သုံးရက်လုံးလုံး အထီးကျန်ဆန်စွာ လစ်ဟာဖျော့တော့နေခဲ့တဲ့စိတ်ဟာ မိနစ်အနည်းငယ်လောက် လေလှိုင်းထဲမှ ဆက်သွယ်မှုလေးအပြီးမှာတော့ ပြီးပြည့်စုံခြင်းဟူသော ကြည်နူးမှုဓာတ်သက်လေးကို ရရှိစေလေသည်။ထိုတဒင်္ဂအချိန်အပိုင်းခြားလေးဟာ သူ့အတွက်တော့ နောက်ထပ်နေ့ရက်တွေအတွက် အားအင်တွေကို အပြည့်အဝရလိုက်သလိုမျိုး။ပြီးတော့ အားကုန်နေတဲ့ဖုန်းတစ်လုံးကို အားသွင်းလိုက်သလိုမျိုးပဲ။နောက်တစ်နေ့မှာ အားပြည့်အင်ပြည့်နဲ့ လန်းဆန်းတက်ကြွနေခဲ့တာ အံ့သြစရာပဲ။လူဟာတိမ်တွေပေါ်မှာ လွင့်နေသလိုလို။ပန်းမွေ့ယာပေါ်မှာ လှိမ့်နေရသလိုလို။ပုံမှန်အတိုင်းပြာလွင်နေတဲ့ ကောင်းကင်ကြီးဟာလည်းပိုလှနေသလို လမ်းမပေါ်ဥဒဟို သွားလာလှုပ်ရှားနေသူတိုင်းဟာလည်း လှပလို့နေသည်။မြင်မြင်သမျှ အရာအားလုံးဟာ မျက်စိပဒေဿဖြစ်လွန်းနေတာလည်း ထူးဆန်သည်။စိတ်အစဉ်ဟာလည်း ကြည်လင်လန်းဆန်နေလိုက်တာများဆိုတာ။ဒီကောင်လေးရဲ့ ဖြစ်တည်မှုတစ်ခုဟာ သူ့အပေါ်မှာအဲ့လောက်အထိ သက်ရောက်မှုရှိနေခဲ့ပြီတဲ့လား။သူ သတိမပြုမိလိုက်တဲ့ အချိန်အတောအတွင်းမှာပဲ ဒီကောင်လေးဟာ သူ့ရဲ့သဘောကျမှုနယ်ပယ်ထဲကို အလိုအလျောက်ပဲ ရောက်ရှိနေခဲ့ပြီတဲ့လား။
"ဘာတွေများ ပျော်စရာရှိနေလို့ ဒီလောက်တောင်ပြုံးနေရတာလဲ ကိုရှင်းရဲ့"
မမွန်ရဲ့စကားကို ကြားတော့မှ မျက်စိရှေ့က စာရင်းတွေကိုကြည့်နေရင်း မမြင်နေခဲ့တဲ့ကိုယ့်အဖြစ်ကို သတိပြုမိတော့သည်။အလျှင်အမြန်ပဲ မျက်နှာအမူအယာအား ပြုပြင်လိုက်ရင်းဖြင့် စစ်ဆေးစရာရှိတာကို ခပ်မြန်မြန်ကြည့်ရှု့လိုက်ပြီး...
"အင်း ဘာရယ်မဟုတ်ပါဘူး ဒီလိုပါပဲ....."
ရှင်းခန့်က ပုံမှန်လေသံလေးဖြင့် ပြန်ပြောပြီး စာရင်းစာအုပ်အား ပြန်ပိတ်၍ မမွန်ဆီသို့ပြန်ပေးလိုက်၏။မမွန်က အလိုက်တသိ ထပ်မမေးတော့ပဲ အပြင်သို့ပြန်ထွက်သွားမှ သူထိုင်ခုံမှာ ကျောမှီချလိုက်သည်။သုံးရက်လုံးလုံး စိတ်နှင့်လူကမကပ်တော့ အလုပ်တွေဟာဟိုမပြီး ဒီမပြတ်ဖြင့် ပုံထပ်နေခဲ့၏။မနက်စာကိုတောင် အလုပ်ခန်းထဲယူစားရင်း လုပ်လက်စတွေကို အပြီးသတ်ဖို့ကြိုးစားနေလိုက်တာ ခဏလေးနဲ့ အချိန်တွေဘယ်လိုကုန်သွားမှန်တောင် မလိုက်ချေ။အခုနာရီကြည့်တော့ နေ့လည်၂နာရီတောင်ရှိနေပြီ။အလုပ်ခန်းထဲမှ ထွက်ခဲ့လိုက်ပြီး နေ့လည်စာစားဖို့ရာ အပေါ်ထပ်သို့တက်ခဲ့လိုက်သည်။အုပ်ဆောင်းမှာ အဆင်သင့်ရှိနေတဲ့ စားစရာတွေကိုကြည့်ရင်း ဆာလောင်စိတ်ဟာလည်း တစိုးတစိမှရှိမနေချေ။အဒေါ်ကြီးက သူလုပ်ရမဲ့အလုပ်မှန်သမျှတော့ တာဝန်ကျေအောင်လုပ်ပေးသည်။စားချိန်တန်ရင်စားဖို့ အဆင်သင့်ဖြစ်နေစေသည်။ဘာတစ်ခုမှ မလစ်ဟင်းစေရ။သို့ပေမဲ့ အလုပ်သမားဆိုသော တာဝန်ကျေမှုများသာ။သူထမင်းစားနာက်ကျတာဖြစ်ဖြစ် စောတာဖြစ်ဖြစ် မျက်စိဒေါက်ထောက်လိုက်ကြည့်နေခြင်းမျိုးတော့ မဟုတ်ပေ။
ဆိုင်းလော့ဒ်သာ ရှိနေလျှင်တော့ ဘာရယ်ညာရယ်မဟုတ်ပဲ အိပ်ချိန်စားချိန်မှန်ဖို့ သတိပေးနေအုံးမှာဖြစ်သည်။အားလပ်ချိန်လေးရလိုက်တာနှင့် အဲ့ဒီကောင်လေးက သူ့ဉီးနှောက်ထဲကိုတိုးဝင်လာတော့တာပဲ။ဖတ်ဖူးတဲ့ကဗျာထဲကစာသားကိုတောင် သတိရမိတယ် သံယောဇဉ်ဆိုတာအရောဝင်လို့မကောင်းတဲ့ခွေးလေးလိုပဲတဲ့။အမှန်ပဲ သူတို့ကြားမှာ သံယောဇဉ်လို့ဆိုရလောက်တဲ့အထိ ရင်းနှီးမှုမရှိကြပေမဲ့လည်း လပိုင်းလောက်လေး အတူရှိလိုက်ရတာကို အကျင့်ကြီးပါနေခဲ့သည်။အနားမှာရှိနေတုန်းကတော့ မသိသာပေမဲ့ အခုလိုအဝေးရောက်နေတော့ အဲ့ကောင်လေး၏ အကြောင်းတွေကိုသာ နေ့နေ့ညညတွေးနေမိတော့သည်။
ဟုတ်သားပဲ အခုပဲနေ့လည်၂နာရီတောင်ထိုးနေပြီ။ဆိုင်းလော့ဒ်ဟာ သူ့ဆီကို ဆက်သွယ်မှုတစ်စုံတစ်ရာ မပြုလုပ်လာသေးချေ။စိတ်ကတွေးမိတာနှင့် လက်ကဖုန်းကိုကောက်ကိုင်လိုက်ပြီးသား ဖြစ်သွားသည်။ဖုန်းခေါ်ဖို့ပြင်လိုက်ပြီးမှ တွေဝေနေမိပြန်သည်။တကယ်ဆို ညတုန်းက သူ့ဖက်ကစပြီး ဆက်သွယ်ခဲ့ပြီးပြီး မဟုတ်လား။အနည်းဆုံးတော့ ဆိုင်းလော့ဒ်ဖက်မှာ ဒီအတိုင်းငြိမ်သက်နေဖို့ မကောင်းလှပေ။သူ့ဆီကို အဆက်အသွယ်ပြုသင့်တယ်မဟုတ်လား။သတိရပါတယ်ဆိုပြီး မိနစ်ပိုင်းစာဆက်သွယ်မှု သေးသေးလေးဟာ သူ့အတွက်လုံလောက်တာတဲ့လား။ဒါမှမဟုတ် သူ့ကိုမလွှဲမရှောင်သာ သတိရတယ်ပြောပြီး တကယ်ပဲ မဆက်သွယ်ချင်တာမျိုးလား။
ဘာဖြစ်ဖြစ် သူများစိတ်ကိုတွေးပြီး တွက်ကပ်နေတက်တာ သူ့ပုံစံမှ မဟုတ်တာ။သူ့အတွက်တော့ သူ့စိတ်ဆန္ဒကပဲ အရေးကြီးဆုံးမဟုတ်လား။ဆိုင်းလော့ဒ် ခေါ်ချင်ချင် မခေါ်ချင်ချင် သူခေါ်ချင်တဲ့အခါ ခေါ်လိုက်မှာပဲဖြစ်သည်။
ဘာကိုများ အများကြီးတွေးနေစရာလိုလို့လဲ။ဖုန်းလေးတစ်ကောလ်အတွက် ဘာကြောင့်များ ရှာကြံအတွေးများနေရမှာလဲ။ဖုန်းက အတန်ကြာဝင်နေပြီးမှ ကိုင်လေသည်။ဖုန်းကိုင်လိုက်တာနှင့် တိုးဝင်လာသော ဆူဆူညံညံအသံများကြောင့် သူ့၏မျက်ခုံးတို့တွန့်သွားရပြီးမှ....
"ဟယ်လို"
"အင်း..."
သူအသံပြုလိုက်တော့မှ ဆိုင်းလော့ဒ်ဆီမှ အင်းဟုသော မပွင့်တပွင့်အသံကထွက်ပေါ်လာသည်။
"ဘယ်ရောက်နေတာလဲ"
"သူငယ်ချင်းတွေနဲ့ရှိနေလို့..."
"အပြင်ရောက်နေတာလား"
"အင်း ဘာကိစ္စရှိလို့လဲ"
ဘာကိစ္စရှိလို့လဲဟုမေးသည့် ခပ်တိုးတိုးလေသံမှာ စိတ်ရှုပ်ထွေးမှုတွေ အတိုင်းသားပါဝင်နေတာကို ခံစား၍ရလိုက်သည်။ပြီးတော့ လမ်းလျှောက်ထွက်လာရင်း ဖုန်းပြောနေပုံရသည်။ဆူညံသံတချို့က ခပ်ဝေးဝေး၌ ကျန်ရစ်ခဲ့လေသည်။
"မင်းပျောက်နေလို့ ဖုန်းလှမ်းဆက်ကြည့်တာ ညကဖျားချင်နေတာဆို သက်သာသွားပြီးလား"
"အင်း သက်သာတယ်"
ဆိုင်းလော့ဒ်ဆီမှ မတုန်မလှုပ်ဖြင့် လှိုက်လှိုက်လှဲလှဲမရှိလှသောလေသံကြောင့် သူဘာဆက်ပြောရမှန်းမသိတော့ချေ။
အေးတိအေးစက်လေသံက သူဖုန်းခေါ်ဆိုခြင်းအား အတိအကျကို မကြိုဆိုချင်သည့်ပုံစံမျိုးဖြစ်သည်။
"မန္တလေးရောက်တာ လေးရက်ပဲရှိသေးတယ် သူငယ်ချင်းတွေရပြီပေါ့လေ"
နှစ်ယောက်ကြား တိတ်ဆိတ်နေသောစကားဝိုင်းအား စိုပြည်မြိုင်ဆိုင်စေဖို့ သူကြိုးပမ်းမိသည်။
"အရင်ထဲကရှိတာ..."
"သြော်..."
သူ့ဖက်က စကားဝိုင်းကိုရှေ့ဆက်ဖို့ ကြိုးပမ်းနေသော်ငြားလည်း ဆိုင်းလော့ဒ်ကတော့ ပြတ်တောင်းသောအသံဖြင့် အပိုအလိုစကားတို့အား မဆိုလာခဲ့ချေ။ထို့ကြောင့်သူ့ရင်ထဲ အောင့်သက်သက် ခံစားချက်တို့ ဝင်ရောက်လာရသည်။သူကသာ အဲ့ဒီဖက်ခြမ်းက ကိစ္စအဝဝကို သိလိုစိတ်ရှိနေတာဖြစ်ပြီး အဲ့ဒီဖက်ကတော့ သူ့ရဲ့ဘယ်ကိစ္စရပ်ကိုမှ သိချင်စိတ်ရှိမနေခဲ့ဘူးလား။မတွေ့ရတဲ့ရက်တွေအတွက် ဆိုင်းလော့ဒ်ဆီမှာ သူ့အတွက်ပြောစရာ စကားတစ်ခွန်း မေးစရာမေးခွန်းတစ်ခုတောင် ရှိမနေခဲ့ဘူးတဲ့လား။
"ဆိုင်းလော့ဒ်.."
ဖုန်းကိုကိုင်ထားရင်း နှစ်ယောက်သား ငြိမ်သက်တိတ်ဆိတ်နေကြစဉ်မှာပဲ ဖုန်းထဲအထိ ကျူးကျော်တိုးဝင်လာသော မိန်းကလေးတစ်ဉီး၏ အသံကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး အေးစက် တောင့်တင်းသွားရတော့သည်။
"အင်း အဲ့ဒါဆို ဒါပဲနော် ဖုန်းချလိုက်တော့မယ်"
ဆိုင်းလော့ဒ်က ခပ်လောလောပြော၍ ဖုန်းကိုအရင်ဉီးအောင်ချသွားပြီဖြစ်လေသည်။သူကတော့ ဆက်သွယ်မှုပြတ်တောက်သွားပြီဖြစ်သော ဖုန်းအားကိုင်လျှက် ငိုင်ပြီးကျန်နေခဲ့မိသည်။သက်ဝင်လှုပ်ရှား တက်ကြွနေခဲ့တဲ့ သူ့ပတ်ဝန်းကျင်ဟာ ရုတ်ချည်းအသက်မဲ့စွာ ငြိမ်ကျသွားသလိုပါပဲ။ဆိုင်းလော့ဒ်ရဲ့ သူ့အပေါ်ဆက်ဆံမှုက ဒီနေ့နဲ့မနက်ဖြန်ဆိုတဲ့ အချိန်အပိုင်းအခြားလေးအတွင်းမှာ ဘာလို့များ အေးစက်သွားရတာလဲ။ညတုန်းကအထိ နွေးနွေးထွေးထွေး စကားတွေဆိုနေခဲ့တဲ့သူက အခုကျတော့ သူ့ကို ဘာလို့များအရှုပ်ထုပ်တစ်ခုလို ဆက်ဆံနိုင်ရတာလဲ။ဘာလို့များ အမှိုက်တစ်စလို လွှင့်ပစ်ခံလိုက်ရသလိုမျိုး သူခံစားနေရတာလဲ။
------
မျက်နှာကျက်ဆီသို့ လွင့်ပျံ့တက်သွားသော ဆေးလိပ်မီးခိုးငွေ့တွေကို ကြည့်ရင်း သူ့စိတ်တွေဟာ ဗလာဖြစ်နေခဲ့သည်။ညမီးရောင်ပြပြ အခန်းထဲမှာ ပြန့်ကျဲနေတဲ့ ဆေးလိပ်အတိုအစတွေရယ် တချက်ချက်မြည်နေတဲ့ နာရီသံရယ်ဖြင့် အားလုံးဟာ ငြိမ်သက်စွာ အထီးကျန်ဆန်လို့နေသည်။သူ့ရဲ့စိတ်ခံစားချက်တွေဟာ ရေခဲကန်၏အောက်ခြေမှာ စုန်းစုန်းမြှုပ်နေသလိုမျိုး ထုံထိုင်းအေးခဲလို့ နေခဲ့လေသည်။လွန်ခဲ့တဲ့တစ်နာရီတုန်းက ဆိုင်းလော့ဒ်ဆီကို သူ စာတိုပို့ခဲ့သည်။လွန်ခဲ့တဲ့ နာရီဝက်မှာ ဆိုင်းလော့ဒ်ဟာ သူ့facebook accမှာ ဓာတ်ပုံတစ်ပုံတင်သွားခဲ့သည်။သံသာညိုဆိုတဲ့ အမျိုးသမီးနှင့်အတူ တခြားသူမသိသော မျက်နှာစိမ်း အမျိုးသားသုံးလေးယောက်ဖြင့် စားပွဲဝိုင်းတစ်ခုမှာ အတူရှိနေကြသည့် ပုံဖြစ်သည်။အပြင်အဆင်အရတော့ ဘားတစ်ခုဖြစ်ပုံရသည်။သူ့၏စာကိုတော့ replyမပြန်သွားခဲ့ချေ။
အပြင်ထွက်ပြီး သူငယ်ချင်းတွေနဲ့ အတူတူအချိန်ဖြုန်း နေနိုင်ရဲ့သားရဲ့ သူ့အတွက်တော့ စက္ကန့်ပိုင်းလေးတောင် အချိန်ဖဲ့မပေးနိုင်ဘူးဆိုတဲ့အသိက သူ့ကိုမခံမရပ်နိုင်ဖြစ်စေသလို အတော်လေးအနေခက်စေသည်။နေပါအုံး သူတို့ရဲ့ဆက်ဆံရေးက မဖြစ်မနေအဆက်အသွယ်ပြုနေစရာ လိုအပ်လို့လား။တစ်ယောက်ရဲ့အချိန်ကို တစ်ယောက်အတွက် ချန်လှပ်ထားပေးစရာလိုလို့လား။သူ့ဖာသာ အလုပ်မအားတာဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ အတူရှိနေတာဖြစ်ဖြစ် အဲ့ဒါက သူနဲ့ဘာဆိုင်လို့လဲ။သူ့ကို စာပြန်တာဖြစ်ဖြစ် စာမပြန်တာဖြစ်ဖြစ် ဘာလို့များအလေးအနက်ထား လိုက်ခံစားနေမိတာလဲ။တကယ်ဆို သူတို့ရဲ့ဆက်ဆံရေးဟာ အိပ်ဖော်သာသာပဲလေ။ဘာချည်နှောင်မှု ဘာကတိကဝတ်မှလည်းမပါခဲ့ဘူး။ပြီးတော့ သူကိုယ်တိုင်ကလည်း ဒီကောင်လေးနဲ့အိပ်ရတာကို သဘောကျတာ။ဒီကောင်လေးရဲ့ ငယ်ရွယ်နုပျိုသန်စွမ်းမှုကို သဘောကျတာ။ဒီကောင်လေးရဲ့ အိပ်ယာပေါ်ကအပြုစုအယုအယတွေကို စွဲလမ်းနှစ်ခြိုက်တာ။သူဆန္ဒရှိတဲ့အချိန်မှာ ဒီကောင်လေးနဲ့အတူ သာယာမှုရှာချင်တာပဲ။တကယ်ဆို စိတ်ခံစားချက်တွေနဲ့ ရောယှက်နေစရာမှမလိုပဲ။ခပ်ရိုင်းရိုင်းပြောရရင် သူလိုချင်တဲ့အချိန် အိပ်ပေးနေရင်ပြီးတာပဲ မဟုတ်လား။
ထိုသို့တွေးလိုက်တော့လည်း စိတ်ထဲမှာအတန်ငယ် သက်တောင့်သက်သာ ဖြစ်သွားသလိုပင်။လက်ထဲမှ စီးကရက်တိုကိုတောက်ထုတ်ပစ်ပြီး နောက်ထပ်ဆေးလိပ်ဘူးကို လက်လှမ်းမိသည်။ဆေးလိပ်အသစ်တစ်လိပ်ကို အသာမီးညှိရင်းခပ်ပြင်းပြင်းရှိုက်လိုက်တော့ တစ်ကိုယ်လုံးနွေးထွေးသွားရသည်။အတွေးတွေ ဗလာနတ္တိဖြင့် နောက်ထပ်ဆေးလိပ်နှစ်လိပ် ကုန်သွားချိန်မှပဲ သူ့စိတ်တွေအတန်ငယ် ငြိမ်သက်သွားရတော့သည်။တိတ်ဆိတ်ငြိမ်သက်နေတဲ့ သူ့အခန်းဟာ အခုညမှပဲ ပိုပြီးအထီးကျန်ဆန်စွာနဲ့ ပျင်းရိစရာကောင်းနေလိုက်တာ။
ပျင်းရိခြင်းအား အရက်ဖြင့်မျောချဖို့ စိတ်ကူးဖြင့်ရေခဲသေတ္တာအား ဆွဲဖွင့်ပြီးမှ လက်ကိုပြန်ရုတ်မိသည်။သူ့အတွက် ပျင်းရိခြင်းဆိုတာ ဒီတိတ်ဆိတ်နေတဲ့အိမ်ကြီးထဲမှာ ရှိနေရခြင်းမဟုတ်လား။နောက်ဆုံးတော့ တိတ်ဆိတ်နေသောအခန်းအား ကျောခိုင်းကာ အပြင်ထွက်ဖို့သာစိတ်ကူးမိတော့သည်။ည၈နာရီဆိုတဲ့အချိန်က အိပ်ရာဝင်နောက်ကျတက်တဲ့ ရန်ကုန်မြို့ကြီးအဖို့တော့ သက်ဝင်လှုပ်ရှားနေဆဲဖြစ်သည်။ညမီးရောင်စုံအောက်မှာ ကားရောင်စုံဟာ ဥဒဟိုသွားလာနေကြဆဲ။လမ်းဘေးညဈေးနှင့် ဘီယာဆိုင်တွေမှာလည်း လူတွေတိုးကြိတ်စည်းကာနေဆဲပင်။ကားအပြင်ဖက်က မြင်ကွင်းတွေဟာ စည်းကားနေပေမဲ့ သူ့စိတ်တွေကတော့ ဟာတာတာဖြင့်ထိုင်းမှိုင်းနေဆဲပင်။လမ်းဘေးညဈေးလည်း ဆင်းမလျှောက်ချင်သလို ဘီယာဆိုင်မှာလည်းဝင်မထိုင်ချင်။ဘားသွားဖို့ကိုလည်းစိတ်မပါပဲ ငေါင်တောင်တောင်သာဖြစ်လို့နေသည်။ရန်ကုန်မြို့ရဲ့ ညတွေဟာ စည်းကားသက်ဝင်နေပေမဲ့ သူ့အတွက်တော့ ပျော်ရွှင်စရာတစ်ခုကိုတောင် ရှာမတွေ့ချေ။ကားကို ဉီးတည်ရာမဲ့လျှောက်မောင်းနေရင်း မြို့ပြင်သို့ရောက်မှန်းမသိ ရောက်လာခဲ့သည်။သို့ပေမဲ့ သူ့ဆီမှာအိမ်ပြန်လှည့်ဖို့ အတွေးစိတ်ကူးတော့ ရှိမနေချေ။ကားကိုအရှိန်ပိုမြှင့်ကာ ဟိုင်းဝေးလမ်းပေါ်သို့ ဉီးတည်ချက်ပြောင်းမိလေတော့သည်။
------
"မန္တလေးမြို့မှ ကြိုဆိုပါ၏"
အချိန်၈နာရီလောက် မရပ်မနားကားမောင်းနှင်မှု အပြီးမှာတော့ မီးရောင်များဖြင့်ထိန်လင်းနေသော မန္တလေးမြို့အဝင်ဆိုင်းပုဒ်ကြီးက သူ့အားကြိုဆိုလို့နေပြီဖြစ်သည်။ဒီမြို့ကြီးထဲက တစ်စုံတစ်ယောက်ကတော့ သူ့အားကြိုဆိုချင်ပါ့မလား မသေချာပေ။မကြိုဆိုချင်လည်း သိပ်တော့ကိစ္စမရှိပါဘူး။သူသာလာချင်စိတ်ရှိလျှင် ဘယ်သူပဲကြိုကြိုမကြိုကြို လာကိုလာမှာပဲဖြစ်သည်။သူလုပ်ချင်တဲ့အရာတစ်ခုအတွက် ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက်တွေမရှိသလို ဘယ်သူ့အတွက်ဆိုတဲ့ ငဲ့ညှာမှုများလည်း ရှင်းခန့်မောင်ဆိုတဲ့သူ့ဆီမှာမရှိချေ။လူဆိုတာအတ္တတြွေဖင့် မွမ်းမံတည်ဆောက်ထားကြတာမဟုတ်လား။လူကောင်းဆိုတဲ့ဂုဏ်ပုဒ်ကို လိုချင်လို့သာ အပေါ်ယံစာနာတက်တဲ့ အလွှာတွေနဲ့ဖုံးအုပ်ထားကြတာ။သူလည်း အရင်တုန်းကတော့ သူ့ရဲ့အတ္တတွေ ယုတ်ညံ့ဆိုးသွမ်းတဲ့အစိတ်အပိုင်းတွေကို ဖုံးကွယ်ပြီး လူကောင်းဟန်ဆောင်ခဲ့ဖူးတာပဲ။
အခုအချိန်မှာတော့ သူကအလုံးစုံ ကောင်းမွန်နေရင်တောင် သူ့ကိုဘယ်သူကမှ အသိအမှတ်ပြုချင်တော့မှာမဟုတ်။သူကလည်း သူရဲ့ဖြစ်တည်မှုကို ဘယ်သူတစ်ဉီးတစ်ယောက်ဆီမှာမှ မှတ်ကျောက်မတင်ချင်တော့ချေ။အဲ့ဒါကြောင့်မို့ သူ့ရဲ့အတ္တတွေ တစ်ကိုယ်ကောင်းဆန်မှုတွေကို ဘယ်သူ့ရှေ့မှာမှ အပင်ပန်းခံကာ ဟန်ဆောင်ပြီးဖုံးကွယ်ထားနေမှာ မဟုတ်တော့ချေ။သူကောင်းချင်တဲ့အချိန် စိတ်ကြိုက်ကောင်းပေးမှာဖြစ်ပြီး အတ္တကြီးဆိုးသွမ်းချင်တဲ့အခါလည်း စိတ်ကြိုက်ဆိုးသွမ်းမှာပဲဖြစ်လေသည်။ဘာအကြောင်းကြောင့်မှ မျက်နှာဖုံးတွေကိုတပ်ဆင်ထားဖို့ရာ မလိုအပ်တော့ပေ။
မန္တလေးမြို့ထဲသို့ရောက်တော့ နာရီက မနက်လေးနာရီခွဲသို့ ညွှန်ပြနေပြီဖြစ်သည်။လာသာလာခဲ့ရတာ သူတွေ့ချင်တဲ့တစ်စုံတစ်ယောက်က ဒီမြို့ကြီးရဲ့ဘယ်နေရာမှာ ရှိနေသလဲဆိုတာလည်းသူမသိချေ။တစ်ညလုံးကားမောင်းခဲ့ရတော့ မျက်လုံးတွေလည်း ဖန်တွက်ကျိန်းစပ်နေပြီဖြစ်သည်။ထို့ကြောင့် ဟိုတယ်သို့အရင်သွားဖို့သာ စိတ်ကူးလိုက်တော့သည်။ကားကိုဖြေးဖြေးမှန်မှန်မောင်းရင်းဖြင့် ဆီဒိုးနားဟိုတယ်ရှေ့သို့ရောက်တော့ သူ့စိတ်ကူးတစ်မျိုးပြောင်းသွားရသည်။အခုချက်ချင်းပဲ ဆိုင်းလော့ဒ်အား တွေ့ချင်မြင်ချင်စိတ်တို့ဟာ တဖွားဖွားဖြစ်ပေါ်လို့လာသည်။မနက်ဖြန်အထိစောင့်ဆိုင်းရဖို့ကို သူစိတ်မရှည်နိုင်တော့ပေ။ထို့ကြောင့် ဟိုတယ်ထဲသို့မဝင်သေးပဲ ရှေ့နားမကျတကျမှာ ကားကိုရပ်လိုက်ပြီး ဆိုင်းလော့ဒ်ဖုန်းအားခေါ်ဆိုလိုက်သည်။အိပ်ပျော်နေပျော် အိပ်ကောင်းနေသည့်အချိန်ကြီးမို့ ဖုန်းကတော်တော်နှင့်မကိုင်ချေ။
"ဟယ်လို..."
အတန်ကြာဖုန်းခေါ်ဆိုမှု အပြီးမှာတော့ဖုန်းထဲမှ အိပ်ချင်မူးတူး ဗလုံးဗထွေးအသံအား ကြားလိုက်ရတော့သည်။ဆိုင်းလော့ဒ်၏ အိပ်ချင်မူးတူးအသံအား နားထောင်၍ ကုတင်ပေါ်မှာ မျက်လုံးမဖွင့်ပဲ ဖုန်းကိုင်ထားမည့် ပုံစံအား မှန်းဆကြည့်ရင်း သူ့နှုတ်ခမ်းတို့ တွန့်ကွေးပြုံးမိသည်။
"အိပ်နေတာလား..."
"အင်း....."
ဖုန်းထဲမှ မပီမသအင်းဆွဲဖြေသံလေးက ဒီကောင်လေးကို အခုချက်ချင်း တွေ့မြင်ချင်တဲ့စိတ်တို့အား ပို၍လောင်စာထည့်ပေးနေသလိုပင်။
"မအိပ်နဲ့တော့ ထတော့..."
"ဟင် အင်း...."
ကြည့်စမ်းပါအုံး အိပ်ချင်မူးတူးနဲ့ ဘာပြောလို့ပြောနေမှန်းတောင်မသိတဲ့ ပုံစံလေးက။တွေးရင်းဖြင့် သူ့ရင်ထဲယားကျိယားကျိ ဖြစ်လာရတော့သည်။
"အင်းမနေနဲ့ အခုဘယ်သူပြောနေတာလဲ သိလို့လား"
"အင်း..."
ဒီတစ်ခေါက်တော့ သူ့မျက်ခုံးတို့ တွန့်ကွေးသွားရပြီးမှ....
"ကဲ အင်းမနေနဲ့ ထ ထ ထတော့လို့ ဒီမှာကိုယ်အရေးကြီးနေတယ်.."
"...."
သူ ဆူဆူညံညံလေးပြောလိုက်ပေမဲ့ တဖက်ကတော့ ဘာမှတုံ့ပြန်မလာပါပဲ အသက်ရှုသံပြင်းပြင်းကိုသာ ပေးလို့လာလေသည်။
"ဆိုင်းလော့ဒ် ဆိုင်းလော့ဒ် ထလို့ ထ ထ အခုထတော့ ကိုယ် ဒီမှာ အရေးကြီးနေတာပါဆို...."
"ဟင်..အင်း...ကျစ်!...."
သူဆက်တိုက် ဆူညံပေးလိုက်တော့ အာမေဋိတ်ပြုသံနှင့်အတူ ခန္ဓကိုယ်အားနေရာရွေ့ လှုပ်ရှားသံတို့အားကြားလိုက်ရသည်။ပြီးတော့ ကိုယ်ပေါ်မှစောင်အား စိတ်မရှည်သလို အကြမ်းပတမ်းဆွဲခွာလိုက်သံကိုပါ ဆက်တိုက်ကြားလိုက်ရတာမို့ ဆိုင်းလော့ဒ် ကောင်းကောင်းနိုးသွားပြီဆိုတာကို သိလိုက်ရ၏။
"ဘာလဲဗျာ ခင်ဗျား ကျွန်တော်ခုနကမှ အိပ်ရတာကို..."
ဖုန်းထဲမှမကြည်မလင်ဖြင့် ဆောင့်ဆောင့်အောင့်အောင့်အသံလေးက ခပ်အစ်အစ်ထွက်ပေါ်လို့လာသည်။သူ့နှုတ်ခမ်းပေါ်၌ အပြုံးရိပ်တို့ ထပ်မံဖြစ်ထွန်းသွားရပြီးမှ..
"မင်းကမှ အိပ်ရသေးတယ် ကိုယ်က တစ်ညလုံးမအိပ်ရသေးဘူး.."
"ခင်ဗျားဖာသာမအိပ်တာလေ ကျွန်တော်နဲ့ဘာဆိုင်လဲ.."
ရမ်ဆိုင်းလော့ဒ်ဆိုတာ အဲ့ဒီလိုဆို။စကားကိုဒဲ့တိုးဆန်စွာ ဘုဘောက်ကျဖို့ ဘယ်တော့မှ အားမနာတက်သည့်လူမျိုး။
"ဟုတ်ပါတယ် ကိုယ့်ဖာသာမအိပ်တာပဲ မင်းနဲ့မဆိုင်ပါဘူး ဒါပေမဲ့ အခု ကိုယ်အရမ်းအိပ်ချင်နေတဲ့ကိစ္စကတော့ မင်းနဲ့ သက်ဆိုင်နေလို့..."
"....."
"ကဲ..ထစမ်းပါ မျက်နှာသစ်လိုက် ထ ထ.."
သူတွန်းတွန်းတိုက်တိုက် ထပ်ပြောလိုက်တော့...
"ဘာလဲဗျာ ခင်ဗျား အချိန်မဟုတ်အခါမဟုတ် အိပ်ချင်တာများ အိပ်ပါလား တကူးတကဖုန်းဆက်နှိုးပြီး ဘာဖြစ်ချင်နေတာလဲ ခင်ဗျား..."
ဆိုင်းလော့ဒ်၏အသံက စိတ်မရှည်စွာ ဆောင့်အောင့်ထွက်လာပေမဲ့လို့ သူကတော့ နည်းနည်းတောင်မဖြုံပါ။ဆိုင်းလော့ဒ်ရဲ့ဒေါသတွေဟာ သူ့ကိုမခြိမ်းခြောက်နိုင်တော့ပါ။
"ကိုယ် တကယ်အရမ်း အိပ်ချင်နေလို့"
"ဟ အိပ်ချင်တာ အိပ်ပါလား ကျွန်တော်က ဘာလုပ်ပေးရမှာလဲ"
"အိပ်လို့မရလို့ပေါ့ မင်းထွက်လာမှရမယ်..."
"ဘာကိုထွက်လာရမှာလဲ ရန်ကုန်နဲ့မန္တလေးကို လာချင်တိုင်းထလာရအောင် ကျွန်တော့်ကို ကိုယ်ဖော့သိုင်းတွေများတက်တယ်ထင်နေလို့လား..."
ရှင်းခန့်မောင်ဆိုတာ ဤသို့ဤနှယ်။သူအိပ်မပျော်တိုင်း လူကိုဖုန်းဆက်ခေါ်နှိုးပြီး ရစ်ပတ်တက်တာအကျင့်တစ်ခုလိုမျိုး။တခါတလေဆို အတူအိပ်နေရင်းနဲ့တောင် တရေးနိုးလာရင် ရေထခပ်ပေးစမ်းဆိုပြီး အတင်းနှိုးပြီးခိုင်းတက်သေးတာ။ဘယ်ဘဝကဝဋ်ကြွေးတွေကိုများ အတိုးအရင်းပေါင်းပြီး ဆပ်နေရတာလည်းမသိတော့ဘူး။
သူပြောလိုက်တော့ ရှင်းခန့်ဆီမှ ခပ်သောသောရယ်သံလေး ထွက်ပေါ်လာရပြီး....
"ကိုယ် မန္တလေးရောက်နေတာ..."
"ဟမ်...."
ရှင်းခန့်၏ စကားကြောင့် အိပ်ချင်မူးတူးစိတ်တွေပါ လွင့်ပြယ်ကုန်ကာ မျက်လုံးတို့ပြူးကျယ်သွားရသည်။စိတ်ထဲမှာ ဒီအတိုင်း တရေးနိုးမို့ ရှင်းခန့်မောင်တစ်ယောက် လှမ်းရစ်နေတယ်ဟုသာ ထင်မှတ်ထားမိတာ။
"မဖြစ်နိုင်တာတွေ ပြောပြန်ပြီ ခင်ဗျားနဲ့တော့ စားချင်းတာစားနော် အချိန်မဟုတ်အခါမဟုတ် ဉီးနှောက်တော့ လာမစားနဲ့..."
"သြော် တကယ်ပါဆို ကိုယ်အခု ဆီဒိုနားအရှေ့မှာ အခန်းဝင်ယူမလို့ ဒါပေမဲ့ မှတ်ပုံတင်ကျန်နေခဲ့တာ အခုမှသတိရတယ်..."
"....."
"အဲ့ဒါ မင်းအခုထွက်လာပြီး အခန်းလာငှားပေးစမ်းပါ တကယ်အရမ်းအိပ်ချင်နေပြီ မဟုတ်ရင် လမ်းပေါ်မှာ ကိုယ်တစ်ယောက်တည်း ဒီအတိုင်းအိပ်ပျော်သွားလိမ့်မယ် မြန်မြန်လာခဲ့စမ်းပါ.."
ရန်ကုန်ကနေ မန္တလေးအထိ ရောက်လာပြီးမှ မှတ်ပုံတင်ကျန်နေခဲ့တယ်ဆိုတဲ့ကိစ္စဟာ အဓိပ္ပါယ်ရှိသလား မရှိဘူးလားလည်း သူသေချာမတွေးတောနိုင်တော့ပါ။အချိန်ကောင်းကြီး လမ်းပေါ်မှာ ရှင်းခန့်တစ်ယောက်တည်းဆိုသည့်အသိကလွဲ၍ သူကျန်တာကို များများစားစား မတွေးတောနိုင်တော့ချေ။ပိုက်ဆံအိတ်အားဆွဲယူ၍ လူခြေတိတ်နေသော လမ်းမကြီးပေါ်သို့ ရောက်ခဲ့ရတော့သည်။ကိုယ်တိုင်ဟာလည်း မန္တလေးမြို့၏ ဧည့်သည်ပေမို့ အခုလို မနက်ဝေလီဝေလင်း လေးနာရီခွဲငါးနာရီထိုး အချိန်ကြီးမှာ ဘယ်တက္ကစီမှလည်း ခေါ်စရာအသိမရှိနေ။ မီးထိန်ထိန်လင်းချင်းနေတဲ့ လမ်းမကြီးပေါ်မှာ မီနီအိုးဝေမပြောနှင့် ခွေးတစ်ကောင်ကြောင်တစ်မြှီးတောင် အစအနမတွေ့ရပေ။သူတို့ဘားက အရှေ့ဖက်ကျုံးမှာဖြစ်သည်။လမ်းမပေါ်ရောက်မှပဲ တောင်ဖက်ကျုံးရှိ ဆီိဒိုနားဟိုတယ်ရှေ့အထိ ဘာနှင့်ဘယ်လိုသွားရမလဲ တွေးမိတော့သည်။အရှေ့ဖက်ကျုံးနှင့် တောင်ဖက်ကျုံးက သိပ်လည်းမဝေးလှတာမို့ လမ်းမပေါ်ရောက်ပြီးမှတော့ မထူးဇာတ်ခင်းကာ လမ်းလျှောက်သွားဖို့သာ ဆုံးဖြတ်လိုက်ရတော့သည်။
တက်နိုင်သမျှ ခြေလှမ်းတို့အား ခပ်သွက်သွက်လှမ်းနေဆဲ မိုးကတဖွဲဖွဲဖြင့် ရွာချလာလေသည်။မတက်နိုင် မိုးရေထဲမှာပဲ ခြေလှမ်းတို့အား ပိုပြီးသွက်သွက်လှမ်းနိုင်ဖို့ ကြိုးပမ်းရ၏။မိုးဖွဲဖွဲကြား အတန်ကြာလမ်းလျှောက်ပြီးတော့ ဆီဒိုးနားဟိုတယ်နားသို့ ရောက်လာခဲ့ပြီဖြစ်သည်။ဟိုတယ်ရှေ့ လမ်းမကြီးပေါ်မှာ မီးတွေထိန်ထိန်လင်းနေပေမဲ့ လူသူကင်းမဲ့လို့နေ၏။ရှင်းခန့်မောင်၏ အရိပ်အယောင်ကိုတောင် မတွေ့ရတာမို့ ဒီလူသူ့ကို တမင်ကျပ်လိုက်ပြီလားဟု အတွေးဝင်သွားရ၏။မိုးဖွဲဖွဲကျနေတာကိုလည်း ဂရုမစိုက်အားပဲ ခန္ဓကိုယ်အား လှည့်ပတ်ကာဖြင့် ဟိုဟိုဒီဒီရှာဖွေမိသည်။နောက်ဆုံးမတွေ့ရတော့မှ ပလက်ဖောင်းပေါ်ရှိ အပင်အရိပ်အောက်သို့ ပြေးဝင်ကာ ရှင်းခန့်ဆီသို့ ဖုန်းခေါ်ဆိုလိုက်ရသည်။
"ဟယ်လို...."
ဖုန်းထဲမှ သက်တောင့်သက်သာ အေးငြိမ်စွာဖြင့် ရှင်းခန့်၏ အသံကထွက်ပေါ်လာတာမို့ သူ့မျက်ခုံးတို့ တွန့်ကုပ်သွားရသည်။ခုနကတော့ သူ့ကို အလောတကြီးလာဖို့အတွက် လောဆော်နေတာမဟုတ်လား။
"ခင်ဗျားဘယ်မှာလဲ ကျွန်တော်ရောက်နေပြီ..."
ပတ်ဝန်းကျင်ကိုလည်း ဟိုဟိုဒီဒီမျက်စိကစားကြည့်မိရင်း သူမေးမိတော့...
"ကိုယ် ဒီဖက်မှာလေ မင်း လမ်းကူးခဲ့..."
"ဘယ်မှာလဲ...."
"အနောက်ကို ပြန်လှည့်လာခဲ့ မင်းကျော်သွားတာ..."
ထိုအခါမှ အနောက်သို့ ပြန်လှည့်၍ လမ်းတစ်ဖက်စီသို့ ကြည့်လိုက်တော့ ကျုံးရှေ့မှာရပ်ထားပါသော ရှင်းခန့်၏ကားအား တွေ့လိုက်ရ၏။ဖုန်းကိုပြန်မချတော့ပဲ ဒီအတိုင်းကိုင်ထားရင်း အနောက်ပြန်လျှောက်ကာ လမ်းတစ်ဖက်ဆီသို့သာ ကူးခဲ့လိုက်၏။ကားဆီသို့ရောက်တော့ ရှင်းခန့် ကားတံခါးအား အသင့်ဖွင့်ပေးလေသည်။
"အဲ့ဒါ တွေ့နေတာကို ဘာလို့လှမ်းမခေါ်တာလဲ..."
ကားထဲသို့ ရောက်ရောက်ချင်းမေးမိတော့...
"မင်း ကိုယ့်ကိုရှာနေတဲ့ပုံစံကို သဘောကျလို့လေ.."
မိုးရေထဲမှာ လူရှာနေတဲ့ပုံစံက ဘယ်နေရာကများ သဘောကျချင်စရာကောင်းနေလို့လဲ။သူများ ဒုက္ခများနေတာကိုမှ သဘောကျရတယ်လို့။ဒီလူဟာလေ တကယ့်ဆိုက်ကိုပါ့ပ်ဖ်...။
ဆိုင်းလော့ဒ် မကျေမလည်တွေးမိနေဆဲ ရှင်းခန့်ကတော့ ကားအားမောင်းထွက်ကာ ဟိုတယ်ဝန်းထဲသို့ ချိုးကွေ့ဝင်လိုက်ပြီဖြစ်လေသည်။
-----
"ဘယ်လိုဖြစ်ပြီး ရောက်လာရတာလဲ...."
ရေချိုးခန်းထဲမှ ကိုယ်လက်သန့်စင်ပြီး ပြန်ထွက်လာသော ရှင်းခန့်အား မေးမိသည်။ရှင်းခန့်က ရေစိုနေသော မျက်နှာအား တစ်ရှူးဖြင့်တို့သုတ်နေပြီးမှ....
"ပျင်းလို့လေ ကားလျှောက်မောင်းရင်း ရောက်လာတာ"
မန္တလေးနဲ့ရန်ကုန်ခရီးကို ပျင်းလို့ကားလျှောက်မောင်းတာတဲ့။ဖြစ်ရလေခြင်း...။
ဆိုင်းလော့ဒ် ဘာမှထပ်မပြောတော့ပဲ ရေစိုနေသောအဝတ်တို့အား ချွတ်၍ချိတ်၌ ချိတ်ဖို့သာပြင်လိုက်တော့သည်။ဘာမှထပ်မပြောတော့ပဲ တိတ်ဆိတ်သွားသော ဆိုင်းလော့ဒ်၏ ကျောပြင်အားကြည့်၍ သူတိတ်တဆိတ်ပြုံးမိသည်။
ပြီးတော့ အဝတ်မဲ့ကျောပြင်ကျယ်အားကြည့်ရင်း ခန္ဓာကိုယ်ထဲမှ သွေးတို့ပူနွေးလာရလေသည်။
"ဒီလောက်ခရီးဝေးကြီးကို ဘာကိစ္စနဲ့ပျင်းလို့ ကားလျှောက်မောင်းတယ်လုပ်နေတာလဲ ပြီးတော့ တစ်ယောက်ထဲ ညကြီးမိုးချုပ် နည်းနည်းပါးပါး အသိတရားလေးဝင်ပါအုံး စိတ်ထင်ရာလျှောက်လုပ်နေတာပဲ...."
ကျောခိုင်းလိုက်တော့မှပဲ ဆူပူချင်သည့်စကားတို့က ခုန်ပေါက်ထွက်ကျလေသည်။
"ကိုယ်...မင်းကိုလွမ်းလို့..."
ရုတ်တရက် အနောက်မှနေ၍ သိုင်းဖက်ကာ ခပ်တိုးတိုးပြောလာသော ရှင်းခန့်၏အပြုအမူကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးတောင့်တင်းသွားရသည်။မထင်မှတ်ထားတာမို့ ရုတ်တရက် ဘာလုပ်ရမလဲမသိပဲ ဒီအတိုင်းတောင့်တောင့်ကြီး ရပ်နေမိသည်။ရှင်းခန့်က သူ့၏ကျောပြင်အား နှုတ်ခမ်းဖြင့်ဖိကပ်နမ်းပြီးမှ...
"မင်းမရှိတဲ့ညတွေ အရမ်းအထီးကျန်တာပဲ..."
ခပ်တင်းတင်းပွေ့ဖက်လာသော နွေးထွေးသည့်အထိအတွေ့ကြောင့် သူလည်း ထိုပုံစံအတိုင်းပဲငြိမ်သက်နေမိလိုက်သည်။ရှင်းခန့်က သူ့အားနောက်ကျောမှနေ၍ ပွေ့ဖက်ထားရင်းဖြင့် သူ့၏ဗိုက်သားပြင်အား ဖွဖွရွရွလေးပွတ်သပ်လာပြန်သည်။
"ကိုယ့်ကို မလွမ်းဘူးလား ဟင်!..."
အဲ့ဒီ ဟင်!ဆိုတဲ့ အဖျားခတ်၍တိုးတိတ်တုန်ခါသွားတဲ့ အသံလှိုင်းလေးက သူ့တစ်ကိုယ်လုံးကို ကျဉ်ခဲသွားစေလေသည်။အသံလှိုင်းမှာကိုက တစ်စုံတစ်ရာကို ညှိုငင်ဆွဲဆောင်နေသလိုမျိုး။ခါး၌ဖက်တွယ်ထားသော နူးညံ့သွယ်ပျောင်းသည့် လက်ဖဝါးတို့အား ခပ်တင်းတင်းဆုပ်ညှစ်၍ မျက်နှာချင်းဆိုင်ဖြစ်အောင် ပြန်လှည့်လိုက်သည်။ညအိပ်မီးအိမ်လေးသာ ထွန်းညှိထားပါသော ဟိုတယ်ခန်း၏ ဝါကျင်ကျင်မီးရောင်အောက်မှာ အကြည်ရောင်မျက်ဝန်းလေးတွေဟာ တစ်စုံတစ်ခုကို ဆာလောင်စွာတောင်းခံနေကြသလိုမျိုး။
နီးကပ်နေသည့်အနေအထားကြောင့် တစ်ယောက်၏ဝင်သက်ထွက်သက်ကို တစ်ယောက်ကသိရှိနေရသည်။သူ့၏ အသက်ရှုနှုန်းတွေ ပြင်းထန်လာတာကိုလည်း ကိုယ်တိုင်သတိထားမိနေသည်။ရှင်းခန့်ဆီမှာ ရေမွှေးနံ့လိုမျိုး ရနံ့သင်းသင်းလေးတစ်ခုဟာလည်း သူ့အားယစ်မူရီဝေနေစေသလိုပင်။ကိုယ်တိုင်တောင် မသိလိုက်ပါပဲ အရှေ့မှ လူအားရီဝေနစ်မျောစွာ ကြည့်နေမိရင်းဖြင့် နှုတ်ခမ်းလွှာဖူးဖူးလေးအား လက်မဖြင့် အသာအယာပွတ်သပ်နေမိတာ သတိကင်းလွတ်စွာ။ရှင်းခန့်ကလည်း ဆိုင်းလော့ဒ်၏ ရီဝေနေသောမျက်ဝန်းတို့ကြောင့် သဘောကျစွာပြုံးမိပြီးမှ နှုတ်ခမ်းပေါ်ရှိလက်မအား လျှာဖြင့်အသာတို့ကာရစ်ပတ်လိုက်တော့ ဆိုင်းလော့ဒ်၏ခန္ဓာကိုယ်က ဆတ်ကနဲတုန်သွားရတော့သည်။
ဆွဲဆောင်ညှို့ငင်မှုဟာ ဘယ်လောက်တောင်အားပြင်းနေသလဲ မသိပါ။အဲ့ဒီနှုတ်ခမ်းတွေဆီမှာ သူဟာ ညံ့သက်စွာ...။ပထမတော့ အနမ်းတို့ဟာ ဖွရြွငင်သာစွာ။နောက်တော့ တဖြည်းဖြည်းချင်း မွတ်သိပ်နက်ရှိုင်းလာခဲ့ပြီးနှုတ်ခမ်းလွှာနှစ်ခုဟာ ထပ်တူကျနေပုံများ ကြာလေသွေးလို့တောင်မရ။ထိကပ်နေမိတဲ့ ခန္ဓာကိုယ်နှစ်ခုဟာလည်း မီးထတောက်မတက် ပူလောင်ပြင်းပြလာကာ တစ်စုံတစ်ရာကို အရူးအမူးဆာလောင်လို့လာသည်။ခန္ဓာကိုယ်ပေါ်မှ အဝတ်အစားတို့ ကင်းမဲ့သွားခြင်းကိုလည်း မသိလိုက်တော့သလို မနက်ခင်းအလင်းရောင်တို့ ဖြန့်ကျက်တိုးဝင်လာတာကိုလည်း မသိလိုက်တော့။အခန်းလေးထဲမှာတော့ လူသားနှစ်ဉီး သီကျူးနေပါသော ကမ္ဘာဉီး၏တေးဂီတသံစဉ်တို့သည်သာ ကြီးစိုးလျှက်ရှိနေတော့လေသည်။
------
AN.အလှလေးက တုပ်ကွေးလိုလို ကိုဗစ်လိုလိုဖြစ်ပြီး ဖျားနေလို့ပါ။အခုတော့ လည်ချောင်းလေးနည်းနည်းပဲ နာတော့ပါတယ်ရှင့်။အဲ့ဒါမို့ ပျောက်နေရတာပါရှင့်။