"ဟို ကျနော်မျိုး ဒါကြီးတွေ ဝတ်လို့ မဖြစ်လောက်ဘူးထင်တယ်"
Tao တစ်ယောက် ကိုယ်တော်လေး Luhan ယူလာခဲ့ပေးသော ဝတ်စုံကိုကိုင်ကာ မဝံ့မရဲနှင့် မေးမြန်းမိသော်လည်း BaekHyun နှင့် Luhan မှာတော့ ဂရုမစိုက်စွာပဲ Tao ၏ အိတ်ထဲမှ ပစ္စည်းများကို စိတ်တိုင်းကျမွှေနေလေသည်..
"ဟို ကိုယ်တော်လေး Luhan နဲ့ BaekHyun မင်းသား .. ကျနော်မျိုးကိုလဲ အဖက်လုပ်ကြပါဦး"
Tao ၏ ငိုသံစွက်နေသည့် အသံကိုကြားတော့မှ BaekHyun နှင့် Luhan တို့နှစ်ယောက် Tao ရှိရာအရပ်ဆီသို့ လှည့်ကြည့်ဖြစ်ကြသည်..
"ဟို ကျနော်မျိုးကို ရုပ်ဖျက်စေချင်တယ်ဆိုလဲ တခြားပုံစံလုပ်ခိုင်းပါလား ဒီရှန့်ကုန်းဝတ်စုံကြီးကတော့ နည်းနည်း.."
Tao မျက်နှာလေးရှုံ့မဲ့ကာ ခေါင်းတကုတ်ကုတ်ဆိုရှာတော့ Luhan ပြူးပြူးလေးကြည့်ကာ
"အယ်ပီကလဲ ဝတ်မကြည့်သေးပဲနဲ့ ဝတ်ကြည့်ပါဦး အယ်ပီနဲ့ သင့်တော်မှာပါ"
Tao မဝတ်နိုင်ဘူးဟူ၍ ခေါင်းတွင်တွင်ခါလေတော့ လေးလေးနက်နက်တွေးတောနေပုံရသည့် BaekHyun မျက်ခုံးလေးပင့်ကာ မေးခွန်းထုတ်လာလေသည် ..
"မောင်မင်း ကိုယ်ခံပညာတက်သလား အယ်ပီ"
Tao လျှင်မြန်စွာ ခေါင်းငြိမ့်ပြလေသည်
"အဲ့ဒါဆိုလဲ ကိုယ်ရံတော် ဝတ်စုံတောင်းပေးမယ်"
BaekHyun စကားကြောင့် Tao စိတ်အေးလက်အေးဖြစ်သွားကာ လေပူများမှုတ်ထုတ်နေမိသည် ..
"ဒါနဲ့ အယ်ပီ ဒါလေးက မွှေးလိုက်တာ ဘာလေးလဲ"
Tao BaekHyun ကိုင်ထားသော ဗူးလေးကိုကြည့်ကာ ပြုံးလိုက်မိသည် ..
"ဒါလေးက ဒီလို မင်းသားရဲ့ လာ ကျနော်လုပ်ပေးမယ်"
Tao BaekHyun လက်ထဲမှ ဗူးလေးကိုယူကာ မျက်နှာအနှံ့လိမ်းပေးနေလေတော့ မျက်စိလေးမှိတ်ကာ ငြိမ်ခံနေသည့် မင်းသားကြောင့် ရယ်ချင်နေမိသည် ..
"ဒါက နေလောင်ဒဏ်ကာကွယ်ပေးတယ်"
BaekHyun မှာတော့ Tao ၏ စကားတို့ နားထဲမဝင်ပဲ မွှေးသွားသော သူ့ပါးပြင်အား Luhan ကို အတင်းမွှေးခိုင်းနေလေ၏ ..
"နေခဲ့ကြဦး ငါ မင်းကြီးဆီ သွားဦးမယ်"
BaekHyun ထကာ ထွက်သွားလေတော့ Luhan မျက်မှန်ဗူးလေးကို ဖင်တပြန်ခေါင်းတပြန်ကြည့်ကာ စူးစမ်းနေလေ၏..
"အယ်ပီ"
Tao သက်ပြင်းသာ ဒုန်းဒုန်းချပြီး မျက်မှန်ဗူးကို ဖွင့်ပေးကာ မျက်မှန်ပါ တပ်ပေးလိုက်ပြီး မှန်ပါတစ်ခါထဲ ပြလိုက်လေသည် ..
"ဟင်! အယ်ပီ မင်းကြေးမုံက တော်တော်ကြည်သားပဲ"
Tao စိတ်မရှည်ချင်တော့ပဲ မျက်မှန်ကိုသာထိုးပြကာ
"ဒါက Sunglass လို့ ခေါ်တယ်"
Luhan ခေါင်းတငြိမ့်ငြိမ့်လုပ်ပြနေသော်လည်း နားလည်ပုံတော့မပေါ်ပေ .. ထို့အပြင် ထိုကိုယ်တော်သည်ကား မျက်မှန်တပ်လျက်နှင့် မှန်ကိုသာ မလွတ်တမ်း စိုက်ကြည့်နေလေတော့သည် ..
"အယ်ပီ မောင်မင်း စက်တော်ခေါ်ချေဦး ကိုယ်တော် နန်းတော်ထဲ လှည့်လိုက်ဦးမယ်"
ပြောပြီးတာနှင့် ယပ်တောင်တဖျပ်ဖျပ်ခပ်ကာ ထထွက်သွားသော Luhan ကိုကြည့်ကာ Tao ခေါင်းတစ်ခါခါနှင့်သာ ကျန်ရစ်ခဲ့လေတော့သည်..
"အပါး ကိုယ်တော် မျက်မှန်ကျ ချွတ်မသွားဘူး"
Tao အကြောအချဉ်ဆန့်ပြီး ကြမ်းပြင်ပေါ်သာ ပစ်လှဲချလိုက်ကာ ..
"ထင်ထားတာနဲ့ ဖြစ်လာတာတွေနဲ့ တလွဲတွေချည်းပဲ .. မင်းကြီးကြင်ယာတော်အဆောင် အာရုံပြုလာပါတယ် မျောက်ကအဘခေါ်ရမယ့် မင်းသားနှစ်ကောင်ဆီ ရောက်လာတယ် .. အေးကွာ Tao Tao မင်းမလဲ ကြံဖန်ကံကောင်းလိုက်ပုံများ"
•~•~•~•~•~•~•~•~
"မင်းကြီးးး!!"
နန်းတော်ပန်းခြံအတွင်း အေးအေးလူလူ လမ်းလျှောက်ကာ အမတ်ကြီး တစ်ချို့နှင့် နိုင်ငံအခွန်ကိစ္စဆွေးနွေးနေသော Chanyeol တစ်ယောက် အော်ဟစ်ကာ ပုကွကွနှင့် တလိမ့်လိမ့်ပြေးလာသော BaekHyun ကြောင့် ပါးစပ်အဟောင်းသားဖြစ်နေမိသည်
"မင်းကြီး!!"
ဗိုင်းး!!
ပြေးလာနေရင်း သူ့ဝတ်ရုံစသူတက်နင်းမိကာ ဗိုင်းကနဲလဲသွားသော BaekHyun ကြောင့် Chanyeol အထိန်းတော်ကြီးကို အတင်းပြေးထူခိုင်းရလေသည် ..
Chanyeol သက်ပြင်းတစ်ချက် ခပ်တိုးတိုးချကာ အမတ်ကြီးများ တင်ပြနေသောအကြောင်းအရာများကိုသာ ပြန်လည်နားထောင်နေမိသည် ..
BaekHyun တစ်ယောက်မှာတော့ သူ့ကိုဦးစားမပေးပဲ အမတ်ကြီးတွေနှင့် ပြန်လည်စကားပြောနေသော မင်းကြီးကြောင့် ဆူကာပုပ်ကာဖြင့် ခပ်လှမ်းလှမ်းမှာရှိနေသော ငါးကန်လေးနားတွင် ငုတ်တုပ်ထိုင်နေလေ၏..
Chanyeol အမတ်ကြီးများပြောသောစကားကို နားထောင်နေရသော်လည်း ဆူပုပ်ပုပ်နှင့် ငုတ်တုတ်လေးထိုင်နေသည့် ချစ်ရပါသော ကြင်ယာတော် မင်းသားလေးကိုလဲ ခဏခဏ ခိုးကြည့်ရသေးသည် ..
ကိစ္စဝိစ္စများပြီးသွားသည်နှင့် Chanyeol အမတ်ကြီးများပါမက အထိန်းတော်များနှင့် နောက်လိုက်များကိုပါ ပြန်လွှတ်လိုက်ပြီး ငါးကန်ထဲမှငါးများကို သစ်ကိုင်းခြောက်လေးနှင့် လိုက်ထိုးနေသော BaekHyun ဆီသို့ အလျှင်အမြန်သွားရလေတော့သည် ..
"ဗြောင်လေး~"
"မရှိဘူး"
Chanyeol အားရပါးရပြုံးလိုက်မိသည် ..
ထို့နောက် ငါးကန်ဘောင်လေးတွင်ထိုင်ကာ သစ်ကိုင်းခြောက်တစ်ခုနှင့် အလုပ်များနေသော BaekHyun ကိုယ်လေးကို အနောက်မှ အသာလေး သိုင်းဖက်ထားလိုက်မိသည် ..
ရုန်းကန်ခြင်းတစ်စိုးတစ်စိမှ မရှိလေပဲ ငြိမ်သက်ကာ နှုတ်ခမ်းလေးဆူနေသည်မို့ Chanyeol အသည်းယားစွာနှင့်ပင် ပိုတိုးလို့ဖက်ထားမိသည် ..
"ဗြောင်လေး~ အစောက အသည်းအသန်ပြေးလာတာ အရေးကြီးကိစ္စများရှိသလား"
BaekHyun Chanyeol ပြောမှ သတိရဟန်လေးနှင့် မျက်နှာချင်းဆိုင်ထိုင်လိုက်သည် ..
"အင်းရှိတယ်~ ကျနော်မျိုး ပါးကို မွှေးကြည့် မင်းကြီး"
Chanyeol အနည်းငယ် မျက်လုံးပြူးသွားချေသည် .. ပါးကိုမွှေးခိုင်းဖို့အရေးကို ချော်လဲရလောက်အောင် အသည်းအသန်ပြေးလာခဲ့တာလား ဗြောင်လေးရယ် ..
"မွှေးလေ မင်းကြီး မွှေးမွှေး"
BaekHyun သူ့ပါးလေးကို အတင်းထိုးပေးလေတော့ Chanyeol ပြုံးကာ နမ်းလိုက်မိသည် ..
ထိုပါးဖောင်ဖောင်းလေးက တော်တော်ကိုပင် မွှေးကြိုင်နေသည်မို့ မရပ်တန့်နိုင်စွာ တရွှတ်ရွှတ်နမ်းမိနေလေတော့ အနမ်းခံနေရသူ BaekHyun မှာတော့ဖြင့် ပျော်ရွှင်ကာ တစ်ခစ်ခစ်ရယ်မောနေလေရဲ့~
"ဒါနဲ့ မင်းကြီး ကျနော်မျိုး ကိုယ်ရံတော် တစ်ယောက်ခန့်ထားတယ်"
"ခန့်လေ ဗြောင်လေးက ဂျိုဆွန်းရဲ့ ကြင်ယာတော် မင်းသားပဲ ကိုယ်ရံတော် ခန့်သင့်တာပေါ့"
အကြောင်းပြချက် တစ်ခုမှ မပေးခိုင်းပါပဲ ခွင့်ပြုပေးသည့် မင်းကြီးကြောင့် BaekHyun ပျော်သွားကာ လက်ခုပ်လက်ဝါးပင် တီးနေမိသည် .. ထို့နောက် BaekHyun Chanyeol ရင်ခွင်ထဲ သူ့ကိုယ်လုံးလေးမြုပ်သည်အထိ မှီထားကာ Chanyeol ရဲ့ လက်ချောင်းရှည်ရှည်တို့ကို သူ့လက်သွယ်သွယ်လေးနှင့် နှိုင်းယှဉ်ကြည့်ကာ ဆော့ကစားနေလေသည် ..
"ဒုတ် ဒုတ် ဒုတ် တဲ့ မင်းကြီး"
BaekHyun ပြုံးပြီး ခေါင်းလေးမော့ကာ ကျောပြင်နှင့်ထိကပ်နေသည့် Chanyeol ၏ နှလုံးသားမှ သံစဉ်တချို့ကို သဘောတကျ ခံစားကာ ပြောလာသောကြောင့် Chanyeol အသည်းယားစွာ ဆံနွယ်လေးတွေကို ငုံ့နမ်းမိသည် ..
"အခုတလော ကိုယ်တော် တိုင်းပြည်ရေးရာတွေနဲ့ ရှုပ်ထွေးနေတော့ ကြင်ယာတော်နန်းဆောင်တောင် မဝင်ဖြစ်ဖူးပဲ .. အဆင်ရောပြေရဲ့လား ဗြောင်လေး"
BaekHyun ဖြေးညှင်းစွာ ခေါင်းငြိမ့်ပြလေတော့ Chanyeol သက်ပြင်းခပ်ဖွဖွချမိသည် ..
ဒီကလေး ဘယ်လောက်တောင် သူ့ကို မျှော်နေလိုက်မလဲ တွေးကြည့်ယုံနှင့် Chanyeol စိတ်ထဲတွင် အားတုံ့အားနာဖြစ်ရသေးသည်..
"ဒီည ကိုယ်တော့်ကို အချိန်ပေးမလား"
BaekHyun Chanyeol ရင်ခွင်ထဲက ပြူးပြူးလေးမော့ကြည့်ပြီးမှ ရယ်မောကာ ခေါင်းတငြိမ့်ငြိမ့်လုပ်နေပြန်တော့ Chanyeol မှာ အော်ဟစ်ရယ်မောရပြန်သည် .. ဘာကိုရည်ရွယ်၍ ပြောမှန်းမသိပါပဲ ရယ်မောကာ ခေါင်းငြိမ့်နေသည့် BaekHyun ရဲ့ ပါးပြင်ဖောင်းဖောင်းအိအိလေးကို ခပ်ဖွဖွတစ်ချက်ဆွဲလိုက်ပြီး
"ကိုယ်တော်ပြောချင်တာက ဒီည ကိုယ်တော်တို့ ထပ်ပေါင်းစည်းကြရအောင်လို့"
Chanyeol BaekHyun ရဲ့ နားရွက်နားလေးကပ်ကာပြောပြီး လျှာလေးနှင့်ပါ လျှက်လိုက်လေတော့ BaekHyun ကိုယ်လေးပင် တစ်ချက်တုန်သွားကာ နှာခေါင်းထိပ်လေးတွေပါ ရဲတက်လာလေ၏
"ဟို ဟို မင်း မင်းကြီး ကျနော်မျိုး နန်းဆောင် ပြန်ဦးမယ်"
BaekHyun ခပ်မြန်မြန်ပင် မတ်တပ်ထရပ်ကာ သွားရန်ပြင်လေတော့ Chanyeol ကြိတ်၍ ရယ်နေမိသည်
"ဟို ညကျမှ အခစားဝင်တော့မယ်နော်"
BaekHyun ပြောပြီးပြီးချင်း လုံးလုံး လုံးလုံးနှင့်ပြေးပြန်လေသည်..
ဗိုင်း!!
သူ့ဝတ်ရုံအစသူ ပြန်တက်နင်းမိကာ နောက်ထပ်တစ်ဖန် ထပ်လဲပြန်လေတော့ Chanyeol တစ်ယောက် ရယ်ချင်ပက်ကျိမျက်နှာကို အတင်းတည်ကာ မှောက်ယားထိုးလေးနှင့် ခြေကားယားလက်ကားယား လဲကျနေသော BaekHyun ဆီသို့ ခပ်သွက်သွက်ရောက်သွားလေတော့သည် ..
"နာသွားလား ဗြောင်လေး"
Chanyeol မျက်နှာလေးရှုံ့မဲ့နေသည့် BaekHyun ကို ထူပေးကာ မေးလေတော့ နှုတ်ခမ်းလေးဆူထားကာ ခေါင်းငြိမ့်ပြနေလေသည် .. နှာခေါင်းနီလေးနှင့် နှုတ်ခမ်းလေးဆူနေသော အနှီကြင်ယာတော်ကို Chanyeol သည်းမခံနိုင်စွာ ဖျစ်ညှစ်ပြီး ဖက်ထားလိုက်မိသည် ..
"ချစ်တယ် ဗြောင်လေး ~"
"ည ညကျမှ အဖြေပြန်ပေးတော့မယ်"
ရှက်ပြုံးလေးပြုံးကာ နောက်တစ်ဖန် ထပ်မံပြေးထွက်သွားပြန်သည့် BaekHyun ကို Chanyeol စိုးရိမ်ကြီးစွာ လိုက်ကြည့်နေမိသေးသည်..
မင်းသားအလည်လေးကတော့ဖြင့် ဝတ်ရုံကို လုံးထွေးကာ မ ပြီး လိမ့်နေအောင်ပြေးလေတော့သည်..
•~•~•~•~•~•~•~
"အယ်ပီ!!"
ကိုယ်ရံတော် အဝတ်အစားကို အကျအနဝတ်ကာ သဘောတကျ မိန့်မိန့်ကြီး ပြုံးနေသည့် Tao တစ်ယောက် ဟောဟဲဆိုက်ကာ နှဖူးပြင်တွင် ချွေးများစို့နေသော BaekHyun ကြောင့် အလန့်တကြားဖြစ်ကာ
"စစ် စစ် စစ်ဖြစ်လို့လား"
BaekHyun ခေါင်းတွင်တွင်ခါကာ
"Luhan ရော"
"နန်းတော် ပတ်မယ်တဲ့"
BaekHyun ကြမ်းပြင်ပေါ်တွင် ဝုန်းဆို လှဲချလိုက်တော့ Tao ပြူးပြူးလေးကြည့်ကာ BaekHyun လှဲနေသည့်ဘေးတွင် ဝင်ထိုင်လိုက်သည်..
"ဘာဖြစ်လို့လဲဟင် မင်းသား"
BaekHyun နှာခေါင်းထိပ်များပြန်လည်ရဲလာကာ ..
"အင့်!! မင်းကြီးနဲ့ ငါနဲ့ ဒီည.. အီးး"
Tao မျက်လုံးပြူး မျက်စံပြူးဖြစ်ကာ
"ဘာ ဘာဖြစ်လို့လဲဟင် ရန်သူ့နယ်မြေကို သွားထောက်လှမ်းရမှာလား"
BaekHyun မျက်နှာကို အုပ်ကာ ခေါင်းကိုခါယမ်းလိုက်သည်..
"မင်းကြီး နဲ့ အတူ အိပ်ရမှာကို ပြောတာ အယ်ပီရဲ့ BaekHyun က မင်းကြီးရဲ့ ကြင်ယာတော်လေ"
ထိုသို့ အစမရှိအဆုံးမရှိ ထွက်လာသော ဘယ်ကဘယ်လို ရောက်လာမှန်းမသိသည့် ကိုယ်တော်လေး Luhan ရဲ့ စကားကြောင့် Tao ပါးစပ်လေးပင် ဟ သွားတော့သည် ..
"BaekHyun ကလဲ ဟို အရင်ကလဲ အိပ်နေကြကို"
"အခု မအိပ်ဖြစ်တာ ကြာပြီကို Luhan ရာ .. ငါ ငါ ငါ ရှက်တယ်"
BaekHyun မျက်နှာကို အုပ်ကာ ဝူးဝူးဝါးဝါး အော်ဟစ်နေပြန်တော့ Luhan ခေါင်းတစ်ခါခါ လုပ်နေမိသည် ..
BaekHyun အော်နေရင်းမှ သတိရကာ Luhan ကို ကြည့်မိလေတော့ မျက်မှန်ကြီးကို တပ်ထားသေးကာ ယပ်တောင်က တဖျပ်ဖျပ်နှင့်~
"Lu Luhan မင်း မင်း မျက်စိတွေရော"
BaekHyun တုန်တုန်ချိချိ မေးလိုက်သောကြောင့် ကြောင်တောင်တောင် ဖြစ်နေသည့် Tao တစ်ယောက် ဟက်ဟက်ပက်ပက် ရယ်မောလေတော့သည် ..
Luhan မှာတော့ဖြင့် မျက်မှန်ချွတ်ကာ သူ့မျက်စိ ရှိသေးကြောင်း သက်သေပြပြောဆိုနေလေ၏
"ဒီကိုကြည့် မင်းသား နဲ့ ကိုယ်တော်လေး"
Tao တစ်ယောက် ဖုန်းကင်မရာကို ဖွင့်ကာ ပြူးကြောင်ကြောင်ကြည့်နေသော Luhan နှင့် BaekHyun ကို ဓါတ်ပုံရိုက်ယူကာ တခွိခွိရယ်နေလေတော့ Luhan ၏ယပ်တောင်စာမိပြန်လေသည်..
"ဒါ မင်းသား နဲ့ ကိုယ်တော်တို့ ပုံပဲ"
Tao ပြလိုက်သည့် ဓါတ်ပုံကို စိတ်ဝင်တစားကြည့်နေကြသည့် BaekHyun နှင့် Luhan တို့ခဗျာ မျက်လုံးလေးတွေပင် ဝိုင်း၍နေလေသည်..
"အယ်ပီ! ဘယ်လိုလုပ်ရင် ငါတို့ ရုပ်တွေ ဒီအပြားလေးထဲ ရောက်လဲ သင်ပေးစမ်းပါ"
Luhan စကားကြောင့် ကင်မရာရိုက်ပုံရိုက်နည်းကို Tao သေချာစွာ စိတ်ရှည်ရှည် ရှင်းပြနေမိသည်..
"ဒါဆို ငါ ခဏယူသုံးဦးမယ်"
ပြောပြီး ဖုန်းလုကာ ပြေးသွားသည့် Luhan ကို Tao ငေးကြည့်ကာ
"မျက်မှန်နဲ့ ယပ်တောင်ကိုတော့ အပါသယ်သွားသားပဲ"
BaekHyun မှာတော့ Luhan ကို စိတ်မဝင်စားအားပဲ သူ့ပါးပြင်ကို မွှေးစေသည့် ဗူးလေးကိုသာ စူးစမ်းနေလေသည်
"အယ်ပီ! ညရောက်ရင် ကိုယ်တော့်ကို ဒီဗူးထဲဟာတွေ တစ်ကိုယ်လုံး လိမ်းပေးစမ်းချေ"
"ဘာ ဘာလို့လဲဟင်"
Tao သူ့ဗူးလေးကို နှမြောတသနှင့်ကြည့်ကာ အလန့်တကြားမေးမိလေတော့ BaekHyun သူ့အတွေးနဲ့သူ မိန့်မိန့်ကြီးပြုံးလိုက်သေးသည်
"တစ်ကိုယ်လုံးမွှေးအောင်လေ အယ်ပီရဲ့"
"ဗျာ!!"
Tao တစ်ယောက် ခေါင်းမွှေးတွေပါထောင်သွားသလို ပါးစပ်အဟောင်းသားနှင့် ဗူး အဖုံးလေးဖွင့်ကာ အနံ့လေးရှူလိုက် ပြန်ပိတ်လိုက် လုပ်နေသော BaekHyun ကို ပြူးကြောင်ကာ ကြည့်နေမိတော့သည်
To Be Continue~