[ လက်ရှိအခန်းတွင်ပါဝင်သည့် ဂျရယ်မိုင်ရာ၏ဘိုးဘေးအမည်နာမများအား မြန်မာမှုဖြင့် အလွယ်မှတ်သားနိုင်ရန်။
အဖေ = ဒေါမနစ်
အဘိုး = ဂရေဟမ်
အဘေး = လင်ကွန်း
အဘီ = ဂါဘရီရယ်
အဘင် = အဒေါနစ်
အဘောင်= ဂျက်စပါ
အဘော = တီမိုသီ (ဖရီးမန်း)
]
╔═════ ࿇ ═════╗
𝕮𝖍𝖆𝖕𝖙𝖊𝖗 33
Thank You, Father
╚═════ ࿇ ═════╝
ဖရီးမန်းစံအိမ်တော်၌ မွန်ဒီပျောက်ဆုံးနေခဲ့သ
ဖြင့် အားလုံးက စိတ်ပူနေခဲ့ကြ၏။ မွန်ဒီ့ကို စံအိမ်တော်အတွင်းတင်မက အပြင်ပါ နေရာအနှံ့လိုက်လံရှာဖွေနေကြရင်း ဆူညံပွက်လောရိုက်နေကြသည်။
ဂျရယ်မိုင်ရာ၏လုပ်ရပ်ကြောင့်လည်း မိသားစုဝင်များမှ ဒေါသထွက်နေခဲ့ကြပြီး မွန်ဒီကမူ သူမ၏ဖရီးမန်းမိသားစုဝင်များကို သတိရခြင်းမရှိတော့ဘဲ ကီရမ်နှင့်သာ အချိန်အတူတူကုန်ဆုံးနေခဲ့လျက်။
ယခုအချိန်တွင် ဒေါမနစ်မှာ သူ၏သားဂြိုဟ်ကောင် ဂျရယ်မိုင်ရာနှင့် သမီး အကဲစိန် မွန်ဒီတို့ကြောင့် ခေါင်းသွေးဆောင့်တက်နေခဲ့၏။ တီမိုသီဖရီးမန်းကမူ ဂျရယ်မိုင်ရာ၏လုပ်ရပ်နှင့်ပတ်သက်၍ အလွန်စက်ဆုပ်ကာ အမျက်စူးရှနေခဲ့သည်။
ဂရေဟမ်၊ လင်ကွန်း၊ ဂါဘရီရယ်နှင့် အဒေါနစ်တို့က ပါးစက်တစ်ယောက်တစ်ပေါက်ဖြင့် တီမိုသီအား ဂျရယ်မ်ိုင်ရာအကြောင်းကို အလုအယက် တိုင်တန်းပြောဆိုကြသည်။ ဂျရယ်မိုင်ရာမှ ခရစ်စတိုဖာကို မည်ကဲ့သို့ကာကွယ်ပြောဆိုခဲ့ကြောင်းနှင့် ဘိုးဘေးများအား မည်ကဲ့သို့ ရန်တွေ့ခဲ့ပုံတို့ကိုလည်း ပြန်လည်သရုပ်ပြတက်ဆက်ခဲ့ကြသေးသည်။ ဒေါမနစ်မှာ နားပူနေသည်။
အကြောင်းမှာ သူ့ဘိုးဘေးများက ပြဿနာကို အေးဆေးမဖြေရှင်းကြဘဲ ဒေါသကိုယ်စီဖြင့် ဝုန်းဒိုင်းကြဲကာ ဆူပူနေခဲ့ကြသောကြောင့်ပင်။ ထို့ကြောင့် သူစိတ်ပျက်မိ၏။
ဂရေဟမ်က ဂျရယ်မိုင်ရာနေရာကနေ သူမြင်ခဲ့သည့်ပုံစံအတိုင်း သေချာသရုပ်ဆောင်ပြခဲ့ပြီး ဂါဘရီရယ်နှင့်ဂရေဟမ်က ဂျရယ်မိုင်ရာကို ပြောခဲ့သလို ပြန်ပြောခဲ့ကာ သရုပ်ပြတင်ဆက်ခဲ့သည်။ အလားတူစွာ အဒေါနစ်က ကိုတနေရာမှ ကူညီသရုပ်ဆောင်ပေးသူ လင်ကွန်းအား သူ၏တစ်ကြောင်းတည်းသော ဇာတ်ဝင်ခန်းစကားကို ဟန်ပန်အပြည့်ဖြင့် ပြန်လည်သရုပ်ဖော်ပြောဆိုခဲ့သည်။
( အဒေါနစ်၏တစ်ကြောင်းတည်းသော ဇာတ်ဝင်ခန်းစကား - " မင်း ဘယ်သူလဲ ")
ဂျရယ်မိုင်ရာကို ဒေါမနစ်ပြောဆိုခဲ့သောဇာတ်ဝင်ခန်းကိုမူ ဂါဘရီရယ်မှ သရုပ်ဆောင်တင်ဆက်ခဲ့သည်။ ဤသို့ဖြင့် သူတို့၏အကြီးစားဖျော်ဖြေတက်ဆက်မှုကြောင့် တီမိုသီမှာ အမြင်အာရုံထဲတွင် ရုပ်လုံးထင်ထင်ရှားရှားမြင်ယောင်မိခဲ့ပြီး မွန်ဒီ့ကိစ္စကိုမေ့ပျောက်ကာ ဒေါသအလွန်အမင်းထွက်နေခဲ့ရခြင်းပင်။
ယခုတွင်လည်း ဂျရယ်မိုင်ရာကို စိတ်တ်ိုတိုဖြင့် ဆဲရေးတိုင်းထွာနေခဲ့၏။
" ဘယ်ခွေးမျိုးက မွေးလာလို့ သူ့လိုကောင်က ငါတို့တွေကို ရိုင်းစိုင်းနေရဲရတာလဲ။ ယုတ်ညံ့လွန်းတဲ့သတ္တဝါကောင်ပဲ"
ထို 'ခွေးမျိုး' ဟူသော စကားအသုံးအနှုန်းကြောင့် ဒေါမနစ်၏မျက်ခုံးများက တွန့်တက်မှုန်ကုတ်သွားလျက်။
တီမိုသီ၏သားဖြစ်သူ Jasper (ဂျက်စပါ) ကလည်း ' ခွေးမျိုး' ဟု ကြားလိုက်သည်နှင့် မျက်နှာတွန့်တက်ကာ မျက်လုံးပြူးသွားခဲ့သည်။
" ဂျရယ်မိုင်ရာက အဖေ့မျိုးဆက်ကမွေးတာလေ၊ အဖေက ခွေးကြီးလား "
တီမိုသီက ဂျက်စပါကို မျက်ထောင့်နီဖြင့် စူးစိုက်ကြည့်လိုက်ရာ ဂျက်စပါလည်း ရုပ်တည်တည်ပြန်နေလိုက်၏။ စကားဆက်ပြောဖို့အရေး သူ့လည်ချောင်းထဲတွင် ဒေါသမာန်ခဲများပြည့်ကျပ်နေ၍ မျိုချပြီးမှ ဂျက်စပါကို စကားပြောနိုင်သည်။
" ငါတို့က ရှေ့မျိုးဆက် ၇ နှစ်ဆက်လုံးက မျိုးစစ်ခဲ့တယ်။ ဟိုကောင့်လက်ထက်မှ ခွေးစုတ်ခွေးညံ့ရဲ့မျိုးရိုးဗီဇပြောင်းသွားတာ။ မိစ္ဆာကိုမှ သွားကြိုက်တဲ့အပြင် သူကြိုက်တာကလည်း မိစ္ဆာတောင်အထီးဖြစ်နေတယ်။ ပြီးတော့ သူကများ ဘိုးဘေးတွေကိုတောင် ပြန်ချလိုက်သေး တယ်။ ရှက်ပြီးရွံဖို့ကောင်းလိုက်တာ ... ငါတို့မျိုးရိုးမှာ ဒီကောင်လိုလူမျိုးပါလာရတယ်လို့။ မျိုးမစစ်တဲ့ သန္ဓေယုတ်ကောင် ... ငါကိုယ်တိုင် သူ့ကိုတွေ့တာနဲ့ အသေသတ်မယ်"
ဒေါမနစ်မှာ တီမိုသီ၏ စကားလုံးများကို နားရှက်ရှက်ဖြင့် အံကြိတ်မာန်တင်းကာ နားထောင်နေခဲ့သည်။
သူတို့၏ဇနီးဖြစ်သူများက သူမတို့ယောက်ျားများ၏စကားဝိုင်းထဲသို့ ကြားဖြတ်၍စကားဝင်ပြောဖို့နေနေ အခန်းထဲသို့ ဝင်မလာရဲကြဘဲ အခန်းပြင်မှ မျက်လုံးတစ်ပေါက်စာ ဟထားသောတံခါးပေါက်ကနေ ခိုးကြောင်ခိုးဝှက်ကြည့်ရှုနားထောင်နေခဲ့ကြပြီးနေခဲ့ကြသည်။
--------
လအလင်းရောင် ဖျော့တော့တော့အောက်တွင် ကြယ်မစုံသော မဟူရာညကောင်းကင်ကို အဆွေးများဖြင့် ကြည့်ရှုနေသူတစ်ဦးရှိနေခဲ့သည်။ ထိုသူက ကိုတဖြစ်၏။
သူ၏ချစ်ဇနီးဟီရိုကိုအား လွမ်းနေခဲ့ခြင်းပင်။ နှလုံးသားထဲက ဘယ်ပုံဘယ်မျှလွမ်းဆွတ်နေခဲ့ကြောင်းကို သူ၏မျက်ရည်စီးကြောင်းများက သက်သေပြနေခဲ့သည်။ ညပတ်ဝန်းကျင်လေထုအေးက သူ့ခန္ဓာကိုယ်အပေါ်ယံကိုသာ အေးမြနိုင်စေခဲ့ပြီး သူ့နှလုံးအိမ်ကိုတော့ အေးမြအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။
အိပ်မပျော်နိုင်ခဲ့သဖြင့် ဟီရိုကိုဆီ ခရမ်းရောင်လိပ်ပြာငယ်လေးနှင့် ကဗျာအသံလွှာတစ်ပုဒ်အား ပေးပို့ခဲ့သည်။
သူ၏မေတ္တာတရားကိုဖော်ကျူးထားသော စာကြောင်းတိုတို၊ စကားလုံးနည်းနည်းဖြင့် ရေးစပ်ထားသည့်ကဗျာတစ်ပုဒ်။
" ကိုယ့်အိမ်သူရဲ့ရွှေရင်အေးအပြုံးလေးကို မြင်လွှာထဲမှာ နှစ်ကုဋေကုဋာကြာနေလည်း မှတ်မိနေဆဲပါပဲ ... "
ထိုကဗျာတိုကို ဟီရိုကို လက်ခံရရှ်ိပြီးနောက် ကာလအတန်ကြာ မဖူးပွင့်နိုင်ဖြစ်နေခဲ့သည့် အပြုံးမျက်နှာပန်းလေးမှာ တစ်ဖန်ပြန်လည် ဖူးပွင့်လာလျက်။ ရံဖန်ရံခါမှာ ချစ်ရသူကို စကားလုံးများစွာဖြင့် မေတ္တာကြူးရင့်သီနေခြင်းထက် အနည်းငယ်မျှသောစကားလုံးရေကလည်း ပြုံးစေနိုင်သည်။
ဂျရယ်မိုင်ရာက ကိုတ၏အိပ်ခန်းထဲသို့ ခိုးဝင်လာခဲ့သောအခါ တတမီဖျာပေါ်မှာ ခရစ်စတိုဖာက အလွန်အိပ်မောကျနေခဲ့သည်။ သူလည်း ခရစ်စတိုဖာနားကို ခြေဖွဖွလေး လျှောက်လှမ်းသွားသည်။ ခရစ်စတိုဖာ၏ကိုယ်အောက်ပိုင်းသို့ လျှောကျနေသောဂွမ်းစောင်အား ရင်ဘတ်နားထိရောက်အောင် ညင်သာဖြည်းညှင်းစွာ ဆွဲတင်ပေးလိုက်သည်။ အိပ်နေသူခရစ်လေးကို အချိန်အတော်တန်ကြာအောင် ကြည့်နေခဲ့စဥ်မှာ ဂျရယ်မိုင်ရာ၏အပြုံးက စိန်ပွင့်ကဲ့သို့ တောက်ပနေခဲ့သယောင်။
" အဟမ်း "
ကိုတ၏ချောင်းသံကြောင့် သူ့အပြုံးလည်း ချက်ချင်းပျောက်ကွယ်သွားသည်။ ကိုတက ခရစ်စတိုဖာဘေးနားမှာ ထိုင်ချလိုက်ပြီး ခရစ်တိုဖာ၏လက်မောင်းနားရောက်နေသောဂွမ်းစောင်ကို လည်ပင်းထိ ထပ်မံဆွဲတင်ကာ ကိုယ်တစ်ကိုယ်လုံးလုံစေရန် ခြုံပေးခဲ့သည်။
ဂျရယ်မိုင်ရာက ကိုတ၏အပြုအမူကို မျက်စေ့ထောင့်ထောက်ကြည့်ရှုနေခဲ့ပြီးနောက် ' သူက ဘာလို့ကို ခရစ်ကို ငါ့ထက်ပိုဂရုစိုက်ပြနေရတာလဲ ' ဟူသောအကြည့်များဖြင့် မျက်မှောင်ကြုတ်နေခဲ့၏။
ကိုတက ဘေးသို့လှည့်လိုက်သော် မျက်နှာရှစ်ခေါက်ချိုးနေသော ဂျရယ်မိုင်ရာ၏ပုံစံကိုမြင်လျှင် သဘောကျစွာ ရယ်မိသည်။
" မင်းယောက္ခထီးကိုတောင် သဝန်တိုနေသေးတာလား "
" ဘာ ... "
မျက်လုံးဝင်းခနဲဖြစ်သွားသည့် ဂျရယ်မိုင်ရာကြောင့် ကိုတက တခစ်ခစ်ရယ်မောနေခဲ့သည်။ ဂျရယ်မိုင်ရာက သူ့ပြက်လုံးအကြောင်းမေးရန် ပါးစပ်ဟနေစဥ်မှာပဲ ခရစ်စတိုဖာ၏နဖူးပေါ် ကိုတ၏ညာလက်ချောင်းများက နူးညံ့စွာ ပွတ်သပ်ပေးနေခဲ့သည်။
" မင်း သူ့ကိုချစ်တယ်ဆိုတာ ငါတို့ချစ်သလောက် မမီပါဘူး"
ဂျရယ်မိုင်ရာလည်း ကိုတ၏စကားလုံးများကြောင့် စိတ်အနည်းငယ် ဇဝေဇဝါဖြစ်လာသည်။ သူ၏စိတ်ထဲ၌ ရေရွတ်မိသည်။
" ငါတို့တဲ့လား ..."
ကိုတက ခရစ်စတိုဖာ၏မျက်နှာကို အတန်ကြာအောင် တစိမ့်စိမ့်ကြည့်နေခဲ့ရင်း ပီတိအပြုံးဝေနေခဲ့သည်။ ထို့နောက် သူ မတ်တပ်ထရပ်လိုက်ပြီး ဂျရယ်မိုင်ရာကို ပြောခဲ့သည်။
" အပြင်လိုက်ခဲ့ "
ကိုတက အခန်းထဲမှ အရင်ထွက်သွားခဲ့၏။ ဂျ
ယ်မိုင်ရာက နောက်မှလိုက်လာခဲ့သည်။ ထို့နောက် ဘုန်းကြီးကျောင်းပရဝဏ်အတွင်း ဂျရယ်မိုင်ရာနှင့်အတူတူ အေးအေးလူလူ လမ်းလျှောက်နေခဲ့သည်။ အလွန်အေးဆေးတည်ငြိမ်နေသည့်ကိုတ၏ပုံစံကို ဂျရယ်မိုင်ရာက စိတ်မရှည်တော့ဘဲ သူစိတ်ထင့်နေသည့်ကိစ္စအား မေးဖို့စတင်ခဲ့သည်။
" မဟုတ်မှလွဲရော ခင်ဗျားက ... "
" အေး ... မင်းထင်သလိုပဲ "
ဂျရယ်မိုင်ရာ၏စကားမဆုံးခင် ကိုတက လျင်မြန်စွာ တုံ့ပြန်ခဲ့ခြင်းက ဂျရယ်မိုင်ရာ၏စိတ်ကိုကောင်းစွာဖတ်နိုင်ကြောင်း သက်သေပြနေခဲ့၏။ ဂျရယ်မိုင်ရာလည်း အံ့သြသွားသည်။
" ဒါဆို ... ခရစ်ရဲ့အမေကရော ..."
ကိုတက ကောင်းကင်ပေါ်သို့ လက်ညိုးထိုးပြခဲ့သည်။ ဂျရယ်မိုင်ရာလည်း ခရစ်၏မိခင် သေသွားသည်အထင်နှင့်။
" ဪ ... စိတ်မကောင်းပါဘူး "
" မင်းမေလင်ကို စိတ်မကောင်းပါဘူး။ သူ မသေသေးဘူးဟ "
ကိုတလည်း အနည်းငယ် စိတ်ဆတ်သွားကာ ဂျ
ယ်မိုင်ရာကို ငေါက်ခဲ့သည်။
" ခင်ဗျားက ပြည့်ပြည့်စုံစုံမှ အရင်မပြောပြတာကို "
" ပြည့်ပြည့်စုံစုံရှင်းပြရရင်တော့ ဒီကမ္ဘာဆုံးလို့ နောက်ကမ္ဘာတည်ရင်တောင် ပြောစရာဇာတ်ကြောင်းများလို့ ပြီးမယ်မထင်။ အဲဒီတော့ လိုတိုရှင်းပဲ မင်းကိုအသိပေးမယ် "
ကိုတက ဂျရယ်မိုင်ရာဘက်ကို မျက်နှာလွှဲလာသည်။
" ခရစ်စတိုဖာက ငါ့သားအရင်း ... ဒါပေမဲ့ ငါ့ဘက်က သူ့ကို အချိန်တန်မှ ဖွင့်ပြောချင်တယ်။ ဘာကြောင့် စောစောမပြောပြထားရသလဲဆိုရင် ငါတို့လူကြီးနှစ်ယောက်ကြားက အဖြစ်အပျက်တွေကို သူမရင့်ကျက်တဲ့အချိန်မှာ စောသိသွားရင် သူ စိတ်ထိခိုက်ပြီး အရမ်းနာကျင်ရမှာစိုးလို့ "
" အဲဒီလို အချိန်စွဲနေတာကမှ သူ့အပေါ် ရက်စက်ရာကျတယ်မထင်ဘူးလား "
ဂျရယ်မိုင်ရာ၏ကြားဖြတ်မေးခွန်းကို သူ ပြန်မဖြေခဲ့ဘဲ ကောင်းကင်ကိုသာ မော့ကြည့်နေခဲ့သည်။
"ငါ့မိန်းမရဲ့ဆန္ဒလည်းပါတယ်။ အီတို့အနေနဲ့ စိတ်ဓာတ်ရော စွမ်းအားရော အသန်မာဆုံးဖြစ်လာတဲ့တစ်နေ့မှ ဖွင့်ပြောစေချင်တာ သူ့ဆန္ဒပဲ ... ငါ့မိန်းမ ဟီရိုကိုက လနတ်မိဖုရားခေါင်ကြီးရဲ့ဥယျာဉ်တော်မှာ ပစ်မှုတစ်ချို့ကြောင့် အချုပ်ခံထားရတာ၊ ငါကလည်း အဲ့တုန်းက အီတိုနဲ့အတူတူနေလို့မရတဲ့အကြောင်းတရားတွေရှိနေခဲ့လို့ "
ဂျရယ်မိုင်ရာက တည်ငြိမ်စွာ နားထောင်နေခဲ့သည်။
" မင်း အီတိုကို တကယ်ချစ်တယ်ဆိုရင် မင်းရဲ့အတ္တတွေကို ရှေ့တန်းမတင်ဘဲ သူပျော်ရွှင်ဖို့ကိုသာ ဦးစားပေးရမယ် "
" ခု ကျွန်တော်က အတ္တကြီးနေလို့လား "
ဂျရယ်မိုင်ရာ၏မျက်ခုံးများက သံသယများနှင့် အပေါ်သို့ ပင့်တက်ခဲ့သည်။
" အင်း ... မင်းရဲ့မဆင်မခြင်လုပ်ရပ်တွေကြောင့် အီတိုကို လက်လွှတ်ဆုံးရှုံးရတာမျိုးမဖြစ်စေချင်ရင် နောက်ဆို အီတိုနဲ့ပတ်သက်လာတဲ့ကိစ္စမှန်သမျှကို ဦးနှောက်နဲ့ရော နှလုံးသားနဲ့ရော သဟဇာတဖြစ်အောင်ညှိရင်း စဉ်းစားဆုံးဖြတ်ပြီးမှ သေချာလုပ် "
ဂျရယ်မ်ိုင်ရာက ခရစ်စတိုဖာနှင့်ပတ်သက်လာလျှင် သူ၏စိတ်ခံစားချက်များကိုဦးစားပေးလေ့ရှိခဲ့သည့်လုပ်ရပ်များကြောင့် နောက်ဆက်တွဲပြဿနာအရှုပ်အထုပ်များလည်း ဖြစ်လာခဲ့ပေသည်။ စင်စစ်အားဖြင့် ခရစ်စတိုဖာကို ဂါဗင်တို့အရှေ့တွင် နမ်းခဲ့သည့်ကိစ္စမှစတင်ခဲ့၏။
ဂျရယ်မ်ိုင်ရာလည်း ကိုတ၏စကားများကြောင့် မိနစ်အနည်းငယ် တွေဝေမိသွားသည်။
" ပြဿနာတော်တော်များများ ဂယက်ထသွားခဲ့တာ ကျွန်တော့်ကြောင့်မှန်းသိပေမဲ့ သူ့ဘက်ကို တကယ်ထည့်မစဥ်းမိခဲ့တာတွေအတွက်လည်း စိတ်မကောင်းဖြစ်မိတဲ့အချိန်တွေရှိပါတယ်။ နောက်ပြီး ခရစ်အနေနဲ့ သူငယ်ငယ်လေးထဲက သူ့မိသားစုအပေါ် သံယောဇဉ်တအားကြီးတယ်။ ခရစ်က စိတ်ထားကောင်းပြီး သဘောထားပြည့်ဝတယ်။ ကြင်နာတယ်။ ခင်ဗျားကသာ သူ့အဖေရင်းမှန်းသိရင်လည်း သူပျော်ပြီးဝမ်းသာလောက်မှာပါ "
ဂျရယ်မိုင်ရာက ကိုတနှင့် ဘေးချင်းယှဉ် လမ်းလျှောက်လျက် သူပြောနေကြလေသံမဟုတ်သည့်လေသံနှင့် နူးညံ့စွာပြောသည်။ တစ်နေရာအရောက်မှာ ကိုတက လမ်းဆက်မလျှောက်တော့ဘဲ ရပ်တန့်လိုက်သည်။ ထို့နောက် ဘုန်းကြီးကျောင်းခေါင်မ်ိုးပေါ်သို့ ပျံတက်သွားသည်။ ဂျရယ်မိုင်ရာလည်း သူ့အတိုင်း အမိုးပေါ်သို့ ပျံတက်သည်။
သူတို့နှစ်ယောက် ခေါင်မိုးပေါ်မှာ နေရာတကျထိုင်လိုက်ကြ၏။ ထို့နောက် ကိုတက စကားဆက်ပြောသည်။
" ငါ့မိသားစုနဲ့အတူတူ နေချင်တာ ငါ့ရဲ့တစ်ခုတည်းသောဆန္ဒပဲ ... အခု အီတိုမှာ မင်းရှိနေပြီဆိုတော့ ငါစိတ်ချပါတယ်။ ငါကတော့ ငါ့ဇနီးဟီရိုကိုနဲ့ ရိုးရှင်းတဲ့ဘဝတစ်ခုတည်ဆောက်ပြီး အချိန်တွေကို အေးအေးချမ်းချမ်းလေး ကုန်ဆုံးချင်တယ်။ ဟီရိုကို ပြန်လွှတ်လာဖို့ ဘယ်နှစ်နှစ်ထိစောင့်ရဦးမလဲမသိပေမဲ့ ငါကတော့ သူ့မျက်နှာလေးမြင်ရဖို့အတွက် တစ်နေ့တစ်နေ့ အသက်ရှင်လာတာ ... "
ကိုတက ကောင်းကင်ကို မော့ကြည့်လျက် စကားပြောနေခဲ့သည်။ ကောင်းကင်မှာ မှိတ်တုတ်မှိတ်တုတ် ကြယ်အရေအတွက်များက နည်းနေလျက်။ ဂျရယ်မိုင်ရာလည်း သက်ပြင်းငွေ့ငွေ့လေးချလိုက်ပြီး ကောင်းကင်ကို မော့ကြည့်ခဲ့သည်။ ထို့နောက် ကိုတက ဝမ်းနည်းဟန်ပါသည့်လေသံနှင့် စကားဆက်ပြော၏။
" ပြန်ဆုံခွင့်မရှိတော့ရင် ငါ့မှတ်ဉာဏ်တွေကို ငါကိုယ်တိုင်ပြန်ဖျောက်လိုက်မယ်။ ချစ်ဖူးခဲ့တဲ့လူတစ်ယောက်ကြောင်းကို ဘယ်တော့မှ ပြန်မဆုံနိုင်မှန်းသိပြီး နာကျင်ရင်း အမှတ်ရ မနေချင်ဘူး ... "
" အင်း... ကျွန်တော်ရောပဲ "
ဂျရယ်မိုင်ရာက နှာခေါင်းထဲမှ လေပြင်းတစ်ချက်မှုတ်ထုတ်သည်။
" ခရစ်နဲ့ဝေးသွားပြီး သိပ်မကြာခင်မှာ ဂျက်ဖရီတို့ဖျောက်ထားခဲ့တဲ့ ခရစ်နဲ့ပတ်သက်သမျှ မှတ်ဉာဏ်တွေအားလုံးကို ကျွန်တော်ပြန်သတိရသွားခဲ့တယ်။ မိစ္ဆာတွေထဲ မှတ်ဉာဏ်ဖျောက်နိုင်စွမ်းရှိတဲ့မိစ္ဆာဆိုတာ ခေတဲ့ကောင်တွေမှမဟုတ်တာ။ ဂျက်ဖရီတို့လက်ချက်မှန်း သေချာပေါက် သတိထားမိခဲ့တယ်။ ခရစ်ကို နှစ်အတော်ကြာပြန်ရှာနေခဲ့ပေမဲ့ ဘယ်လိုမှ မတွေ့နိုင်တော့တဲ့အဆုံး ကျွန်တော်ကိုယ်တိုင် မှတ်ဉာဏ်ဖျောက်ခဲ့ဖူးတယ်။ နှလုံးသားထဲမှာပဲ အမှတ်တရတွေသိမ်းဆည်းမယ်။ ဦးနှောက်ထဲကနေ ထာဝရဖျောက်ပစ်လိုက်မယ်လို့ ရည်ရွယ်ပြီးတော့ ... "
ကိုတက စိတ်ဝင်စားစွာ နားထောင်နေရင်း ပြုံးလာသည်။
" ဒါပေမဲ့ မင်း အဲဒီလို မလုပ်နိုင်ခဲ့ဘဲ ... အီတိုနဲ့တွေ့မှ မှတ်ဉာဏ်တွေပြန်ရအောင် မင်းကိုယ်မင်း ကျိန်စာတိုက်ခဲ့သေးတာမလား"
" အွန်း ... တကယ် အဲဒီလိုလုပ်ခဲ့တယ်၊ သူနဲ့ပြန်တွေ့ပြီး သိပ်မကြာခင်မှာ ပြန်သတိရသွားခဲ့တာ "
ကိုတ၏နှစ်လိုဖွယ်အပြုံးအေးက ယခင်ထက် ပို၍တောက်ပလာသည်။ ဂျရယ်မိုင်ရာ၏ကျောကုန်းကို ပြင်းပြင်းလေး ပုတ်လိုက်လျက်။
" ငါတို့က အရူးကောင်တွေချည်းပါပဲ။ ပြဿနာတွေ အားလုံးပြီးသွားတဲ့နေ့ရောက်ရင် မင်းလက်ထဲ ငါ့ သားလေးကို အပြီးအပ်မယ် ... အဲဒီအချိန်မတိုင်ခင်တော့ ငါ့သားကို ငါပိုင်ချင်သေးတယ်။ ဟီရိုကိုနဲ့ကွဲကွာနေရတုန်းမှာ ဟီရိုကို့ရဲ့ကိုယ်ပွားလေးဆိုလို့ သူပဲရှိတာမို့လို့ ငါတဝကြီး ချစ်ပါရစေအုံး "
ဂျရယ်မိုင်ရာ၏နှလုံးအိမ်ထဲမှာ ပူနွေးစပြုလာသည်။ အကြောင်းမှာ ခရစ်စတိုဖာတွင် ကိုတကဲ့သို့ ဖခင်ကောင်းတစ်ယောက်ရှိသည့်အပြင် ကိုတဟာ သူ့အိမ်မက်ထဲက သူအလိုချင်ဆုံးသောဖခင်ပုံစံဖြစ်နေသောကြောင့်ပင်။ သူ့ဖခင် ဒေါမနစ်နှင့် ကိုတက အများကြီးကွာခြားလွန်းခဲ့သည်။
" ကျွန်တော် ... ကျွန်တော့်ကို ခရစ်နဲ့ဘာလို့သဘောတူတာလဲ၊ ကျွန်တော်တို့က လိင်တူ ... "
သူ့စကားကြောင့် ကိုတက သွားပေါ်သည်အထိ ရယ်မိခဲ့သည်။
" အဟက် ... နေစမ်းပါ၊ အဲဒီလိင်တူ လိင်ကွဲ ကန့်သတ်ချက်တွေဆိုတာ အရည်မရအဖတ်မရတွေ။ လူနှစ်ယောက်က စိတ်တူကိုယ်တူရှိပြီး အပြန်အလှန်ချစ်တတ်တဲ့နှလုံးသားချင်းလည်း ထပ်တူညီမယ်၊ တစ်ယောက်ကိုတစ်ယောက် စာနာနားလည်မှုအပြည့်ပေးနိုင်မယ်၊ နှစ်ယောက်တည်းကမ္ဘာကို အခက်အခဲတွေရှိလည်း ရယ်ရယ်မောမော တည်ဆောက်နိုင်တယ်ဆို မင်းလက်တွဲဖော်က ယောကျာ်းဖြစ်စေ၊ မိန်းမဖြစ်စေ ပြဿနာမရှိဘူး"
ကိုတက စကားပြောနေစဉ် သူ့ကီမိုနိုထဲက ယပ်တောင်ကို ထုတ်လိုက်ပြီး ဖြည်းညင်းစွာ ယပ်ခတ်လိုက်သည်။
" ကျေးဇူးတင်ပါတယ် ကိုတ "
" ငါ့သားကို ရူးရူးမိုက်မိုက်ရွေးချယ်ခဲ့တဲ့ မင်းကိုသာ ပိုကျေးဇူးတင်ရမှာ "
ဂျရယ်မိုင်ရာက စိတ်သက်သာရာရသွားသဖြင့် အနည်းငယ်ပြုံးခဲ့သည်။
" ကိုယ့်သားသမီးကို သူ့အသက်ထက်ချစ်ပေးနိုင်တဲ့သူဟာလည်း သွေးမစပ်တဲ့ ကိုယ့်သွေးသားရင်းပါပဲ ... ချွေးမဖြစ်စေ၊ သားမက်ဖြစ်စေ ... လိင်တူဖြစ်စေ၊ လိင်ကွဲဖြစ်စေ ... "
ဂျရယ်မိုင်ရာမှာ သူ့မျည်ရည်များကို မျက်ဝန်းထဲများထဲကနေ ထွက်မကျလာအောင် မထိန်းနိုင်တော့ပေ။ ကိုတ၏စကားလုံးတိုင်းက ရိုးရှင်းရုံမက သူ့နှလုံးသားကိုပါ ရိုက်ခတ်သွားခဲ့သည်။
ကိုတက သူမထင်မှတ်ထားသလောက် အလွန်သဘောထားပြည့်၀သူတစ်ဦးဖြစ်သကဲ့သို့ ဖခင်ကောင်းတစ်ဦးမှာ ရှိသင့်သောအရည်အချင်းစံနူန်းများနှင့်ပြည့်စုံသည်ထက် ပိုလွန်းခဲ့၏။ သူ့ငယ်ဘဝ အိမ်မက်ထဲက သူလိုချင်တောင့်တခဲ့သော စိတ်ထားနူးညံ့ပြီး သန်မာသည့် ဖခင်သာ။
" ကျွန်တော့်ကို အသိအမှတ်ပြုပေးလို့ ကျေးဇူးတင်ပါတယ် အဖေ "
ဂျရယ်မိုင်ရာ၏မျက်ရည်စ၊ မျက်ရည်ပေါက်တို့က သူ၏ဒူးပေါ်တွင် ဟိုတစ်ကွက်၊ဒီတစ်ကွက် စိုရွှဲလာခဲ့သည်။ ကိုတက ဂျရယ်မိုင်ရာ၏အပြုအမူကြောင့် အနည်းငယ်အံ့အားသင့်သွားခဲ့သော်လည်း ပြုံးနေခဲ့သည်။
ထိုအခိုက်အတန့်၌ ခရစ်စတိုဖာကတော့ အခန်းထဲတွင် အလွန်နှစ်ခြိုက်စွာ အိပ်မောကျနေခဲ့သည်။
လနန်းတော်၏ဥယျာဉ်ထဲတွင်မူ ဟီရိုကိုမှာတော့ တစ်ကိုယ်တည်း နေ့ရက်တိုင်းအား ချစ်ခင်ပွန်းနှင့် သားငယ်တို့ကို တမ်းတစိတ်များ၊ အလွမ်းမျက်ရည်များဖြင့် အဖော်မဲ့အားငယ်နေရှာသည်။ လွတ်မြောက်မည့်နေ့ကို မျှော်မှန်းကာ ချုပ်နှောင်ထားခံရသည့်ခြေထိပ်၊လက်ထိပ်များနှင့်အတူ အထီးကျန်ဆန်နေခဲ့လျက်။
◎ ══════ ❈ ══════ ◎