"ကျွန်တော်ပဲမလိုက်မယ် ခင်ဗျား ဘေးဖယ်..."
ဆိုင်းလော့ဒ်ပြောတော့ ရှင်းခန့်က ပန်းအိုးကိုလက်လှမ်းနေရာမှ နောက်သို့ပြန်ဆုတ်၍ ဖယ်ပေး၏။ပန်းအိုးက အနည်းငယ်အားသုံးလိုက်တာနှင့် သူ့လက်ထဲသို့ အလွယ်တကူပါလာလေသည်။
"ဘယ်နားမှာထားမှာလဲ...."
"ဟိုဖက်နားလေး..."
ဆိုင်းလော့ဒ်က ရှင်းခန့်ညွှန်ပြသည့် အိမ်ဘေးဖက်သို့ ပန်းအိုးအား သေချာလေးရွှေ့ပြောင်းနေရာချပေးလိုက်သည်။ပြီးမှ ရှင်းခန့်ရှိရာသို့ ပြန်လျှောက်လာလိုက်ကာ ကျန်ရှိနေသော ပန်းအိုးတို့အားမေးဆတ်ပြ၍...
"ဒါတွေရော ရွှေ့အုံးမှာလား..."
"ရပြီ ဒါတွေက ဒီမှာပဲထားမှာ...."
ရှင်းခန့်က ခပ်တိုးတိုးလေးပြန်ပြောသည်။ပြီးတော့ နှစ်ယောက်သားကြား ဘာပြောရမှန်းမသိလှစွာ စကားတို့တိတ်ဆိတ်သွားရပြန်သည်။ရှင်းခန့်ကတော့ အပင်တွေအား ဟိုဟိုဒီဒီထိကိုင်ကြည့်ရင်း အလုပ်များချင်ဟန်ဆောင်နေတာမို့ ဆိုင်းလော့ဒ်သာ ယောင်ချာချာဖြင့်နေရာ၌ ရပ်ကြည့်နေရလေ၏။
"အဟမ်း...."
တိတ်ဆိတ်ခြင်းကို ဆိုင်းလော့ဒ်က ချောင်းဟန့်သံဖြင့် ဖြိုခွင်းလိုက်သော်လည်း ရှင်းခန့်ကတော့ လှည့်ကြည့်မလာပေ။အခုအချိန် ကမ္ဘာပြိုလျှင်တောင် သူ့အပင်တွေထက်ပိုပြီး စိတ်မဝင်စားချင်တာမျိုး။
"ခင်ဗျား နေမကောင်းဘူးဆို...."
ဆိုင်းလော့ဒ် ထပ်မေးလိုက်တော့ ရှင်းခန့်၏လှုပ်ရှားမှုတချို့ ရပ်တန့်သွားပြီးမှ.....
"အင်း...."
တုံးတုံးတိတိ ခပ်တိုးတိုးဖြေလာပုံက ဆိုင်းလော့ဒ်အား ရှေ့ဆက်စကားဆိုခွင့်မပေးချင်သလိုမျိုး။
"ခင်ဗျားနေမကောင်းလို့ အိမ်ပြန်နားတာလို့ မမွန်ပြောပြလို့ အခုရောဘယ်လိုလဲ သက်သာရဲ့လား..."
"သက်သာပါတယ် ရိုးရိုးဖျားတာပါပဲ..."
"သြော်..."
သူ့၏စကားတိုင်းကို အပိုအလိုမရှိ သံပတ်ပေးထားသည့်အလား ဖြန်ဖြေနေပုံက သူတို့နှစ်ယောက်ကြားမှာ ပုံမှန်မဟုတ်သောအခြေအနေကြီး ဖြစ်ပေါ်နေသည်ဆိုတာကို သိသာနေစေ၏။ဘယ်လိုပဲရှင်းခန့်၏ အမူအယာတို့ကအေးအေးဆေးဆေးရှိသည် ဆိုသော်ငြားလည်း သက်တောင့်သက်သာရှိနေတာမျိုးတော့မဟုတ်ချေ။ဘာပဲဖြစ်ဖြစ် မီးလောင်တဲ့ညကကိစ္စက သူတို့နှစ်ယောက်ကြား အဖုအထစ်တစ်ခုတော့ ဖြစ်သွားတာအမှန်ပဲဖြစ်သည်။
"ဟိုတစ်နေ့ညက ခင်ဗျားဖုန်းဆက်တော့...."
"ကိုယ်လည်း မင်းကိုပြောစရာရှိတယ်..."
ရှင်းခန့်က ဆိုင်းလော့ဒ်အား စကားဆက်ခွင့်မပေးပဲ ဖြတ်ပြောသည်။ပြီးတော့ ကျောခိုင်းထားရာမှ မျက်နှာချင်းဆိုင်တည့်တည့်ဖြစ်အောင်လှည့်လာ၏။
"မင်း ရှေ့လျှောက်ကိုယ့်ကိစ္စတွေကို လိုက်လုပ်ပေးဖို့မလိုတော့ဘူး..."
ရှင်းခန့်၏ စကားကြောင့် နှစ်ယောက်သားကြား တိတ်ကျသွားရသည်။
!ဒါက ဟိုညကကိစ္စအတွက် စိတ်ဆိုးနေတယ်ဆိုတဲ့သဘောများလား!
သို့ပေမဲ့ ရှင်းခန့်၏ မျက်နှာပေါ်မှာတော့ ထူးထူးခြားခြားဘာအရိပ်အယောင်တို့မှ ရှိမနေပေ။ဆိုင်းလော့ဒ် သက်ပြင်းအားရှိုက်လိုက်ပြီး....
"ဟိုညက ကျွန်တော့်စကားတွေ နည်းနည်းကြမ်းသွားတာသိပါတယ် တိုက်တိုက်ဆိုင်ဆိုင်ခင်ဗျားဖုန်းခေါ်တဲ့ အချိန်က သူဌေးနဲ့အကြီးအကျယ်ပြဿနာတက်ပြီး ဒေါသအရမ်းထွက်နေတဲ့အချိန်ဖြစ်သွားခဲ့တာ..."
ရှင်းခန့်က ဆိုင်းလော့ဒ်ရှင်းပြနေတာကို မျက်နှာတည်တည်လေးဖြင့် နားထောင်နေပြီးမှ...
"အင်း...ကိုယ်နားလည်ပါတယ်..."
"အဲ့ဒါဆို ဘာဖြစ်လို့ ဒီလိုမျိုးပြောတာလဲ အဲ့ဒီကိစ္စအတွက်နဲ့ ကျွန်တော့်ကိုစိတ်ခုနေတာမှတ်လား..."
"စိတ်ခုစရာမရှိပါဘူး မင်းမှာလည်း မင်းကိစ္စနဲ့မင်းရှိမှာပဲလေ ကိုယ့်ကိစ္စတွေကို အချိန်မရွေးဘယ်လုပ်ပေးနိုင်မှာလဲ.."
"အဲ့လိုမျိုးတော့ မဟုတ်ပါဘူး ဒါကကျွန်တော့်တာဝန်ပဲလေ ခင်ဗျားလိုအပ်တဲ့အချိန်တိုင်း အချိန်မရွေးအဆင်သင့်ရှိနေရမယ်လို့ သဘောတူညီချက်ယူခဲ့ကြတာပဲ..."
"သြော်..."
ဆိုင်းလော့ဒ်၏ စကားကြောင့် ရှင်းခန့် သြော်ဟုသာခပ်တိုးတိုးရေရွတ်မိသည်။ဆိုင်းလော့ဒ်ဟာ သူ့ကိုသဘောတူညီတစ်ခုအတွက်နဲ့ တာဝန်ကျေပေးနေတာဆိုတဲ့ကိစ္စကို သူယောင်မှားပြီး သတိမေ့မေ့သွားခဲ့တာပဲ။ပုံမှန်ဆိုသူဟာ မှီခိုတွယ်ကပ်တက်တဲ့သူမျိုးလည်း မဟုတ်ခဲ့ပဲနဲ့...။
"ဒီလိုပြောတယ်ဆိုတာက အဲ့ဒီညကကိစ္စကြောင့်ရယ်တော့ မဟုတ်ပါဘူး ဒီအတိုင်း မင်းကိုမလိုအပ်တော့လို့..."
"ဘာ..."
ရှင်းခန့်က မျက်နှာပျက်သွားသော ဆိုင်းလော့ဒ်အားဂရုစိုက်မနေပဲ အနီးရှိနွမ်းခြောက်နေသော နှင်းဆီပွင့်ဖတ်တို့အား တစ်လွှာချင်းခြွေချနေပြီးမှ....
"အရင်ကတော့ ကိုယ့်အနားမှာ အဖော်အဖြစ်မင်းရှိနေရင် ပျော်စရာကောင်းမယ်ထင်ခဲ့လို့ တကယ်လည်းပျော်စရာကောင်းခဲ့ပါတယ် ဒါပေမဲ့ အခုတော့ ကိုယ်ပျင်းသွားပြီ..."
ဆိုင်းလော့ဒ် ဘာမှတောင်ပြန်မပြောနိုင်တော့ပဲ အားနာစိတ်မကောင်းဖြစ်ရတဲ့စိတ်တို့အစား ရင်ထဲမှာမခံချင်ဒေါသမာနတွေသာ တဖျင်းဖျင်းဖြင့်လှိုင်းထလို့လာရသည်။
ဒီလူရဲ့မျက်စိထဲမှာသူကဘာလဲ...။အပျင်းပြေကစားစရာ အရုပ်တစ်ခုလား...။ငွေပေးဝယ်ထားတဲ့ အဖျော်ဖြေခံလို့ထင်နေတာလား။ဒီလူ့ရဲ့မျက်လုံးထဲမှာ သူ့ကိုလူတစ်ယောက်ဆိုတဲ့ လေးစားမှုနည်းနည်းလေးတောင်မရှိခဲ့တာလား။ငွေကြေးကိစ္စကြောင့် ပတ်သတ်ခဲ့ရတာဆိုပေမဲ့လို့ သူ့ဖက်ကတော့ စေတနာတွေဂရုဏာတွေပါ ပါဝင်ခဲ့တာအမှန်ဖြစ်သည်။
ဆိုင်းလော့ဒ် မခံချင်ဒေါသတို့ဖြင့် အံကိုတင်းတင်းကြိတ်ကာ လက်သီးတင်းတင်းဆုပ်မိပြီးမှ...
"ကောင်းပြီလေ ခင်ဗျားသဘောပဲ ခင်ဗျားပိုက်ဆံအတွက်ကတော့ ကျွန်တော်ရှာဖွေရအုံးမှာမို့ နည်းနည်းစောင့်ပေးမှရမယ် သဘောတူညီချက်လည်းဖျက်လိုက်ပြီဆိုတော့ ဘယ်လိုဖြစ်ဖြစ်ခင်ဗျားပိုက်ဆံကို အမြန်ဆုံးပြန်ဆပ်မှာပါ.."
"ပိုက်ဆံအတွက်က မင်း အရမ်းကြီးခေါင်းထဲမထည့်ပါနဲ့ ကိုယ့်အတွက် ငွေမလိုဘူး..."
"အဲ့ဒါက ခင်ဗျားကိစ္စလေ ယူထားပြီးပြန်ပေးရမှာက ကျုပ်ကိစ္စ.."
ဆိုင်းလော့ဒ်လေသံ အနည်းငယ်တင်းတင်းမာမာ ဖြစ်လာတာကို ရှင်းခန့်က သတိပြုမိသော်လည်း မသိကျိုးကျွံသားပြုထားပြီး...
"ကိုယ်မင်းဆီက ငွေတော့ပြန်မလိုချင်ပါဘူး မင်းသိပ်ပေးချင်နေတယ်ဆိုရင်တော့ နောက်ကြုံကြိုက်တဲ့အခါ ကိုယ်လိုအပ်တာတစ်ခုခုတောင်းဆိုပါ့မယ်..."
!ရှင်းခန့်ကဘာကိုတောင်းဆိုပြီး သူကဘာကိုပြန်ပေးရမှာလဲ ပိုက်ဆံသိန်း၅၀၀နဲ့ညီမျှတဲ့ ဘယ်တန်ဖိုးရှိပစ္စည်းကိုများ သူပိုင်ဆိုင်ထားလို့လဲ..!
"တီ တီ တီ..."
နှစ်ယောက်သားအခြေအတင်ပြောနေကြဆဲ ခြံဝမှကားဟွန်းသံကထွက်ပေါ်လို့လာ၏။ခြံဝ၌ရပ်ထားသော ပြိုင်ကားအနီရဲရဲလေးအား တွေ့လိုက်ရတော့ ရှင်းခန့်၏နှုတ်ခမ်းလေးတွေ ခပ်ယောင်ယောင်ပြုံးသွားကာ ခြံဝသို့လှမ်းထွက်သွား၏။ကားပေါ်မှဆင်းလာသော လူရည်သန့်လေးအား မြင်လိုက်ရတော့ ဟိုတစ်နေ့ညက ဘားမှာအတူတွေ့ခဲ့ရတဲ့ကောင်လေးဆိုတာကို ဆိုင်းလော့ဒ်ချက်ချင်းမှတ်မိလိုက်၏။နှစ်ယောက်အတူ ခြံထဲသို့ဝင်လာတာကို ဘာမှန်းမသိပဲ သူဒီအတိုင်းရပ်ကြည့်နေမိသည်။
"ကိုယ် လာယူမယ်လို့ ပြောသားပဲ ဒုက္ခရှာလို့ကွာ.."
"လေးလေးက အကို တကူးတကလာနေရမှာစိုးလို့တဲ့ အကိုကအလုပ်များတော့ လာမယူဖြစ်ရင် ဆေးကုန်နေပြီးအကိုမသောက်ဖြစ်မှာစိုးလို့တဲ့..."
"ကိုယ့်ကြောင့်နဲ့ မင်းပါ အလုပ်ပိုရပြီ.."
"မပိုပါဘူး အကိုရယ် ကျွန်တော်လည်းဒီဖက်ကို လမ်းကြုံလို့ပါ.."
နှစ်ယောက်သားစကားတပြောပြောဖြင့် လျှောက်ဝင်လာကြပြီး အိမ်ထဲသို့လှမ်းဝင်ဖို့ ပြင်ပြီးကာမှ ရှင်းခန့်က သူ့အားသတိရသလို လှည့်ကြည့်လာပြီး...
"သြော်...မင်းပြန်ရင် ခြံတံခါးစေ့သွားလိုက်နော်..."
ဆိုင်းလော့ဒ်အား ပြောပြီးတာနှင့် နှစ်ယောက်အတူ အိမ်ထဲဝင်သွားကြလေ၏။
"တောက်.!"
ရင်ထဲမှ ခံပြင်းဒေါသစိတ်တွေကြောင့် ဆိုင်းလော့ဒ် တောက်တချက်ကို ခပ်ပြင်းပြင်းခေါက်မိသည့်အထိ။
!ဒီလူကလေ လူတစ်ဖက်သားကို ဘယ်တော့မှလေးစားမှုမရှိသလို သူများဖက်ကိုလည်း ဘယ်တော့မှမကြည့်ပေးတက် သူ့အတ္တကလွဲရင်ဘာကိုမှ ရှေ့တန်းမတင်တက်တဲ့သူမျိုး...!
~~~~
"နိုရာ သမီး လျှောက်ပြေးမနေနဲ့နော် လဲကျမယ်..."
"မီး မပြေးပါဘူး ဒယ်ဒီရဲ့.."
"ပြီးရော ပြီးရော အဲ့မှာငြိမ်ငြိမ်ထိုင်ဆော့နေ ဒယ်ဒီအလုပ်လုပ်အုံးမယ်..."
နိုရာကို လှမ်းပြောပြီးမှ မနက်ဖြန်အမှီ ကာစတန်မာကိုပေးရမည့် အလုပ်ကိစ္စတွေထဲ အာရုံနှစ်နေလိုက်မိသည်။လက်တော့ပ်ရှေ့ တစ်နာရီလောက်အချိန်ကုန်ပြီးသွားချိန်မှ ဆိုင်းလော့ဒ် ဇက်ကြောတွေတက်လာတာကို သတိပြုမိတော့သည်။မျက်မှန်အားဆွဲချွတ်ကာ ထိုင်နေတာကြာပြီဖြစ်တာကြောင့် ဇက်တွေဘာတွေချိုး၍ ခန္ဓာကိုယ်အားဟိုလှည့်ဒီလှည့် လုပ်လိုက်သည်။
"ဟင် သမီးဘယ်ရောက်သွားတာလဲ..."
နေရာမှာအရုပ်တွေသာရှိပြီ လူမရှိတော့တာကြောင့် ဆိုင်းလော့ဒ် ထိုင်နေရာမှဆတ်ကနဲ ထရပ်မိသည်။သမီးက အလုံးစုံကြီးကျန်းမာရေးကောင်းသေးတာ မဟုတ်တာမို့ တစ်ခုခုဖြစ်မှာကို စိုးရိမ်မိတာဖြစ်သည်။ဆိုင်းလော့ဒ် ခြေညှပ်ဖိနပ်အား ကမန်းကတမ်းစွတ်၍ ဆိုင်ထဲမှခပ်သွက်သွက်ထွက်ခဲ့လိုက်သည်။လမ်းမပေါ် ဟိိုဟိုဒီဒီကြည့်တော့လည်း သမီး၏အရိပ်အယောင်အား မတွေ့ရပေ။နိုရာက လမ်းပေါ်ပြေးဆော့တက်တာသာရှိပြီး ဟိုဟိုဒီဒီသွားတက်သည့်ကလေးတော့ မဟုတ်ပေ။သူ စပ်စပ်စုစုသွားတက်တာဆိုလို့ ရှင်းခန့်၏အိမ်သာရှိ၏။ဆိုင်းလော့ဒ်အတွေးနှင့်အတူ ခြေလှမ်းကဟိုဖက်ခြံထဲသို့ လှမ်းခဲ့ပြီဖြစ်သည်။ခြံဝရောက်တော့ သူထင်ထားသည့်အတိုင်း ဒန်းပေါ်၌ နှစ်ယောက်သားအတူရှိနေတာကို တွေ့လိုက်ရသည်။
နှစ်ယောက်စလုံး ဘာတွေပြောပြီး ပြုံးရွှင်ရယ်မောနေကြသလဲတော့မသိပေ။ဆိုင်းလော့ဒ် ခဏရပ်ကြည့်နေပြီးမှ....
"သမီး...."
ခေါ်လိုက်တော့ နှစ်ယောက်စလုံးခေါင်းမော့ကြည့်လာပြီး ရှင်းခန့်က အကြည့်ကိုချက်ချင်းပြန်လွှဲသွား၏။
"ဒယ်ဒီ..."
နိုရာက သူ့ကိုမြင်တော့ ထိုင်နေသောဒန်းပေါ်မှ လျှောဆင်း၍ ပြေးလာလေသည်။ဆိုင်းလော့ဒ် မုဆိုးဒူးထောက်ထိုင်ချပြီး သမီးဖြစ်သူအားဆီးကြိုပွေ့လိုက်၏။နိုရာကလည်း ဖအေဖြစ်သူ၏လည်ပင်းအား သိုင်းဖက်ပြီးမှ ရှင်းခန့်ဖက်သို့ပြန်လှည့်ကာ လက်ကလေးယမ်း၍...
"တာတာ့ကိုကို မနက်ဖြန်မှလာလည်မယ်..."
ရှင်းခန့်ကတော့ သူ့ထုံးစံအတိုင်း အပြုံးနွေးနွေးဖြင့်သာ ခေါင်းညိတ်ယုံညိတ်ပြလေ၏။သူ့ဆီကိုတော့ အသိမှတ်ပြုသော အကြည့်တချက်တောင်ရောက်လာမလဲ မျက်လွှာပြန်ချသွား၏။ရှင်းခန့်၏ မတူသလိုမတန်သလို အမူအယာကြောင့် စိတ်ထဲထောင်းကနဲ ဖြစ်သွားမိသည်။တကယ်ဆို မရင်းနှီးခဲ့ဖူးတဲ့သူမို့လို့လား။စိတ်ထဲကမပါရင်တောင် မျက်နှာရှေ့တည့်တည့် လာရပ်နေတာ လူမှုရေးအရ မပြုံးပြသင့်ဘူးလား...။
!နေပေါ့ ဒီကလည်းပိုတောင်ကင်းချင်သေးတယ်...!
ဆိုင်းလော့ဒ် ခပ်ချဥ်ချဥ်တွေး၍ နေရာမှချာကနဲလှည့်ထွက်ခဲ့လိုက်၏။
"သူများအိမ်မှာ ဘာလို့သွားသွားရှုပ်နေတာလဲ သူများအနှောင့်အယှက်ဖြစ်တယ်လို့ ဒယ်ဒီပြောထားတယ်လေ.."
သမီးဖြစ်သူအား ခပ်ကြိတ်ကြိတ်ဆူမိတော့...
"မဖြစ်ပါဘူး ဒယ်ဒီရဲ့ ကိုကိုက တစ်ယောက်ထဲပျင်းနေတာတဲ့ မီးလာလို့ ပျော်တယ်လို့ပြောတယ်..."
သမီးဖြစ်သူ၏ စကားကြောင့် ဆိုင်းလော့ဒ် ဘာပြောရမှန်းမသိပဲ ဖြစ်သွားရသည်။သမီးဆိုတာလည်း အဲ့တစ်ယောက်ကိုဆို ဘယ်ဘဝရေစက်ကြောင့်မှန်းမသိ ထိန်းမရသိမ်းမရတွယ်ကပ်ချင်နေတက်တာ။အဲ့ျစ်ယောက်ကလည်း သူနှင့်သာအဆင်မပြေတာ နိုရာနှင့်တော့အတော်လေးကို ဆက်ဆံရေးကောင်းပြီး နိုရာ့ကိုတကယ်ကြီးချစ်တာ သိသာလေသည်။
"ပြီးတော့ ဘာပြောသေးလဲ..."
"မီးကို နေကောင်းသွားပြီလားတဲ့ ဆေးပုံမှန်သောက်တဲ့ အဲ့ဒါမှမြန်မြန်နေကောင်းမှာတဲ့ နေကောင်းသွားရင် ကစားကွင်းလိုက်ပို့မယ်တဲ့ ပြီးတော့ ဘာစားချင်လဲမေးတယ် ဘွားဘွားနဲ့တီတီ နေကောင်းလားလည်းမေးတယ် စျေးရောရောင်းရလားတဲ့ ပြီးတော့ မီးမီး သူငယ်ချင်းတွေနဲ့ တွေ့ပြီးပြီးလားလည်း မေးတယ်..."
"ပြီးတော့ရော..."
"ပြီးတော့...."
နိုရာက သံယောင်လိုက်ပြော၍ စဥ်းစားနေသလိုလေး တချက်ပြုပြီးမှ...
"ပြီးတော့ ချောကလက်စားကြတယ်လေ..."
"ဒါပဲလား..."
"ဒါပဲလေ..."
!ဒီလောက် အများကြီးမေးပြီး သူ့အကြောင်းကျတစ်ခွန်းမပါဘူးတဲ့လား ၁လလောက်အနီးကပ်နေလာတဲ့ သူ့ကိုကျော်ပြီး တွေ့ဖူးတာနှစ်ခါမပြည့်တဲ့ အိမ်ကအနူးနဲ့အမအကြောင်းကျ သတိတရမေးတာတဲ့လား..မဆီလျော်လိုက်ပုံများ...!
"ဒယ်ဒီ မီးဒီညဒယ်ဒီနဲ့အိပ်မှာနော်..."
သမီးဖြစ်သူက လည်ပင်းကိုသိုင်းဖက်၍ ပြောလာတာကြောင့်
"မရဘူးလေ သမီးရဲ့ သမီးကနေလည်းသိပ်မကောင်းသေးပဲနဲ့..."
"ဟင်အင်း ဟင်အင်း ဒယ်ဒီနဲ့ပဲအိပ်မှာ ဒယ်ဒီ့ကိုဖက်အိပ်မှာ..."
နိုရာက လည်ပင်းကိုပိုတိုးဖက်၍ ဂျီကျလာတာမို့ ဆိုင်းလော့ဒ် ဘာမှထပ်မပြောတော့ပဲ သမီးဖြစ်သူ၏ကျောပြင်လေးကိုသာ ပွတ်သပ်ပေးလိုက်ရတော့သည်။ဆေးရုံကပြန်လာပြီးထဲက သားအဖတွေခွဲနေရတာကို သမီးကသူ့ကိုကပ်ချင်နေတာဖြစ်၏။ထို့ကြောင့် ဒီရက်ပိုင်းတော့ စိတ်ချမ်းသာအောင် ခဏလောက်ခေါ်ထားလိုက်ဖို့တွေးမိလေသည်။
~~~~
"မိုးတွေစိုမယ်လေ သမီးရယ် အထဲပြန်ဝင်ခဲ့လာ..."
ဆိုင်းလော့ဒ်ပြောရင်းဖြင့် တံစက်မြိတ်နားရောက်နေပြီဖြစ်သော သမီးဖြစ်သူအား အထဲသို့ပြန်ဆွဲခေါ်ရသည်။
"မီး မိုးရေချိုးချင်လို့ပါဆို...."
"မရဘူး နေမကောင်းဖြစ်လိမ့်မယ် ဒီမိုးက ချိုးလို့မကောင်းဘူး...."
"မီး နည်းနည်းလေးပဲ ချိုးမှာပါဆို ဒယ်ဒီကလည်း..."
"နိုရာနော် ပြောမရရင် ဟိုဖက်အိမ်ပြန်ပို့တော့မှာ ဒယ်ဒီ့စကားနားမထောင်ဘူးလား...."
ခြောက်သွေ့သော နွေရက်တွေကုန်ဆုံး၍ မိုးဦးကာလသို့ချဉ်းနင်းဝင်ရောက်လာပြီမို့ ရန်ကုန်၏ပူပြင်းခြောက်သွေ့သော ရာသီဥတုက အနည်းငယ်စိိုထိုင်းထိုင်းဖြစ်လို့လာပြီဖြစ်သည်။ပတ်ဝန်းကျင်မှာလည်း မိုးအရိပ်မိုးအငွေ့တို့ဖြင့် အုံ့မှိုင်းမှိုင်းဖြစ်လာကာ နေလို့ကောင်းလာပြီဖြစ်လေသည်။ဒီရက်ပိုင်းတွေထဲ မိုးကဖျောက်ဆိပ်ဖျောက်ဆိပ်ဖြင့်ရွာနေတော့တာ။ဒီနေ့ကတော့ အနည်းငယ်မိုးသည်နေလေသည်။လမ်းထဲမှကလေးတချို့လည်း လမ်းပေါ်မှာ မိုးရေချိုးရင်းဘောလုံးကန်သူကကန်နေကြတာမို့ နိုရာတို့ မိုးရေချိုးချင်တယ် တကဲကဲဖြစ်နေတာဖြစ်၏။
ဖခင်ဖြစ်သူက အနည်းငယ်လေသံမာသွားတော့ နိုရာစူပွပွလေးဖြင့် ငြိမ်သက်သွားသော်လည်း မကျေမနပ်ဖြစ်နေတာတော့ သိသာလေသည်။
"ဒယ်ဒီ ပူတင်းဝယ်ကျွေးမယ် ပူတင်းလေးစားပြီး အမွှေစိန်ကြည့်လေ သမီးက လိမ္မာပါတယ်..."
သမီးဖြစ်သူ၏ခေါင်းလေးအား ခပ်ဖွဖွပွတ်သပ်၍ ချော့မော့လ်ိုက်တော့ နိုရာ့မျက်နှာလေး ချက်ချင်းဝင်းလက်လို့သွားပြီး ခေါင်းတဆတ်ဆတ်ညိတ်လို့လာ၏။သူကြိုက်တက်တဲ့အရာလေးနှင့် အစားထိုးပေးမည်ဆိုတော့ နိုရာတို့ကျေနပ်သွားပြီဖြစ်သည်။အဲ့လိုမှ အာရုံမပြောင်းပေးလျှင် တစ်ညနေလုံး မကြည်မလင်ဖြင့် စိတ်ကောက်နေတော့မှာ အသေအချာဖြစ်သည်။
"အဲ့ဒါဆို တီဗီကြည့်ရင်း ခဏစောင့်နေ အရှေ့ဆိုင်မှာ ဒ
ယ်ဒီ မုန့်သွားဝယ်ပေးမယ်..."
ဆိုင်းလော့ဒ်ပြောတော့ နိုရာကသဘောတူညီကြောင်း ခေါင်းညိတ်ပြလေသည်။သမီးအား တီဗီဖွင့်ခဲ့ပေးလိုက်ပြီး ပူတင်းဝယ်ဖို့ရာ မျက်စောင်းထိုးရှိ မီနီမတ်လေးရှိရာသို့ ထီးဆွဲ၍ထွက်ခဲ့လိုက်တော့သည်။အပြင်ဖက်မှာတော့ မိုးကသည်းသည်းမဲမဲရွာသွန်းလို့နေသည်။ဘောလုံးကန်နေကြသော ကလေးအုပ်စုဘေးမှ ရှောင်ကွင်းကာဖြင့် မီနီမတ်ထဲသို့ဝင်ရန် မှန်တံခါးအားဆွဲဖို့ဟန်ပြင်လိုက်တော့ အထဲမှမှန်တံခါးကို ကိုယ့်ထက်အရင် တွန်းထွက်လာတာကြောင့် ဆိုင်းလော့ဒ် ခန္ဓာကိုယ်အား နောက်သို့အနည်းငယ်ယို့ပေးလိုက်ရသည်။
!ရှင်းခန့်မောင်....!
လက်နှစ်ဖက်အပြည့် အထုပ်တွေတပွေ့တပိုက်ဖြင့် ထွက်လာသောရှင်းခန့်အား တိုက်တိုက်ဆိုင်ဆိုင်တွေ့လိုက်ရ၍ ဆိုင်းလော့ဒ် အံ့သြသွားရသည်။ရှင်းခန့်ကလည်း အံ့သြသွားသလိုမျက်နှာလေးဖြင့် မော့ကြည့်လာပြီးမှ မျက်လွှာပြန်ချကာ လမ်းဖယ်ပေး၏။ပြီးတော့ တံစက်မြိတ်အောက်ကပ်ရပ်ရင်း ထောင်ထားသောထီးအား ဆွဲယူကာဖွင့်ဖို့ကြိုးစားနေလေသည်။ထီးကလည်း ခလုတ်ဖြင့်မဟုတ်ပဲ အပေါ်ထိတွန်းဖွင့်ရတဲ့ ခေါက်ထီးအမျိုးအစားမို့ အထုပ်တဖက်ဖြင့်ဖွင့်နေရတော့ အဆင်မပြေ။ဆိုင်းလော့ဒ်ကြည့်နေမိဆဲ ရှင်းခန့်၏လက်ထဲမှ အထုပ်တွေကချော်ထွက်ကုန်ကာ မြေပေါ်ပြန်ကျဲ့ကျကုန်လေသည်။အထဲမှပစ္စည်းတချို့က မျက်နှာချင်းဆိုင်းမကျတကျရပ်နေသော သူ့ခြေထောက်နားသို့ လိမ့်ထွက်လာ၏။
"ကျစ်...!"
ရှင်းခန့်က စိတ်ရှုပ်သလို မျက်ခုံးလေးများအားတွန့်၍ ခပ်တိုးတိုးစုတ်သပ်ပြီးမှ ထီးဖွင့်ဖို့မကြိုးစားတော့ပဲ ပြန့်ကျဲ့ကုန်သော ပစ္စည်းတို့အား မုဆိုးဒူးတုပ်ထိုင်ချကာလိုက်ကောက်ဖို့ ပြင်လေသည်။
!မင်းကို မလိုအပ်တော့ဘူး...!
!ဒီအတိုင်း မင်းနဲ့ရှိရတာ ပျင်းလာပြီ...!
ခြေထောက်နားရောက်နေသော ပစ္စည်းတို့အားကောက်ပေးဖို့ လက်လှမ်းမိပြီးမှ ထိုလူ့၏တင်တင်စီးစီးစကားတို့က နားထဲပြန်ကြားလာရပြန်သည်။မခံချင်မာနတို့က ရင်ထဲမှာရုန်းကြွလာရပြန်ကာ ဆိုင်းလော့ဒ် ကိုယ်ရှိန်ပြန်သတ်၍ အကြည့်ကိုလွှဲလိုက်ပြီး ဆိုင်ထဲသို့ဝင်ဖို့သာပြင်လိုက်တော့သည်။
!သူ့ဖာသာ ဘာဖြစ်နေနေ ကိုယ်နဲ့ဘာမှမဆိုင်ပေ အနေသာကြီး...!
မှန်တံခါးကိုဆွဲဖို့ လက်လှမ်းပြီးမှ မျက်ဝန်းထောင့်၌ မိုးရေထဲပြေးထွက်ကာ ပစ္စည်းတွေဒီအတိုင်းလိုက်ကောက်နေသော ရှင်းခန့်မောင်၏ အရိပ်ကလာထင်ပြန်လေသည်။အမြဲတမ်း အင်္ကျီဆိုလျှင်အပါးသားတွေသာ ဝတ်တက်တဲ့သူမို့ အခုလည်းမိုးရေထိတာနှင့် အင်္ကျီကစိုကပ်သွားပြီး ကျောပြင်ဖြူဖြူလေးအား အတိုင်းသားမြင်နေရလေသည်။
ဂုတ်ထောက်ဆံပင်တွေကလည်း မိုးသည်းသည်းထဲ ချက်ချင်းစိုကပ်ကုန်သည်။
"ဟား..!"
ဆိုင်းလော့ဒ် စိတ်ညစ်ညူးစွာဖြင့် အသံပြုမိ၍ တံခါးကိုမဖွင့်ဖြစ်တော့ပဲ ခြေလှမ်းတို့အား ပြန်လှည့်ရခြင်းသို့ရောက်လေသည်။ဘာဖြစ်လို့များ ဒီလူအကူအညီလိုတိုင်း သူမျက်စိရှေ့ရောက်ရောက်လာနေမှန်းမသိပေ။မျက်စိမှိတ်နေစိမ့်တက်ရင်လည်း အကောင်းသား....။
ပစ္စည်းတွေကိုမဲပြီးကောက်နေတုန်း ရုတ်တရက်ကြီး အရိပ်အမိုးတစ်ခုအောက်သို့ ရောက်သွားရတာမို့ ရှင်းခန့်မော့ကြည့်မိတော့ ထီးမိုးထားပေးပြီး ခပ်တည်တည်မျက်နှာဖြင့် ရှိနေပါသော ဆိုင်းလော့ဒ်အား တွေ့လိုက်ရတော့သည်။
ဆိုင်းလော့ဒ် ဒီလိုမျိုး ပြန်လှည့်လာမယ်လို့ မထင်လိုက်တာမို့ ရှင်းခန့်အံ့သြသွားမိ၏။
"မိုးဒီလောက်ရွာနေတာ ထီးမဆောင်းပဲနဲ့ ခင်ဗျားရူးနေလား..."
ဆိုင်းလော့ဒ် ပြောမိတော့ ရှင်းခန့်က အဓိပ္ပါယ်ဖမ်းဆုပ်၍မရသော အကြည်ရောင်မျက်ဝန်းတို့ဖြင့် ခပ်ငေးငေးကြည့်လို့လာသည်။အနည်းငယ်ဖြူဖျော့နေသော နှုတ်ခမ်းလေးတွေက တစ်ခုခုပြောတော့မလို့ တလှုပ်လှုပ်ဖြစ်သွားပြီးမှ မျက်လွှာပြန်ချကာ နှုတ်ခမ်းကိုခပ်တင်းတင်းစေ့သည်။ပြီးတော့ လက်ကျန်ပစ္စည်းများအား အလျှင်အမြန်ကောက်ယူပြီး နေရာမှထရပ်ကာ ထီးရိပ်အောက်မှ ကသောကမျောထွက်လိုက်လေ၏။
"မမိုးနဲ့တော့ ကိုယ်စိုနေပြီပဲ..."
"...."
ပြောပြီးတာနှင့် ရှင်းခန့်နေရာမှ ချာကနဲလှည့်ထွက်ကာ ချထားခဲ့သော ထီးကိုလည်းယူဖို့သတိမရမိတော့ပေ။
!ဘယ်ကိစ္စမှာပဲမဆို သူ...ဘယ်လိုလူကိုမှ မလိုအပ်ချင်တော့ပေ...!
အပြေးတစ်ပိုင်းထွက်သွားသော ရှင်းခန့်၏ ကျောပြင်ပျောက်ကွယ်သွားသည့်အထိ ဆိုင်းလော့ဒ် မိုးရေထဲအံ့သြဆွံ့အစွာရပ်ကြည့်ရင်း ကျန်ခဲ့ရ၏။အမြင်မတော်လို့ ဝင်ကူညီတာကို ဘာလို့များ ကဲကဲဆတ်ဖြစ်နေရတာလဲ။တကယ်ဆို သူတို့ကြားမှာ အဲ့ဒီလောက်ဖြစ်စရာလိုအပ်လို့လား...။ကလေးဆန်လိုက်တာ...။
!ဒီလူကတော့.....!
~~~~
တယောသံချွဲချွဲလေးဖြင့် မီးရောင်ပြပြဖြင့်ရှိနေသော ဘားအတွင်းပိုင်းမှာ လူတွေအားလုံး အပေါင်းအဖော်ကိုယ်စီဖြင့် သူ့နေရာနှင့်သူရှိနေကြ၏။ရှင်းခန့်ကတော့ အမှောင်ရိပ်ကျကျ ထောင့်အကျဆုံးဝိုင်း၌ နေရာယူကာ အယ်လ်ကိုဟောပမာဏနည်းနည်းဖြင့် စပ်ထားသောကော့တေးကို တစိမ့်စိမ့်သောက်နေလိုက်သည်။ပထမကတော့ ဇွဲသုလာမည်ဟုချိန်းထားပြီး သူရောက်လာမှပဲ ကောင်လေးကအလုပ်ပေါ်လာ၍ မလာနိုင်တော့ပါဟု ဖုန်းဆက်လာတာကြောင့် သူလည်းရောက်လက်စနှင့် မပြန်ဖြစ်တော့ပဲ ဆက်ထိုင်နေမိတာဖြစ်သည်။ဇွဲသုက အန်ကယ်ငွေစိုး၏တူလေးဖြစ်သည်။လူငယ်ကလည်းဖြစ် ပင်ကိုယ်စရိုက်လေးကလည်း သွက်သွက်လက်လက်ရှိတဲ့သူမို့ အချိန်တိုအတွင်းရင်းနှီးသွားခဲ့ကြတာဖြစ်သည်။ဟာသဉာဏ်ရွှင်တဲ့ကောင်လေးမို့ သူရှိနေလျှင်မပျင်းရပေ။
ရှင်းခန့် ဘားထဲရှိလူများအား ခပ်ငေးငေးလိုက်ကြည့်နေရင်းဖြင့် ဘားကောင်တာသို့အကြည့်ရောက်သွားတော့ ဆိုင်းလော့ဒ်နေရာမှာ လူသစ်ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။ဆိုင်းလော့ဒ်က အချိန်ပိုင်းဝင်လုပ်တာမို့ ဒီညက သူ့ဂျူတီမဟုတ်ဘူးဖြစ်ပေလိမ့်မည်။ရှင်းခန့် ဟိုဟိုဒီဒီတွေးနေမိဆဲ....
"ခဏထိုင်မယ်နော်..."
မျက်နှာချင်းဆိုင်ခုံ၌ အရိပ်ကျလာတာကြောင့် ရှင်းခန့်မော့ကြည့်မိတော့ လက်ထဲ၌အရက်ခွက်ကိုင်ထားသော မျက်နှာစိမ်းလူတစ်ယောက်အား မြင်လိုက်ရသည်။ထိုလူက ခွင့်တောင်းပြီးတာနှင့် နေရာ၌ဝင်ထိုင်လေသည်။
"ကိုယ့်ကိုမှတ်မိလားမသိဘူး.."
အသားဖြူဖြူ မျက်ပေါက်ကျဉ်းကျဉ်းဖြင့် မေးရိုးအနည်းငယ်ကားသလိုရှိကာ ကျောက်ပေါက်အနည်းငယ်ဖြင့် ထိုမျက်နှာအား မြင်ဖူးသလိုမျိုး ခံစားနေရပေမဲ့ ဘယ်မှာမြင်ဖူးသည်ဆိုတာကိုတော့ ရှင်းခန့်ရုတ်တရက်စဉ်းစား၍မရချေ။ထို့ကြောင့် အားတုံ့အားနာ ပြုံးပြလိုက်ပြီး...
"sorry ကျွန်တော်တို့ တစ်နေရာမှာများ တွေ့ဖူးကြလို့လား..."
သူမေးမိတော့ ထိုလူက မျက်လုံးတွေ ပျောက်ကွယ်သည့်အထိ ပြုံးကာဖြင့်...
"ဆုံဖူးတာပေါ့ အသေအချာကြီး ဆုံဖူးတာ..."
အတိအကျကြီးပြောနေတာကြောင့် ရှင်းခန့် ထပ်စဉ်းစားကြည့်တော့လည်း အဖြေကထွက်မလာပေ။
"ဟုတ်လား ဘယ်နားမှာဆုံဖူးတာပါလိမ့်..."
"ဒီမှာပဲလေ မင်းက ဆိုင်းလော့ဒ်သူငယ်ချင်း မဟုတ်လား တစ်ခါကိုယ်တို့ ကားပါကင်မှာ နည်းနည်းစကားများတော့ မင်းပြေးလာတာလေ...."
"သြော်...."
ထိုအခါကျမှပဲ ဆိုင်းလော့ဒ်နှင့် ပြဿနာတက်သောသူဆိုတာကို စိတ်ကမှတ်မိတော့သည်။ဘာကြောင့်ပြဿနာတက်ကြမှန်း မသိကြသော်ငြားလည်း အခုလိုကျတော့ ဒီလူက ရည်ရည်မွန်ပုံစံပဲဖြစ်လေသည်။
"ဒီနေ့ရော တစ်ယောက်ထဲပဲလား ဆိုင်းလော့ဒ်မပါဘူးလား.."
"ဟုတ်ကဲ့ တစ်ယောက်ထဲပါပဲ...."
"ဟုတ်လား ကိုယ်လည်းတစ်ယောက်ထဲပဲ အတူသောက်ကြတာပေါ့..."
အခုမှသိသည့်သူက ချက်ချင်းကြီးရောရောထွေးထွေး ဖြစ်လာတော့ ရှင်းခန့် ဘာပြန်ပြောရမှန်းမသိပဲ အင်တင်တင်ဖြစ်သွားရသည်။ထိုလူကလည်း ရှင်းခန့်ဖြစ်နေတာကို ရိပ်စားမိစွာဖြင့်
"ဘာဖြစ်လို့လဲ ဆိုင်းလော့ဒ်သူငယ်ချင်းဆိုတော့ ဆိုင်းလော့ဒ်နဲ့ ပြဿနာဖြစ်ထားတဲ့ကိုယ့်ကို မခင်ချင်လို့လား..."
"အာ အဲ့ဒီလိုမျိုးမဟုတ်ပါဘူး ဒီအတိုင်း ကျွန်တော်က သူစိမ်းတွေနဲ့ ရင်းနှီးဖို့ခက်လို့ပါ..."
"ကိုယ်က သူစိမ်းလို့တော့ ပြောလို့ရမယ်မထင်ဘူး ကိုယ်က ဆိုင်းလော့ဒ်ရဲ့ယောက်ဖဟောင်းဆိုတော့ မင်းစိတ်ထဲကိုယ့်ကို သူစိမ်းလို့မတွေးပါနဲ့..."
ထိုလူ့၏စကားကြောင့် ရှင်းခန့် ဘာပြန်ပြောရမှန်းမသိပဲ အီလည်လည်သာ ပြုံးပြမိသည်။
"ဒါမှမဟုတ် ကိုယ့်ယောက်ဖလေးက ကိုယ့်မကောင်းကြောင်းတွေများ မင်းကိုပြောထားလို့များလား..."
"အာ အဲ့လိုမျိုးတော့ မရှိပါဘူးဗျ ပြီးတော့ ကျွန်တော်တို့က အရမ်းကြီးရင်းနှီးကြတာလည်း မဟုတ်ပါဘူး..."
"တော်သေးတာပေါ့ကွာ ယောက်ဖလေးက သူ့အမကိစ္စနဲ့ကိုယ့်ကို မကြည်မလင်ဖြစ်နေတာလေ အိမ်ထောင်ရေးဆိုတာလည်းသိတဲ့အတိုင်းပဲမှတ်လား သဘောထားချင်မတိုက်ဆိုင်တဲ့အခါ ရှေ့ဆက်ကြဖို့မလွယ်ဘူးဆိုတာ ကိုယ်တို့က အမှန်တော့နှစ်ဦးသဘောတူ ကျေကျေနပ်နပ်လမ်းခွဲခဲ့ကြတာပါ ဒါကို ယောက်ဖလေးက လူငယ်လည်းလူငယ်ဆိုတော့ နားမလည်ဘူး အမြင်မကြည်ဘူးပေါ့ကွာ ကိုယ်ကတော့မေတ္တာမပျက်ပါဘူး အခုအချိန်ထိလည်း အနူးတို့နဲ့အခေါ်အပြောရှိနေခဲ့တာပဲလေ..."
ထိုလူက သူ့အကြောင်းတွေကို တရှည်တလျားရှင်းပြလို့နေသည်။သူများအိမ်တွင်းရေးကိစ္စတွေမို့ ရှင်းခန့်စိတ်မဝင်စားသော်ငြားလည်း မကောင်းတက်သောကြောင့် အလိုက်အထိုက်ပဲ နားထောင်ပေးနေလိုက်သည်။ကောင်းသည်ဆိုးသည်တော့ ဘာတစ်ခုမှမှတ်ချက်မပြုမိပေ။
"sorryကွာ မဆိုင်တဲ့အကြောင်းတွေပြောမိတာ မင်းစိတ်ညစ်သွားပြီထင်တယ်..."
"ရပါတယ်..."
"အဲ့ဒါဆို ကိုယ်တို့သေချာမိတ်ဆက်ရအောင်လေ ကိုယ့်နာမည် ခွန်ဂျာပါ..."
ခွန်ဂျာက လက်ကိုဆန့်တန်း၍ မိတ်ဆက်လာတာကြောင့် ရှင်းခန့်လက်အား အလိုက်သင့်ကမ်းပေး၍....
"ဟုတ်ကဲ့ ကျွန်တော်က ရှင်းခန့်မောင်ပါ..."
"မင်းက ကိုယ့်ထက်တော့ ငယ်မဲ့ပုံပဲ ရင်းရင်းနှီးနှီး ကိုယ့်ကို အကိုလို့ခေါ်လို့ရပါတယ်..."
"ဟုတ်ကဲ့ အကို..."
"ဒါဆို ခင်မင်တဲ့အထိမ်းအမှတ်နဲ့ ဒီညကိုယ်တိုက်ပါ့မယ်..."
ခွန်ဂျာက ခွက်ကိုမြှောက်ရင်းပြောတော့ ရှင်းခန့်လည်း ခွက်ကို အလိုက်သင့်ပြန်မြှောက်ကာ ကော့တေးအား တစ်ကျိုက်မော့သောက်လိုက်တော့သည်။ဘာဖြစ်ဖြစ် အထီးကျန်ဆန်တဲ့ညတစ်ညမှာ ဘေးနားမှာ စကားပြောဖို့လူတစ်ယောက်ဟာ လိုကိုလိုအပ်တယ်မဟုတ်လား။ဘာစကားတွေပြောဖြစ်ကြတယ် ဘယ်လိုကိစ္စတွေလုပ်ဖြစ်ကြတယ်ဆိုတာထက် သူက သူ့အနားမှာ လူတွေရှိနေဖို့ကိုပဲ ပိုမျှော်လင့်မိသည်။
!စည်းတစ်ဖက်ခြားကနေ တခြားတစ်ဖက်ခြမ်းကို တစ်ယောက်ထဲမျှော်ကြည့်နေရတဲ့ ခံစားချက်ဟာ ဘယ်လောက်တောင် ခါးသီးသလဲဆိုတာ သူကောင်းကောင်းသိရှိခဲ့ပြီးပြီမဟုတ်လား!
~~~~