"စားလို့ အဆင်ပြေရဲ့လား ၊
ကိုယ်တစ်ခုခုထပ်လုပ်ပေးရမလား"
"ပြေတယ် အစ်ကို ၊ထပ်မလုပ်နဲ့တော့
အခုတောင်များနေပြီ"
"ပြီးရင်ဆေးသောက်နော် မေ့နေမယ် "
"ဟုတ်ကဲ့"
စကားနည်းသူနှစ်ယောက်ရယ်မို့ အမြဲတမ်းနီးပါးထမင်းဝိုင်းတွေ ဟာ ဒီလိုပဲတိတ်တိတ်ဆိတ်ဆိတ်နဲ့ပြီးဆုံးလေ့ရှိပါတယ်။
တစ်ယောက်ကို တစ်ယောက်မကြည့်ဖြစ်ဘူး။
မနက်စာကို အာရုံစိုက်စားရင်းပဲ
ဘာစကားမှလည်းမပြောဖြစ်ခဲ့ကြပါဘူး။
"Hyung"
ကြားလိုက်ရတဲ့ ခေါ်သံတစ်ခုကြောင့်
ကျွန်တော့ခါးတွေ တောင့်မတ်သွားတယ်။
ညီနဲ့ ကျွန်တော်ဟာ
တစ်ယောက်ကို တစ်ယောက်မေးခွန်း
ထုတ်သလို ကြည့်မိခဲ့ကြပါတယ်။
"ထယ့် အသံပဲ သူဒီကို ဘယ်လို "
ရေရွတ်သလို တိုးတိုးကလေး ဆိုရင်း
ဆိုင်အရှေ့ဖက်ဆီသူထွက်သွားတယ်။
နောက်တော့ ထယ့် လက်ကိုဆွဲပြီး
ထမင်းစားခန်းထဲပြန် ဝင်လာခဲ့တယ်။
ထယ်ဟာ ကျွန်တော့ကိုတွေ့တွေ့ချင်း
လှိုက်လှိုက်လှဲလှဲရယ်ပြတယ်။ဒီနေရာကိုမကြာခဏရောက်ဖူးနေကျလိုမျိုးသွက်သွက်လက်လက် ထမင်းစားခုံဆီဝင်ထိုင်ပါတယ်။
"ဘာလို့ ငါ့မနှိုးသွားတာလဲ၊ တစ်ခါတည်း
နှိုးခဲ့တာမဟုတ်ဘူး"
"အစကတော့ နှိုးမလို့ပါပဲ။နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတာမို့လို့အိပ်ပါစေဆိုပြီး မနှိုးဖြစ်တော့တာ"
"နောက်ရက်တွေငါ့ပါ ခေါ်၊
ငါ့မှာ ဒီလမ်းတွေကို မမှတ်မိရတဲ့
ကြားထဲ မနည်းပြန်ရှာယူရတယ် "
"နေပါဦး ငါဒီမှာ ရှိတယ် လို့
မင်းက ဘယ်လိုလုပ်ပြီးသိသွားတာတုံး"
"မနက်အစောပိုင်းတွေဒီမှာအလုပ်ဆင်းတယ်ဆိုလို့လေ။မနေ့ကJin Hyung ပြောပြတာ၊
ဒါနဲ့Jin Hyung ကကျွန်တော့ကိုလည်း
မနက်စာကျွေးမယ် မဟုတ်လား "
မျက်နှာလှလှနဲ့ထယ်ကအသက်ဝင်နေတဲ့ အရုပ်
တစ်ရုပ်အတိုင်းပါပဲ။
တောင်းလည်းတောင်းဆိုတတ်တယ် တကယ်။
"ကျွေးတာပေါ့ ၊ခဏနော် Hyung ခူးပေးမယ်"
"နေနေ ရတယ် Hyung
ဒီကောင့်ဆီက ကကပ်စားမယ် "
"ဟင် ဘယ်လိုလုပ်ဝပါ့မလဲ "
"ထယ်က အဲ့ဒီလိုပဲ "
ကျွန်တော် တအံ့တဩမေးခွန်းထုတ်နေတုန်း
ညီဟာ သူ့ပန်းကန်ထဲက ထမင်းကို
ထယ့်ဆီခွံကျွေးရင်းဝင်ဖြေပါတယ်။
မှန်သောစကားကိုပြောရရင်
ကျွန်တော့စိတ်မှာ ခံစားချက်တစ်ချို့
ခပ်ပါးပါးထင်ဟပ်သွားခဲ့တယ်။
ဘယ်လိုမျိုးလဲ ဆိုရင် မိသားစုတစ်ခုရဲ့ အစ်ကိုအကြီးဆုံးဟာအငယ်တွေကို ငေးမောကြည့်နေရတဲ့ခံစားချက်လိုမျိုးပေါ့။
"ကျေးဇူးပါ နော် Jin Hyung၊ ကျွန်တော်လည်း
အိမ်ထမင်း အိမ်ဟင်းကိုအခုမှစားရတာ"
"အင်းပါ များများစား၊ကုန်ရင်
Hyung ထပ်ထည့်ပေးမယ် "
"အားမနာလျှာမကျိုးလုပ်တယ်တော့မထင်ပါနဲ့
Hyung ရယ်၊ကျွန်တော့အိမ်က သားတစ်ယောက်လုံး အိမ်ပြန်လာတာတောင် မျက်နှာချင်းဆိုင်ပြီး
ထမင်းလေးတစ်လုတ်တောင်မစားရသေးပါဘူး။
သူ့တို့ဘာသာအငယ်အနှောင်းကိုယ်စီနဲ့မို့လို့
ကျွန်တော့ကို အဖက်လုပ်ဖို့မအားကြဘူး"
ဇွန်းကိုင်ထားတဲ့ ညီ့လက်တွေဟာ တုံ့ဆိုင်းသွားတယ်။ကျွန်တော်လည်းဆွံအသွားမိပါတယ်။
ဒါပေမယ့်
ထယ့်ပုံစံက ရယ်ရယ်မောမောပေါ့ပေါ့ပါးပါးပဲ။
ဒီစကားတွေနဲ့စပ်လျဥ်းပြီးဝမ်းနည်းသိမ်ငယ်မှု
တွေမရှိစေဖို့ တကူးတကဖန်တီးသရုပ်ဆောင်နေပုံရပါတယ်။ဒီထမင်းဝိုင်းလောက်တောင် သူ့မိဘတွေကိစ္စဟာ စိတ်ဝင်စားစရာမကောင်းနေသလိုမျိူးပဲ။တစ်ခါတစ်လေ steak စားရလို့ပျော်နေတဲ့ ညီ့ မျက်နှာကိုတောင် ပြေးမြင်မိစေပါတယ်။
ယောကျာ်းရင့်မာတွေ နာကျင်တဲ့အခါပိုပိုပြီး
ဖိပြုံးတတ်တာပဲမဟုတ်လား။အဲ့ဒါတွေးဆမိတော့
ပြုံးနေတဲ့ မျက်နှာရဲ့
နောက်ကွယ်ကဒါဏ်ရာတွေကို မရည်ရွယ်ဘဲ
အတွေးနဲ့ပုံဖော်ကြည့်မိသွားတယ်။
"မင်းစိတ်မကောာင်းဖြစ်နေလား "
ညီ့ဆီက အဲ့ဒီစကားထွက်လာတဲ့အချိန်
ထယ့်မျက်နှာဟာ
မသိမသာလေးပျက်ယွင်းသွားတယ်။
ဒါကို ညီက သတိထားမိပုံမပေါ်ပါဘူး။
သူတို့နှစ်ယောက်နဲ့ မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ ကျွန်တော်ကသာ သတိထားမိသွားတာပါ။
"အစကတည်းက သူတို့ဆီ ပြန်လာတာမှမဟုတ်တာမင်းဆီပြန်လာတာ၊မင်းရှိရင်ဖြစ်တယ်"
"အေးပါ ခဏနေတော့
အိမ်ပြန်နားလိုက် ခရီးလည်းပန်းနေမှာ "
"အိမ်မှာမနေချင်လို့တောင်Hyungဆီရောက်လာတာကို ဘယ်လိုဖြစ်လို့ အိမ်ပြန်ခိုင်းနေရတာလဲ"
ထယ်ဟာ တစ်မျိုးတစ်လေ ဆန်းပြားပါတယ်။
"Hyung "လို့ ခေါ်တက်ပေမယ့်ကြားထဲမှာလည်း မင်းတစ်ခွန်း၊ငါတစ်ခွန်းသုံးလေ့ရှိတယ်။
အဲ့ဒါမျိုးကို တစ်ချို့ချို့သော ညီအစ်ကို၊မောင်နှတွေ
ကြားမှာ ကျွန်တော်မြင်ခဲ့ဖူးပါတယ်။
"မပြန်လို့တော့ ဘယ်ဖြစ်မလဲ၊ ငါကအလုပ်နဲ့လေ၊
ညနေစာချက်ကျွေးမယ် အိမ်ကစောင့်နေ"
" မြင်နေတွေ့နေရတာတွေက
စိတ်ချမ်းသာစရာကိုမရှိဘူးကွာ၊
ဖြစ်နိုင်ရင် မင်းအဆောင်မှာ
တောင် လိုက်အိပ်ချင်တာ ငါက "
"အဲ့ဒီလိုတော့ မဖြစ်ဘူးထယ် ၊ကလေးလည်း
မဟုတ်တော့ဘူးနော် ဂျစ်တိုက်မနေနဲ့တော့ "
"ငါကလေးမဟုတ်တာ ငါသိသားပဲ "
သူတို့နှစ်ယောက်ကိုကြည့်နေရင်း ရယ်ချင်စိတ်ဟာထိန်းမရခဲ့ဘူးထင်ပါတယ်။
"အစ်ကိုက ဘာတွေသဘောကျနေတာတုံး" တဲ့။
ရုတ်တရက် သူအဲ့ဒီလိုမေးလာတော့
ထယ်ကပါ ကျွန်တော့ကိုလှမ်းကြည့်တယ်။
ကျွန်တော် ခေါင်းပဲ ရမ်းပြလိုက်တယ်။
စောစောက တင် ထယ့်မိသားစုအကြောင်း
စိတ်မကောင်းစကားကြားထားရပေမယ့်
"ငါကလေးမဟုတ်တာ ငါသိသားပဲ" ဆိုတဲ့စကားကတော့ ကျွန်တော့ကို ဖျတ်ကနဲပြုံးစေခဲ့ပါတယ်။
***
"ကျွန်တော် ပန်းကန်ဆေးပေးမယ် Hyung"
"မဟုတ်တာထယ်ရယ် Hyung ဘာသာလုပ်ပါ့မယ်"
"မနက်စာ အတွက် တစ်ခုခုပြန်လုပ်ပေးချင်လို့ပါ
Hyung ကလည်း "
ကလေးတွေ ကိုဘယ်တုန်းကမှ
မနိုင်ခဲ့ဖူးတာမို့ဆက်မငြင်းဘဲ
လိုက်လျောလိုက်ရပါတယ်။
သူဟာ ထယ့်ကို ဘာမှ မပြောဘူး။
သောက်စရာရှိတဲ့ဆေးတွေသောက်ပြီး
ပုံမှန်သူလုပ်နေကျ အလုပ်တွေကိုသွားလုပ်နေခဲ့ပြီ။
ထမင်းစားခန်းထဲမှာ
ကျွန်တော်နဲ့ ထယ်နှစ်ယောက်တည်း။
စကားတွေ တစ်တွတ်တွတ်ပြောသမျှကို
ကျွန်တော် ဒိုင်ခံစကားထောက် နေရပါတယ်။
ဧည့်သည်ကို ဒီအတိုင်း ထားခဲ့ရမှာအားနာ
တာမို့လက်စနဲ့ မီးဖိုချောင်ပါ တစ်ခါတည်း
သန့်ရှင်းရေးလုပ်နေလိုက်တယ်။
"ထယ် ဘာနေ့သားလဲ "
"ဗျာ စနေသားလေ ဘာဖြစ်လို့လဲ Hyung "
"မေးကြည့်တာပါ Hyung ကသောကြာသား
ထင်လို့ "
"ဟင် "
တွေးတွေးဆဆဖြစ်သွားတဲ့ ထယ့်ပုံစံဟာ
ပုစ္ဆာတစ်ပုဒ်ကို အသည်းအသန်
အဖြေထုတ်နေတဲ့ ကျောင်းသားလေးလိုပါပဲ။
နောက်တော့မှ
"အာ Hyung က ကျွန်တော့ ကို စကားများတယ်
လို့ ပြောချင်တာပဲ"တဲ့ ။
ပြောလည်းပြောသူ့ဘာသာလည်းရယ်ပါတယ်။
မနေ့ကမှသိခဲ့ပေမယ့် နှစ်ပေါင်းများစွာ
ရင်းနှီးနေသလို အမည်တပ်စရာမရှိတဲ့နွေးထွေးမှုတွေထယ့်ဆီမှာရှိနေပါတယ်။စိတ်နေစိတ်ထားချင်းမတူညီတာတောင်မှထယ့်အမူအယာတွေက
ကျွန်တော့ အပေါ် နေရခက်တာမျိုး
မဖြစ်စေခဲ့ဘူး။ဘယ်လိုစိတ်အနှောက်အယှက်တွေမှ
မဖြစ်ခဲ့ပါဘူး။
"သောကြာသားသမီးတွေသိပ်စကားများတယ်"
ဆိုတဲ့ အရပ်စကားကို
ငယ်ငယ်က ခဏခဏ ကြားခဲ့ဖူးပေမယ့်
သောကြာသားမဟုတ်တဲ့ စနေသားက
တော့ တော်တော်လေးကိုစကားပြောနိုင်ပါတယ်။
"ပန်းကန်တွေ ကဘာနဲ့ သုတ်ရမလဲ Hyung"
"ထားလိုက် ထယ်၊ Hyungပဲ လုပ်ပါ့မယ်"
"ဟုတ်ကဲ့ Hyung "
အဲ့ဒီအချိန် ညီ့ဆီကချောင်းဆိုးသံကို
အတိုင်းသားကြားလိုက်ရပါတယ်။
တကယ်ဆို ဆေးလိပ်လည်းဖြတ်၊ဆေးလည်း
ပုံမှန်သောက်နေကျပဲမို့
သက်သာသွားဖို့မျော်လင့်ထားခဲ့တာ။
ဒါပေမဲ့ အခြေအနေက ထင်သလို
မဖြစ်ခဲ့ပါဘူး။
ဒီရက်ပိုင်းတွေ မှာ သူချောင်းဆိုးတိုင်း
သွေးစ တစ်ချို့ ပါပါနေတာကိုလည်း
တစ်စက်ကလေးမှဘဝင်မကျဘူး။
ထိထိရောက်ရောက်ကုသဖို့ တိုက်တွန်းပေမဲ့
သူ့ဘက်ကရတယ်၊အဆင်ပြေတယ်ဆိုတော့
ပြောစရာစကားတွေလည်း
ပျောက်ပျောက်ရှရှ ဖြစ်ခဲ့တယ်။
ရာသီဥတုလေးအေးပြီဆိုတာနဲ့
ဘေးလူပါစိတ်မချမ်းသာလောက်အောင်
ပင်ပင်ပန်းပန်းချောင်းဆိုးနေတာတွေဟာ
ဘယ်တော့မှ ပျောက်ကင်းပါ့မလဲ။
သူဟာတကယ်ကို ခက်ခဲတဲ့ကောင်
ငယ်လေးပါပဲ။
"မနေ့ညကတည်း အဲ့ဒီလိုချောင်းတွေ အရမ်းဆိုးနေတာHyung ရယ် ၊တောက်လျောက်ကြီး
အဲ့ဒီလို ဆိုးနေတာကြာရင် မကောင်းဘူးထင်တယ်"
ပင့်သက်တစ်ချက်ကို ကျွန်တော်ရှိုက်မိသွားပါတယ်။
"သူကပေတယ် ထယ်ရဲ့ ။ပြောမရ၊ဆိုမရနဲ့"
***
မနက်တစ်ပိုင်းလုံး ဆိုင်မှာ တော်တော်လေး
အလုပ်ရှုပ်တယ်လို့ ဆိုရမယ်။
ကုန်ပစ္စည်းတွေ အသစ်ရောက်တာမို့
ဈေးတိပ်ကပ်တာ ကပ် ၊သယ်ပိုးစရာရှိတာ
သယ်ပိုးနဲ့ မအားလပ်လောက်အောင်တနင်္ဂနွေနေ့မနက်ဟာတော်တော်လေး ပင်ပန်းပါတယ်။ထူးခြားတာတစ်ခုက အဲ့ဒီလိုအလုပ်တွေများနေတာကိုပဲ
ထယ့်ပုံစံဟာပျော်နေသလို ဖြစ်နေခဲ့တယ်။
ကျွန်တော်နဲ့ညီတောင်
တားယူရတဲ့အထိ ဟိုဟိုဒီဒီ
အားလုံးကိုလုပ်ပေးချင်နေတော့တာပါပဲ။
"ငါအခြားအလုပ်ကိုသွားရတော့မယ် ထယ်၊
မင်းလည်း ပင်ပန်းသွားရပြီ ၊အိမ်ပြန်တော့သိလား၊ညနေငါလာခဲ့မယ်
"ငါ လိုက်ခဲ့မယ်လေ ကားပါတာပဲ "
" ဘာလိုက်လုပ်ဖို့လဲ "
"ဒီတိုင်း ငါပျင်းလို့ "
"ထယ် "
ဆွဲငင်သံပါပါ အမည်နာမ တစ်ခု ထွက်ပေါ်လာတော့ စနေသားဟာ ငိုင်ကျသွားတယ်။
စောဒကတွေထပ် မတက်တော့ပေမယ့်လည်း
ရုပ်ချည်းဆိုသလို တည်တံ့သွားပုံက အံဩစရာ
ကောင်းခဲ့ပါတယ်။
သူတို့ နှစ်ယောက်စလုံး အသွင်ပြောင်းတဲ့
နေရာမှာ သိပ်တော်တာပါပဲ။
"အဲ့ဒါဆိုjin Hyung နဲ့
ကျန်ခဲ့ မယ် "
"အဲ့လို ဘယ်ဖြစ်မှာလဲထယ်ရယ် ခဏနေပဲ ဆိုင်သိမ်းရတော့မှာကို "
"အစောကြီးပါလား "
"အင်း တနင်္ဂနွေနေ့ဆို နေ့တစ်ပိုင်းပဲ ဖွင့်တယ် "
"မင်း ပြန်လာတဲ့ အထိ ဆိုင်ရှေ့မှာပဲ
စောင့်မယ်၊ Hyung ကို
အနှောက်အယှက်မပေးဘူး၊အဲ့လိုဆိုရင်ဖြစ်လား။
ဒါမှမဟုတ်လည်း မင်းအလုပ်လုပ်မဲ့
နေရာကိုလိုက်မယ် ကားထဲကစောင့်မယ် "
ညီဟာကျွန်တော့ကို အကူညီတောင်းသလိုလှမ်း
ကြည့်ပါတယ်။ ကျွန်တော် ခေါင်းငြိမ့်ပြတော့မှ
ထယ့် ပခုံးကို ကိုင်ပြီး
" အစ်ကိုနဲ့ နေခဲ့ ငါစောစောပြန်လာမယ်"တဲ့။
နောက်တော့ လွယ်အိတ်ယူဖို့ထင်ပါတယ်။
အပေါ်ထပ်ဆီ တက်သွားတာမို့
ညီ့ နောက်ကို ကျွန်တော်လိုက်သွားမိတယ်။
ပစ္စည်းတွေကို ဈေးတိပ်ကပ်ပေးရင်း
အောက်ထပ်မှာ ထယ် တစ်ယောက်တည်း
ကျန်ရစ်ခဲ့ပါတယ်။
"နေ့လည်စာ မစားတော့ဘူးလား "
"မစားတော့ဘူးအစ်ကို၊ အလုပ်ထဲက
တစ်ယောက်ရယ် ခွင့်ယူထားလို့
ညီစောစော အလုပ်ဝင်ရမှာ နောက်တောင်ကျနေပြီ"
"အင်းပါ စားဖြစ်အောင်တော့စား ညီကဆေး
တွေသောက်နေရတာ"
"ဟုတ်ကဲ့ စားလိုက်ပါ့မယ် ၊ပြီးတော့ ထယ့်ကိုထားခဲ့မယ်နော်၊သူကပျော်တတ်တဲ့ကလေးမို့ အစ်ကိုကပဲ နားလည်ပေးဖို့တောင်းဆိုပါတယ်"
"အစ်ကို နားလည်ပါတယ် ထယ်က ချစ်စရာ
ကောင်းပါတယ် "
"ကျေးဇူးတင်ပါတယ် အစ်ကို၊ ညီသွားတော့မယ်"
"အင်း "
လှေကားထစ်တွေဆီရောက် ခါနီးမှ သူ့လက်ကို
လှမ်းဆွဲလိုက်ပါတယ်။ဘာကြောင့်အဲ့ဒီလို လုပ်မိသလဲကျွန်တော်ကိုယ်တိုင်မသိဘူး။သူဟာကျွန်တော့ကို ထူးဆန်းသလိုကြည့်မနေပါဘူး။
ဒီအတိုင်းပဲ ကျွန်တော့ဘက်ကိုလှည့်လာတယ်။
"ဘာများလဲ "ဆိုတဲ့ မေးခွန်းကိုသူမမေးပေမယ့်ကျွန်တော့နားထဲ အလိုလိုကြားနေရပါတယ်။
"အစ်ကိုခဏလောက် ဖက်ထား ချင်လို့ "
"အင်း ဆယ်စက္ကန့်ရမယ် "
ခန္ဓာကိုယ်ချင်းနီးကပ်ပြီး ခဏကြာတော့
ခွာလိုက်ကြတယ်။
သူ့ပါးတစ်ဖက်ကိုလည်း ကျွန်တော်နမ်းခဲ့မိပါတယ်။
တစ်စုံတစ်ရာကစေစားနေသလိုမျိုး
နစ်ဝင်သွားတဲ့ ပါးအိအိရဲ့ အထိအတွေ့နဲ့တင်
အသွေးအသားဟာ မလုံလောက်ခဲ့ဘူး။
နှုတ်ခမ်းတွေဆီ ထိကပ်မလို့လုပ်ပြီးကာမှ
"Jiminshi " ဆိုတဲ့ အသံကို
ကြားလိုက်ရတာကြောင့်
သူကော ကျွန်တော်ကော ထိတ်လန့်သွားတယ်။
အောက်ထပ်က ဂျောင်ကုရဲ့အသံကိုဘာတွေများ
တွေးကြောက်သွားရသလဲတော့မသိဘူး။
နှစ်ယောက်စလုံးက တိုင်ပင်မထားဘဲအနောက်ကိုနည်းနည်းဆီဆုတ်ခွာမိလိုက်ကြတယ်။
"အောက်ဆင်းရအောင် "
"ညီက အစောကတည်းက ဆင်းမလို့ကို
အစ်ကို့ဘာသာ လာနမ်းပြီး "
"အင်းပါ "
ဆိုင်ထဲမှာထယ်နဲ့ Jungkook
ပြသနာတက်နေတာကြောင့် အောက်ထပ်ကို
အလျင်စလို ပြေးဆင်းမိတယ်။ဖြစ်ပုံကဒီလို။
Jungkook ဟာ သေးသေးမွှားမွှား ပစ္စည်းတွေကို ညီ့ဆီကတောင်းယူတတ်တယ်။
ညီ မရှိတဲ့အခါတွေမှာဆိုလည်း"Jiminshi "ကိုပြောလိုက်နော်ဆိုပြီး ယူသွားတတ်တယ်။ဒါကို ထယ်က ပိုက်ဆံတောင်းသတဲ့။
"Jiminshi ကို မေးကြည့် ကျွန်တော့ကို
Jiminshi ကပေးမယ်လို့ပြောထားတာ "
အပြာရောင်ပီကေတောင့်လေးကို ကိုင်ထားတဲ့
Jungkook ဟာဒီတစ်ခါတော့သေချာပေါက်
အခက်တွေ့နေပြီထင်ပါတယ်။
"ဟုတ်တယ် ထယ် ငါ့ ကတိပေးထားတယ် "
"ပြီးတာပဲလေ"
***
အခြားအလုပ်ဆီသူ သွားတဲ့ အထိဆိုင်ထဲမှာ Jungkook ရှိနေတုန်းပဲ။
ကျွန်တော့ဆိုင်ရဲ့ ချောင်ကျကျ
နေရာမှာ လာထိုင်နေတတ်တဲ့ ကလေးရယ်မို့
အိမ်မပြန်ဖြစ်သေးတာ ကျိန်းသေသလောက်ပါပဲ။
"Hyung အလုပ်လုပ်လိုက်ဦးမယ် သိလား"
"ကူလုပ်ပေးမယ်လေ Hyung "
"နားပါဦးထယ်ရယ် မနက်ထဲကတောက်လျောက် ကြီးကူပေးနေရတာကို၊နေ့လည်စာစားတော့မယ်ဆို
Hyung ကိုပြော၊Jungkook ကောပဲနော်"
***
စတိုခန်းထဲက လွှင့်ပစ်ရမဲ့ ပစ္စည်း
တွေရှင်းလင်းပြီး တဲ့အချိန်ဟာ
နေ့လည် ၂နာရီ စွန်းစွန်း။
နေ့လည်စာချက်ဖို့ ရေခဲသေတ္တာထဲ
ဟိုမွှေဒီမွှေလုပ်ရင်း ကလေး
နှစ်ယောက်ကို
လှမ်းကြည့်မိတော့ စောစောက
မပြေလည်ခဲ့တာသူတို့
မဟုတ်သလို စာအုပ်တစ်အုပ်၊
ခဲတံ တစ်ချောင်းစီနဲ့ ငြိမ်းချမ်းရေးနေခဲ့ပါတယ်။
"ပုံဆွဲနေတာ လား ထယ်"
"ဟုတ်တယ် Hyung၊ ဒီမလောက်လေးမလောက်စားလေးက ကျွန်တော့ကို လာပြီး ပညာစမ်းနေလို့"
"Hyung အရင်စိန်ခေါ်တာလေ "
"စကားမများဘဲ ဆွဲစရာရှိတာဆွဲပါ "
"ဆွဲနေတာပဲဗျာ"
ဘာတွေဆွဲနေမှန်းမသိပေမယ့် ညီလုပ်ပေးထားတဲ့
သစ်သားစားပွဲခုံလေးပေါ်
ခေါင်းချင်းဆိုင်ပြီး အသည်းအသန်
ရေးခြစ်နေကြလေရဲ့။
"ဪ Jin Hyung.... နေ့လည်စာကိုမပြင်နဲ့တော့နော်၊
ဒီနေ့ ချာတိတ်က ပဲခေါက်ဆွဲ ဒကာခံမှာ"
"ပြိုင်ပွဲကမပြီးသေးဘူးလေ Hyung လည်း
ရှုံးချင်ရှူံးနိုင်တာပဲကို "
ဘယ်တုန်းကမှ ကျွန်တော့ ပတ်ဝန်းကျင်မှာ
ဒီလို ဆူညံမှုလေးတွေ
ဖြစ်လာမယ်လို့ မတွေးခဲ့ရိုးအမှန်ပါ။
တစ်ယောက်တစ်ခွန်းချေပသံတွေက
မိသားစု ဒါမှမဟုတ် လူနေမှုတစ်ခုရဲ့
ပြယုဂ်များဖြစ်နေသလား။
ကျွန်တော်နဲ့ ညီပဲ ရှိခဲ့တဲ့ တနင်္ဂနွေ
နေ့လည်တွေက ဒီအခြေအနေရဲ့ ဆန့်ကျင်မှာ
ရှိဖူးတာကြောင့်ဖြစ်လိမ့်မယ်။
ဒီဆူညံသံလေးတွေဟာ ကျွန်တော့အတွက်
အသားမကျသလိုလိုပါပဲ။
ခဏကြာတော့ ခဲပန်းချီ နှစ်ချပ်ကို
အကဲဖြတ်ခိုင်းတယ်။
ဘယ်သူဆွဲတာ ဘယ်ဝါဆွဲတာလို့
သူတို့ နှစ်ယောက်စလုံးဟာ မပြောပြဘူး။
ပိုလှပြီး လက်ရာမြောက်တဲ့
ပုံကိုသာ ရွေးချယ်ပါလို့ ဆိုကြတယ်။
နှစ်ပုံစလုံးက ညီ့ပုံတွေ။ နဖူး၊နှုတ်ခမ်း၊
မျက်နှာကျတွေက အစ
တစ်ပုံစံတည်း၊တစ်ထေရာတည်းပဲ။
ပန်းချီနှစ်ချပ်စလုံးဟာအနုစိတ်လွန်းလို့
ရွေးချယ်ပေးရဖို့တောင်ခက်ပါတယ်။
"Hyung တစ်ကိုယ်စာ အမြင်အရတော့
ဒီပုံက ပိုပြီး အသက်ဝင်တယ်လို့ထင်တယ် "
စကားဆုံးတော့ ထယ်ဟာ အောင်နိုင်သူ
တစ်ယောက်လိုပြုံးပါတယ်။
အထက်တန်းကျောင်းသားလေးရဲ့မျက်နှာက
သိသိသာသာ ညိုးနွမ်းသွားပါတော့တယ်။
"တွေ့လား ဒီနေ့နေ့လည်စာက ဒီချာတိတ်ဒကာပါလို့"
"ရှိပါစေတော့ ကတိပေးထားတာမို့
ကျွေးပါ့မယ်၊ ပစ္စည်းသင်္ခါရ၊လူသင်္ခါရလို့ပဲ
သဘောထားပါတယ် "
"ဟေ့ကောင် မင်းစကားကြီးကလည်း မင်းကျွေးတဲ့
ပဲခေါက်ဆွဲ စားရမှာတောင်
ကြက်သီးထ တယ် တကယ်ပဲ "
"ကြက်သီးထရင် မစားနဲ့ဗျာ၊သွားမယ်လာ"
"မင်းဘာသာသွားပါလား ဘာကိစ္စငါ့လာခေါ်နေတာတုံး"
"မလိုက်နေပေါ့ ကျွန်တော့ဘာသာ အိမ်ပြန်သွားမိရင်
တော့ မသိဘူးနော် "
"ရှုံးမဲ မဲနေပြန်ပြီ ဒုက္ခ ၊ကားသော့ယူဦးမယ်ခဏစောင့်"
"နီးနီးလေးပဲ ကားမယူနဲ့ ဆယ်မိနစ်ပဲ
လမ်းလျှောက်ရမှာ "
ထယ်တော့ Jungkook မလိမ့်တစ်ပတ်လုပ်တာ
ခံရတော့မှာပဲလို့ တွေးမိပေမယ့်
ထုတ်ပြောဖို့တောင် မမှီခဲ့ပါဘူး။
"သွားလိုက်ဦးမယ်နော် Hyung "
ဆိုင်ထဲက ထွက်ခွာသွားတဲ့ ကလေး
နှစ်ယောက်ကြောင့် ဒီနေ့အဖို့
ဘယ်နှခေါက်တောင်ပြုံးမိပါလိမ့်။
လမ်းထိပ်က ပဲခေါက်ဆွဲဆိုင်ဟာ ပိတ်ထားတာမို့
အခြား ပဲခေါက်ဆွဲဆိုင်ဆို
ဒီရပ်ကွက်ထဲ နောက်ထပ်တစ်ဆိုင်ပဲရှိတော့တာပါ။
အနည်းလေး နာရီဝက်ကျော်လေးဆယ့်ငါးမိနစ်လောက်လမ်းလျှောက်သွားရမဲ့ ခရီးကို
ဆယ်မိနစ်တဲ့လေ။ပြန်လာရင်
ထယ်တစ်ယောက် ဘယ်လိုများ ဖြစ်နေမလဲ
တွေးမိလေ ကျွန်တော်ရယ်ချင်လေပါပဲ။
အဲ့ဒီ အချိန် ဝေ့ကနဲ ရလိုက်တဲ့ သံပုရာ
အနံကြောင့်" ညီ "ဆိုပြီး သိလိုက်တယ်။
တကယ်လည်း ကျွန်တော့
ဆိုင်ထဲကို ညီပြန်ရောက်လာခဲ့ပါတယ်။
"အလုပ်မသွားခဲ့ဘူးလား ညီ "
"သွားတာကသွားတယ်။ဒါပေမယ့် ထွက်မယ့်
အကြောင်းပြောပြီး ပြန်လာခဲ့လိုက်တာ "
"ဘယ်လိုဖြစ်ပြီး ထွက်ခဲ့တာလဲ ၊အလုပ်မှာ
တစ်ခုခု အဆင်မပြေလို့လား "
"မဟုတ်ပါဘူး။ အချိန်ပေးချင်လို့ ပါ။
ညီ နားချင်နေတာလည်းပါတယ် "
အချိန်ပေးချင်လို့ဆိုတာ ပြောရိုးပြောစဉ်လား။
ဒါမှမဟုတ်
အခြားသောဆိုလိုခြင်းတွေများရှိနေဦးမလား။
သူအချိန်ပေးချင်တာဟာထယ့်အတွက်လား။
တစ်ဘဝလုံးစာ သွေးကြောင်ခဲ့တဲ့
ကျွန်တော့အတွက်များလား။
ကိုယ့်မေးခွန်းနဲ့ကိုယ် မျက်စိလည်နေတဲ့
အဖြစ်ဟာတော်တော်ဆိုးဆိုးလို့ဆိုရမယ်။
"သူ့ဘာသာအနားယူချင်လို့ အလုပ်ထွက်လိုက်တာ"ဆိုတဲ့ အတွေးကို မရမက ဦးနှောက်ထဲရိုက်သွင်းလိုက်ရပါတယ်။ဒီလိုမှမတွေးရင်ကျွန်တော်ရူးသွားလိမ့်မယ်။ဟုတ်ပါတယ်။
သူဟာဒီအတိုင်း
အလုပ်လုပ်ရတာပင်ပန်းလာလို့ နားခဲ့ရုံပါပဲ။
"ကလေးတွေကော အစ်ကို "
"စောစောကတင် ပဲခေါက်ဆွဲသွားဝယ်ကြတယ်
ညီမလာခင်လေးကပဲ "
"ညီက နေ့လည်စာ ချက်ပေးမလို့တောင်
အမြန်ပြန်ပြေးလာခဲ့တာ"
"ညီ ဟင်းချက်မလို့လား "
"ဟုတ်တယ်အစ်ကို ၊အစ်ကို့မီးဖိုခန်းလေးလည်း ကျွန်တော့ကို ရက်ပိုင်းလောက်
ငှားပါနော် အဆောင်မှာ က ဟင်းချက်လို့မရလို့"
"အင်း ဖြစ်ပါတယ် "
တော်တော်ကြာကြာတဲ့ အထိ ထယ်ကော
Jungkook ကော ပြန်မရောက်လာခဲ့ကြဘူး။
ညီဟာ ကျွန်တော့ အိပ်ယာပေါ်လှဲအိပ်နေတယ်။
ပန်းချီကားနှစ်ချပ် ကို သေချာကြည့်ပြီး
"ဒါ ထယ်ဆွဲတာပဲ"တဲ့။
ကျွန်တော် ရွေးချယ်ပေးခဲ့တဲ့ တစ်ခုကို
ကိုင်ထားရင်း အတိအကျဆိုတယ်။
"ထယ်က ကလေးဘဝကတည်းက
ညီ့ပုံတူတွေ အများကြီးဆွဲခဲ့တာ၊
သက်ရှိသက်မဲ့ အကုန်သူမဆွဲတတ်တာမရှိဘူး။
ပါရမီ ပါလို့လားမသိဘူး ခဲတံကိုင်လိုက်ရင်ကို
ပြောမကုန်အောင် လှတဲ့ ပန်းချီတွေဖြစ်လာတာ၊ဒါပေမယ့် သူ့ကို သူ့မေမေလိုဆရာဝန်ဖြစ်မယ်
ပဲထင်ထားတာ ဗိသုကာပညာရှင်ဖြစ်လိမ့်မယ်
တော့ မထင်ခဲ့ဖူးဘူး "
"ထယ်က ဗိသုကာ ပညာရှင်လား "
"အင်း ဟုတ်တယ်၊သူက စိတ်ကူးစိတ်သန်း
လည်းကောင်းတယ် "
အခန်းငယ်ဟာ တဖန်ပြန်ပြီး တိတ်ဆိတ်
သွားတယ်။သူစိမ်းတွေနဲ့တောင်
ပေါပေါသီသီထွက်ကျခဲ့တဲ့စကားလုံးတွေလည်း
ဒီအခန်းကျဉ်းထဲမှာ လူမသိသူမသိ
ပျောက်ဆုံးသွားရတယ်။
"ဟိုမှာ သူ့ကိုယ်ပိုင် အိမ်တစ်လုံးရှိပြီလို့
မနေ့ကတောင် ပြောနေသေးတယ်"
"ဒါဆို ညီထွက်သွားရဖို့ သိပ်မလိုတော့ထင်တယ်"
"မသိသေးပါဘူး၊ ညီလည်း ဘာမှမသိရသေးဘူး၊
ထယ်သူ့ဘာသာစီစဉ်နေတာပဲ။သူ့အိမ်နဲ့ သိပ်မဝေးတဲ့ နေရာမှာ ဆိုင်ခန်းတစ်ခန်းဝယ်ထားတယ်တဲ့။အေးအေးဆေးဆေး
ကော်ဖီဆိုင်လေးဖွင့်ပြီးနေကြမယ်လို့ပြောတယ်"
ညီ့ဆီက အဲ့ဒီစကားတွေကြားလိုက်ရတဲ့
အခိုက်မှာ ကျွန်တော့လက်ဖျားတွေ
အပူချိန်လျော့နည်းလာသလိုပဲ။
အေးစက်စက် လက်နှစ်ဖက်ကို
အပြန်အလှန် ဆုပ်နယ်ရင်း ပတ်ဝန်းကျင်ဟာ
ကြောက်စရာကောင်းလောက်အောင်
ကိုယ့်နှလုံးခုန်သံ
ကိုယ်ပြန်ကြားနေရတဲ့အထိပါပဲ။
"ညီ သူ့ကို မင်းကော ဘာဆက်လုပ်မှာ လဲလို့မေးတော့သူဘယ်လိုဖြေတယ်ထင်လဲ။
ကိတ်မုန့် ဖုတ်တာ သင်ပြီးညီနဲ့အတူ
ကော်ဖီဆိုင်မှာ လုပ်မယ်တဲ့၊
ခဲတံတွေကိုသိပ်ချစ်တဲ့သူက ခဲတံတွေကိုလွှတ်ချပြီးသာမန်
ကော်ဖီဆိုင် ပိုင်ရှင်လေး ဖြစ်ချင်တာတဲ့"
ဆက်မကြားရဲတဲ့ စကားတွေဆိုပေမယ့်
တော်ပါတော့ လို့လည်းပြောမထွက်ခဲ့ဘူး။
ရင်ထဲမှာ ထယ့်ကို
အကြိမ်ကြိမ် အခါခါ ကျေးဇူးတင်နေမိပြီး
ကိုယ့်ကိုကိုယ်တော့အပြစ်တင် မုန်းတီးမိလာတယ်။
"ဝေးသွားခဲ့ရင် ထယ်နဲ့အတူ
ငြိမ်းချမ်းတဲ့ ဘဝတစ်ခုမှာ ကောင်းကောင်း
နေထိုင်တယ်လို့ ယူဆပေးပါ ၊ညီ
အစ်ကို့ကို ဆက်သွယ်ဖြစ်မှာ မဟုတ်ဘူး၊
ဆက်သွယ်ဖို့လည်း မလွယ်လောက်တော့ဘူး၊
မတော်တဆများ တစ်နေရာရာမှာ
ထယ်နဲ့ဆုံကောင်းဆုံခဲ့ရင်
ညီ့ အကြောင်းထုတ်မမေးပါနဲ့။
ညီ အဆင်ပြေနေတယ်လို့ပဲသိထားပေးပါ။ညီပျော်နေမှာလို့ပဲအစ်ကိုသိထားပေးပါ"
စကားဆုံးသွားတော့ ညီဟာ
မျက်လုံးတွေ မှိတ်ပစ်လိုက်တယ်။
ခပ်ဖျော့ဖျော့ နှုတ်ခမ်း အစုံက
စောစောက မနမ်းလိုက်ရတဲ့
မြတ်နိုးမှု အပိုင်းအစလေးပါပဲ။
ဒီအမျိုးသားနဲ့ ဝေးသွားခဲ့ရင် တဲ့လား။
တကယ်ဆို နီးကိုမနီးစပ်ရသေးပါဘူး။
သူဖြစ်စေချင်တဲ့အတိုင်းချစ်သူတွေလို
မနေပေးခဲ့ရဘူး။
သူ့အတွက် ဘာဆိုဘာမှ မဖြည့်ဆည်း
ပေးနိုင်ခဲ့ဘူး။
ကိုယ့်ကိုကိုယ်ငိုကြွေးဖို့တောင် မထိုက်တန်ဘူးလို့
ခံစားလိုက်ရတာမို့
အောက်နှုတ်ခမ်းကို တင်းတင်းဖိကြိတ်ပြီး
အိုင်ထွန်းလာတဲ့ မျက်ရည်စတွေကို
သိမ်းဆည်းထားမိပါရဲ့။
ခြောက်ကပ်ကပ်အကြောက်တရားတွေက
ကျွန်တော့အတွက်တော့
ကုရာနတ္ထိဆေးမရှိ ဖြစ်ခဲ့တယ်။
ကျွန်တော် ကိုယ့်ကျွန်တော်စီရင်ရတဲ့ ဒီပွဲမှာ
တော့ကျွန်တော့်နှလုံးဟာ
ရာသက်ပန် သေမိန့်ကျနေသလိုပဲ။
မှားယွင်းစွာတွေ့ဆုံမှုတွေအတွက် ကျွန်တော်
တစ်ယောက်တည်းပဲ မျက်ရည်ကျပါ့မယ်။
ပိုင်ဆိုင်လိုစိတ်ဟာ လွတ်ရက်မရှိတဲ့
သံသရာထောင်တစ်ခုလိုဖြစ်နေသလားပဲ။
အခုချက်ချင်းကိုထိုင်နေတဲ့ နေရာကနေ ထွက်ပြေးချင်ခဲ့မိတယ်။
ညီနဲ့မဆုံနိုင်တော့တဲ့အထိ....။
တဖြေးဖြေး ညီပုံရိပ်တွေ ဝိုးတိုးဝါးတား
ဖြစ်လာခဲ့တဲ့အထိ......။
နေ့နဲ့ညတွေ ကွဲပြားတဲ့အထိ....။
တစ်ယောက်နဲ့ တစ်ယောက်
ကမ္ဘာတစ်ခြမ်းစီဝေးတဲ့အထိ....။
ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော့စိတ်တွေခပ်ရေးရေး
အနည်ထိုင်တဲ့အထိ....။