Behind the lust for a man
(ယောင်္ကျားတစ်ယောက်အပေါ်တပ်မက်ခြင်းရဲ့နောက်ကွယ်..)
အပိုင်း(၃၀) ဇာတ်သိမ်းပိုင်း
(°°...°°က အင်္ဂလိပ်လိုပြောတာကို ရည်ညွှန်းတာပါ။ "..."က ဂျာမန်လိုပြောတာကိုရည်ညွှန်းတာဖြစ်ပြီး /.../က မြန်မာလိုပြောတာကိုရည်ညွှန်းပါတယ်)
တိမ်စိုင်တွေလို လေနှင်ရာကို ရွေ့ခဲ့ပြီးပြီ။ ငှက်ကလေးတွေလို အနှောင်အဖွဲ့ကင်းကင်း ပျံသန်းခဲ့ဖူးပြီ။ လက်ဖက်ရည်တစ်ခွက်နဲ့ တက်သစ်စနေမင်းကနေ တောင်တန်းတွေကြား တိုးဝင်သွားတဲ့ နေညိုချိန်ကိုလည်း မေ့မေ့မောမော ငေးမောဖူးပြီ။
ဘဝရဲ့ လွတ်လပ်ခြင်းတွေကို သုံးနှစ်လုံးလုံးလုပ်ခဲ့ပြီးပြီ။ မိသားစုကကျေကျေနပ်နပ် လွှတ်ထားပေမယ့် မိသားစုဆိုတဲ့ စကားလုံးရဲ့ တာဝန်ကိုကျေပွန်ဖို့ လွတ်လပ်ခြင်းတစ်ဝက်ကို စွန့်လွှတ်ခဲ့ရပြန်သည်။ တစ်ဝက်ဆုံးရှုံးသွားတဲ့လွတ်လပ်ခြင်းကို အပျော်တွေနဲ့ယှဉ်လိုက်ရင် တုနှိုင်းမဲ့ပါသည်။ ဒါဟာ မိသားစုဆိုတဲ့ အသိုက်အမြုံလေးရဲ့ အနှိုင်းမဲ့တန်ခိုးစွမ်းအားပင်။
Baz Momရဲ့အိပ်ရာဘေးမှာထိုင်ကာ သုံးပုံတစ်ပုံလောက်ပိန်ကျသွားသော Momရဲ့လက်ချောင်းသွယ်သွယ်တွေကို တယုတယကိုင်ပြီး ချောင်ကျသွားတဲ့ ကျက်သရေရှိရှိမျက်နှာ၏အစိတ်အပိုင်းတိုင်းကို တမေ့တမော ငေးမောနေသည်။ အရှိန်အဝါကြီးသော အမျိုးသမီးတစ်ယောက်ဖြစ်သည့် အလျောက် နာမကျန်းတာတောင် အရှိန်အဝါ၏အငွေ့အသက်တို့ရစေသည်။
တစ်ချက် တစ်ချက်လူးလွန့်လာသည့် မျက်ဆံအိမ်ကြောင့် နိုးထတော့မည်ကို သိသည့်အားလျှော်စွာ Bazစောင့်စိုင်းနေခဲ့သည်။ ဖြေးဖြေးချင်းပွင့်ဟလာသော မျက်လုံးအိမ်တို့သည် သားငယ်ကိုမြင်လိုက်ရ၍ ပျော်ရွှင်ခြင်းအသွင်ဆောင်နေသော်လည်း ဝမ်းနည်းခြင်းအသွင်လည်းဆောင်နေပြန်သည်။ ဇွတ်တရွတ်ဆန်သော အမျိုးသမီးပီသစွာ ကောက်ခါငင်ခါ ထလိုက်တော့ ခန္ဓာကိုာ်က မျက်ခနဲနာကျင်သွားရသည်။
" ဖြေးဖြေး Mom "
Baz Momနောက်ကို ခေါင်းအုံးခံပေးပြီး ကုတင်ကိုမှီစေလိုက်သည်။
" ဘာလို့ ပြန်လာတာလဲ ကလေးရယ် "
Bazရဲ့မျက်နှာချောချောကို ကိုင်ကာ မျက်ရည်ဝေ့သီပြီး ပြောတော့ Bazရဲ့ရင်ထဲမှာ မျက်ခနဲနာကျင်ရသည်။
" Momရှိတဲ့နေရာက ကျွန်တော့်ရဲ့အိမ်မို့ ပြန်လာရတာပေါ့ဗျာ.."
" ကလေးရယ် "
Bazရဲ့လက်ကိုကိုင်ကာ တသိမ့်သိမ့်ငိုလေတော့ Bazရင်ထဲမချိစွာ မွေ့ရာပေါ်တက်ထိုင်ကာ ဖွဖွလေးဖက်ကာ နှစ်သိပ်လိုက်သည်။
ဒါဟာမိခင်တစ်ယောက်ရဲ့ ပျော်ရွှင်ခြင်း၊ဝမ်းနည်းခြင်းအလည်က ယုယခြင်းပင်။
" ကျွန်တော်ပြန်လာပြီမို့ ကျွန်တော့်မိခင်က အေးဆေးနားနေနော်။ ချစ်တယ် Mom "
" Momလည်းချစ်ပါတယ် ကလေးရယ် "
အဟမ်း.!
သားအမိနှစ်ယောက်သားအလွမ်းသယ်နေစဉ် အပေါက်ဝကချောင်းဟန့်သံကြားလိုက်ရတာမို့ Bazလှည့်ကြည့်လိုက်တော့ ပြီတီတီမျက်နှာဘေးနှင့် April..။ 'ဘာလုပ်တာလဲ ဝင်လာလေ'ဆိုသည့သဘောဖြင့်ကြည့်လေတော့ အထဲကိုဝင်လာပြီး..
" သမီးပြန်လာတော့မယ် "
" ဟမ်..မင်းသမီးလေးက အိမ်မှာမဟုတ်ဘူးလား..."
" အာ..သူလာရင် ငါရောက်နေတာမသိ..."
အဖြစ်အပျက်တွေဟာမြန်ဆန်လွန်းလှသည်။
Sloanကို Aprilလက်သို့အပ်ကာ မတ်တပ်ရပ်ဖြစ်နေသည့် Bazထံပြေးဝင်လာသောသူ။ သူ၏ရင်အုပ်ကျယ်ကျယ်တွေသည် Bazလိုလူကိုမြုပ်သွားနိုင်သည်အထိ စွမ်းနိုင်လေသည်။ လက်ဖဝါးကြီးကြီးတို့က ကျောပြင်တစ်လျှောက် ခပ်နွေးနွေးအငွေ့အသက်ကိုရစေသည်။ သူ၏ရှူလေ၊ထုတ်လေ နွေးနွေးက ဂုတ်စပ်ကို ရှိုက်ခတ်စေသည်။
ပခုံးပေါ်ခေါင်းမှောက်ချလိုက်သူကြောင့် ခပ်စိုစိုအငွေ့အသက်ကိုရသည့်အခါBaz၏ မျက်ဝန်းညိုမှိုင်းမှိုင်းတွေသည်လည်း ပြူးကျယ်ကုန်သည်။
ဧကန်န ဒီလူငိုနေတာလား။
တသိမ့်သိမ့်တုန်တက်လာသည့် ကျောပြင်ကို Bazခပ်ဖွဖွပုတ်ကာ နောက်တစ်ယောက်ကိုချော့မြူရပြန်သည်။
" ဘယ်မှ ထွက်မသွားပါနဲ့တော့။ မင်းစိတ်တိုင်းကျ မင်းအလိုကျ ပြုမူလှည့်ပါ "
မချစ်မိသေးခင်တော့ လူတွေကအနိုင်လိုချင်ကြပြီး နှလုံးသည်းပွတ်မှာ သံယောဇဉ်ကြိုးတို့က တစ်ပတ် တစ်ပတ်ချည်နှောင်မိသွားရင် ချစ်တဲ့လူကိုသာ အနိုင်ပေးချင်ကြတော့တာ လူတိုင်းနီးပါး ကြာကြာနဲ့နားလည်အောင်ကြည့်ရမယ့် အချစ်ရဲ့နိဒါန်းနဲ့နိဂုံးရဲ့အလည်က စာကိုပဲ။
ထိုစကားကိုကြားတော့ Baz၏အပြုံးတွေသည် ခပ်ထင်းထင်းဖြစ်လာသည်။ ဝမ်းသာမှုအပေါင်းသည်လည်း ထိန်းမရသိမ်းမရနှင့်ပင် ကျောကိုပုတ်ကာ ချော့မြုရင်း..
" ဒီသဘောတရားကို ခင်ဗျားအစကထဲက နားလည်သင့်တယ်။ အခုတော့ မလိုအပ်ဘဲဝေးခဲ့ကြတာ "
" ကိုယ်မှားတာမို့ ကိုယ့်ဆီကနေဘယ်မှ ထွက်မသွားပါနဲ့တော့ ကိုယ့်အချစ်ဆုံးရယ် "
" အင်း ခင်ဗျားဆီက ထွက်မသွားတော့ဘူး "
ကတိပေးသံနှင့်အတူ နှဖူးပေါ်သို့ညင်ညင်သာသာကျရောက်လာသော ခပ်နွေးနွေး အကြင်နာချိုချိုကို မျက်လုံးမှိတ်ခံယူရင်း ကြွေလွင့်သွားသော မျက်ရည်များသည် နှလုံးသည်းပွတ်၌ချည်နှောင်နေမိသော သံယောဇဉ်ကြိုးကို ခပ်တင်းတင်းဖြစ်သွားစေသည်။
သိပ်ချစ်တာပဲ ခင်ဗျားရယ်။
တစ်စက္ကန့်၊နှစ်စက္ကန့်မှသည် တစ်မိနစ်၊နှစ်မိနစ်..နာရီဒိုင်ခွက်၏ တစ်ဝက်ခန့်အထိ ပွေ့ဖက်ရစ်နှောင်အပြီးမှာတော့ နှဖူးချင်းထိစပ်ပြီး နှာခေါင်းထိပ်ချင်းပွတ်သပ်ကာ အကြည့်ချင်းဆုံစေတော့ မျက်ဝန်းထဲမှလျှံထွက်လာသည့် စကားတွေသည် ချစ်ခင်စုံမက်ကြောင်းတွေသာဖြစ်သည်။
" ချစ်တယ် my Baz..။ Polishတွေရဲ့ဘာသာစကားမှာ Bazကဘုရင်တဲ့ ဒါကြောင့်မို့ ကိုယ့်နှလုံးသားရဲ့ဘုရင်တစ်ဆူဖြစ်ပေးပါ Baz "
" ခင်ဗျားကတော့ ကျွန်တော့်ရဲ့အရာရာပါနော် "
တစ်ဦးကိုတစ်ဦးမလွှတ်တမ်း စုတ်ကိုင်ထားကာ ဖြူဖြူစင်စင်ပြုံးရယ်နေသည့် အသက်(၃၀)ကျော်အရွယ်လူသားနှစ်ဦး၏ ချစ်ရောင်လွှမ်းသော နေ့ရက်များသည် ဒီနေ့မှစတင်ခဲ့သည်။
ချစ်တယ်ဆိုတဲ့စကားလုံးကို တဖွဖွပြောနေတတ်သူမဟုတ်သည့် Bazသည် မြတ်နိုးခြင်းတွေကိုတော့ တသသပြနေတတ်ပါသေးသည်။
သွားဖွေးဖွေးတွေပေါ်သည်အထိပြုံးနေကြသည် ဤအမျိုးသားနှစ်ဦးကို ငေးမောနေသည့် မျက်လုံးခြောက်လုံး၌လည်း ပျော်ရွှင်ရိပ်သမ်းနေသည်။
" အဟမ်း.! အဆင်ပြေသွားကြပြီဆိုတော့ လူနာကိုမမေ့ကြနဲ့လေ "
Aprilရဲ့သမီးကိုချီကာ ခပ်စစပြောမှုကို လက်မလွှတ်စတမ်း ရယ်မြူးနေသည့် Loganနှင့် မျက်စောင်းထိုးကာ ခပ်မဲ့မဲ့လုပ်ပြနေသော Baz..။ ကြားထဲ၌ တခိခိရယ်နေသော Sloan..။
Sloanကို လက်ပြောင်းယူကာ နှစ်ဦးကြားညှပ်ပြီး ပါးဖောင်းအိအိလေးကို ပြိုင်တူနမ်းရှိုက်တော့ အင့်ခနဲအသံထွက်သွားရပြီးနောက် နှစ်ဦးသား၏မုတ်ဆိတ်ရေးရေးတို့ကြောင့် ခပ်စူးစူးယားကျကျိဖြစ်နေပုံရသည့် Sloanသည် တခိခိရယ်မြူးနေပြန်ပါသည်။ ထိုအခန်းထဲ၌ မေတ္တာရနံ့များ သင်းပျံ့နေပေတော့သည်။
_____________________
ဆေးရှိန်ကြောင့်အိပ်ပျော်သွားသည့် Bellaကို ရင်ဘတ်ပေါ်အထိစောင်ခြုံပေးကာ Aprilကိုစောင့်ကြည့်စေသည်။ ထို့နောက် မျက်လုံးများမှေးစင်းနေသည့် သမီးကို Loganပွေ့ချီကာ ညာဘက်ပခုံးပေါ်ခေါင်းတင်စေပြီး ကျောကုန်းကိုခပ်ဖွဖွပွတ်ပေးရင်း Bazနှင့်အတူ အခန်းအပြင်သို့ထွက်လာသည်။
Bazအခန်းအပြင်ကိုရောက်တာနဲ့ အသင့်စောင့်နေသည့် Aceက Loganကိုပါမြင်သည်နှင့် ဦးညွှတ်တတ်လာပြီ။ Bazကခေါင်းညိမ့်ပြတော့ တိုးတိုးတိတ်တိတ်မဟုတ်ဘဲ နှစ်ယောက်လုံးကြားစေမည့် အနေအထားမှစ၍ပြောသည်။
" အီတလီကလူတွေရောက်နေပါပြီ Master..။ နောက်ကျနေလို့ ပြန်မယ်ပဲအတင်းလုပ်နေပါတယ် "
" အင်း.. ငါ Momအိပ်ပျော်တဲ့အထိစောင့်နေလို့ "
" ကျွန်တော်ပြန်လာခဲ့မယ်နော် မင်းသမီးလေးကိုအရင်သိပ်နှင့် "
Baz၏လေသံသည် ဝါးဂွမ်းသားလေးတွေလို နူးနူးညံ့ညံ့။ Baz၏ အပြုံးသည် သကာရည်လို ချိုချိုမြမြ။
" ကိုယ်လည်းလိုက်ခဲ့မယ် "
" ဒါပေမဲ့ မင်းသမီးလေး.."
" ရတယ်။ သမီးက အိပ်ရာပေါ်မရောက်မချင်း အိပ်မောမကျဘူး "
ကြင်သူက ပျက်ပျက်သားသားတောင်းဆိုလာတော့ Bazကလည်း ချက်ချင်းပင်ခေါင်းညိမ့်မိပြန်ပါသည်။
Baz၏ကားဖြင့် Baz၏စံအိမ်ကိုထွက်လာကြသည်။ ကားပေါ်တစ်လျှောက်လုံး Baz၏လက်ဖမိုးကို တဖွဖွနမ်းကာ စကားတစ်ခွန်းမျှမဆိုလေသောသူ၏ မျက်ဝန်းထဲ၌ လျှံကျနေသော အကြင်နာတို့ကို တွေ့မြင်နိုင်ပေမည်။
Baz၏စံအိမ်ကိုရောက်သော် စံအိမ်၏အဝ၌ လူစုစုရုံးရုံးဖြစ်နေလေသည်။ ထိုလူတွေသည် ပြေးကြည့်စရာမလိုလောက်သည့် အီတလီကလူတွေပင်။ Bazနှင့်Loganကားပေါ်မှ ဆင်းပြီး ထိုလူတွေဆီလျှောက်သွားလိုက်သည်။
" ဒါ ဘယ်နေရာမို့ ဝုန်းဒိုင်းကျဲနေရတာလဲ "
သမီးအိပ်နေလို့ Baz၏အသံသည်ခပ်အုပ်အုပ်ဖြစ်နေပေမယ့် အရှိန်အဝါတစ်ခုက ဝံ့ဝံ့ကြွားကြွားတိမ်းအောင်းနေလေသည်။ ဆက်ခံသူကိုမြင်လိုက်ရသည့်အခါ ထိုလူတွေသည်လည်း ရွံ့ကျိုးသွားရတော့သည်။ သူတို့က ဆက်ခံသူပြန်ရောက်တာကိုမသိဘဲ ခေါင်းဆောင်ကိုအာခံချင်နေကြသည့် သူတွေလေ။
" ကျုပ်ကိုမြင်ပြီးပြီဆိုတော့ အစည်းအဝေးခန်းထဲကို ဝင်လို့ရပြီမလား "
" ဟုတ်..ဟုတ်ကဲ့ "
စောနကသောင်းကျန်းနေသည့် လူငါးယောက်သည် ယခုမူ မခုတ်တတ်သည့်ကြောင်လေးများသဖွယ် အမြှီးကုတ်ကာ အစည်းအဝေးခန်းထဲပြန်ဝင်သွားလေသည်။ Loganတော့ ချစ်ရသူ၏အရှိန်အဝါကိုကြည့်ကာ ဂုဏ်ဆာအပြုံးတို့သည် ထိန်းမရချေ။
အစည်းအဝေးခန်း၏ ထိပ်ဆုံးခုံ၌ Bazဝင်ထိုင်ပြီး Bazရဲ့ဘေး၌ သမီးကြိချီထားသော Loganဝင်ထိုင်သည်။ ကျန်ငါးယောက်သည်တော့ Baz၏တစ်ဖက်တစ်ချက်၌ အလျဉ်းသင့်သလိုဝင်ထိုင်သည်။
" ကျုပ်သမီးအိပ်နေလို့ ကျုပ်မေးတာကို ခပ်တိုးတိုးနဲ့ခပ်မြန်မြန် လိုရင်းတိုရှင်းပြောကြ "
ထိုလူတွေသည် ခေါင်းညိမ့်ပြကြလေသည်။
Baz projector၌ ထပ်ထုတ်လုပ်ရမည့် လက်နက်ဒီဇိုင်းများကို တစ်ခုပြီးတစ်ခုပြနေလေသည်။
" ဒါတွေက ဘာကြောင့် မထုတ်ရသေးတာလဲ။ ကျုပ်ထင်တာမမှားဘူးဆိုရင် လွန်ခဲ့တဲ့ သုံးနှစ်လောက်ထဲက ဆွဲထားတဲ့ projectမလား။ ကုန်ကြမ်းမလောက်လို့လား။ ဒီ projectကိုင်တဲ့လူရှင်းပါအုံး "
" မဟုတ်..မဟုတ်ပါဘူး Master..။ ကွပ်ကဲမယ့်လူမရှိတော့ ဒီprojectကဖြတ်သိမ်းလိုက်ပြီထင်လို့..ပါ "
တာဝန်ရှိသူသည် အလွဲလွဲအမှားမှားဖြစ်နေသည်။ သူသည်လည်း ရလိုရငြား လာဘ်စထားလေသည်မို့ ဆက်ခံသူ၏ဖိနှိပ်ထားသော အရှိန်အဝါကိုကြောက်ပါသည်။
" ဒါပေမဲ့ အဲ့လက ဒီprojectအတွက် ကုန်ကြမ်းဖိုးတွေ စာရင်းတင်ထားတယ်။ ဖြတ်သိမ်းလိုက်ပြီ ထင်တဲ့လူက projectကို အကြောင်းပြပြီး လာဘ်စားနေတာလား "
တစ်စထက် တစ်စ ဖိနှိပ်လာသည့် အရှိန်အဝါကြောင့် တာဝန်ရှိသူသည် ဒူးထောက်ချကာ မြေကြီးထဲဝင်လောက်သည်အထိ ခေါင်းကိုငုံ့ချပြီး တောင်းပန်စကားဆိုတော့သည်။
" တောင်း..တောင်းပန်ပါတယ် Master..။ ကျွန်တော် ကျွန်တော်.."
ဒိုင်း.! ဒိုင်း.!
" Maxiyoမှာ လူတစ်ယောက်မရှိလို့ ဘာမှမဖြစ်ဘူး။ မက်လောက်စရာလုပ်အားခရထားတာတောင်မှ ကုန်ကြမ်းတွေကို လာဘ်စားချင်သေးတယ် "
Baz Maxiyo၏လမ်းစဉ်ကိုကျင့်သုံးလိုက်လေသည်။ ဒီလူကိုလွှတ်ပေးခဲ့ရင် ဒီprojectတွေပေါက်ကြားသွားမည့်ကိန်းရှိတာမို့ နှုတ်ပိတ်တာသည်သာအကောင်းဆုံး ဖြေရှင်းနည်းဖြစ်လေသည်။
စေးကပ်ကပ်သွေးတို့စကျနေသည့် လူကိုကြည့်ပြီး သိသိသာသာတုန်လာသည့်လက်ကို ခုံအောက်သို့အမြန်ဝှက်ကာဖြင့်။ မျက်ဝန်းညိုမှိုင်းမှိုင်းတို့က တုန်လှုပ်မှုကိုပြမနေပါပဲ လက်တို့သာတုန်နေသည်။ တည်တည်တင်းတင်းစေ့ထားသော နှုတ်ခမ်းလွှာကြောင့် ပေါ်ထင်နေသည့် မေးရိုးသည် ဒေါသထွက်နေသည့်ဟန်။
ဖုံးကွယ်တတ်သော အချစ်ကြောင့် မျက်စိလျင်အောင်ထားထားသည့် Loganသည် ဒီတစ်ကြိမ်တော့ မြင်သွားချေသည်။ သမီးကို လက်တစ်ဖက်ဖြင့် ပွေ့ထားပြီး ကျန်လက်တစ်ဖက်ကို ခုံအောက်သို့ဝင်ကာအေးစက်တုန်လှုပ်နေသော လက်ဖမိုးပေါ်သို့ ထပ်ကာစုတ်ကိုင်လိုက်သည်။
အလန့်လန့်အဖျန့်ဖျန့်ဖြင့် နောက်ဆုတ်သွားသော ခပ်အေးအေးလက်ကို Loganပြန်ဆွဲကာ ထပ်ကိုင်စေသည်။ မျက်လုံးညိုမှိုင်းမှိုင်းကြီးတွေနဲ့လည်း အကြည့်စုံစေသည်။
ခပ်အေးအေးလက်တစ်စုံကို ခပ်နွေးနွေးလက်ဖဝါးကြီးက ခွန်အားများပေးနေသယောင်။ တည်ငြိမ်လာသော အခြေအနေ၌ Bazပြုံးကာ ခုံအောက်ရှိ လက်ဖဝါးကြီးကြီးကို မလွှတ်တမ်းစုတ်ကိုင်ထားပြီး အလုပ်ဆက်လုပ်လေသည်။
" နောက် projectတွေကို ဒီလအတွင်းစမယ်။ နှစ်လအတွင်း နမူနာတစ်ခုပြီးရမယ်။ ကုန်ကြမ်းအနည်းဆုံးဟာကို အရင်ဈေးကွက်တင်မယ် "
ကုန်ကြမ်းအလုံအလောက်ရှိသော Maxiyoအဖို့ ကုန်းကြမ်းသည်ပြဿနာမဟုတ်ပါပဲ တာဝန်ခံတွေသည်သာပြဿနာဖြစ်လေသည်။ အစင်လိုက်သွားတတ်သည့် သဘောအရ ပထမဆုံးထုတ်ကုန်မပြီး၍ နောက်ဟာတွေပါမပြီးရသည့်အကြောင်းကို Bazအနေဖြင့်နားလည်ရသည်။ နောက်တာဝန်ခံတွေသည် လာဘ်စားထားခြင်းမရှိသဖြင့် အစည်းအဝေးဟာချောချောမွေ့မွေ့။
" ဒီ projectအတွက် တာဝန်ခံတစ်ယောက်ကို အစားထိုးပြီး သိသင့်တာကိုပြောထား။ ဒီအစည်းအဝေးအကြောင်းလည်းပြောထားပေး Ace "
အနောက်ရှိ Aceကို အဆင်သင့်ရှိသည့် တာဝန်ခံသင်တန်းသားတွေထဲမှ တစ်ယောက်ကိုအစားထိုးခိုင်းပြီး ထိုအလုပ်ကိုဆက်စေသည်။
ဆက်ခံသူတစ်ယောက်၏ အရှိန်အဝါလွှမ်းမိုးမှုကြောင့် Maxiyoဂိုဏ်းသားတိုင်းသည် Baz၏ခြေရင်းမှာပြားပြားဝပ်။
" အစည်းအဝေး ဒီမှာရပ်မယ်။ ကျုပ်ပြောခဲ့တဲ့အတိုင်းပဲ လာဘ်မစားနဲ့ အာမချောင်ပါနဲ့"
ထိုသို့ပြောကာ သက်ဆိုင်သူ၏ လက်ကိုဆွဲပြီး ထွက်သွားသော ဆက်ခံသူ။
အိပ်ခန်းသို့ တက်သည့်တစ်လျှောက်လုံးပြန်လာခြင်းအတွက် လှိုက်လှိုက်လှဲလှဲကြိုဆိုနေကြသည့်လူတို့သည် ဝမ်းပမ်းတသာ။ ကြိုတင်ပြင်ဆင်ထားသည့် ကလေးအခန်းကို အရင်ဝင်ကာ သမီးကို သိပ်လိုက်ပြီးနောက် သူတို့နှစ်ဦး၏အခန်းသို့ ဝင်ချေတော့သည်။
အခန်းထဲဝင်ခါနီး ညားခါစလို လှိုက်ဖိုလာသည့် ရင်ခုန်နှုန်းကြောင့် Baz၏လက်များ ခပ်အေးအေးဖြစ်လာသည်ကို စုတ်ကိုင်ထားသည့် Loganကသတိထားမိတော့ ခပ်ဖွဖွပြုံးလေသည်။ နဘေးက Bazဆီ ငဲ့စောင်းကြည့်တော့ ရေခဲရိုက်ထားသလို တစ်စက်မျှမလှုပ်သည်မို့ ဒူးခေါင်းကနေ,မ လျှိုလိုက်တော့ အလန့်တကြား လည်တိုင်ကို တွဲခိုလာသည့် လက်အေးအေးတစ်စုံနှင့် ဝိုင်းစက်စက် အညိုမှိုင်းမှိုင်းမျက်ဝန်းတစ်စုံ။
မွေ့ရာကျယ်ကျယ်မှာ ခပ်ဖွဖွတင်ပေးပြီး အပေါ်မှအုပ်မိုးကာ နှဖူးနှင့်နှာတံဆင်းဆင်းတို့ ထိကပ်စေတော့ ကြည်ကြည်နူးနူးပြုံးပြလာသည်။ ထိုမှတစ်ဆင့်တက်ကာ နှုတ်ခမ်းသားအိအိကို နမ်းရှိုက်မိတော့ တစ်လောကလုံးကို မောင်ပိုင်းစည်းရသလိုပင်။ တစ်ဆင့်ချင်း တစ်ဆင့်ချင်း ပုံဖော်သွားသည့် ညတာရှည်ရှည်၏ အကျိုးစပ်သည် နှစ်ယောက်လုံး၏ကိုယ်ပေါ်၌ စုတ်ချက်တို့ထင်သာစွာဖြင့် တင့်တယ်သော ပန်းချီကား တစ်ချက်အဖြစ် အသွင်ပြောင်းလေသည်။
__________________
ပုန်ကန်ချင်နေသည် လက်အောက်ကဂိုဏ်းတချို့သည် ဆက်ခံသူ၏အရှိန်အဝါကြောင့် ငြိမ်ဝပ်ပိပြားနေလေသည်။ လက်နက်ထုတ်လုပ်ရေးဘက်က Bazသတ်လိုက်သည့် ထိုလူသည် အလင်းမှလူတချို့နှင့်ပူပေါင်းကာ Maxiyoကို စီးပွားပျက်ပြိုလဲစေချင်နေကြောင်းသိလိုက်ရသည့်အခါ ထိုသူသေခြင်းအတွက် Bazနောင်တရမနေတော့ချေ။
Bazအခု Blakeimotanစံအိမ်ကို သွားနေတဲ့လမ်းမှာဖြစ်သည်။ Bazဒီနေ့မှ အီတလီကပြန်လာတာဖြစ်၍ တစ်ရက်ကြီးများတောင်ခွဲနေရသည့်ကြင်သူကို အိမ်မှာထိုင်စောင့်မနေနိုင်ပဲ လာတွေ့ခြင်းဖြစ်သည်။
" ဘရို Daddyဆီရောက်တော့မှာလား "
ဟုတ်ပါတယ်။ အရှုတ်ထုတ်လေးသည်လည်း Bazနှင့်အတူ ပါလာခြင်းဖြစ်သည်။ မျက်လုံးဝိုင်းဝိုင်းဖြင့် ဟိုဒီငေးနေကာ ကလေးသဘာဝအရ စိတ်လောနေခြင်းဖြစ်သည်။
" မင်းသမီးလေး ငါက မင်းထပ်အသက်ကြီးတယ်နော် ဘရိုလို့မခေါ်နဲ့ "
" Mamomကပြောတယ် ဘရိုက Sloanနဲ့မောင်နှမတော်တာတဲ့ "
နှုတ်ခမ်းချွန်ချွန်လေးတွေနဲ့ မျက်မှောင်ကြုတ်ကာ ပြောလေသည်။
" အေး ကောင်းရော။ မအေ့စကားကို နားထောင်နေလိုက် "
ပုံမှန်ဆို Sloanဆိုတဲ့ အရှုတ်ထုတ်လေးသည် Loganကလွဲလို့ မည်သူ့စကားမှ နားမထောင်ပါ။ သို့သော် ဒီတစ်ခုတော့ အသေနားထောင်သည်။
Blakeimotanစံအိမ်ရှေ့၌ ရပ်တော့ ရထားတစ်လမ်း သံတစ်လမ်းဖြစ်နေသည့်နှစ်ယောက်သည် ကိုယ့်ဘာသာဆင်းကာ တစ်ယောက်ချင်းဆီခွဲပြီး အိမ်ထဲဝင်လာကြသည်။
Logan၏ အလုပ်ခန်းထဲအထိပါ ထိုသို့ဝင်လာကြသည်မို့ Logan၏မျက်ခုံးများပင့်တက်လာသည်။
" Daddy ဘရိုက Sloanကိုမခေါ်ဘူး အီး ဟီး"
ရောက်တာနဲ့ Loganအပေါ်ပြေးတက်ကာ အငိုနှင့်တိုင်သော နှမတော်ကြောင့် အံ့အားသင့်လျက်။
/ဒညင်းသီးက တစ်ပြန်ချီးစော်နံ/
မျက်စောင်းထိုးကာ မြန်မာပြည်မှာတုန်းက သိခဲ့ရသည့် ဗန်းစကားကို ပြောလိုက်လေသည်။
ပွစိပွစိရေရွတ်နေတဲ့ Bazကိုတစ်လှည့် ငိုနေသည့် Sloanကိုတစ်လှည့်ကြည့်ကာ Loganတစ်ယောက်လုပ်လက်စအလုပ်တွေကိုပြစ်ထားချေသည်။
" Tig သမီးကို ညစာကျွေးလိုက်တော့ "
အငယ်ဖြစ်သည့် သမီးကိုသာ အခန်းထဲမှ အနုနည်းဖြင့်နှင်လိုက်လေသည်။ Tigကလည်း နားလည်စွာ သမီးကိုအလျင်အမြန်ခေါ်ပြီး ထွက်သွားလေသည်။
ဆိုဖာပေါ်မှာထိုင်နေသည့် ချစ်ရသူအနားကိုကပ်ပြီး လက်ဖဝါးတို့ကို ထပ်ကိုင်စေတော့ ကျရောက်လာသည့် မျက်စောင်းလှလှလေးကြောင့် နှလုံးသားမှာဒိန်းခနဲ။ Bazမျက်စောင်းထိုးတာရှားသည်မို့ ဖြစ်ပါလိမ့်မည်။ လက်ပခုံကို အနမ်းဖွဖွလေးပေးတော့ ပြုံးလာသည့် နှုတ်ခမ်းတစ်စုံ။
" ကိုယ်တို့ နောက်ထပ် မင်္ဂလာဆောင်ရအောင် "
" ဟင်း..လက်ထပ်လက်စွပ်နောက်တစ်ခါဝတ်ခိုင်းမလို့လား "
လက်သန်းကြွယ်မှာ ကိုယ်စီဝတ်ထားသည့် အဖြူနှင့်အမည်းသဏ္ဍာန် လက်စွပ်နှစ်ကွင်းကို တစ်ထပ်ထဲကျသည်အထိ ထပ်ကိုင်ကာ ဆိုသည်။
" အင်း နောက်တစ်ခါထပ်ဝတ်လိုက်ပေါ့ "
" ဟင့်အင်း..ကျွန်တော် ဒီလက်စွပ်လေးကိုကြိုက်တယ်။ ဒီလက်စွပ်ဝတ်ပေးတုန်းက ခင်ဗျားရဲ့ ခပ်ချေချေပုံကို စွဲလမ်းတယ် "
" အဲ့တာဆိုလည်း ကိုယ့်ဘုရင်လေးရဲ့သဘော အတိုင်း မင်္ဂလာပွဲထပ်မလုပ်တော့ဘူး။ ဟန်းနီးမွန်းတော့ထွက်ကြမယ်လေ "
" ဘယ်ကိုလဲ "
" ခင်ဗျားလေး သွားခဲ့တဲ့နိုင်ငံဆီ။ ဘုရင်လေးက အဲ့နိုင်ငံရဲ့စကားကို ခဏခဏပြောတော့ အဲ့နိုင်ငံလေးဆီ ကိုယ်လည်းရောက်ဖူးချင်လာတယ်"
ပခုံးကိုမှီစေကာ ဖြစ်ချင်တာများကိုပြောလေတော့ ခပ်စိပ်စိပ်ရယ်ပြီး ခေါင်းညိမ့်ရှာသည့် ချစ်ရသူရယ်ပါလေ။
" ခင်ဗျားရောက်ဖူးပြီးသားလေ "
" အလုပ်ကိစ္စနဲ့မို့ မလည်လိုက်ရဘူး "
" ဟုတ်ပြီ အဲ့တာဆို မနက်ဖြန် မြန်မာပြည်ကို သွားကြမယ် "
မြန်မာပြည်ကို ချီတက်ဟန်ပြင်နေသည့် လူနှစ်ယောက်သည် အရေးကြီးတာဝန်တွေကိုမေ့နေသည့်ဟန်။ ဒါပေမယ့် ဒေါ်လာအနည်းငယ်လျော့သွားရုံနဲ့ သူတို့မွဲသွားမှာမှမဟုတ်တာပဲ။
_____________________
" April ငါတို့ မနက်ကျ ဟန်းနီးမွန်းထွက်မလို့ နင့်သမီးလာခေါ်ချည် "
ညဥ့်နက်သန်းခေါင်းဖုန်းခေါ်လာသူသည် ထိုမျှပြောပြီး ဖုန်းချသွားလေသည်မို့ Aprilကြောင် အ အ။
Loganသည်လည်း သူ့ချစ်ချစ်ရဲ့ ကလေးဆန်ဆန်အမူအရာကို ကြည့်ကာ သဘောတကျရယ်ပြုံးလို့နောက်မှသိုင်းဖက်လိုက်သည်။
" အချစ်ရယ် စိတ်ဆိုးနေတုန်းလား။ မင်းသမီးလေးက ငယ်သေးလို့ပါကွာ စိတ်မဆိုးနဲ့တော့ "
" စိတ်မဆိုးပါဘူး။ ကျွန်တော်မှ ဒီလိုမပြောရင် ဒင်းကလာခေါ်မှာမဟုတ်ဘူး "
ကိုယ့်ထက် အသက်(၂၈)နှစ်ကျော်ကျော်ကွာသောကလေးဆီက ဘရိုအခေါ်ခံရရင် မည်သူက လက်ခံပါမည်နည်း။ Bazလည်းလက်မခံ၍ တကျက်ကျက်ဖြစ်ရသည်။
" ဟုတ်ပါပြီကွာ "
မနက်စောစော၌ Aprilသည် သူမသမီးကို တကယ်ကြီးလာခေါ်သွားလေသည်။ သူမစ ထားသည့် ကိစ္စကြောင့် Baz ပေါက်ကွဲနေသည်ကို သိသည့်နယ်။
" ဟန်းနီးမွန်းမှာ အဆနှစ်ဆယ်ပျော်ခဲ့ ကိုယ့်လူ "
ဆို၍ပင် စ သွားသေးသည်။
private jetနဲ့မို့ တစ်စင်းလုံးမှာ လေယာဉ်လုပ်သားတချို့နှင့် Bazတို့နှစ်ဦးသာ။ တစ်ဦးနှင့်တစ်ဦးပူးကပ်ထိုင်ကာ တိမ်စိုင်တို့ကို ငေးကြည့်နေကြစဉ်..
" ကျွန်တော်က တိမ်စိုင်ဆို ခင်ဗျားက လေပြည်..။ ခင်ဗျားစေလိုရာ ကျွန်တော်က မြောလွင့်နေမှာ "
" သိပ်စကားတွေတတ်တဲ့ ကိုယ့်ခင်ပွန်းလေကြောင့် ကိုယ့်နှလုံးသားကြီး ပေါက်ထွက်ပါတော့မယ် "
နှဖူးပြေပြေပေါ်ရှိ ဆံနွယ်တွေကိုဖယ်ကာ နှဖူးပြေပြေကို အကြင်နာခြွေမိပြန်သည်။
Private jetမို့ မြန်မာကို မှန်းထားသည်ထက်စော၍ရောက်လေသည်။ လေယာဉ်ပေါ်မှမဆင်းခင် လက်မှာပတ်ထားသည့် အနက်ရောင်ခေါင်းစည်းကြိုးအပျော့ဖြင့် အညိုရောင်ရေးရေးသမ်းနေသော ဂုတ်ထိရှည်သည့် ဆံနွယ်တွေကို တစ်ဝက်ခွဲကာစည်းပေးလိုက်သည်။ တစ်ယောက် အိတ်တစ်လုံးစီဖြင့် မြန်မာပြည်ကို ခြေချမိပြန်တော့ ယခင်က ခြေဦးတည့်ရာမဲ့နေသည့် အငွေ့အသက်တွေအစား ကိုယ့်ရဲ့ဒုတိယအိမ်ကို လာရသကဲ့သို့ နွေးနွေးထွေးထွေးပင်။
ကားဂိတ်၌ Y Group Hotelကိုတန်းပြောလိုက်ကာ Hotelသို့သွားစေသည်။
/ ဘယ်လောက်လဲ /
/ ၁၀၀၀၀ပါ /
/ သုံးနှစ်အတွင်း ၄၀၀၀တောင်ဈေးတက်သွားတာပဲ /
ထိုသို့ရေရွတ်ကာ ပိုက်ဆံထုတ်ပေးလိုက်တော့ အငှားယာဉ်မောင်းသည် ပြုံးပြပြီးထွက်သွားလေသည်။ အနားမှာ တလေးတစားငေးကြည့်နေသူကတော့ Loganပင်။
" အချစ်က မြန်မာလို ကောင်းကောင်းပြေညနိုင်တာပဲ "
" သုံးနှစ်တာ အတွေ့အကြုံပေါ့ "
" ကိုယ့်ကိုလည်း သင်ပေး "
" ကောင်းပြီ နှုတ်ဆက်တာသင်ပေးမယ် "
/ မင်..ဂ..လာ..ပါ/
/မွင်..ဂ..လွိုက်..ပါ/
Bazကိုယ့်ထက် ဆိုးသည့်လူကိုတွေ့တော့ ခပ်ဟဟရယ်မိသည်။ လှောင်ရယ်သဘောမျိုးမဟုတ်ဘဲ အသည်းယားသည့်ဟန်။
/ ချစ်..တယ် /
/ ချွိတ်..ထယ်/
" ဟင်း..အဲ့တာ နှုတ်ဆက်စကားပဲ သူတို့နှုတ်ဆက်လာရင်ပြန်ပြောလို့ရတယ် /
/ မွင်ဂလွိုက်ပါ ချွိတ်တယ်~~
မွင်ဂလွိုက်ပါ ချွိတ်တယ်~~/
တဖွဖွရေရွတ်နေသည့် Loganကိုလျစ်လျူရှုကာ Hotelအပြင်အဆင်ကို အကဲခတ်နေလိုက်သည်။ ပိုတိုးတက်လာတာပဲ။
လူထက်အရင်ရောက်နေသည့် အိတ်တို့ဟာ receptionမှာ ထောင်လျက်သား။
/ မင်္ဂလာပါရှင် ကြိုဆိုပါတယ် /
/ မွင်ဂလွိုက်ပါ ချွိတ်တယ် /
နိုင်ငံခြားသားတွေ၏ အသံနေအသံထားကို ဖမ်းတတ်သူများပီပီ receptionကကောင်မလေးတွေ၏ပါးပြင်ဟာ ခပ်ရဲရဲဖြစ်သွားတော့သည်။ ဖြစ်မှာပေါ့ ခပ်မိုက်မိုက် ဘဲကြီးက သူတို့ကို ရုတ်တရက်ချစ်တယ်လာပြောတာကို။ Bazမှာတော့ ရယ်ရခက် ငိုရခက်ဖြင့် ပါးစပ်နားလက်သီးစုတ်တေ့ကာ ခပ်ဟဟသာရယ်နေမိသည်။
Loganသည်တော့ သူဘာမှမှန်းမသိစွာ ကြောင်ကြည့်နေမိသည်။
/ မင်္ဂလာပါ အကိုတို့ကို နှစ်ယောက်အိပ်အခန်း အကောင်းဆုံးတစ်ခန်းပေးပါနော်/
ပီပီသသကြီးထွက်လာသည့် မြန်မာသံကြောင့် ကောင်မလေးတွေသည်နားလည်လိုက်သည်။
ဒီအစ်ကိုဆေးထိုးခံရတာပဲ။
အခန်းကိုရောက်သည်နှင့်စကားမပြောဘဲ တစ်ခုခုကို စဉ်းစားနေဟန်ရှိသည့် သူကြောင့် Bazလည်း အိတ်တွေကို အရင်နေရာချနေမိသည်။
" အချစ်နှုတ်ဆက်တုန်းကကျ
/ချွိတ်တယ်/
မပါဘူးနော်။ ကိုယ့်ကို အဓိပ္ပာယ်ပြောပြ "
Baz Loganနည်းတူ အိပ်ရာပေါ်မှာထိုင်လိုက်သည်။
" /မင်္ဂလာပါ/
က နှုတ်ဆက်တာ။
/ချစ်တယ်/
က ချစ်တယ်"
(A/Nရှုတ်သွားလားဟင်။ /../ကမြန်မာလိုပြောတာပါ ".."က ဂျာမန်လိုပါ )
" အာ..ဒါဆို ပါးရိုက်မခံရတာ ကံကောင်းတာပေါ့ ဟမ်. မင်းကလူဆိုးပဲ အချစ်ရယ် "
" ဟား..ဟား "
မွေ့ရာထက်ဝယ် သေးနုတ်လှသော ကလိမုန်တိုင်းလေး တိုက်ခတ်သွားပါတော့သည်။
မကြာမီမှာပင် လေပြည်အဖြစ် အနမ်းတို့ပါ
ရောထွေးလာသည်။ လေပြည်ရော မုန်းတိုင်းပါ ငြိမ်းသက်သွားသည့်အချိန်၌ တစ်ဦးကိုယ် တစ်ဦးပွေ့ဖက်ကာ ချစ်စကားကြိုက်စကားတို့အစား ဒီနိုင်ငံလေးအကြောင်းသာ ပြောဖြစ်နေသည်။
" အချစ် ဒီမှာ အသွားချင်ဆုံးနေရာရှိလား "
Loganမေးတော့ Logan၏ဗိုက်ပေါ်မေးတင်ကာ ဖြေလာသည့် အဖြေကရိုးရိုးစင်းစင်း။
" ရွှေတိဂုံဘုရားပဲ။ ကျွန်တော်ပြန်မလာခင်ဆုတောင်းခဲ့တာလေ "
" ပြောပါအုံး ဆုတောင်းလေး "
" ကျွန်တော့်ချစ်ရသူတွေနဲ့အတူ ဒီနိုင်ငံကိုပြန်လာရပါစေလို့ အခုပြည့်ပြီလေ "
" မင်းက ဗုဒ္ဓဘာသာလား "
" ဟင့်အင်း ကျွန်တော်က ဘာသာမဲ့။ ခင်ဗျားကရော "
" ကိုယ်ရောပဲ "
အချစ်၏ ဆုတောင်းတွေကို ဖြည့်စည်းပေးခဲ့သော ဗုဒ္ဓဘာသာဘုရားကို ကျွန်တော်လည်း ဖူးမြော်ချင်သည်မို့ ညနေစောင်း၌ ဘုရားသွားရန်ပြင်ကြသည်။
Hotelကိုအကူအညီတောင်းပြီး သွားဝယ်ထားသည့် ပုဆိုးနှင့် လည်ကတုံးဆင်တူက ထည်ထည်ဝါဝါ။ အပြာလဲ့လဲ့ပိုးပုဆိုးနှင့် လည်ကတုံးကို နှစ်ယောက်သား ကိုယ်စီစင်မြန်းထားလျက်။ ပုဆိုးတွေ၌ ခါးပတ်ပတ်ထားသည်မှာလည်း ယခင်က သူကြီးသားတွေလိုပင်။ ခြေညှပ်သားရေစိမ်းဖိနပ်ကိုယ်စီဟာလည်း ဖြူဖွေးဖွေးခြေထောက်တွေနှင့် ပနံရနေလေသည်။
" ဒါမြန်မာပြည်မှာရှိတဲ့ ဗမာတိုင်းရင်းသားရဲ့ အမျိုးသားဝတ်စုံလေ ဒါတောင်အပေါ်ထပ်တစ်ထပ်ကျန်သေးတယ် "
" အွမ်း "
Bazသည် လည်ကတုံးထိပ်က ကြယ်သီးလေးကို တပ်ပေးရင်း ဆိုလိုက်သည်။
ရှည်လျားသည့်အရပ်ကြောင့် ပုဆိုးနှင့်ထင်းထွက်နေသည်မို့ နှစ်ယောက်လုံးတော်တော်ကြည့်ကောင်းကြသည်။ ပြင်ဆင်ပြီး၍ အောက်ထပ်ဆင်းအလာမှာ လူတျုင်းကို ငေးသွားစေနိုင်သည်အထိ ကညည့်ကောင်းကြသည့် ထိုနှစ်ဦး။
ညနေဘက်တောင် အပူရှိန်ရနေသေးသည်မို့ ရှုံ့သွားသည့် Logan..။ ဝတ်ထားသည့် အဝတ်တွေကြောင့် ပိုပူနေသယောင်။ Hotelက စီစဉ်ပေးတဲ့ကားပေါ်တက်ကာ ဘုရားကိုချီတက်လေသည်။
" ဒီနိုင်ငံမှာ သုံးနှစ်လုံး အချစ်ဘယ်လိုနေခဲ့လည်း စဉ်းစားလို့ကိုမရဘူး "
Bazဘက်ကို စောင်းငဲ့ကာပြောတော့..
" ပူလို့လား "
" အင်း "
Baz လည်ကတုံအပြည့်ဝတ်ထားသည့် သူ၏ လက်ရှိကြယ်သီးတွေကိုဖြုတ်ကာ တံတောင်အောက်အထိ နှစ်ဖက်လုံးကို ခေါက်တင်ပေးလိုက်သည်။
" ဒါဆို သိပ်မပူတော့ဘူး။ ဒီနိုင်ငံကတကယ်နေလို့ကောင်းတယ်။ တိုင်းရင်းသားလူမျိုးစု များတယ်။ နေရာအလိုက် အစားအသောက်တွေက တစ်မျိုးနဲ့တစ်မျိုးမတူဘဲ စားကောင်းတယ်။ ဒီနိုင်ငံကလူတွေကဖြူစင်တယ်။ ကျွန်တော်နေတုန်းက နွေဘက်ဆို မြောက်ဖျားပိုင်းသွားနေတာ တောင်ပိုင်းက ပူတာမှတအား။ ခင်ဗျားလည်း နေကြည့်ရင် ပြန်ချင်မှာတောင်မဟုတ်ဘူး။ တကယ်နေလို့ကောင်းတယ်။ ကျွန်တော့်ကို ယုံ "
(A/N အခုလည်းအရမ်းကောင်းပါတယ် စိတ်ပျက်ဖို့ಥ‿ಥ)
သူတို့ စကားတပြောပြောဖြင့် ဘုရား၏ မုဒ်ဝကိုရောက်လာကြသည်။ ပန်းသည်တွေဆီကနေ ပန်းတစ်ယောက်တစ်စီးဝယ်ကာ ဓာတ်လှေကားဖြင့် ဘုရားပေါ်တက်လာခဲ့သည်။ Hotelက ထည့်ပေးလိုက်သည့်လူ၏လမ်းညွှန်ချက်ကြောင့် အောင်မြေကို ရောက်လာသည်။
ဘုရားပန်းကို ပန်းအိုးထဲထည့်ပြီး မတ်တပ်ရပ်လျက် လက်အုပ်ချီကာ..
" ဆုတောင်း ဖြည့်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်အခု အစစအရာရာအဆင်ပြေပြီး ကျွန်တော့်ချစ်ရသူနဲ့ ဒီနိုင်ငံကိုနောက်တစ်ခေါက်လာနိုင်ပါပြီ"
ရွှေရောင်တဖိန်းဖိန်းဖြင့် သပ္ပာယ်လှသော စေတီမြတ်ကို ဖူးမျှော်ကာ ရင်ကိုအေးချမ်းစေသည်။ လက်ယာရစ်အတိုင်း ဘုရားကို သုံးခေါက် ပတ်ပြီးသည်နှင့် အလှူခံဌာနကိုသွား၍ ကုသိုလ်ထပ်ပြုခဲ့ပါသည်။
အလှူခံဖြတ်ပိုင်းပေါ်၌ သက်ဆိုင်သူနှစ်ဦး၏ နာမည်သည် တင့်တယ်စွာ။တသိမ့်သိမ့်ကြည်နူးလာသည့် ရင်အစုံဟာလည်း စိမ့်စမ်းရေအလား။
အလှူခံဖြတ်ပိုင်းနှင့်အတူ ဘုရားကိုနောက်ခံထားကာ Baz၏ပခုံးပေါ်လက်တင်ထားသည့် Logan၏ပုံသည်လည်း မြန်မာပြည်ပထမဆုံး၏ အမှတ်တရတွေပင်။
______________________
ဘုရားကပြန်ရောက်သည်နှင့် တစ်ရေးတစ်မောအိပ်ကာ ည(၁၁)နာရီမှ သူတို့နှစ်ဦး ညစာစားကြလေသည်။ ထွေထွေထူးထူးတော့မဟုတ် ဝိုင်နီနှစ်ခွက်နှင့် မြန်မာပြည်မှာသာရသည်ဟုပြော၍ Bazမှာထားသော ပုရစ်ကြော်တွေပင်။
(A/N ကျွန်တော်မစားလို့ ပုရစ်အသေးစိတ်မရေးတော့ဘူးနော်။ မဲမဲပြူးပြူးကောင်တွေကို ပိုးဟပ်နဲ့တူလို့ ကျွန်တော်ကမစားတာပါ)
Bazကျမှပဲ ပြင်သစ်ရဲ့ဝိုင်နှင့် မြန်မာပြည်က ပုရစ်ကြော် ညားရတော့လေသည်။
အကောင်းဆုံးအခန်းဖြစ်၏ ရန်ကုန်မြို့၏ ညဘက်အလှကို မှန်ပြင်မှ အတိုင်းသားမြင်ရလေသည်မို့ Bazဝိုင်တစ်ခွက်ကိုင်ကာ ငေးကြည့်နေမိသည့်အချိန် ဂုတ်စပ်မှ ခပ်နွေးနွေးအထိအတွေ့ကြောင့် စောင်းငဲ့ကာကြည့်လိုက်သည်။
" မင်းကို ချစ်တယ်ဆို မြန်မာလို ဘယ်လိုပြောလဲ အချစ် "
/ မောင့်ကို ချစ်တယ် /
" အဓိပ္ပာယ်က "
တစ်ခါသေဖူး ပျဉ်ဖိုးနားလည်နေသည့် Loganကြောင့် Bazခပ်ဟဟရယ်မိသည်။
" /မောင်/
ဆိုတာက မြန်မာတွေကိုယ့်ထက်င်ာတဲ့ချစ်သူကိုခေါ်တာ အဲ့တော့ ကျွန်တော်က ခင်ဗျားထက် ငယ်တော့
/မောင့်ကို ချစ်တယ်/
ပေါ့"
/ မောင့်ကို ချွိတ်တယ် /
ရန်ကုန်မြို့ကြီးကို သက်သေတည်ကာ ဒီဌာနေ၏ဘာသာစကား မပီကလာ ပီကလာဖြင့် ချစ်ကြောင်း ကြိုက်ကြောင်း တသိမ့်သိမ့်ဖွင့်ဟတော့ မြတ်နိုးခြင်းတွေဟာ ခြေချင်းလိမ်နေလျက်။
/ ကျွန်တော်လည်းပဲ ချစ်တယ် /
တပ်မက်တယ်၊စွဲလမ်းတယ်ဆိုတာ ခင်ဗျားဖြစ်နေလို့။ လူတစ်ယောက်ကို တပ်မက်ပြီးရင် သူပေးတဲ့ သုခ၊ဒုက္ခမှန်သမျှကို ခပ်ပြုံးပြုံးရင်ဆိုင်နိုင်ရမှာပဲ။
တပ်မက်ခြင်းရဲ့နောက်ကွယ်ဆိုတာ မုန်းတိုင်းနဲ့လေပြည်ဒွန့်တွဲနေသလိုမျိုး တပ်မက်ခြင်းနဲ့နာကျင်ခြင်းဟာလည်း ဒွန့်တွဲနေတယ်။
မုန်တိုင်းမတိုက်တဲ့နေ့ လေပြည်မတိုက်တဲ့နေ့မှာတောင် တိမ်တိုက်တွေကို မလွတ်တမ်းငေးမောလို့ရသေးတာပဲ။ တပ်မက်ခြင်းနဲ့ နာကျင်ခြင်းတွေပေါင်းစည်းပြီး ချစ်ခြင်းဖြစ်လာတဲ့ တစ်နေ့ကို ဘာလို့မစောင့်ဆိုင်းနိုင်ရမှာလဲ။
တပ်မက်ခြင်း၊နာကျင်ခြင်း၊စောင့်ဆိုင်းခြင်း၊နားလည်ခြင်းဆိုတဲ့ ခြင်း(၄)ခြင်းပေါင်း ချစ်ခြင်းဆိုတဲ့ ပြယုဂ်သည် ရုပ်လုံးပေါ်လေသည်။ ထို့ကြောင့် ယောင်္ကျားတစ်ယောက်ကိုတပ်မက်ခြင်းရဲ့ နောက်ကွယ်သည် ထို ခြင်း(၄)ခြင်းရဲ့ စမ်းသပ်မှုကို ခါးစည်းခံနိုင်ခြင်းအသွင်ကိုဆောင်လေသည်။
~~ပြီးပါပြီ~~
_______________________________
_____
#26.4.22(11:31pm)
#YitDaungNyo_15
#4919
အစကနေအဆုံးထိလိုက်ပါခဲ့ကြသူတိုင်းကိုကျေးဇူးအထူးတင်ပါသည်။ Extraမရှိပါဘူးဗျ။