့်မတက်ရဲခဲ့ပါပေ။
အကယ်လို ဘုရင်ဟာမြို့ထဲသို့ ရုပ်ဖျက်သွားလားရင်း လူထပ်သတ်မိလျင် ပြည်သူ့ရပ်ကြားထဲ တအုံးအုံး တကြွကြွဖြစ်ဦးမည်။
စဉ်းစားနေစဉ်
"ဟျား..!!.."
ဘုရင်ဟာ သူ၏ စီးတော်မြင်းကို တစ်ချက်ကန်ကာ ထွက်သွားခဲ့တော့၏။
.
.
ကောင်းကင်တွင် မျက်ခုံးစ လခြမ်းဟာ နေရာယူနေလေကာ ယန်းလုဝမ်ဟာ ရှန်းယွီ ဆောင်ကြာမြိုင်ကို ရောက်လာခဲ့သည်။
မူးရူး သောက်စားနေသော သူများနှင့် ကပြဖျော်ဖြေနေသော ဇာတ်ဆင်တစ်ခု..သို့သော် အခြေနေက ဖရိုဖရဲ..
မိန်းကလေးတစ်ယောက်ဟာလည်း ငိုယိုရင်း ထွက်ပြေးသွားတာကို မြင်လိုက်ရ၏။
"အမတ်ယီ ငါ့ကို လိမ်နေတာလား.. အကုန် ဖရိုဖရဲနဲ့..သင့်တော်တာ တစ်ခုမှကို မရှိဘူး"
ဘုရင်ဟာ ညည်းတွားရင်း အခြားနေရာများကို ဆက်လက် လျှောက်ကြည့်နေသည်။
အမှန်က သူတွေ့လိုက်ခြင်းမှာ မိုယွီထံမှ အဆူခံလိုက်ရသော ယုလန်ပင်။
တစ်ဝက်တစ်ပျက် ပွဲအခမ်းနားကြောင့် ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြတဲ့ ယောက်ျားတွေနဲ့ ဆူညံသံတွေ..
ဘုရင်ဟာ ရက်မှား၍ ရောက်လာခဲ့သည်။
ယနေ့၌ပင် ရှန်းယွီ ဆောင်ကြာမြိုင်ရဲ့ ဗရုတ်သုတ်ခ မြင်ကွင်းကို မြင်လိုက်ရ၏။
.
.
အနက်ရောင် ခမောက်စောင်းထားသော အရှင်ဘုရင်ကြောင့်ပေးလား..လမ်းတည့်တည့်မလျှောက်နိုင်သော အရက်သမားကြောင့်ပေလား
သေရည်ပုလင်းဟာ ယန်းလုဝမ်ရဲ့ အနက်ရောင်ဝတ်ရုံထက်ဝယ် သွန်မှောက်ကျကုန်ပြီး ခမောက်ဟာလည်း တိုပြုတ်ကျသွားသည်။
စိတ်ရှိတိုင်းဆို ဘုရင်ဟာ ထိုလူရဲ့ လက်ကို တစ်က္ကန့်တွင်း ဖြတ်ပစ်လိုက်မည်ပင်။
သို့ရာ မျက်နှာမမြင်စေချင်တာကြောင့် လေအဟုန်နှယ် ရုတ်ချည်းပျောက်ကွယ်သွားသည်။
သူနှင့် တိုက်မိသော အမူးသမားဟာပင် သူဟာ မည်သူနှင့်တိုက်မိသလဲ မသိလိုက်ပါ၊
ကြောင်ငိုက်ငိုက်ကျန်ခဲ့ရှာ၏။
.
.
"ဒါကရော ဘယ်နေရာလဲဟ"
ဆောင်ကြာမြိုင်ကို ခိုးဝင်သည့် ဘုရင် ဟူသော အသံမကြားချင်တာကြောင့်ပင် ယန်းလုဝမ်ဟာ စောနက လူအုပ်ကြားထဲမှ အစွမ်းဖြင့် အလျှင်မြန် ထွက်လာခဲ့သည်။
ယခုနေရာဟာ ခုနကလောက် လူအုပ်ကြီးလည်းမရှိသလို တိတ်ဆိတ်နေသော အိမ်အဆောင်လေးများတန်းစီနေပြီး
.
အရှင်ဟာ သူ့ခန္ဓါကိုယ်ပေါ်က သေရည် ရနံ့ကြောင့် အဝတ်စားများပင် ချွတ်ပစ်ချင်လှသည်။
လူမရှိဘူးဆိုတာ သေချာသော အဆောင်တစ်ခုကိုရွေးကာ ဝင်သွားခဲ့ပြီး သူ၏ အဝတ်စားများကို ဖယ်ရှားလိုက်တော့၏။
ထို့နောက် စီးတော်မြင်းကိုခေါ်ရန် ဝစီချွှန်ဖို့ နှုတ်ခမ်းပြင်လိုက်စဉ်..
"မလှုပ်နဲ့..ခင်များ ဘယ်သူလဲ"
မှောင်မိုက်နေသော အခန်းထဲဝယ် ပျံ့လွင့်လာသောအသံတစ်ခု။
အရှင်ဘုရင်ဟာ ငြိမ်ပေးနေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူ၏ လည်ပင်းပေါ်တွင် သွယ်စင်းသော ဓါးမြှောင်တစ်ခုဟာ နေရာယူနေလေပြီ။
အမှောင်ထဲကသူက ထပ်မေးသည်။
"ခင်များ ဧည့်သည်ဆိုရင် ဧည်သည်ဟာ ပင်မ ဝင်ပေါက်ထွက်ပေါက် ကပဲ ထွက်ရမယ်..အဲ့လိုမှမဟုတ်ရင်တော့ ခင်များရဲ့ ဝိဥာဉ်ကပဲ အိမ်ပြန်ခွင့်ရှိလိမ့်မယ်"
ယန်းလုဝမ် ဟာ ပြုံးမိသည်။
ထိုသူဟာ ဤဘုရင်၏ အသက်ကိုခြိန်းခြောက်နေသည် မဟုတ်ပါလား။
ဘုရင်ဟာ ယခင်ကလို ၁စက္ကန့်အတွင်း အခြားနေရာတစ်ခုသို့ ချက်ချင်း သွားနိုင်၏။ သို့သော် သူငြိမ်ပေးနေခဲ့သည်က တစ်ခုခုဟာ ထူးဆန်းနေပေလို့ပင်။
အာရုံငါးပါးဟာ လူသားတစ်ယောက်ထက် သာလွန်သော ယန်းလုဝမ်ဟာ အဝေးက အသံတွေကိုပင် အာရုံခံနိုင်သလို သူ့အနီးနားတွင် လူလား တစေလား ဟူသော အရာကိုလည်း တပ်အပ်သိနိုင်၏။
ထို့ကြောင့် သူဟာ အာရုံဖြန့်ကျက်ပြီး လူမရှိသော အခန်းကို ဝင်လာခဲ့ခြင်းပင်။
သို့ရာ ယခုသူ့အား ခြိန်းခြောက်နေပါသော လူသားဟာ အဘယ်ဘုံက ရောက်လာပေလိမ့်?
အထက်ဘုံရော အောက်ဘုံသားရော မဟုတ်သလို အခန်းထဲဝင်လာတုန်းက ထိုသူရှိနေသော အငွေ့သက် တစ်ခုမျှ မခံစားရ။
ဘုရင်ဟာ သတိပေါ့လျော့ခဲ့သည်ပေလော။
သို့မဟုတ်... သူမသိနိုင်အောင် အစီရင်တစ်ခုကို တားထားပေသလော။
အခန်းတွင်းကို ဝေ့ဝဲ ကြည့်လိုက်စဉ် မှော်အစီရင်ဟူသော အရာလည်းမတွေ့ရ။
(ဒါဆို ... ခန္ဓါကိုယ်ပေါ်မှာလား)
.
.
**လွန်ခဲ့သော တစ်နာရီခန့်က**
ယဲ့ဟွာဟာ ယုလန်နှင့် ပြသနာ တတ်ပြီးသည့်နောက် မိမိအခန်းသို့ပြန်သွားခဲ့သည်။
စိတ်ညစ်နေမိသောကြောင့်ပင် အခန်းသို့ရောက်တဲ့အခါ မီးမထွန်းပဲ အမှောင်ထဲတွင် တိတ်တခိုး ငိုနေမိခဲ့၏။
ရှုပ်ပွနေသော သူ့ဆံပင်များသူပြန်ကိုင်ရင်း ဆွဲယူလိုက်တဲ့အခါ ကျွတ်ပါလာသော ငွေရောင်ဆံနွယ်များ
၎င်းတို့မှာ ယုလန်လက်ချက်ပင်။
ထိုစဉ် ရုတ်တရက် အခန်းထဲသို့ ဝင်လာသော ယောက်ျားတစ်ယောက် မစီမဆိုင် အဝတ်စားများချွတ်ကာ ယဲ့ဟွာရှိနေတာကိုလည်း သိပုံမရ။
ယဲ့ဟွာသည် ငိုထားသော မျက်ရည်များကိုပင် သုတ်လိုက်ကာ အင်္ကျီအိတ်ထဲက ဓါးမြောင်လေးကိုထုတ်လိုက်ပြီး ထိုသူ၏ လည်ပင်းကို အသာစီးယူကာ ထောက်ထားခဲ့တော့သည်။
ထိုယောက်ျားဟာ ဘုရင်ယန်းလုဝမ်ပေ။
ရှင်းလင်းစွာမမြင်ရစေသော အမှောင်ထုကြောင့် ယဲ့ဟွာဟာ ဘုရင့် အသက်ကို တရဲတဝံ့ခြိမ်းခြောက်ခဲ့၏။
သို့သော် အင်အားပိုကြီးသော တစ်ဖက်က သူ့အား ပြန်လည်းအုပ်မိုးလာကာ..ယခင်က မုဆိုးဟာ သားကောင်ပြန်ဖြစ်ကာ .. ယခင်က သားကောင်ကတော့ မုဆိုးပြန်ဖြစ်ခဲ့သည် ။
အေးစက်သော လက်တစ်ဖက်ဟာ သူ၏ ခန္ဓါကိုယ်ပေါ်တွင် ပိုင်စိုးပိုင်နိုင်ပွတ်သပ်နေခဲ့သည့်အလျှောက်... အင်္ကျီခါးစည်ကြိုးကိုလည်း ဖြည်လိုက်ပြီး..ပေါင်ကိုဆွဲမလိုက်သည်။
သွယ်စင်းသောယဲ့ဟွာရဲ့ ပေါင်တံဟာ တစ်ဖက်သူရဲ့ ခါးတွင် သဘာဝကျကျ တွယ်ချိတ်နေခဲ့၏။
ထိကပ်လုနီးပါးဖြစ်နေသော အတွင်းနေရာကြောင့် .. ယဲ့ဟွာဟာ အသည်းသန်းရုန်းကန်ပြန်လေတဲ့အခါ စိတ်ဆိုးမာန်ဖြင့် ပြောလာသော တစ်ဖက်လူ၏ အသံ
" ငြိမ်ငြိမ်နေ.. ငါမင်းကို ဘာမှမလုပ်ဘူး"
သို့ရာ အောက်က အဆိုးလေးဟာ စကားနားမထောင်ပါ
ယဲ့ဟွာ ရဲ့ အသံက တခြားသူကို ကြားသွားစေလိမ့်မည်၊
ယန်းလုဝမ်သည် သူ၏ လက်တစ်ဖက်ဟာ ယဲ့ဟွာရဲ့လက်များကို ဖမ်းချုပ်ထားရသလို တစ်ဖက်ကလည်း ခန္ဓါကိုယ်က အစီရင်ကို ရှာဖွေနေရခြင်းကြောင့် လွတ်အားနေခြင်းမရှိသည့်တိုင်
သူဟာ ယဲ့ဟွာ အော်ဟစ်နေသော ပါးစပ်ကို ပိတ်ဆို့ချင်သောစိတ်ကြောင့် စိတ်မရှည်ပါတော့ပေ။
"လွှတ်..လွှတ်..လွှတ်လို့ပြောနေတယ်..လွှတ်...
အွန့်...!!!!!"
ယဲ့ဟွာရဲ့ မျက်လုံးများဟာ ဝိုင်းစက်သွားခဲ့သည်ထိ ထိတ်လန့်သွားရသည့်နောက်
သူ၏ နှုတ်ခမ်းဟာ အခြားသူရဲ့ သိမ်းပိုက်မှုအောက်ဝယ် အရည်ပျော်ကျမတတ်ကဲ့သို့ပင်။
.
.
.
The Night Flower : To be continued .
.
.
.
ချစ်ရသော ဒါဒါတို့ရေ Chapter 2 လေး မှာ ဘုရင်နဲ့ ပန်းကလေးတို့ စတွေ့ပါပီ
သဘောကျရင်..Vote ပေးဖို့လည်း မမေ့ခဲ့နဲ့နော်😘
သာသာ commission ကြားထဲကနေ မရရအောင် ရေးပြီး up ပေးနေတာမို့ The Night Flower လေးကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးဗျာ🥺
Update ပုံမှန်တင်မယ့် ရက်တော့ မသတ်မှတ်နိုင်သေးပေမယ့်.. ၁ပတ်တွင်း ၂ပတ်လောက်တော့ အနည်းဆုံးရအောင် updateပေးနိုင်ဖို့ ကြိုးစားနေပါတယ်။
ကဲ See u in next update ပါ❤