Lucas ဖြောင့်ဖြူးနေသည့်လမ်းအတိုင်း ဖြေးညှင်းစွာလျှောက်လာခဲ့သည်။ ခြေလှမ်းများ၏ဦးတည်ချက်သည် မြို့လေး၏ ရောင်း၀ယ်ဖောက်ကားသည့် စျေးရှိရာသို့ဖြစ်၏။ မွန်းကြပ်လွန်း၍ထွက်လာခြင်းဖြစ်၏။ဘာလိုလိုနှင့် စံအိမ်ကြီး သို့ရောက်သည်မှာ သူ နှစ်ပတ်တိတိရှိ သွားပြီဖြစ်သည်။ အချိန်တွေကုန်မြန်သည်ဟု ပြောရမလိုပင်။
အမှန်တိုင်းပြောရမည်ဆိုလျှင် Lucas အတွက် ကုန်သွားသည့်ရက်များသည် နေပျော်လွန်း၍ ကုန်သွားခြင်း မဟုတ်။ ပြီးလိုဇောနှင့် ရသမျှနည်းလမ်းစုံကိုရှာဖွေနေခြင်းဖြစ်၏။ နည်းလမ်းရှာမရ၍ စိတ်ရှုပ်နေသည့်ကြားမှ Ivan ချက်ကျွေးသည့် ထမင်းဟင်းများသည် ချက်ပုံသည်သာကွဲသွားသည် ပါ၀င်ပစ္စည်းများသည် နေ့စဥ်တူနေခြင်းကြောင့် သူငြီးတွားလိုက် မိသည်။ ထိုအချိန်မှပင် Ivan ၏ အခက်အခဲများကို သူသိလိုက်ရခြင်းပင်။
လျှောက်လာရင်းနှင့် Ivan ၏နေ့စဥ်စားသောက်ရေးအတွက် ဖြေရှင်းသည့်နည်းလမ်းကိုတွေးမိကာ စိတ်မသက် မသာဖြစ်မိ၏။ ငွေစက္ကူတစ်ထပ်နှင့် စာတစ်စောင်ရေးကာ စျေး၀ယ်ခိုင်းခြင်းပင်ဖြစ်သည်။ ထိုစာထဲ၌ အသီးအရွက်၊ အသား ငါးနှင့် လိုအပ်သောပစ္စည်းများကို ပေးထားသည့်ငွေတန်ဖိုး၏ တစ်၀က်တိတိကို သင့်တော်သလို ၀ယ်ပေးရန်နှင့် ပိုငွေကို ၀န်ဆောင်ခအဖြစ်ယူရန်ဖြစ်သည်။
၀ယ်ခိုင်းသည့်ပစ္စည်းများ ကြာရှည်ထားခံသည့် ပစ္စည်းများဖြစ်သည်။ ငါးဆိုလျှင် ငါးသေတ္တာ၊ အသားဆိုလျှင်လည်း အသားခြောက်၊ အသားဗူးများဖြစ်၏။ ထိုကဲ့သို့၀ယ်ထားလျှင် Ivan သုံးလစာလောက်လုံလောက်သည်ဟုဆိုသည်။
ထိုသို့အကူညီတောင်းမည့်သူကိုလည်း Ivan သည်ငွေကြေးလိုအပ်နေသည့်သူများကိုသာရွေးချယ်ပြီး ၀ယ်ယူပြီး သည့်ပစ္စည်းများကို မည်သူမျှမတွေ့နိုင်သည့်သတ်မှတ်ထားသည့်နေရာတွင်လာထားပေးရန် တောင်းဆိုထားသည်။ ထိုသို့ သော ကိစ္စများကို မည်သူ့ ကိုမျှပြန်မပြောမိဖို့ပါ အထူးတောင်းဆိုထားသည်။ လိုအပ်သည့်လုပ်အားခထက် အဆပေါင်များစွာ သာလွန်အောင်ပေးထားသည့် ငွေစက္ကူများကြောင့် Ivan တစ်ယောက်ယခုချိန်ထိ နေ့စဥ်စားသောက်မှုကိစ္စကို ဖြေရှင်းခဲ့ခြင်း ဖြစ်၏။
"ဟေး မောင်ရင်.. ဟိုစံအိမ်ကြီးကိုရောက်လာတဲ့ကောင်လေးမလား"
"အော်.ဟုတ်ကဲ့ခင်ဗျ။"
ထော်လာဂျီ တစ်စီးဘေးမှာထိုးရပ်လာရင်း နှုတ်ဆက်လာသည့်အသံကြောင့် Lucas ၏အတွေးများ ပြတ်တောက် သွားသည်။ စက်သံဆူညံနေသည့်ထော်လာဂျီသံကိုပင်မကြားသည်အထိ သူအတွေးထဲနစ်မြောနေခြင်းဖြစ်၏။ ထိုစံအိမ်ကြီး ကြောင့် သူ့ကို လူအတော်များများ မှတ်မိသွားတာဖြစ်နိုင်သလို ၊ လူဦးရေ နည်းပါးသည့် ထိုမြို့လေးမှာ သူလို လူစိမ်းက သိသာ နေခြင်းလည်း ဖြစ်နိုင်သည်။
"အဆင်ပြေရဲ့လားကွ။ ရက်တော်တော်ကြာကြာ မတွေ့မိလို့ လူစုပြီး လာကြည့်မလို့တိုင်ပင်ထားကြတာ။ ခုကော ဘယ်သွား မလို့လဲ"
"ဟုတ်ကဲ့အဆင်ပြေပါတယ်။ စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ် ဦးလေး။ အရင်ရက်တွေက ကျွန်တော်ပါလာတဲ့ဟာတွေပဲ ဖြစ်သလိုစားနေလို့ အပြင်မထွက်ဖြစ်တာပါ။ ခုမှ လိုအပ်တာလေး၀ယ်ချင်လို့ထွက်လာတာပါ။"
သည်လိုအချိန်မှာ အမှန်အတိုင်းပြောဖို့ဆိုတာ အဆင်မပြေနိုင်သည်မို့ Lucas သင့်တော်သည့်မုသားကိုသုံးလိုက်ခြင်း ဖြစ်သည်။ ထိုဦးလေး၏အကြည့်ထဲတွင် စံအိမ်ကြီးနှင့်ပတ်သက်၍စူးစမ်းလိုမှုများကိုတွေ့ရသည်။
"လာ..တက် ဦးလေးနဲ့လိုက်ခဲ့။ စျေးထဲကလူတွေနဲ့မိတ်ဆက်ထားပေးမယ်။ နောင် လိုအပ်တာတွေရှိရင်လည်း မှာလို့ရ တာပေါ့။ "
"ဟုတ်ကဲ့၊ ဦးလေး ကျေးဇူးပါ။"
Lucas ထော်လာဂျီပေါ် ထိုင်လိုက်လာရင်း ကျေးဇူးတင်စကားပြောလိုက်သည်။ Lucas ၏ စကားနည်းသည့်ပုံစံ ကြောင့် ဦးလေးကြီးလည်းနောက်ထပ်စကားစဖို့ ခက်ခဲသွားပုံရသည်။
ထိုဦးလေး၏မိတ်ဆက်ကောင်းမှုကြောင့် Lucas လက်ထဲမှခြင်းတောင်ကြီး အချိန်တိုလေးအတွင်းမှာ သား၊ငါး၊ အသီးအရွက်နှင့် လိုအပ်သည့်မီးဖိုချောင်သုံးပစ္စည်းများဖြင့်ပြည့်လျှံသွားသည်။ လူသစ်မို့ ကြိုဆိုသည့်အနေဖြင့်လက်ဆောင် တွေပေးကြတာလည်းပါ၏။
အားလုံးလိုလိုသည် သူမှော်စံအိမ်ကြီးသို့ရောက်လာရသည့်အကြောင်းအရင်းကိုသိချင်ကြပုံပေါ်သည်။ သို့ပေမယ့် လိုအပ်တဲ့အကူအညီရှိရင်ပြောပါဆိုသည့်စကားကြောင့် ထိုမြို့ကလေး၏ချစ်စဖွယ်ကောင်းသော အလေ့အထဟု Lucas မှတ်ယူမိသည်။မြို့ပြကြီးမှ လူတွေနှင့်တော့ကွာခြားသည်မလား။
အကူအညီကိုလောလောလတ်လတ်ပင် Lucas ရယူလိုက်ရသည်။ ခြင်းတောင်းတစ်လုံးအပြည့်ပစ္စည်းတွေအပြင် လက်နှစ်ဖက်အပြည့်ကိုင်ထားရသည့် ပစ္စည်းတွေကြောင့် သူအိမ်ကိုလမ်းလျှောက်ပြန်ဖို့ဆိုတာ မဖြစ်နိုင်ပေ။ မြို့ကြီး မှာလို တားစီးလို့ရသည့် Taxiမျိုး မရှိတာကြောင့်ဖြစ်သည်။
ထိုကြောင့် သူအိမ်မှထွက်ခါနီး Ivanကပြောတာဖြစ်မည်။ ဂိုထောင်ထဲမှ E bike လေး သူသန့်ရှင်းရေးလုပ်ထား သည်ဟုဆိုသည်။ သူ့လိုကျားကျားယားယားပုံစံကြီးနှင့် မိန်းမစီး E bike လေးသည်ရီချင်စရာကောင်းနေလိမ့်မည်။ နောက် တစ်ခုက E bike လေးသည် သူ့ထက်ပင်အသက်ကြီးပုံရ၏။ထိုကြောင့် ခြေထောက်အားကိုးဖြင့် Ivan ညွှန်သည့် လမ်းအတိုင်း လျှောက်ခဲ့ခြင်းဖြစ်သည်။
"အကိုလေး ကျွန်တော်ခြံထဲထိ ပို့ဖို့လိုလား။"
"ရတယ် ညီလေး။ ကိုယ် ဒီမှာပဲဆင်းလိုက်မယ်။ မုန့်ဖိုးယူသွားနော်၊ ကျေးဇူးပဲကွာ။"
တွေးမိတွေးရာ တွေးမိနေပြန်သည့် Lucas လိုက်ပို့သည့်ကောင်လေးအသံကြားမှသတိ၀င်လာပြီး နောက်တွဲယာဥ် ပေါ်မှဆင်းလိုက်သည်။ ပစ္စည်းတွေခြံ၀မှာတင်ချထားလိုက်ပြီး လိုက်ပို့သည့်ကောင်လေးကို မုန့်ဖိုးပေးပြီး ကျေးဇူးတင်စကား ပြောလိုက်သည်။
သည်ပုံစံအတိုင်းဆို သူတို့တစ်လစာလောက်ရိက္ခာဖူလုံသွားပြီဖြစ်သည်။ သည်နေတော့ သူ့လက်စွမ်းပြဖို့ကိုပါ တွေးလိုက်သည်။
..........................
Lucas သူ့ရှေ့က တစ်တောင်သာသာရှိပြီး အရွက်စိမ်းများအစား ချယ်ရီပန်းရောင်သစ်ရွက်လေးများဝေဖြာ နေသည့်အပင်ငယ်ကို စိတ်ပျက်လက်ပျက်ထိုင် ကြည့်နေမိသည်။ တစ်နည်းအားဖြင့် မှော်ကျိန်စာများသက်၀င်နေသည့် စပျစ်ပင်ငယ်လေး။ ဧည့်ခန်းထဲအလှပြထားလို့ရသည့် ဘွန်စိုင်းအပင်ငယ်လေးသကဲ့သို့ လှပပြီးချစ်စရာကောင်းနေပုံသည် အပြစ် ပြောရက်စရာမရှိ။
ထိုအပင်ငယ်လေးသည် စံအိမ်ကြီးနောက်ဖက် တောအုပ်လေးထဲ၌ ထူးဆန်းစွာလှပနေသည်။ တောအုပ်ဟု ပြောရ ခြင်းမှာဟိုးယခင်စပျစ်ပင်တန်းများစီတန်းစွာ ရှိနေရမည့်အစား ညှိုးနွမ်းခြောက်သွေ့နေသည့် တောအုပ်လေးအသွင်ဖြစ်၏။ ပတ်၀န်းကျင်တစ်ခုလုံး မှုန်မှိုင်းနေသည်မှာမီးခိုးဖျောရောင်မြူများလွှမ်းနေသကဲ့သိုပင်။
Lucas သူလည်း ဒီအိမ်ကြီးကိုရောက်သည့်ချိန်မှစ၍ ယခုချိန်ထိ ထိုအပင်လေး ပုံမှန်သဘာ၀အတိုင်း အရွက်စိမ်း တွေပြောင်းလဲသွားဖို့ နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးစားခဲ့ပြီးပြီဖြစ်သည်။ အချိန်ကြာမြင့်လာသည်နှင့်အမျှ သူမလုပ်နိုင်လျှင် Ivan၏ တည်ရှိမှုလုံး၀ပျောက်ကွယ်သွားနိုင်သည်လားဟုတွေးမိသည်နှင့် Lucas ရင်တွေမွန်းကျပ်လာသည်။
Lucas စံအိမ်ကြီးသို့ရောက်နေသည်မှာ ယခုဆို ၃လခန့်ကြာမြင့်နေပြီဖြစ်သည်။ အချိန်၃လဟာ တစ်ခုခုကို သံယောဇဥ် ငြိတွယ်ဖို့ လုံလောက်သည့်အချိန်ဖြစ်သည်။ အထူးသဖြင့် သူမမြင်နိုင်သည့် Ivanအပေါ်၌ဖြစ်၏။ သူ Ivan ၏သွင်ပြင်ကို မြင်ချင်မိသလို၊ Ivan ထိတွေ့မခံစားဖူးသည့်လောကကြီးကိုလည်း ခံစားစေချင်မိသည်။
အချိန်အခါကောင်း၊ နက္ခတ်ကောင်း တွေစုံလင်နေသည့် ဒီနှစ်အတွင်းမှာမှ သူမလုပ်နိုင်လျှင် နောက်ထပ်ရမည့်အခွင့် အရေးသည် မည်သည့်အချိန်ဖြစ်မည်ကို Lucas မသိသလို၊ Ivan လည်း သိမည်မဟုတ်ပေ။
" Lucas နားပါဦးလား၊ စိတ်ညစ်နေပြီလား။ "
စပျစ်ပင်လေးနား စိတ်ပျက်လက်ပျက်ထိုင်ကြည့်နေသည့် Lucas ကို Ivan ပြောလိုက်ခြင်းဖြစ်သည်။ လူပင်ပမ်း သည်ဆိုသည်ထက် Lucas စိတ်များပင်ပမ်းနေသည်ကို သူခံစားမိသည်။ ကျိန်စာ၏ အရင်းအမြစ်ဖြစ်သည့် ထိုအပင်လေးကို မည်သို့စီမံပြစ်ရမည်ကို ဖခင်၏စာကြည့်ခန်းထဲမှ စာအုပ်ပုံကြား သူ့သက်တမ်းတစ်လျှောက် ရှာဖွေခဲ့ပြီးဖြစ်သည်။
" ကိုယ်လက်မလျော့ဘူး Ivan။"
သူ့ပုံခုံးပေါ်ကျလာသည့် ခပ်နွေးနွေးအရာက Ivan ၏လက်မှန်း Lucas မမြင်ရသည့်တိုင်ခံစား၍ရသည်။ ထိုခံစားချက်သည် Ivan နှင့်အနေကြာလာခြင်းကြောင့်ဖြစ်မည်။ ဖြေရှင်း ရမည်က တစ်တောင်သာသာအပင်လေး ဆိုသော် ငြားလည်း နည်းလမ်းသည် ကောက်ရိုးပုံထဲအပ်ပျောက်ရှာရသည်ထက် အလှမ်းဝေး နေသလိုပင်။
ထိုအပင်လေး၏အရွက်တွေကို ဓာတုဆေး၀ါးများဖြင့် မူလအစိမ်းရောင်းကိုပြောင်းစေခဲ့သလို၊ အရွက်များအားလုံး ကိုလည်းခြွေချပစ်ခဲ့ဖူးသည်။ နောက်ဆုံးအမြစ်မှတူးပြီးအပိုင်းပိုင်းခုတ်ဖြတ်ပြီး မီးပါရှို့ခဲ့သည်။သဘာ၀ဖြင့် ဆန့်ကျင် နေသည့် ထိုအပင်လေးကို သဘာ၀အတိုင်းပြောင်းလဲနိုင်လျှင် ကျိန်စာ များပြေလျော့ပျောက်ကွယ်သွားဖို့ ရည်ရွယ်ခြင်းပင်။ သို့သော်များစွာသောနည်းလမ်းကို အသုံးပြုခဲ့သော်လည်း နောက်တစ်နေ့ မနက်ဆို လျှင်အပင်လေးသည် မျက်လှည့်ပြ သကဲ့သို့ပုံမှန်အတိုင်း လန်းဆန်း နေဆဲပင်ဖြစ်၏။
စပျစ်ပင်ငယ်လေး ဆက်ပြီးရှင်သန်မကြီးထွားနိုင်အောင် သေဆုံးပျက်စီးသွားဖို့ အမျိုးမျိုးသောနည်းလမ်းဖြင့် သူကြိုးစားနေသလို၊ သူ့ ၏ နက်ရှိုင်းသောရင်တွင်းတစ်နေရာ၌ Ivan ဆိုသည့်အပင်လေးသည် အချိန်နှင့်အမျှ ရှင်သန်ကြီး ထွားလာသည်။တစ်ကယ်ပဲ သူ မမြင်ရသည့်လူတစ်ယောက်ပေါ် နက်နက်နဲနဲငြိတွယ်မိခြင်းဖြစ်သည်။
"ယုံကြည်ပါတယ်။ ဒါပေမယ့်လောလောဆယ်တော့ မင်းစိတ်လေးကိုခဏလောက် အနားပေးစေချင်တယ်။"
Lucas သည် Ivan ၏ တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်၏။ သူ့တစ်ဘ၀လုံး အသက် ၂၆ နှစ်ပြည့်လျှင် ရောက်လာမည့် သူတစ်ယောက်ကို မျှော်လင့်ရင်း သည်အိမ်ကြီးထဲ အချိန်ကုန်ဆုံးခဲ့ရခြင်းဖြစ်သည်။ ပြောရမည်ဆိုလျှင် သူ့ကို ဒီဘ၀ကြီးထဲမှဆွဲထုတ်ပေးနိုင်မည့် တစ်ယောက်တည်းသောသူဖြစ်သည်။
ထိုကဲ့သို စိတ်ဖြင့် Ivan စံအိမ်ကြီးထဲမှာ တောင့်ခံနေခြင်းဖြစ်သည်။ Lucas၏ စိတ်ရင်းကို သူ ၃လအတွင်းမြင်တွေ့ ပြီးဖြစ်သည်။ စာတစ်စောင်နှင့်မိဘများ၏ အကျပ်ကိုင်မှုကြောင့်ရောက်လာသည့် Lucas မဟုတ်သည့်အတိုင်း စိတ်ရော ကိုယ်ပါ နစ်မြုပ်ပစ်ခဲ့သည်။
Lucas၏ စေတနာရင်းမှန်နှင့် စိတ်အားထက်သန်မှုကိုမြင်ရလေ Ivan လောဘတတ်မိလေဖြစ်သည်။ သည်စံအိမ် ကြီး ထဲမှာ လူလို့တောင် သတ်မှတ်ခြင်းမခံရပဲနေထိုင်လာရသည့်သူ့အတွက် Lucas သည် တစ်ဦးတည်းသော သံယောဇဥ် ကြိုးမျှင် လေးဖြစ်၏။
"Ivan ခင်ဗျား ကိုယ့်ဘေးမှာရှိနေလား။"
Lucas မေးရင်းလက်ကိုဆန့်လိုက်သည်။ သူ့လက်ဖ၀ါးကျလာသည့် ခပ်နွေးနွေးအရာက Ivan ၏ လက်ဖ၀ါး တစ်ဖက်မှန်း သူခံစားမိသည်။ ဒါ မမြင်ရသည့်တိုင် သူ့စိတ်မှအလိုလိုသိနေသည့် ခံစားချက်ပင်ဖြစ်သည်။
"Ivan ဒီလက်ကိုကိုယ့်ဖက်ကလွှတ်လိုက်ဖို့စိတ်ကူးမရှိဘူး။ ဒါကြောင့် ယုံကြည်ပြီး ဘေးမှာပဲအမြဲအတူရှိနေပေး။ စကမ်းတဲ့ လက်နဲ့ဆုပ်ကိုင်ထားဖို့က ကိုယ့်တာ၀န်မို့ ခင်ဗျားသာ လက်မလျော့လိုက်နဲ့။ "
Lucas ယုံကြည်မှုအပြည့်ဖြင့် Ivan ရှိမည့်ဖက်မျက်နှာမူရင်းပြောလိုက်သည်။ သူဘယ်လိုအခြေအနေမျိုး မှာပဲဖြစ် ဖြစ် လက်မလျော့ဘူးဆိုသည့်သဘောပင်ဖြစ်သည်။ ကျိန်းသေသည်ကတော့ ကျိန်စာပျယ်ခြင်း၊မပျယ်ခြင်းထက် Ivanကို စံအိမ်ကြီးထဲ၌တစ်ယောက်တည်းဆက်ပြီးအထီးကျန်သည့်ခံစားချက်ကို သူခွင့်ပြုတော့မှာမဟုတ်ပေ။
Ivan လက်ကိုတင်းတင်းဆုပ်ကိုင်ပြီး စပျစ်ပင်ငယ်ကိုကျောခိုင်းကာ အိမ်ကြီးဆီလျှောက်လာလိုက်သည်။
ပျော်ရွှင် ကြည်နူးရလွန်း၍ ပြောစရာစကားများကွယ်ပျောက်သွားသလိုပင်။ ပျော်ရွှင်ကြည်နူးရသည်ဆိုသည့် စကားသည် Ivan ၏ ခံစားချက်အမှန်ကိုလုံလောက်အောင် ဖော်ပြဖို့မစွမ်းသာပေ။ ထိုက်တန်လွန်းပါသည်။ Ivan သည်စံအိမ်ကြီး ထဲမှာ ကျိန်စာနှင့်အတူပျောက်ကွယ်သွားရမည်ဆိုလျှင်တောင် မတုန်လှုပ်တော့ပေ။
Ivan အတွက် Lucas ၏ စိတ်ကိုရလိုက်ခြင်းသည် ဘ၀မှာတစ်ခါမှမရဖူးသည့် အခွင့်ထူးကိုရသကဲ့သို့ပင် ခံစားရသည်။ Lucas သည် သူ့ဘ၀အတွက် မျှော်လင့်ချက်ရောင်ခြည်ဖြစ်သလို၊ အကောင်းဆုံးဆုလာဘ်တစ်ခုပင်ဖြစ်သည်။ နောက်ထပ် နောက်ထပ် ဘာမှလိုအင်ဆန္ဒမှမရှိတော့သလိုမျိုး ပြည့်စုံသွားခြင်းမျိုးဖြစ်၏။
.......................................။
MLလေးကို စိတ်၀င်စားနှစ်သက်မယ်ဆိုရင် ၀ါသနာတူသူငယ်ချင်းများကိုလည်း ဖိတ်ခေါ်ပေးဖို့ အကူအညီတောင်းပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။