Wild Rose(complete)

By LahPhan_85

2.4M 203K 29.4K

"ခင်ဗျားက ဟီရိုးအင်းလိုပဲ မကောင်းမှန်းသိနေပေမဲ့လည်း လူကိုအရူးအမူး စွဲလမ်းစေတယ်" ... More

Intro
part1(Unicode)
part1(Zawgyi)
part 2(Unicode)
part2(zawgyi)
part3(Unicode)
part3(Zawgyi)
part4(Unicode)
part4(Zawgyi)
part5(Unicode)
part5(Zawgyi)
part6(Unicode)
part6(Zawgyi)
part7(Unicode)
part7(Zawgyi)
part8(Unicode)
part8(Zawgyi)
part9(Unicode)
part9(Zawgyi)
part10(Unicode)
part10(Zawgyi)
part11(Unicode)
part11(Zawgyi)
part12(Unicode)
part12(Zawgyi)
part13(Unicode)
part13(Zawgyi)
part14(Unicode)
part14(Zawgyi)
part15(Unicode)
part15(zawgyi)
part16(Unicode)
part16(Zawgyi)
part17(Unicode)
part17(Zawgyi)
part18(Zawgyi)
part19(Unicode)
part19(zawgyi)
part20(Unicode)
part20(Zawgyi)
part21(Unicode)
part21(Zawgyi)
part22(Unicode)
part22(Zawgyi)
part23(Unicode)
Part23(Zawgyi)
part24(Unicode)
Part24(Zawgyi)
part25(Unicode)
Part25(Zawgyi)
part26(Unicode)
part26(Zawgyi)
part27(Unicode)
part27(Zawgyi)
part28(Unicode)
part28(Zawgyi)
part29(Unicode)
part29(Zawgyi)
part30(Unicode)
part30(Zawgyi)
part31(Unicode)
part31(zawgyi)
part32(Unicode)
part32(zawgyi)
part33(Unicode)
part33(zawgyi)
part34(unicode)
part34(zawgyi)
part35(Unicode)
part35(Zawgyi)
part36(Unicode)
Part36(Zawgyi)
Part37(Unicode)
Part37(Zawgyi)
Part38(Unicode)
Part38(Zawgyi)
Part39(Unicode)
Part39(Zawgyi)
Part40(Unicode)
Part40(Zawgyi)
part41(Unicode)
part41(Zawgyi)
part42(Unicode)
part42(Zawgyi)
part43(Unicode)
Part43(Zawgyi)
part44(Unicode)
Part44(Zawgyi)
Part 45(Unicode)
Part45(Zawgyi)
Part 46(Unicode)
Part46(Zawgyi)
❤🌹
part 47(Unicode)
part 47(Zawgyi)
Part 48(Unicode)
Part 48(Zawgyi)
Part 49(Unicode)
Part 49(Zawgyi)
Final(unicode)
Final(zawgyi)
Extra
Extra(Zawgyi)
Announce📍📍📍

part18(Unicode)

32.4K 3.2K 339
By LahPhan_85

"မီး ဖုန်းထဲမှာ ကြည့်ထားတာက ဒီလိုပဲလေ..."

"မျက်ခုံးက တစ်ဖက်နဲ့တစ်ဖက်က ညီမှမညီတာ..."

"ဒါဆို ဘယ်လိုလုပ်ရမှာလဲ...."

အခန်းထဲမှ အပြန်အလှန်ပြောဆိုသံများကြောင့် ဆိုင်းလော့ဒ် ခြေလှမ်းအားရပ်လိုက်မိသည်။ထုံးစံအတိုင်း နိုရာက ရှင်းခန့်ဆီရောက်နေတာဖြစ်သည်။မနက်ကတည်းက ဒယ်ဒီဟု တချက်သာအနားရောက်လာပြီး ပျောက်သွားလိုက်တာ တနေကုန်ပင်။သူလည်းအလုပ်ရှုပ်နေတာကြောင့် သမီးကို လိုက်မခေါ်ဖြစ်ခဲ့ပေ။ဆိုင်ပိတ်ပြီးမှပဲ အိမ်ပြန်ပို့ဖို့ လာခေါ်ရတာဖြစ်သည်။သူနှင့်ရှင်းခန့်မောင်၏ ဆက်ဆံရေးက မသိမသာလေး ခပ်တန်းတန်းဖြစ်နေသည် ဆိုသော်ငြားလည်း သမီးနှင့်ကတော့ ဟိုအရင်ကထက်ပင် ပိုပြီးလုံးလားထွေးလားကို ဖြစ်နေ၏။

အခန်းထဲသို့ အသာလေးချောင်းကြည့်လိုက်တော့ ရှင်းခန့်၏ဖြူနုသော မျက်နှာမှာ မိတ်ကပ်အရောင်တွေ ရဲပတောင်းခတ်နေပြီး မျက်ခုံးနှစ်ခုက တစ်ခုကမျှော့ကြီးကပ်ထားသလို အပြားလိုက်ဖြစ်နေကာ တစ်ခုကတော့ နဖူးပြင်ပေါ်သို့ထောင်တက်နေ၏။ပါးနှစ်ဖက်ပေါ်မှာလည်း နီနီရဲရဲအကွက်လိုက်ကြီးဖြစ်နေသေးသည်။သမီးဖြစ်သူ၏မျက်နှာမှာလည်း မိတ်ကပ်များဖြင့် ပေပွနေ၏။

"နေအုံး နေအုံး ကိုကို့နှုတ်ခမ်းနီက အရောင်လိုနေသေးတယ် ထပ်ဆိုးပေးမယ်..."

​နိုရာက ပြောပြောဆိုဆို ရှင်းခန့်၏မေးစေ့အား ဆွဲကိုင်ကာ နှုတ်ခမ်းနီးဆိုးပေးဖို့ကို အားတက်သရော ကြိုးပမ်းလို့နေ၏။မိတ်ကပ်ဘူးတွေ ဘယ်ကရလာလည်းတော့ မသိချေ။ဒီလူကလည်း ဒီကလေးကို ဒီလောက်အထိ အလိုလိုက်စရာလိုလို့လား။ကြည့်လိုက်ရင်တော့ ရုပ်တည်ကြီးနဲ့ ကလေးနဲ့ပေါင်းပြီး ကလေးကလားလိုက်လုပ်နေတာ။မြင်ကွင်းကိုကြည့်ရင်း ဆိုင်းလော့ဒ် ရယ်ရခက်ငိုရခက်ဖြစ်နေမိသည်။ရှင်းခန့်မောင်က သမီးအပေါ်မှာ ချစ်ခင်နှစ်သက်တာကို သိပေမဲ့လို့ ဒီလိုမျိုးအနွံတာခံမယ်လို့တော့ မထင်ထားမိချေ။ဒါကြောင့်မို့လည်း နိုရာတို့ဒီလောက်အထိ တွယ်တာနေပုံရသည်။

"သမီး...."

ဆိုင်းလော့ဒ် အခန်းထဲသို့ခြေလှမ်းချရင်း အသံပြုလိုက်တော့ နှစ်ယောက်သားလှမ်းကြည့်လို့လာ၏။

"ဒယ်ဒီ..."

သူ့ကိုမြင်တော့ နိုရာက အသံပြုသည်။ရှင်းခန့်ကတော့ ထိုင်နေရာမှ အလန့်တကြားမော့ကြည့်လာ၏။ပြီးတော့ တစ်ရှုးသုံးလေးခုအား အလျှင်စလိုဆွဲယူကာဖြင့် မိတ်ကပ်တို့အား ပွတ်သုတ်ဖျက်ပစ်ဖို့ကြိုးစားလို့နေသည်။

"ဘာတွေလုပ်နေတာလဲ လာ အိမ်ပြန်ရအောင်လေ..."

ဆိုင်းလော့ဒ်ပြောရင်းဖြင့် လျှောက်ဝင်သွားလိုက်၏။

"ကိုကို့ကို အလှပြင်ပေးနေတာ မီးပြင်ထားတာ လှတယ်မှတ်လား ကြည့်ကြည့် ဒယ်ဒီ..."

နိုရာကပြောတော့ ရှင်းခန့်က မျက်နှာကို တဖက်သို့လွှဲ၍သွား၏။

"ကိုကို ဒီဖက်လှည့်ပြလိုက်လေ...."

နိုရာကလည်း ရှင်းခန့်၏မေးစေ့အား အတင်းဆွဲလှည့်တာကြောင့် ပြန်လှည့်လာရပြီး သူနှင့်မျက်လုံးချင်းဆုံးသွားရသည်။နဂိုထဲကပေပွနေတဲ့မျက်နှာက တစ်ရှုးဖြင့်ပွတ်သုတ်ဖျက်လိုက်တော့ ပိုဆိုးသွားရ၏။အမဲရောင်ခြယ်ထားသော မျက်လုံးနှစ်လုံးက ပန်ဒါလိုအကွင်းလိုက်ဖြစ်နေသည်။အလျှင်စလိုပွတ်ဆွဲသုတ်ထားတဲ့ နှုတ်ခမ်းနီကပါးပြင်ပေါ်အထိအစင်းလိုက်ကြီး ဖြစ်နေ၏။ဘယ်လိုဖြစ်ဖြစ် ရှင်းခန့်မောင်၏ပုံစံက ရီချင်စရာဖြစ်နေတာအမှန်။ရှင်းခန့်ကလည်း ရယ်ချင်ပက်ကျိဖြစ်နေသော ဆိုင်းလော့ဒ်၏ မျက်နှာကြီးအား သိနေကာဖြင့်....

"မင်း...မရယ်နဲ့..."

မျက်နှာရဲရဲဖြင့် မျက်ခုံးလေးတွန့်ကာ ကြိမ်းမောင်းသလိုလေး ခပ်တိုးတိုး ပြောသည်။

"မရယ်ပါဘူး...အဟွန်း..."

မရယ်ပါဘူးဆိုပြီး ရယ်ချင်ပက်ကျိမျက်နှာကြီးဖြင့်ပြောပြီးမှ မျက်နှာအား တဖက်သို့လွှဲကာ နှုတ်ခမ်းအားလက်ခုံဖြင့်ပိတ်ပြီး ဟွန်းကနဲရယ်ပစ်သည်။ဆိုင်းလော့ဒ်၏ အပြုအမူကြောင့် ရှင်းခန့်၏ မျက်နှာဖြန်းကနဲ ဖြစ်သွားပြီးမှ....

"ကလေး စိတ်ကျေနပ်အောင် ပေးဆော့ထားတာ...."

"ဟုတ်ပါတယ် ဘာပြောနေလို့လဲ..."

ဘာပြောနေလို့လဲဆိုတဲ့ မျက်နှာကြီးက ပြောချင်နေတဲ့မျက်နှာကြီး။တိုက်တန်းလျားမှာ မိုးလင်းပေါက်ခဲ့ရပြီးထဲကတည်းက ခပ်တန်းတန်းဖြစ်နေခဲ့တဲ့ သူတို့၏ဆက်ဆံရေးက အနည်းငယ်တော့ ပျော့ပျောင်းသွားရသလိုပါပဲ။တကယ်ဆို ဆိုင်းလော့ဒ်၏ စကားတစ်ခွန်းကို ခံစားပြီး သူ့ဖက်ကသာမပြီးနိုင်မစီးနိုင်ဖြစ်နေခဲ့တာပါပဲ။ဆိုင်းလော့ဒ်ဖက်က စကားတွေ လွန်ကျွံခဲ့တာဆိုရင်တောင် သူသည်လည်း သူ့ဖက်သာသူကြည့်ခဲ့မိတာပဲ မဟုတ်လား။ဘယ်လိုပဲ မလိုအပ်တော့ပါဘူး ပြောနေပေမဲ့ အရေးကြုံလာတော့လည်း သူ့ဘေးနားမှာ ဆိုင်းလော့ဒ်သာရှိနေခဲ့တာဟာလည်း ပြတ်တောက်၍မရနိုင်တဲ့ ရေစက်အကြောင်းတရားတွေ​ပါပဲ။

ပြီးတော့ သူ့ဗီဇအရ သူများရဲ့စကားတွေ သတ်မှတ်ချက်တွေ အမြင်တွေအပေါ်မှာ လိုက်မခံစားနေချင်တော့တာဖြစ်သည်။သူများကို အားကိုးမှီတွယ်တက်တဲ့ အခြောက်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် သူ့အဆင်ပြေဖို့သာ အရေးကြီးသည်။သူမှီခိုချင်လျှင် မှီခိုမည်။သူသန်မာချင်လျှင် သန်မာမည်။ထိုသို့ပင် ဆိုင်းလော့ဒ်နှင့်ဆက်ဆံရေးမှာလည်း သူဆက်ချင်လျှက်ဆက်မည်။ရပ်ချင်လျှင်ရပ်မည်။အရာအားလုံးဟာ သူ့စိတ်၏အတက်အကျတိုင်းသာ....။

ဆိုင်းလော့ဒ်ကပြောရင်းဖြင့် အနားသို့ရောက်လာသော သမီးဖြစ်သူအား ပွေ့ချီလိုက်ပြီးမှ....

"မျက်နှာတစ်ခုလုံးလည်း ပေပွနေတာပဲ ဘာတွေလျှောက်လိမ်းထားတာလဲ..."

"လျှောက်လိမ်းထားတာ မဟုတ်ပါဘူး ဒယ်ဒီကလည်း မီးက youtubeကနေ သေချာကြည့်ပြီးမှ လိမ်းတာပါနော်.."

"ဘယ်ကကြည့်ကြည့် မိတ်ကပ်တွေက သမီးအရွယ်နဲ့လိမ်းရမဲ့ဟာမှ မဟုတ်တာ..."

"လိမ်းလို့ရပါတယ် ဒယ်ဒီကလည်း youtubeမှာလည်း မီးအရွယ်လေးပဲ လိမ်းပြထားတာပဲကို...."

နိုရာကတော့ အင်မတန်ကိုမှ ဆင်ခြေဆင်လက်များတက်သည့် ကလေးပါပဲ။

"ဟုတ်ပါတယ် ဒါက ကလေးတွေအတွက် သီးသန့်ထုတ်တားထဲ့ ပစ္စည်းတွေပါ ကိုယ်သေချာကြည့်ပြီးမှ ဝယ်ခဲ့ပေးတာ ဘေးထွက်ဆိုးကျိုးမရှိပါဘူး..."

ရှင်းခန့်ကလည်း ကြားထဲနေ သက်သေလိုက်နေတာမို့ သူဘာမှထပ်မပြောတော့ပဲ....

"သမီးအိတ်ရော ပြန်မယ်လေ.."

"ဒီမှာ...."

ရှင်းခန့်က အရုပ်တွေရော အလှပြင်ပစ္စည်းတွေကိုပါ သေချာစုထည့်ပြီးမှ အိတ်ကိုသူ့အား ကမ်းပေး၏။သူလည်း အိတ်ကိုဆွဲယူရင်းဖြင့် ပေပွနေသော ရှင်းခန့်၏ မျက်နှာဆီသို့ အကြည့်ရောက်သွားပြန်ကာ ရယ်ချင်သွားရပြန်၏။ရှက်သွားမှာစိုး၍ ရယ်ချင်စိတ်ကို အတင်းချိုးနှိမ်လိုက်ရတော့ မျက်နှာကမချိုမချဥ်ဖြစ်သွားရသည်။ရှင်းခန့်ကလည်း ဒါကိုသိနေသည့်အလား မျက်ခုံးလေးတွေ တွန့်လျှက်ရှိနေသည်။

"သွားတော့မယ်...."

"ကိုကို Bye Bye...."

သားအဖနှစ်ယောက်လုံး နှုတ်ဆက်၍ နေရာမှလှည့်ထွက်ပြီးမှ ဆိုင်းလော့ဒ်က ခြေလှမ်းအားရပ်လိုက်၍ လည်ပြန်ကြည့်လာ၍....

"သြော်....ပြောမလို့...."

ဆိုင်းလော့ဒ်ဆီမှ အသံထွက်လာတော့ ရှင်းခန့်က ဘာလဲဆိုသော သဘောဖြင့်ကြည့်နေလိုက်၏။ဆိုင်းလော့ဒ်က မချိုမချဥ် မျက်နှာထားဖြင့် ရှိနေဆဲဖြစ်ကာ....

"ခင်ဗျား အဲ့ပုံစံနဲ့ တကယ်လှတယ်လို့ အဟွန်း..."

"....."

ပြောပြီးတာနှင့် ဆိုင်းလော့ဒ်က နိုရာအားပွေ့ချီကာ အခန်းထဲမှထွက်သွားလေပြီ။မိတ်ကပ်တွေနဲ့ တောင်ခြစ်မြောက်ခြစ် ခြစ်ခံထားရတာကို..။ဒီကောင် လူကိုတမင်သက်သက်.....။

                  ~~~~~

"ကိုကို....."

​အိမ်အဝင်ဝရောက်တာနှင့် သူ့ကိုအရင်ဦးဆုံး မြင်လိုက်သောနိုရာက လှစ်ကနဲပြေးထွက်လို့လာ၏။အဝါနုရောင် ဂါဝန်ကားကားလေးဖြင့် ဆံပင်တွေကိုလည်း အဝါရောင်ဖဲကြိုးလေးဖြင့် လှလှပပစည်းနှောင်ထားသည်။ခြေသလုံးကို လားပြေးဖက်တွယ်သော ကလေးမလေးကြောင့် သူ့နှုတ်ခမ်းကို ယောင်ယောင်လေးတွန့်ကွေးမိလိုက်၏။ခြေထောက်ကိုဖက်၍ ခေါင်းလေးပါတိုးဝှေ့နေသေးတာကြောင့် ကလေးလေးအား စွေ့ကနဲကောက်ချီလိုက်မိသည်။

"ဟိုတစ်ပတ်က မီးဖျားသွားလို့ ကိုကိုနဲ့လည်း လာမဆော့ရဘူး မီးကသတိရနေတာ..."

နိုရာက ပြောရင်းဖြင့် သူ့၏လည်ပင်းအား သိုင်းခို၍ခေါင်းလေးကိုပါ ငဲ့စောင်းချလေသည်။ဒီကလေးလေး၏ တွယ်ကပ်တက်မှုတွေကပဲ သူ့ကိုသံယောဇဥ်ဖြစ်စေခဲ့သည် ထင်သည်။ကလေးကို ပွေ့ချီထားရင်း ခေါင်းလေးကိုသပ်ပေးလိုက်ပြီးမှ....

"နေကောင်းသွားပြီလား..."

"မီးက နေကောင်းနေပါပြီ ကိုကို့ဆီလည်းလာဆော့လို့ရနေပြီကို ဒယ်ဒီက နေမကောင်းထပ်ဖြစ်မယ်ပဲ ပြောနေတော့တာ..."

နိုရာက သူ့ထုံးစံအတိုင်း ချစ်စဖွယ်ကောင်းသော အမူအရာမျိုးဖြင့် စူပွပွလေး တိုင်တန်းလေသည်။ဟိုတစ်ပတ်က အိမ်ပြန်သွားပြီးထဲက နိုရာက ဖျားသေးသည်။ကျောက်ကပ်အစားထိုးထားရတဲ့ ကလေးမို့ ကျန်းမာရေးက အရင်လိုခံနိုင်ရည်မရှိတော့စွာ ပိုးမွေးသလိုမွေးနေရတာဖြစ်သည်။

"သြော် မောင်လေး လာ လာ အထဲဝင်..."

နိုရာနှင့်စကားပြောနေစဥ်မှာပဲ မဂျူလီယာက ထွက်လာကာ ခရီးဦးကြိုပြုလေသည်။ဒီနေ့က ဆိုင်းလော့ဒ်၏အဖေ၏ နှစ်ပတ်လည်နေ့ဖြစ်သည်။ဗုဒ္ဓဘာသာအယူအဆဖြင့်ဆိုလျှင်တော့ ဆွမ်းကျွေးတရားနာပေါ့။အခုတော့ ဆိုင်းလော့ဒ်တို့က ခရစ်ယာန်ဘာသာဝင်တွေမို့ ညနေဖက်အိမ်မှာ ဝတ်ပြုဆုတောင်းပွဲလေးလုပ်တာဖြစ်သည်။ဆိုင်းလော့ဒ် မိခင်ကိုယ်တိုင် အိမ်အထိတလေးတစား လာဖိတ်သွားတာမို့ သူလည်းလူမှုရေးအရ ရောက်လာခဲ့ရတာဖြစ်သည်။ဆိုင်းလော့ဒ်တို့အိမ်က မြေညီထပ်ရှိသာမန်တိုက်ခန်းလေးတစ်ခန်းမျှသာ။အိမ်ရှေ့မှာ ထွေလီကာလီပစ္စည်းလေးနည်းနည်းဖြင့် အိမ်ဆိုင်သဘောမျိုးလေဖွင့်ထားသည်။သူရောက်သွားတော့ ညနေစောင်းပြီမို့ ဘာသာရေးဆရာတွေလည်း ပြန်သွားပြီဖြစ်သည်။ဧည့်သည် တစ်ယောက်စနှစ်ယောက်စသာရှိတော့၏။

"ဆိုင်ပိတ်မှထွက်လာတော့ နည်းနည်းတောင် နောက်ကျသွားပြီထင်တယ်..."

"နောက်မကျပါဘူး ဧည့်သည်တွေရှိနေပါသေးတယ် လာ မောင်လေး အထဲဝင်..."

ဂျူလီယာနှင့်အတူ အိမ်ထဲသို့လိုက်ဝင်ခဲ့လိုက်တော့ ဧည့်ခန်းမှာ ဆိုင်းလော့ဒ်နှင့်အတူ တခြားယောက်ျားလေးနှစ်ယောက်ရယ် မှတ်မှတ်ရရ တလောက ဆိုင်းလော့ဒ်၏ဆိုင်မှာဆုံမိခဲ့တဲ့ မိန်းကလေးရယ်ကို တွေ့လိုက်ရ၏။

"ဆိုင်းလော့ဒ် ဒီမှာ ကိုရှင်းခန့်မောင်လာတယ်..."

ဆိုင်းလော့ဒ်နှင့် အိမ်နီးနားချင်းမို့ ဂျူလီယာကသူ့ကို ဆိုင်းလော့ဒ်၏ ဧည့်သည်ဟုသာ သတ်မှတ်လိုက်ပုံရ၏။ဂျူလီယာ့၏စကားကြောင့် ဝိုင်းထိုင်နေကြသော လူအုပ်စုက လှမ်းကြည့်၍လာသည်။ဂျူလီယာကလည်း ထိုစားပွဲဝိုင်း၌သာ သူ့အားနေရာချပေးလေသည်။ဆိုင်းလော့ဒ် သူ့အားအသာအယာ မော့ကြည့်လာပြီး နေရာရွေ့ပေးတာမို့ သူလည်း နိုရာအားပွေ့ချီထားရာမှ ချပေးပြီး အသာအယာပဲဝင်ထိုင်လိုက်၏။အနူးကလည်း ရောက်လာကာ သူ့အတွက် ထမင်းဟင်းတွေ ပြင်ဆင်ပေးလေသည်။

"ထည့်စားနော် သား အားမနာနဲ့ ဒါက ဆိတ်သားနှပ်လေးထည့်အုံး...."

အနူးက ပြောပြောဆိုဆိုဖြင့် ရှင်းခန့်၏ ပန်းကန်ထဲသို့ ဆိတ်သားနှပ်အား လက်မြန်ခြေမြန်ဖြင့် ခပ်ထည့်ပေးလိုက်ပြီဖြစ်သည်။

"အာ ကျွန်တော်မစား..."

"အနူး သူမစားဘူး..."

တစ်ပြိုင်နက်ထဲ နှစ်ယောက်စလုံးဆီမှ ငြင်းဆန်သည့်အသံ ထွက်ပေါ်လာတာမို့ အားလုံး၏အကြည့်တို့က သူတို့ဆီစုပြုံ၍ ရောက်လာတော့၏။အားလုံးရဲ့အမြင်မှာ သူတို့က ဒီအတိုင်းအိမ်နီးနားချင်တွေပဲ မဟုတ်လား။ထို့ကြောင့် ရှင်းခန့်၏ အလေ့အကျင့်များအား ဆိုင်းလော့ဒ်သိနေတယ်ဆိုတဲ့ကိစ္စဟာ အနည်းငယ်တော့ ထူးဆန်းဖွယ်ကောင်းနေတာအမှန်ပင်။အားလုံး၏ စူးစမ်းသောအကြည့်တို့ကြောင့် သူအနည်းငယ် အနေခက်သွားရပေမဲ့ ဆိုင်းလော့ဒ် တည်တည်ငြိမ်ငြိမ်ပဲဖြစ်သည်။သူ့အရှေ့ရှိ ထမင်းပန်းကန်အား ဆွဲယူ၍....

"ကျွန်တော်စားလိုက်မယ် ကျွန်တော်လည်းထမင်းမစားရသေးဘူး ခင်ဗျားအတွက် အသစ်တစ်ပွဲထပ်ပြင်ပေးမယ်..."

ပြောရင်းဖြင့် ဆိုင်းလော့ဒ်က ထမင်းပန်းကန်အား အသစ်ပြန်ပြင်ပေး၏။

"သြော် သားက ဆိတ်သားမစားတာလား အန်တီက မသိလို့ ဆောရီးပါကွယ် ဒါဆို ငါးဖယ်နဲ့စား သား..."

အနူးကပြောရင်းဖြင့် ဆိတ်သားပန်းကန်အား ရွေ့ကာငါးဖယ်ဟင်းအား ရှေ့တိုးပေးလေသည်။

မျက်စိရှေ့မှ ခပ်ချောချောလူအား ကြည့်ရင်း သံသာညိုတစ်ယောက် ပုံမှန်မဟုတ်ဘူးဆိုသော ခံစားချက်ကို ခံစားနေရလေသည်။ဆိုင်းလော့ဒ်၏ အိမ်နီးနားချင်းဆိုသော အနှီးသိမ်မွေ့လှသည့်လူဟာ သူမအတွက် မူမမှန်သော ခံစားချက်မျိုးကို ပေးစွမ်းနေတာ ဘာကြောင့်မှန်းမသိချေ။အဖြစ်အပျက်က သာမန်ကာလျှံကာ ဘာမှမဟုတ်ဘူးလို့ ထင်ရပေမဲ့လည်း သာမန်အိမ်နီးနားချင်းဖြစ်တဲ့နှစ်ယောက်ဟာ တစ်ယောက်ရဲ့အမူအကျင့်ကို တစ်ယောက်ကသိနေသည်ဆိုတာဟာ အနည်းငယ်တော့ ထူးဆန်းနေသည်မဟုတ်လား။ဟိုတစ်ခေါက်တွေ့တုန်းကလည်း လာခေါ်တာနှင့် ငေါက်ကနဲ ထလိုက်သွားသည့် ဆိုင်းလော့ဒ်၏ ပုံစံက ထူးဆန်းနေသလို အခုကျတော့ နှစ်ယောက်ဟာ အေးတိအေးစက်ဖြင့် စိမ်းသက်နေပြန်တာဟာလည်း ပို၍ထူးဆန်းလေသည်။

မျက်စိရှေ့မှ နှစ်ယောက်အား မသိမသာအကဲခတ်နေရင်း သံသာညိုဘယ်လိုမှ နားမလည်နိုင်တော့ပေ။ထမင်းစားသောက်ခြင်းက တိတ်တဆိတ်ပဲ ပြီးဆုံးသွားလေသည်။အချိန်လည်းလင့်ပြီမို့ အားလုံးနှုတ်ဆက်ပြန်ကြဖို့ ပြင်ဆင်ကြသည်။

"ဆိုင်းလော့ဒ် နင်ပြန်မှာမဟုတ်လား ငါနဲ့တခါထဲလိုက်ခဲ့လေ..."

အားလုံး အပြင်သို့ရောက်လာပြီးမှ ပြောလာသော သံသာညိုကြောင့် သူစိတ်ညစ်သွားရသည်။သူမနှင့်နှစ်ယောက်ထဲ အတူရှိရမည့် ကိစ္စတိုင်းကို သူရှောင်ရှားလိုပါသည်။သူမဟာ သူခြေလှမ်းမစသင့်တဲ့ရပ်ဝန်းဖြစ်သည်။ထို့ကြောင့် လွန်ကျွံစေနိုင်သည့် ခြေလှမ်းတိုင်းကို သူဆင်ခြင်ရပေမည်။

"မလိုက်တော့ပါဘူး ငါ့ဖာသာပဲပြန်မယ် ရတယ်...."

သူငြင်းဆန်လိုက်တော့ သံသာညိုက အလိုမကျသလို မျက်ခုံးလေး တွန့်ကွေးသွားပြီးမှ...

"အခုအချိန်ရတုန်း ငါတစ်ခါပြောထားတဲ့ ဆိုင်လေးကိုသွားချင်လို့လေ နင်နဲ့အတူသွားမယ် ပြောထားတာကို..."

ဖုန်းပြောဖြစ်ကတည်းက သံသာညိုက ဘယ်နားက ဆိုင်လေးမှာ ဘာလေးသွားစားရအောင် ဘာညာဆိုပြီး နှစ်ယောက်အတူရှိဖြစ်ဖို့ကို ကြိုးပမ်းနေတာဖြစ်သည်။သူကသာ အကြောင်းအမျိုးမျိုးပြ၍ လှည့်ပတ်ရှောင်တိမ်းနေခဲ့ဖြစ်သည်။

"အခုပဲထမင်းစားပြီးတာ နင့်ဗိုက်က ထပ်စားနိုင်သေးတာလား..."

"စားနိုင်တာမစားနိုင်တာထက် ငါ့ကိုဆိုလှည့်ပတ်ရှောင်ပြေးနေတဲ့ နင့်ကိုအမိဖမ်းနိုင်ဖို့က အဓိကပဲ..."

"မဟုတ်တာဟာ ငါက နင့်ကိုဘာလို့ရှောင်ရမှာလဲ..."

"မရှောင်ရင် အခုလိုက်ခဲ့လေ ဒီနေ့တော့နင့်ကို အလွတ်မပေးဘူး..."

သံသာညိုက သူ့လက်မောင်းအားဆွဲ၍ ဇွတ်တရွတ်ပြောနေစဥ်မှာပဲ အိမ်ထဲမှထွက်လာသော ရှင်းခန့်မောင်က သူတို့နှစ်ယောက်၏အနားသို့ ရောက်လာ၏။

"ဒီနေ့တော့ လိုက်လို့မရဘူးဟ ငါ ကိုရှင်းခန့်နဲ့ အလုပ်ကိစ္စတစ်ခု သွားဖို့ချိန်းထားလို့...."

ရှင်းခန့်မောင်ထွက်လာတာ တွေ့လိုက်ရတော့ ပြောမိပြောရာပြောရင်း ဆွဲကိုင်ထားသော သံသာညို့၏လက်အား အသာအယာဖယ်ချလိုက်ရသည်။ရှင်းခန့်ကတော့ သူ့တို့နှစ်ယောက်အား နားမလည်သလို ကြည့်လို့နေ၏။

"မိုးပဲချုပ်နေပြီ ဘာအလုပ်ကိစ္စလဲ...."

"ရှိတာပေါ့ဟ..."

ဆိုင်းလော့ဒ် ပြောရင်းဖြင့် နံဘေးရှိ ရှင်းခန့်၏လက်မောင်းအားဆွဲလိုက်ပြီး....

"ခင်ဗျားကို စောင့်နေတာ ချိန်းထားတာနောက်ကျတော့မှာပဲ မြန်မြန်လာလေ..."

ခပ်လောလောပြော၍ ရပ်ထားသောရှင်းခန့်၏ကားရှိရာသို့ မပြေးယုံတမယ်ခြေလှမ်းတို့ဖြင့် ထွက်ခဲ့လိုက်သည်။ဆိုင်းလော့ဒ်ဆွဲခေါ်ရာသို့ အူလည်လည်ဖြင့်လိုက်ပါလာခဲ့ရင်း အိမ်ရှေ့မှာရပ်ကျန်ခဲ့သော သံသာညိုအား ပြန်လှည့်ကြည့်လိုက်ပြီးမှ ကားထဲသို့ဝင်ထိုင်ရင်းဖြင့်...

"ဘာဖြစ်လို့လဲ..."

"မလိုက်ချင်လို့...."

ဆိုင်းလော့ဒ်ကလည်း ကားထဲဝင်ထိုင်ရင်းဖြင့် မျက်ခုံးတို့အားတွန့်ချိုးကာ ခပ်ပြတ်ပြတ်ဖြေသည်။ဆိုင်းလော့ဒ်၏ စိတ်ရှုပ်နေသလိုပုံစံကြောင့် ရှင်းခန့် လှစ်ကနဲပြုံးမိသွားပြီး ကားစက်နှိုးရင်းဖြင့်....

"ကောင်မလေးက လှတပတလေးကို ဘာလို့ပတ်ပြေးနေတာလဲ...."

"လှတာဘာလုပ်ရမှာလဲ..."

"သြော်...မင်းဖက်ကမနာပါဘူးကွာ..."

"အဟက်! ခင်ဗျားလည်း အဲ့လိုပဲမြင်တာမှတ်လား..."

ဆိုင်းလော့ဒ်ဆီမှ ဟက်ကနဲရယ်သံနှင့်အတူ ခပ်ရွတ်ရွတ်လေသံလေးထွက်လာတာကြောင့် သူအံ့သြစွာငဲ့​စောင်းကြည့်မိတော့ ထီမထင်မဲ့ပြုံးတို့အား တွေ့လိုက်ရ၏။

"အဲ့ဒါတွေကို မုန်းလို့ရှောင်နေတာပဲ..."

"ဘယ်လို..."

"ဟုတ်တယ် ကျွန်တော့်လိုလူကို သူ့ဖက်ကအနစ်နာခံပြီး လက်တွဲလိုက်ရပါတယ်ဆိုတဲ့ အပြောအဆိုတွေကို မခံချင်လို့ လွတ်လွတ်ကင်းကင်းနေနေတာ...."

ရှင်းခန့် ဘာ​ပြန်ပြောရမှန်းတောင်မသိပါပဲ ဖြစ်သွားရသည်။

!ကြီးလိုက်တဲ့မာန...!

"ဒါပေမဲ့ သူ မင်းကိုချစ်ပုံပါပဲ..."

"အချစ်ကဘာလုပ်လို့ရလို့လဲ။လူဆိုတာ ကိုယ့်ကိုယ်ကိုပဲချစ်ကြတာ။ချစ်နေရပါတယ်ဆိုတဲ့ စိတ်အာသာပြေဖို့အတွက် ရယူတာတွေ ပေးဆပ်တာတွေ အနစ်နာခံတာတွေနဲ့ ခေါင်းစဥ်တပ်ပစ်ကြတာပဲ။ငါတော့သူ့ကိုချစ်နေရရင်ပျော်တယ်ဆိုထဲက ငါ့စိတ်ပျော်ဖို့ချစ်နေတာပဲမဟုတ်ဘူးလား။ပေးဆပ်ချစ်တဲ့သူကလည်း ပေးဆပ်ရတာကိုပျော်လို့ကို ပေးဆပ်နေတာပဲ"

ဆိုင်းလော့ဒ်က ပြောရင်းဖြင့် ကားကူရှင်၌ ခေါင်းမှီချပြီးမှ...

"ပြင်းပြတဲ့အချစ်စိတ်က သုံးနှစ်အထိပဲခံတယ်တဲ့။ချစ်တုန်းမမြင်တဲ့အပြစ်တွေကို သုံးနှစ်ကျော်ပြီးမှ မြင်လာရင်ဘယ်လိုလုပ်မလဲ..."

"မင်းဟာကလည်း မိုးပြိုမှာတွေးကြောက်နေတဲ့ တစ်တီတူးအတိုင်းပဲ...."

"တွေးရတယ်လေ ကိုယ့်ဖက်မှာက အထိအခိုက်မခံနိုင်တဲ့ အားနည်းချက်တွေချည်းပဲ..."

အားနည်းချက်တွေလို့သာ ဆိုနေတာ သူကတော့ အရောင်တင်ထားတဲ့ တလက်လက်မာနတွေကိုသာ လှမ်းမြင်နေရလေသည်။ရမ်ဆိုင်းလော့ဒ်ဆိုတဲ့လူဟာ မာနကြီးပါသည်ဆိုတဲ့လူတွေထက်ကို ပိုပြီးမာနကြီးသည့်သူဆိုတာကို သူသိရှိခဲ့ပြီးပြီမဟုတ်လား။ရှင်းခန့် ခေါင်းကိုသာအသာခါယမ်း၍ ဘာမှပြန်မပြောဖြစ်တော့ပဲ ကားအားလမ်းကြောင်းပြောင်းလိုက်၏။

"ဘယ်သွားမလို့လဲ...."

"သြော် စကားပြောရင်း ​ပြောဖို့မေ့နေတာ ကိုယ် တိုက်ကြီးဖက်တချက်သွားစရာရှိလို့...."

ရှင်းခန့်ပြောတော့ ဆိုင်းလော့ဒ်၏မျက်ခုံးတို့ ပင့်တက်သွားပြီးမှ

"တိုက်ကြီး...အဝေးကြီးကို ဘာသွားလုပ်မလို့လဲ ၅နာရီတောင်ကျော်နေပြီကို...."

"လူတစ်ယောက်နဲ့တွေ့ဖို့ရှိလို့လေ မင်းအရင်ပြန်လိုက်မလား ရှေ့နားမှာတော့ တက္ကစီတွေရှိတယ်..."

ရှင်းခန့်ကပြောရင်းဖြင့် တက္ကစီဂိတ်နား ကားကိုအရှိန်လျော့လိုက်တော့....

"မပြန်တော့ဘူး တက္ကစီခကုန်တယ်...."

အမှန်တကယ်တော့ ဟိုတစ်နေ့ညကလိုမျိုး ကပေါက်ကချာတွေဖြစ်မှာစိုးတဲ့စိတ်လည်းပါသည်။ဒီလူက တစ်ယောက်ထဲဆို အမြဲတမ်းပေါက်ကရဖြစ်တက်လွန်းလို့...။

ဆိုင်းလော့ဒ်၏စကားကြောင့် ရှင်းခန့် လှစ်ကနဲပြုံးမိပြီး...

"ကိုယ်မင်းကို အတင်းမခေါ်ဘူးနော် နောက်မှပွစိပွစိမလုပ်နဲ့..."

"ဟုတ်ပါတယ် လိုက်ချင်လွန်းလို့ ကျွန်တော့်ဖာသာ အတင်းကုပ်တက်လာတာပါ..."

"အဟား..."

ဆိုင်းလော့ဒ်က ခပ်ရွဲ့ရွဲ့ပြောတာကို သူသဘောကျစွာရယ်မိတော့သည်။နှစ်ယောက်ကြားက ဆက်ဆံရေးက ကတောက်ကဆ တစ်ခါဖြစ်ပြီးပြန်အဆင်ပြေသွားတိုင်း ပို၍နီးကပ်နွေးထွေးလာသလို ခံစားနေရတာအမှန်။
ဆိုင်းလော့ဒ်က သီချင်းဖွင့်သည့်ခလုတ်အား နှိပ်ပြီးမှ ကူရှင်ပေါ်သို့ခေါင်းမှီချလိုက်လေသည်။

"you only call me on the weekend..."

"you noly love me when we freakin...."

သီချင်းသံခပ်မြူးမြူးနှင့်အတူ လမ်းမကြီးပေါ်မှာ ကာလေးကတရိပ်ရိပ် ပြေးလို့နေလေတော့သည်။

                 ~~~~~

"လိပ်စာကတော့ မှန်တယ်မဟုတ်လား အန်တီ..."

"လိပ်စာအရတော့ ဒီအိမ်ပါပဲ သား​တွေ့ချင်တဲ့သူက ဘယ်သူ..."

အန်တီကြီးက မျက်မှန်ကိုပင့်တင်၍ မေးလေသည်။

"ဒေါ်ဝေဝေတင့်ပါ ခင်ဗျ..."

"သြော် မတင့်ကိုပြောတာထင်တယ် ဟုတ်တယ် သား မတင့်ဆိုရင်တော့ ဒီအိမ်သေချာပါတယ်။ဒါပေမဲ့ သူတို့က တိုက်ကြီးကို ပြောင်းသွားတာ ၁နှစ်ကျော်လောက်ကိုရှိနေပြီကွဲ့..."

"ဟို ပြောင်းသွားတဲ့လိပ်စာလေးရော အန်တီများသိမလားဗျ..."

"ပြောင်းသွားတဲ့လိပ်စာတော့ အန်တီလည်းမသိဘူးသား မတင့်ကတော့ သဘောကောင်းပေမဲ့ သူ့ယောက်ျားကကျ ပတ်ဝန်းကျင်နဲ့ အဆက်ဆံလုပ်တာ သိပ်ကြိုက်ပုံမရတော့ အန်တီတို့လည်း ခြံချင်းကပ်သာနေကြတာ မေးထူးခေါ်ပြောပဲသား အဲ့ဒါမို့ တိုက်ကြီးကိုပြောင်းတယ်သာ ကြားလိုက်ပေမဲ့ လိပ်စာဘာညာတော့ မမေးဖြစ်လိုက်ဘူးကွယ်..."

အန်တီကြီး၏ စကားအဆုံးမှာတော့ သူ့၏မျှော်လင့်ချက်တွေရေစုန်မျောသွားရပြီဖြစ်သည်။ကားဆီသို့ ခေါင်းငိုက်စိုက်ပြန်လာခဲ့ရင်း လက်ထဲမှကားသော့အား ဆိုင်းလော့ဒ်အားလှမ်းပေး၍....

"မင်းပဲမောင်းလိုက်တော့..."

နှစ်ယောက်သား လမ်းသွယ်လေးထဲမှ ကားအားပြန်မောင်းထွက်ခဲ့လိုက်ကြသည်။အပြန်လမ်းတစ်လျှောက်လုံး ရှင်းခန့်က တိတ်တဆိတ်သာလိုက်ပါလာလေသည်။

"ဘယ်သူမို့လို့လဲ..."

တိတ်ဆိတ်ခြင်းကို ဆိုင်းလော့ဒ်က စတင်ဖြိုခွဲတော့ အပြင်ဖက်သို့ငေးနေသော ရှင်းခန့်၏မျက်ဝန်းတို့ ရွေ့လာရလေသည်။

"ကိုယ့်အမေရဲ့ညီမ...."

"သြော်....."

ရှင်းခန့်က အပိုအလိုမရှိ ခပ်ပြတ်ပြတ်ပဲဖြေတာမို့ သူအလိုက်သိစွာဘာမှဆက်မမေးတော့ပဲ ကားကိုသာအရှိန်တင်မောင်းလာလိုက်သည်။တိုက်ကြီးကအထွက်မှာတော့ မိုးကသည်းသည်းမည်းမည်းရွာချလို့လာလေသည်။ကားထဲမှာမို့ မိုးသံလေသံကိုမကြားရသော်ငြားလည်း အရှေ့လမ်းကိုမြင်ရဖို့တောင် ခက်ခဲနေတာမို့ မိုးကအတော်လေးသည်းနေသည်ဆိုတာကို ခန့်မှန်း၍ရနိုင်လေသည်။မိုးလည်းစုန်းစုန်းချုပ်နေပြီဖြစ်သည်။နှစ်ယောက်သား ဘာစကားမှထပ်မဆိုဖြစ်ကြပဲ တိတ်တဆိတ်သာ ကားကိုပုံမှန်မောင်းခဲ့ကြသည်။မှော်ဘီအဝင်မှာတော့ မိုးကပို၍သည်းသည်းမဲမဲရွာလာလေသည်။

"ကျစ်! ဘယ်အားကိုးနဲ့ ဒီလောက်ရွာနေလဲမသိဘူး..."

"အရှေ့မှာ ဘာဖြစ်တာလဲမသိဘူး..."

မကျေမချမ်းရေရွတ်မိနေဆဲ အရှေ့မှာရပ်ထားသော ကားတန်းကြီးအား တွေ့လိုက်ရ၏။ကားတွေစီတန်းရပ်နေတာ တစ်တန်းကြီးဖြစ်ပြီး တာဝန်ရှိလူတစ်ချို့ကိုလည်း မိုးထဲရေထဲ ခပ်ဝါးဝါးတွေ့မြင်နေရသည်။

"အက်စီးဒင့်ဖြစ်တာထင်တယ်..."

အခြေအနေကို ခန့်မှန်းကြည့်ရင်း ကားကိုကျော်ဖြတ်တက်ဖို့ လမ်းကြောင်းရှာပေမဲ့မတွေ့ချေ။ပုံမှန် အက်စီးဒင့်ဖြစ်လျှင်လည်း သွားလာဖို့တော့ လမ်းကြောင်းရှင်းထားပေးမှာပဲဖြစ်သည်။အခုလိုမျိုး လမ်းတွေပိတ်ဆို့ထားမှာ မဟုတ်ချေ။ဆိုင်းလော့ဒ်တွေးရင်းဖြင့် ကားအားရပ်လိုက်ပြီး ခါးပတ်အားဆွဲဖြုတ်ကာ....

"ကျွန်တော် သွားကြည့်လိုက်အုံးမယ် ခဏလေး..."

"ကိုယ်လည်းလိုက်မယ်လေ..."

"မလိုက်နဲ့ နေခဲ့ အခုပဲပြန်လာမယ်..."

ပြောပြောဆိုဆိုဖြင့် ဆိုင်းလော့ဒ်က တံခါးဖွင့်ကာ မိုးထဲရေထဲဆင်းပြေးသွားလေသည်။စီတန်းရပ်ထားသော ကားတန်းကြီးကြားထဲ တိုးဝင်ပျောက်ကွယ်သွားသည့်အထိ လိုက်ကြည့်နေရင်း ငြိမ်သက်စွာထိုင်စောင့်နေလိုက်သည်။
ခဏကြာတော့ ဆိုင်းလော့ဒ်တစ်ယောက် မိုးရေတွေရွှဲနစ်ကာဖြင့် ကားဆီသို့ပြန်ရောက်လာလေတော့သည်။

"ဘာဖြစ်တာလဲ...."

"မိုးတအားကြီးလို့ လမ်းတွေရေကျော်ကုန်တာတဲ့ တံတားပါကျိုးသွားလို့ ဒီညတော့ ဆက်သွားလို့ရမှာမဟုတ်ဘူးတဲ့..."

"ဟာ ပြဿနာပဲ ဆက်သွားမရရင် ဘယ်လိုလုပ်ရမှာလဲ...."

"မသိဘူးလေ မြို့ထဲဝင်ဖို့က သူတို့မှပေးမဖြတ်တာ..."

ဆိုင်းလော့ဒ်က မျက်နှာပေါ်မှ ရေများအားသပ်ချရင်းဖြင့်ပြောလေသည်။

"ပြဿနာပဲကွာ...."

ရှင်းခန့် ညည်းညူညူလေးပြောတော့

"မတက်နိုင်ဘူး ကားပေါ်မှာအိပ်ရင်အိပ် မအိပ်ရင်လည်း တည်းခိုခန်းသွားရှာမှပဲရတော့မယ်...."

ပြောမဲ့သာပြောတာ မိုးကဘယ်အချိန်အထိ သည်းသည်းမဲမဲ ရွာနေအုံးမည်ဆိုတာ မသိတာမို့ ကားပေါ်မှာအိပ်လိုက်လို့မဖြစ်ဘူးဆိုတာကိုတော့ နှစ်ယောက်သားသိလို့နေလေသည်။

!ဘာရေစက်မှန်းတော့ မသိပေ နှစ်ယောက်အတူဆုံလိုက်တာနှင့် ပြဿနာဆိုတာ တစ်ခုမဟုတ်တစ်ခု...!

                 ~~~~~

"မင်း ရေချိုးအုံးမှာလား....."

"မချိုးတော့ဘူး...."

ရေချိုးခန်းထဲက ထွက်လာရင်းမေးမိတော့ ဆိုင်းလော့ဒ်က သူ့၏ကုတင်ပေါ်မှာ ဆေးလိပ်ထိုင်သောက်နေရင်း ပြန်ဖြေလေသည်။နှစ်ယောက်သား ရေကျော်နေသောနေရာမှ ကားကိုပြန်လှည့်၍ မနီးမဝေးရှိမိုတယ်တစ်ခု၌ အခန်းယူဖြစ်ခဲ့ကြသည်။တစ်ခန်းတည်းကျန်သည့် နှစ်ယောက်အိပ်ခန်းဆိုပေမဲ့လည်း အခန်းထဲမှာ တစ်ယောက်အိပ်ကုတင်တစ်လုံးစီမို့ အဆင်ပြေလေသည်။သူကတော့ ကိစ္စမရှိပေမဲ့ သူ့လိုလူနှင့် ဆိုင်းလော့ဒ်က တစ်ကုတင်ထဲအိပ်ဖို့ အဆင်ပြေနိုင်မည်မထင်ချေ။

နှစ်ယောက်သား ဘာစကားမှထပ်ပြောစရာမရှိပဲ တိတ်ဆိတ်သွားရပြန်သည်။အခန်းထဲမှာ ဘာမှလည်းလုပ်စရာမရှိတာမို့ ဆိုင်းလော့ဒ်ကလည်း ဆေးလိပ်ကိုတစ်လိပ်ပြီးတစ်လိပ် ထိုင်သောက်နေ၏။ကိုယ်တိုင်လည်း တိတ်ဆိတ်နေသောအခန်းကြီးထဲ ယောင်ချာချာ ဖြစ်မနေချင်သည်မို့ အခန်းထဲရှိရေခဲသေတ္တာအား ဖွင့်ကြည့်လိုက်တော့ ဘီယာဗူးတွေကိုတွေ့လိုက်ရ၏။ဘီယာဗူးများအား ဆွဲထုတ်ခဲ့လိုက်ပြီး ကိုယ်တိုင်လည်း ဖောက်သောက်ရင်း ဆိုင်းလော့ဒ်ကိုသာလှမ်းပေးလိုက်သည်။ဒီအတိုင်းအ ထိုင်နေမည့်အတူတူ ဘီယာထိုင်သောက်နေတာက မဆိုးဘူးမှတ်လား။ဘီယာနှစ်ဗူးလောက်ဝင်သွားတော့ လူတစ်ကိုယ်လုံးက နွေးနွေးထွေးထွေးဖြစ်လာသလို ခံစားလိုက်ရသည်။

"မင်း အဝတ်တွေ လဲထားလိုက်ပါလား...."

အဝတ်လဲထားလို့သာပြောတာ အခန်းထဲမှာ မိုတယ်ကပေးထားသည့် ရေချိုးသုံးတဘက်အပိုင်းများသာ ရှိလေသည်။
ကိုယ်တိုင်လည်း ရေချိုးချပြီး ခန္ဓာကိုယ်မှာ တဘက်အပိုင်းတစ်ထည်သာ ပတ်ထားရတာဖြစ်လေသည်။

"မလဲတော့ဘူး...."

ဆိုင်းလော့ဒ်က ခပ်ပြတ်ပြတ်သာ ပြန်ပြောသည်။အခန်းထဲရောက်သည့်အချိန်မှစ၍ အခုအချိန်အထိ ဆိုင်းလော့ဒ်၏ပုံစံက ခပ်တောင့်တောင့်ဖြင့် သတိကြီးကြီးထားနေမှန်း သိသာနေသည်။အခန်းထဲစဝင်သည့် အချိန်မှစ၍ ကုတင်ပေါ်မှာ ကျောက်ချထိုင်ကာ စီးကရက်သာတစ်လိပ်ပြီး တစ်လိပ်သောက်နေသည်။သူ့ကိုတော့ မျက်လုံးချင်းတောင်ဆုံအောင်မကြည့်ချေ။မသိလျှင် သတိတစ်ချက်လွတ်တာနှင့် သူကမုဒိန်းတက်ကျင့်တော့မဲ့အတိုင်း။

ရှင်းခန့်တွေးနေရင်းဖြင့် သောက်ထားသည့်ဘီယာအရှိန်ကြောင့် လူကအူမြူးလာပြီး စချင်နောက်ချင်စိတ်က ပေါ်ပေါက်လို့လာသည်။

"အဝတ်တွေ စိုနေတာ ချွတ်ထားလေ..."

သူ​ထပ်ပြောလိုက်တော့ ဆိုင်းလော့ဒ်၏ ခန္ဓာကိုယ်ဆတ်ကနဲ ဖြစ်သွားလေသည်။

"မချွတ်ဘူး..."

"ဘာလို့လဲ ကိုယ်မတော်မတရားလုပ်မှာ ကြောက်လို့လား..."

"ရှင်းခန့်မောင်...."

ဆိုင်းလော့ဒ် ခပ်ကျိတ်ကျိတ်အော်ပစ်တော့ ရှင်းခန့်က မျက်ဝန်းတွေမှေးစင်း၍ မျက်နှာနီနီလေးဖြင့် မျက်ခုံးပင့်ပြသည်။ဟိုတုန်းကဆိုလျှင်တော့ ဒေါသဖြစ်စိတ်ဆိုးမိမှာ မှန်ပေမဲ့ လူကိုဆိုလျှင် မထိတထိ ကလိကလိဖြစ်အောင် လိုက်စတက်တဲ့ ရှင်းခန့်မောင်၏အကြောင်းကို သိနေပြီးမို့ အထူးတလည်တော့ စိတ်မဆိုးမိတော့ချေ။

"မတည့်အောင်လာစမနေနဲ့ ခင်ဗျား..."

"မစပါဘူး အတည်ပြောနေတာ ကိုယ်က အမြီးကျတ်အမြီးစား ခေါင်းကျတ်ခေါင်းစားပဲကို..."

ရှင်းခန့်ကပြောရင်းဖြင့် သုံးဗူးမြောက်လက်ကျန်ဘီယာအား ကုန်စင်အောင်မော့ချသည်။ခပ်မော့မော့လည်တိုင်လေး လှုပ်ခတ်သွားတာကစလို့ အနည်းငယ်ရဲနေသော ရင်ဘတ်ပြားချပ်ချပ်လေးဆီအထိ ဆိုင်းလော့ဒ်ငေးကနဲကြည့်မိပြီးမှ...

"လူကြည့်တော့ တစ်ကိုယ်လုံးပေါင်းလို့ တစ်ပိသာမပြည့်ဘူး အမြီးတွေခေါင်းတွေလာစားချင်နေသေးတယ် ကိုင်ပေါက်လိုက်လို့..."

ဆိုင်းလော့ဒ်က ဂျွတ်ဆတ်ဆတ် ပြောရင်းဖြင့် နေရာမှထရပ်ကာ စိုနေသောအင်္ကျီအား ဆွဲချွတ်ပစ်သည်။အဆီပိုမရှိချပ်ရပ်၍ ကြွက်သားအမြောင်းမြောင်းဖြင့် ခန္ဓာကိုယ်က ပြာလဲ့လဲမီးရောင်အောက်မှာ ဝင်းနှစ်လို့နေသည်။အခုမှပဲသေချာသတိထားကြည့်မိသည်။ဆိုင်းလော့ဒ်၏ ဘယ်ဖက်ရင်အုံအောက် ခါးစောင်းလိုနေရာမှာ သိမ်းငှက်ပုံတက်တူးကြီးက စိမ်းလဲ့လို့နေသည်။ပြီးတော့ ထိုငှက်ပုံစံတက်တူးအောက်မှာ နေ့စွဲတစ်ခုကိုပါ ရေးထိုးထားလေသည်။ဆိုင်းလော့ဒ်က ရုပ်အဆင်းအင်္ဂါကလည်း တင့်တယ်သလို အရပ်အမောင်းရော ခန္ဓာကိုယ်ရောကပါ အပြစ်ပြောရက်စရာမရှိပေ။

"အဲ့ဒါဆို တစ်ကိုယ်လုံးပေါင်းလို့ တစ်ပိသာပြည့်မှ ကိုယ် မင်းကိုစားလို့ရမှာလား အချင်းချင်းတွေပဲ ငါးဆယ်သားပဲထားကွာ..."

"ခင်ဗျား ဘာလာဖြစ်နေတာလဲ...."

ဆေးလိပ်ကိုရှိုက်ထားပြီးမှ ခပ်ကျိတ်ကျိတ်အော်ပစ်တော့ ပါးစပ်ထဲမှ ဆေးလိပ်ငွေ့တွေကို မျက်နှာရှေ့တည့်တည့်မှာ တမင်မှုတ်ထုတ်လိုက်သည့်အတိုင်း ဆေးလိပ်ငွေ့တွေ လုံးကနဲတက်လာလေသည်။

!အဲ့ဒီအငွေ့....အဲ့ဒီမျက်နှာ....!

ဘီယာအရှိန်ထွေထွေဖြင့် သူ့မျက်လုံးထဲမှာတော့ ဆေးလိပ်ငွေ့များကြားမှ ဆိုင်းလော့ဒ်၏ မျက်နှာဟာ မျက်ခုံးတွေတွန့်ချိုးထားတက်ပြီး အမြဲတစေဆေးလိပ်ခဲထားပါသော ဒေါနဖြစ်သွားလိုက်...။ဆိုင်းလော့ဒ်ပဲ ပြန်ဖြစ်သွားလိုက်ဖြင့် သူ့အာရုံတွေဟာ ထွေပြားလာရသည်။

"ကိုယ့်ကိုပေး...."

မျက်လုံးတွေမှေးစင်း၍ သူ့ကိုရီဝေစွာကြည့်နေပြီးမှ ရှင်းခန့်မောင်က လက်ကမ်းလာတာကြောင့် သူလည်းလက်ထဲရှိဆေးလိပ်ဘူးအား ကမ်းပေးလိုက်၏။ရှင်းခန့်ကလည်း ရီဝေဝေဖြင့်သာ ကမ်းလာသော ဆေးလိပ်ဘူးနှင့်အတူ ဆိုင်းလော့ဒ်၏လက်အား တပါးတည်းဆွဲကိုင်၍ သူ့ဆီသို့ဆွဲချလေသည်။ထင်မှတ်မထားတာမို့ ကုတင်အားမှီထိုင်နေသော ရှင်းခန့်၏အပေါ်သို့ သူယိုင်ကျသွားရတော့သည်။

"ခင်ဗျား ဘာလုပ်....."

စိတ်ကထောင်းကနဲ ဖြစ်သွားရပေမဲ့ ရှင်းခန့်၏ ရီဝေလှိုက်မောနေပါသော မျက်ဝန်းအကြည့်တို့ဖြင့် ဆုံလိုက်ရချိန်မှာတော့ သူ့၏စကားသံတို့ တစ်ပိုင်းတစ်စဖြင့် ရပ်တန့်လို့သွားလေသည်။ရီဝေစွာစင်းကျနေသော ထိုမျက်ဝန်းအကြည့်တွေနှင့် မျက်နှာဆီကိုလာရောက်ရိုက်ခတ်နေတဲ့ ဝင်သက်ထွက်သက်နွေးနွေးတို့ဟာ သူ့ကို ခတ္တခဏသတိလက်လွတ်ဖြစ်သွားစေတာအမှန်။ပြာလဲ့လဲ့မီးရောက်အောက်က မိန်းမောနေသော မျက်နှာရဲရဲလေးကိုကြည့်ရင်း
အရူးအမူးပျော်ဝင်ခဲ့မိသော ညတစ်ညကိုပြန်လည်မြင်ယောင်လာသလို သူ့စိတ်တွေဟာလည်း မငြိမ်မသက်ဖြစ်လို့လာလေသည်။

ဆိုင်းလော့ဒ် မှင်သက်မိနေဆဲ ရှင်းခန့်၏နူးညံ့သော လက်ဖဝါးလေးက သူ့၏ပါးပြင်အားပွတ်သပ် ကိုင်တွယ်လို့လာသည်။နူးညံ့သော အထိအတွေ့တို့မှာ သူကိုယ်တိုင်သတိလက်လွတ် မိန်းမောသွားမိသည်ထင်။သူ့၏မျက်နှာအစိတ်အပိုင်းတို့အား တယုတယပွတ်သပ်ကိုင်တွယ်နေတာကိုလည်း တားဆီးဖို့သတိမရတော့ပေ။ရှင်းခန့်က သူ့၏နှုတ်ခမ်းအား လက်မဖြင့်ပွတ်သပ်ကိုင်တွယ်နေပြီးမှ ရုတ်တရက်ဆိုသလို သူ့၏လည်တိုင်အား ဆွဲဖက်ခိုတွယ်ချကာဖြင့် နှုတ်ခမ်းတစ်စုံအားထပ်တူကျစေလိုက်၏။

ဆိုင်းလော့ဒ် စိတ်ထဲကနေ မနှစ်မြို့ရသောခံစားချက်တို့က လှိုက်တက်လာလိုက် ငြင်းဆန်ပစ်ဖို့ကြိုးစားလိုက်။ပြီးတော့ ငှက်မွှေးလေးလိုနူးညံပြီး ဂျယ်လီလိုအိစက်ချိုမြနေသော အထိအတွေ့တို့ကြောင့် စိတ်ဟာလေဟာနယ်ထဲကို လွတ်ထွက်သွားလိုက်ဖြင့် သူကိုယ်တိုင်လည်း သူ့ကိုယ်သူထိန်းချုပ်ဖို့ မတက်စွမ်းနိုင်တော့ပေ။

!ရှင်းခန့်မောင်၏ ဖျားယောင်းညှို့ငင် စိုးမိုးခြယ်လှယ်မှုတို့အောက်မှာ သူကိုယ်တိုင်ဟာ အသိရှိနေရင်း သတိလက်လွတ်ဖြင့် လွန်ဆွဲခြင်းပင်လယ်ထဲမှာ မြုပ်တစ်ခါပေါ်တစ်လှည့်သာ...!

                 ~~~~~

AN.ပုံမှန်upပေးချင်ပေမဲ့လေ ရေးချလိုက် မကြိုက်လိုက် ပြန်ဖျက်လိုက် စိတ်တိုင်းမကျလိုက် ပြန်ရေးလိုက် ပြန်ဖျက်လိုက်နဲ့ သံသရာလည်နေတာမို့ပါ။ပြီးစလွယ်ရေးပြီးလည်း မတင်ပေးချင်တာမို့ နားလည်ပေးကြပါနော်။
အမြဲတမ်းနားလည်ပြီးစောင့်ပေးကြတဲ့ အသဲလေးတို့ကို တကယ်ပဲအားနာပြီးကျေးဇူးတင်ရပါတယ်။အများကြီးချစ်တယ်နော် အသဲလေးတို့..။

Continue Reading

You'll Also Like

1.6M 111K 166
Choose me or Lose me ? I don't want to be your second CHOICE ! Start Date : 4th Feb 2022 End Date : 4th Nov 2022
885K 57.7K 54
Title : APo Hsu Genre : Own Creation / BL Tags : Romance Cover Artist : Moon U Author : Ya...
1M 64.5K 82
[Unicode] ဗင်ဒါသစ်ခွတွေကိုမြင်တိုင်း အတိတ်တစ်ခါဆီက ကိုကိုသိပ်ချစ်ခဲ့တဲ့ ဗင်ဒါဆိုတဲ့ ကောင်လေးကို အမှတ်ရပေးပါ [Zawgyi] ဗင်ဒါသစ်ခွတွေကိုမြင်တိုင်း အတိတ်...
1.6M 87.3K 87
This is a work of fiction. Any names, characters or events are fictional.