အပိုင်း ၉၉ : စွန့်စားမှုကြီးရင် ဆုလာဘ်ကလည်း ကြီးမယ်
တောင်ကုန်းလေးလောက် အရွယ်အစားရှိတဲ့ ဧရာမ အနက်ရောင် ဓားကြီးဟာ… ကောင်းကင်ကို ဖြတ်တောက်ပစ်ချင်နေတဲ့အတိုင်း လေပေါ်ကို ထိုးတက်သွားခဲ့ပါတယ်။
စဉ်းလဲရဲ့ ခန္ဓာကိုယ်နဲ့ ဒီအနက်ရောင် ဓားကြီးနဲ့ ထိတွေ့လိုက်တဲ့ ခဏမှာပဲ… သူဟာ ဖုန်မှုန့်တွေ အဖြစ်ကို တစ်စစီ ရောက်ရှိပြီးမှ သွားခဲ့တယ်လေ။
ပြင်းထန်သောမုန်တိုင်း အဖွဲ့အစည်းက ကျင့်ကြံသူ အားလုံးတို့ဟာ… သူတို့ရဲ့ ခေါင်းတွေကို မော့ကြည့်လိုက်ကြပြီး… အပေါ်ဘက်ဆီက ကောင်းကင်ယံကို ကြည့်လိုက်ကြပါပြီ။ အဲ့ဒီမှာ… ဧရာမ ဓားကြီးဟာ မိုးပေါ်က ထူထဲလှတဲ့ တိမ်ထုကြီးကို ဆွဲဖြဲပစ်ခဲ့ပြီး… အားလုံးရဲ့ ကိုယ်ပေါ်ကို နွေးထွေးတဲ့ နေရောင်ခြည်တွေဟာ ဖြာကျပြီးမှ လာခဲ့ပြီလေ။
သူတို့ဟာ မြူခိုးမြူငွေ့တွေနဲ့ အမြဲတမ်း ပိတ်ဖုံးနေခဲ့တဲ့… ဒီရှေးဟောင်းကမ္ဘာ စိမ့်မြေရဲ့ အထဲမှာ နေရောင်ကို မမြင်ခဲ့ရတာ… ဘယ်နှစ်ရက် ဘယ်နှစ်လ ရှိသွားပြီဆိုတာကို မိုးနတ်မင်းကြီးမှပဲ သိနိုင်ခဲ့မှာပါ။
ကလေးလေးတွေဟာ ပျော်ရွှင်မြူးတူးပြီး အော်ဟစ်ခုန်ပေါက်နေကြတဲ့ အချိန်မှာ… လူကြီးတွေကတော့ မျက်ရည်တွေနဲ့ အော်ပြီးမှ ငိုချင်နေခဲ့ကြပါတယ်။
ယွဲ့ဟုန်ယန်နဲ့ အပေါင်းပါတို့ကတော့ အကုန်လုံး သူတို့ရဲ့ ခေါင်းပေါ်က ကောင်ကင်ကြီးကို အံ့ဩထိတ်လန့်စွာနဲ့ပဲ ငေးမောပြီးမှ ကြည့်နေကြလို့ပါ။
ဒါက ဒီလိုလေးပဲ ပြီးဆုံးသွားတာလား?
သိပ်မကြာခင်ကပဲ… ဂင်္ဂါသဲနှုန်းဝင်္ကပါဟာ တစ်စစီ ပြိုကွဲသွားခဲ့ပြီး… တောင်ထိပ်ဖျားကလည်း ပြိုကျသွားခဲ့တာပါ။ တောင်ရဲ့ ဝမ်းဗိုက်ထဲက လူတွေအားလုံးကလည်း… ရန်သူရဲ့ လူသတ်ဓားရဲ့ အောက်မှာ လည်စင်းခံနေကြရပြီး… အသတ်ခံရတော့မလို ဖြစ်နေခဲ့ပါတယ်။
ဒါပေမဲ့လည်း… အခုအချိန်မှာတော့… ကျင့်ကြံသူပေါင်း ၃၀၀၀… ရှန်းဝူ အင်မော်တယ် သတ်ဖြတ်ခြင်း ဝင်္ကပါနဲ့ ဗိုလ်ချုပ်စဉ်းလဲတို့ဟာ တကယ်ကိုပဲ ဒီလိုမျိုးနဲ့ ကျဆုံးသွားခဲ့တာလား?
ဝင်္ကပါပုံစံကားချပ်ကို ရုပ်သိမ်းပြီးမှ ကောင်းကင်ပေါ်ကနေ ပြန်ဆင်းလာခဲ့တဲ့ လင်းဖုန်းကို ကြည့်ပြီးမှ… ယွဲ့ဟုန်ယန်ရဲ့ ဆံပင်မွေးတွေဟာ ထောင်ကုန်ကြပါပြီ။
ဆံပင်နီနဲ့ ကောင်မလေးဟာ ကြက်သေသေပြီးမှ တွေဝေမိန်းမောပြီး နေခဲ့တယ်လေ။ အရင်က လူသတ်တဲ့ ဓားပါးလေး နှစ်ချောင်းနဲ့တူနေတဲ့ သူမရဲ့ ကြက်သွေးရောင် မျက်ခုံးလေးတွေကလည်း… အခုအချိန်မှာ တွေဝေနေတဲ့အတွက် ပိုပြီးတော့ နူးညံ့နေတယ်လို့ ထင်နေခဲ့ရပါတယ်။
လင်းဖုန်းရဲ့ အမူအရာတွေကတော့ ထူးမခြားနား ပုံစံမျိုးနဲ့ပါပဲ. သူ့ရဲ့ ဝတ်စုံဖြူကလည်း အစွန်းတစ်ကွက်မှ မပေခဲ့ပဲ သန့်ရှင်းနေလို့ပါ။
ပြင်းထန်သောမုန်တိုင်း အဖွဲ့အစည်းက ကျင့်ကြံသူ အုပ်စုဟာ တစ်ယောက်ကိုတစ်ယောက် ဟိုကြည့်ဒီကြည့် လုပ်နေကြပါတယ်။ သူတို့အားလုံးဟာ ကသိကအောက် ဖြစ်နေတဲ့ မျက်နှာထားမျိုးတွေနဲ့… လင်းဖုန်းကို စိုက်ကြည့်နေခဲ့ကြပြီး ဘာကိုမှ မပြောနိုင်ခဲ့ကြပါဘူး။
ယွဲ့ဟုန်ယန်ကလည်း စိတ်နဲ့လူနဲ့ ပြန်ကပ်လို့ လာခဲ့ပါပြီ… သူမရဲ့ အမူအရာတွေကလည်း အလွန်အမင်းကိုမှ ရှုပ်ထွေးနေလို့ပါ။
ဒါပေမဲ့လည်း သူမဟာ ချီတုံချတုံ ဖြစ်မနေခဲ့ပဲ… လင်းဖုန်းရှိရာဆီကို တိုက်ရိုက်ပဲ ဦးညွှတ်လိုက်ပြီး… ရိုးသားပွင့်လင်းစွာနဲ့ပဲ အရိုအသေပြုလိုက်တယ်လေ။ "အရှင်ဟာ စွမ်းအားကြီးမားလှပြီး… ဒီတိုက်ပွဲရဲ့ အဖြေကို ပြောင်းပေးခဲ့ပါတယ်။ ယွဲ့ဟုန်ယန်က အရှင့်ရဲ့ ကြင်နာမှုကို အသက်ရှိနေသေးသ၍ မှတ်မိနေမှာပါ။ ကျွန်မက အရင်တုံးက ရိုင်းခဲ့မိပါတယ်… အရှင်ကြိုက်နှစ်သက်သလို ကျွန်မကို အပြစ်ပေးနိုင်ပါတယ်…"
ဝတ်စုံနက်နဲ့ လူကလည်း အရှက်ရစွာနဲ့ ကြည့်နေခဲ့တယ်လေ။ သူဟာ သူ့ရဲ့လက်သီးတွေကို ဆုပ်လိုက်ပြီး လင်းဖုန်းကို ဦးညွှတ်လိုက်ကာ… ရင်ထဲကနေပြီး ပြောလိုက်ပါပြီ… "အင်း… ကျုပ်ကလည်း အရင်က ရိုင်းခဲ့ပါတယ်… ကျေးဇူးပြုပြီးမှ ခွင့်လွှတ်ပေးပါခင်ဗျာ…"
ပြင်းထန်သောမုန်တိုင်း အဖွဲ့အစည်းက အဖွဲ့ဝင်တွေကလည်း… တောင်းပန်နေတဲ့.. ဒါမှမဟုတ် ကျေးဇူးတင်နေကြတဲ့ အမူအရာမျိုးတွေနဲ့ လင်းဖုန်းရှိရာဆီကို အားလုံးပဲ လာပြီးတော့ အရိုအသေ ပေးနေကြတယ်လေ။
STORY CONTINUES BELOW
လင်းဖုန်းကတော့ ဖွဖွလေးပဲ ပြုံးနေလိုက်ပြီး ဘာကိုမှ ပြန်မပြောခဲ့ပါဘူး။
အရင်က သူတို့ရဲ့ ယုံမှားသံသယဖြစ်ခြင်းနဲ့ စော်ကားခြင်းတွေကိုရော… အခုအခါ သူတို့ရဲ့ တောင်းပန်ခြင်းနဲ့ ကျေးဇူးတင်ခြင်းတွေကိုပါ… သူက ရင်ထဲမှာ မထားခဲ့ပါဘူး။
အရင်တုံးကများ ဆိုရင်တော့.. သူ့ရဲ့ဒီလိုမျိုး အပြုအမူတွေဟာ ယွဲ့ဟုန်ယန်နဲ့ ရောင်းရင်းတို့ရဲ့ မျက်စိထဲကို ကျရောက်သွားခဲ့လိုရှိရင်… သူတို့ဟာ လင်းဖုန်းက လူတိုင်းကို အထင်သေးနေတာပဲလို့ ထင်ကြမှာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အခုတော့… သူတို့ဟာ ကိုယ့်အမှားကိုယ်သိကာ ရှက်ကြောက်နေကြပါပြီ။ တကယ်လို့များ လင်းဖုန်းက ဒေါသထွက်ပြီးမှ သူတို့ကို ဆူပူကြိမ်းမောင်းခဲ့မယ် ဆိုရင်တောင်မှပဲ… သူတို့ဟာ ဒီလောက်အထိကို စိတ်လှုပ်ရှားနေကြမှာ မဟုတ်ပါဘူး။
ဒီအချိန်မှာတော့… ပြင်းထန်သောမုန်တိုင်း အဖွဲ့အစည်းက ကျင့်ကြံသူ အားလုံးတို့ရဲ့ မျက်စိတွေထဲမှာ… အထင်သေးခြင်းနဲ့ သံသယဖြစ်ခြင်းတို့ရဲ့ အရိပ်အယောင်တွေ ဘာမှ မရှိတော့ပါဘူး။ သူတို့အားလုံးဟာ ရင်ထဲကနေပြီး လေးစားအားကျနေကြကာ… သူတို့ရဲ့ ကျေးဇူးတင်ခြင်းတို့နဲ့အတူ… အနည်းငယ် ကြောက်ရွံ့ခြင်း တစ်မျိုးကိုလည်း ရောထွေးပြီးမှ ခံစားနေကြတယ်လေ။
ရိုးသားစွာနဲ့ ဝန်ခံရရင်… သူ့ရဲ့လက်ကို မြောက်လိုက်ရုံနဲ့ သေခြင်းနဲ့ ရှင်ခြင်းတို့ကို ပြောင်းပြန်လှန်နိုင်ပြီး… ကမ္ဘာကြီးကို ကပြောင်းကပြန် ဖြစ်စေနိုင်ခဲ့တဲ့ လင်းဖုန်းရဲ့ စွမ်းအားဟာ အလွန်ကိုမှပဲ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကောင်းနေခဲ့ပါတယ်။
ကမ္ဘာကြီးရဲ့ စွမ်းအားတွေကို ယူသုံးနိုင်ပြီး… သူတို့ဟာ ရွှေ့ပြောင်းခြင်း မလုပ်နိုင်ပဲ တည်ဆောက်ရတာလည်း ရှုပ်ထွေးပေမယ့်… ဒီဝင်္ကပါရဲ့ စွမ်းအားဟာ အဆင့်တူ မှော်ကျိန်စာတွေရဲ့ အထဲမှာ လုံးဝကိုပဲ အကောင်းတကာ့ အကောင်းဆုံးပါ။
ဂိုဏ်းတိုင်းမှာ သူတို့ရဲ့ တံခါးဝနဲ့ အခြေခံ အုတ်မြစ်တွေကို စောင့်ကြပ်ဖို့အတွက် အကာအကွယ် ဝင်္ကပါတစ်ခုစီ ရှိကြပါတယ်။ ဟင်းလင်းပြင် ဘုရားကျောင်းမှာ အန္တိမ ယင်-ယန် ဟင်းလင်းပြင် ဝင်္ကပါ… မဟာမိုးကြိုး ကျောင်းတော်မှာက ဗီရိုကာနာ ဝင်္ကပါနဲ့ စူတောင်ဓားဂိုဏ်းမှာ အင်မော်တယ် ကောင်းကင် စကြာဝဠာ ဓားဝင်္ကပါရှိပါတယ်။ ဒီအကာအကွယ် ဝင်္ကပါတို့ဟာ ဂိုဏ်းတိုင်းရဲ့ အခြေခံအုတ်မြစ် ကျောက်တုံးတွေပဲ ဖြစ်ကြတာပါ။
ဟန်တောင်ကျောင်းတော်ရဲ့ အကာအကွယ်ဝင်္ကပါဟာ… ထာဝရ တာအိုဂိုဏ်းက မာစတာ ဖူပေရဲ့ ဟိုတနေ့က ချိုးဖောက်ခြင်းကို ခံခဲ့ရတာက… ဒီဝင်္ကပါကို ကြီးကြပ်နေတဲ့ ဟန်တောင်ကျောင်းတော်ရဲ့ ရွှေရောင်ဗဟိုချက် အဆင့်က ကျင့်ကြံသူနဲ့ အခြေတည်ဝိညာဉ် အဆင့်က မာစတာ ဖူပေတို့ရဲ့ ကျင့်ကြံမှုအဆင့် ကွာခြားမှုဟာ အလွန်ကိုမှပဲ ကြီးမားနေလို့ပဲ ဖြစ်ပါတယ်။ တကယ်လို့များ ဟန်တောင်ကျောင်းတော်မှာလည်း ခံတပ်ကို စောင့်ကြပ်ဖို့ အခြေတည်ဝိညာဉ် အဆင့်က ကျင့်ကြံသူ တစ်ယောက်သာ ရှိနေခဲ့ရင်တော့… မာစတာ ဖူပေဟာ သူတို့ရဲ့တောင်ပေါ်ကို ခြေတစ်လှမ်းတောင် ချရဲမှာ မဟုတ်ပါဘူး။
အဆင့်အတန်း တူကြတဲ့ ကျင့်ကြံသူတို့ရဲ့ တိုက်ပွဲတွေမှာ… စွမ်းအားခြင်း တူညီကြတဲ့ ဝင်္ကပါတွေကသာ အခြားဝင်္ကပါတွေကို တွန်းလှန်နိုင်မှာပဲ ဖြစ်တာပါ။
ပြီးတော့လည်း ဒီယင်-ယန် ဖန်ဆင်းခြင်းနဲ့ ယိုယွင်းခြင်း ဝင်္ကပါ ပုံစံကားချပ်ကလည်း… လင်းဖုန်းက သူ့ဂိုဏ်းရဲ့ မူလအခြေခံ တာအိုနည်းစနစ်ကို ဖော်ဆောင်ပေါင်းစည်းပြီးတဲ့နောက်မှာ… စနစ်ကြီးက ချီးမြှင့်ခဲ့တဲ့ ဂိုဏ်းရဲ့ အကာအကွယ် ဝင်္ကပါပဲ ဖြစ်ပါတော့တယ်!
အခုအချိန်မှာက လင်းဖုန်းမှာ ဝင်္ကပါ ပုံစံကားချပ် ရှိပေမယ့်… နံပါတ် ၁… သူ့ဆီမှာ လုံလောက်တဲ့ ကျင့်ကြံမှု အဆင့်မရှိသေးဘူး… နံပါတ် ၂… ဒီဝင်္ကပါကို တည်ဆောက်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေလည်း မရှိသေးဘူး။ ဒါပေမဲ့လည်း ဒီရှင်ခြင်းနဲ့သေခြင်း ပြောင်းလဲခြင်းနဲ့ပဲ… သူဟာ စဉ်းလဲရဲ့ ရှန်းဝူ အင်မော်တယ် သတ်ဖြတ်ခြင်း ဝင်္ကပါကို ခံနိုင်ရည် ရှိခဲ့ပြီး… သူ့ကနေ ထုတ်လွှတ်လိုက်တဲ့ သတ်ဖြတ်ခြင်း ဓားအော်ရာကို ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့ကာ… သူ့ကိုယ်ပိုင်ဝင်္ကပါရဲ့ စွမ်းအားအဖြစ်ကို ပြောင်းလဲနိုင်ခဲ့တယ်လေ။
ပြီးတာနဲ့ ဒီစွမ်းအားကို အသုံးချပြီး… သူဟာ ကောင်းကင်နဲ့ မြေကြီး ပြောင်းလဲခြင်းကို ထုတ်လွှတ်လိုက်ကာ… ရှန်းဝူစစ်တပ်က ကျင့်ကြံသူပေါင်း ၃၀၀၀ကို မြေမြှုပ်ပစ်ခဲ့တာပါ။ ပြီးတာနဲ့ သူဟာ ရှင်ခြင်းနဲ့ သေခြင်း ပြောင်းလဲခြင်းကို ပြန်ပြောင်းလိုက်ပြီး… အသက်စွမ်းအင်ကို လူသတ်စွမ်းအင် အဖြစ် ပြန်ပြောင်းခဲ့လိုက်ပြီး ဗိုလ်ချုပ်စဉ်းလဲကို အပြတ်ရှင်းခဲ့တာပဲ ဖြစ်ပါတယ်။
"အင်း… ငါဒီနေ့ သုံးခဲ့တဲ့ သေခြင်းနဲ့ ရှင်ခြင်း ပြောင်းလဲခြင်းရယ်… ကောင်းကင်နဲ့ မြေကြီး ပြောင်းလဲခြင်းတို့ဟာ… သူတို့ရဲ့ အစစ်အမှန် စွမ်းအားကို ဖော်ထုတ်နိုင်ဖို့ရာက အဝေးကြီးလိုသေးတယ်ဟ…" လင်းဖုန်းဟာ သူ့ရဲ့ရင်ထဲမှာပဲ တစိမ့်စိမ့်နဲ့ စဉ်းစားပြီးမှ နေခဲ့တယ်လေ… "အင်း… အနာဂတ်မှာ ငါ့ရဲ့ ကျင့်ကြံမှု အဆင့်အတန်းတွေဟာ မြင့်မားလာပြီး… ဒီဝင်္ကပါကို တည်ဆောက်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေ အားလုံးကို စုဆောင်းပြီးသွားလို့ ရှိရင်တော့… ဒီယင်-ယန် ဖန်ဆင်းခြင်းနဲ့ ယိုယွင်းခြင်း ဝင်္ကပါကနေ ထုတ်လွှတ်နိုင်မယ့် အင်အားက ဘယ်လောက်အထိတောင် ကြောက်ဖို့ကောင်းလိုက်မလည်း?"
"ငါကလည်း တကယ်ကိုပဲ ကမ္ဘာတစ်ခုကို ဖန်ဆင်းနိုင်ပြီးတော့… သက်ရှိတွေ အားလုံးရဲ့ ဖန်ဆင်းခြင်းနဲ့ ယိုယွင်းခြင်းတို့ကိုများ စိုးမိုးနိုင်မလား?"
ပထမဦးဆုံးသော အကြိမ်အဖြစ်… လင်းဖုန်းဟာ အဓိကမစ်ရှင် အသစ်ကို တမ်းတနေမိပါတော့တယ်။
စနစ်ကြီးရဲ့ အထဲကို ဝင်လိုက်တော့… အဓိကမစ်ရှင် အသစ်ကို ထုတ်ပေးပြီးသား ဖြစ်နေခဲ့ပြီလေ။
အဓိကမစ်ရှင် ၁.၂ -- သင့်တော်တဲ့ ကောင်းချီးမင်္ဂလာနဲ့ ပြည့်စုံတဲ့ နေရာတစ်ခုကို ရှာပြီးမှ သင့်ရဲ့ ဗဟိုဌာနချုပ်ကို တရားဝင် ထူထောင်ပါ။
မစ်ရှင်၏ ဖော်ပြချက် : ကျင့်ကြံမှု လမ်းကြောင်းဟာ မှော်ကျိန်စာတွေ.. ပိုင်ဆိုင်တဲ့မြေတွေ.. စည်းစိမ်ဥစ္စာတွေနဲ့ အပေါင်းအဖော်တွေပဲ ဖြစ်ကြပါတယ်။ တကယ်လို့များ ဂိုဏ်းတစ်ဂိုဏ်းဟာ တိုးတက်ကြီးပွားချင်လို့ရှိရင်… သင့်ရဲ့ဂိုဏ်းရဲ့ ကိုယ်ပိုင်သီးသန့် တာအိုနည်းစနစ် တစ်ခုအပြင်… သင်ဟာ ဒီကမ္ဘာကြီးရဲ့ ပါရမီရှင်တွေကို သင့်ဆီကို လာပူးပေါင်းပြီး ထာဝရ အခြေခံ အုတ်မြစ်ကို ဖန်ဆင်းနိုင်ဖို့… ကျင့်ကြံမှုအတွက် သင့်တော်တဲ့ ကောင်းချီးမင်္ဂလာနဲ့ ပြည့်စုံတဲ့ နေရာတစ်ခုကို ရှိရမှာပါ။
မစ်ရှင်၏ အချိန်ကန့်သတ်ချက် : သုံးနှစ်… တကယ်လို့များ သုံးနှစ်အတွင်း အပြီးမသတ်နိုင်ခဲ့ရင်… သင့်ကို တိုက်ရိုက်သုတ်သင်ပါမယ်။
လင်းဖုန်းကလည်း မစ်ရှစ်ရဲ့ ဖော်ပြချက်ကို စိုက်ကြည့်နေခဲ့ပြီး တွေးနေခဲ့ပါတယ်… "အင်း… နေရာတစ်ခုကို ရှာပြီးတော့ တရားဝင် အခြေချဖို့အတွက် အချိန်ရောက်ပြီလား?"
သူက အရင်တုံးက လုံရဲ့နဲ့ အလှဲအလှယ်လုပ်ထားတဲ့ အကြောင်းအရာ တစ်ခုကို ပြန်ပြီးတော့ စဉ်းစားလိုက်ပါပြီ။ လုံရဲ့ဟာ ဘယ်သူမှ နေရာမယူရသေးတဲ့… ကျင့်ကြံမှု ဘုံဗိမာန် တစ်ခုရဲ့ နေရာကို ပြောပြထားခဲ့တာပါ။
အင်း… ဒါက တကယ်ပဲ ဟုတ်နေမလား?
လင်းဖုန်းက အတွေးကြောထဲ မျောနေဆဲမှာပဲ… ခန်းနန်ဟွာဟာ သဲပုံပေါ်ကနေ ဆင်းလာခဲ့ပြီး သူ့ရဲ့အရှေ့ကို ရောက်လာခဲ့တယ်လေ။
ခန်းနန်ဟွာရဲ့ အမူအရာတွေကတော့ တည်ငြိမ်နေလို့ပါ။ သူဟာ လင်းဖုန်းရဲ့ အရှေ့ကို ရောက်လာခဲ့ပြီး ဦးညွှတ်လိုက်ကာ… "ကျုပ်တို့ကို ကယ်တင်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်… ကျုပ်ခန်းနန်ဟွာဟာ ထာဝရ ကျေးဇူးမမေ့ပါဘူး…"
လင်းဖုန်းကလည်း ပြုံးလိုက်ပြီး… "ဟင်းဟင်း… ကိုယ့်ကိုယ်ကိုယ် သန်မာအောင် ကြိုးစားနေကြတဲ့ လူတွေကို မိုးနတ်မင်းကြီးက ပစ်မထားပါဘူးဗျာ… ခင်ဗျားကလည်း စိတ်ထဲမှာ သိပ်မထားပါနဲ့။ ကျုပ်ကလည်း ခင်ဗျားတို့ရဲ့ အပေါ်မှာ အမြတ်ထုတ်ပြီးမှ တစ်စုံတစ်ခုယူဖို့ ကူညီတာမျိုး မဟုတ်ရပါဘူး…"
ခန်းနန်ဟွာကလည်း သူ့ရဲ့ခေါင်းကို ခါလိုက်ပြီး… ဘာမှ ဆက်မပြောတော့ပါဘူး။
သူဟာ သူ့ရဲ့ သေသွားတဲ့ မိတ်ဆွေကို သေတဲ့အထိ တိုက်ရမယ် ဆိုရင်တောင်… နောက်လုံးဝ မဆုတ်ဘူးလို့ ကတိပေးထားခဲ့တာပါ။ တကယ်လို့များ လင်းဖုန်းက ဒီကနေ့မှာ မကူညီခဲ့ရင်… ပြင်းထန်သောမုန်တိုင်း အဖွဲ့အစည်းက လူတွေ မပြောနဲ့… ခန်းနန်ဟွာ ကိုယ်တိုင်ကတောင် ဒီရှန်းဝူ အင်မော်တယ် သတ်ဖြတ်ခြင်း ဝင်္ကပါရဲ့အောက်မှာ ကျဆုံးသွားမှာပဲ ဖြစ်ပါတယ်။
ခန်းနန်ဟွာကလည်း ပြင်းထန်သောမုန်တိုင်း အဖွဲ့အစည်းက လူတွေကို ကြည့်ပြီးမှ သက်ပြင်းချလိုက်ကာ… "ဟင်း… ငါက ဟုန်ဖန်းကို မင်းတို့ကို ကြည့်ရှုစောင့်ရှောက်မယ်လို့ တစ်ချိန်တုံးက ကတိပေးထားခဲ့ဖူးတယ်… ဒါပေမဲ့လည်း ငါက လုံလောက်အောင် မသန်မာခဲ့ပဲ မင်းတို့ကို ကောင်းကောင်း မစောင့်ရှောက်နိုင်ခဲ့ဘူး။ ဒီတစ်ချိန်မှာ ဒီတာအိုရောင်းရင်းကသာ မကယ်တင်ခဲ့ရင်… ငါတောင်မှပဲ အသက်ပျောက်သွားနိုင်တယ်.."
ယွဲ့ဟုန်ယန်ကလည်း လူအုပ်ထဲကနေ ထွက်လာခဲ့ပြီး… ခန်းနန်ဟွာ ရှိရာဆီကို လျှောက်လာခဲ့ပါပြီ။ သူမဟာ ခေါင်းလေးကို ငုံ့လိုက်ပြီး… "အင်း… ဒီနှစ်တွေ အတွင်းမှာ ရှင့်ရဲ့ စောင့်ရှောက်မှုတွေအတွက် ကျေးဇူးအများကြီး အကြွေးတင်နေခဲ့ပါတယ်။ အားလုံးရဲ့ကိုယ်စား ဟုန်ယန်ကပဲ ကျေးဇူးတင်စကား ပြောပါရစေရှင့်…"
"ပထမဆုံးအနေနဲ့… ရှင်ဟာ ပြင်းထန်သောမုန်တိုင်း အဖွဲ့အစည်းက အဖွဲ့ဝင်တစ်ယောက် မဟုတ်ခဲ့ဘူး။ ကျွန်မရဲ့ အစ်ကိုကြီးကို ပေးထားခဲ့ဖူးတဲ့ ကတိတစ်လုံးကြောင့်… ရှင်ဟာ ကျွန်မတို့ကို အခုအချိန်အထိ ကာကွယ်စောင့်ရှောက်နေခဲ့တာ။ ကျွန်မတို့ကလည်း ကျေးဇူးအထူး တင်မိပါတယ်ရှင့်…" ယွဲ့ဟုန်ယန်ကလည်း ခံစားချက် ပြင်းထန်စွာနဲ့… "ဟင်း… ကျွန်မတို့ကလည်း တစ်ကိုယ်ကောင်း ဆန်မိပါတယ်… ရှင့်ရဲ့ ကာကွယ်မှုကို မှီခိုနေပြီး ဒီမဟာကျိုး အင်ပါယာရဲ့ နယ်စပ်အတွင်းမှာပဲ လှုပ်ရှားနေမိတယ်…"
ခန်းနန်ဟွာကလည်း သူ့ရဲ့ခေါင်းကိုသာ ခါလိုက်ပြီး… ဘာကိုမှ မပြောခဲ့ပါဘူး။
ဒီစကားကို ကြားလိုက်ရတော့ လင်းဖုန်းဟာ တိတ်တိတ်လေးပဲ ခေါင်းကို ညိတ်မိပါတယ်။
ယွဲ့ဟုန်ယန်တို့ကလည်း အတော်ကို မောက်မာတယ်လို့ပဲ ပြောရမယ်။ သူတို့ရဲ့ အင်အားနဲ့… မဟာကျိုး အင်ပါယာရဲ့ နယ်စပ်အတွင်းမှာ တက်တက်ကြွကြွ လှုပ်ရှားနေတာဟာ ထင်ပေါ်လွန်းတယ်လို့ ပြောရမှာပဲ။ နောက်ဆုံးမှာတော့ တစ်ဖက်က လေးလေးနက်နက်နဲ့ သဘောထားလာတော့… သူတို့ဟာ တစ်ခါထဲ ထိုးစစ်အဆင်ခံလိုက်ရရုံနဲ့ အမြစ်ပြုတ်တော့မလို ဖြစ်သွားခဲ့တာပါ။
တကယ်လို့များ သူတို့ဟာ တခြားတိုင်းပြည်တွေရဲ့ နယ်စပ်ကိုသာ ဆုတ်ခွာသွားခဲ့ရင်… ကျိုးအင်ပါယာက ဒီလိုမျိုး လွယ်လွယ်ကူကူနဲ့ ဘယ်လိုလုပ်ပြီးမှ ဝိုင်းရံနိုင်ပါ့မလည်း?
ဒီစကားကို ကြားလိုက်ရတော့… ဝတ်ရုံနက်နဲ့ လူကြီးရဲ့ အမူအရာဟာ အနည်းငယ် ပြောင်းသွားခဲ့ပြီး… "ဟုန်ယန်… မင်း…"
ယွဲ့ဟုန်ယန်ကလည်း သူမရဲ့ခေါင်းကို တည်ငြိမ်စွာနဲ့ ညိတ်လိုက်ပြီး… "အင်း… ကျွန်မက စိတ်ပိုင်းဖြတ်ပြီးသွားပြီ။ ကျွန်မတို့ဟာ ကျိုးအင်ပါယာရဲ့ နယ်မြေထဲက ယာယီဆုတ်ခွာသွားပြီး… အင်အားစုဆောင်းကာ ကျွန်မတို့ရဲ့ ကျင့်ကြံမှု အဆင့်တွေကို မြှင့်တင်ရမယ်။ အနာဂတ်မှာ လုံလောက်တဲ့ စွမ်းအားမျိုး ရှိလာမှ တစ်ခါပြန်လာကြမယ်…"
ဝတ်ရုံနက်နဲ့ လူကလည်း ခန်းနန်ဟွာကို စိုက်ကြည့်လိုက်ပါတယ်။ သူရဲ့ပါးစပ်ကို ဟလိုက်ပြီး တစ်ခုခု ပြောမယ်လို့ ကြံရွယ်လိုက်ပေမယ့်… နောက်ဆုံးမှာတော့ ဘာကိုမှ မပြောတော့ပါဘူး။
ခန်းနန်ဟွာကလည်း သူ့ရဲ့ မျက်မှောင်ကို အတန်ငယ် ကြုတ်လိုက်ပြီး… "အင်း… တခြားတိုင်းပြည်ရဲ့ နယ်စပ်ကို ဝင်ရမယ်ဆိုတော့… မင်းတို့ဟာ မင်းတို့ရဲ့ ကိုယ်ပိုင်လွတ်လပ်ရေးကိုတော့ ဆုံးရှုံးသွားလိမ့်မယ်…"
ယွဲ့ဟုန်ယန်ကလည်း အနည်းငယ် ပြုံးလိုက်ရာ… သူမရဲ့ အနီရောင် မျက်ခုံးနှစ်သွယ်ဟာ မြင့်တက်သွားခဲ့ပြီး… "ဟင်းဟင်း… ဒါကတော့ ကျွန်မတို့ရဲ့ ကြိုးစားအားထုတ်မှု အပေါ်မှာပဲ မူတည်နေတာပဲ…"
"နှင်းမုန်တိုင်းက လူတွေဟာ ဘယ်တုံးကမှ လူကြောက်တွေ မဟုတ်ခဲ့ဘူး…"
ဒါကိုကြားလိုက်ရတော့… ခန်းနန်ဟွာရဲ့ မျက်နှာဟာ ပြုံးလာခဲ့ပြီး… "ဟုန်ယန်… မင်းက အတော်ကို တိုးတက်လာပြီပဲ။ တကယ်လို့များ ဟုန်ဖန်းကသာ သိခဲ့ပြီး… အခုနင့်ပုံစံကို မြင်ခဲ့ရင် သူက အတော်လေးကို ဝမ်းသာနေရှာမှာပဲ…"
သူကလည်း သူ့ရဲ့ခေါင်းကို လှည့်လိုက်ကာ… လင်းဖုန်းကို ကြည့်လိုက်ပြီး လေးနက်စွာနဲ့… "အင်း… ခင်ဗျားရဲ့ ဒီကနေ့ ကြင်နာမှုဟာ ကျုပ်တို့ကို ဘဝအသစ်တစ်ခုကို ပေးလိုက်တာနဲ့ အတူတူပါပဲ… ကံမကောင်းစွာနဲ့ပဲ ကျုပ်ဟာ ကတိတစ်ခုကို ပေးထားပြီးသား ဖြစ်နေခဲ့တယ်…"
"ကျုပ်ဟာ ကျုပ်ရဲ့ ပထမဆုံး ကတိကိုတောင် မပြီးဆုံးသေးပဲနဲ့… ရိုးသားစွာနဲ့ ဝန်ခံရရင် နောက်ထပ်ကတိ တစ်ခုကို လွယ်လွယ်နဲ့ မပေးချင်ပါဘူး။ ကျုပ်ကပြောနိုင်တာက… တကယ်လို့များ အနာဂတ်မှာ ကျုပ်တို့ ပြန်ဆုံခဲ့ကြရင်… ခင်ဗျားက ဘာခိုင်းခိုင်း ကျုပ်က ခြွင်းချက်မရှိ လုပ်ပေးပါ့မယ်ဗျာ…"
လင်းဖုန်းကလည်း ခန်းနန်ဟွာရဲ့ မျက်လုံးတွေကို ခဏကြာအောင် စိုက်ကြည့်နေခဲ့ပြီး… ရယ်ရမ်းသွေးလိုက်ကာ… "ဟဲဟဲ… ကျုပ်ရဲ့နောက်ကို လိုက်မယ်တို့.. တာဝန်တွေကို ထမ်းရွက်ပေးမယ်တို့ကို ဆက်ပြီးမှ မပြောပါနဲ့တော့ဗျာ။ ကျုပ်ပြောထားတဲ့ အတိုင်းပဲ… အနာဂတ်မှာ ကံမကုန်လို့ ပြန်ဆုံနိုင်ခဲ့ရင်… ခင်ဗျားနဲ့ အေးအေးဆေးဆေး ထိုင်ပြီးမှ စကားပြောနိုင်ရင်ပဲ ဟုတ်နေပါပြီဗျာ…"
လင်းဖုန်းကလည်း သူ့ရဲ့ခေါင်းကို လှည့်လိုက်ပြီး… ယွဲ့ဟုန်ယန်နဲ့ အပေါင်းပါတို့ကို ကြည့်လိုက်ကာ ပြုံးလိုက်ပြီး… "အေး… မင်းတို့တတွေလဲ ဂရုစိုက်ကြပေါ့ကွာ…"
ယွဲ့ဟုန်ယန်က ဦးဆောင်ပြီး… ပြင်းထန်သောမုန်တိုင်း အဖွဲ့အစည်းက အဖွဲ့ဝင်တွေ အားလုံးဟာ… အတူတကွ ဦးညွှတ်လိုက်ကြပြီး ရိုသေစွာနဲ့… "အရှင့်ရဲ့ အဆုံးအမ အတိုင်းပါ…"
လင်းဖုန်းကလည်း မဟူရာ တိမ်တိုက်အလံကို လှုပ်လိုက်ပြီး… အနက်ရောင် အလင်းတန်းတစ်ခု အသွင်ကို ပြောင်းသွားခဲ့ကာ ချက်ချင်းပဲ အဝေးမှာ ကွယ်ပျောက်သွားခဲ့ပါတော့တယ်။
လင်းဖုန်းက ထွက်သွားပြီးနောက်မှာ… ခန်းနန်ဟွာဟာ တရားကျင့်နေခဲ့ပြီး ဒဏ်ရာတွေကို ကုစားနေခဲ့ကာ… ယွဲ့ဟုန်ယန်နဲ့ ရောင်းရင်းများကတော့ အပြင်မှာ ရွာသားတွေနဲ့ ဆွေးနွေးနေခဲ့ပြီး… နေရာရွှေ့ပြောင်းဖို့အတွက် ပြင်ဆင်နေခဲ့တယ်လေ။
ဝတ်စုံနက်နဲ့လူဟာ တိတ်တဆိတ်ပဲ လူသူကင်းမဲ့တဲ့ နေရာတစ်ခုကို ထွက်လာလိုက်ပြီး… အသံလွှင့်ကျောက်တုံး တစ်ခုကို ဖိခြေလိုက်ပါပြီ။
"ဘာတွေများ ဖြစ်သွားတာလည်း?" ဒီကြေမွသွားတဲ့ သလင်းကျောက်ကနေပြီး အဖြူရောင် အလင်းတန်း တစ်ခုက ထွက်လာခဲ့ကာ… လူတစ်ယောက်ရဲ့ အသံကို ကြားခဲ့ရတယ်လေ။
Novel : History's Number 1 Founder
Author : August Eagle
Translator : Master Shifu