သူရိန်နေမင်း၏အလင်းရောင်သည် အပူရှိန်ပြင်းစွာတောက်ပလျှက်ရှိသည်။ခန့်မှန်းခြေနံနက်၁၀နာရီလောက်သာ ရှိသေးလောက်မည်ဖြစ်ပေမယ့် နေပူမှာခဏရပ်လျှင်ပင် ချွေးဒီးဒီးကျစေလောက်မည့် အပူရှိန်ရှိ၏။
အညာနွေသည် အလွန်ပူပါသည်။ သို့ကြောင့်
ယာခင်းထဲတွင် ပေါင်းသင်နေသော ဟန်ချီ့ကိုယ်မှာလည်း ချွေးများဖြင့်စိုရွှဲနေပြီဖြစ်သည်။
မနက်၇နာရီလောက်မှစ၍ ရှင်းလင်းနေသည့်မြက်ပင်များမှာ ယခုထိတိုင် ယာခင်း၏ သုံးပုံနှစ်ပုံခန့်ပင် ကျန်ပါသေးသည်။ ယာခင်းထဲတွင် ခရမ်းပင်များစိုက်ပျိုးထားခြင်းဖြစ်သည်။ သက်နုပင်ဖြစ်၍ အခြားသက်တမ်း
ရင့်ပင်များထက် ပို၍ဂရုစိုက်ရသဖြင့် မြက်ပင်ပေါင်းပင်များကိုအမြဲရှင်းလင်းရသလို မြေဆီမြေသြဇာနှင့်ရေကိုလည်း အမြဲမပျက် တိုက်ကျွေးရပါသည်။
မြေသြဇာကိုတော့ ဓာတ်မြေသြများကိုအသုံးပြုသည်ကရှားသည်။ မြေဆီမြေသြဇာကိုပိုမိုကောင်းစေသည့် တိရိစ္ဆာန်တို့၏အညစ်အကြေးဖြစ်သော နွားချေး၊ ဆိတ်ချေး၊ သိုးချေး စသည်တို့ကိုသာ အသုံးပြုကြသည်ကများ၏။
ယခုတွင်မူ မြက်ပင်များ အနည်းငယ်ထူလာ၍ လာရှင်းခြင်းဖြစ်သည်။ခါတိုင်းဆို မေမေပါ အတူလိုက်လေ့ရှိပေမယ့် ဒီနေ့တော့မေမေမအား၍ ဟန်ချီတစ်ယောက်ထဲလာခြင်းပင်။ သို့ကြောင့် အလုပ်သည်လည်း ထင်သလောက်မတွင်ပေ။ ဒီ့အပြင် အလာလမ်းတွင် ဟိုလူ လိုက်ရှုပ်နေသဖြင့် အချိန်နောက်ကျမှရောက်လာရ၍ကြောင့်ပင်။
နှဖူးမှထွက်လာပြန်သောချွေးတို့ကို လက်ဖမိုး
ဖြင့် သုတ်ဖယ်ရင်း မကျေမနပ်ရေရွတ်မိပါ၏။ထို့နောက် လက်ကိုသာ ခက်သွက်သွက်လှုပ်ရှားစေလိုက်ပါတော့သည်။ ဗိုက်ကလည်းဆာနေပြီဖြစ်၍ အခင်းတစ်၀က်ကျိုးရင်တော့ပြန်မှရတော့မည်ဖြစ်သည်။
~ ~ ~ ~ ~ ~ ~ ~ ~
"မနားသေးဘူးလား? မောင့်ဟန်ချီရာ နေတောင်ပူလွန်းလို့ကျက်နေပြီကို"
ညီးတွားတွားဖြင့်၍ကျွန်တော်ပြောလိုက်တော့ ချစ်ရသူမျက်စောင်းကဒိုင်းကနဲကျရောက်လာပါတော့သည်။
*အားပါးပါး လှရက်လိုက်လေခြင်း*
"ပူနေရင်လည်း မြန်မြန်ပြီးအောင်ပဲလာကူလိုက်ပါတော့လား! လေပဲပေါနေပြီးတော့များ"
ဟန်ချီစိတ်ပေါက်ပေါက်နဲ့ပြောလိုက်မိပါသည်။
ဟုတ်သည်လေ လာကူမယ်တော့မရှိ နားငြီးအောင်စကားများနေပြီးတော့များ!
ယာခင်းထဲထိလိုက်လာပြီး သူကတော့ အရိပ်အောက်မှာထိုင်နေပြီး လုပ်ရသည့်သူမှအားမနာလာညီးပြနေသေးတယ်။
ဟန်ချီ့ရဲ့ခပ်ဆတ်ဆတ်စကားကြောင့် ချမ်းမြေ့ တွေဝေသွားမိပါသည်။
ဟုတ်တော့ဟုတ်သား...... ကိုယ်ကမကူညီတဲ့အပြင် နားဒုက္ခပေးသလိုမျိုးဖြစ်နေပြီထင်တယ်။၀ါးခမောက်လေးဆောင်း ဖလံထည်အကွက်လက်ရှည်လေး၀တ်ထားပြီး ချွေးဒီးဒီးကျနေအောင် မြက်နှုတ်နေတဲ့ ချစ်ရသူကိုကြည့်မိတော့....
၀ါး၀င်းနေတဲ့ လက်ပြည့်ပြည့်ဖောင်းဖောင်းလေးတွေက မြက်ပင်တွေပေါ်ပြေးလွှားလှုပ်ရှားနေသည်မှာ လှရက်လွန်းလှပါသည်။
*သို့သော် ချစ်ရသူလက်လေးတွေနာနေတော့မည်။ *
*ခုမှတွေးမိရလား သေစမ်း ချမ်းမြေ့မောင်ရေ သေစမ်း *
နောက်ဆုံး မနေနိုင်တော့သဖြင့် အရိပ်ထဲမှထကာ ယာခင်းထဲဆင်းရပါတော့သည်။
တကယ်တော့ အစကတည်းကမကူညီချင်တာမဟုတ်ပါ။ မိုးကျရွှေကိုယ်မျိုးမဟုတ်ပေမယ့် မြတ်နှုတ်သည်ဆိုတာ ဘုရားစူး ချမ်းမြေ့ဘ၀မှာတစ်ခါမှမလုပ်ဘူးသည့်အရာပါ။ ခုလည်း အခင်းထဲဆင်းပြီးမှ ဘယ်လိုလုပ်ရမည်မသိ။
ချမ်းမြေ့အကြံအိုက်နေစဥ် ထွက်လာတဲ့ခနိုးခနဲ့ရယ်သံနဲ့စကားသံလေးက...
"ဟွန့်...လုပ်ရောလုပ်တတ်ရဲ့လား"
"လုပ်..လုပ်တယ်ပါတယ်"
ကျွန်တော်ပျာပျာသာလဲပြန်ဖြေတော့ သူ့အလုပ်သူသာပြန်အာရုံစိုက်သွားပြန်တဲ့ချစ်ရသူလေး...
ချမ်းမြေ့မှာတော့ ချစ်ရသူလေးလုပ်ကိုင်နေပုံကိုသာကြည့်ပြီး လိုက်လုပ်ရင်း......
~ ~ ~ ~ ~ ~ ~ ~ ~
တစ်နာရီခန့်လောက်ကြာပြီးတာတောင် ကိုယ့်ချစ်ရသူလေးမှာဇွဲကကောင်းနေတုန်း...
ကိုယ့်မှာသာ..နေကပူ ဗိုက်ကဆာနဲ့ မလုပ်ဖူးတာတွေလုပ်ပြီး ခြေကုန်လက်ပန်းကျနေပြီ....
ဟူး...မရတော့ဘူး ခနနားမှ။ မောမောနဲ့မြေကြီးပေါ်ခြေပစ်လက်ပစ်ထိုင်ချမိတော့သည်။ဆောင့်ကြောင့်ထိုင်ပြီး မြက်နှုတ်ရတာ ခြေတွေလည်းကျဥ်လှပြီ။
ခြေထောက်များကိုဆန့်တန်းရင်းအကြောဖြေနေတုန်း ဖင်အောက်မှရွစိရွစိတစ်ချို့ကိုခံစားမိလိုက်သည်။ ထို့နောက် ချမ်းမြေ့ ဖင်မှာစူးခနဲ...
နောက်ပိုပိုစူးလာကာ...... ကပျာကလျာထရပ်ပြီးကြည့်မိတော့ ပုရွတ်ဆိတ်အုံကြီး.....
"အား...." ခနဲအော်ရင်း ၀တ်ထားသည့်ပုဆိုးကိုခါထုတ်သော်လည်း ရွစိရွစိနဲ့ခံစားနေရတုန်း....
ဟန်ချီမှာတော့ အားခနဲအော်သံကြောင့်လှည့်ကြည့်မိတော့...
မဖွယ်မရာပုံစံနဲ့ ပုဆိုးကြီးလှန်လှောနေသူ
ကြောင့် ရုတ်တရတ်မျက်လုံးတွေမှိတ်လိုက်မိ
ရင်း.......
"ခင်ဗျား အဲ့တာဘာလုပ်နေတာလဲ!"
ချမ်းမြေ့လည်းချစ်ရသူရဲ့ခပ်ဆတ်ဆတ်အသံလေးကြောင့်ပုဆိုးကိုခါရင်း အတွင်းကိုငုံကြည့်နေရာမှ ခေါင်းထောင်လာပြီး....
"ဟို...ဟို မောင် ပုရွတ်ဆိတ်ကိုက်လို့ ခါချ..."
"ဘယ်ကပုရွတ်ဆိတ်ကကိုက်တာလဲ"
"ပုရွတ်ဆိတ်အုံပေါ်ဖင်ထိုင်မိတာ...အား လုပ်ပါဦး ဘယ်ကကိုက်လို့ကိုက်နေမှန်းမသိဘူး ခါချလည်းမရ......." ပြောရင်းတဖြင်းဖြင်းနဲ့ခါနေပြန်ပါသည်။ လုံးစုပြီးကိုင်ထားတဲ့ပုဆိုးကဒူးခေါင်းအထက်ပင်ရောက်နေပြီး စလွယ်မသိုင်းရုံတမယ်ပင်။ လူကလည်းခုန်ဆွခုန်ဆွနဲ့။
ဟန်ချီမှာတော့ရှေ့ကလူအဖြစ်အားကြည့်ရင်း ငိုအားထက်ရီအားသန်ချင်လာသလို။ ဘေးဘီကိုလှည့်ပတ်ကြည့်မိတော့ ထိုလူ့ရဲ့လှုပ်ခါရမ်းနေပုံကိုကြည့်ပြီး ပြုံးပြုံးစိစိဖြစ်နေကြတဲ့
ဘေးအခင်းက မိန်းကလေးတစ်သိုက်....
ဒီလူတော့အရှက်ဖြန်းဖြန်းကွဲပြီလို့တွေးမိတော့ ရယ်ချင်စိတ်ကတားမရဘဲ တဟားဟားအော်ရယ်မိပါတော့သည်။
*ဘယ်နဲ့ ပုရွတ်ဆိတ်အုံမှဖင်ထိုင်ရတယ်လို့*
ဤသိုဖြင့် ထန်းပင်ကုန်းရွာ၏ ယာခင်းလေးတစ်ခုတွင် ပုဆိုးကိုတဖြင်းဖြင်းခါရင်းခုန်ဆွခုန်ဆွဖြစ်နေသောကောင်လေးနှင့် ထိုကောင်လေးအား ဗိုက်နှိပ်ပြီးရီရင်း ကြည့်နေ သောကောင်လေးတို့၏ ပုံရိပ်လေးသည် ရက်စွဲလေးတစ်ခု၌ အမှတ်တရတစ်ခုအဖြစ် တည်ရှိခဲ့ပါတော့သည်။
18.6.2022(Sat)
// Hnin Satt Hmone☃️❄️
//ဖတ်ပေးကြသူတိုင်းကိုကျေးဇူးအထူးတင်လျှက်🖤