နေ့လည်ဘက် ဆေးရုံဆင်းကတည်းက အချိန်အခါမဟုတ် ရွာချလိုက်တဲ့မိုးက အိမ်ရောက်တဲ့အထိကို တဖျောက်ဖျောက်နဲ့ ကျနေတုန်းပဲ။ အစ်ကို ဟီဆွန်းက ရေချိုးနေတာမို့ ဆောင်းဟွန်းမှာ ညနေစာ ပြင်ဆင် ခူးခပ်ထားပြီး အခုထိ အိမ်ပြန်မရောက်သေးတဲ့ ယန်းဂျောင်ဝန်းကို အိမ်ရှေ့ ဝရန်တာနားကနေ ထွက်မျှော်နေရတယ်။ ဘယ်လိုပဲ တက္ကသိုလ် ကျောင်းသား ဖြစ်နေပြီ ဆိုပေမယ့် ငယ်ငယ်ကတည်းက ရင်ခွင်ထဲ ပိုက်ထားမတတ် ချစ်ခဲ့ရတဲ့ သူနဲ့ အစ်ကို ဟီဆွန်း အတွက်တော့ ဂျောင်ဝန်းနီးက အခုထိ လမ်းလျောက်တတ်ကာစ ကလေးလေးလိုပဲ။ လူပျိုလေး ဖြစ်နေပြီဆိုတာ သိပေမယ့် တစ်ခါတစ်လေကျ ဘာမဟုတ်တာလေးကအစ လိုက်ပြီး စိတ်ပူမိနေတုန်း။ လူကြီး ဖြစ်လာတယ်ဆိုတာ ဒီလိုခံစားချက်မျိုး ထင်ပါရဲ့။
" ဆရာအီနဲ့ ဆရာပတ်ရေ ... ကျတော် ပြန်ရောက်ပါပြီဗျ "
" အဝတ်တွေ စိုနေတာမလား။ မြန်မြန် ချွတ်ပြီး ရေချိုးဖို့လုပ် အအေးမိဦးမယ် "
ဆောင်ဟွန်း ဘာမှ မပြောရသေးခင် အခန်းထဲက ထွက်လာတဲ့ အစ်ကို ဟီဆွန်းက ဩဝါဒတွေ ချွေတော့တာပဲ။ ယန်းဂျောင်ဝန်းကတော့ သူ့အပြစ်နဲ့သူမို့ ဇက်ကလေးပုပြီး လှစ်ခနဲ ပြေးသွားတော့တယ်။ တည့်ရင်လည်း သူတို့အပြင် မရှိသလို မတည့်ကြရင်လည်း ဆောင်ဟွန်းပါ နေစရာမရှိတဲ့အထိကို အချစ်ကြီးကြတဲ့နှစ်ယောက်မို့ သူတို့ မျက်နှာရိပ်မျက်နှာကဲပဲ လိုက်ကြည့်နေရတယ်။
" ဂျယ်ယွန်းပြောပြတယ်။ အလုပ်ကနေ ဌာန ပြောင်းဖို့ အတွက် offer ရတယ်ဆို "
" ဟုတ်တယ် .. consulting ဘက်ကို ပြောင်းဖို့ ပြောလာတာ "
အစ်ကို ဟီဆွန်းက ကြက်ဥပေါင်းကို တစ်လုပ်စာလေးတွေ ဖဲ့ရင်း ဂျောင်ဝန်း ပန်းကန်ထဲ ထည့်ပေးနေရာကနေ ခေါင်းကို ခပ်ဆတ်ဆတ်လေး ငြိမ့်ပြတယ်။ ဘာမှတော့ ထုတ်မပြောသေးပေမယ့် ခေါင်းထဲမှာ အတွေးတွေ များနေတယ်ဆိုတာ ဆောင်းဟွန်း သိတာပေါ့။ အစ်ကို ဟီဆွန်းက အမြဲ အဲလိုပဲ။ ကြည့်လိုက်ရင် ပေါ့ပေါ့ပါးပါးနဲ့ ပျော်တတ်ပေမယ့် တကယ်တမ်းကျ မိသားစုအတွက် အများကြီး စဉ်းစားပေးတတ်တဲ့သူမျိုး။ အထူးသဖြင့် အနေအေးတဲ့ ဆောင်ဟွန်းအတွက်ဆို အမြဲတမ်း စိတ်ပူပြီး ဂရုစိုက်ပေးခဲ့တာ။ ဝမ်းကွဲတွေ ဆိုပေမယ့် သူနဲ့ ဂျောင်ဝန်းအပေါ် လိုတာထက် ပိုပြီး ဖြည့်ဆည်းပေးနေတာမို့ သူ့မှာ အမြဲ ကျေးဇူးတင်ပြီး ချစ်ရတယ်။
အိုးပေါ်က ချကာစ ကင်မ်ချီဟင်းရည်က ပွက်ပွက်ဆူနေတုန်းပဲ။ ဟင်းရည်အိုးထဲက ပူဖောင်းလေးတွေ ပလုံစီနေတဲ့ အသံကလွဲပြီး ထမင်းစားဝိုင်းက တိတ်ဆိတ်နေတယ်။ သူများတွေအတွက်ဆို ဘာမှ ခက်ခဲတဲ့ ကိစ္စ မဟုတ်ပေမယ့်လည်း အစကတည်းက တစ်ခုခုဆို တစ်ဆုံးထိ တွေးတတ်တဲ့ ဆောင်းဟွန်းအတွက်တော့ ဒီလို အပြောင်းအလဲ သေးသေးလေးက အစ ဧရာမ စွန့်စားခန်းကြီးလို ဖြစ်နေတာပေါ့လေ။
" ပြောင်းလိုက်ပါ့လား ဟွန်းဟွန်းရဲ့။ သူများတွေလို ဝတ်ကောင်းစားလှလေးတွေ ဝတ်ပြီး ရှိုးထုတ်ရတဲ့ အလုပ်ကိုလုပ်ရမှာပေါ့။ ငါ့ အစ်ကိုကတော့ အိမ်ပြန်ရောက်လာတိုင်း စစ်မြေပြင်ကပြန်လာသလို အမြဲ ဖြူဖျော့ ခွေခေါက်နေတာ။ မြင်ရတာ တကယ် စိတ်မချမ်းသာဘူး "
" ဟုတ်ပါပြီကွာ .. တိုးတိုးနေပါတော့။ ထမင်း စားပါရစေ "
ရေမျိုးချိုးပြီး ထွက်လာတဲ့ ဂျောင်ဝန်းလေးက ကြက်ဥပေါင်းလေးတွေ တမြုံ့မြုံ့နဲ့ ဝါးရင်း ဆန္ဒ ထုတ်ဖော်ပြန်တယ်။
" ဟွန်းနီးက ဘယ်လို စဉ်းစားထားလဲ။ အစ်ကိုကတော့ ဖြစ်နိုင်ရင် ပြောင်းစေချင်တယ်။ ဒါပေမယ့် မင်း ဆန္ဒ ရှိမှပါ။ ငါကတော့ ငါဖြစ်စေချင်တာကို ပြောပြတာပေါ့ "
" ဟုတ် ... "
စကားစက ပြတ်သွားပေမယ့် အတွေးစတွေကတော့ ရှည်နေတုန်းပဲ။ ဆောင်းဟွန်းစိတ်ထဲ ဘာတွေ ဘယ်လိုရှုပ်ထွေးနေမှန်း မသိတော့ဘူး။ စိတ်ထဲလည်း ပတ်ဂျုံဆောင်းဆိုတဲ့ အမည်နာမလေးတစ်ခုက နေရာလပ်မရှိအောင် ပြည့်သိပ်နေတာမို့ တခြား ဘယ်အရာကိုမှ ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်း မရှိတော့သလိုပါပဲ။
🌊
" ဆောင်ဟွန်းနီး .. နောက်ဆုံးတော့ ရောက်လာခဲ့ပြီ "
ဌာနအသစ် အလုပ်စားပွဲ အသစ်ကို ရောက်ရောက်ချင်း ကျောင်းသား ဘဝကတည်းက ခင်ခဲ့တဲ့ သူငယ်ချင်း ဆောနူးက အပြေးလေး လာနှုတ်ဆက်တယ်။ ဆောနူးက အမြဲ သူ့ကို ဒီဌာနကို ခေါ်ချင်နေခဲ့တာ။
" နေ့မအိပ်ညမအိပ် အလုပ်လုပ်နေကြတဲ့ engineering team အခန်းထဲကနေ နောက်ဆုံးတော့ လွတ်မြောက်လာခဲ့ပြီပေါ့ "
" ဒီလိုပဲ ဖြစ်သွားတယ်ကွာ။ အမှန်တော့ ပြောင်းချင်တယ်ရယ် မဟုတ်ပေမယ့်လည်း .. "
ဆောင်ဟွန်းက ခပ်ဖျော့ဖျော့လေး ပြုံးတော့ ဆောနူးက နားလည်ဟန်နဲ့ ခေါင်းညိမ့်ပြတယ်။ ဆောင်းဟွန်းက ဘယ်လောက် ပင်ပန်းပြီး အလုပ်ရှူပ်ပစေ၊ ကိုယ့်ကိုယ်ကို မညှာဘဲ ပေကပ်ပြီး လုပ်တတ်တဲ့ လူမျိုး။ တစ်နေကုန် laptop screen ရှေ့ ခေါင်းစိုက်လိုက်၊ စာထိုင်ဖတ်လိုက်၊ lab test တွေ လုပ်လိုက်နဲ့ အချိန်ကုန်နေရတာကို သဘောကျတတ်တဲ့သူမျိုး။ လစာတိုးတာ၊ ရာထူးတက်တာထက် issue တစ်ခု ရှင်းပြီးသွားတာကို ပိုပြီး ပျော်နေတတ်တာမျိုး။ ဒီလို introvert လေးကို ရုံးချိန်ရဲ့ သုံးပုံနှစ်ပုံနီးပါးကို customer တွေနဲ့ စကားပြောရင်း ကုန်ဆုံးရမယ့် ဌာနဆီ ပို့လိုက်တော့ အကုန်လုံး တအံ့တဩ ဖြစ်နေကြတာလည်း မဆန်းဘူးပေါ့။
" Honeymoon period ဆိုတော့ ဆောင်းဟွန်း အဆင်ပြေသလိုပဲနေနော်။ Tasks တွေလည်း မပေးထားသေးဘူး။ ဆောနူးကပဲ သူငယ်ချင်းကို ဖတ်ထားစရာလေးတွေ share ပေးလိုက်ပြီး တစ်ချက် ကူပေးလိုက်ပါဦး။ လိုအပ်တာ ရှိတာပဲ ဖြစ်ဖြစ်၊ အဆင်မပြေတာရှိတာပဲ ဖြစ်ဖြစ် ကျတော့်ဆီ အချိန်မရွေးလာပြောပါ။ နောက်အသစ်တွေလည်း လာဦးမှာမို့ အားမငယ်နဲ့နော်။ welcome party လည်း လုပ်ပေးမယ်။ ဒီအပတ်ထဲတော့ schedule က ပြည့်သွားလို့။ အာ ... သွားရတော့မှာပဲ။ ပြန်လာမှ စကားပြောကြမယ် "
// Honeymoon period ဆိုတာ ကျောင်းတက်တုန်းက orientation week တွေလိုမျိုးပါပဲ၊ အလုပ်သစ်တစ်ခုကို စပြီး ဝင်ချင်းမှာ ဘာ task မှ မပေးဘဲ လုပ်ဖော်ကိုင်ဖက်တွေ၊ ကိုယ်လုပ်ရမယ့် တာဝန်တွေနဲ့ ရင်းနှီး အသားကျအောင် နေရတဲ့ တစ်ပတ်တန်သည် နှစ်ပတ်တန်သည် အချိန်ကာလတစ်ခုပေါ့ //
Team Manager က စကားတွေကို တရစပ်ပြောပြီး ပြေးထွက်သွားတော့ ဆောင်းဟွန်းက ကြောင်စီစီလေးနဲ့ ကျန်ခဲ့ရတယ်။ ဆောနူးကတော့ ဘာမှမဆန်းတဲ့ ပုံနဲ့ ကြည့်ရင်း သူ့နေရာသူပြန်ထိုင်လို့ အလုပ်လုပ်နေတယ်။
" ဟူး .. "
ဘေးနားက လွတ်နေတဲ့ စားပွဲကို ကြည့်ရင်း ဆောင်းဟွန်း နှုတ်ခမ်းကနေ သက်ပြင်းချသံ တိုးတိုးလေးတစ်ခု လှစ်ခနဲ ထွက်သွားတယ်။ မရင်းနှီးတဲ့ လူတွေနဲ့ ပြည့်နေတဲ့ အခန်းထဲမှာ နောက်ထပ် ရောက်လာမယ့် မရင်းနှီးတဲ့သူတွေကို မျှော်နေရင်းပေါ့။
🌊
ဌာန အသစ်ရောက်တာ နှစ်ပတ်လောက်ရှိတော့ ဆောင်းဟွန်း အတော်လေး အသားကျလာတယ် ပြောရမယ်။ ဆောနူးက အများကြီး ကူညီပေးလို့လည်း ပါတာပေါ့။ စာဖတ်ရတာ အပြင် .. နည်းပညာနဲ့ ဆိုင်တဲ့ စကားတွေကို သာမာန် နည်းပညာနဲ့ အထိအတွေ့ နည်းတဲ့သူတွေ နားလည်အောင် ရှင်းပြဖို့က အတော်မလွယ်မှန်း ဆောင်ဟွန်း သိလာရတယ်။ တော်တော်လေး အဆင်ပြေဖို့တော့ အချိန်ယူရဦးမှာပေမယ့် အသစ်အဆန်းတွေ လေ့လာရတာ သဘောကျတဲ့သူဆိုတဲ့ ပင်ပန်းတယ်ဆိုတာကို သိပ်မခံစားရဘူး။
" ဒီနေ့ ဝန်ထမ်းအသစ် ရောက်မှာနော်။ Consulting subsidiary အတွက် director က သီးသန့်ရွေးထားတာတဲ့ .. director အသစ်လာမှာမို့ consulting ဘက်ကို အကောင်းတကာ့ အကောင်းဆုံးတွေပဲ ခေါ်ထားတာလား မသိဘူး။ "
" ငယ်ငယ်လေးပဲ ရှိသေးတယ်ဆို။ ဘယ်က ပြောင်းလာတ လဲ မသိဘူးနော် "
" ယောက်ကျားလေးလို့တော့ပြောတာပဲ။ ရောက်လာမှ သိမှာပေါ့ "
Demo presentation တစ်ခု ပြင်နေရင်း ဘေးခုံက ပြောနေတဲ့ စကားတွေကို ဆောင်ဟွန်း နားစွန်နားဖျား ကြားနေရတယ်။ သူ့အရင်ဌာနမှာတော့ အလုပ် ကောင်းကောင်း လုပ်ရင်ပဲ အဆင်ပြေတာပေမယ့် ဒီဘက်မှာတော့ ပေါင်းသင်းဆက်ဆံရေးကအစ အသေးစိတ် ဂရုစိုက်စရာတွေ ရှိတယ်လို့ ဆောနူးက မှာထားတာမို့ မလုပ်ချင်ပေမယ့်လည်း အကုန်လိုက်ပြီး အာရုံစိုက်နေရတယ်။ လူတွေနဲ့ အတူတူလုပ်ရတဲ့ အလုပ်မှာတော့ လိုက်လျောညီထွေ ဖြစ်မှရမယ် မဟုတ်လား။
အသစ်ရောက်လာမယ့် နာမည်ကြီးနေတဲ့ ဝန်ထမ်းကလေးက သူတို့ဌာနကို ရောက်လာမှာ ဆိုတော့ ဆောင်းဟွန်းရင်ထဲ မဆိုစလောက်လေး စိတ်လှုပ်ရှားနေတယ်။ ရုပ်ရှင်တွေထဲကလို ကြီးကြီးကျယ်ကျယ်နဲ့ ကျော့မော့နေတဲ့ ကောင်လေးများလား။ နိုင်ငံခြားကနေ လာမှာဆိုတော့ ဟိတ်ကြီးဟန်ကြီးနဲ့ ရှိုးထုတ်တတ်တဲ့ ကောင်လေးများလားပေါ့။ တွေ့ချင်တယ်ရယ် မဟုတ်ပေမယ့်လည်း ဒီနေ့ အလုပ်စဆင်းမယ်လို့ သတင်းကြားတာမို့ ဌာန အဝင်ဝက အလိုလျောက်ဖွင့်ပိတ်တဲ့ တံခါးဆီပဲ အာရုံက ရောက်နေတယ်။
" ဆောနူးးရားးး ... မတွေ့ရတာ ဘယ်လောက်ကြာပြီလဲ "
ကျောအနောက်ကနေ ထွက်လာတဲ့အသံရယ်၊ လှစ်ခနဲ ပြေးထွက် သွားတဲ့ ကင်ဆောနူးရယ်ကြောင့် ဆောင်းဟွန်းမှာ လုပ်လက်စ အလုပ်ကိုချလို့ လှည့်ကြည့်မိတယ်။
တစ်စက္ကန့်။ နှစ်စက္ကန့်။ သုံးစက္ကန့် ...။ ပတ်ဝန်းကျင်တစ်ခုလုံး အနှေးပြကွက်ထဲ ရောက်သွားသလိုပါပဲ။ သူ့မျက်လုံးထဲ ဆောနူးဆီ ဦးတည်လို့ ပြေးလာနေတဲ့ ပုံရိပ်သေးသေးလေးတစ်ခုကလွဲလို့ ဘာမှ မမြင်တော့ဘူး။ တစ်လောကလုံးမှာ အတွေ့ချင်ဆုံးလူ ဆိုပေမယ့် .. မျက်နှာချင်းဆိုင်ရဲတဲ့ သတ္တိမရှိသေးလို့ ပုန်းရှောင်နေမိပါတယ်ဆိုမှ တိုက်တိုက်ဆိုင်ဆိုင် ဒီလို အခြေအနေမျိုးနဲ့ လာတွေ့ရတယ်လို့။
အသစ်ရောက်လာတဲ့ ဝန်ထမ်းလေးက သူထင်နေသလို မာနကြီးတဲ့ မင်းသားလေး မဟုတ်ဘဲ သူ့နှလုံးသားကို ခိုးယူသွားတဲ့ လူဆိုးလေး ပတ်ဂျုံဆောင်း ဖြစ်နေခဲ့ပါတယ်။
🌊
" ဆောနူးကလည်း .. သူငယ်ချင်းတွေ ပြန်တွေ့ရတာကိုကွာ။ ဂျယ်ယွန်းလည်း လာမယ်တဲ့။ လိုက်ခဲ့ပါဆို "
" ဒီနေ့တော့ မရလို့ပါကွာ။ မနက်ဖြန် မနက် meeting အတွက် ငါဘာမှ မပြင်ရသေးဘူး။ နောက်နေ့ကျ .. သေချာပေါက် တစ်နေ့လုံး အချိန်ပေးမယ်လေ။ ဂျယ်ဂျူက ငါ့အဖွား အသီးခြံထဲ သွားလည်ကြမယ်လေ နော် "
" မင်းကလည်း အလုပ်ကို ရှုပ်နေတာပဲ။ ဆောင်းဟွန်းလည်း ပါတာပဲကို "
" တူမလားကွ။ မင်းတို့ကတော့ Honeymoon period မို့ ပျော်လို့ ရသေးတယ်လေ။ သွားပြီကွာ .. စိတ်မကောက်နဲ့။ နောက်မှ ချော့မယ် "
ဆောနူးက သဘောရိုးနဲ့ ပြောတာပေမယ့် သဘောရိုးမနေတဲ့ ဆောင်းဟွန်းကတော့ စကားတစ်လုံးချင်းစီကို အထအနကောက်ပြီး အနေရခက်နေရတော့တာပဲ။ သူ့ဂျေဂျေးလေးကတော့ ထွက်သွားတဲ့ ဆောနူးကို ပြောဆိုနေရင်း စူပုတ်ပုတ်လေးနဲ့။ သပ်သပ်ရပ်ရပ် ဖီးလို့ထားတဲ့ ဆံပင်တွေရယ်၊ ခဲပြာရောင် blazer လေးရယ်နဲ့ ဂျေဂျေးက ဆောင်းဟွန်း မျက်လုံးထဲမှာတော့ လူကြီးယောင် ဆောင်ထားတဲ့ ကလေးလေး လိုပဲ။ မြင်နေရရုံနဲ့တင် အသည်းယားလွန်းလို့ အိတ်ကလေးနဲ့ ထုပ်ပြီး နှလုံးသားထဲ ထည့်သိမ်းထားချင်လိုက်တော့တာပဲ။
" Cheers 🍻 "
" ငါ့ သူငယ်ချင်းလေး လွမ်းနေတာကွာ။ အခုမှပဲ တွေ့ရတော့တယ် "
ဂျယ်ယွန်းက ဂျုံဆောင်းကို အတင်းဆွဲဖက်ထားပြီး သူ့အကျင့်အတိုင်း ခွေးပေါက်လေးလိုမျိုး ချွဲနေရင်း ဂျုံဆောင်းက သူ့ဆံပင်တွေကို ပြန်ဖွတာကို ငြိမ်ခံနေတယ်။ အလုပ်တွေများတဲ့ ဂျယ်ယွန်းက ဂျုံဆောင်း ပြန်လာကတည်းကနေ မတွေ့ရသေးတဲ့ပုံပဲ။ အရင်ကတည်းက တပူးပူး တတွဲတွဲနဲ့ အမွှာလေးတွေလို နေကြတာမို့ ဘယ်လောက်တောင် လွမ်းနေကြမလဲဆိုတာ ဆောင်းဟွန်း နားလည်ပါတယ်။ ဒီအတာအတွင်းလည်း ရှင်းမ်ဂျယ်ယွန်းက ပိတ်ရက်ကလေးများရတာနဲ့ အီဟီဆွန်းကို အချိန်ပေးတာနဲ့ ပတ်ဂျုံဆောင်းဆီ သွားလည်တာ ကလွဲလို့ ဘာမှမလုပ်နိုင်မှန်း သူမြင်နေရတာကိုးး။
" ဂျယ်ယွန်းနီးက ငါ့ကို လွမ်းရော လွမ်းရဲ့လား။ အစ်ကို ဟီဆွန်းနဲ့ ပျော်နေပြီးတော့ "
" ဟုတ်ပါဝူး။ ဂျေဂျေးလေးကို အချစ်ဆုံးပါနော် "
မျက်နှာချင်းဆိုင်က နှစ်ယောက်ကို ကြည့်ရင်း ဆောင်းဟွန်း နှလုံးသား မျက်နှာပြင်ပေါ် အက်ကွဲရာလေးတွေ ဖြစ်လာတာကို ခံစားနေရတယ်။ ဂျုံဆောင်းက သူ့ သူသယ်ချင်းဆိုတဲ့အသိက သူ့ရင်ဘတ်ကို ကျောက်တုံးကြီးကြီးနဲ့ ဖိထားသလိုပါပဲ။
သူ့ဘက်က မရိုးသားနိုင်တာ၊ သူ့ဘက်က မဖြူစင်နိုင်တာမို့ ဂျေဂျေး အပေါ် အားနာလွန်းလို့ သာမန် သူသယ်ချင်းတွေ လုပ်လေ့ရှိတဲ့ အပြုအမူမျိုးကိုတောင် မလုပ်နိုင်တော့ဘူး ဖြစ်နေတယ်။ ဂျေဂျေးလေးကို ပြန်တွေ့ရတာကိုက အိပ်မက်လို ဖြစ်နေပေမယ့် တစ်ဖက်မှာလည်း ဒီအိပ်မက်လှလှလေးထဲကနေ ထွက်ပြေးချင်နေမိတယ်။ ဆက်တိုက် ကိုယ့်ကိုယ်ကို လိမ်ညာလို့ အဆင်ပြေဟန်ဆောင်နေချင်မိသေးတယ်။
" ဆောင်းဟွန်းနဲ့တောင် မတွေ့ရတာ ကြာပြီ။ ဂျယ်ယွန်းပြောတော့ မင်းက engineering team ဘက်ကဆို၊ အခုကျမှ ပြောင်းလိုက်တာလား "
ဂျုံဆောင်းက အာလူးချောင်းကြော်ကို ketchup လေးနဲ့ တို့လိုက်၊ တမြုံ့မြုံ့လေးဝါးလိုက်၊ နှုတ်ခမ်းလေးကို လျှာနဲ့သပ်လိုက်နဲ့ အလုပ်ရှုပ်နေတယ်။ သူ့တို့ကိုတွေ့ရတာ အနေရခက်ဟန်လည်း မပေါ်ပါဘူး။ အေးလေ .. ဒီအတိုင်း မတွေ့ရတာ ကြာတဲ့ သူငယ်ချင်းနဲ့ ပြန်တွေ့ရုံနဲ့ ဘယ်သူက အနေရခက်မှာလဲ။ သူငယ်ချင်းလို့ သဘောမထားနိုင်ခဲ့တဲ့ သူကသာ စိတ်မလုံမလဲ ဖြစ်နေရတာပေါ့။
" အင်း။ ဒီလမှ ပြောင်းလိုက်တာ "
" အိုး !! မိုက်တာပေါ့ .. မင်းရှိနေတော့ အားကိုးရပြီ။ "
ဂျုံဆောင်းက ပကတိ ကလေးလေး တစ်ယောက်လိုပဲ ပြုံးရယ်လို့နေတယ်။ ဒီအတိုင်း သူငယ်ချင်းနဲ့ အလုပ်အတူတူ လုပ်ရမယ်ဆိုပြီး ပျော်နေတဲ့ အပြုံးမျိုးပါပဲ။ ဂျယ်ယွန်းနဲ့လည်း ရောက်တတ်ရာရာ ပေါက်ကရတွေ ပြောနေလိုက်တာဆိုတာ ... ခေါင်းလေးပါ နောက်ပြန်လန်ကျသွားတဲ့အထိ စိတ်လိုလက်ရနဲ့ ရယ်မောလို့။ သူ့ကိုလည်း စကားဝိုင်းထဲ အတတ်နိုင်ဆုံး ဝင်ပြောနိုင်အောင် topic တွေ ပြောင်းပေးရှာတယ်။ ပတ်ဆောင်းဟွန်းရဲ့ ကိုလူအေးလေးဟာ မြင်ရရုံနဲ့တင် စိတ်အစဉ်တစ်ခုလုံးကို အေးချမ်းအောင် စွမ်းဆောင်နိုင်တုန်းပါပဲ။ တကယ် ဘာတစ်ခုမှကို ပြောင်းလဲမသွားဘူး။ ဒါပေမယ့် အရင်တုန်းကရော .. အခုရော ပတ်ဂျုံဆောင်းအတွက် သူက သူငယ်ချင်းတစ်ယောက်ဆိုတာထက် မပိုခဲ့ဘူး ထင်ပါတယ်။ သူကသာ ... ။
🌊