"ကောင်လေး မလိုင်ထုတ် ယူအုံးလေ..."
လက်ဖက်ရည်ထုတ်ကို ယူပြီးနေရာမှ လှည့်ထွက်လိုက်တော့ နောက်ပါးဆီမှ ဖျော်ဆရာကလှမ်းခေါ်လေသည်။ဆိုင်းလော့ဒ် ပြန်လှည့်လိုက်ပြီးမှ...
"ကျွန်တော် မလိုင်မမှာဘူးလေ..."
"သြော်...မသိဘူးကွာ အရင်က အမြဲတမ်း မလိုင်နဲ့အီကြာကွေးက ယူနေကြဆိုတော့ ငါလည်း မင်းကိုတွေ့တာနဲ့ အဆင့်သင့်ကောက်ထည့်ထားလိုက်တာ..."
"သြော် အရင်က သူများလူကြုံမှာလို့ ဝယ်ပေးတာအကို အခုက မမှာတော့လို့.."
"အေးပါကွာ ရတယ် ရတယ် ညီလေး..."
အဖျော်ဆရာက ပြောပြောဆိုဆို မလိုင်နှင့်အီကြာကွေးထုတ်အား နံရံ၌ပြန်ချိတ်ဆွဲ၍ ပြောလေသည်။ဟိုတုန်းကတော့ မနက်စောစောဆို ရှင်းခန့်က မလိုင်တစ်ခွက်တော့သောက်တက်သည်မို့ မနက်တိုင်း သူလာဝယ်ပေးရတာကို ဒီဆိုင်ကကျင့်သားရနေပုံရသည်။ဆိုင်းလော့ဒ် မလိုင်ထုတ်အား တချက်ကြည့်ပြီးမှ နေရာမှပြန်လှည့်ထွက်လိုက်သည်။
သူလည်း ဘာထူးလို့လဲ အမှန်အတိုင်းပြောရလျှင် ရှင်းခန့်မောင်ရဲ့ နေ့ဓဒူဝကိစ္စတွေကို လိုက်လုပ်ပေးနေရင်း အကျင့်ပါမှန်းမသိပါနေခဲ့သည်။အရင်ကဆို ရှင်းခန့်မောင်နှင့်မိုးလင်းပြီး ရှင်းခန့်မောင်နှင့် မိုးချုပ်ရသည်လို့ ပြောရလောက်သည့်အထိ ရှင်းခန့်မောင်ဟာ သူ့ရဲ့နေ့စဥ်ဘဝမှာ ပါဝင်ပတ်သတ်နေခဲ့၏။အခုလို အဖော်လုပ်ပေးစရာ မလိုတော့ဘူးလည်းဆိုရော ရုတ်တရက်ကြီးအားလပ်သွားကာ ဟာတာတာဖြင့် တစ်ခုခုလိုအပ်သလိုကြီး ခံစားနေရတာလည်း အမှန်ပဲဖြစ်လေသည်။လူဆိုတာ အလွယ်တကူအကျင့်ဖြစ်လွယ်တဲ့ အမျိုးမဟုတ်လား။
ဟိုတွေးဒီတွေးဖြင့် လမ်းထိပ်လက်ဖက်ရည်ဆိုင်ကနေ ပြန်လျှောက်လာခဲ့လိုက်သည်။မိုးရာသီကာလထဲသို့ ချဥ်းနင်းဝင်ရောက်လာပြီမို့ မနက်စောစော ရာသီဥတုက ထိုင်းထိုင်းမှိုင်းမှိုင်းရှိလှသည်။ညပိုင်းတွေ ပုံမှန်မိုးရွာ၍ မနက်ပိုင်းဆိုလျှင် ရာသီဥတုက စိုစွတ်နေကာ အနည်းငယ်အေးစိမ့်စိမ့်ရှိလှ၏။မနက်၆နာရီခွဲသာရှိသေးပေမဲ့ သူတို့လမ်းလေးကတော့ စျေးဆိုင်တန်းတွေချည်းပဲမို့ ဆိုင်အတော်များများ စတင်ဖွင့်လှစ်ကာ စည်စည်ကားကားဖြစ်နေကြပြီဖြစ်သည်။
ရွှေဆိုင်ရှေ့မှာတော့ ခိုတစ်အုပ်ကို အစာထွက်ကျွေးနေသော ရှင်းခန့်မောင်အား တွေ့လိုက်ရ၏။တွေ့နေကြပုံစံအတိုင်း အထက်အောက်အပျော့သား နီညိုရောင်ပြောင်ဝတ်စုံလေးဖြင့်ဖြစ်သည်။မနက်တိုင်း ဆွမ်းလောင်းလေ့ရှိသူမို့ အခုလည်းဘေးရှိခုံတန်းပေါ်၌ ဟင်းပန်းကန်တွေ အစီအရီတင်ထားလေသည်။ဆွမ်းခံစောင့်လောင်းရင်း ခိုတွေကို အစာကျွေးတက်တာက ရှင်းခန့်၏နေ့စဥ်အလုပ်တစ်ခု..။အခုလည်း ခိုတွေ သူ့ခြေရင်းမှာဝိုင်းပတ်လို့။အိပ်ရာနိုးခါစမို့ထင်သည် မျက်ရစ်မရှိတဲ့မျက်လုံးလေးတွေက အနည်းငယ်မို့အစ်နေ၏။ဆိုင်းလော့ဒ် ဘာရယ်မဟုတ်မြင်ကွင်းကို ငေးကြည့်နေမိတုန်း ရှင်းခန့်က သူရှိရာသို့စောင်းငဲ့ကြည့်လာလေသည်။နှစ်ယောက်သား အမှတ်တမဲ့ အကြည့်ချင်းဆုံနေမိကြပြီး ရှင်းခန့်ကသာ ဦးအောင်အကြည့်လွှဲသွားလေ၏။မျက်လုံးချင်း တည့်တည့်ဆုံတာတောင်မှ ခံစားချက်မဲ့စွာ အပြောင်းအလဲမရှိတဲ့ မျက်နှာထားက ဟိုတုန်းက တစ်ခါမှမသိခဲ့ကြဖူးတဲ့သူစိမ်းတွေအတိုင်း..။
ရှင်းခန့်၏ အပြုအမူကြောင့် စိတ်ထဲခိုးလို့ခုလုဖြစ်သွားရပေမဲ့ အကြည့်လွှဲရင်း ခြေလှမ်းကိုဆက်လှမ်းလိုက်၏။တကယ်လည်း ရှင်းခန့်မောင်ဆိုတာ သူမပတ်သတ် မဆက်စပ်ချင်တဲ့ အရိပ်ဆိုးတစ်ခုပဲ။သူ့အတွက် သိမ်ငယ်စေတဲ့ရပ်ဝန်းတစ်ခုဖြစ်သလို သူ့ရဲ့စိတ်ဒဏ်ရာတွေကို အသစ်တဖန်တူးဆွခဲ့သူလည်း ဖြစ်သည်။ဒီလူဟာ သူဖျောက်ဖျက်လိုက်သင့်တဲ့ စက်ဆုပ်စရာမှတ်ဉာဏ်တစ်ခုပဲ...။
!တင်ရှိနေသမျှ ကျေးဇူးကြွေးတွေကိုရှင်းလင်းနိုင်ပြီး ဒီလူ၏အရိပ်ဆိုးဆီမှ အမြန်ဆုံးလွတ်မြောက်နိုင်ဖို့သာ ရည်စူးမိ၏...!
~~~~
"မနက်ဖြန် offမယ်နော်..."
ဆိုင်းလော့ဒ် ဂျာကင်ကိုဆွဲဝတ်ရင်းပြောတော့ ဝသုန်ကလှမ်းကြည့်လာပြီး
"နားရက်ကျတစ်ခါတောင် မမေ့ဘူးနော် အပြီးသာနားလိုက်ပါလား..."
ရွဲ့ပဲ့ပြောသော ဝသုန့်စကားကြောင့် ဆိုင်းလော့ဒ် ခပ်ဟဟရယ်ပြီးတော့မှ...
"မင်းတင်ကျွေးထားမှာမို့လား အပြီးလာနားခိုင်းနေတာ..."
"ငါရှာကျွေးတာစားချင်ရင် ငါ့ကိုယူလိုက်လေ..."
"ရွံစရာတွေ မအေဘေး..."
ဆိုင်းလော့ဒ် အိတ်ကိုဆွဲလွယ်၍ ဝသုန်အားပြစ်နှစ်နှစ် ဆဲသည်။ဝသုန်ကလည်း အရေထူထူဖြင့် သဘောကျစွာရယ်နေပြီးမှ...
"သံသာညို ရန်ကုန်ရောက်နေတယ်ဆို..."
"အေး ဟိုနေ့က ငါ့ဆီရောက်လာသေးတယ်..."
"မင်းတို့က ဘယ်လိုလဲ.."
ဝသုန်က မဆီမဆိုင်ထမေးတော့...
"ဘာကို ဘယ်လိုရမှာလဲ..."
"ဟ နွား မသိခြင်ထောင်ထောင်မနေနဲ့ ကျောင်းတုန်းထဲက မင်းတို့နှစ်ယောက် တတွဲတွဲနဲ့ဟာကို..."
"မဆိုင်တာတွေ..."
ဆိုင်းလော့ဒ် မပွင့်တပွင့်ပြောတော့....
"ဖင်ပိတ်ငြင်းပြန်ပြီ သံသာညို မင်းကိုကြိုက်နေတာ ၇မိုင်ကလှမ်းကြည့်ရင်တောင်သိသာတယ် အခုအထိလည်း သူ့မှာမင်းကို သံယောဇဥ်မပြတ်နိုင်ဘူး..."
ဝသုန်ကပြောရင်းဖြင့် ဆိုင်းလော့ဒ်၏ ပခုံးအားပုတ်ကာ...
"မင်းလည်း အိမ်ထောင်ထပ်မပြုပဲနေမှာမှ မဟုတ်တာ ကိုယ့်အကြောင်းသိ အပေါင်းသိချင်းပဲကောင်းပါတယ်ကွာ..."
"ငါ့ရှေ့ရေးကို တအားစိတ်ပူနေတယ်ဟက်လား ငါ့အဖေများလားလို့တောင် ထင်လာပြီ မဟုတ်မှ မင်းငါ့အနူးကိုများ ကြိတ်ကြံနေတာလား..."
"ဟာ မိုက်ရိုင်းလိုက်တာ ငါxိုးမသား မိုးကြိုးတွေပစ်တော့မှာပဲ..."
ဝသုန်ထဆဲတော့ ဆိုင်းလော့ဒ် တသောသောရယ်ပြီး အခန်းထဲမှထွက်ဖို့ ခြေလှမ်းပြင်လေသည်။
"အေး စက်ကွင်းလွတ်အောင် လစ်ပြီ ဟျောင့်...."
"လစ် နွားလေး အမြဲဝေ့လည်ကြောင်ပတ်နဲ့ မစားရအညှော်ခံပဲလုပ်နေ..."
နောက်ပါးဆီမှ ပွစိပွစိလိုက်ပါလာသော ဝသုန်၏စကားသံတို့အား ဥပေက္ခာပြုကာဖြင့် သူခြေလှမ်းတို့အား ခပ်သွက်သွက်လှမ်းခဲ့လိုက်၏။စေတနာစကားတွေဆိုတာ သိပေမဲ့လည်း ကိုယ့်မှာလည်း ကိုယ့်ခက်ခဲမှုနှင့်ကိုယ်။ဘဝမှာအရာအားလုံး နိမ့်ပါးနိမ့်ကျနေရင်တောင်မှ မာနလေးကိုတော့ မြင့်မားစေချင်တာမို့...။
ဆိုင်ရှေ့ကားပါကင်ရှေ့၌ အငှားကားခေါ်ထားတာကို ရပ်စောင့်နေလိုက်၏။တစ်ယောက်ထဲ မတ်တပ်ရပ်နေရင်း ပတ်ဝန်းကျင်ကို ဟိုဟိုဒီဒီမျက်စိကစားမိတော့ မြင်ကွင်းထဲ့သို့ ဝင်ရောက်လာတာက ယိုင်တိုင်တိုင်ပုံရိပ်တစ်ခု။
!ရှင်းခန့်မောင်...!
ခဲရောင်အရင့် ပိုးပျော့သားရှပ်အင်္ကျီကို စတိုင်ပန်အနက်တစ်ထည်ဖြင့်တွဲဝတ်ထား၏။အင်္ကျီရင်ဘတ်ကြယ်စေ့ကို နှစ်လုံးလောက်ဖြုတ်ထားတော့ ဖြူနုသောရင်ဘတ်က ဝါကျင့်ကျင့်မီးရောင်အောက်မှာ အတိုင်းသားမြင်နေရ၏။လည်ပင်းမှာလည်း ပလက်တီနမ်ကြိုးခပ်ကြီးကြီးကို ဆွဲထားသေးတာမို့ ပိုးပျော့သားအင်္ကျီနှင့်အပြိုင် မီးရောင်အောက်မှာ လူတစ်ကိုယ်လုံးက ပြိုးပျက်လက်နေ၏။လှမ်းလာသောခြေလှမ်းတို့က ရုပ်ပျက်ဆင်းပျက်မဖြစ်သော်ငြားလည်း ယိုင်ချင်နေတာသိသာ၏။ဝတ်ထားသောအဝတ်အစားကြောင့် လူကပို၍နုနွဲ့ဟန်လည်းပေါက်နေ၏။
ခလုတ်နှိပ်ရုံဖြင့် ပွင့်နိုင်သည့်တံခါးကို ဖွင့်နိုင်ဖို့ အတော်ကြိုးစားနေရပုံရတာကြောင့် ဒီလူမူးနေပြီးဆိုတာကို သိလိုက်သည်။ဒီတလော ရှင်းခန့်တစ်ယောက် ဘားသို့မကြာခဏရောက်လာတက်တာကို သတိထားမိသည်။တခါတလေလည်း ဟိုကောင်လေးနှင့်ဖြစ်ပြီး တခါတလေလည်း အခုလိုမျိုး တစ်ယောက်ထဲဖြစ်၏။
သူကြည့်နေစဥ်မှာပဲ ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက် ရှင်းခန့်၏ဘေးသို့ရောက်လာတာကို တွေ့လိုက်ရ၏။အကွားအဝေးက လှမ်းနေတာမို့ နှစ်ယောက်သား ဘာတွေပြောနေကြသလဲတော့ မသိချေ။ဒီနေ့တော့ တခြားအဖော်အသစ်ဖြင့်လာတာဖြစ်လိမ့်မည်။ထိုစဥ်မှာပဲ ခေါ်ထားသောအငှားကားက ရောက်လာပြီမို့ အတွေးစတို့ကိုဖြတ်တောက်၍ မြင်ကွင်းအား မျက်နှာလွှဲကာ ကားပေါ်သို့တက်ဖို့ ပြင်လိုက်၏။
"ဆွဲကြိုး ဆွဲကြိုး လုသွားပြီ...."
လျှပ်တပြတ်အချိန်အတွင်းမှာ အဖြစ်အပျက်ကမြန်ဆန်လှသည်။ဆိုင်းလော့ဒ် ကားထဲရောက်ရောက်ချင်းမှာပင် မနီးမဝေးရှိ ရှင်းခန့်ဆီမှ အော်သံတစ်ခုထွက်ပေါ်လာ၏။ထိုအသံကြောင့်ပဲ သူကားထဲမှနေ၍ အလိုအလျောက်ပြန်ထွက်မိပြီးသား ဖြစ်သွားသည်။လှမ်းကြည့်လိုက်တော့ ရှင်းခန့်မောင်တစ်ယောက် ကားဘော်ဒီပေါ်သို့ ယိုင်ကျနေပြီး မျက်နှာကလည်း အနည်းငယ်ရှုံ့မဲ့လို့နေ၏။
"ဘာဖြစ်တာလဲ ခင်ဗျားဘာဖြစ်သွားလဲ..."
ဆိုင်းလော့ဒ် သိပ်များများစားစား မစဥ်းစားမိလိုက်ပဲ အလျှင်အမြန်ပင် ရှင်းခန့်ရှိရာသို့ ပြေးသွားလိုက်မိသည်။ယိုင်ကျနေသော ကိုယ်လေးအား လက်မောင်းမှဆွဲထူ၍ အလောတကြီးမေးမိတော့ ရှင်းခန့်က ခပ်စင်းစင်းမျက်လုံးတို့ဖြင့် မော့ကြည့်လာ၏။
"ဆွဲကြိုး ဆွဲကြိုး ပါသွားပြီ လိုက် လိုက်.."
နီရဲ၍အဆီပြန်ချင်နေသောမျက်နှာနှင့် အနည်းငယ်ပွယောင်းနေသောဆံနွယ်တို့ကြောင့် အရက်မူးနေမှန်းသိသာလှသည်။ဆွဲထူသော သူ့၏ရင်ဘတ်အားထုရိုက်ကာ လိုက်ဖို့ကို ဗလုံးဗထွေးပြောနေသေး၏။
"ခင်ဗျားနဲ့ အတူလာတာမဟုတ်ဘူးလား..."
"ကျစ် မဟုတ်ဘူး ဖယ်...."
သူကပဲတပြန် စိတ်မရှည်သလိုဖြစ်နေကာ ဆွဲထူထားသော သူ့၏ရင်ဘတ်အား တွန်းထုတ်၏ ထွက်ပြေးသွားသော ထိုကောင်လေး၏နောက်သို့ လှစ်ကနဲပြေးလိုက်လေသည်။
"ဟာ ဟိတ် ခင်ဗျား နေအုံးလေ..."
ဆိုင်းလော့ဒ် အော်ဟစ်တားဆီးမိပြီး အမှောင်ထုထဲသို့ ပြေးဝင်သွားသော ရှင်းခန့်၏နောက်သို့ ပြေးလိုက်ရခြင်းသို့ရောက်သည်။လူကောင်က ပိန်သွယ်သွယ်နှင့် သူ့ရှေ့ကနေ ပြေးနေလိုက်တာ လှစ်လှစ်ပါနေ၏။အနောက်ကနေမှီအောင် သူမနည်းပြေးလိုက်နေရလေသည်။
"သူခိုး သူခိုး သူခိုးဗျို့..."
ည၁၂နှစ်ကျော် အချိန်ကြီးမို့ လမ်းမကြီးပေါ် ကားအသွားအလာရှိသော်ငြားလည်း လမ်းသွယ်လေးတွေထဲမှာတော့ လူခြေတိတ်နေလေပြီ။အော်ဟစ်အကူအညီတောင်းသော်လည်း ဘာမှအရာမထင်ပေ။ထို့ကြောင့် ထိုသူခိုးလေးပြေးသည့်နောက်သာ ထပ်ချက်မကွာပြေးလိုက်နေရ၏။
"စွတ်လိုက်မနေနဲ့လေ ခင်ဗျား..."
ဟောဟဲဆိုက်နေသည့်အထဲမှ ဆိုင်းလော့ဒ်ပြောမိတော့...
"မလိုက်လို့ရမလား ဆွဲကြိုးပါသွားတာကို..."
ရှင်းခန့်ကလည်း အပြေးနှုန်းကို တချက်မှမလျှော့ပဲ ခပ်စူးစူးပြန်အော်သည်။နှစ်ယောက်သား ပြေးလိုက်လာရင်း လူပြတ်သော တိုက်တန်းလျားတွေဖက်သို့ ရောက်မှန်းမသိရောက်လို့လာ၏။ထို့စောက်ကလေး ပြေးဝင်သမျှ တောက်လျှောက်လိုက်လာတာမို့ ဘယ်လမ်းတွေဘယ်လို ဖြတ်ကျော်ခဲ့ပြီး ဘယ်ကိုရောက်လာမှန်းတောင် မသိချေ။
"ဟေ့ကောင် မပြေးနဲ့ မင်းရပ်စမ်း...."
"ရပ်နေတယ် ရပ်နေတယ်လေ လာလေ လာလေ..."
စောက်ကလေးက ဆောက်လက်စတိုက်တန်းလျား အဝင်အဝ၌ မတ်တပ်ရပ်၍ သူတို့ကို မခံချင်အောင်ပြောကာ လျှာထုတ်ပြောင်ပြနေသေးသည်။
"ဟာ ဒီမအေဘေးလေးကတော့...."
ဆိုင်းလော့ဒ် ဟောဟဲဆိုက်နေသည့်ကြားမှ ဒေါသထွက်လွန်းစွာ ဆဲဆိုမိသည်။
"အဲ့ဆွဲကြိုး ပြန်ပေးပါ မင်းလိုချင်သလောက် မုန့်ဖိုးပေးပါ့မယ်..."
ခပ်လှမ်းလှမ်း၌ရှိနေသော သူခိုးလေးအား ရှင်းခန့်အား ညှိုနှိုင်းသလိုပြောသည်။
"မုန့်ဖိုးမလိုဘူး ကျွန်တော့်ကိုမိရင် ပြန်ပေးမယ် လာလေ လာဖမ်း မိအောင်ဖမ်း အဟစ် ဟစ် ဟစ်..."
သူတို့နှစ်ယောက် ဟောဟဲဆိုက်အောင် ပြေးလိုက်လာတာကိုပဲ ထိုကလေးက သဘောခွေ့နေပုံရသည်။သာမန် ပစ္စည်းလိုချင်လွန်းလို့ လုယက်တာမျိုးနှင့်မတူပဲ သူတို့နှင့်ပြေးတမ်းလိုက်တမ်းကစားပြီး တမင်အကျင့်ယုတ်ချင်သည့်ပုံစံမျိုးဖြစ်သည်။ရယ်တဲ့အသံကိုကအစ မေတ္တာတုံးစရာကောင်းနေသည်။ဆိုင်းလော့ဒ် ထိုညစ်တီးညစ်စုတ်ကလေးအား ကြည့်ရင်းအသဲထဲကလိကလိ ဖြစ်နေရ၏။မိတာနှင့် မျက်ခွက်ကို ဆင့်ရိုက်ချင်လွန်းလို့ လက်ယားနေပြီဖြစ်သည်။
"လာလေ လာယူလေ အဟစ် ဟစ် ဟစ်..."
သူခိုးလေးက ပြောပြောဆိုဆိုဖြင့် လက်ထဲမှဆွဲကြိုးအား လှုပ်ယမ်း၍ ပြောင်ပြကာ မှောင်မဲနေသော တိုက်တန်းလျားကြီးထဲသို့ လှစ်ကနဲပြေးဝင်သွားလေသည်။ရှင်းခန့်ကလည်း လိုက်ပြေးဝင်ဖို့ ခြေလှမ်းပြင်တာမို့ ဆိုင်းလော့ဒ် လက်ကိုဖမ်းဆွဲ၍ ဟန့်တားလိုက်ပြီး....
"မှောင်မှောင်မဲမဲနဲ့ ဘာမှန်းမသိညာမှန်းမသိ လိုက်မဝင်နဲ့လေ..."
သူပြောတော့ ရှင်းခန့်က မျက်နှာနီနီလေးဖြင့် ငဲ့ကြည့်လာပြီး...
"အဲ့ဒါ အမေ့ပစ္စည်း....."
ခပ်တိုးတိုးပြောပြီးတာနှင့် ဆွဲထားမိသောလက်အား လိမ်၍ရုန်းဖယ်ထွက်ကာ မှောင်မဲနေသောတိုက်တန်းလျားထဲသို့ ပြေးဝင်သွားလေသည်။
"ဟေ့...မသွားနဲ့လေ..."
သူနောက်ကနေ အော်လိုက်ပေမဲ့ ရှင်းခန့်ကတော့ လုံးဝဂရုမစိုက်တော့ပေ။အုတ်ပုံတွေ သဲပုံတွေဖြင့် ဆောက်လက်စတိုက်တန်းလျားကြီးက မီးမရှိတာမို့မှောင်မဲလို့နေလေသည်။လမ်းသွယ်အဆုံးမှာမို့ လူနေအိမ်ခြေတွေဖြင့်လည်း သီးခြားဖြစ်နေ၏။
"ကျစ်! ဟာကွာ ဒီလူနဲ့တော့...."
တိုက်တန်းလျားကြီးအား မော့ကြည့်၍ ဆိုင်းလော့ဒ် စိတ်ပျက်လက်ပျက် ရေရွတ်ပြီး အနောက်မှလိုက်ဝင်ခဲ့ရခြင်းသို့ ရောက်လေတော့သည်။
"လာလေ လာလေ ဒီမှာ ဒီမှာ...."
ကလေးစုတ်က အရှေ့ကနေ ဆွဲကြိုးအား လှုပ်ယမ်းပြကာ တစ်ခန်းဝင် တစ်ခန်းထွက်ဖြင့် လှည့်ပတ်ပြေးလို့နေ၏။
"ရှင်းခန့်မောင် အမှောင်ထဲမှာ ခင်ဗျားစွတ်လိုက်မနေနဲ့..."
ရှင်းခန့်ကိုအော်ဟစ်သတိပေးရင်း ကိုယ်တိုင်တောင် သစ်သားစတွေဖြင့် ခလုတ်တိုက်မိနေတာကို သတိမပြုမိတော့ချေ။ရှင်းခန့်ကတော့ သူသတိပေးနေတာကို နားမထောင်ပဲ ထိုကလေးအနောက်သို့သာ တစိုက်မတ်မတ်လိုက်လို့နေ၏။ဒုတိယအထပ်ရှိ အခန်းတစ်ခုထဲသို့အရောက်မှာတော့ ထိုကလေးစုတ်က မျက်ခြေဖြတ်သွားလေ၏။
"ဘယ်ရောက်သွားတာလဲ...."
ရှင်းခန့်ကတော့ ဇောကပ်နေ၍ မမောနိုင်မပန်းနိုင် ဖြစ်နေသော်ငြား ဘာမှမဆိုင်ပဲ အချောင်ပြေးလိုက်နေရတဲ့သူကတော့ အသက်ထွက်လုမတက် မောဟိုက်လို့နေပြီဖြစ်သည်။နေရာမှာတင် ပစ်လှဲချလိုက်ချင်သည့်အထိ။ဘာစကားမှမဆိုးနိုင်ပဲ ပေါင်ပေါ်လက်ထောက်၍ ခန္ဓာကိုယ်အားကိုင်းကာ အသက်ကိုလုရှုနေရသည်။ရှင်းခန့်သည်လည်း ဇောကပ်နေ၍သာ မောရပန်းရမှန်းမသိတာ။သူလှမ်းကြည့်တော့ ရင်ဘတ်အစုံဟာ နိမ့်ခြည်မြင့်ချည်ဖြင့်ရှိလို့နေ၏။
"ဂျစ်!!!" "ဒုန်း..!"
ထိုစဥ်မှာပဲ သံနှင့်အင်္ဂတေပွတ်ဆွဲသည့်အသံရယ်နှင့် ဒုန်းကနဲအသံကျယ်ကြီးတစ်ခု ထွက်ပေါ်လို့လာလေသည်။အမောဖြေနေရာမှ နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ ပြိုင်တူအခန်းထဲမှ ပြေးထွက်မိကြသည်။အောက်ထပ်သို့ဆင်းသော လှေကားထိပ်သို့အရောက်မှာတော့ သံပန်းတံခါးတစ်ခုက ပိတ်လျှက်သားကြိုဆိုလေသည်။နှစ်ယောက်သား ကမူးရှုးတိုးပြေးသွားကာ သံပန်းတံခါးအား ဆွဲဖွင့်ပေမဲ့လို့ သော့အကြီးကြီးတစ်ခုဖြင့် ခတ်လျှက်သား ရှိနေတာကိုတွေ့လိုက်ရတော့၏။
"ဟာကွာ တောက်!..." "ဒုန်း..." "ဒုန်း.."
ဆိုင်းလော့ဒ် ဒေါသဖြစ်ဖြစ်ဖြင့် သံပန်းတံခါးအား နှစ်ချက်လောက်ဆင့်ရိုက်ပစ်လိုက်တော့သည်။နဂိုထဲက ဒီလိုမျိုး တံခါးပိတ်ဖို့အကြံအစည်ဖြင့် ထိုသတ္တဝါလေးက သူတို့ကိုမျှားခေါ်ခဲ့ပုံရလေသည်။
"တောက်! ငါxိုးမသား အမျိုးယုတ်လေး...."
"သော့ပါခတ်သွားတာ ဘယ်လိုလုပ်ကြမလဲ...."
ရှင်းခန့်ဆီမှ အသံထွက်လာတော့မှ အရှိန်ဖြင့်တောက်လောင်နေသော ဆိုင်းလော့ဒ်၏ ဒေါသတို့ တရားခံရှာတွေ့တော့သည်။
"ဘာလုပ်ရမလဲ ဘာလုပ်ချင်သေးလို့လဲ ခင်ဗျားက..."
စိတ်တိုတိုဖြင့် ပိတ်အော်လိုက်တော့ ရှင်းခန့်၏ ကိုယ်လေးတုန်ကနဲဖြစ်သွားလေသည်။
"နဂိုထဲက စွတ်မလိုက်နဲ့လို့ပြောတာ နားမှမထောင်တာ ခင်ဗျား တောက်!..."
ဆိုင်းလော့ဒ် ဒေါသတကြီးဖြင့် အော်ပစ်ပြီးနေရာမှ ချာကနဲပြန်လှည့်ထွက်ခဲ့လိုက်၏။သူ့၏မဆင်ခြင်မှုကြောင့် ဖြစ်ရတာမို့ ရှင်းခန့်လည်း မျက်နှာငယ်လေးဖြင့် ဆိုင်းလော့ဒ်၏နောက်သို့ ခပ်ကုပ်ကုပ်လိုက်ပါလာခဲ့လိုက်၏။ဆိုင်းလော့ဒ်က ဖုန်းမီးအားဖွင့်လိုက်ပြီး ခုနကအခန်းလွတ်ထဲသို့ ပြန်ဝင်လေသည်။ထို့နောက် နံရံ၌ကျောမှီ၍ ခြေပစ်လက်ပစ်ထိုင်ချသည်။သူ့ကိုတော့ စကားတစ်ခွန်းမှမဆိုပါပဲ နံရံကိုကျောမှီ၍ မျက်စိမှိတ်အမောဖြေနေလေသည်။ကိုယ်တိုင်က အပြစ်ရှိထားသူမို့ သူလည်းဘာမှမပြောရဲပဲ မလှမ်းမကမ်း တော်ရာနေရာ၌သာ ထိုင်ချလိုက်ရတော့လေသည်။ဖုန်းကိုကြည့်လိုက်တော့ မနက်၁နာရီပင်ခွဲတော့မည်ဖြစ်သည်။ဒီညတော့ ဒီတိုက်ကြီးထဲမိုးလင်းရတော့မည်ထင်သည်။
နံရံ၌စိတ်ပျက်လက်ပျက်မှီ၍ ထိုင်နေရင်း အခုမှပဲ ရှင်းခန့်မောဖို့ သတိရတော့သည်။အသက်ကိုလုရှု၍ အမောဖြေနေရင်း ပြေးလွှားရတဲ့အရှိန်ကြောင့် လူကခြေကုန်လက်ပမ်းကျကာ အာခေါင်တွေခြောက်လို့လာသည်။အခုမှဆောက်လက်စ တိုက်တန်းလျားကြီးမို့ အုတ်အကျိုးတွေ သံဖြတ်စတွေသာ ဟိုတစ်စဒီတစ်စပြန့်ကျဲနေတာ ရေနှင့်တူတာတစ်ခုတောင်ရှိမနေပေ။ရှင်းခန့် နှုတ်ခမ်းအားသပ်ကာ ဂနာမငြိမ် ဟိုကြည့်ဒီကြည့်ဖြစ်နေတော့ ဆိုင်းလော့ဒ် မျက်လုံးတို့ပွင့်လာလေသည်။
"ဘာဖြစ်နေတာလဲ...."
သူ့ဆီမှ အသံထွက်လာတော့ ရှင်းခန့်က မျက်နှာငယ်လေးဖြင့် မျက်လုံးဝင့်ကြည့်ပြီးမှ
"ရေဆာလို့...."
ရှင်းခန့်ဆီမှ ခပ်တိုးတိုးထွက်လာသော အသံက သူ့၏ဒေါသတို့အား ပို၍မငြိမ်မသက်ဖြစ်စေ၏။
"ဆာပေါ့ ထိုင်ဆာနေလိုက် ဒီတိုက်ထဲမှာ ဟယ်ရီပေါ်တာလို အစွမ်းရှိရင်တောင် ခင်ဗျားအတွက်ရေရှာပေးလို့မရဘူး..."
ဆိုင်းလော့ဒ် စိတ်တိုတိုဖြင့် ပိတ်ပြောလိုက်တော့....
"ဘာဖြစ်နေလဲမေးလို့ ပြောတာလေ မင်းကိုလည်းမရှာခိုင်းပါဘူး..."
"ခိုင်းလည်း မရှာပေးဘူး...."
ဆိုင်းလော့ဒ် အမြင်ကပ်ကပ်ဖြင့် ပိတ်ပြောပြီး နေရာမှထထွက်ခဲ့လိုက်သည်။
"မင်း ဘယ်သွားမလို့လဲ...."
ဆိုင်းလော့ဒ်နေရာမှထထွက်တော့ ရှင်းခန့်လည်း လှုပ်လှုပ်ရှားရှားဖြစ်သွားကာ နေရာမှအတူလိုက်ထရပ်ရင်း မေးမိသည်။ဟုတ်တယ်လေ စောစောတုန်းကတော့ ဇောဖြင့် မှောင်မှောင်မဲမဲ တိုက်ကြီးထဲ ဘာမှမစဥ်းစားပဲပြေးဝင်ခဲ့တာ။အခုတော့ နေရာအစိမ်းတစ်ခု၏ အခန်းမှောင်မှောင်ထဲ အနည်းငယ်ကျောချမ်းစရာကောင်းနေလေသည်။ဒီအခန်းထဲဆိုင်းလော့ဒ်မရှိပဲဖြင့်တော့ သူတစ်ယောက်ထဲ မနေရဲခဲ့ပေ။
"ဘယ်သွားသွား....."
!တကယ် ဒီလူကို ဘယ်နှဘဝလောက်ကများ ဆပ်စရာအကြွေးတွေ ပါလာခဲ့လဲမသိပေ...!
!ဝေးဝေးနေနေတာတောင်မှ ကြုံရင်ကြုံသလို ဒုက္ခကိုလှလှကြီးပေးတဲ့လူ...!
သူစိတ်တိုတိုဖြင့် ဘုတောပြီး ထွက်ခဲ့တော့ ရှင်းခန့်တစ်ယောက် အနောက်မှခပ်ကုပ်ကုပ်ဖြင့် ပါလာလေသည်။အခန်းအလွတ်တွေထဲ ဖုန်းမီးဖြင့် ဟိုဟိုဒီဒီလိုက်ကြည့်နေသော်လည်း ဆိုင်းလော့ဒ် ဘာကိုရှာနေတာလဲ နားမလည်ချေ။နောက်ဆုံး တိုက်တန်းလျားအဆုံး ဝရန်တာထောင့်၌ ရေသန့်ဘူးကြီးအား တွေ့လိုက်ရချိန်မှာတော့ ဆိုင်းလော့ဒ် ဘာရှာနေလဲ သိလိုက်ရတော့သည်။
ရေဆာနေချိန် ရေဘူးကြီးအားတွေ့လိုက်ရ၍ ရှင်းခန့်ဝမ်းသာအားရဖြစ်သွားရသည်။ရေဘူးအား အလျှင်အမြန်ပဲဆွဲမလိုက်တော့ ကံဆိုးစွာပင် ရေဘူးထဲ ရေမရှိတော့ချေ။အားရဝမ်းသာဖြစ်နေမိသော ရှင်းခန့်၏မျက်နှာမှာ ချက်ချင်း စိတ်ဓာတ်ကျခြင်းတို့ ကြီးစိုးကုန်လေ၏။ရေဘူးအား ပြန်လွှတ်ချဟန်ပြင်လိုက်တော့ ဆိုင်းလော့ဒ်က ပြန်ဆွဲထားလိုက်ပြီး....
"အကပ်အသပ်ရှိအုံးမှာပါ...."
ပြောပြောဆိုဆိုဖြင့် ရေဘူးအားဖွင့်ကာ အဖုံးထဲသို့လောင်းချလိုက်တော့ အဖုံးထဲသို့ ရေအနည်းငယ်ကျလို့လာလေသည်။ဆိုင်းလော့ဒ်က ရေဘူးအဖုံးအားထိန်းကိုင်ကာ ရှင်းခန့်၏ နှုတ်ခမ်းအနားသို့တေ့ပေး၍...
"သောက်...."
အလွန်အမင်းရေဆာနေတဲ့ ဝေဒနာကြောင့် သူများများစားစား မစဥ်းစားနိုင်တော့ပဲ ဆိုင်းလော့ဒ်ကိုင်ထားပေးတဲ့အတိုင်းပင် ရေကိုအငမ်းမရမော့သောက်မိတော့သည်။အဖုံးထဲမှ ရေတို့ကုန်စင်သွားတော့မှပဲ ရေငတ်ဝေဒနာက အနည်းငယ်ပြေသွားသလိုပင်။
"မင်းရော မသောက်တော့ဘူးလား..."
"မဆာဘူး...."
ဆိုင်းလော့ဒ်ပြောပြီးတော့ ရေဘူးအားပြန်ချ၍ အခန်းဖက်သို့ ပြန်ထွက်လာတာမို့ သူလည်းနောက်မှပြန်လိုက်ခဲ့ရခြင်းသို့ရောက်လေသည်။နှစ်ယောက်သား အခန်းထောင့်၌ ဖုန်းမီးလေးဖွင့်၍ ထိုင်ချမိကြသည်။တိတ်ဆိတ်မှောင်မဲနေသော အခန်းကြီးထဲ နှစ်ယောက်ရှိနေတာတောင်မှ အနည်းငယ်ခြောက်ခြားစရာကောင်းနေလေသည်။
"ကိုယ့်ကြောင့် မင်း ခဏခဏဒုက္ခများရတယ်..."
တိတ်ဆိတ်ခြင်းအား သူ့ဖက်မှစတင်ဖြိုခွဲလိုက်တော့...
"အမှန်ပဲ ဒုက္ခကိုကြုံရင်ကြုံသလိုပေးတယ် ဝေးဝေးနေတာတောင်မှပဲ..."
မကျေမနပ်ပြောလာသော ဆိုင်းလော့ဒ်၏စကားကြောင့် သူခပ်ဖွဖွပြုံးမိရင်း....
"တကယ်လည်း အားနာပါတယ်...."
"အခုမှ အားနာမနေပါနဲ့ နောက်ဆို မဆင်မခြင်လုပ်တာကို ဆင်ခြင် ခင်ဗျားတစ်ယောက်ထဲသာဆို အခုဒီထဲမှာ ဘယ်လိုများလုပ်မလဲ..."
"ကိုယ့်တစ်ယောက်ထဲတော့ ပြေးလိုက်လာမယ်တဲ့လား မင်းပါနေလို့ ပြေးလိုက်လာတာလေ..."
တိုးဖွဖွထွက်ပေါ်လာသော ရှင်းခန့်၏စကားကြောင့် သူ့ရင်ထဲတမျိုးလေးဖြစ်သွားရ၏။နံဘေးရှိလူအား စောင်းငဲ့ကြည့်မိတော့ ခပ်ငေးငေးလေးကြည့်နေသော မျက်ဝန်းကြည်ကြည်တို့ဖြင့် ဆုံမိလေသည်။ထိုအကြည်ရောင် မျက်ဝန်းတွေထဲ သူ့ကိုအားကိုးသော ယုံကြည်သော ရင်းနှီးကျွမ်းဝင်သော အရိပ်တို့အပြင် တခြားသူအဓိပ္ပါယ်မဖော်တက်သော အရိပ်အယောင်တွေလည်း လွှမ်းခြုံလို့နေလေသည်။
!ဒီလူ၏ ယုံကြည်အားကိုးမှုကို ပိုင်ဆိုင်ထားရပါလားဟု စိတ်ကခံစားမိရလိုက်ချိန်မှာ သူ့ရင်ဘတ်ထဲငြိမ့်ငြောင်းသော ခံစားမှုလေးတစ်ခု ဖြတ်သန်းစီးဆင်းလေသည်!
"ဝေါ.." "ဝေါ.." "ဝေါ..."
နှစ်ယောက်သား ဘာစကားမှမဆိုမိပဲ အတန်ကြာအကြည့်ချင်းဆုံနေမိကြပြီး အပြင်ဖက်ရှိ ရုတ်တရက်ရွာချလာသော မိုးသံလေသံတို့အား ကြားလိုက်ရတော့မှပဲ အကြည့်တို့လွှဲဖြစ်ကြတော့သည်။
"မိုးပက်မယ်ထင်တယ် ဟိုဖက်ရွှေ့ကြမလား....."
တိုက်ခန်းတွေက အကြမ်းထည်ပဲဖြစ်ကာ ပြတင်းတံခါးတွေမတပ်ထားရသေးပေ။သူတို့ကပ်ထိုင်နေတာကလည်း ပြတင်းပေါက်နားမှာမို့ နှစ်ယောက်သား မိုးလွတ်ရာသို့နေရာရွှေ့ရလေသည်။ရန်ကုန်မိုးကလည်း ဒီညမှ အငြိုးနှင့်ကိုသည်းသည်းမဲမဲ ရွာသွန်းလို့နေလေသည်။
"ဂျိမ်း..." "ဂျလိမ်း..."
လေရောမိုးရောထန်လာသည့်အပြင် မိုးခြိမ်းသံတွေလည်း ညံလို့လာလေသည်။နှစ်ယောက်သား မိုးတဝုန်းဝုန်းကြား ဘာစကားမှမဆိုမိတော့ပဲ နံရံ၌ကျောမှီရင်းငြိမ်သက်နေမိကြ၏။နံဘေးကပ်၍ ထိုင်နေတာကြောင့် တိတ်ဆိတ်နေသော အခန်းထဲ တစ်ယောက်၏အသက်ရှုသံကို တစ်ယောက်က ကြားနေရလေသည်။မိုးခြိမ်းသံတွေက စိပ်လာသလို မိုးကြိုးပစ်သံကလည်းကျယ်ကျယ်လောင်လောင်။
လျှပ်စီးတွေကလည်း ဝင်းကနဲလက်ကနဲဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး လင်းတစ်လှည့်မှောင်တစ်လှည့် ဖြစ်လို့နေသည်။မိုးဟာအစိုးမရဆိုသည့်အတိုင်း ပုံမှန်အခြေအနေကနေ ရာသီဥတုက ရုတ်တရက်ကြီး ပြောင်းလဲသွားလေသည်။သူ့စိတ်ကထင်၍ပဲလားတော့ မသိချေ။နံဘေးရှိရှင်းခန့်၏ အသံရှုသံတွေ အနည်းငယ်ပြင်းထန်လာသည်ဟု ခံစားနေရလေသည်။
"ခင်ဗျား အဆင်ပြေရဲ့လား..."
"ဟင် အင်း...."
ခပ်တိုးတိုးထွက်ပေါ်လာသော လေသံကတုန်ယင်နေသလို ခံစားလိုက်ရ၍ ဆိုင်းလော့ဒ် ရှင်းခန့်ဖက်သို့ ခန္ဓာကိုယ်ကိုပါစောင်းငဲ့ကြည့်မိသည်။ထိုအချိန်မှာပဲ လျှပ်စီးကဝင်းကနဲလက်သွားတာမို့ လန့်ဖျပ်၍ မျက်လုံးကိုမှိတ်ချလိုက်သော ရှင်းခန့်၏ အပြုအမူအား သတိပြုမိလိုက်တော့သည်။
"ဘာဖြစ်လို့လဲ ကြောက်လို့လား...."
"အင်း မကြောက်ပါဘူး နည်းနည်းလန့်လို့...."
မကြောက်ဘူးလို့ ပြောနေတဲ့အသံက ပုံမှန်မဟုတ်တာ သိသာလို့နေလေသည်။
"မကြောက်ရင် ဘာလို့လက်သီးကြီးဆုပ်ထားတာလဲ...."
"ဟင်...."
"ကျွန်တော့်လက်ကိုကိုင်ထား...."
ဆုပ်ကိုင်လာတဲ့ လက်ဖဝါးနွေးနွေးဟာ ကြောက်ရွံ့ထိတ်လန့်ခြင်းတို့အား လျော့ပါးသက်သာသွားစေတာဟာလည်း ထူးဆန်းလေသည်။
"ဘာမှမဖြစ်ဘူး ကျွန်တော်ရှိတယ်...."
အဲ့ဒီစကား....။ဘာမှလည်း သိပ်မဆန်းကြယ်တဲ့ အဲ့ဒီရှတတလေသံဖြင့် စကားလေးတစ်ခွန်းဟာလည်း လူတစ်ကိုယ်လုံးကို နွေးထွေးလုံခြုံသွားသလိုမျိုး ခံစားနေရတာဟာလည်း ဘာကြောင့်မှန်းမသိတော့ချေ...။
နွေးထွေးကြမ်းရှသော လက်ဖဝါးပြင်ကြီးထဲ တစ်ကိုယ်လုံးဝင်ပုန်းနေရသလိုခံစားချက်မျိုးဖြင့် အပြင်လောကမှ မိုးသံလေသံများနှင့် မိုးခြိမ်းသံများကို ထိုညမှာသူတကယ်ပဲ ဥပေက္ခာပြုနိုင်ခဲ့လေတော့သည်။
~~~~
AN.မမေ့မလျော့သွားပဲ စောင့်မျှော်ပေးကြတဲ့ တစ်ယောက်စီတိုင်းကို တကယ်ပဲအများကြီး အများကြီး ကျေးဇူးတင်ပြီး ချစ်ပါတယ်လို့