အပိုင်း ၁ - တစ်ယောက်ယောက်လာနေပြီ၊ သူ ကြောက်သွားအောင် ခြောက်လိုက်ကြစို့။
နေကြာပန်းခင်းအလယ်တွင် ဝိညာဉ်စွမ်းအင်ရှိသော သန့်စင်ထားသည့် နေကြာပန်းလေးတစ်ပင် ရှိ၏။
လောလောလတ်လတ် သန့်စင်ခံထားရသော ဝိညာဉ်စွမ်းအင်ရ နေကြာပန်းပင် ဖြစ်သည့်အလျောက် သူ့တွင် စကားပြောဖော်မရှိ။ သူ့ဘေးက နေကြာပန်းတို့မှာ ဝိညာဉ်စွမ်းအင် မရှိသေးသည်ဖြစ်၍ သာမန်နေကြာပန်းအဖြစ် ရှိနေကြဆဲပင်။ သန့်စင်ထားသော နေကြာပန်းလေးမှာ နေ့နေ့ညည အထီးကျန်ပြီး တစ်ယောက်တည်း ပျင်းနေရသည်။ သူ့အတွက် တစ်ခုတည်းသော ပျော်စရာက လူသားများအား ခြောက်လှန့်ရခြင်းဖြစ်၏။
လရောင် မှိန်ပျပျဆမ်းနေသော ထိုညသည် တစ်ယောက်ယောက်ကို ခြောက်လှန့်ဖို့ အကောင်းဆုံးညဖြစ်သည်။
နေကြာပန်းခင်းဘေးက လမ်းသွယ်လေးတွင် ရှောင်တောက်ကျိ (ဘုန်းကြီးလေး) တစ်ပါးသည် ဓားတစ်လက်ကိုင်ရင်း ရင်တုန်ပန်းတုန်ဖြင့် လမ်းသွယ်လေးအတိုင်း လျှောက်လာခဲ့၏။ ဘေးပတ်ဝန်းကျင်ကို တောင့်တောင့်ကြီး ဝေ့ကြည့်ပြီး ရှောင်တောက်ကျိ ခြေလှမ်းတို့ မြန်လာသည်။
သန့်စင်ထားသော နေကြာပန်းသည် သူ့ဝိညာဉ်စွမ်းအင်ကို ဆင့်ခေါ်ပြီး ဘေးနားက အခြားသော သာမန်နေကြာပန်းများဆီ ဖြန့်ကျက်လိုက်သည်။
“ ထကြတော့ နေကြာပန်းလေးတွေရေ”
သာမန်နေကြာပန်းပင်များ :“……”
သန့်စင်ထားသော နေကြာပန်း :“ တစ်ယောက်ယောက် လာနေပြီ၊ သူ့ကို ကြောက်အောင်ခြောက်လိုက်ကြစို့”
သာမန်နေကြာပန်းပင်များ :“………”
သန့်စင်ထားသော နေကြာပန်းက ၁ ၂ ၃ ရေပြီး အမိန့်ပေးလိုက်သည်။
“ သူ့ကို စိုက်ကြည့်ကြ !”
သန့်စင်ထားသော နေကြာပန်း၏ အမိန့်အောက် တောင်တန်းများဆီ စွဲစွဲမြဲမြဲ မျက်နှာမူထားသော နေကြာပန်းခင်းကြီးတစ်ခုလုံး ရှောင်တောက်ကျိဘက်သို့ ပြိုင်တူ ခေါင်းလှည့်လာကြ၏။
ရှောင်တောက်ကျိ အလန့်လွန်ပြီး သတိမေ့ခါနီး ဖြစ်သွားသည်။
-----
ထို့နောက် အော်ရင်းတန်းရင်းနှင့်ပင် ရှောင်တောက်ကျိတစ်ယောက် တောက်ဘုန်းကြီးကျောင်းထဲက သူ့အိမ်ခန်းဆီ အသည်းအသန် ပြေးပြီး၊ အိပ်ခန်းထဲ တန်းဝင်ကာ ခြေအိတ်တောင် မချွတ်ဘဲ အိပ်ရာပေါ် ခုန်တက်လိုက်သည်။ ရှောင်တောက်ကျိ သူ့ကိုယ်ကို စောင်နှင့်ခြုံပတ်လိုက်ကာ တုပ်တုပ်ပင် မလှုပ်တော့ချေ။
တအောင့်ကြာအောင် လှဲနေပြီးသည့်နောက် ရှောင်တောက်ကျိ နည်းနည်း စိတ်အေးသွားသလို ခံစားရသဖြင့် စောင်ဖယ်ပြီး အပြင်ဘက် ကြည့်လိုက်၏။ ပထမဆုံး သူမြင်လိုက်သည်က သူ့ပြတင်းဘောင်ပေါ်ရှိ သစ်ခွစိုက်ထားသော ပန်းအိုးထဲတွင် နေကြာပန်းတစ်ပင် စိုက်ထူလျက်ရှိသည်ကိုပင်။
ရှောင်တောက်ကျိ သူ အမြင်မှားနေတာ မဟုတ်ကြောင်း သေချာအောင် မျက်တောင် ပုတ်ခတ် ပုတ်ခတ်လုပ်လိုက်သည်။ မထင်ထားသည်က အနှီနေကြာပန်းသည် ခေါင်းထောင်ပြီး သူ့အား ကြည့်လာ၏။
ရှောင်တောက်ကျိ တောင့်ခဲသွားကာ ထို့နောက်တွင် လုံးဝ သတိမေ့သွားတော့သည်။
-----
နောက်တစ်နေ့မနက် ရှောင်တောက်ကျိ နိုးလာတော့ သူ့အိပ်ရာပေါ် လူတစ်ယောက်ရောက်နေသည်ကို တွေ့လိုက်ရ၏။
ထိုလူမှာ ချောမောလှပသော မျက်နှာပိုင်ရှင်ဖြစ်ပြီး အသားအရည်ကလည်း ကျောက်စိမ်းတမျှ ဖြူဖွေးနေသည်။ မင်ရည်ရောင် သူ့ဆံနွယ်ကြီးက အိပ်ရာခင်းပေါ်တွင် မြစ်နက်တစ်စင်းအလား ရှိနေ၏။
ရှောင်တောက်ကျိ အေးခဲသွားပြီး ထိုလူငယ်လေးကို ပေါ်တင်စိုက်ကြည့်နေမိသည်။
လူငယ်လေးက ပြုံးရင်း ထထိုင်လိုက်သည်မို့ သူ့ကိုယ်ပေါ်က ခြုံစောင်ကွာကျသွားသည်။
“ ဘာလဲ”
သူ့အမေးကြောင့် ရှောင်တောက်ကျိ ငေးနေရာမှ သတိပြန်ဝင်ပြီး မျက်နှာကြီး နီမြန်းသွားရသည်။
“ မင်း ဘယ်သူလဲ? ဘာလို့ အကျီမဝတ်ထားတာလဲ”
“ အကျီဝတ်ထားတဲ့ နေကြာပန်း မင်း တွေ့ဖူးလို့လား”
‘နေကြာပန်း’ ဟူသည့် စကားလုံးကို ကြားတာနှင့်တစ်ပြိုင်နက် ရှောင်တောက်ကျိ ထိတ်လန့်သွားသည်။
ရှောက်တောက်ကျိ ပုံစံကို တွေ့တော့ လူငယ်လေးက ဆို၏။
“ မကြောက်ပါနဲ့”
ရှောင်တောက်ကျိ တိုက်ပွဲနွှဲရန် သူ့ကိုယ်သူ အသင့်ပြင်ထားရင်း ပြောလိုက်သည်။
“ မင်း…မင်းက မိစ္ဆာလား”
လူငယ်လေးက ပွင့်ပွင့်လင်းလင်း ပြန်ဖြေသည်… “ ဟုတ်တယ်”
ရှောင်တောက်ကျိ ပိုလို့တောင် သတိထားလိုက်သည်။
“ ဒီကို ဘာလာလုပ်တာလဲ”
လူငယ်လေးမျက်နှာ မည်းမှောင်သွားကာ… “ မင်းဝိညာဉ် လာစုပ်မလို့”
ရှောင်တောက်ကျိ ညတိုင်း ဓားထားထားလေ့ရှိသော အိပ်ရာပေါ်က နေရာကို လက်ဖြင့်စမ်းတမ်းတမ်း ရှာလိုက်သော်လည်း ဘာမှမတွေ့။
လူငယ်လေးက လက်တစ်ချက်ဝှေ့ရမ်းလိုက်တော့ ရှောင်တောက်ကျိ ရှာနေသော ဓား ပေါ်လာသည်။
“ မင်းမနေ့က တအားမြန်မြန်ကြီး ထွက်သွားတော့ နေကြာပန်းခင်းထဲ ဒါကြီး ကျန်ခဲ့တယ်လေ”
ရှောင်တောက်ကျိ လက်တုန်တုန်ချိချိဖြင့် လူငယ်လေးဆီကနေ ဓားပြန်ယူလိုက်သည်။ ထို့နောက် သူ့အား ဓားဖြင့်ရွယ်ကာ…
“ အများပြည်သူ ကောင်းကျိုးအတွက် ငါ မင်းကို သုတ်သင်ရလိမ့်မယ်”
လူငယ်လေးက ဟက်ကနဲ တစ်ချက်ရယ်ပြီး…
“ ငါ့ကို ကြောက်စရာမလိုပါဘူးကွာ… ငါက ဒီတိုင်း မင်းကို ကြောက်အောင်ခြောက်နေတာပါ၊ မင်း ဝိညာဉ်လည်း စုပ်မနေဘူး”
ရှောင်တောက်ကျိ အော်ပြောလိုက်သည်။
“ မင်း ငါ့ကို လှည့်စားဖို့ကြိုးစားနေတာ !”
လူငယ်လေးက ကိုယ်လုံးတီးနှင့် အိပ်ရာပေါ်က ထပြီး…
“ ဟုတ်တယ်… ငါ အခု စိတ်ကျေနပ်လောက်တဲ့အထိ ခြံထဲ နေပူဆာသွားလှုံလိုက်ဦးမယ်”
ရှောင်တောက်ကျိ တောင့်သွားသည်… “ မင်း… ဒီပြန်လာခဲ့ !”
-----
ချော့တစ်ခါ ခြောက်တစ်လှည့်ဖြင့် နောက်ဆုံးတော့ လူငယ်လေး အကျီဝတ်ပြီးမှ အပြင်ထွက်အောင် ရှောင်တောက်ကျိ လုပ်နိုင်လိုက်ပြီ။ သူ့အကျီအဟောင်းတွေကို ခဏဝတ်ခိုင်းထားလိုက်သည်လေ။
လူငယ်လေးက အကျီဝတ်လို့ပြီးသွားတော့ လက်ကွေးကြည့်လိုက်ပြီး…
“ နည်းနည်း ကြပ်နေတယ်”
ရှောင်တောက်ကျိ သူ့ကို စိုက်ကြည့်ပြီး…
“ မင်းအတွက် ပိုကြီးတာ သွားရှာခဲ့ပေးမယ်”
လူငယ်လေးက လခြမ်းကွေးလေးဖြစ်သွားသည်အထိ မျက်လုံးများ ကွေးတက်အောင် ပြုံးပြကာ....
“ ကောင်းသားပဲ”
ရှောင်တောက်ကျိ ခဏတန့်သွားပြီးမှ… “နေပါဦး၊ မင်းအတွက် အဝတ်ရှာပေးရအောင် ငါက ဘယ်သူမို့လို့လဲ”
လူငယ်လေးက ပခုံးတွန့်ပြလိုက်သည်။
“ ဒါဆိုလည်း ဘာမှဝတ်မနေတော့ဘူး၊ ကိုယ်တုံးလုံးနဲ့ နေပူဆာလှုံရတာ ပိုတောင် သက်တောင့်သက်သာ ရှိသေးတယ်”
ရှောင်တောက်ကျိ ပြောလိုက်သည်...“ နေဦး...နေဦး.... ငါ သွားယူပေးမယ်၊ ငါ သွားယူပေးမယ်... ဒီမှာပဲ စောင့်နေနော် ”
-----
ကောင်းကောင်းမွန်မွန် ဝတ်စားလို့ ပြီးသွားတော့ လူငယ်လေးက ခြံဝင်းထဲထိုင်ပြီး နေရောင်ထဲတွင် အေးအေးလူလူ တရားထိုင်နေသည်။
ရှောင်တောက်ကျိ တံခါးကနေ ခိုးထွက်ကာ သူ့ရှစ်ရှုန်း ( ဆရာတူအစ်ကို) ဆီ ပြေးသွားတော့သည်။
“ ရှစ်ရှုန်း မကောင်းတော့ဘူး၊ မကောင်းတော့ဘူး !”
ရှစ်ရှုန်း : “ ဘာဖြစ်လာတာလဲ”
ရှောင်တောက်ကျိ :“ ကျွန်တော် ပန်းမိစ္ဆာတစ်ကောင် ဖမ်းမိထားတယ်”
ရှစ်ရှုန်း သူ့ဆရာတူညီလေးကို နှစ်သိမ့်ရန် အကောင်းဆုံး ကြိုးစားလိုက်သည်။
“ နေပါဦး... မလန့်ပါနဲ့၊ အစ်ကို့ကို အဲ့ပန်းမိစ္ဆာက ဘယ်လိုပုံစံလဲဆိုတာ အရင်ပြောပြ။ အခုရက်တွေမှာ ဇီးသီးမိစ္ဆာနဲ့ မက်မွန်ပန်းမိစ္ဆာတွေက ဒီနယ်တစ်ဝိုက် ပြဿနာရှာနေကြတာ... အစ်ကို သုံးလေးကောင်တော့ ဖမ်းမိပေမဲ့ တော်တော်များများ လွတ်သွားသေးတယ်"
ရှောင်တောက်ကျိ အော်ပြောလိုက်သည်။
“ သူက နေကြာပန်းမိစ္ဆာကြီး”
ရှစ်ရှုန်း :“ အစ်ကို့ကို လာနောက်နေတာလား”
ရှောင်တောက်ကျိ :“ မဟုတ်ဘူး၊ တကယ်ပြောတာ...မနေ့ညက နေကြာပန်းခင်းဘေးက ဖြတ်သွားတော့ အဲ့နေကြာပန်းတွေက ရုတ်တရက်ကြီး ကျွန်တော့်ကို လာလှည့်ကြည့်ကြတာဗျ၊ ကျွန်တော်ဖြင့် လန့်လွန်းလို့ သေတော့မလိုပဲ !”
ရှစ်ရှုန်း :“... ရှောင်တောက်ကျိ နေကြာပန်းတွေက ညဘက်ဆို အနောက်ကနေ အရှေ့ကို လှည့်ပြီး၊ နေ့ဘက်ကျ အရှေ့ကနေ အနောက်ကို ဖြည်းဖြည်းချင်း လှည့်တယ်ဆိုတာ မင်း တကယ် ယုံနေတာလား”
ရှောင်တောက်ကျိ :“ ဒါဆိုလည်း ရှစ်ရှုန်း ကျွန်တော့်ကိုတော့ ယုံဗျာ !”
ရှစ်ရှုန်း :“ အစ်ကို တစ်ခါမှ နေကြာပန်းတွေ ဝိညာဉ်စွမ်းအား ရတယ်ဆိုတာ မကြားဖူးဘူး။ ပြီးတော့ ဝိညာဉ်စုပ် မိစ္ဆာတွေက မျက်လုံးနက်ကြီးနဲ့ မည်းမည်းမှောင်မှောင် ပုံစံတွေချည်းပဲ။ မင်းပြောပုံအရတော့ အဲ့လိုမဟုတ်ပါဘူး”
ရှောင်တောက်ကျိ အမြန် ရှင်းပြလိုက်သည်။
“ ဘာလို့လဲဆိုတာ့ အဲ့မိစ္ဆာက ဝိညာဉ်စုပ်စရာ မလိုလို့လေ၊ သူပြောတာ သူ နေရောင်ခံရင် ရပြီတဲ့”
ရှစ်ရှုန်းက ဝါးလုံးကွဲအောင် ရယ်တော့သည်။
“ ဒါဆိုလည်း သူ့ကို ရေပါ သွားလောင်းပေးလိုက်လေ”
ရှောင်တောက်ကျိ : "........."
ရှစ်ရှုန်း : လောလောဆယ်တော့ လာမစားပါနဲ့ကွာ။ ဒီအစ်ကိုကြီး အလုပ်များနေတယ်ကွ။
ရှောင်တောက်ကျိ ခေါင်းငိုက်စိုက်ကျပြီး ပြန်ရုံသာ တတ်နိုင်တော့သည်။
ခြေလှမ်းတစ်ဝက်လှမ်းလို့အပြီး ရှောင်တောက်ကျိ ခဏရပ်ပြီး နောက်ပြန်လှည့်လိုက်သည်။
ရှစ်ရှုန်း :“ဘာလဲ… နောက်ထပ်ပုံပြင်ပြောစရာရှိသေးလို့လား”
အဖဲ့ခံလိုက်ရသည့် ရှောင်တောက်ကျိက နှာတစ်ချက်ရှုပ်ပြီး.... “ ရှစ်ရှုန်း ကျွန်တော့်ကို ရှစ်ရှုန်းမဝတ်တော့တဲ့ အဝတ်အစားတွေ ပေးလို့ရမလားဗျ ”