သူရိယနေမင်းကြီးသည် ကမ္ဘာမြေပေါ်သို့ အလင်းရောင်များကိုပြန်လည်ဖြန့်ကျက် လာပြီဖြစ်သည်။ ဤအချိန်ကား အာရုံတက်ချိန်ဖြစ်၏။ ကျေးငှက်သာရကာများ၏ တကျီကျီအော်မြည်ကာ တေးသီကျူးနေသံများကို ကြားနေရသလို၊ လင်းကြက်တွန်သံများနှင့်
ရွာဦးကျောင်းမှ အုန်းမောင်းခေါက်သံကိုလည်း ကြားနေရပြီဖြစ်သည်။ ဆွမ်းတော်အတွက် ဆွမ်းထချက်သူများကြောင့်လည်း အိုးခွက်ပန်းကန်သံများနှင့် ဆူညံနေပြီဖြစ်သည်။
လယ်ယာအလုပ်သမားများအတွက်နံနက်မိုးသောက်ကာစ အချိန်သည် အလုပ်စဆင်းရန် သင့်တော်သည့်အချိန်ဖြစ်သည်။ အဘယ်
ကြောင့်ဆိုသော် စောစောအလုပ်ဆင်းလျှင် နေပူဒဏ်သက်သာသောကြောင့်ဖြစ်သည်။
ဤသို့သောအကြောင်းများကြောင့် တောရွာများတွင် နံနက်စောစောထကြခြင်းမှာ တမင်လုပ်ယူစရာမလိုသော အကျင့်ဓလေ့တစ်ခုပင်ဖြစ်နေတော့သည်။
ရွာကိုရောက်သည်မှာ တစ်ပတ်ပင်ရှိသေးသော
ချမ်းမြေ့မှာတော့ ဤသည်ကိုအသားမကျသေးပါ။ ယောက်ျားလေးပီပီ နောက်ကျမှအိပ်ရာထတတ်သောအကျင့်နှင့် ညဥ့်နက်အောင်ဂိမ်းဆော့ခြင်းအကျိုးကြောင့် နံနက်ဆိုတော်တော်နှင့်မထနိုင်ပါ။ယခုတွင်လည်း အသံ
ပလံများကြောင့် နိုးတစ်ဝက်ဖြစ်နေပေမယ့် မထနိုင်သေးပါ။ ဆက်၍အိပ်နေချင်ပါသေးသည်။ သို့သော်ငြား......ချစ်ရသူလေးဆီ လူပျိုလှည့်ရဦးမည်ဖြစ်၍.....
အတွေးနှင့်ပင်ပြုံးမိကာ အိပ်ရာမှ သိမ်းကျုံးကာမိပါတော့သည်။
ချမ်းမြေ့တစ်ယောက် မျက်နှာသစ် ရေမိုးပါတစ်ခါတည်းချိုးပြီးချိန်မှာတော့ မိုးစင်စင်လင်းနေပြီဖြစ်သည်။ အိမ်ရှေ့ကွပ်ပစ်တွင် လူကြီးများပင် နံနက်စာဝိုင်းဖွဲ့စားသောက်နေကြပြီဖြစ်သည်။ ထမင်းကြမ်းကြော်နှင့် အကြော် မဟုတ်ရင် မုန့်ပေါင်းနှင့်အကြော် တစ်ခုခုပင်ဖြစ်လိမ့်မည်။
"ဟာ....ကျွန်တော့်ကိုတောင်မစောင့်ကြဘူးဗျာ"
ချမ်းမြေ့ ပြောလည်းပြောရင်း အဘိုးဖြစ်သူနားဝင်ထိုင်လိုက်တော့....မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့မေမေနဲ့ဖေဖေ နှစ်ယောက်အနက် ဖေဖေက -
"နေဖင်ထိုးမှ ထတဲ့ကောင်ကိုသာ စောင့်နေရရင် အစာအိမ်ဖြစ်ပြီး သေရလိမ့်မည်"
မဲ့ကာရွဲ့ကာဖြင့်ဖေဖေကပြောတော့ အဘိုးက
"ဟိတ်ကောင် ငါ့မြေးကိုဘာမှပြောစရာမလိုဘူး၊
ခုလည်းအစောကြီးပဲရှိသေးတာ မင်းဗိုက်ကသာ စောစောစီးစီးငတ်ပြတ်နေတာ"
အဘိုးရဲ့ပျစ်နှစ်နှစ်စကားကြောင့် ဖေဖေမျက်နှာကြီးမည်းကျသွားပေမယ့် ကျွန်တော့်မေမေကတော့ ကြိတ်ပြီးရီမိပါသည်။ ဒီသမက်နဲ့ ဒီယောက္ခထီးအကြောင်းမသိရင်ခက်မည်။
အဘိုးဖြစ်သူကလည်း ဖေ့ကိုဆိုဘယ်လိုမှအမြင်မကြည်နိုင်သူဖြစ်သည်။ သူ့ချစ်သမီးကိုခိုးပြေး
သည့်အတွက်နှင့် မျက်နှာချင်းဆိုင်မရတာဖြစ်မည်ထင်။ မေမေကတစ်ဦးတည်းသောသမီးလည်းဖြစ် မွေး,မွေးပြီးချင်း အဘွားဖြစ်သူကလည်း ဆုံးပါးသွားခဲ့တော့ မိတဆိုးလေးမေ့မေ့ကို အဘိုးကအချစ်ပိုခဲ့ဟန်တူပါသည်။ထိုသည်ကြောင့်ပင် သမီးအချစ် မြေးအနှစ်ဟုပဲဆိုရမလား တစ်ဦးတည်းသောမြေးဖြစ်တဲ့ကျွန်တော့်ကိုလည်း အဘိုးကတုန်နေအောင်ချစ်ရှာသည်။
တကယ်ဆို ဖေဖေသည်လည်း ပညာတတ်တစ်ယောက်ဖြစ်သည့်အပြင် ရုပ်ရည်ပိုင်းလည်းပြောစရာမလို ၊ ဘိုးဘွားမိဘတွေကလည်း ချမ်းသာကြသူများပင်ဖြစ်သည်။ ခုခေတ်စကားအရပြောရရင်တော့ ရုပ်ရှိရေလျှံဖြစ်ခဲ့တာပေါ့။ သို့သော်
ဖေဖေငယ်ငယ်ကတည်းကပင်ဘိုးဘွားမိဘဟူ၍မရှိတော့ပါ။ ဖေဖေ့ အမေ၏တစ်ဦးတည်းသောညီမဖြစ်သူ အဒေါ်အပျိုကြီးလက်ထဲတွင်သာကြီးပြင်းလာရသည်ဟုဆိုသည်။ ဖေဖေအိမ်ထောင်ကြမှသာ အမွေတွေအကုန်လွှဲပေးခဲ့၍ အဒေါ်ဖြစ်သူမှာရာသက်ပန် သီလရှင်ဝတ်သွားခြင်းဖြစ်သည်။ ထို့ကြောင့် ဆွေမျိုးအသိုင်းဝိုင်းသိပ်မရှိသည်ကလွဲ၍ ဖေဖေသည်ပြီးပြည့်စုံသောယောကျာ်းတစ်ယောက်ပင်ဖြစ်သည်။ ဒါနဲ့များ ဘာလို့အဘိုးကမေမေနှင့်ဖေဖေ့ကို သဘောမတူခဲ့သည်လည်း မသိပါ။
သိလို၍ကျွန်တော်မေးကြည့်တော့ အဘိုးပြန်ဖြေခဲ့သည်က "ဘာကြောင့်မှမဟုတ်ဘူး. အဲ့အကောင်မျက်နှာမြင်ကတည်းက ဘယ်လိုမှ
ကြည့်လို့ကိုမရလို့" ဟူ၍။ ကျွန်တော့မှာ ၀ါးလုံးကွဲအောင်ရီခဲ့ရပါသည်။
တွေးရင်းပင် ချမ်းမြေ့မျက်နှာကပြုံးစစဖြစ်လာပြီး မနေနိုင်စွာ..
"ခွီး.." ခနဲရီမိတော့သည်။ ဒါကိုဖေဖေက-
"ဘာရယ်တာလဲဟေ့ကောင် ငါ့လှောင်နေတာလား"
"မဟုတ်ရပါဘူးဗျာ" လို့ကျွန်တော်ပြုံးစစပြန်ဖြေတော့ ဖေဖေကမျက်စောင်းတစ်ချက်သာထိုးပြီး ဘာမှဆက်မပြောတော့ပါ။ အဘိုးကိုကြောက်လို့ထင်ပါရဲ့။ကျွန်တော်လည်းမျက်နှာပိုးသက်ပြီး အဘိုးဘက်ကိုသာတစ်ဖန်လှည့်ကာ...
"အဘိုး...သားပြောစရာရှိလို့"
"ဟေ..ဘာများလည်း မြေးရဲ့"
"ဟို သားကို ယောကျာ်းလိုက်တောင်းပေး"
"အင်း....ဟင်"
"ဖွီး...အဟွတ်...ဟွတ်"
ချမ်းမြေ့စကားကြောင့်အဘိုးဖြစ်သူမှာအယောင်အမှားမှားဖြင့် အင်း လုပ်ပြီးမှ ဟင်ကနဲ။ ဖခင်ဖြစ်သူမှာတော့ရေနွေးကြမ်းပင်သီးကာ ချောင်းတဟွတ်ဟွတ်ဆိုးတော့သည်။
မေမေကတော့ချောင်းဆိုးနေသောဖေဖေ့ကျောပြင်အားပုတ်ပေးရင်း.....
"သား...ဘာပြောလိုက်တာ"ဟူ၍ အံ့သြနဘန်းပြန်မေးတော့သည်။
မတတ်နိုင် ပြောစရာရှိတာတော့ပြောရမည်။ ကြိုတင်နားဖောက်ထားမှ တော်ကာကြမည်။ ဒါဆို ချစ်သူ ဆီကအဖြေရတာနဲ့တန်းမင်္ဂလာဆောင်ရုံပဲ...
*အဟဲ...အကြံပိုင်တယ်ဟုတ်*
"ဟုတ်တယ်...အကုန်လုံးကြားတာမမှားဘူး သားကိုယောက်ျားလိုက်တောင်းပေးလို့"
"ဟွတ်..ဟေ့ကောင် မင်း မင်း...."
"တိတ်စမ်း"
ချောင်ဆိုးလျှက်နဲ့လက်ညိုးတစ်ထိုးထိုးလုပ်
ကာ ဒေါသတကြီး ဆူတော့မည့်ဖေဖေကစကားသံက အဘိုးရဲ့အသံအောက်မှာ တစ်ဝက်တစ်ပျက်တင် တိတ်ခနဲ။ထို့နောက်အဘိုးက....
"မြေးချစ်သူကယောက်ျားလေးလား"
"ဟဲ..ချစ်သူတော့မဟုတ်သေးဘူး ဘိုး၊ သားဘက်ကမေတ္တာသက်ဝင်နေတုန်းရှိသေးတာရယ်"
လည်ပင်းကိုပွတ်ရင်းရယ်ကျဲကျဲဖြေမိတော့ အဖေကအံကြိတ်ပြီးမျက်ထောင့်နီကြီးနဲ့ကြည့်လာပြန်သည်။ အဘိုးကိုကြောက်လို့သာ သူငြိမ်နေတာရယ်ပါ။
"အဲ့တစ်ယောက်ကဘယ်သူသားလဲ မေ့သားရဲ့"
မေမေကလေသံဖြော့လေးနဲ့ဝင်မေးလာတော့ ဖြေချင်ရဲ့လက်တို့ ကျွန်တော်က ခေါင်းမော့ရင်ကော့ပြီး ဟန်ပါပါလေသံနှင့်.....
"ဦးစံသာ နှင့် ဒေါ်ဒေါ်ခက်နွယ် တို့ရဲ့သားလှရတနာလေး လှမျက်ဟန်ချီပါ မေမေ"
"အံမာ လေသံကိုက ငါကတော့ဘယ်သူဖြစ်ဖြစ်သဘောမတူနိုင်ဘူးဟေ့"
"ငါကတော့သဘောတူတယ်"
ဖေဖေ့အသံနှင့်ကန့်လန့်ဆန်စွာထွက်လာတဲ့အဘိုးအသံ။ ဒီသမက်နဲ့ယောက္ခာထီးကတော့ ....
ဘာဖြစ်ဖြစ်ကိုယ့်ဘက်တစ်ယောက်ပါလာပြီမို့..
"ဟာ..ဘိုးတကယ်နော်"
"တကယ်ပေါ့ ငါ့မြေးစိတ်ချမ်းသာပြီးရော ..."
"ဒါဆိုမေမေကရော..
"ဟန်ချီကလိမ္မာရေးခြားရှိတဲ့ကလေးပါကွယ်..
ခက်နွယ်တို့ဆိုတာလည်း မေမေတို့နဲ့အတွင်းသိအဆင်းသိတွေပဲ သားကမေတ္တာရှိနေမှတော့မေမေလည်းသဘောတူ....."
"ငါကတော့လုံးဝသဘောမတူဘူး "
မေမေ့စကားတောင်မဆုံးလိုက်ဖြတ်ပြောလာပြန်တဲ့ဖေဖေအသံက ဟိန်းကနဲ။ကျွန်တော်ကလည်းအရှုံးမခံ-
"မတူလည်းရတယ်...ဟန်ချီအချစ်ကိုသာရပြီးရင် ဖေဖေတို့သဘောမတူလည်း ကျွန်တော်ကခိုးပြေးမှာ! "
"မင်း...သူများသားသမီးကို...."
"ဖေဖေတုန်းကလည်း သူများသားသမီးကိုခိုးပြေးခဲ့တာပဲလေ"
ကျွန်တော့်စကားမှာအဘိုးက ဖေဖေ့ကို မကြည်ကြည့်ရင်း ခေါင်းတစ်ငြိမ့်ငြိမ့်....
ဖေဖေကတော့ မက်တပ်ပင်ထရပ်လာကာ အံကြိတ်သံဖြင့်-
"ဒီ မျိုးယုတ်ကတော့လား"
ထို့နောက်အဘိုးအသံ....
"မင်း ဘာပြောလိုက်တာ..."
"မဟုတ်..."
အိမ်တွင်းစစ်စတော့မည်။သူရှို့သည့်မီးသည် ဖေဖေနဲ့အဘိုး ပေါ်တွင်လောင်ကျွမ်းတော့မည်ဖြစ်သည်။မေမေကတော့ ကြားထဲကမီးဝင်ငြိမ်းပေးရပေအုံးမည်။
ချမ်းမြေ့လည်း စစ်ပွဲအခြေနေကိုရိပ်စားမိ၍ ရှောင်ထွက်ရင်ပြင်လိုက်တော့သည်။ နာရီကြည့်မိတော့လည်း အချိန်လင့်နေပြီ။ အခြေတင်ဖြစ်နေတာနဲ့ပဲ ချစ်ရသူလေးဆီသွားဖို့လည်းနောက်ကျတော့မည် မဟုတ်လား။
သို့နှင့်ပြေးထွက်လာခဲ့ပြီးခြံအပေါက်ဝရောက်မှသာ ရပ်ပြီး မမေ့မလျှော့ လှည့်အော်ခဲ့သေးတာက-
"မမေ့နဲ့နော် မေမေနဲ့ အဘိုး သားကိုဆက်ဆက်လိုက်တောင်းပေးရမည်နော်၊ အဖေလည်းသဘောတူရင်တူ မတူရင်ပြောတဲ့အတိုင်းလုပ်မှာ"
ထို့နောက် ပြန်ပြေးထွက်လာခဲ့ပါတော့သည်။
နောက်ပါးဆီမှကြားလိုက်ရသော ဖေ့ဖေ့၏ဆဲသံသဲ့သဲ့က တော့ -
"ဒီခွေးသားကတော့....." ဟူ၍။
20.6.2022(Mon)
//Hnin Satt Hmone☃️❄️
ဖတ်ပေးကြတဲ့ readerတစ်ယောက်ချင်းဆီတိုင်းကိုကျေးဇူးအထူးတင်လျှက်ပါဗျာ...