"နိုရာလေးနေမကောင်းတာကို ပြန်ရောက်မှ သိရတာ..."
"ဟုတ်လား...သမီးခွဲပြီးတော့ နင့်အမေတောင် ရောက်လာသေးတယ် အဲ့ဒါကြောင့် သမီးနေမကောင်းတာ ငါ နင်သိနေတယ် ထင်တာ..."
"မေမေက နေမကောင်းဖြစ်တယ်လို့ပဲ ပြောတော့ ခွဲခန်းတွေဘာတွေဝင်ရတဲ့အထိ ကြီးကြီးမားမား ဖြစ်သွားမယ်လို့ မထင်လိုက်မိဘူး..."
သံသာညိုကပြောရင်းဖြင့် ရှေ့သို့ပြိုကျလာသော ဆံနွယ်ရှည်တို့အား ကျောနောက်ဖက်သို့ လှလှပပလေး သပ်တင်၏။သံသာညိုက မြစ်ကြီးနားမှာထဲက ခင်ခဲ့ရတဲ့ တစ်ဦးတည်းသော သူငယ်ချင်းမိန်းကလေးဖြစ်သည်။သံသာညိုတို့မိသားစုတွေက ကချင်ရိုးရာအထည်တွေကို မြစ်ကြီးနားမှာ လက်လီလက်ကား အရောင်းဆိုင်ကြီး ဖွင့်ထား၏။အခုတော့ ရန်ကုန်မှာပါ ဆိုင်ခွဲတွေတိုးချဲ့ကာ သံသာညိုကိုယ်တိုင် ဦးစီးနေတာမို့ သူမက မြစ်ကြီးနားနှင့်ရန်ကုန်ကို သွားချည်လာလှည့် လုပ်လေ့ရှိလေသည်။
"ဟုတ်တယ် ငါတော့သွားပြီလို့ကို ထင်လိုက်တာ ရောဂါက ကလေးနဲ့မှမမျှတာ အခုထိလည်း ဆေးကသောက်နေရတုန်းပဲလေ..."
"ဘာဖြစ်ဖြစ် ပြန်ကောင်းလာတာပဲ တော်သေးတာပေါ့ဟယ်"
သံသာညိုကပြောရင်းဖြင့် ဆိုင်းလော့ဒ်၏ ဆိုင်ခန်းလေးထဲ ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်နေသည်။ပြီးမှ...
"ကျောက်ကပ်က သူဌေးရောဂါနော် ငွေအတော်ကုန်မှာ နင်အဆင်ရောပြေရဲ့လား ဆိုင်းလော့ဒ် အခက်အခဲရှိရင် ငါ့ကို အားမနာပဲ ပြောလို့ရတယ်နော်..."
တစ်ယောက်အကြောင်းတစ်ယောက် အူမချေးခါးမကျန် ကုန်စင်အောင် သိနေကြသော ငယ်သူငယ်ချင်းတွေမို့ အခုအခြေမှာ ဆိုင်းလော့ဒ်ခက်ခဲနေမှာကို သူမသိ၍ ပြောခြင်းဖြစ်သည်။ဆိုင်းလော့ဒ် ခပ်ဖွဖွပြုံးလိုက်ပြီးမှ....
"ငါ အဆင်ပြေပါတယ်...."
သံသာညိုက မယုံကြည်သော မျက်ဝန်းတို့ဖြင့် မျက်စောင်းဝေ့ပြီးမှ...
"နင်အဆင်မပြေတာ ငါသိနေတာပဲ နင့်မှာဒီလောက်အထိ ငွေပိုငွေလျှံမရှိတာလည်း ငါသိတယ်..."
သံသာက ပြောတော့ ဆိုင်းလော့ဒ်က ဘာမှမတုံ့ပြန်ပဲ ရယ်ကျဲကျဲသာလုပ်လို့ နေလေသည်။ဆိုင်းလော့ဒ်၏ ပုံစံကြောင့် သံသာ သက်ပြင်းအား အသာရှိုက်ပြီးမှ...
"မပြောတော့ပါဘူး ငါက နင့်အပေါ်မှာ တစ်စိတ်ထဲတစ်ဝမ်းထဲထားသလောက် နင်ကတော့ ငါ့ကိုဆိုအမြဲသူစိမ်းဆန်တယ်..."
သံသာက ဆွေးရိပ်သမ်းသော မျက်နှာလေးဖြင့် စိတ်မကောင်းသလို ပြောသည်။ဟိုတုန်းထဲက သံသာညိုက သူ့အပေါ်မှာ သူငယ်ချင်းထက်ပိုခဲ့တာလည်းသိသည်။အပေါင်းအသင်းတွေကလည်း ဝိုင်းလှော်ခဲ့ကြပေမဲ့ ချစ်သူရည်းစားအဆင့်တော့ မရောက်ခဲ့ကြပဲ ဟိုလိုလိုဒီလိုလိုသာ။ရုတ်တရက် သူ ရန်ကုန်ကိုပြောင်းလာခဲ့တော့ အဆက်အသွယ်ပြတ်သွားခဲ့ကြသည်။ပြန်ဆုံကြတော့ ကိုယ်က ကလေးတစ်ယောက်အဖေမုဆိုးဖို။သူမကတော့ ကိုယ်ပိုင်စီးပွားရေးလေးဖြင့် တင့်တင့်တယ်တယ်ရှိနေသော မိန်းကလေး။ဟိုတုန်းကတော့ မိသားစုချင်းပါ အတော်ကြီးရင်းနှီးခဲ့ကြပေမဲ့ အခုကျတော့ အခြေအနေချင်းက မိုးနဲ့မြေလိုကွာခြားခဲ့ကြပြီဖြစ်သည်။သံသာညိုကတော့ သူ့အပေါ်မှာ မပြောင်းလဲသေးပေမဲ့ သူမ၏ အသိုင်းအဝိုင်းကတော့ မလိုလားသောအသံတို့ ထွက်လာခဲ့လေသည်။ထို့ကြောင့် သူမနှင့်ပတ်သတ်သည့် ဆက်ဆံရေးကို သူ့ဖက်က တက်နိုင်သမျှ ဆင်ခြင်ဖြစ်ခဲ့လေသည်။
"မဟုတ်ပါဘူးဟာ လျှောက်တွေးမနေပါနဲ့ တကယ်တော့ ငါ့သူဌေးက တချို့တစ်ဝက်ကူညီထားတာပါ ကျန်တာကတော့ ငါနောက်မိန်းမယူဖို့ နည်းနည်းပါးပါး စုဆောင်းထားတာလေးပေါ့ အဟား..."
ဆိုင်းလော့ဒ်က ပေါ့ပါးစေလိုသော သဘောဖြင့် ရယ်ပွဲဖွဲ့၍ ပြောလေသည်။ဆိုင်းလော့ဒ်၏ အပြောကြောင့် သံသာက မျက်စောင်းဝေ့ဝေ့ထိုးပြီးမှ...
"နောက်မိန်းမက လိုချင်နေသေးတယ် ကောင်စုတ်..."
"လိုချင်တာပေါ့ဟ ငယ်တုန်းရွယ်တုန်း သန်တုန်းမာတုန်းလေး...."
"ရနေပါအုံးမယ်..."
"အံမယ် နင်က ငါ့များအထင်သေးလို့ နင့်သူငယ်ချင်းက အလတ်ကြီးရှိသေးတာ တစ်ပတ်နွမ်းလေးတော့ ကောင်းကောင်းရနိုင်ပါသေးတယ်ဟ..."
ဆိုင်းလော့ဒ်၏ စကားကြောင့် သံသာနားမလည်နိုင်သလိုလေးဖြစ်သွားရကာ...
"ဘာကို တစ်ပတ်နွမ်း..."
"မောင့်တစ်ပတ်နွမ်းလေ တစ်ခုလပ်လေး မုဆိုးမလေးပေါ့ ဟဟား..."
ဆိုင်းလော့ဒ်က ခပ်ဟဟရယ်ရင်းပြောတော့ သံသာ့မျက်ဝန်းလေးတွေ ဆွေးသွားရသည်။
!သူ့ရဲ့လက်ကို ချိတ်ခွင့်ရဖို့အရေး တစ်ခုလပ် မုဆိုးမဖြစ်ပေးရဦးမည်တဲ့လား...!
ရမ်ဆိုင်းလော့ဒ်ဆိုတာ သူမအတွက်တော့ ဘယ်တုန်းကမှ လက်လှမ်းမမှီခဲ့တဲ့ ငယ်အိမ်မက်လေးပါပဲ။ဒါပေမဲ့ သူမကိုယ်တိုင်ကိုက ဒီအိမ်မက်လေးထဲမှာပဲ ပျော်ဝင်ချင်နေခဲ့တော့လည်း....
"ဒီမှာ ကိုမွန်းအောင် နင့်အတွက်လူကြုံပါးလိုက်တာတွေ..."
သံသာညိုက ပြောရင်းဖြင့် အိတ်ဖြင့်သေချာထုပ်ပိုးလာသော ပစ္စည်းထုပ်ကြီးအား မှန်ခုံပေါ်သို့တင်ပေးသည်။
"အတော်ပဲ အဲ့အထုပ်ကို ငါစောင့်နေတာ နင်နဲ့ပါမှပါလာပါ့မလားလို့..."
ဆိုင်းလော့ဒ်က ပြောပြောဆိုဆို ပစ္စည်းထုပ်အား ဆွဲယူဖြေထုတ်လိုက်တာမို့ နှစ်ယောက်၏ စကားလမ်းကြောင်းက ပြောင်းသွား၏။
"အရက်ကိုများ မြစ်ကြီးနားကနေ ရန်ကုန်အထိ တကူးတကမှာနေရသေးတယ်..."
သံသာညိုက ပြောရင်းဖြင့် ဆိုင်းလော့ဒ် ဆွဲထုတ်နေသော ပစ္စည်းများအား စူးစမ်းလေသည်။
"ဆန်အရက်က ဟိုကပိုစစ်တယ် ဒီမှာကစစ်စစ်မှမရတာ.."
ဆိုင်းလော့ဒ်ကပြောရင်းဖြင့် အထုပ်ထဲမှာ ပစ္စည်းများအားတစ်ခုချင်းဆွဲထုတ်နေ၏။
"ဟာ...ရှီးပဒီးတွေပါပါလာတယ် ပွတာပဲ..."
ပစ္စည်းတွေဆွဲထုတ်ရင်း ပြောနေသော ဆိုင်းလော့ဒ်၏ စကားကြောင့် သံသာနှာခေါင်းရှုံ့ရင်းဖြင့်....
"အရက်သမားကတော့ ဒါပဲ...."
ရှီးပဒီးပိုးနွယ်ပင်က သူတို့ဆီမှာတော့ နာမည်ကြီးဆေးဖက်ဝင်နွယ်ပင်တစ်မျိုးဖြစ်သည်။ယောက်ျားလေးအတော်များများအတွက်တော့ အားတိုးဆေးစွမ်းကောင်းတစ်လက်ဖြစ်သည်။အရက်နှင့်စိမ်သောက်ကြတာများလေ၏။
သံသာညိုက မျက်စောင်းဝေ့ဝေ့ပြောတော့ ဆိုင်းလော့ဒ်က ဆန်အရက်အား ဖွင့်၍အနံ့ခံနေရင်း....
"ဒါပဲပေါ့ သောက်သောက်စားစား လူ့မင်းသားတဲ့ နင်မကြားဖူးဘူးလား..."
"အေး လူ့မင်းသားလုပ်နေ စောစောစီးစီး အသက်ပျောက်နေမယ်..."
"အသောက်ပျက်ရင်တော့ အသက်ပျောက်မှာပေါ့ အဲ့ဒါမို့ ငါက ပုံမှန်လေးဆွဲပေးနေတာ..."
ဆိုင်းလော့ဒ်က သံသာညိုအား ရယ်ကျဲကျဲဖြင့်ပြန်ပြောပြီး အသင့်ရှိနေသော ခွက်ထဲသို့အရက်အားထည့်ပြီးမှ....
"နေစောင်းရင်ရေတောင်းတယ်ဟ ချတော့မယ် နင်ပြန်တော့..."
အားမနာလျှာမကျိုးနှင်ထုတ်သော ဆိုင်းလော့ဒ်အား သံသာညို မျက်စောင်းထိုးလို့ အားမရနိုင်စွာ လက်မောင်းအားခပ်ဖွဖွ လိမ်ဆွဲပစ်ကာ....
"နင်သောက်စားဖို့ မြစ်ကြီးနားကနေ ဒီအထိသယ်လာခဲ့ပေးတာကို ကျေးဇူးမတင်ဖင်လှန်ပြ မောင်းထုတ်တယ် ဟက်လား ကောင်စုတ်..."
"အား...နာတယ်ဟ...ကားပေါ်တင်ခဲ့တာ နင်ရွက်ခဲ့ရလို့လား ကျေးဇူးတင်ရအောင်..."
"ကြည့်စမ်း ကျေးဇူးကန်းကောင် တင်ခဲ့တာငါ့ကားလေ..."
ဆိုင်းလော့ဒ်၏ စကားကြောင့် သံသာညို ပို၍အမြင်ကပ်သွားရကာ လက်မောင်းအားဆွဲလိမ်ထားတာကို ပို၍အားထည့်လိုက်သည်။
"နာတယ်ဟ လက်သံပြောင်လို့ နင့်ကိုယူမဲ့သူမရှိတာ..."
"အေး ပြောင်တယ် ပြောင်တယ် ဘာဖြစ်လဲ မယူနေပေါ့..."
သံသာညိုကပြောရင်းဖြင့် ကျန်လက်တစ်ဖက်ဖြင့် ကျောပြင်အား တဖြန်းဖြန်းရိုက်လာတာမို့ ဆိုင်းလော့ဒ် အသဲအသန်ရှောင်တိမ်းနေရပြီး သံသာညို၏လက်များအား ဖမ်းချုပ်ထားရ၏။နှစ်ယောက်သား ဆိုင်ထဲအနည်းငယ် ရုန်းရင်းဆန်ခတ် ဖြစ်နေကြတုန်း....
"ဘုန်း...."
တစ်စုံတစ်ခုအား အရှိန်ဖြင့်ပစ်ချလိုက်သံအား ကြားလိုက်ရသည်။အသံလာရာသို့ နှစ်ယောက်စလုံးလှည့်ကြည့်မိတော့ ဆိုင်အဝင်၌ရှိနေသော ရှင်းခန့်အားတွေ့လိုက်ရ၏။ရှင်းခန့်က လက်ထဲမှ အထုပ်များအား ဆိုင်ရှေ့ရှိခုံတန်းပေါ်သို့ ပစ်ချပြီး လူပါခြေပစ်လက်ပစ်ထိုင်ချသည်။ပြီးမှ....
"ပင်းပန်လိုက်တာ...."
လည်ပင်းကိုဟိုဖက်ဒီဖက်ချိုး၍ ခပ်တိုးတိုးလေး ငြီးငြူနေသေးသည်။ဖြူဥသောမျက်နှာလေးက အနည်းငယ်ရဲနေကာ နှာခေါင်းထိပ်ဖျားမှာ ချွေးဥလေးတွေသီးနေတာကို ဆိုင်းလော့ဒ်သတိပြုမိလိုက်သည်။
"ကိုယ့်ကို ရေတစ်ခွက်လောက်...."
ဆိုင်းလော့ဒ်အား ဦးတည်ကြည့်၍ သူ့ထုံးစံအတိုင်း ခပ်တိုးတိုးပြောလာ၏။သံသာညို့ဆီကိုတော့ ဆိုင်ထဲမှာရှိမနေသည့်လူအလား အကြည့်တစ်ချက်ပင်ဝေ့မလာချေ။ဆိုင်းလော့ဒ် အသင့်ရှိနေသော ရေကရားထဲမှ ရေတစ်ခွက်ထည့်လိုက်စဥ်မှာပဲ သံသာညိုက ဘယ်သူလဲဆိုသောအကြည့်များဖြင့်မေးလာသည်။
"နင် အရင်ပြန်လိုက်တော့...."
ဆိုင်းလော့ဒ်ကပြောပြီးတာနှင့် ထိုင်နေသော အမျိုးသားဆီသို့ လျှောက်သွားကာ ရေခွက်အားကမ်းပေးလေသည်။ထိုအမျိုးသားကလည်း ခပ်တည်တည်မျက်နှာထားဖြင့် ရေခွက်အားဆွဲယူကာ ဖြည်းဖြည်းခြင်းမော့သောက်၏။ယောက်ျားတန်မဲ့ မိန်းမရှုံးအောင်ဖြူဥ နုဖတ်နေသလို အပြုအမူတိုင်းကလည်း နွဲ့နှောင်းတာမျိုးမဟုတ်ပဲ အထက်တန်းကျစွာ ငြင်သာသိမ်မွေ့နေတာမျိုး။ဖြူနုရှင်းကြည်နေသော လည်တိုင်ပြေပြေလေးက ရေ၏ဖြတ်သန်းစီးဆင်းမှုကြောင့် အမို့အမောက်လေးများဖြင့် မသိမသာလှုပ်ခတ်သွား၏။ထိုအချင်းအရာကို ငေးကြည့်နေမိရင်း
ရေသောက်လျှင် လည်တိုင်မှတဆင့်ဖြတ်သန်းစီးဆင်းသွားသော ရေကိုမြင်တွေ့ရသည့်အထိ အသားအရည်၏ကောင်းခြင်းနှင့် ပြည့်စုံသည်ဟု တင်စားကြသော ရာဇဝင်ထဲမှသာဓကတချို့ကိုပင် သတိရမိလေ၏။
!ယောက်ျားတန်မဲ့ အသားအရည်က ဒီလောက်လှနေရလား...!
"ကိုယ့်ကို အထုပ်တွေလိုက်ပို့ပေးအုံး...."
တိုးဖွဖွထွက်လာတဲ့စကားက အမိန့်ဆန်သော်ငြားလည်း ငြင်သာ၏။ဆိုင်းလော့ဒ်နှင့် ဘယ်လိုများပတ်သတ်နေသလဲဟု သူမအပြင်းအထန်တွေးနေမိဆဲ ထိုလူကတော့နေရာမှ ထထွက်သွားပြီဖြစ်သည်။ထိုလူထထွက်သွားတာနှင့် ဆိုင်းလော့ဒ်က ဆိုင်တံခါးအားဆွဲပိတ်နေပြီ ဖြစ်သည်။
"အဲ့ဒါ ဘယ်သူလဲ..."
သံသာ လက်ဆွဲအိတ်အား ဆွဲယူရင်း ထပ်မေးမိသည်။ထိုအခါမှ ဆိုင်းလော့ဒ်က သူမရှိနေသေးတာကို သတိရသလိုမျိုး လှည့်ကြည့်လာပြီး....
"ဘေးအိမ်ကပါ နင်ပြန်တော့လေ ငါဆိုင်ပိတ်တော့မလို့..."
ဆိုင်းလော့ဒ်၏ အဖြေကို သဘောမတွေ့မိပေမဲ့ သူမ ဘာမှထပ်မမေးတော့ပဲ ပြန်ဖို့သာပြင်ဆင်လိုက်မိသည်။ဘေးအိမ်က အိမ်နီးချင်ဆိုလည်း ဘာလို့များ လက်အောက်ငယ်သားလို့ အမိန့်ပေးခံနေတာလဲ။ထပ်မေးနေလည်း ဆိုင်းလော့ဒ်တို့က မပြောပြချင်ဘူးဆို ဓားမိုးမေးတောင်မပြောမဲ့လူစားမို့ သူမဘာမှထပ်မပြောမိတော့ချေ။သို့ပေမဲ့ ငြင်သာသိမ်မွေ့လွန်းသော ဘေးအိမ်ကလူ၏ ပုံရိပ်ကတော့ သူမ၏အာရုံထဲစွဲငြိပါလာလေသည်။ပြီးတော့ ထိုလူ့ကိုမှ ရိုးကျိုးချင်နေတဲ့ ဆိုင်းလော့ဒ်၏ အမူအရာများကိုရော ထူးဆန်နေမိလေ၏။
~~~~
"ကိုရှင်း အခန်းထဲမှာ အထဲဝင်လာခဲ့တဲ့...."
ဆိုင်လော့ဒ် အိမ်ပေါ်ရောက်တာနှင့် အဒေါ်ကြီးက ဖုန်သုတ်နေရင်း လှမ်းပြောတာမို့ ခေါင်းညိတ်ပြရင်းဖြင့် ခပ်ဟဟစေ့ထားသော အခန်းတံခါးအား တွန်းဖွင့်ကာ ရှင်းခန့်၏အခန်းထဲသို့ ဝင်ခဲ့လိုက်သည်။အခန်းထဲ၌ ရှင်းခန့်ကတော့ ရှိမနေပါပဲ ရေကျသံသဲ့သဲ့ကိုသာ ကြားလိုက်ရ၏။အရှင်သခင်က ရေချိုးနေပုံရလေသည်။ထို့ကြောင့်
လက်ထဲမှ အထုပ်များအား ကုတင်ခြေရင်း၌ တင်လိုက်ပြီး အခန်းထဲမှ ပြန်ထွက်ဟန်ပြင်လိုက်စဥ်မှာ ရေချိုးခန်းတံခါးက ချပ်ကနဲပွင့်လာ၏။ကိုယ်ဟန်နွဲ့နွဲ့ဖြင့် တံခါးအားကိုင်ကာရပ်နေသော အပေါ်ပိုင်းဗလာကျင်းဖြင့် ရှင်းခန့်အားတွေ့လိုက်ရသည်။
"ဒီကို လာခဲ့အုံး...."
ဆိုင်းလော့ဒ်အား စိုက်ကြည့်၍ ခပ်တိုးတိုးပြောပြီးတာနှင့် ရှင်းခန့်က ရေချိုးခန်းထဲသို့ ပြန်လှည့်ဝင်သွား၏။ရေချိုးခန်းထဲခေါ်နေတာမို့ ဆိုင်းလော့ဒ် လိုက်ဝင်မသွားချင်တဲ့စိတ်ဖြင့် ခြေလှမ်းတို့တုံ့နေပြီးမှ သက်ပြင်းချကာ လိုက်ဝင်ခဲ့လိုက်၏။အထဲသို့ရောက်တော့ ရှင်းခန့်က bathtubထဲ ရေစိမ်ရင်းမျက်ဝန်းတို့အား မှေးမှိတ်ထားတာကို တွေ့လိုက်ရ၏။ရေချိုးခန်းထဲ၌ အမွှေးဖယောင်းတိုင်၏ အလင်းရောင်ပြပြသာရှိနေသလို လေထုသည်လည်း ရနံ့ဖျော့ဖျော့တို့ဖြင့် ထုံမွှမ်းနေလေသည်။
"ဘာခိုင်းမလို့လဲ..."
အမြှုပ်ဖြူဖြူများကြားမှ မြင်နေရသော ညှပ်ရိုးဖြူဖြူလေးအား ဆိုင်းလော့ဒ် အကြည့်လွှဲရင်း ခပ်ဆတ်ဆတ်ပြောတော့ ရှင်းခန့်က ဒီကိုလာဟူသော သဘောဖြင့် လက်ယပ်ခေါ်၏။ဆိုင်းလော့ဒ် အနားသို့ရောက်လာတော့မှ...
"အဲ့ခြင်းထဲမှာ ခေါင်းလျှော်ရည်ဘူးရှိတယ် ကိုယ့်ကိုခေါင်းလျှော်ပေး...."
"ဘာ..."
ဆိုင်းလော့ဒ် ခပ်ကြိတ်ကြိတ်ဆောင့်အော်မိတော့ ရှင်းခန့်၏ မှေးမှိတ်ထားသော မျက်ဝန်းတို့ပွင့်ဟလာလေသည်။
"ဘာဖြစ်လို့လဲ..."
သူ့ထုံးစံအတိုင်း အပြစ်ကင်းစင်သလို အမူအယာမျိုးဖြင့်မေးလာ၏။ထိုပုံစံအားကြည့်၍ ဆိုင်းလော့ဒ် အသဲတယားယားဖြစ်လာရသည်။
"ခင်ဗျားကိုမေးရမှာ ခင်ဗျားကဘာဖြစ်ချင်နေတာလဲ ခေါင်းလျှော်ချင်ရင် ဆိုင်မှာသွားလျှော်ပါလား..."
ဆိုင်းလော့ဒ် မကျေမနပ်ပြောမိပေမဲ့ ရှင်းခန့်ကတော့ အေးဆေးသော အမူအယာဖြင့်သာရှိနေပြီး....
"မင်းရှိနေတာပဲကို ဘာလို့ဆိုင်မှာ သွားလျှော်ရမှာလဲ အလကားပိုက်ဆံကုန်အောင် ပြီးတော့ ကိုယ့်ခေါင်းကို သူများကိုင်တာလည်း မကြိုက်ဘူး..."
ရှင်းခန့်က ပြောရင်းဖြင့် မျက်လွှာပင့်ကြည့်လာပြီး...
"ခေါင်းလေးလျှော်ခိုင်းတာကို ဘာလို့စိတ်ဆိုးနေရတာလဲ ဘာလဲ ခုနကအချိန်ကောင်းလေးကို ကိုယ်ဖျက်ဆီးမိသလို ဖြစ်သွားတာလား..."
ခုနကတော့ သံသာညိုရှိနေတာကို မသိကျိုးကျွံပြု အမိန့်တွေပေးနေခဲ့ပြီး အခုကျမှခနဲ့သလိုလို လာမေးနေပြန်သည်။
"မဆိုင်တာတွေ လျှောက်ပြောမနေနဲ့ ခေါင်းကို သူများကိုင်တာ မကြိုက်ရင် ကျွန်တော့်ကိုကျ ဘာလို့လာလျှော်ခိုင်းနေလဲ..."
"မင်းကျတော့ မတူဘူးလေ ဆိုင်ကလူတွေကကျ ဟိုခေါင်းကိုင်ဒီခေါင်းကိုင်နဲ့..."
!ဖြစ်ရလေ...!
ဆိုင်းလော့ဒ် အံ့သြလွန်းလို့ ပြောစရာစကားတို့တောင် ပျောက်ရှကုန်ရသည်။
"နေစမ်းပါအုံး ရှင်းခန့်မောင် ခင်ဗျားက ကျုပ်ကိုခင်ဗျားစိတ်ထဲဘာများထင်နေတာလဲ အိမ်ချင်းကပ်ရပ်ကို အထုပ်လိုက်ဆွဲခိုင်းလိုက် ခေါင်းလျှော်ခိုင်းလိုက်နဲ့ ခင်ဗျားရဲ့တောက်တိုမယ်ရများ ထင်နေတာလား...."
ဆိုင်းလော့ဒ် စိတ်တိုစွာပြောမိတော့....
"တောက်တိုမယ်ရကို ဘယ်သူက သိန်း၅၀၀ပေးပြီးငှားတာတွေ့ဖူးလို့လဲ..."
"...."
ရှင်းခန့်က ခပ်တိုးတိုးပြောပြီးတာနှင့် မျက်ဝန်းတို့အား ပြန်လည်မှေးမှိတ်ကာဖြင့် ခန္ဓာကိုယ်အား အနည်းငယ်လျောချ၏။
"မြန်မြန်လာလျှော်စမ်းပါ ပင်ပန်းနေရတဲ့အထဲ စကားတွေအများကြီး ပြောနေရတယ်..."
ရှင်းခန့်၏ စကားကြောင့် ဆိုင်းလော့ဒ် သက်ပြင်းအားဆောင့်ချရင်း ခေါင်းလျှော်ရည်ဘူးအား ဆွဲယူရခြင်းသို့ရောက်လေသည်။
"လောကမှာ ခင်ဗျားပဲအပင်ပန်းတက်ဆုံး..."
ရွဲ့ပဲ့ပြောရင်းဖြင့် ပိုးသားလို့ပျော့အိနေသော ဆံနွယ်တို့ထဲလက်ထိုးဖွပြီး ခေါင်းလျှော်ရည်ခပ်များများအား လောင်းချမိသည်။
!ဘယ်လိုပဲစိတ်မကျေလည်ပါစေ နောက်ဆုံး ဒီလူ့၏ဆန္ဒတိုင်းကို သူ့မှာလိုက်လျောရစမြဲ...!
"ဒီနေ့ တကယ်ပင်ပန်းတာ ရွှေကုန်သည်တွေနဲ့ စကားပြောပြီးတော့ အခေါက်ချွတ်တော့လည်း ကိုယ်တိုင်သွားရသေးတယ် ပြီးတော့ ဖေဖေခိုင်းထားတဲ့အလုပ်ကိစ္စတွေ ပြေးလွှားနဲ့ တနေကုန်ထမင်းတောင်မစားလိုက်ရဘူး အဆာတွေလည်းလွန်ကုန်တယ် ပြန်လာတော့ လမ်းထိပ်နားမှာကားပျက်လို့ ဝပ်ရှော့ခေါ်ဆွဲခိုင်းပြီး လမ်းထဲဒီအတိုင်းလျှောက်ပြန်လာရတာ..."
ရှင်းခန့်က မျက်ဝန်းတို့ကို မှေးမှိတ်ထားရင်း သူ့ရဲ့တစ်နေ့တာအကြောင်းအရာတွေကို တတွတ်တွတ်ပြောပြနေ၏။
"တခါတလေကျရင် ကိုယ်ခွဲမရှိတာ သေအောင်ပင်ပန်းတယ်..."
"ခင်ဗျား အလုပ်သမားတွေကို မျှခိုင်းပေါ့...."
"ဘယ်သူ့မှ မျက်နှာလွှဲပြီး စိတ်မချရလို့ပေါ့..."
ရှင်းခန့် တကယ်ကြီးပင်ပန်းနေတာကို သိလိုက်ရတော့ ဆိုင်းလော့ဒ်၏ ရင်ထဲမှမကျေမနပ်စိတ်တို့ အားပျော့သွားရ၏။ဒီလူက တခါတလေ စိတ်တိုစရာကောင်းလောက်အောင် သူများဖက်ကိုမကြည့်တက်ပေမဲ့လို့ တကယ်ကို အထီးကျန်ပြီး ပင်ပန်းနေတာမြင်ရတော့လည်း ဂရုဏာသက်မိရပြန်သည်။ဆိုင်းလော့ဒ် အတွေးများဖြင့် ခေါင်းကို စိတ်လိုလက်ရလျှော်ပေးမိတော့၏။
"နာရင်ပြောနော်...."
"ရတယ်.."
ဦးခေါင်းအကြောတွေ ဇက်ကြောတွေကိုပါ စေတနာပါစွာ စိတ်လိုလက်ရနှိပ်နယ်ပေးလိုက်တော့ ရှင်းခန့်က ငြိမ်သက်စွာခံယူလို့နေလေသည်။ခဏနေတော့ ဆပ်ပြာမြှုပ်များဖြင့်
လက်ချောင်းတို့အားပွတ်သပ်လို့နေ၏။ထို့နောက် လှဲနေရာမှ ဒူးနှစ်ဖက်ကိုထောင်လိုက်ပြီး ရေဇလုံဘောင်ပေါ်သို့ ခြေဖျားလေးလှမ်းတင်လေသည်။ဆပ်ပြာမြှုပ်တွေ တစ်တစွန်းတစ်စကပ်ငြိနေသည့် ခြေတံရှည်လေးက ယောက်ျားတန်မဲ့ဖွေးဥသွယ်လျနေ၏။ရေစိုနေ၍ အမွှေးအမျှင်ခပ်ပါးပါးလေးကပ်ငြိနေသော ခြေတံလေးအားကြည့်ကာ ဆိုင်းလော့ဒ် တံတွေးတွေခဏခဏမြိုချနေမိတာ ဘာကြောင့်မှန်းမသိ။စိတ်ထဲမှာ ထူးဆန်းစွာမငြိမ်မသက်ဖြစ်လာတော့ ဆက်မကြည့်ရဲတော့ပဲ အကြည့်ကိုလွှဲကာ ဆံပင်လျှော်ခြင်းအား အဆုံးသတ်လိုက်၏။
"ပြီးပြီး ရေမြန်မြန်ချိုးလိုက်တော့ ကျွန်တော် အရင်ထွက်နှင့်မယ်..."
ဆိုင်းလော့ဒ်က ပြောပြောဆိုဆို နေရာမှထရပ်ပြီး ဆပ်ပြာခြင်းအား နေရာတကျထားသည်။
"မြန်လိုက်တာ..."
ရှင်းခန့်က ခပ်တိုးတိုးရေရွတ်၍ ရေချိုးခန်းတံခါးဝဆီသို့ လှမ်းနေပြီဖြစ်သော ဆိုင်းလော့ဒ်အားကြည့်ကာ...
"မင်း ပြန်မနေနဲ့တော့လေ ဒီမှာပဲတခါထဲရေချိုးသွားလိုက်လေ..."
ရှင်းခန့်၏စကားကြောင့် ဆိုင်းလော့ဒ်ခြေလှမ်းတို့ တန့်သွားရပြီး...
"ဘာကိုရေချိုးရမှာလဲ..."
ဆိုင်းလော့ဒ်ပြန်မေးတော့ ရှင်းခန့်၏ မျက်နှာထက်ရယ်မြူးရိပ်တို့သမ်းကုန်၏။
"လာလေ ဒီမှာ အခုဝင်ချိုးလိုက် နေရာအကျယ်ကြီးပဲကို ကိုယ်ကဇီဇာမကြောင်တက်ပါဘူး အတူချိုးလို့ရတယ်..."
"....."
မျက်နှာက ရယ်မြူးရိပ်ပါးပါးဖြင့် စနောက်နေသလိုထင်ရပေမဲ့ လေသံကကျတော့ တကယ်ကိုအတည်အတံ့ဖြစ်နေ၏။
"ရူးနေလို့ တူတူချိုးရမှာလား...."
"ဟင် ယောက်ျားလေးတွေ ဒီလိုပဲ အချင်းချင်း ရေအတူချိုးကြတာ ပုံမှန်ပဲကို.."
ယောက်ျားလေးချင်း ရေအတူချိုးတာပုံမှန်ပဲဆိုပေမဲ့ ဇလုံတစ်ခုထဲမှာတော့ ဘယ်သူကများ နှစ်ယောက်ပူးကပ်စိမ်တက်လို့လဲ။ပြီးတော့ သူနှင့်ကိုယ်က ပုံမှန်အခြေအနေမို့လို့လား...။
"လာလေ ဘာရှက်စရာရှိလို့လဲ ကိုယ်တို့က ခန္ဓာကိုယ်ချင်းရင်းနှီးပြီးသားပဲကို..."
ရှင်းခန့်က ဇလုံထဲမှရေများအား ဆိုင်းလော့ဒ်ရှိရာသို့ ခြေဖျားလေးဖြင့်ခတ်ထုတ်၍ ထပ်ပြောလာ၏။စင်ထွက်လာသောရေစက်တို့အား ဆိုင်းလော့ဒ် အလိုအလျောက်လက်ဖြင့်ကာမိပြီးမှ...
"ရှင်းခန့်မောင်......"
ဆိုင်းလော့ဒ် မျက်နှာကြီးရဲ၍ ခပ်ဆောင့်ဆောင့်အော်ပစ်တာကို ရှင်းခန့်က သဘောကျသလို ခပ်တိုးတိုးရယ်လေသည်။ပြီးတော့ ခြေတံသွယ်လေးအား ရေဇလုံဘောင်ပေါ်သို့ပြန်တင်လိုက်၏။ရှင်းခန့်၏လုပ်ရပ်ကြောင့် စောစောကဝင်နေမိသော ဂရုဏာစိတ်တွေ ကြက်ပျောက်ငှက်ပျောက်ဖြစ်ကုန်သည်။
!အသိစိတ်လွတ်နေတုန်း လွန်ကျွံခဲ့မိတာ။ဒါကိုပဲ ဒီရွံစရာကိစ္စကို ဒီလူကပါးစပ်အရသာခံမဆုံးနိုင်..!
"တောက်..!"
တောက်တချက်ကို ခပ်ကျိတ်ကျိတ်ခေါက်၍ ဆိုင်းလော့ဒ် နေရာမှချာကနဲ လှည့်ထွက်ခဲ့လိုက်သည်။ဒါတောင် ရေဇလုံဘောင်ပေါ်ကိုလှမ်းတင်ထားတဲ့ သွေးကြောတွေခုံးထနေသော ခြေချောင်းဖြူဖြူလေးများက အာရုံထဲသို့ကပ်ငြိပါလာသေးသည်။
!အရှက်မရှိရူးနေတဲ့လူ ရွံစရာကောင်းလိုက်တာ...!
~~~~
ကြမ်းပြင်တစ်ခုလုံး သွေးတွေအိုင်ထွန်းနေကာ သွေးအိုင်ထဲရုပ်ပျက်ဆင်းပျက်ရှိနေသော လူသေအလောင်းများလည်းရှိနေသည်။ထိုလူသေအလောင်းများရဲ့အလယ်မှာ ရှင်းခန့်ရပ်နေမိရင်း သွေးပျက်လာရသည်။
!ဒီအခန်းကြီးထဲကို သူဘယ်လိုရောက်လာခဲ့တာလဲ...!
!ဒီလူသေအလောင်းတွေကရော ဘယ်သူတွေလဲ...!
ဦးနှောက်ထဲမေးခွန်းတွေ ရှုပ်ယှက်ခတ်နေရင်း လူသေအလောင်းများ၏ မျက်နှာကိုစူးစမ်းမိတော့....
!ဟင် ဟိုတစ်နေ့က ဆိုင်းလော့ဒ်ဆိုင်မှာ ဆုံခဲ့တဲ့ မိန်းကလေး..!
!ဒါက မျက်နှာချင်းဆိုင်ဆိုင်က ဦးလေးကြီး....!
လူသေအလောင်းများက သိမြင်ထားဖူးသည် မျက်နှာတွေမို့ ရှင်းခန့်ပို၍ ထိတ်လန့်သွေးပျက်လာရသည်။နောက်ထပ်ယောက်ျားအလောင်းတစ်ခုအား ထပ်ကြည့်မိတော့...
!ကိုကို..!
အံ့သြထိတ်လန့်စိတ်နှင့်အတူ ရှင်းခန့် မတ်တပ်ရပ်နေရာမှ နောက်ပြန်လဲကျသွားရသည်။
!ဟန်စစ်နိုင်းရဲ့ အလောင်းကြီး...!.
စိတ်တွင်းမှာခြောက်ခြားစွာရေရွတ်နေမိရင်း မိမိလက်ထဲမှအထိအတွေ့တစ်ခုအား သတိပြုမိတော့ သွေးသံရဲရဲဖြင့် ဓားတစ်ချောင်းအား တွေ့လိုက်ရသည်။လက်ထဲမှ သွေးတွေရဲနေသော ဓားအားကြည့်နေမိရင်း ရှင်းခန့်ရင်တွေတလှပ်လှပ်ဖြင့် တုန်လှုပ်မောဟိုက်လာရသည်။
!ငါ ငါ လူထပ်သတ်မိပြန်ပြီ....!
"အား....!.."
နှုတ်မှအသံထွက်အောင် အော်မိပြီး ရှင်းခန့်၏ စိတ်နှင့်ခန္ဓာသတိကပ်မိလေသည်။တုန်ယင်မောဟိုက်နေသော ခံစားချက်နှင့်အတူ မီးရောင်ပြပြအခန်းကို သတိပြုမိတော့ အိမ်မက်ဆိုးတွေမက်နေခြင်းဖြစ်ကြောင်း စိတ်ကသိလိုက်သည်။ပီပြင်လွန်းသော အိမ်မက်ဆိုးကြီးကြောင့် လူကအသိစိတ်ပြန်ကပ်လာပေမဲ့ ထိတ်လန့်တုန်လှုပ်နေရတာတော့အမှန်။တစ်ကြိမ်တစ်ခါ ကြံစည်ခဲ့ဖူးတဲ့ မကောင်းမှုရဲ့အရိပ်ဆိုးဟာ သူ့ကိုအချိန်တိုင်းလိုက်လံခြောက်လှန့်နေတော့မည် ထင်သည်။ရှင်းခန့် လှဲနေရာမှ အတုန်တုန်အယင်ယင်ဖြင့် ထထိုင်ရင်း နံဘေးစားပွဲပေါ်ရှိ ရေဖန်ခွက်ကို ဆွဲယူဖို့ကြိုးစားလိုက်၏။
"ခွမ်း..!"
တုန်ယင်နေသောလက်အစုံကြောင့် ရေဖန်ခွက်က လွတ်ကျကာ ကြမ်းခင်းနှင့်မိတ်ဆက်ပြီး ကွဲအက်သွားတော့သည်။
"ကျစ်...."
ရှင်းခန့် စိတ်ပျက်စွာငြီးငြူမိရင်း လှုပ်ရှားနေသောစိတ်တို့အား ငြိမ်သက်သွားအောင်အတန်ကြာ ကြိုးစားနေလိုက်ရသည်။ဒီရက်ပိုင်း အိမ်မက်ဆိုးတွေမက်တာက ရက်ဆက်လာသလို အိပ်ပျက်ညတွေလည်းများလာသည်။တစ်ယောက်ထဲပဲဆိုသော ခံစားချက်ကပို၍ ဆိုးရွားလာသလို အလုပ်ထဲလည်း အာရုံစူးစိုက်နိုင်ဖို့ကို သူပင်ပန်းကြီးစွာကြိုးစားနေရ၏။
"ကလင် ကလင်...."
ကုတင်ပေါ် ငူငူငိုင်ငိုင်ထိုင်နေမိတုန်း လူခေါ်ခေါင်းလောင်းသံက ဆူညံစွာမြည်လို့လာတာမို့ ရှင်းခန့် ဆတ်ကနဲတုန်သွားရသည်။နာရီကြည့်တော့ ည၁၁နာရီ။ဒီအချိန်ကြီး ဆိုင်းလော့ဒ်ကလွဲ၍ သူ့ဆီကို လာမည့်ဧည့်သည်တော့မရှိပေ။ဆိုင်းလော့ဒ်ကလည်း ဒီညဆိုင်သွားတာကို သူသိသည်။ရှင်းခန့်တွေးနေတုန်း နားထဲမှာအသံတချို့ကို ဝေဝေဝါးဝါးမသဲမကွဲကြားလိုက်ရသည်။
"ဘာအသံတွေလဲ..."
ခပ်တိုးတိုး အသံထွက်ရေရွတ်၍ ကုတင်ပေါ်မှဆင်းကာ ဝရန်တာမှန်တံခါးအား ဆွဲဖွင့်လိုက်တော့ ပတ်ဝန်းကျင်းတစ်ခုလုံး ရုတ်တရက်ကြီး လင်းထိန်းနေတာကိုမြင်လိုက်ရ၏။
"ဝေါ......ဝေါ....ဝေါ...."
"နောက်ဆုတ် နောက်ဆုတ် ရှေ့မတိုးကြနဲ့ နောက်ဆုတ်..."
ဥသြဆွဲသံတွေရော လူသံတွေရော ဆူညံနေကာ ဘေးနှစ်ခြံကျော်က အထည်အလိပ်ဆိုင် မီးလောင်နေတာဖြစ်သည်။လေငြိမ်နေ၍ ဘေးဖက်ကိုမီးမကူးပေမဲ့လို့ မီးတောက်က အတော်ကြီးကြီးနေလေသည်။အခုမှပဲ သူ့အိမ်ဝရန်တာတစ်ခုလုံး ရေတွေဖြန်းခံထားရ၍ စိုစွတ်နေတာကို သတိပြုမိလေသည်။ကြည့်နေတုန်းမှာပဲ မီးတောက်က ပိုကြီးလာကာ ဘေးကပ်လျှက်ခြံ၏ ခြံစည်းရိုးအားကူးလာပြီဖြစ်သည်။အိမ်ရှေ့သို့လည်း မီးသတ်ကားတစ်စီး ဥသြသံအကျယ်ကြီးဆွဲ၍ ထပ်ရောက်လာလေသည်။တိုက်ခန်းတွေမှ လူတွေအထုပ်အပိုးတွေဖြင့် ဆင်းပြေးလာကြတာကို ကြောင်ကြည့်နေမိရင်း သူဘာလုပ်ရမှန်းမသိ။
လူတွေရုတ်စုရုတ်စုကြားထဲ ရွှေထုပ်ကြီးကိုမပြီး သူဘယ်လိုများပြေးရမလဲ။ရှင်းခန့် အထဲသို့ခပ်သွက်သွက် ပြန်ဝင်ခဲ့ပြီး ရွှေထည်ပစ္စည်းတွေထည့်ထားသော ဘူးများအားဆွဲမမိသည်။သို့သော် မီးခံသေတ္တာဆီအကြည့်ရောက်တော့ လက်ထဲမှဘူးတွေကို ပြန်ချလိုက်သည်။ရုတ်တရက် လူကဘာလုပ်လို့ ဘာကိုင်ရမှန်းမသိပဲ ရင်တွေတုန်ကာ ခြေထောက်တွေဒူးမခိုင်ချင်တော့ပေ။ကုတင်ဘေး၌ ထိုင်ချမိရင်း ဖုန်းဆီသို့အကြည့်ရောက်တော့ ဆိုင်းလော့ဒ်အား ဖြတ်ကနဲ သတိရမိလိုက်သည်။
"တူ...တူ...တူ....တူ...."
ဖုန်းက အတန်ကြာဝင်နေပြီးမှ ကိုင်လေသည်။
"ဟယ်လို...."
"ဆိုင်း...ဆိုင်းလော့ဒ် မင်းအခုကိုယ့်ဆီလာခဲ့...."
ဖုန်းထဲမှ တုန်ယင်စွာထွက်ပေါ်လာသော ရှင်းခန့်၏အသံကြောင့် ဆိုင်းလော့ဒ် မျက်ခုံးတို့တွန့်သွားရသည်။
"ကျုပ်ဆိုင်မှာ ခင်ဗျားဆီ ဘာလာလုပ်ရမှာလဲ...."
ဖုန်းထဲမှာ မာထန်စွာထွက်ပေါ်လာသော ဆိုင်းလော့ဒ်၏လေသံကြောင့် ရှင်းခန့် ဘာကိုဝမ်းနည်းသွားမိမှန်းမသိချေ။အပြင်ဖက်မှ မီးတောက်ကလည်းပိုကြီးလာကာ မီးအလင်းအားက အခန်းထဲထိပါ လင်းချင်းလာတာကို သတိပြုမိလိုက်သည်။
"ငါ ငါ ကြောက်လို့ အခုလာခဲ့ပေး...."
တိုးညှင်းသောအသံက ဖျော့တော့နေပေမဲ့ အမိန့်တွေပါဝင်နေသည်ဟု ခံစားလိုက်ရသည်။အိမ်မက်ဆိုးမက်ပြီး အိမ်မက်ယောင်တိုင်း အလုပ်ထဲကလူကို လှမ်းခေါ်နေတာကတော့ အလုပ်မဟုတ်သေးချေ။ဆိုင်းလော့ဒ် မကြည်လင်သော စိတ်အခံနှင့်အတူ ဒေါသတွေလှိုက်တက်လာရသည်။ဘဝမှာ ဟိုလူ့အမိန့်နာခံရ ဒီလူ့အမိန့်နာခံရ ချိုးဖဲ့ခံရ နှိမ့်ချခံရတဲ့ခံစားချက်ကို အတော်လေးခါးသီးနေမိပြီဖြစ်သည်။
"ဟား အချိန်မတော် ခင်ဗျားခေါ်တိုင်းပြေးလာရအောင် ကျုပ်ကခင်ဗျားကျွန်လား အေး ကျွန်ဆိုရင်တောင် သူ့အတိုင်းအတာနဲ့သူရှိတယ် ခင်ဗျားဖာသာစိတ်ရူးပေါက်ပြီး စောက်ရေးမပါအိမ်မက်ယောင်တိုင်း ကျုပ်ကဘာလာလုပ်ပေးရမှာလဲ စောက်ရေးမပါတာတွေ ကျုပ်လည်းကျုပ်စောက်လုပ်ရှိသေးတယ် ခင်ဗျားနားလည်မှုမရှိဘူးလား အပေါင်းအသင်းရှေ့လည်းမရှောင် လူကိုခိုင်းဖတ်လိုလိုက်နှိမ်လို့အားမရသေးဘူးလား ကိုယ့်ဖက်ပဲကိုယ်ကြည့်တက်လား ကျုပ်စောက်လုပ်လုပ်နေတာ နားမလည်ဘူးလား ခင်ဗျားစောက်ဆံကိုလည်း အမြန်ဆုံးပြန်ဆပ်မှာ စိတ်ချ ခင်ဗျားရဲ့စောက်ရူးလုပ်ရပ်တွေကို ထပ်သည်းမခံနိုင်တော့ဘူး.."
ဖုန်းထဲမှ ဒေါသတကြီးထွက်ပေါ်လာသော ဆိုင်းလော့ဒ်၏ လေသံနှင့် စကားကြမ်းများကြောင့် ရှင်းခန့် ဘာမှဆက်မပြောနိုင်တော့ပေ။
"စောက်ခြောက်ဆိုတဲ့အတိုင်း တဆိတ်ရှိသူများပဲမှီခိုနေတယ်.စိတ်ကုန်စရာကောင်းတယ်..ငါxိုးလိုပဲ တောက်!..."
ဒေါသတကြီး အပြတ်အသတ်ပြော၍ ဆိုင်းလော့ဒ်က ဖုန်းချသွားပြီဖြစ်သည်။ဆိုင်းလော့ဒ်၏ နောက်ဆုံးစကားကို ကြားပြီးချိန်မှာတော့ ရှင်းခန့်၏ တစ်ကိုယ်လုံး အေးစက်တောင့်ခဲသွားရတော့သည်။ဆက်သွယ်မှုပြတ်တောက်သွားပြီဖြစ်သော ဖုန်းအားငူငူကြီးကိုင်ထားမိရင်း ရင်ဘတ်ထဲနာကျင်လာရသည်။
!သူ...အရမ်းမှီခိုတွယ်ကပ်နေမိပြီလား....!
!သူက ပျော့ညံ့ပြီး အသုံးမကျတဲ့သူတစ်ယောက်ဖြစ်နေပြီလား..!
!သူ့အတ္တတစ်ခုအတွက်ပဲ ကြည့်မိသွားတာလား..!
!သူ့အနားကလူတွေအတွက် toxicတစ်ယောက်ဖြစ်နေပြီလား!
"ကလင် ကလင် ကလင်....."
"ဖောက် ဖောက် ဖောက် ဖောက်..."
လူခေါ်ခေါင်းလောင်းသံတွေ ထပ်ပြီးဆူညံလာသလို မီးတောက်သံတွေ မီးသတ်ကားဥသြဆွဲသံတွေ ပိုပြီးဆူညံလာပေမဲ့ ရှင်းခန့် နေရာမှတုပ်တုပ်မလှုပ်မိတော့ပေ။ဒူးနှစ်ဖက်ကိုထောင်လျက် လက်ပြန်ပိုက်ထားရင်း ခေါင်းမှောက်ချလိုက်တော့ ပါးပြင်ပေါ်မှာ စိုစွတ်နေသော အထိအတွေ့တို့ကိုသာ နောက်ဆုံးသိလိုက်ရပြီး အသိစိတ်တို့ အမှောင်ကျကုန်လေတော့သည်။
~~~~
A.N အကြောင်းကြောင်းတွေကြောင့် အကြာကြီးပျောက်သွားပြီးမှ ပြန်လာခဲ့ပါပြီ။WRလေးကို အရင်လိုပဲ ဆက်ပြီးupတော့မှာမို့ အတူတူရှိပေးကြမယ်မဟုတ်လား။နားလည်ပေးပြီး အခုအချိန်အထိ အတူတူရှိပေးနေကြ စောင့်နေပေးကြတဲ့အသဲတို့ကို အများကြီးချစ်ပါတယ်နော်။