ဦးကောင်းမြတ် ရက်လည်နေ့တွင် ဖေဖေနှင့်ဝေ အန်တီ့အိမ်သို့ တရားနာသွားကြပါသည်။ အန်တီတို့ အမွှာနှစ်ယောက်ကို နီးနီးကပ်ကပ် မြင်ရမှ အသုဘချသည့်နေ့က ဝေ ခေါင်းမူးနေ၍ နှစ်ယောက်မြင်ခြင်းမဟုတ်၊ တကယ်နှစ်ယောက်ရှိ၍ နှစ်ယောက်မြင်သည် ဆိုခြင်းကို လက်ခံလိုက်ရသည်။ အန်တီတို့ ညီအစ်မနှစ်ယောက်မှာ တကယ်ကို တူပါသည်။ ဒီနေရာမှာ မဟုတ်ဘဲ တခြားတစ်နေရာမှာဆိုလျှင် ဝေ ခွဲတတ်မှာမဟုတ်။ သို့သော် ခွဲလို့ရသည့် အချက်များကို ဝေ လိုက်ကြည့်နေမိသည်။
အန်တီခင့် အသားအရည်က ဝါညက်ညက်ကလေး၊ အန်တီ့အမွှာကတော့ အဖြူဘက်သမ်းသည်။ နောက်ပြီး ဆင်ယင်ထုံးဖွဲ့မှုကိုကြည့်ပြီး ခွဲလို့ရသေးသည်။ အန်တီခင်က အမြဲ မြန်မာဝတ်စုံနှင့် ဖြစ်ပြီး အန်တီ့အမွှာက blouseနှင့် jeansနှင့်။ ဆံပင်က နှစ်ယောက်စလုံးစည်းထားကြ၍ သိပ်တော့ မကွဲ။ အန်တီခင့်ဘေးတွင် အန်တီ့အမွှာရှိနေလျှင် ဝေ သိပ်မကြည့်ရဲ။ ဝေ အန်တီခင်ကို ကြည့်နေတာ အန်တီ့အမွှာက သိနေပုံရသည်ကို ခံစားရသည်။ ထို့ကြောင့် ဝေ့မှာ အန်တီခင်ကို ကြည့်ခွင့်သိပ်မရှိ။
တရားနာပြီး၍ ပြန်အထွက်တွင် ဖေဖေက အန်တီ့အမွှာနှင့် စကားလက်ဆုံကြနေသည်။ ဝေသည် ဖေဖေ့နောက်တွင်ရပ်ကာ ဖေဖေတို့စကားဝိုင်းကို စိတ်မဝင်စားဟန်ဖြင့် ဧည့်သည်များကို လိုက်ကြည့်နေလေသည်။ ဖေဖေက
'သူငယ်ချင်းတစ်ယောက်ကို သွားနှုတ်ဆက်လိုက်ဦးမယ်၊ သမီး ဒီမှာ မေဖြူနဲ့ စကားပြောလိုက်ဦး၊ ပြီးမှ ပြန်ကြတာပေါ့'
ဖေဖေသည် ဝေ့ထံမှ စကားပြန်ကိုတောင် မစောင့်ဘဲ သူ့သူငယ်ချင်းဆီသို့ ထွက်သွားလေသည်။
အန်တီ့အမွှာက ဝေ့ကိုပြုံးကြည့်နေပြီး
'လာ ဟို ပန်းရုံအောက်က ခုံမှာ အေးအေးဆေးဆေးထိုင်ကြရအောင်' ဟုဆိုသဖြင့် ဝေလည်း မလိုက်ချင် လိုက်ချင်နှင့် လိုက်သွားသည်။
'ကဲ ပြောပါဦး၊ တို့ကို သိလား'
'ဟို...အန်တီခင်ဖြူစင်နဲ့....အမွှာ....'
'ဟင် ၊ ဒါပဲလား'
ဝေ ခေါင်းညိတ်လိုက်သည်။ ဝေ သိထားသည်များ ပြောပြနေလျှင် စကားရှည်နေလိမ့်မည်စိုး၍ ဖြစ်သည်။
'တို့က မေဖြူစင်။ ခင့်ထက် ၅မိနစ်နောက်ကျပြီးမှ လူ့လောကထဲ ရောက်တာ၊ မင်းနာမည်ကရော'
'အိမ့်သက်ဝေ'
'အဲ့ဒါနာမည်အရင်းပေါ့၊ အသက်ကရော'
'၁၉နှစ်ပါ အန်တီ'
'ဟင်၊ နေပါဦး အန်တီဆိုတာကြီးက နားထဲခါးလိုက်တာ၊ တို့အသက်က ခုမှ ၃၄ထဲဝင်ရုံရှိသေး၊ ခင့်ကို မင်းအန်တီလို့ခေါ်တာ ကိစ္စမရှိပါဘူး၊ သူက အိမ်ထောင်နဲ့လေ၊ တို့က single၊ နောက်ပြီး မင်းနဲ့တို့ အသက်ကွာတယ်ဆိုပေမယ့် ၃၄ဆိုတာ အဲ့လောက်လည်း အသက်မကြီးသေးပါဘူး၊ ရန်ကုန်မှာ နေလာတာ ကလေးပိစိကွေးတောင် တို့ကို အန်တီလို့မခေါ်ဘူး၊ မမပဲ၊ ဒီရောက်မှ အန်တီလို့ခေါ်တာကြားဖူးတာပဲ'
ဘာလဲ။ သူ့ကို အန်တီလို့ ခေါ်လိုက်လို့ ဒေါပွနေတာလား။ အဲ့ဒါဆို ဘယ်လိုခေါ်ရမှာလဲ၊ လာပါဦး လို့လား။ ဝေ တွေးနေရင်း ပြုံးစိစိ ဖြစ်သွားသည်။
'ဘာပြုံးတာလဲ၊ တို့စကားမှာ ရယ်စရာပါလို့လား'
'မဟုတ်ပါဘူး။ ဒေသနဲ့ လိုက်ပြီး အသုံးအနှုန်း ဆိုတာတော့ ရှိတာပဲလေ၊ ရောမကို ရောက်ရင် ရောမလို ကျင့်သင့်တယ်ထင်တယ် အန်တီ မေဖြူစင်'
သူစိတ်ဆိုးပြီး စကားစကို လက်စသတ်အောင် ပြောလိုက်သည်။ မျှော်မှန်းထားသလို မဖြစ်လာ။
သူသည် ညင်ညင်သာသာ ရယ်ချလိုက်သည်။ သူ့ရယ်သံကလည်း အန်တီခင့်လိုပဲ လွင်လွင်ကလေးပါလား။
'အဲ့ဒီတော့ မင်းက တို့ကို မမလို့မခေါ်နိုင်ဘူး၊ အန်တီလို့ပဲ ခေါ်မယ်ပေါ့ ဟုတ်လား'
ဝေ ဘာမှ မပြောနိုင်ခင်
'အင်းလေ မင်းသဘောပါ၊ မင်းစိတ်ချမ်းသာသလိုခေါ်၊ မင်းကို ဘယ်လိုခေါ်ရင်ကောင်းမလဲ'
'ဟို သူများတွေခေါ်သလို....'
'မင်းက ဘာတက်နေတာလဲ'
ထိုမိန်းမသည် ဝေ့ကို စကားဆုံးအောင် ပြောခွင့်မပေးပါ။ လူကြီးတစ်ယောက်လုပ်နေပြီး သူများစကားပြောနေတုန်း ဖြတ်မပြောရဘူးဆိုတဲ့ အခြေခံကျင့်ဝတ်လေးကိုတောင် မစောင့်ထိန်းပါလား။ အန်တီခင်ဖြူစင် တစ်မှတ်၊ အန်တီမေဖြူစင်သုည။
'ဟင် မင်း ဘာတက်နေတာလဲလို့'
'ဪ၊ ဟိုမှာ ဖေဖေလာနေပြီ၊ အိမ်ပြန်တော့မယ်ထင်တယ်၊ သွားတော့မယ် အန်တီမေဖြူစင်'
ထိုမိန်းမရှေ့မှ အမြန်ဆုံးထွက်နိုင်သမျှ ထွက်လာခဲ့သည်။ သိပ်စကားများပြီး လူမှုရေးနားမလည်တဲ့ မိန်းမ။
'ဖေဖေ အိမ်ပြန်တော့မယ်မလား'
'ပြန်တာပေါ့၊ မေဖြူ့ကို နှုတ်ဆက်ခဲ့သေးလား'
'အင်း'
'ဖေဖေ နှုတ်ဆက်လိုက်ဦးမယ်လေ'
ဟား သွားပါပြီ။ သူ့ဆီ ထပ်သွားရဦးမှာလား။
'ဖေဖေ သွားချင်သွားလေ၊ သမီးက ဗိုက်အရမ်းနာနေပြီ၊ မရတော့ဘူး။ သွားတော့မယ်'
နောက်သို့ လှည့်မကြည့်တော့ဘဲ လမ်းကို ပြေးမတတ်လျှောက်ပြီး အိမ်သို့ သုတ်ခြေတင် ပြန်ခဲ့ရသည်။ မဟုတ်လျှင် ထိုမိန်းမ၏ အကြည့်များအောက်တွင် ဝေ ရူးသွားနိုင်သည်။
ခဏကြာတော့ ဖေဖေပြန်လာသည်။ ဝေသည် ဧည့်ခန်းထဲတွင် ထိုင်ပြီး တီဗီခလုတ်ကို ဟိုနှိပ်သည်နှိပ် နှိပ်နေမိသည်။ ဖေဖေက ဝေ့ဆီ တန်းတန်းမတ်မတ် လာနေသည်။ တစ်ခုခုတော့ အပြောခံရတော့မည်ဟု ဝေ၏ ဆဋ္ဌမအာရုံက အနံ့ရနေသည်။
'ဝေ၊ အိမ့်သက်ဝေ'
ထင်ထားသည့် အတိုင်းပါပဲ ဖေဖေစိတ်တိုနေပြီ။
'ဟုတ်'
'သမီးလည်း အသက်ငယ်တော့တာမှ မဟုတ်တာ၊ လူတွေနဲ့ ဘယ်လိုပေါင်းသင်း ဆက်ဆံရမလဲဆိုတာကို နားလည်ဖို့ကောင်းနေပါပြီ၊ ခုနကသမီးလုပ်သွားတာ ရိုင်းတယ်၊ လူကြီးက မေးခွန်းမေးရင် ပြန်ဖြေရတယ်၊ နောက်ပြီး ကိုယ်က အိမ်ရှင်၊ ကိုယ့်မြို့ကို တစ်ခါတစ်လေမှ လာတဲ့ ဧည့်သည်ကို ဧည့်ဝတ်ကျေရတယ်၊ ထမင်းဖိတ်ကျွေးမှ ဧည့်ဝတ်ကျေတာမဟုတ်ဘူး၊ အပြုံးလေးနဲ့ နှုတ်ဆက်လိုက်တာကလည်း ဧည့်ဝတ်ကျေတာပဲ၊ နောက်တစ်ခါ အဲ့လိုမျိုး မလုပ်ရင် ကောင်းမှာပဲ၊ လူဆိုတာ လူထဲမှာ နေရတာ၊ ဂူထဲမှာ နေနေတာမဟုတ်ဘူး၊ မေဖြူက သဘောကောင်းလို့ အပြစ်မမြင်တာ၊ ကိုယ့်ကို ခင်လို့ စကားပြောနေတဲ့သူကို အထိုက်အလျောက်တောင် ပြန်မပြောနိုင်ဘူးလား'
ဝေသည် အင်းမလှုပ်အဲမလှုပ်။ တီဗီ မျက်နှာပြင်ကိုငေးကြည့်ရင်း မျက်ရည်တွေက ပြည့်လျှံတက်လာသည်။ ဖေဖေက သက်ပြင်းတစ်ချက်ချရင်း ဧည့်ခန်းမှ ထသွားသည်။
အဲ့ဒီ မိန်းမ စကားဖြတ်ပြောတာကြတော့ လူမှုရေးနားလည်တဲ့ လူကြီးလူကောင်းပေါ့လေ။ ကောင်းပါတယ်။ လူကြီးတွေ သိပ်ကောင်းတာပဲ။ စိတ်ပျက်ဖို့။