" Jay ... "
နှုတ်ခမ်းဖျားမှာ အကြိမ်ကြိမ် ရှိနေလျက်နဲ့ အသံထွက်လို့ မရွတ်ဆိုခဲ့ရတဲ့ နာမည်လေးပါပဲ။ ဒီနာမည်လေးဟာ ပျားရည်လေးလိုပဲ သိပ်ချိုတယ်။ သူ့စိတ်အစဉ်ကို ကြည်လင်အေးချမ်းစေတဲ့ နတ်ရေစင်လေး။ အတွေးလေးနဲ့တင် နှုတ်ခမ်းထောင့်တွေ အလိုလို ကွေးညွတ်သွားရတဲ့အထိကို မြတ်နိုးနှစ်သက်ရပါတယ်။
🌊
ပတ်ဂျုံဆောင်းကို ဘယ်တုန်းက စပြီး ချစ်မိသွားတာလဲ။
ဆောင်းဟွန်းကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကို ဒီမေးခွန်းကို အကြိမ်ကြိမ် ပြန်မေးခဲ့ဖူးတယ်။ သူနဲ့ အရာရာ ဆန့်ကျင်ဘက် ဖြစ်နေတဲ့ ကောင်လေးကို ဘယ်လိုဖြစ်ပြီး ရူးသွပ်စွဲလမ်းသွားရသလဲ ဆိုတာပေါ့။
စာလိုက်နားမထောင်လို့ Professor အပြစ်ပေးတာခံရပြီး အတန်းရှေ့မှာ ပုစ္ဆာတွေ တွက်ပြရတုန်းကလား။ Lab ခန်းထဲက သူထိုင်နေကျ ထိုင်ခုံလေး သူများ ဦးသွားလို့ စူပုတ်ဆောင့်အောင့်နေတုန်းကလား။ Bubble tea မှာခါနီး delivery fee သက်သာအောင် မျက်နှာချိုချိုလေးနဲ့ အဖော်လာစပ်တုန်းကလား။ နေပူလွန်းတဲ့နေ့မှာ အရှေ့ဆံပင်လေးတွေကို တဖူးဖူးမှုတ်နေတုန်းကလား။
ဘယ်အချိန်ရယ် အတိအကျ မမှတ်မိတော့ပေမယ့် သူ သတိထားမိတဲ့အချိန်ကျ နှလုံးသားမှာ ပတ်ဂျုံဆောင်းဆိုတဲ့ ဖျားနာမှုလေးက အမြစ်တွယ်နေခဲ့ပြီ။ သူ့စိတ်ဝိညာဉ် တစ်ခုလုံးကို ပတ်ဂျုံဆောင်းလေးက စိုးမိုးခြယ်လှယ်နေခဲ့ပြီ။ ဒီကောင်လေးကိုပဲ စူးစူးနစ်နစ် ရူးသွပ်နေခဲ့ပြီ။
🌊
ဆောင်းဟွန်းက ငယ်ငယ်ကတည်းက အနေအေးတဲ့ ကလေးလေး။ အရွယ်ရောက်လာတော့ အနေပိုအေးတဲ့ လူငယ်လေးပဲ ဖြစ်လာတယ်။ သူငယ်ချင်းဆိုရင်လည်း လက်ချိုးရေရင်တောင် လက်တစ်ဖက်မပြည့်ဘူး။ အဲဒီထဲကမှ နှစ်ယောက်က တစ်ဝမ်းကွဲ အစ်ကို ဟီဆွန်းနဲ့ ညီလေး ဂျောင်ဝန်း။ ဆောင်းဟွန်းအတွက်တော့ လူတွေ အများကြီး မလိုအပ်သလို သူကလည်း ဘယ်တုန်းကမှ မလိုချင်ခဲ့ဘူး။ " ပတ်ဂျုံဆောင်း " ဆိုတဲ့ ပျားရည်အိုးကလေးနဲ့ မတွေ့ခင် အထိပေါ့။
" Jay ... "
သူတို့ major ကလူတွေ အများစု .. အကုန်လုံး နီးပါးက ဂျုံဆောင်းကို ဒီလို ခေါ်ကြတယ်။ ဘယ်ကနေ ဘယ်လိုစခေါ်တယ်ကြဆိုတာတော့ ဆောင်းဟွန်းလည်း မပြောတတ်ပါဘူး။ ဂျုံဆောင်းမှာ Jake လို့ခေါ်တဲ့ med school က သူငယ်ချင်း တစ်ယောက်ရှိတဲ့ အပြင် အင်္ဂလိပ်စကားပြောလည်း အများကြီး ကောင်းတယ်။ ငယ်ငယ်ကတည်းက မြို့ကြီးပြကြီးမှာ နေလာရတဲ့ ကလေးတွေဆိုတော့ အင်္ဂလိပ်နာမည်တွေ ခေါ်ပြီး အင်္ဂလိပ်စကားတွေ ပြောကြတဲ့ ကျောင်းတွေမှာ တက်ခဲ့ကြတာ နေမှာပေါ့။ ဆောင်းဟွန်းတို့ မြို့လေးမှာတော့ တိုက်ပုလေးတွေရယ်၊ ပြောင်းဖူးခင်းတွေရယ်ကလွဲရင် ဘာမှ မရှိဘူး။ ယုတ်စွအဆုံး Burger King တောင် ရှိမနေဘူး။ ဒီလိုတွေ တွေးမိပြန်တော့လည်း သူနဲ့ ဂျုံဆောင်း ဘဝ အနေအထားက ကွာခြားလွန်းပါလားဆိုပြီး တိတ်တခိုးလေး ဝမ်းနည်းမိပြန်ရော။
ဆောင်းဟွန်းက စကားနည်းသလောက် အတွေးတွေ သိပ်များတတ်တဲ့ ကောင်လေး။ သူ့ခေါင်းထဲမှာ ဦးတည်ရာမဲ့ပြီး အဆက်အစပ်မရှိတဲ့ အတွေးတွေနဲ့ ပြည့်နေတတတ်တယ်။ ဒါပေမယ့် အခုနောက်ပိုင်းတော့ ခေါင်းထဲမှာ အတွေးပေါင်း တစ်ရာ ရှိနေရင် ကိုးဆယ့်ကိုးခုက ပတ်ဂျုံဆောင်း အကြောင်းတွေချည်းပဲ။
ပတ်ဂျုံဆောင်းလေး ငယ်ငယ်တုန်းက ဝဝကစ်ကစ်လေးလား၊ ပိိန်ပိန်သေးသေးလေးလား။ ပတ်ဂျေး ဆိုတဲ့ နာမည်ကရော ဘယ်လိုလေး ရလာတာလဲ။ အိမ်မှာရော မေမေဖေဖေတို့က ဂျုံဆောင်းလေးလို့ခေါ်သလား။ ဂျေဂျေးလေးလို့ခေါ်သလား။ ဂျေဂျေးလေး ဒီလောက်အထိ အချိုတွေ နင်းကန်စားနေတာ နေမကောင်း မဖြစ်ဘူးလား။ မေမေဖေဖေ တို့ကရော ဂျေဂျေးလေးကို မဆူဘူးလား။ ဂျေဂျေးလေး Instagram မှာ တင်ထားတဲ့ ပုံတွေကရော ဘယ်သူရိုက်ပေးတာလဲ။ ချစ်စရာကောင်းတဲ့ ဂျေဂျေးလေးက ဘာလို့ ဆေးလိပ်ပြာခွက်နဲ့ ဘီယာပုလင်းပုံတွေ ခဏခဏ တင်ရတာလဲ။ ဂျေဂျေးလေးမှာ ရှင်းမ်ဂျယ်ယွန်း အပြင် တခြား ဘယ်သူငယ်ချင်းတွေ ရှိသေးလဲ။ Nicolas ဆိုတဲ့ အစ်ကိုကြီးက ဘာဖြစ်လို့ ဂျေဂျေးလေးနဲ့ ခနခန bubble tea တွေ အတူတူ မှာသောက်နေတာလဲ။ ရာသီဥတုက တဖြေးဖြေး ပူလာတာကို ဂျေဂျေးလေးက ဘာလို့ ဆံပင် မညှပ်သေးတာလဲ .. စသဖြင့် ဂျေဂျေးလေးနဲ့စတဲ့ အတွေးရေယာဉ်ကြောလေးတွေက သူ့ဦးနှောက်ထဲ နေ့စဉ် ဖြတ်သန်းစီးဆင်းလို့နေပါတယ်။
🌊
" ကင်မ်ဆောနူး .. ပတ်ဆောင်းဟွန်း ပြီးတော့ ပတ်ဂျုံဆောင်း "
Monthly module project အတွက် ထွက်လာတဲ့ နာမည်စာရင်းတွေမှာ ဆောနူးက သူတို့နာမည်ကို လိုက်ရှာဖတ်နေတယ်။ သူ့မျက်လုံးထဲ ရှိနေတာက ဆောနူး iPad ရဲ့ ညာဘက်အောင့်ထောင့်မှာ တန်းစီလို့ ရှိနေတဲ့ နာမည်နှစ်ခု။
" ပတ်ဂျုံဆောင်း ... "
ဒီစာလုံးလေး သုံးလုံးနဲ့တင် သူ့ရင်တစ်ခုလုံး ဗြောင်းဆန်လို့နေပါပြီ။ နာမည်လေးနှစ်ခု နီးကပ်နေရုံနဲ့တင် ရင်တွေ တဒိန်းဒိန်းခုန်လို့ နှလုံးသွေးတွေ ဆောင့်တက်လာရတယ်။ စိတ်ထဲမှာတော့ ဂျေဂျေးလေးဆိုတဲ့ နာမည်ကို စက္ကန့်မလပ် ရေရွတ်လို့ နေပေမယ့် တကယ်တမ်း ကျပြန်တော့ " ပတ်ဂျုံဆောင်း " ဆိုတဲ့ နာမည်လေးကိုတောင် အသေအချာခေါ်ဖို့ သတ္တိက ရှိမနေပြန်ဘူး။
" ငါတို့နှစ်ယောက်ရယ် ဂျုံဆောင်းရယ်က တစ်ဖွဲ့ထဲပဲကွ။ ဒီလတော့ A+ ရပြီ ထင်တယ်။ ဂျေးကို သွားပြောပြလိုက်ဦးမယ် "
ပျော်မြူးလို့ ထွက်သွားတဲ့ ဆောနူး ကျောပြင်ကိုကြည့်ရင်း လူက စိတ်ထဲ လေးပင်လို့ ကျန်ရစ်ခဲ့ရတယ်။ ဦးနှောက်က မခိုင်းစေပါဘဲ သက်ပြင်းကျယ်ကျယ် တစ်ချက်ကိုလည်း ဖန်တီးမိပြန်တယ်။ ဆောနူးအတွက်ကျတော့ လူတစ်ယောက်နဲ့ ခင်မင်ရင်းနှီးဖို့က ဘာဖြစ်လို့ အရမ်းလွယ်နေရတာလဲ။ ဂျေဂျေးလေးကို မြင်တိုင်း ပိုတိုးလို့ ချစ်လာရသလောက် မဝံ့မရဲနဲ့ သတ္တိကြောင်နေတဲ့ သူ့ကိုယ်သူလည်း ပိုစိတ်ပျက်လာရတာပါပဲ။
ဒါပေမယ့် ဘယ်လောက်ပဲ ခက်ခဲနေပါစေလေ။ ဒီလို အခွင့်အရေးဆိုတာ ဘဝမှာ နောက်ထပ်ရနိုင်ဖို့ မသေချာတော့ဘူး မလား။ ဘုရားဖန်တီးတဲ့ အခွင့်အရေးကိုမှ သေချာ အသုံးမချရင် ဒီလောကမှာ ပတ်ဆောင်ဟွန်းထက် မိုက်တဲ့သူ ရှိပါ့ဦးမလား။
🌊
" ဆောင်းဟွန်း .. ငါက ဘယ်အပိုင်းတွေ ကူပေးရမှာလဲ "
ရောက်လာကတည်းက bubble tea ခွက်ကို လက်ကမချတဲ့ ဂျုံဆောင်းက စကားပြောရင်းတောင် boba လေးတွေကို တမြုံ့မြုံ့နဲ့ ဝါးနေသေးတာ။ ဆောင်းဟွန်းဖြင့် ပိန်ချည်ဖောင်းချည် ဖြစ်နေတဲ့ ပါးလေးတွေကို အသည်းယားလိုက်တာ။ ဒီကောင်လေးဟာ အန္တရာယ်များလွန်းတယ်ဆိုတာ သူကိုယ်တိုင် မသိတာလား။ မသိချင်ယောင်ဆောင်နေတာလား။ မဖြစ်ပါဘူး။ တကယ်ပဲ ပတ်ဂျုံဆောင်း နဖူးပေါ်မှာ " အလွန်အကျွံ အသည်းယားစရာ ကောင်းပါသဖြင့် နှလုံးသား ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေပါသည် " လို့ ကပ်ထားပေးဦးမှပါပဲ။
" layout က ငါနဲ့ ဆောနူး ရွေးထားပြီးသား template တွေ ရှိတယ်။ အဲ့ထဲကနေ သုံးယောက် အတူတူ ပြန်ရွေးကြမယ်လေ။ ဂျုံဆောင်းက data cleansing အပိုင်း ကူပေးမလား။ ဒါမှမဟုတ် algorithm ... "
ခေါင်းလေးတငြိမ့်ငြိမ့်နဲ့ နားထောင်နေတဲ့ ဂျေဂျေးလေးက ပကတိ ကလေးလေးလိုပဲ။ ဂျေဂျေးက သူ့အနားနားလေးကပ်လို့ laptop screen ကို အာရုံစိုက်ကြည့်နေတာ။ မျက်ခုံးလေးတွေ စုကြုံ့နေပုံက ဘေဘီလေးတွေ စိတ်အလိုမကျ ဖြစ်နေသလိုပဲ။ ဆောင်းဟွန်းဖြင့် ရင်တွေ ခုန်ရလွန်းလို့ ရူးမတတ်ပါပဲ။ လွန်ခဲ့တဲ့ နှစ်နှစ်လုံးလုံး ခပ်ဝေးဝေးကပဲ ငေးနေရတဲ့ သူ့နှလုံးသား ပိုင်ရှင်လေးက အခုတော့ လက်တစ်ဖဝါးစာတောင် မဝေးတဲ့ ဘေးကခုံလေးမှာ ရောက်နေပြီလေ။ ပတ်ဆောင်ဟွန်းမှ မရူး ဘယ်သူရူးဦးမလဲ။
" ငါ algorithm အပိုင်း ပြင်ပေးထားမယ်လေ။ presentation လည်း လေ့ကျင့်ထားလိုက်မယ်။ သွားပြီနော် "
" အော် .. အေးအေး "
ဂျုံဆောင်းက ကောက်ခါငင်ခါ ထွက်သွားတော့ ပတ်ဆောင်ဟွန်းမှာ သံပတ်ရပ်သွားတဲ့ စက်ရုပ်လေးလိုပဲ ငူငူလေး ကျန်ခဲ့ရတယ်။ အသက်ရှင်ရာလေး မရှိတော့ .. ခန္ဓာကိုယ်က ဘယ်လို အသက်ရှုရလဲဆိုတာကိုပါ မေ့သွားတဲ့ပုံပါပဲ။ ဒီလိုနဲ့ပဲ ပတ်ဆောင်းဟွန်းရဲ့ ဘဝစာမျက်နှာတွေထဲ ဂျေဂျေးဆိုတဲ့ စာလုံးအသစ်လေးက ဝင်ရောက်စိုးမိုးလာခဲ့တာပေါ့။
🌊
Project group အတူတူကျပြီး နောက်ပိုင်း ဆောင်းဟွန်းက ဂျုံဆောင်းနဲ့ အများကြီး ရင်းနှီးလာတယ်။ ဂျုံဆောင်းအတွက်တော့ ဘယ်လိုလဲ မပြောတတ်ပေမယ့် ဆောင်းဟွန်းကတော့ တကယ် အများဆိုမှ အများကြီး နီးစပ်လာတယ်လို့ပဲ သတ်မှတ်လိုက်တယ်။ အခုဆို ဂျေဂျေးလေးက သူ့ကို လှမ်းတွေ့ရင်လည်း တစ်ခါတစ်လေ နှုတ်ဆက်တယ်။ ဘာ anime ကြည့်ရင် ကောင်းမလဲ ဆိုပြီးလည်း လာတိုင်ပင်တယ်။ စာတွေလည်း လာမေးတယ်။ တစ်ခါတစ်လေ lab အချိန်တွေ သူ့ဘေးနားမှာထိုင်တယ် ( သူ့ quiz အဖြေတွေ လှစ်ခနဲ လှစ်ခနဲ လာလာကြည့်တာတော့ ချွင်းချက် )။ ပိုပြီး ပျော်စရာကောင်းတဲ့ ကိစ္စကတော့ သူတို့နှစ်ယောက် Instagram မှာ အချင်းချင်း follow လိုက်ပြီး comment တွေရေးလိုက် DM တွေ ပို့လိုက်နဲ့တောင် လုပ်နေကြတဲ့အထိပဲ။ ဂျေဂျေးရဲ့ DM noti က အမြဲ အခုတစ်ရာ အထက်မှာ ရှိနေပြီး ဆောင်းဟွန်းမှာတော့ DM ပို့စရာ ဆိုလို့ ဂျေဂျေးပြီးရင် သူ့ ဝမ်းကွဲညီအစ်ကို နှစ်ယောက်ပဲ ရှိနေပေမယ့်လို့ပေါ့။
" ဆောင်ဟွန်း .. ဘာသောက် "
" ကော်ဖီပါ။ သောက်ဦးမလား "
" အွီးးး ခါးခါးကြီးနေမှာ။ တော်ပါ။ ချိုချိုအေးအေးမွှေးမွှေးလေး တစ်ခု မှာလိုက်ဦးမယ် "
အများကြီး နီးစပ်လာပေမယ့်လည်း တစ်ခါတစ်လေကျ အများကြီး နားမလည်နိုင် ဖြစ်ရတုန်းပါပဲ။ ပတ်ဂျုံဆောင်းက သူ ဒီတစ်သက် မဖြေရှင်းနိုင်တော့မယ့် rubic cube လေး ထင်ပါတယ်။ အို ... ဘာနေနေ သူ့နှလုံးသားလေးကတော့ ဂျေဂျေးဆိုတဲ့ ဝင်္ကပါလေးထဲကနေ ဘယ်လိုမှ လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူးလေ။ လွတ်မြောက်ဖို့ စိတ်ဆန္ဒဆိုတာလည်း စိုးစဉ်းမျှ ရှိမနေပဲကိုး။
" အအေးမှာရင်း တစ်ခါတည်း waffle လည်းမှာမလို့ မင်းရော ဘာမှာချင်သေးလဲ "
" brownie ရလား။ ရရင် တစ်ခုမှာမယ် "
" အိုခီ။ red velvet cheesecake ပဲ ဖြစ်ဖြစ်မှာရင်တောင် တူတူစားလို့ရတာကို။ မင်းနဲ့ငါ အကြိုက်တွေ တကယ် မတူတာပဲ "
သေချာပေါက်ပေါ့။ လူကိုသာ ငုံထားမတတ်ချစ်နေရတာ .. အကြိုက်တွေရော၊ အကျင့်စရိုက်တွေရောက တောင်ဝင်ရိုးစွန်းနဲ့ မြောက်ဝင်ရိုးစွန်းလိုပဲ။ သူကတော့ ကော်ဖီကိုပဲ ရေလို သောက်နေသလောက် ဂျေဂျေးလေးကတော့ နာမည်ဆန်းဆန်းနဲ့ ချိုအီနေတဲ့ smoothies တွေ၊ whipping cream ကို တောင်လိုပုံထားတဲ့ milkshake နဲ့ bubble tea တွေပဲ သောက်လေ့ရှိတယ်။ ဘာကောင်လေးမှန်းကို မသိပါဘူး။ သို့သော်လည်း အဲဒီ့ ဘာမှန်းမသိတာလေးကိုပဲ သူ့မှာ ပိုတိုးလို့ ချစ်ရတယ်။
🌊
" Jay J. Park liked your photo. "
နွေပိတ်ရက်တွေ ဆောင်းဟွန်းက နယ်ပြန်တော့ ဂျေဂျေးလေးနဲ့ မတွေ့ရဘူး။ ဟိုလိုကြီး ရင်းနှီးတဲ့ သူငယ်ချင်း မဟုတ်တော့ ဘယ်သွားနေလဲ၊ ဘာစားနေလဲ၊ ဘာလုပ်နေလဲ ဆိုတာတွေလည်း မေးလို့က မရနဲ့ .. ဆောင်းဟွန်းဖြင့် အရင်က ပို့ထားဖူးတဲ့ conversation လေးတွေ ပြန်ဖတ်လိုက်၊ ပုံလေးတွေ ပြန်ကြည့်လိုက်နဲ့ အလွမ်းဖြေရတယ်။ လူ့စိတ်ဆိုတာ တယ်လည်း လောဘကြီးတတ်တဲ့ သဘောသဘာဝ ရှိတာ မဟုတ်လား။ အရင်ကထက် မဆိုစလောက်လေး နီးကပ်ဖူးသွားတော့ မဆိုစလောက်လေး ပိုတိုးလို့ လွမ်းတာပေါ့။ မြင်နေကျ မျက်နှာလေး၊ ကြားနေကျ စကားသံလေး .. ပတ်ဂျုံဆောင်းဟာ ဖြတ်တောက်လို့မရတဲ့ အချိုမြိန်ဆုံး မူးယစ်ဆေးလေးပါပဲလေ။
[ ဆောင်းဟွန်း .. ပိတ်ရက် ဘယ်သွားနေတာလဲ ]
မနက်ကပဲ ခြံထဲက မေမေစိုက်ထားတဲ့ ပန်းပင်ပုလေးတွေကို ချစ်လို့ဆိုပြီး ဓာတ်ပုံလေး သုံလေးပုံလောက်ရိုက်လို့ Instagram မှာ တင်လိုက်တယ်။ အခုတော့ ဂျေဂျေးလေးက လာမေးတော့တာပဲ။ အိမ်ဘေးက မြက်ခင်းကွက်လပ်လေးမှာ သပ်သပ်ရပ်ရပ်ဘေး စိုက်ထားတာ ဆိုတော့ သူတစ်နေရာရာကို ခရီးထွက်တုန်း ရိုက်ထားတယ်လို့ ထင်နေပုံပါပဲ။
[ နယ်က အိမ်ပြန်ရောက်နေတာလေ .. မင်းရော ]
[ မေမေ တို့နဲ့ ကျွန်းလယ် ထွက်နေတာ။ ပုံပို့ပေးလိုက်မယ် ]
[ ဟုတ်ပါပြီဗျ .. ]
" တင် " ခနဲ မြည်သံနဲ့အတူ ဖုန်းမျက်နှာပြင်ပေါ် ဂျေဂျေးပုံလေးတွေ ပလုံစီလို့ ပေါ်လာတော့တာပဲ။ ဆောင်းဟွန်းမှာ ရင်ဘတ်လေးကို ဖိလို့ အသက်မှန်မှန်ရှုရင်း တစ်ပုံချင်း ကြည့်ရတယ်။
နေလောင်ထားတဲ့ ဂျေဂျေးလေးက အသားလေးတွေဆိုတာ နီရဲလို့။ sunscreen တွေ မလိမ်းဘူးလား မသိပါဘူး။ နောက်ထပ် ပို့လာတဲ့ပုံတွေကို မြင်လိုက်ရတဲ့အခါမှာတော့ ဆက်တိုက်ခုန်နေတဲ့ နှလုံးသားတစ်ခုလုံး ရေခဲရိုက် ခံလိုက်ရသလိုပါပဲ။ ပြာလဲ့နေတဲ့ ရေပြင်ကျယ်တွေ၊ သဲဖြူတစ်ဝက်၊ ကျောက်စရစ် တစ်ဝက် ဖြစ်နေတဲ့ ကျွန်းတွေ၊ သန္တာကျောက်တန်းတွေနဲ့ ငါးကလေးတွေ။ သူကတော့ ဘာရယ် မဟုတ်ဘူး ဒီတိုင်းလေး ပို့လိုက်တာပဲ။ ဆောင်းဟွန်း စိတ်ထဲမှာတော့ ကြည်နူးမှုရေလှိုင်းတွေ အများကြီး ဖြတ်သန်းစီးဆင်းသွားတယ်။ သူ့ရည်းစားလေးက သူ့ရဲ့ တစ်နေ့တာကို အစီရင်ခံနေသလို ခံစားလိုက်ရတာကိုး။
ဒီလိုနဲ့ပဲ တစ်နွေလုံး ဆောင်းဟွန်းက မေမေ စိုက်ထားတဲ့ ပန်းပင်လေးတွေ၊ ဖေ့ဖေ့ စိုက်ခင်းက ပြောင်းဖူးလေးတွေ၊ အိမ်မှာ သူတိူ့ ညီအကို သုံးယောက် မွေးထားတဲ့ ပါပီလေးတွေ အကြောင်း ဂျေဂျေးလေးကို ပြောပြပြီး .. ဂျေဂျေးလေးဆီကနေ သူရောက်နေတဲ့ နေရာတိုင်းက အစားအသောက်တွေ၊ လည်စရာပတ်စရာတွေအပြင် အဆစ် အနေနဲ့ ရှင်းဂျယ်ယွန်းရဲ့ အတင်းအဖျင်းတွေပါ နားထောင်ပေးရင်း အချိန်ကုန် ဖြစ်ခဲ့ပါတယ်။ ဂျုံဆောင်းမှာ သူမဟုတ်တဲ့ တခြား စကားပြောစရာလူတွေ အများကြီး ရှိနေတယ်ဆိုတာ သိပေမယ့်လည်း ဆောင်းဟွန်းရင်ထဲမှာတော့ သူတို့နှလုံးသားချင်း တစ် စင်တီမီတာ လောက် ပိုနီးကပ်လာတယ်လို့ ခံစားရတယ်။ ဒီ့ထက်ပိုပြီး နီးစပ်လာဖို့ကိုလည်း ပတ်ဆောင်းဟွန်းဆိုတဲ့ အရူးလေးက တစ်ဖက်သတ် စိတ်ကူးတွေ ယဉ်ခဲ့မိတာပေါ့လေ။
🌊