Chapter 28.2, Arc 2: ထပ်ခိုးထပ်မှချစ်သူ
တကယ်ဘဲသူ့ရဲ့အရှေ့မှာဘာရှိနေတာလဲ?
"ကျေးဇူးပြု၍ခင်မျာ၊
ဒီနေရာဘယ်နေရာလဲမသိဘူး?"
အားနည်းလှသောအသံတစ်ခုသည်
သူ၏ပခုံးအနောက်ဖက်မှ
ထွက်ပေါ်လာခဲ့သည်။
ထိုအချိန်လုရန်သည်
ကြောက်လန့်နေသောငုံးကောင်သဖွယ်
ခုန်ပျံကျော်လွှားလိုက်မိလေသည်။
ဤသို့ဖြင့်သူ၏ဘီယာဗိုက်ကြီးကိုမှ
မထောက်၊လေထုထဲသို့ခုန်လွှားလိုက်သည့်
ပုံသည်သူ၏မိဘများမှသူ့ကို
ခြေထောက်နှစ်ချောင်းဘဲပေးခဲ့သည့်
အခိုက်အတန့်ကိုတောင်မုန်းတီးနေသလိုပင်[၁]
[၁] ကြောက်ရွံ့ထိတ်လန့်မှုကြောင့်
မြန်မြန်ထွက်ပြေးလို့ရအောင်လို့
ဆုတောင်းတဲ့အခါ
ပြောလိုတဲ့ဗန်းစကားပါဘဲ။
ပြောရမယ်ဆိုခြေထောက်နှစ်ချောင်းဘဲ
ရှိတာကြောင့်အမြန်ဆုံးထွက်ပြေးချင်တာတောင်
အားမရတဲ့အကြောင်းကိုပြောတာပါ။
ချောမောပြေပြစ်သော
ဆံပင်အနက်ရောင်ပိုင်ရှင်
အမျိုးသားငယ်လေးသည်
သူ၏အနက်ရောင်မျက်ဝန်းများဖြင့်
ကြက်သေသေလျက်ဆွံအနေမိသည်မှာ၊
သူ၏မျက်စိရှေ့မှအဝလွန်နေသော
အသက်လယ်လတ်ပိုင်း
ဦးလေးကြီး၏ပေါ့ပါးဖျတ်လတ်သော
လှုပ်ရှားမှုများမှသူ့ကို
သိမ့်ကနည်းတုန်သွားစေဖို့ရန်
မလုံလောက်ခင်အချိန်ထိဖြစ်သည်။
ဆယ်ကျော်သက်ကလေးအုပ်စုထဲသို့
နောက်ပြန်၊ပြန်ဆုတ်လိုက်ပြီးသော
လုရန်သည်စိတ်သက်သာရမှုကြောင့်
အဆုံး၌အသက်ရှုထုတ်လိုက်ပြီးတော့မှသာ
ပြန်ကြည့်ရဲတော့သည်။
သို့သော်လည်းသူမြင်လိုက်ရသော
မြင်ကွင်းသည်သူထင်ထားသလိုမျိုး
ပုံပျက်ပန်းပျက်ဖြစ်နေသည့်
မကောင်းဆိုးဝါးမဟုတ်ဘဲ၊
ထိုအစားရုပ်ရည်ခပ်ဖြောင့်ဖြောင့်နှင့်
သာမန်လူငယ်လေးတစ်ဦးသာဖြစ်လို့နေသည်။
"မင်း! မင်းကဘယ်သူလဲ!? မင်းငါ့အိမ်ထဲ
ဘယ်လိုလုပ်ပြီးဝင်လာတာလဲ!? ပြောစမ်း"
လုရန်အစောပိုင်းကာလများ၌
အလွန်စိုးရိမ်နေသေးသော်လည်း၊
ယခုမျက်စိရှေ့မှလူငယ်လေးသည်
လုံးဝမထူးဆန်းဘူးဆိုတာကို
သိလိုက်ရသည့်အခါသူတစ်ချိန်တည်းမှာဘဲ
စိတ်သက်သာရာရသွားခဲ့သလို၊
အရှက်တကွဲအကျိုးလည်းနည်းဖြစ်ခဲ့ရသည်
ဟုလည်းခံစားလိုက်ရသည်။
ဘယ်လောက်တောင်ရှက်စရာကောင်းလိုက်သလဲ၊ဒီလူငယ်လေးကြောင့်အခုလောက်အထိ
ကြောက်လန့်သွားရတယ်ဆိုကတည်းက!
ရှောင်လုနှင့်အခြားလူများကတော့
ယခုအချိန်အထိရုတ်တရပ်ပေါ်လာသော
ထိုလူစိမ်းကိုအလွန်သတိထားလျက်ရှိကြသည်။
ထို့ကြောင့်သူတို့အကုန်လုံးအနောက်ကို
ဆုတ်လိုက်ကြပြီး၊ဘယ်တစ်ဦးတစ်ယောက်ကမှ
စွန့်စားပြီးအရှေ့သို့မတက်ရဲကြတော့ပေ။
ယခုအမျိုးသားငယ်လေးသည်
ဗလာကျင်းနေသောလေထုထဲမှရုတ်တရပ်
ထွက်ပေါ်လာသည်ကိုမမြင်တွေ့လိုက်ရသော
လုရန်တစ်ယောက်ကသာလျှင်
စိတ်ဆိုးဒေါသထွက်လျက်
ပြစ်တင်ကြိမ်းမောင်းတော့သည်။
"မင်းဘယ်လိုတောင်
သူများတစ်ပါးသားရဲ့အိမ်ကို
စည်းကမ်းမဲ့ချိုးဖောက်ဝင်ရောက်ရဲရတာတုန်း!
မင်းကြပ်ကြပ်သတိထားနေမဟုတ်လို့ကတော့
ငါမင်းကိုရာဇဝတ်မှုနဲ့တရားစွဲပြီး
ထောင်ထဲထည့်ပစ်မိလိမ့်မယ်!"
အမျိုးသားငယ်လေးလည်းဖြစ်၊
တစ်နည်းအားဖြင့်
ယောင်းယီလည်းဖြစ်သည့်လူငယ်လေးသည်
ကြောက်လန့်သွားတော့သည်။
သူကသာမန်ရေပိုက်ပြင်သမားလေး
တစ်ယောက်သာဖြစ်သည်။
ထို့ကြောင့်ယခုလိုသူဠေးစတိုင်အပြည့်ပေါက်
နေသည့်လူတစ်ဦးထံမှသူ့ကို
တရားရုံးဆွဲခေါ်သွားမည်ဟုခြိမ်းခြောက်ခြင်းကို
ဘယ်လိုများတွေ့ကြုံဖူးပါ့မလဲ?
ထို့ကြောင့်သူ၏ဝိဉာဉ်သည်
သူ၏ကိုယ်ထဲမှလွင့်ထွက်သွားလုမတတ်
ဖြစ်သွားသည်မှာပြောနေစရာတောင်မလိုပေ။
သူအနေဖြင့်ကြောက်ရွံ့မှုကြောင့်
အရင်ကထက်တောင်ပိုပြီးထိတ်လန့်ပျာယာ
ခတ်လာတော့သည်။
သူထပ်ခါ၊ထပ်ခါ
ဦးကျိုးမတတ်တောင်းပန်ရှာသည်။
"တောင်းပန်ပါတယ်၊ကျွန်တော်တကယ်
တောင်းပန်ပါတယ်။
ကျွ-ကျွန်တော်လည်း
ဒီကိုဘယ်လိုရောက်လာခဲ့သလဲဆိုတာ
တကယ်မသိတာပါ။
ကျွန်တော်အပေါ်ထပ်
တက်နေရာကနေ၊မျက်တောင်တစ်ချက်
ခတ်လိုက်မိရုံရှိသေး၊
အခုနေရာဆီကိုရောက်လာရတာပါ။
ကျွန်တော်ရည်ရွယ်ချက်ချက်ရှိရှိ
လုပ်ရတာမဟုတ်ပါဘူးဗျာ။
ဒါကြောင့်ရဲတွေကိုတော့
မခေါ်လိုက်ပါနဲ့နော်၊
ကျွန်တော်ရှိကြီးခိုးဆိုလည်းခိုးပါ့မယ်!"
ခုနကလေးတင်အရှက်ကွဲသွားသော
လုရန်၏နှလုံးသားသည်
ယခုသူ၏မျက်စိအရှေ့မှအမျိုးသားလေးကို
အောင်အောင်မြင်မြင်
ခြိမ်းခြောက်နိုင်ခဲ့ပြီဆိုတာကို
သိလိုက်ရသည့်အခါအနည်းငယ်
သက်သာသွားလေသည်။
ထို့ကြောင့်သူ၏ခေါင်းကိုမော့လိုက်ပြီး
နှာရှုံကာအပြစ်တင်ကြိမ်းမောင်းတော့သည်။
"ဟမ့်!မင်းရဲ့လှည့်ကွက်
သေးသေးလေးတွေကိုငါမမြင်ဖူးလို့များ
မင်းထင်နေတာလား။
ဒီလိုရုပ်လေးဘဲချောပြီး
သုံးစားမရတဲ့သူခိုးကအခုချိန်အထိ
ငါ့ကိုကလိမ်ကျလို့ရမယ်ဆိုပြီး
ထင်နေတယ်ပေါ့လေ!"
ရှောင်လုနှင့်အာယွမ်တို့သည်
အစောပိုင်းကာလတုန်းကယောင်းယီ
ဘယ်လိုမျိုးလေထုထဲကနေရုတ်တရပ်
ထွက်ပေါ်လာခဲ့သလဲဆိုတာကိုတိတိကျကျ
မြင်တွေ့နိုင်သည့်နေရာမျိုးတွင်ရပ်နေခဲ့သည်။
ထို့ကြောင့်ထိုစက္ကန့်အတွင်းမှာတင်
သူတို့အားလုံးအလွန်ကြောက်လန့်နေခဲ့ကြသည့်
အတွက်အသက်တောင်မှသေချာမရှုရဲခဲ့ပေ။
သူတို့အားလုံးထိတ်လန့်မှုနှင့်အတူ၊
ယခုအမျိုးအမည်မဖော်မပြနိုင်သော
သတ္တဝါအားလုရန်အပြင်းအထန်ကျပ်တည်းစွာ
ဆိုဆုံးမနေသည်ကိုကြည့်ရင်း၊
သူတို့၏နှလုံးများသည်လွန်စွာအခုန်မြန်လာခဲ့သည်မှာသူတို့၏ရင်ဘတ်များထဲမှ
ပေါက်ထွက်လုမတတ်ပင်။
"...ငါမင်းတို့လိုကောင်မျိုးတွေကိုငါအများကြီး
မြင်ဖူးခဲ့ပြီးပြီ။ဘာအတန်းပညာမှမရှိ၊
ဘာစွမ်းဆောင်မှုမှမရှိဘဲအလကား
အလေလိုက်နေတဲ့တေလေဂျပိုးလိုကောင်တွေက၊
ဘယ်လိုမျိုးအပြင်ထွက်ပြီး
သူများပစ္စည်းလိုက်ခိုးလို့ရမလဲဆိုတာဘဲ
သိကြတယ် ___
မင်းငါ့ကိုဘာလို့ဆက်တိုက်
ဆောင့်ဆွဲနေရတာတုန်း!?"
ဆံပင်အနက်ရောင်နှင့်လူငယ်လေး၏
အမူအရာတဖြည်းဖြည်းမှုန်မှိုင်းလာသည်ကို
မြင်လိုက်ရသည့်အခါရှောင်လုသည်
လုရန်၏တဖျစ်တောက်တောက်
အပြစ်တင်ပြောဆိုမှုကိုသစ်ရွက်ပမာတုန်လှုပ်နေရင်းစကားစကိုဖြတ်တောက်ပစ်လိုက်လေသည်။
"ဦးလေး၊ဦးလေးး၊ကျေးဇူးပြုပြီး
စကားပြောတာရပ်ပါတော့၊ကျေးဇူးးးပြုပြီးးး၊
ဝူးးးဝူးးးဝူးးးး..."
ရှောင်လုအသံမထွက်ဘဲရှိုက်ငိုမိလေသည်။
သူအနေဖြင့်ခုနကလေးတင်သဘာဝလွန်
ဖြစ်ရပ်များကိုသူ၏ကိုယ်ပိုင်မျက်လုံးနှစ်လုံးဖြင့်
ထင်ထင်ရှားရှားမြင်တွေ့ခဲ့ရသော
သူ၏ဦးလေးကိုယခုလောက်အထိဦးနှောက်
မရှိဘူးဟုမထင်မှတ်ထားခဲ့ပေ။
ဘယ်ကနေဘယ်လိုပေါ်ပေါက်လာမှန်း
မသိသည့်တစ်စုံတစ်ရာကို
သူဘယ်လိုများပြင်းပြင်းထန်ထန်ဆူဆဲရဲရတာတုန်း၊သူသေဖို့တောင်းဆိုနေတာနဲ့အတူတူဘဲ
မဟုတ်ဘူးလား!?
လုရန်မျက်မှောင်ကြုံလိုက်ပြီး၊
မကျေမနပ်ဖြစ်သွားတော့သည်။
"ဘာကိစ္စလဲ အာ?ငါ့အိမ်ထဲကို
ဒီတစ်ယောက်ကဖောက်ထွင်း
ဝင်ရောက်လာတာလေ၊
ငါ့အနေနဲ့စကားလေးအနည်းငယ်တောင်
ပြောလို့မရနိုင်ဘူးလား?
တကယ်လို့သာဟိုးအရင်ခေတ်တုန်းက
ငါတို့ရွာမှာဆို၊ဒီကလေးခြေနှစ်ချောင်းစလုံး
အချိုးခံရပြီးရွာပြင်မှာလွှတ်ပစ်ခံနေရလောက်ပြီ!"
ယောင်းယီတကယ်တမ်းကျတော့
လုရန်၏စိတ်ပျက်စရာကောင်းသော
ညှင်းပန်းနှိပ်စက်မှုစကားများကို
အာရုံစိုက်မနေပေ။
ထိုအစားသူ၏ဘေးပတ်ဝန်းကျင်ကို
သေချာလိုက်လံစစ်ဆေးကြည့်ရှုနေခဲ့ပြီး၊
နောက်ဆုံးမှာတော့တစ်ခန်းလုံးသည်
သူနှင့်လုံးဝကိုမရင်းမနှီးသည့်
ပတ်ဝန်းကျင်ဖြစ်နေသည်ကိုသိသွားတော့သည်။
အိမ်အတွင်းပိုင်းပြင်ဆင်မှုသည်
အလွန်ကြွားဝါတောက်ပနေပြီးအရင်က
ဗီလာကြီးနှင့်လုံးဝကို
ဆန့်ကျင်ဖက်ဖြစ်လို့နေလေသည်။
အခန်းများကိုဖွဲ့စည်းတည်ဆောက်ထားသည့်
ပုံတောင်မှတစ်ခန်းနှင့်တစ်ခန်း
လုံးဝမတူညီပေ။ဒီနေရာကြီးသည်
သူလာခဲ့ရာဗီလာကြီးဖြစ်ဖို့ဆိုသည်မှာ
လုံးဝမဖြစ်နိုင်ပေ။
ဒါဆို၊သူနောက်ဆုံးတကယ်ဘဲ
လွတ်မြောက်သွားပြီပေါ့?
ယောင်းယီမျက်လုံးများ
တောက်ပသွားပြီးယခုအချိန်အထိ
ဆူပူကြိမ်းမောင်းဖို့ရန်စိတ်နှစ်ထားသော
လုရန်ကိုအသာလေးလျစ်လျုရှု၍
စိတ်အားထက်သန်စွာဖြင့်မေးလိုက်သည်။
"အခုနေရာကဘယ်နေရာလဲဟင်?
ကျွန်တော်တို့အခုချိန်အထိ လီဟမြို့မှာဘဲလား?
ဒီအိမ်ကယွင်းယူပိုင်တာမဟုတ်ဘူးမလား?!"
အထင်သေးမှုအပြည့်ဖြင့်
လုရန်ပြန်ဖြေလိုက်သည်။
"ဒီအိမ်ကငါ့အိမ်၊ယွင်းဆိုတဲ့
မျိုးရိုးနာမည်နဲ့ပိုင်တဲ့အိမ်မဟုတ်ဘူး။
အခုချိန်အထိဒီသူခိုးအသိတရားမဝင်
သေးဘူးလား!?"
ဖြူစင်သောပျော်ရွှင်မှုများ
ယောင်းယီထံသို့ပျော်ဝင်လာခဲ့သည်မှာ၊
ဖုံးလွှမ်းနေသောအကြောက်တရားများ
အားလုံးသည်တိမ်ဖုံးနေသော
ကောင်းကင်ပြင်ကြီး၌နေထွက်လာသလိုမျိုး
ကင်းစင်ပျောက်ကွယ်သွားတော့သည်။
သူ၏မျက်နှာပေါ်၌အလွန်တောက်ပသော
အပြုံးတစ်ခုပေါ်လာလေသည်။
"ကောင်းလိုက်တာ! ငါနောက်ဆုံးတော့လွတ်မြောက်ပြီကွ!"
ယောင်းယီခပ်ခွာခွာ၊
အကွာအဝေး၌သူဘာသူတစ်ယောက်တည်း
ပျော်ရွှင်နေသည်ကိုမြင်လိုက်ရသည့်အခါ၊
ရှောင်လုသည်သူ၏ဦးလေးကို
စကားပြောနိုင်မည့်အခွင့်အရေးအား
အမိအရရယူတော့သည်။
ရှောင်လု၏အသံများသည်
ယခုဆံပင်အနက်ရောင်နှင့်အမျိုးသား
ဘယ်လိုမျိုးရုတ်တရပ်ထွက်ပေါ်လာခဲ့သလဲ
ဆိုတာကိုပြောပြရင်းတုန်ရီနေခဲ့ပြီး၊
ဂုဏ်မောက်နေသည့်မျက်နှာကိုဖြင့်
ချီမော်နေသည့်လုရန်သည်လည်း
ကြောက်ရွံ့မှုကြောင့်ရုတ်တရပ်
တုန်ယင်သွားတော့သည်။
"ဒါ-ဒါဆိုမင်းပြောချင်တာက၊
သူကလူမဟုတ်ဘူးပေါ့?"
"ဖြ-ဖြစ် န-နိုင်တယ်!"
ရှောင်လုလည်းသေချာမပြောနိုင်ပေ။
ယခုအမျိုးသားသည်သဲထိတ်ရင်ဖို
ဇာတ်ကားတွေထဲကလိုမျိုးရုတ်တရပ်
ထွက်ပေါ်လာခဲ့သော်လည်း၊
သူ့ကြည့်ရသလောက်ပုံမှန်မဟုတ်တာ
ဘာမှမရှိပေ။
လုရန်သည်လက်တွေ့သမားဖြစ်သည်။
သူအနေဖြင့်သဘာဝလွန်အရာများသည်
အစစ်အမှန်ဖြစ်သည်ဆိုတာကို
အခုအထိမယုံကြည်နိုင်သေးပေ။
မှန်ပါသည်၊သူအနေဖြင့်
သိပ်မကြာသေးခင်လေးကတင်
လျှို့ဝှက်ဆန်းကြယ်သည့်
ဝိဉာဉ်သဖွယ်အရာနှစ်ခုတစ်ဦးကိုတစ်ဦး
အမဲလိုက်နေသည်ကိုမျက်မြင်ကိုယ်တွေ့
မြင်တွေ့လိုက်ရပြီးပရိဘောဂပစ္စည်း
အချို့မှာတောင်ပွန်းပဲ့ထိခိုက်မှုများ
ကျန်ရစ်ခဲ့နေတာတောင်မှ၊
ထိုအရာများသည်ထူးခြားဆန်းပြားသည့်
သိပ္ပံဆိုင်ရာဖြစ်တည်မှုသဘောတရားတစ်ခု
အဖြစ်ကလွဲ၍အခြားဘာမှမပိုပေ။
Approaching Science[၂] ကို
မျက်ခြေမပြတ်စောင့်ကြည့်အားပေးလာသည့်
ကြည့်ရှုသူတစ်ဦးဖြစ်သည့်အလျောက်၊
သူအနေဖြင့်ယခုလိုအရာမျိုးအပေါ်
အတွေ့အကြုံအနည်းအပါးတော့ရှိသည်။
[၂] နာမည်ကြီးတဲ့သိပ္ပံတီဗီရှိုးတစ်ခု
(အထက်ပိုင်းမှထိန်းချုပ်ထားသည့်)
တရုတ်ပြည်မှအဓိက
Television Network ဖြစ်ပြီး
MythBusters သို့မဟုတ် Forensic Files တို့လိုမျိုးဖြစ်သည်။
အလွန်နာမည်ကြီးသည့်အရာများနှင့်
အယောင်ဆောင်သိပ္ပံအတုများကိုဝေဖန်၍
ပေါ်ပေါ်ထင်ထင်ကို
ရုပ်ဝါဒီဦးစားပေးဖို့ရန်
brainwashing (မှိုင်းသွင်းသော)
တီဗီလိုင်းများဖြစ်သည်။
ထို့အပြင်ပြောရမည်ဆိုပါက၊
ယောင်းယီသည်ခြိမ်းခြောက်သည့်
ခံစားချက်ကိုမပေးပေ။
ထို့ကြောင့်သူ၏ကိုယ်ပိုင်လုံခြုံရေးကို
သေချာသွားဖို့ရန်မေးမြန်းလိုက်သည်။
"ဟေးး! ချာတိတ်! မင်းကလူလားသရဲလား?"
လုရန်ဗွင်ဗွင်ဘဲမေးချလိုက်သည်။
သူ၏အနောက်တွင်ရှိနေသည့်လူတိုင်းသည်
အသက်ရှုရပ်သွားကြတော့သည်။
သူအခုလေးတင်သရဲကိုသရဲဟုတ်လား၊
မဟုတ်လားဆိုပြီး
တိုက်ရိုက်မေးလိုက်တာလား? ! ? !
သူ့ဦးနှောက်ကြည့်ရတာတစ်ခုခုမှားနေပုံရတယ်!
ရှောင်လုနှင့်အားယွမ်တို့
ကြက်သေသေသွားခဲ့သည်။သူတို့အနေဖြင့်
ယခုလိုအသက်ကြီးပြီးလောကကြီး
အကြောင်းအတွေ့အကြုံအပြည့်အဝ
ရှိနေရမည့်လုရန်သည်အခုမျှလောက်အထိ
မဆင်မခြင်လုပ်ဆောင်တတ်သည့်
အရူးတစ်ယောက်ဖြစ်နေလိမ့်မည်ဟု
မထင်ထားခဲ့ပေ။
အနောက်ဘက်တွင်ရပ်နေသည့်
ဝူကျွင်းနှင့်အခြားမိန်းကလေးသုံးယောက်
သည်လည်းလုရန်၏လုပ်ရပ်ကြောင့်
အလွန်ဒေါသထွက်လာကြသလို
အရမ်းလည်းကြောက်ရွံလာကြသည်မှာ
စိတ်အနှောက်ယှက်ဖြစ်မှုကြောင့်
မျက်ရည်များစွာကျဆင်းလုနီးပါးဖြစ်လာကြသည်။
ထိုအရာကိုကြားလိုက်ရသည့်အခါ၊
ယောင်းယီတုံ့ဆိုင်းသွားပြီး
နားမလည်နိုင်စွာဖြင့် သိသိသာသာကြီးကို
သွေးပျက်နေကြသည့်
ဆယ်ကျော်သက်အုပ်စုနှင့်
အလွန်အမင်းသတိထားလျက်ရှိနေသည့်
လုရန်ကိုအချိန်ခဏကြာ
ငေးစိုက်ကြည့်နေမိခဲ့သည်မှာ
သူ၏အသိစိတ်ပြန်မဝင်လာခင်
အချိန်အထိဖြစ်သည်။
သူအနေဖြင့်ထိုလူများမှသူ့အား
သရဲဖြစ်နေသည်ဟုတကယ်ကြီး
သံသယဝင်နေမည်ကိုလုံးဝမမျှော်လင့်ထားခဲ့ပေ!
"ဘယ်လိုလုပ်ပြီးကျွန်တော်က
သရဲဖြစ်ရမှာတုန်း?
ကျွန်တော်အခုလေးတင်မှ
သရဲခြောက်တဲ့အိမ်ကြီးထဲကနေ
လွတ်မြောက်လာတာဗျ!
နောက်ဆုံးမှသာကျွန်တော့်ဘဝကို
ကျွန်တော်ပြန်ရလာခဲ့တာ! "
ယောင်းယီသည်တစ္ဆေသရဲအစရှိသော
မကောင်းဆိုးဝါး၊နာနာဘာဝများဖြင့်
ပတ်သတ်လိုစိတ်သည် အနှုတ်သုညဖြစ်နေပြီး
ပါဝင်လိုစိတ်တစ်စက်ကလေးမှတောင်
မရှိတော့ပေ။သရဲအကြောင်းပြောတာကို
ကြားလိုက်ရုံနှင့်တင်သူ၏ကိုယ်တွင်းကလီစာတွေ
အားလုံးအကုန်ကျုံကာ
ခမ်းခြောက်သွားခဲ့ပြီဖြစ်သည်။
"အဲ့လိုအရာတွေနဲ့ပတ်သတ်ပြီး
ထုတ်မပြောပါနဲ့တော့၊
အရမ်းစိတ်ပျက်စရာကောင်းလို့ပါ!"
"သရဲခြောက်တဲ့အိမ်?"
ထိုအဓိကအကျဆုံးသောစကားလုံးကို
ထောက်ပြ၍လုရန်သံသယအပြည့်ဖြင့်
မေးမြန်းလိုက်သည်။
မယုံကြည်နိုင်ဘူးဆိုသော
အမူအရာများသည်ထိုလူများ၏မျက်နှာပေါ်၌
အပြည့်အဝရေးသားထားသလိုမျိုး
ထင်ရှားစွာရှိနေသေးသည်ကို
ယောင်းယီမြင်တွေ့နိုင်လေသည်။
အကယ်၍များသူသာ
သေချာရှင်းရှင်းလင်းလင်းမပြောပြပါက၊
ထိုလူများသည်သူ့ကိုလွတ်လွတ်လပ်လပ်
ပေးသွားမည်မဟုတ်ဘူးဆိုတာကို
သိလိုက်ရသည့်အတွက်ယောင်းယီအနေဖြင့်
ရွေးချယ်စရာမရှိပါဘဲ၊ဘာဖြစ်ခဲ့သလဲဆိုတာကို
အရိုးရှင်းဆုံးရှင်းပြ၍
သူတို့ဘက်မှသူ့အားထွက်သွားခွင့်ပေးရန်
မျှော်လင့်ခဲ့သည်။
သူရှင်းပြလို့ပြီးသည်နှင့်
ယောင်းယီသူ၏နှဖူးပေါ်မှချွေးများကို
ပွတ်သုတ်လိုက်ပြီး၊
သူအနေဖြင့်သူ့ကိုယ်သူ
ကြာပန်းဖြူကလေးဖြစ်သည့်
အကြောင်းကိုထုတ်ကာပြောဆိုလိုက်ခြင်းသည်
သူ့အားအရင်ကလောက်အထိ
တင်းတင်းကြပ်ကြပ်အစောင့်ကြည့်ခံ
မနေရတော့ဟုဆိုတာကိုသတိထားလိုက်မိသည်။
ပြောရမည်ဆိုလျှင်တော့ဒီနေရာကနေမြန်နိုင်သမျှ
အမြန်ဆုံးထွက်သွားပြီးဟိုတယ်ခန်းတစ်ခု
ဌားကာအနည်းငယ်မျှအိပ်စက်ရန်ဖြစ်သည်။
ထို့ကြောင့်သူအောက်ထပ်ဆင်းရန်
ပြင်ဆင်လိုက်သည်၊
သို့သော်လည်းကံမကောင်းစွာဖြင့်
ထိုလူများသည်လှေကားအားပိတ်ရပ်ထားခြင်းမှ
လက်မအနည်းငယ်လောက်တောင်
ရွေ့ပေးမှာမဟုတ်သည်ကိုတွေ့လိုက်ရသည့်
အတွက်အကူအညီကင်းမဲ့သွားသလိုမျိုး
ခံစားလိုက်ရသည်။
"ကျွန်တော်အခုအိမ်ပြန်ချင်နေပြီမို့၊
အကယ်၍များစိတ်မရှိဘူးဆို
ကျွန်တော့်အတွက်လမ်းအနည်းငယ်
လောက်ဖယ်ပေးလို့များရမလား?"
သူတို့ထဲကတစ်ယောက်ကမှ
စကားတစ်လုံးတောင်ပြန်မတုံ့ပြန်လာကြဘဲ
မျက်နှာပေါ်များတွင်သာသူ့ကို
အလွန်မနှစ်မြို့ဖွယ်ကောင်းသည့်အမူအရာများ
အပြည့်ဖြင့်စိုက်ကြည့်နေကြသည်။
ယောင်းယီကျောရိုးတစ်လျှောက်
အေးခဲသွားတော့သည်။
"ခင်များတို့အားလုံးကျွန်တော့်ကို
ဘာလို့အဲ့လိုကြီးစိုက်ကြည့်နေကြတာလဲ?"
ယောင်းယီမသက်မသာဖြစ်လာခဲ့သည်။
"မင်း...ငါတို့ကိုငတုံးများမှတ်နေတာလား?
မင်းကိုယ်မင်းသရဲရာဇဝင်အချို့ထဲက
အဓိကဇာတ်ကောင်အဖြစ်
ဟန်ဆောင်လိုက်ရုံနဲ့တင်၊
လွတ်မြောက်သွားနိုင်မယ်လို့ထင်နေတာလား!?!?!"
လုရန်ဒေါသထွက်လွန်းသဖြင့်
သူ၏ခေါင်းထိပ်ကပင်မီးခိုးလုံးများ
ထွက်လာသည်ဟုခံစားလို့ရနိုင်သည်။
"ဟမ်?"
ယောင်းယီသူတို့အားဗလာကျင်းစွာ
စိုက်ကြည့်လိုက်မိသည်။
သူတို့ဘာတွေပြောနေကြသလဲဆိုတာကို
သူလုံးဝမသိပေ။တကယ်လို့သူတို့အနေဖြင့်
သူပြောပြသည့်သရဲပုံပြင်များကို
မယုံကြည်ဘူးဆိုရင်တောင်မှ၊ယခုလို
အမူအရာမျိုးတော့မဖြစ်သင့်ပေ၊အာ။
ရှောင်လုသည်၊အကြောင်းအရာအချို့ကြောင့်၊
ယခုယောင်းယီကိုသူအနေဖြင့်
တစ်နေရာရာ၌မြင်တွေ့ဖူးကြောင်း
ခံစားချက်ရနေမိသည်။
ထို့အပြင်လူ့ကိုကြည့်ရသည်မှာလည်း
တကယ်ကိုထိုလူအနေဖြင့်ဘာဆိုဘာမှ
မသိကြောင်းသတိထားမိသည့်အတွက်၊
သူဟိုးငယ်ငယ်လေးကတည်းက
မရေမတွက်နိုင်အောင်ကြားခဲ့ရသည့်
အိပ်ယာဝင်ပုံပြင်ကိုသဲလွန်စတစ်ခုခုများ
ရလိုရငြားမျှော်လင့်ချက်ဖြင့်စတင်ပြီး
ပြန်လည်တွေးတောကာ
ထုတ်ပြောတော့သည်။
"ဟိုးအရင်တုန်းကပေါ့ကွယ်၊
လီဟမြို့မှာလူအများအမြင်မှာတော့
အလွန်ကိုပနံသင့်လိုက်ဖက်လှပြီး၊
ပြီးပြည့်စုံကြတဲ့လင်မယားစုံတွဲတစ်တွဲရှိကြသတဲ့။
ဒါပေမဲ့လည်းထိုစုံတွဲဟာ
လူအများကွယ်ရာမှာတော့ အလွန်ကိုမတည့်တဲ့အပြင်
တစ်ဦးကိုတစ်ဦးလည်းမုန်းတီးကြလေတယ်..."
ယောင်းယီထိုပုံပြင်ကို
နားထောင်မိလေလေ၊သူ၏
ခံစားချက်သည်လည်း
ပိုပိုပြီးဆိုးရွားလာလေဖြစ်သည်။
ထိုပုံပြင်ပြီးဆုံးသွားချိန်မှာတော့၊
သူလည်းလုံးဝကိုတိတ်ဆိတ်သွားခဲ့သည်။
ဒီသရဲရာဇဝင်ကြီးသည်
သူ့အားလုံးဝကိုရင်းနှီးကျွမ်းဝင်နေသည့်
ခံစားချက်မျိုးပေးစွမ်းနိုင်လေသည်,အာ။
အစာပြတ်လပ်ကာငတ်ပြီးသေဆုံးသွားသည့်
လင်ငယ်နေရာ၌သူ့ကိုသာအစားထိုးလိုက်ပါက၊
လုံးဝကိုအရာရာပြီးပြည့်စုံကာလိုက်ဖက်သွားမည်
မဟုတ်ပါလား!?
ယောင်းယီထိုအကြောင်းကိုတွေးလေ
ကြက်သီးမွေးညင်းများထလာလေဖြစ်သည့်
အတွက်ချွေးအေးများပင်စီးကျလာခဲ့သည်။
တကယ်လိုအဲ့သရဲရာဇဝင်ကသာ
အမှန်ဆိုလျှင်၊အခုသာဆို၊
သူကသေပြီးသားလား၊ရှင်နေဆဲဘဲလား?
သူ၏ခေါင်းကိုငုံ့ကိုင်းကာ၊
ယောင်းယီသူ၏လက်ကိုနှလုံးရှိရာနေရာဆီသို့
ဖိကပ်လိုက်ချိန်၊သူ၏နှလုံးသားသည်
သူ၏ရင်ဘတ်အတွင်းထဲ၌
အခုချိန်အထိကိုဆက်လက်ပြီး
တဒုတ်ဒုတ်နှင့်ခုန်နေဆဲဖြစ်သည့်အတွက်၊
အတွေးများကြားနစ်မြုပ်သွားတော့သည်။