⚠️(Blood violence and sexual warning)
.
.
"အားး...မီးဗျို့..ပြေး...ပြေးကြ "
တော်ဝင်နန်းတော်တစ်ခုလုံးဟာ အနီရောင်လွှမ်းလျက်
ပူပြင်းစွာတောက်လောင်နေသော မီးတောက်မီးလျှံများဟာ ငရဲပင်လယ်သကဲ့သို့ပင် အတိဖုန်းလွှမ်းနေခဲ့၏။
မာရသွန်အပြေးသမားတောင် မလွတ်မြောက်နိုင်တဲ့ ထိုငရဲမီးတို့ဟာ ပြေးလွှားနေသောလူသားတို့ရဲ့ ခြေထောက်ကို အလျင်အမြန် သက်ရှိ အနွယ်များဟန် ရစ်ခွေကာ ဖမ်းဆွဲပြီး အသွေးအသားတို့သာမက အရိုးအရေပါ မကျန် လောင်မြိုက်စေသည်။
ကြီးမြတ်လှသော တော်ဝင်နန်းတော်ဆိုသည်မှာ ယခုအချိန်တွင် ငရဲအသွင် လုံးလုံးပြောင်းလဲသွားရချေပြီး ကြက်သီးဖြန်းဖြန်းထစရာကောင်းသော အသံနက်ကြီးများက အလုံးရင်း အော်ဟစ်ကြကုန်၏။
ယောက်ျားသည်လား မိန်းမသည်လား ဝေခွဲမရအောင်ပင် အာခေါင်ကုတ်ခြစ်အော်ဟစ်သံတို့မှာ ပူလောင်နာကျင်မှုတို့မှ အသည်းသန် ထွက်ပြေးရုန်းကန်နေကြရသည့်အလား.. သို့သော် လွတ်မြောက်ခြင်းဟူသည်
မရှိ။..ထိုသူတို့ဟာ မဲညစ်သော ပြာ များအသွင်သာ ပြောင်းလဲကုန်ကြလေပြီ။
ရေကြီးလျင် မီးမနိုင်..မီးကြီးလျင် ရေမနိုင် ဆိုသကဲ့သို့ မည်မျှပင် ငြှိမ်းသတ်စေကာမူ.. ရေဟူသမျှ အငွေ့ပျံခဲ့ရုံသာ ..မိုးကောင်းကင်ထိတိုင်တောက်လောင်သော မီးတောက်ကြီးများက ငြိမ်းသေသွားခြင်းမရှိခဲ့။
ဘုရင်အိုကြီးဟာ ကြမ်းပြင်တွင် တရွတ်တိုက်ဆွဲ တွားသွားရင်း ပြေးနေခဲ့၏။
သူအားလွတ်မြောက်အောင် ကူညီပေးမည့် အစေခံ၊ သက်တော်စောင့် နှင့် အစောင့်အကြပ် အမှူးမတ် မှန်သမျှဟာ.. သူ၏ဘေးတွင် မီးကျွမ်းကာ မဲပြာကျသွားသော မဲခြောက်ခြောက်ရုပ်အလောင်းများသာ။
တစ်ယောက်မှ အသက်ရှင်မကျန်ကြသလို ထိုသူတို့၏ မီးကျွမ်းနေသော လက်မဲမဲကြီးများက သူ့ထံသို့သာ ဆန့်တန်းနေလျက်..ပါးစပ်များက "မင်းကြီး" ဟူသော ဆန့်ငင်ငင် ငိုကြွေး သံတစ်ခုကို ပြုလုပ်နေသလို.. ဘုရင်ဟာ မီးလျှံများလက်မှ ပြေးနေရသလို ထို ကြောက်စရာ ရုပ်အလောင်းတွေထံမှလည်း တစ်နည်းတစ်ဖုန် ပြေးနေမိ၏။
မိမိရဲ့ အောက်ပိုင်းဘယ်ဘက်ခြေထောက်တစ်ဖက်က အတိပြတ်ကာ သွေးအလှိမ့်လှိမ့်စီးကျနေလျက်..သို့သော် ဘုရင်ဟာ မလျော့သော ဇွဲဖြင့် မီးလျှံတို့ ရုပ်အလောင်းတို့ထက် ပို၍ကြောက်စရာကောင်းသော တစ်စုံတစ်ခုစီမှ ထွက်ပြေးနေခဲ့သည်။
ရှိသမျှအင်အားအကုန် လက်ဖြားသို့ စုကာ ကြမ်းပြင်ကို ထောက်ထားရင်း တရွတ်တိုက်သွားနေသည်မှာ ဘုရင်ဟူသော ပုံရိပ်ကို လုံးဝပျောက်ကွယ်စေခဲ့ရာ ဘုရင်ဆိုသည်ထက် လမ်းဘေးက အလေအလွင့် သူတောင်းစားတစ်ဦး ခြေထောက်ပြတ်လို့ ခန္ဓါကိုယ်ကိုတစ်ရွတ်တိုက်ဆွဲလျက် တောင်းစားနေရသည့်ဟန်နှင့် ပိုဆင်တူသည်။ ဆံပင်များဟာ ဖွာဆုတ်လန်နေခဲ့သလို ဘုရင့်ရဲ့ ဂုဏ်ကျက်သရေအဖြာဖြာ ဖြစ်သော သရဖူ ခေါင်းအဆောင်းဟာလည်း မိမိမျက်စိရှေ့ လက်တစ်ကမ်းအကွာသို့ ပြုတ်ကျသွားခဲ့ချေပြီ။
မိုးကောင်းကင်တစ်ခုလုံးဟာ တိမ်အမဲများဖုံးအုပ်နေသည်မှာ မိုးနတ်မင်းဟာ နိုင်ငံ့ဘုရင်ရဲ့ ဤကဲ့သို့သော ပုံဆိုးပန်းဆိုးပုံကို မကြည့်ရက်နိုင်လို့ မျက်ကွယ်ပြုထားသည်နေမည် ဒါမှမဟုတ်.. တစ်စုံတစ်ခုကြောင့် မိုးနတ်မင်းဟာ ငုံကြည့်ဖို့တောင် မရဲဝံ့ခဲ့တာလည်းဖြစ်ပေလိမ့်မည်။
ဘုရင်ဟာ အသက်ဘေးလွတ်မြောက်ရန်ကြိုးစားနေစဉ်အချိန်မှာတောင်ပင် သူ၏လောဘများဟာ မကုန်စင်ခဲ့။
မျက်စိရှေ့လက်တစ်ကမ်းအလိုက ဘုရင့်ခေါင်းအဆောင်းကို လှမ်းယူချင်သေး၏။
သို့ပေတိ.. ထို အရာကို ရခါနီးအချိန်တွင်ပင် မျက်စိရှေ့က စိန်ကျောက် ရတနာများစီကားထားသော ခေါင်းအဆောင်းက ခြေထောက်တစ်စုံရဲ့နင်းခြေမှုအောက်မှာ ဥသုံ ကြေမွပျက်စီးခဲ့ရသည်။
ဘုရင်ဟာ ဝမ်းနည်းငိုကြွေးချင်မိခဲ့သော်ညား.. ရုတ်တရက် သူဟာ သေမင်းတံခါးဝရောက်သွားသကဲ့သို့ နှလုံးအရှိုက်တည့်တည့် အေးကနဲဖြစ်သွားကာ အသားများ တဆက်ဆက် တုန်ယင်လာခဲ့သည်။
သူ့မျက်စိရှေ့က ခြေထောက်တစ်စုံကို သူမော့ကြည့်ကာ ကတုန်ကယင် နှုတ်ခမ်းလွှာကြားက နာမည်တစ်ခုကို ရေရွတ်လိုက်သည်။
"ယန်းလုဝမ်"
ထိုနာမည်ဟာ သူ၏ အသက်ဇီဝိန်မပျောက်ဆုံးခင် နောက်ဆုံးရေရွတ်ခဲ့သော နာမည်တစ်လုံးသာ။
ပြီးဆုံးသည်နှင့် ဘုရင့်ဦးခေါင်းဟာ ပြတ်ထွက်သွားသည်မှာ သွေးအလိမ့်လိမ့်ပန်းထွက်ကာ တစ်ပတ်လည်လွင့်ထွက်သွားသည့်တိုင်။
သွေးနီရဲရဲများ တတောက်တောက် စီးကျနေသော ဓါးကို တစ်ရွတ်တိုက်ဆွဲရင်း .. အကြင်နာ တရားမဲ့သော နောက်ကျောပြင်ပုံရိပ်တစ်ခုကလည်း မီးလျှံများကြား ၌ပျောက်ကွယ်သွားခဲ့သည်။
ဘုရင်၏ ခန္ဓါနှင့် ခေါင်း ဟာလည်း မီးပြာကျသွားခဲ့လေသည်။
.
.
~ယန်းလုဝမ် တဲ့..ယန်းလုဝမ်~
ထိုနာမည်ဟာ သေဆုံးသွားသော ဘုရင်ဟောင်းကိုခြောက်ခြားစေတဲ့ အိမ်မက်ဆိုးဖြစ်ခဲ့သလို.. မိုးကောင်းကင်ဘုံကိုတောင် ခြိမ်းခြောက်နိုင်တဲ့ နာမည်တစ်လုံးဖြစ်လာခဲ့၏။
"ဟုန်ရီ" မည်သော နိုင်ငံ၏ ဧကရစ် အရှင်ဘုရင်အသစ် "ယန်းလုဝမ်" .. သူဟာ မွေးရာပါ နတ်ဆိုးတစ်ကောင်အဖြစ်လည်းကောင်း.. နှလုံးသားမဲ့သော ငရဲပြည်ရဲ့ ရှင်ဘုရင် တစ်ပါးဟူ၍လည်း လူသိကျော်ကြားချေသည်။
တော်ဝင်နန်းတော်ကြီး တစ်ခုလုံးကို မီးလောင်တိုက်သွင်းကာ ထီးနန်းလုယူခဲ့သော နတ်ဆိုးတစ်ကောင်.. ယုတ်ကြမ်းသော နတ်ဆိုးတစ်ကောင်.. တော်ဝင်သွေးစီးဆင်းနေသော နတ်ဆိုးတစ်ပိုင်းဟူ၍ပင်။
သတင်း အနှံ့နှံ့ပျံ့ခဲ့သည်မှာ ယန်းလုဝမ် ဖန်တီးသော ငရဲမီးတောက်များထံမှ လွတ်မြောက်အသက်ရှင်ခဲ့သူမရှိခဲ့..်အသွေးသား အကောင်းပတိ ရုပ်အလောင်း ဟူသည်မရှိခဲ့ ။ အကုန်လုံးဟာ ရုပ်ပျက်ဆင်းပျက်တွေကြီး ဖြင့်သာ တမလွန်သို့ ကူးပြောင်းခဲ့ကြရသည်။
သို့သော် ထိုသတင်းဟာ ၉၉ ရာခိုင်နှုန်း စစ်မှန်နေခဲ့သလို .. ၁ ရာခိုင်နှုန်းသော အလွဲမှားလေးဟာ လျှို့ဝှက်စွာ ကျန်ရှိနေ၏။
တော်ဝင်နန်းတော်မီးပြာကျခဲ့သည့် ထိုနေ့တွင်.. လူပေါင်းများစွာ မီးလောင်မြိုက်ခဲ့ကြသော်လည်း..တစ်ထောင့်တစ်နေရာတွင်တော့ မီးမလောင်မြိုက်ခဲ့ပါသော အမှန်တရားကို မည်သူကမှ မသိရှိခဲ့။
ယန်းလုဝမ် ဟာ ဘုရင်ဟောင်းရဲ့ ဇီဝိန်ကို နှုတ်ယူကာ ထွက်သွားပြီးသည့်နောက်တွင်..မှူးမတ် အဆောင်တစ်ခု၌ ၁နှစ်သားကလေးငယ်တစ်ယောက်ဟာ မီးလျှံများကြား အော်ငိုနေခဲ့သည်။
ထိုကလေးငယ်၏ ပတ်ပတ်လည်တွင် မီးတောက် နီနီရဲရဲများဟာ လူးလွန့်နေခဲ့ကာ ကလေးကိုတော့ လောင်မြှိုက်ခြင်းမပြုခဲ့.. ထိုအစား ထိုကလေး၏ ဘေးပတ်ပတ်လည်မှာ ခုန်ပေါက်နေကြသည့်ဟန်။
အန္တရာယ်မပေးသော်ညား ကလေးငယ်အဖို့ ကြောက်ရွံ့စေခဲ့၏။
ကူရာမဲ့ ကလေးငယ်ရဲ့ ငိုသံကြောင့်ပင် အဝေးတစ်နေရာမှာ ပျံသန်းနေပါသော ခိုဖြူလေးတစ်ကောင်ဟာ အနားသို့ဝဲပျံ ချဉ်းကပ်လာခဲ့ပြီး ..အနီးရောက်တဲ့အခါ အဖွားအိုအသွင် ပြောင်းလဲသွားခဲ့သည်။
ထို အဖွားအိုရဲ့ ခြေလှမ်း ဆင်းသက်ရာ နေရာတစ်လျှောက်တွင် မီးတောက်များက ပြားပြားဝပ်သွားရကာ .. အဖွားအိုရဲ့ ရင်ခွင်ဝယ် ပွေ့ချီခံလိုက်ရသော ထိုကလေးငယ်က ဆန်းကြယ်စွာ အငိုတိတ်သွားခဲ့၏။
အဖွားအိုသည် တဒင်္ဂမျှ ကလေးကို ချော့မြူပြီးသည့်နောက် တစ်စုံတစ်ခုကို သတိထားမိလိုက်သည်။
အဝတ်အောက်မှ ပုန်းနေသော ခပ်ဖျော့ဖျော့ အမှတ်ငယ် တစ်ခု။ ထိုအမှတ်ဟာ ကလေးငယ်၏ ညာဘက် ပေါင်ရင်းနားတွင် ပုံသဏ္ဍာန်မတိကျစွာ ဖြစ်တည်လို့နေ၏။
ရုတ်ချည်း အပြုံးတစ်ပွင့်ဆင်မိတဲ့ အဖွားအိုသည်အခြေနေတစ်ခုကို နားလည်သွားဟန်
" မင်းဟာ နောင်တစ်ချိန် ဒီမီးတောက်တွေကို ငြိမ်းသတ်စေမယ့် ပန်း ကလေးပဲကိုး"
ပြောပီးသည်နှင့် ကလေးငယ်ကို အတူခေါ်ဆောင်ကာ ထို နန်းတော်ထဲမှ ပျောက်ကွယ်သွားခဲ့သည်။
.
.
ရေမနိုင်သော မီး.. လူသားတို့ မနိုင်သော မီး.. နတ်ဘုရားတို့ မနိုင်သော မီး ..
ထိုပြင်းထန်သော မီးတောက်ကို ငြိမ်းသတ်နိုင်မယ့် ပန်းတစ်ပွင့်ဟာ ထိုမီးလျှံများကြားထဲတွင်သာ ပေါက်ဖွားလာခဲ့သည်။
ကောင်းကင်ယံသို့တိုင် ခြိန်းခြောက်သော မီးတောက်ဟာ.. ပန်းတစ်ပွင့်ကိုတော့ ခြိန်းခြောက်နိုင်လိမ့်မည်မဟုတ်။
.
.
.
ယန်းလုဝမ် ဟာ အရင်ဘုရင်မင်းဆက်၏ သစ္စာတော်ခံအပေါင်းပါအားလုံးကို ရှင်းလင်းသုတ်သင်ပစ်ကာ တိုင်းပြည်အသစ်ကို ထူထောင်လာခဲ့သည်။
ထိုသူဟာ အကြင်နာဂရုနာ ကင်းမဲ့သော်ညား နတ်ဘုရားမိစ္ဆာ တော်ဝင်မျိုးဆက်ဖြစ်သည့်အလျှောက် ဥာဏ်ပညာစွမ်းရည်တို့မြင့်မားလှသည်။ စစ်ရေးစစ်ရာ နိုင်ငံ့ရေးရာ ကိစ္စအရပ်ရပ်တို့တွင် စေ့စေ့စပ်စပ်ဖြေရှင်းတတ်ပြီး.. အရင်ဧကရာဇ်မင်းများလက်ထပ်က ယိုယွင်းလေခဲ့သော အပေါက်အဖာ ပြသနာပေါင်းသောင်း၆ထောင်ဟာ ယန်းလုဝမ် လက်ထက်၌ပင် အဆင်ပြေခဲ့၏။
မှူးမတ်နှင့် အကြံပေး အရိုက်ရာ စသဖြင့် ရာထူးအသီးသီးကို အသစ်ပြန်လည်ခန့်အပ်ကာ တစ်ခါက မရဏမြေဖြစ်ခဲ့ရသော တော်ဝင်နန်းတော်ကို ပြန်လည်စည်ကားအောင် တစ်ဖန်အသက်သွင်းပြန်၏။
** သည်လိုနှင့် ၁လ ကြာသော အခါ..**
အနက်ရောင် ဘွတ်ဖိနပ်အရှည်ကိုဝတ်ဆင်ထားတဲ့ ခြေလှမ်းတို့ဟာ မနှေးမမြန် နှုန်းဖြင့် ဖြေးညင်းစွာ လျှောက်လှမ်းနေသည်။
မိုးကောင်းကင်က ငိုကြွေးသော သွေးမိုးများဟာ မြေပြင်ထက်ခစားခဲ့ရာ ရဲတောက်နေသော သွေးရေအိုင်များဖြစ်တည်လို့နေပြီး ခပ်ပြင်းပြင်း ခြေလှမ်းရဲ့ ဆင်းသက်မှုကြောင့် ယခင်ကရေမျက်နှာပြင်တို့ ငြိမ်သက်နေပါသည့် တိုင် ယခုအခါတွင်မူ လှုပ်ခက် က ခုန် ကြကုန်၏။
တဂျိန်းဂျိန်း မြည်ဟီးနေပါသော မိုးကြိုးပစ်သံများဟာ မိုးနတ်မင်း၏ အမျက်ဒေါသနှယ်.. စိတ်ဆိုးကာ ကန့်ကွက် ကြွေးကြော်နေသကဲ့သို့ပင်။
လျှစ်စီးတန်းများဟာ လည်းမိုးတိမ်မဲများကြား သွေးကြောများနှယ် တလက်လက် လင်းလက်နေကြသည်။
နတ်ဆိုးတစ်ကောင်ဟာ ထီးနန်းတက်နေလေပြီ။
ပြည်သူများဟာ ကြောက်ရွံ့မှုကြောင့် မြေတွင် ပြားပြားဝပ်ကာ အရိုသေပြုရုံမှတစ်ပါး ဘုရင့်အား မော့ကြည့်နိုင်ရန် သတ္တိတောင်မရှိဝံ့ကြ။
ဘုရင် ဟာ သူ့ဖိနပ်သာသာ ပြားဝပ်နေသော ပြည်သူများရဲ့ ဂါရဝရှေ့မှောက်တွင် တစ်လှမ်းချင်း ခြေကြွရင်း နန်းတော် ဂိတ်တံခါးဝသို့လျှောက်လှမ်းလာချေတော့၏။
အနက်ရောင်ပိုးသားပေါ်တွင် ရွှေရောင်ပိုးချှည်ဖြင့် နတ်နံဂါးနှင့် ပန်းခက်နွယ်များအား သေသပ်စွာပုံဖော်ထားသော ဝတ်ရုံဟာ လေယူရာ တလွင့်လွင် လူးလွင့်နေလျက်..
ပိတုံးရောင် နက်မှောင်သောဆံနွယ်များအကြားမှ ထိုးထွက်နေသော ဦးချိုများဟာ နတ်ဆိုးတို့၏ သင်္ကေတကို ရည်ညွှန်းနေ၏။ သို့သော် ချောမောသော ရုပ်ရည်နှင့် နှဖူးက မွေးရာပါ ရွှေရောင်အမှတ်သားတို့က ဘုရင်သည် တော်ဝင်နတ်ဘုရားသွေးတစ်ဝက် ရောနှောနေကြောင်းလည်း သက်သေပြနေပြန်၏။
ရွှေရောင် ရာဇပုလ္လင်ထက်ဝယ် နေရာယူလိုက်သည်နှင့် တစ်ပြိုက်နက်ကြွေးကြော်လာသော အသံများဟာ " အရှင်မင်းမြတ် သက်တော်ရာကျော်ရှည်ပါစေ" ဟူ၍ဖြစ်ပီး.. မြေကြီးနှင့် ကောင်းကင်ဘုံတို့ဟာလည်း ထိတ်ထိတ်ဖိုဖို တုန်ခါ မြည်ဟီးလာကြသည်။
အနက်ရောင် တိမ်စိုင်ခဲကြီးများက နန်းတော်၏ အပေါ်တည့်တည့်၌ ခဲဆိုင်နေကြပြီဖြစ်ပီး တစ်ချက်တည်းနှင့် ပထဝီမြေကြီးကို နှစ်ခြမ်းကွဲစေသော အလင်းတန်းကြီးများကို လွှတ်ချချေတော့၏။
ကျယ်လောင်သော အသံနက်ကြီးများဖြင့် ဖုံးလွှမ်းကာ လူသူအပေါင်းနှင့် အခမ်းနားရှိ မှူးမတ်အခြွေရံများက နှလုံးပြုတ်ကျမတတ်ကြောက်ရွံ့နေကြသည့်တိုင်.. အရှင်ဘုရင်ဟာ ခပ်မိုက်မိုက် အပြုံးတစ်ပွင့်သာ ပန်ဆင်ထားလျက်သာ..မျက်တောင်တစ်ချက်မျှ မပုတ်ခက်မိသလို ထိုအလင်းတန်းများက အမျက်ကြီးလှသော မိုးနတ်မင်း၏ လက်နက်ပမာ သို့သော် ရွှေပုလ္လင်ထက်က အရှင်ဘုရင်၏ ဆံချည် အမွှေးအမျင်လေးကိုတောင် ပွန်းပဲ့ရုံမျှ ဒဏ်ရာပေးနိုင်ခြင်းမရှိခဲ့။
ကြက်သီးထစရာအကောင်းဆုံး ထီးနန်းတတ်ပွဲကြီးရဲ့ အဓိက ဇာတ်ကောင်..ယခု ရာဇပုလ္လင်တွင် ခေါင်းကို လက်ထောက်ထားရင်း လဲလျှောင်းနေသော ဘုရင်သည်.. နတ်ဘုရားသွေးတစ်ဝက် မိစ္ဆာနတ်ဆိုးတစ်ဝက်ရောသော .. ယခင် သေဆုံးသွားသည့် ဘုရင်ဟောင်း၏ အမိုက်မဲ သားတော် ယန်းလုဝမ် ဖြစ်ချေတော့၏။
.
.
ယန်းလုဝမ် ဟာ ကောင်းကင်ဘုံ၏ သားတော်အဖြစ်လည်းကောင်း မြေအောက်ငရဲ၏ သားတော်အဖြစ်လည်းကောင်း... သူ၏ ခန္ဓါကိုယ်ထဲ၌စီးဆင်းနေပါသည့် နတ်ဘုရားနှင့်မိစ္ဆာသွေးဟာ ဆန်းကြယ်စွာရောနှောနေပြီး ထိုအချက်ကပင် မိုးနတ်မင်းနှင့် ငရဲဘုံ ၂ခုလုံးကို ခြိန်းခြောက် ထိန်းချုပ်နိုင်စွမ်းရှိသည်။
ပေါင်းစည်းလို့မရတဲ့ မျိုးနွယ်၂ခုဟာ ယန်းလုဝမ်၏ သွေးသားထဲတွင်တော့ တစ်သားတည်း ပေါင်းစည်းနေ၏။
အရင်ဘုရင်နှင့် မိဖုရားတို့ဟာ လူသားများဖြစ်ခဲ့ကြ
သည့်တိုင် ယန်းလုဝမ်ဟာ ဘာကြောင့် နတ်ဘုရားတစ်ပိုင်း နတ်ဆိုး တစ်ပိုင်းအဖြစ်မွေးဖွားလာခဲ့လည်း အဖြေရှာမရ။ ဤသည်မှာ လူတိုင်းရဲ့ ပါးစပ်တွင် စကားစမြည်ပြောချင်စရာ ဆန်းကြယ်မှူ တစ်ခုနှယ် အဖြေရှာမရသော ပဟေဠိ တစ်ခု ဖြစ်လာရသည်။
ထို့အပြင် ယန်းလုဝမ် ဟာ မွေးဖွားလာစဉ်ကတည်းက..အသက်၉နှစ်အရွယ်တွင်ပင် အလွန်စွမ်းအားကြီးကာ အမြူတေ ၉ခုကို ကျင့်ကြံပိုင်ဆိုင်ခဲ့၏။ သာမာန်လူသားတစ်ယောက်ဟာ သိဒ္ထိ အမြူတေ တစ်ခုကိုသာ ကျင့်ကြံပိုင်ဆိုင်သော်ညား ယန်းလုဝမ် ၏ ခန္ဓါဖွဲ့စည်းပုံက သာမာန်လူသားတစ်ဦးနှင့်ခြားနားလှသည်။
သူသည် အမြူတေ ၉လုံးအား သိုလှောင်ထားနိုင်သော နှလုံးသွေးအိမ် ပိုင်ဆိုင်လို့ထားကာ အသက်ငယ်ငယ်လေးဖြင့် အင်မတန်စွမ်းအားကြီးသူဖြစ်လာသည်။
တစ်နည်းအားဖြင့်ဆိုလျှင် ယန်းလုဝမ် ဟာ Immortal ဟူသော စွမ်းရည်ကို ပိုင်ဆိုင်ထားခြင်းပေ။ မသေမျိုး ဖြစ်ချေ၏။
အမြူတေ ၉လုံးကို ကျင့်ကြံစုစည်းနိုင်သော မည်သူမဆိုထာဝရ အသက်ရှင်ခြင်းကို ပိုင်ရမည်ဖြစ်သော်ညား လူ့သက်တမ်းဟာတိုတောင်းလှပီး ..အမြူတေ ၉လုံးမပြောနှင့် "တစ်" ဟူသော အရေတွက်နှင့်ပင် အဆုံးသတ်ကြ၏။
တစ်ခုနဲ့တင် အတော်စွမ်းအင်ကြီးလှပြီဖြစ်ကာ မည်သူကမှလည်း "နှစ်" "သုံး" ဟူသော အရေတွက် အတွက် ထပ်မကြိုးစားကြတော့သလို.. ၉လုံးဟူသော အရေတွက်ဟာလည်း မည်မျှ စွမ်းအားကြီးမည်ကို စဉ်းစားကြည့်ပါက..ယန်းလုဝမ်ဟာ လောက၃ပါးကြောက်ရသော သူဖြစ်နေရသည်မှာ အံ့သြစရာမရှိပေတော့။
ယန်းလုဝမ် ၏ ရန်သူများက ညည်းညူကြသော စကားတစ်ခွန်းရှိ၏။
ဤသည်မှာ "၎င်းတို့ဟာ ယန်းလုဝမ် ၏ ပြိုင်ဘက် ရန်သူဖြစ်နေရသည်မှာ ကံဆိုးလှသည်" ဟူ၍ ပင်။
စစ်မြေပြင်တွင် တစ်ဖက်ဟာ ဟုန်ရီ စစ်တပ်ဆိုသည်နှင့် ကျန်သောတစ်ဖက်ဟာ လည်စင်းပေးရမည့် တစ်ဖက်ဆိုတာ မလွဲဧကန် ခန့်မှန်းနိုင်သည်အထိ
ထို့ကြောင့်ပင် အင်အားကြီးလာတဲ့ ဟုန်ရီတိုင်းပြည်ဟာ ပြည်သူလူထုအတွက် ကောင်ချီးဖြစ်နေပေမယ့်လို့.. နန်းတော်ကြီး မီးလောင်ပြာကျသော နေ့ကတည်းက တောက်လောင်လာသောမီးဟာ ပိုပိုပီး ပြင်းထန်နေသည်ကို မည်သူကမှ သတိမပြုမိခဲ့ကြ။
ယုတ်ကြမ်း ကောက်ကျစ်သော ယန်းလုဝမ်ရဲ့ အုပ်ချုပ်မှုအောက်မှာ ရေတွက်၍မရပါသော များပြားသည့် သွေးစီးချောင်းများဟာဖြစ်တည်လို့နေ၏။
အမြူတေ ၉လုံး ပိုင်ဆိုင်ထားသည်သာ နှလုံးသားကတော့ အကြွင်းမဲ့ ပျောက်ဆုံးနေသလို.. စိတ်အလိုမကျတိုင်း ဓါးတစ်ချက်လွှဲဖို့ ဝန်မလေးတဲ့ ယန်းလုဝမ်ကြောင့် ဘုရင့်နန်းတော်၏ အနောက်တွင် အလောင်းများက အထပ်ထပ်ပုံနေခဲ့၏။
ယန်းလုဝမ်အား ခစားရသော သူတိုင်းဟာ..သည် ကံကြမ္မာဆိုးကို မကြုံချင်ကြသည့်အတွင် အမေ့ဗိုက်ထဲက ထွက်လာသည့် အချိန်၌တွင်ပင် အသေမွေးလာချင်ခဲ့မိကြသည်။
အရှင်ဘုရင်ဟာ အတိုင်းထက်လွန်စွာ စွမ်းအားကြီးလှပြီး အရာရာစွမ်းဆောင်နိုင်သော်လည်း အကြင်နာတရားဆိုသည်မှာ မြူမှုန်စ လေးလောက်မျှတောင် ရင်ထဲကိန်းအောင်းမနေခဲ့ပါပေ။
သူဟာ ပန်းတစ်ပွင့်အား မခူးဆွတ်မိသေးသည့် အချိန်အထိပေါ့။
လှပခြင်းဟူသော အဓိပ္ပါယ်ကို သူ မသိပါ။
နူးညံ့ခြင်း ဟူသည်ကိုလည်း သူ မခံစားတတ်ပါ။
နွေးထွေးမှု ဟူသည်ကိုလည်း သူ နားမလည်ပါ။
သူ၏ နှလုံးသားဟာ အနက်ရောင်မှ အသွေးသားအနီရောင်သို့ ပြောင်းလာမယ့်နေ့ကို ကံကြမ္မာက စောင့်စိုင်းနေခဲ့ပါ၏။
နတ်ဆိုးဘုရင်ဟာ သွေးခင်းလမ်း မှ ပန်းခင်းလမ်းသို့ လျှောက်နိုင်မည့် နေရက်စီသို့ပင်။
.
.
(၁၈နှစ် ကြာပြီးသည့်နောက်)
.
.
**ရှန်းယွှီ ဆောင်ကြာမြိုင်**
(ဆောင်ကြာမြိုင်: အပျော်မယ်ဂေဟာ)
.
.
သေရည်ပုလင်း တစ်ပုလင်းပြီး တစ်ပုလင်းကို အဆက်မပျက်မော့ချကာ နှုတ်ခမ်းထောင့်စွန်းမှ စီးကျလာသော သေရည်အချို့ကို အင်္ကျီလက်ဖြင့် ဆွဲသုတ်လိုက်ချေ၏။
တဟီးဟီး ဟားဟား ရယ်နေကြသော မိန်းမလှလေးတို့ရဲ့ ခါးကို တစ်ပွေ့ဖက်တွယ်ကာ ကာမရမ္မက်အပြည့်ဖြင့် ထိုမိန်းမလှလေးတို့၏ ပါးပြင်ကိုနမ်းရှိုက်လိုက်သေးသည်
သတိရရင် ရသလို အိမ်သူ၏ မကောင်းကြောင်းကို အတင်းတုတ်သေးကာ..ထိုသူဟာ စည်းစိန်ဥစ္စာပေါများသလောက် ယောက်ျားကောင်း ယောက်ျားမြတ်မဟုတ်ရချေ။
ဖောက်ဖြားတတ်ကာ..ယခုလည်း အိမ်သူနှင့်ရန်ဖြစ်လို့ပစ်ထားခဲ့ပြီး အပျော်မယ်ဂေဟာတွင် လာရောက်ပျော်ပါးနေသည်ပင်။
ဘေး၌ အဖော်ပြုပေးနေရပါသော မိန်းမလေးများဟာ ထိုသူရဲ့ ညစ်တီးညစ်ပတ် အထိတွေ့များကြား တအင်းအင်း တအားအား အော်ညည်းလို့နေကြသည်။
သို့သော် ထိုသူဟာ ကာမဂုဏ် အတောသတ်နိုင်ခြင်းမရှိ။
သူ၏အကြည့်များဟာ ဗျက်ဆောင်း သံစဉ်များကြား နွဲ့နှောင်းသွယ်လှစွာ ကပြဖျော်ဖြေနေသော မိန်းမလှလေးတစ်ဦးထံသို့။
ထိုမိန်းကလေးဟာ အပျော်မယ်ဝတ်စုံကိုသာ ဝင်ဆင်ထားခြင်းမဟုတ်လျင် တော်ဝင်အမျိုးမြင့် တစ်ခုထံမှ ဆင်းသက်လာသော မိန်းမကောင်းမိန်းမမြတ်လေးဟု ထင်ခံရမည်မှာ မလွဲဧကန်ပင်။
မလုံမလဲအဝတ်များကြားမှ ပေါ်လာသော အသားဖွေးဖွေးလေးတွေကို မြင်ရုံနှင့် ပန်းသေခါနီး ထိုအအိုယောက်ျားရဲ့ အငယ်ကောင်ဟာ ထောင်မတ်လို့လာသည်။
သူဟာ ထိုအကမယ် မိန်းကလေးကို အပိုင်သိမ်းချင်၏။
**ခွမ်း**
တယိမ်းတယိုင်လမ်းလျှောက်သွားတဲ့ တောက်လျှောက် စားပွဲပေါ်မှ သေရည်ပုလင်းများဟာ ပြုတ်ကျကုန်ကြသည်။
ထိုယောက်ျားအိုကြီးဟာ သွားရည်တမျှမျှဖြင့် ကချေသည်လေး၏ လက်ကောက်ဝတ်ကိုဖမ်းကိုင်ကာ ဆွဲလားရမ်းလားလုပ်ချေတော့၏။
ဖရိုဖရဲ အနေထားကြားမှာ ကချေသည်လေးဟာ တွန်းလှဲခံလိုက်ရကာ တစ်ဖက်က ယောက်ျားအိုကြီးဟာ ငမ်းငမ်းတတ် ထိတွေ့ကိုင်တွယ်လာပြီး လက်တစ်ဖက်ဟာ ဝတ်ရုံအောက်က ပေါင်တွင်းသို့ ဝင်တော့မည့်အချိန်၌။
**ရွှမ်း**
အသွား ၄လက်မ ၅လက်မ လောက်ခန့်သာရှိမည်ဖြစ်သော ဓါးမြှောင် အသေးလေးဟာ စောနက ယောက်ျားအိုကြီး၏ လည်ပင်းသားပေါ်တွက် မွှန်းလုမတတ် နေရာယူနေလေပြီ။
ဓါးမြှောင်လေးရဲ့ ဓါးလက်ကိုင်ကို ကိုင်ထားသော လက်တံလေးများဟာ သွယ်စင်းကာ ကျစ်ကျစ်စုပ်ထားလျက်.. ချောမောသော မျက်နှာပြင်ထက် အမျက်ဒေါသတစ်ချို့ကြောင့် တွန့်ကွေးနေသော မျက်ခုံး၂တန်းဟာ အင်မတန်ဆွဲဆောင်မှုရှိနေသည်။
အားနွဲ့သော မိန်းကလေးတစ်ယောက်ဟာ အဘယ်ကြောင့် သည်လောက်လျှင်မြန်စွာ တုန့်ပြန်လိုက်လဲ သတိမထားမိခဲ့။
ယခုတွင် ယောက်ျားအိုဟာ ကချေသည်လေးရဲ့ အသက်ခြိန်းခြောက်ခြင်းကို ခံနေရသည်။
သို့သော် တဏှာအရူး ထိုယောက်ျားက ပိုလို့တောင် စိတ်ကြွနေဟန်.. သူဟာရှေ့ဆက်တိုးမည်ကြံတုန်း ရူးလောက်အောင်စွဲမက်စေသော အသံတစ်ခုဟာ လှပသော နှုတ်ခမ်းကြားမှ တိုးထွက်လာခဲ့၏။
"လည်ပင်း မပြတ်ချင်ရင်..ရှေ့ဆက်တိုးမလာနဲ့"
နူးညံ့ဟန်ပေါ်သော ပန်းလေးတစ်ပွင့်ရဲ့ နှုတ်ခမ်းဖျားမှ မထင်မှတ်ထားသော စကားလုံးကြမ်းများဟာ လက်ထဲက ဓါးမြှောင်ထက် ပိုလို့ ထက်လွန်းသော ဓါးတစ်ခုနှယ်။
ထိုဓါးတို့နှင့် ယောက်ျားအိုအပိုင်းဖြတ်မခံရခင် အခန်းထဲသို့ ဂေဟာပိုင်ရှင် အမျိုးသမီးရောက်လာခဲ့ကာ အချိန်မှီ တားလိုက်နိုင်ချေသည်။
"ယဲ့ဟွာ!!..လက်ထဲက ဓါးကိုသိမ်းပြီး ဒီကိုလာစမ်း"
ထိုကျက်သရေရှိလှသော အမျိုးသမီးဟာ ကချေသည်လေးကို တစ်ချက်အော်ငေါက်လိုက်ချေပြီး ပတ်လက်လန်နေသော ဧည့်သည်ကိုတော့ ယဉ်ကျေးစွာ တောင်းပန်လိုက်၏။
"ဒီအရိုင်းပန်းကလေးရဲ့ အပြုမူအတွက် ကျွန်မကပဲ တောင်းပန်ပါရစေ..ခွင့်လွှတ်ပါ လူကြီးမင်း..."
ထိုအခါ ယောက်ျားအိုကြီးက လည်ချောင်းတစ်ချက်ရှင်းလိုက်ကာ လက်နောက်ပစ်လျက် မတ်တပ်ရပ်ပြီး
"ရပါတယ်..သူ့ကို ငါဆုံးမချင်တယ်..ငါ့အခန်းထဲကိုပို့ပေး"
ခြေတစ်လှမ်းကြွမိရုံမျှသာ တတ်နိုင်ခဲ့..ယဲ့ဟွာ၏ လက်ကောက်ဝတ်ကို အမြန်စုပ်ကိုင်လိုက်ပြီး တားလိုက်သော ဂေဟာ ပိုင်ရှင်အမျိုးသမီးကြောင့် ငြိမ်နေလိုက်သည်..ထိုသူဟာ သိပ်ကို စကားကြွယ်လှသည်၊ သူ၏ အရိုင်းပန်းလေးကို ကာကွယ်ရန် သူအစွမ်းကုန်ကြိုးစားရှာသည်၊
"ဒါတော့မဖြစ်နိုင်ပါဘူး လူကြီးမင်း..ယဲ့ဟွာ က ဂေဟာရဲ့ တရားဝင် ကချေသည်မဟုတ်သေးသလို.. အပျော်မယ်တစ်ယောက်အနေနဲ့လည်း လေ့ကျင့်မပေးရသေးပါဘူး.. လူကြီးမင်းစိတ်ကျေနပ်အောင် လုပ်ပေးနိုင်မှာမဟုတ်လို့.. ကျွန်မမျိုးက..ဤဆောင်ကြာမြိုင်က တခြားအကောင်းဆုံး အပျော်မယ်နဲ့ တစ်ညတာ လက်ဆောင် အစားထိုးပေးပါရစေ"
ကံကောင်းစွာ လှည့်ဖြားနိုင်ခဲ့၏။ ထိုသူဟာ ထက်ပြီး အတွန့်မတက်လာပဲ ကြည်ကြည်ဖြူဖြူလက်ခံခဲ့တာကြောင့် အကောင်းစားအခန်းမှာ အကောင်းဆုံးအပျော်မယ်နှင့် ပြင်ဆင်ပေးခဲ့တော့သည်။
**တစ်ဖက် ကချေသည် နားနေအဆောင်တွင်**
"ယဲ့ဟွာ..ငါမင်းကို ဘယ်နှခါပြောရမလဲ..မင်း ဘယ်လောက် ဖျော်ဖြေတာ ကောင်းကောင်း...ဒီ ကျားအိုကြီးတွေရှေ့မှာ က ပြဖို့ အသက်မပြည့်သေးဘူးဆိုတာ.. မင်းခုနက လုပ်ရပ်က ဘယ်လောက် အန္တရာယ်များလဲ သိရဲ့လား.."
ဂေဟာပိုင်ရှင်ဟာ ဆူပူနေသည့်တိုင် သူဟာ စိုးရိမ်မှု အပြည့်ရှိနေခဲ့သည်မှာ သိသာလှသည်။
"သူ မသိသွားဘူးမလား"
ယဲ့ဟွာဟာ ခေါင်းငုံ့ရင်း ပြန်ဖြေလာသည်၊
"ဟုတ်..သူမထိခင် ယဲ့ဟွာ တားလိုက်တာပါ"
ထိုအခါမှ စိတ်ဒုန်းဒုန်းချကာ သက်ပြင်းချမိသော ဂေဟာပိုင်ရှင်..
"ကောင်းတယ်..
နားထောင် ယဲ့ဟွာ..မင်း ၁၈နှစ် မပြည့်သေးသ၍ အဲ့လူတွေရဲ့ ရှေ့မှာ ဖျော်ဖြေလို့မရဘူး....
နောက်တစ်ခုက ..မင်းရဲ့မျက်နှာက မင်းရဲ့ မွေးရာပါ သဘာဝတရားကို ထာဝရမဖုံးပေးထားနိုင်ဘူး
အကယ်လို့ တစ်စုံတစ်ယောက်ကများ ယောက်ျားလေးမှန်းသိသွားခဲ့ရင် .. ဂေဟာတစ်ခုလုံး ပြသနာတတ်နိုင်တယ်"
ယဲ့ဟွာ ဟာ သဘောမတူချင်ခဲ့။
"ဒါပေမယ့် ယဲ့ဟွာ နောက်လပြည့်ဆို ၁၈ပြည့်ပြီလေ။"
သို့သော် ဂေဟာ ပိုင်ရှင်အမျိုးသမီးဟာ ထပ်ပြီး ဆူငေါက်လိုက်ပါ၏။
"ယဲ့ဟွာ!!!..."
ထိုအခါမှ ယဲ့ဟွာသည် " ဟုတ် " ဟူ၍ တိုးရှစွာ ပြန်ဖြေခဲ့သည်။
သူဟာ မျိုးမတူသော ပန်းများကြား ပုန်းနေသော တစ်ပွင့်တည်းသော ပန်းလေးနှယ် သာမာန်လူဟာ လွယ်လွယ်သတိမထားမိချေ။
တစ်ယောက်သော သူလျှင်သာ။
.
.
ယဲ့ဟွာ ဟာ မိန်းကလေးဟန်ဆောင်ထားသော ကချေသည် ယောက်ျားလေးတစ်ယောက်ဖြစ်ချေသည်။ငယ်စဉ်ကတည်းက အမိ အဖ ဘယ်သူဘယ်ဝါ ဆိုတာကို မသိခဲ့ရသည့်တိုင် အသွေးသားမတော်စပ်သော အဖွားအိုက သူ့အား စောင့်ရှောက်လို့ထား၏။ အမည်အရင်းက ချွန်းဟွာ (နွေဦးပန်း) ဟု အဓိပ္ပါယ်ရပြီး အမျိုးနွယ်စု အမည်ကိုတော့ မသိပါပေ။
လမ်းလျှောက်တတ်စ အရွယ်၌ပင် ထိုကလေးဟာ အက ပွဲလမ်းသဘင်ဆို စိတ်ဝင်စားရှာသည်၊ အခက်အညှာ ပွင့်ဖက် ရနံ့တို့ မပြည့်စုံသေးသော ပန်းဖူးကလေးနှယ် မသွယ်လှသေးသော ဖွံ့ဖြိုးစဲ လက်မောင်းလက်တံ တုတ်တုတ်လေးတို့ဖြင့် ဟိုဖြန့်သည်ဖြန့် မြင်ဖူးထားသမျှ ကကွက်အစုံကို လျှောက် က နေချေသည်။
ယဲ့ဟွာ အား စောင့်လျှောက်သော အဖွားအိုက ထိုကလေးရဲ့ ခြေလှမ်းတိုင်းကို ဂရုတစိုက်လိုက်ကြည့်ရင်း မျက်နှာ မျက်လုံး မျက်ခုံး အစစ တို့ကို အကဲခက်၏။
အင်မတန်လှပလွန်းသည်။ အနှိုင်းစမဲ့ကို လှပလွန်းသည်။
ကံကြမ္မာ၏ ဆန်းကြယ်မှုကြောင့် ယဲ့ဟွာ ဟာ ငွေရောင် ဆံနွယ်တို့ကို ပိုင်ဆိုင်ထား၏၊ ဖြူဝင်းလှသော အသားရည်က အစွန်းထင်းမဲ့သော ပိုးသားဖြူလေးလိုပင်။
ထို့နောက် အဖွားအိုက လှမ်းခေါ်လိုက်သည်။
"ချွှန်းဟွာ ဖွားဖွားစီလာပါဦး"
(ဤ နေရာမှာ ယဲ့ဟွာကို ချွန်းဟွာ ဟု သုံးထားခြင်းဟာ Uke ရဲ့ ငယ်နာမည် အရင်းက ချွန်းဟွာ ပါ.. နောက်ပိုင်း ဘာလို့ ယဲ့ဟွာ ဖြစ်သွားလဲဆိုတာကို ရှင်းပြပေးမှာမို့ ဆက်ဖတ်ပေးကြပါဦး)
ကလေးငယ် ချွန်းဟွာဟာ ချစ်စဖွယ်သဏ္ဍာန်ပြေးလို့လာပြီး အဖွားအို လက်ကမ်းထားသော ရင်ခွင်ထဲသို့ ပြေးဝင်လိုက်သည်။
အဖွားအိုဟာ ကလေးရဲ့ ဆံနွယ်လေးတွေကို ဖီးသပ်ကာ စည်းနှောင်ပေးပီးနောက် စာလုံး ၃ လုံး ထွင်းထားသော ပဝါ အဖြူလေးကို အင်္ကျီအိတ်ထဲမှ ထုတ်လိုက်၏။
(ဖုံးကွယ်စေ) ဟူ၍။
ချွန်းဟွာကလေးငယ် က ထိုအဓိပ္ပါယ်ကို မဖတ်တတ်သေးသောအရွယ်ကြောင့် မသိသေးသော်လည်း နောက်အရွယ်ရောက်လာတော့ သိခဲ့သည်။ သို့သော် ဘာကို ဖုံးကွယ်စေလဲတော့ သူမသိပါ။
ထိုပဝါလေးဟာ ထိုအချိန်မှစ၍ ချွန်းဟွာရဲ့ ပေါင်ရင်းနားရှိ မွေးရာပါအမှတ်သား လေးရဲ့ အပေါ်တွင် အမြဲ စည်းနှောင်လို့ထားခဲ့သည်။
အဖွားအိုကပြောခဲ့သည်။
"ချွန်းဟွာ..နားထောင်..ဒီပုဝါလေးကို ဒီနေရာမှာ အမြဲစည်းထားရမယ်..အသက် ၁၈ မပြည့်ခင် အထိ လုံးဝမချွတ်ရဘူး.. အဖွားပြောတာ မှတ်ထားနော်"
ထိုအခါ ကလေးငယ်ချွန်းဟွာက မေးလာသည်။
"ဒါဆို ၁၈ကျော်ရင် ဖြည်လို့ရပီပေါ့"
အဖွားအိုဟာ မသိမသာလေးပြုံးမိပြီးနောက်..
"မလိုဘူး.. သူ့အလိုလို ပြေသွားလိမ့်မယ်"
ချွန်းဟွာဟာ အဖွားအို စကားကို နားမလည်သော်ညား
"ဟုတ်..ဖွားဖွား" ဟုသာ ပြန်ဖြေခဲ့၏။
.
.
သည်လိုနှင့် ချွန်းဟွာ ဟာ မြှီးကောင်ပေါက် အရွယ်ရောက် လူပျိုအရွယ်သို့ ရောက်လို့လာခဲ့ပြီး ထိုကောင်လေးရဲ့ အလှတရားဟာ ဖုံးဖိ မနိုင်ဖြစ်လာသည်။
လူအများနှင့် မတူသော ငွေရောင်ဆံနွယ်တို့က မြင်သူတိုင်းငေးမောစရာ.. သေးသွယ်သော ခါးလေး၌ဝယ် ပေါင်ခွဲထားသောစကပ်ဝတ်ရုံကိုဝတ်ဆင်ပြီး အပေါ်ကအင်္ကျီခါးအတိုဝတ်ဆင်ထားကာ နွဲ့နှောင်း သိမ့်မွေ့လှသောအသွင်ပြင်ကြောင့် သူ့ကို မည်သူကမှ ယောက်ျားလေးဟု မထင်ကြ.. ချွန်းဟွာကလည်း မဖြေရှင်းပါပေ။
သူဟာ ကချေသည် တစ်ယောက်ဖြစ်ချင်သော ဆန္ဒဟာ ပြင်းပြခဲ့၏။
လူစုလူဝေး ပွဲလမ်းသဘင်ရှိရာတို့တွင် ရံဖန်ရံခါ အပျော်ဝင် က ရာတွင်လည်း ကြည့်ရသူတိုင်းက အံ့သြမှင်သက်ကြရပြီး..ထိုလူအုပ်ထဲတွင် အနီရောင် ယပ်တောင်ကို ညင်သာစွာ ယပ်ရင်း ကြည့်နေခဲ့သော အမျိုးသမီးတစ်ဦးရှိခဲ့လေသည်။
..
ထိုပွဲအပြီး ချွန်းဟွာဟာ သူ့အား လူတကာက ချီးမြှင့်ကြသော ပန်းကုံးတွေကို တပွေ့ပိုက်ရင်း အိမ်သို့ပြန်လာခဲ့ရင်း အဖွားအိုကို ပြောပြဖို့နှင့် သူ ကချေသည်ဖြစ်ချင်ကြောင်း ဖွင့်ပြောဖို့ စဉ်းစားလာခဲ့သည်၊
သို့သော် ရုတ်တရက်
*ဘုတ်*
ချွန်းဟွာ ရဲ့ လက်ထဲက ပန်းကုံးများဟာ မြေပြင်သို့ ပြုတ်ကျကာ ကြွေကုန်သည်။
အလောသကော အိမ်ထဲသို့ပြေးဝင်ကာ ငြိမ်သက်နေသော အဖွားအို၏ ခန္ဓါကိုယ် ကို ပွေ့ဖက်လိုက်ပါ၏။
"ဖွားဖွား..ဖွားဖွား... ထပါဦး.. ချွန်းဟွာ ပြန်ရောက်ပြီလေ"
သို့သော် အဖွားအိုဘက်က တုန့်ပြန်လာခြင်းမရှိခဲ့။
သက်တမ်းစေ့သွားသော အဖွားအိုရဲ့ ရုပ်စင်းအင်္ဂတို့ဟာ သဘာဝတရားကြီးအဖြစ်သို့လည်းကောင်း ပြာမှုန်စ ကလေးများအဖြစ်သို့လည်းကောင်း ပြောင်းလဲသွားရတော့မည်။
ချွန်းဟွာဟာ အချိန်အတော်ကြာအောင် ပွေ့ဖက်ကာ ငိုနေခဲ့သည်၊
သူ၏ တစ်ဦးတည်းသော မိသားစုလို့မှတ်ယူထားရတဲ့ လူတစ်ယောက်ဟာ သူအား စွန့်ခွာသွားချေပြီ။
သူဟာ အဖွားအိုလက်ထဲ ကြီးပြင်းခဲ့တဲ့တစ်လျှောက် သူ၏ မိဘအရင်းများဟာ မည်သူမည်ဝါဖြစ်သည်ကိုလည်း သူမသိချင်ခဲ့။
သူ့အား..သားလို သမီးလို မြေးလို စောင့်ရှောက်ပေးခဲ့သော အဖွားကိုသာ သူ၏ သွေးသားရင်း ဆွေမျိုးသားချင်းလို့ မှတ်ယူခဲ့သည်။
ယခုတွင်တော့ ထိုသူလည်း လောကကြီးကို စွန့်ခွာသွားလေပြီ။
.
.
အဖွားအိုရဲ့ ရုပ်အလောင်းကို ဖြာဖြင့်ပတ်လိပ်ပြီး မီးသဂြိုလ်ခဲ့ကာ.. များများစားစား မရှိသော်လည်း မြေပဲစေ့လေး တစ်ပန်းကန် ထမင်းကြမ်းလေး တစ်ပန်းကန်ဖြင့် ဆုတောင်းပွဲလေး လုပ်ပေးခဲ့၏။
.
.
မနက်မိုးလင်းသော အခါ....
နေရောင်အောက်တွင် တစ်လက်လက် အလင်းပြန်နေသော အရာတစ်ခု ..
ချွန်းဟွာဟာ ညတုန်းက ဝမ်းနည်းစိတ်ကြောင့် သတိမထားမိခဲ့။
ယခုမနက်မှ မြင်ခဲ့သည်။ အဖွားအိုက စာတစ်ဆောင်နှင့် ဓါးမြှောင်တိုလေး တစ်ချောင်း ထားပေးခဲ့သည်ပင်။
ပါးပြင်တွင် ခြောက်သွေ့နေခဲ့ပါသော မျက်ရည်တို့အပေါ် တစ်ဖန် စိုစွတ်သော မျက်ရည်ပူများက စီးကျလာလျက်..စာကို ဖွင့်ဖတ်ခဲ့သည်။
(" ချွန်းဟွာ...အဖွားရဲ့ မြေးလေး..
ကလေး ဒီစာကို ဖတ်နေတဲ့အချိန် အဖွားမင်းနားမှာ ရှိတော့မှာမဟုတ်ဘူး..အဖွားလက်ထဲကနေ လှလှပပ ရဲ့ရဲ့ဝံ့ဝံ့ ကြီးပြင်းလာတဲ့မင်းက .. အဖွားမရှိတော့လည်း အခုလိုပဲ ဆက်ပြီး ကြီးပြင်းသွားမယ်လို့ ကတိပေးနော်..
မင်းလုပ်ချင်တာ မင်းနှလုံးသားအတိုင်း ရွေးခြယ်ပါ..
မင်းရွေးချယ်သမျှ အဖွားကဂုဏ်ယူနေမှာ..
ပြီးတော့ ဒီဓါးလေးကို လက်ဆောင်ပေးခဲ့မယ်..
အဲ့ဓါးလေးကို မင်းရဲ့ မိတ်ဆွေလို သဘောထားပြီး ကိုင်တွယ်ပြီး ကိုယ့်ကိုယ်ကို စောင့်ရှောက်ပါ..
ချစ်ရတဲ့ မြေးလေးအတွက်..ဖွားဖွားမှ....")
စာဖတ်လို့ ပြီးတဲ့နောက် ချွန်းဟွာဟာ ဓါးမြှောင်လေးကို သေချာ ကြည့်လိုက်တဲ့အခါ
အသွား ၄လက်မ ၅လက်မခန့်..သွယ်သွယ် လျှလျှနှင့် ကိုင်ရတာ လွယ်ကူလှသည်၊ လက်ကိုင်းတွင် ပန်းကနုတ်လေးများကို အသေးစိတ်ကျစွာ ထွင်းလို့ထားပြီး ထိန်းသိမ်းရလည်းလွယ်ကူပေ၏၊
ထိုစဉ်ရုတ်တရက်..
လူတစ်ယောက်ခြေသံကြောင့် ဓါးမြှောင်ကိုအမြန် ရင်ဘတ်အတွင်းအိတ်သို့ ဝှက်လိုက်ချေပြီး မျက်ရည်များကို သုတ်ကာ လှည့်ကြည့်လိုက်သည်။
" ဘယ်သူလဲ??"
နှုတ်ခမ်းနီရဲရဲဆိုးထားပြီး အနီနဲ့ အနက်ကို ရောယှက်ကာ ပန်းကနုတ်တို့ဖြင့်ပုံဖော်ထားသော ဝတ်စုံနှင့် လွန်စွာ ကျက်သရေရှိလှသည့် အမ်ျုးသမီးတစ်ဦး
ထို အမျိုးသမီးဟာ ပြီးခဲ့တဲ့ညက ချွန်းဟွာရဲ့ ဖျော်ဖြေမှုကို တွေ့ပြီး သဘောကျနှစ်သက်သောကြောင့် လိပ်စာစုံစမ်းကာ လိုက်လာသည့်ပုံပင်။
" အာ..အရင်မိတ်ဆက်ပါရစေ..တို့က ရှန်းယွီ ဆောင်ကြာမြိုင်ရဲ့ပိုင်ရှင်..မိုယွီ လို့ခေါ်ပါတယ်".
.
.
.
The Night Flower : To be continued
.
.
.
The Night Flower လေးရဲ့ အပိုင်း ၁ လေးဖတ်ပြီး ဘယ်လိုနေလဲ ကြိုက်နှစ်သက်ရဲ့လား ပြောခဲ့ပေးပါဦးနော်..
ဒီဇာတ်လမ်းလေးဟာ သာသာဆွဲခဲ့တဲ့ Art လေးတွေရယ်..နားထောင်နေကြ သီချင်းလေးတစ်ပုဒ်ရယ်ကြောင့် စဉ်းစားမိတဲ့ plot လေးဖြစ်ပြီး..အရင် OC fanfic တေလို sex ကြီးပဲမဟုတ်ပဲ plot ပိုင်းတွေလည်း ထည့်ထားတာမို့
Sex မပါတဲ့ အပိုင်းတွေကိုလည်းဖတ်ရမှာပါဗျ။
သဘောကျနှစ်သက်တယ်ဆို Vote ပေးခဲ့ဖို့လည်း မမေ့ပါနဲ့ဦးနော်❤
Click to donate challenge လေးကြောင့် စောစော update ပေးခဲ့ပေမယ့် နောက်အပိုင်းတွေကိုတော့ လကုန်ပြီးနောက်မှ ဆက်တင်ပေးပါ့မယ်ဗျ။
ပုံမှန် တင်မယ့်ရက်ဘယ်ရက်လဲဆိုတာ နောက် Update မှာ ကြေညာပေးသွားပါ့မယ်။
ချစ်ရတဲ့ ဒါဒါတို့ အားလုံး See u in next update ပါ။