Note : ဒီနေ့ double updateပါ။ အပေါ်က အပိုင်းမဖတ်မိမှာစိုးလို့။
🍂
ဂျယ်ယွန်းက ပတ်ဆောင်းဟွန်းကို မုန်းပါတယ်။ အတည်ပြောတာ မရယ်နဲ့။
တခါတလေကြည့်ရင်းနဲ့ ပိုပိုမုန်းလာတယ်။ ဆောင်းဟွန်းက အရမ်းချောလို့လေ။ အမြင်ကတ်စရာကြီး။ ဘာလို့ဒီလောက်ချောနေတာလဲ။ ဆံပင်ကရော ဘာလို့အဲလိုကေထားရတာလဲ။ နဖူးပေါ်ဝဲကျနေတဲ့ ခပ်အုပ်အုပ်စာအုပ်ကေလေ။ မျက်စိမစူးဘူးလား။ အဲဆံပင်ကို ဆောင်းဟွန်းက ခဏဏလှန်တင်နေတော့တာ။ အဲကေထားတဲ့ ယောင်္ကျားလေးတိုင်းက ဒီလိုပဲ ပဲများနေကြလား။
ဂျယ်ယွန်းက ဆောင်းဟွန်းကို မုန်းပါတယ်။ ဆောင်းဟွန်းရယ်လိုက်ရင် ကြောင်ကြီးနဲ့တူလို့လေ။ နှင်းတောထဲမှာပဲတွေ့ရတယ်ဆိုတဲ့ အမြီးဖွာဖွာနဲ့ ကြောင်ကြီးနဲ့တူတယ်။ အစွယ်တွေပါပေါ်လာတာ။
ဂျယ်ယွန်းက ဆောင်းဟွန်းကိုမုန်းပါတယ်။ တအားပြီးပြည့်စုံနေလို့ပါ။ တခါတလေကျရင်လဲ အတွေးအုံ့အုံ့လေးတွေ ဝင်လာပြီး ဝမ်းနည်းသွားတတ်တယ်။ စာလဲတော်၊ ရုပ်လဲချော၊ အဘက်ဘက်မှာထူးချွန်၊ သဘောလဲကောင်း အယ် အယ် ဟုတ်ပါဘူး။ ပတ်ဆောင်းဟွန်းက သဘောမှမကောင်းတာ။ သူကလွဲ ဘယ်သူ့ကိုမှ အဖက်မလုပ်တတ်တဲ့လူ။ ဒါပေမယ့် ဂျယ်ယွန်းက ပတ်ဆောင်းဟွန်းကို မုန်းတာကမုန်းတာပါပဲ။
ဂျယ်ယွန်းက ဆောင်းဟွန်းကို မုန်းပါတယ်။ Valentines Dayကျရင် လက်ဆောင်တွေအများကြီးရလ်ို့ပါ။ ဒါကြောင့် သူ ဆောင်းဟွန်းခုံပေါ်က ချောကလက်တွေကို ဘာလုပ်မှာလဲ မေးလိုက်တယ်။ ဆောင်းဟွန်းက လုပ်ချင်တာလုပ်တဲ့။ အဲဒါနဲ့သူလဲ အကုန်သိမ်းကြုံးယူသွားပြီး အရပ်ထဲက ကလေးတွေကို ခွဲပေးလိုက်တယ်။ ကလေးလေးတွေလဲစားရ၊ ဆောင်းဟွန်းနီးလဲ သူများပေးတာမစားရ၊ တစ်ချက်ခုတ်နှစ်ချက်ပြတ်။ ဆောင်းဟွန်းစားချင်ရင် သူဝယ်ကျွေးမှာပေါ့။ ဝယ်ကျွေးရုံတင် ဘယ်ကမလဲ။ လုပ်ပါကျွေးမှာ။ (လက်တွေ့မှာတော့ သူက သကြားနဲ့ဆားကို လက်နဲ့တို့စားပြီးမှ ခွဲတတ်တာဆိုပေမယ့်)
ဂျယ်ယွန်းက ဆောင်းဟွန်းကို မုန်းပါတယ်။ ဘာလို့ဆို သူ့ကိုရောဂါကျွမ်းအောင် အမြဲပြုစားလို့ပါ။ လူနဲ့စိတ် တသားတည်းမရှိသလို တစ်ယောက်ထဲ တဟိဟိပြုံးနေအောင်လုပ်တယ်။ ပြုံးနေရင်းကနေ ငိုင်သွားအောင်လဲလုပ်တယ်။ ငိုင်နေရင်းကနေ မျက်နာတွေနီလာပြီး အားးးးလို့အော်အောင်လဲလုပ်တယ်။ ဆောင်းဟွန်းအကြောင်းတွေးလိုက်မိတာနဲ့ သူ့ကမ္ဘာက တစ်နေ့ကို emotion တစ်ရာတစ်ဆယ့်ခြောက်မျိုးလောက် ပြောင်းနေတော့တာ။
ဂျယ်ယွန်းက ဆောင်းဟွန်းကို အရမ်းအရမ်းအရမ်း ချစ်ပါတယ်။ ဘာလို့ဆို အပေါ်ကပြောခဲ့တဲ့ "မုန်းပါတယ်"ဆိုတဲ့စကားတွေက ပလီပလာလေးတွေပါ ဟဲဟဲ။ မုန်းစရာလား။ ချစ်လိုက်တာမှ တုန်လို့ဟာကို။
ဂျယ်ယွန်းဘဝမှာ အရေးပါဆုံးလူသားဆိုလို့ မေမေနဲ့ ဆောင်းဟွန်းနှစ်ယောက်ပဲရှိတယ်။ သူတို့နှစ်ယောက်မရှိဘဲ ဘဝမှာ ဘယ်လိုနေထိုင်ရမလဲဆိုတာ ဂျယ်ယွန်းဖြင့် တွေးတောင်မတွေးရဲဘူး။
ဖေဖေက ဂျယ်ယွန်း ဘာဖြစ်ဖြစ် စိတ်မဝင်စားပေမယ့် မေမေကတော့ ဂျယ်ယွန်းကို အရမ်းဂရုစိုက်ပါတယ်။ ဂျယ်ယွန်းမျက်နှာကြည့်လိုက်တာနဲ့ ဘာဖြစ်ချင်သလဲ သိတယ်။ တစ်နေ့ကျ မေမေနဲ့ ဆောင်းဟွန်းကို ကောင်းကောင်းမိတ်ဆက်ပေးရမယ်လို့ တွေးထားတယ်။ သူငယ်ချင်းထက်ပိုတဲ့ဆက်ဆံရေးခေါင်းစဉ်တစ်ခုအနေနဲ့ပေါ့။
ဖေဖေနဲ့ မေမေက ကိုရီးယားရောက်လာတာတောင် ရန်ပွဲတွေဖြစ်နေကြတုန်း။ ဖေဖေက မေမေ့ကို တအားနှိပ်စက်တယ်။ အိမ်အကူလဲထားမပေး၊ အလုပ်အကုန်သိမ်းကြုံးလုပ်ခိုင်းတာ။ မေမေပင်ပန်းတာကိုမြင်ရတာ ရင်ထဲမချိလှပေမယ့် ဂျယ်ယွန်းက ဖေဖေ့ကို မုန်းတော့မမုန်းပါဘူး
ဘာလို့ဆို မေမေက အမြဲပြောတယ်။ ဖေဖေနဲ့လက်ထပ်လိုက်ရတာ မေမေ့အမှားလို့ပဲ မေမေကထင်နေတာ။ မချစ်မှန်းသိတာကို မရရအောင် ယူခဲ့မိလို့တဲ့လေ။ "ကိုယ့်ပျော်ရွှင်မှုအတွက် လူတစ်ယောက်ကို ဆွဲထားရတာ နှစ်ဖက်လုံး ပင်ပန်းတယ်"တဲ့။ "အမှန်က မဖြစ်သင့်ဘူးဆိုတာ သိနေထဲက လက်လွှတ်ခဲ့ရမှာ။ အခုတော့ အရာရာလွန်နေပြီ"တဲ့လေ။ ဖေဖေ့ဘက်က တွေးကြည့်မယ်ဆိုရင်လဲ သူ့ချစ်သူနဲ့ဝေးပြီး မေမေ့ကိုယူခဲ့ရလို့ နာကျည်းနေမယ်ဆိုတာ ဂျယ်ယွန်းနားလည်ပါတယ်။
ဝမ်းနည်းနေတဲ့မေမေ့ကို ဂျယ်ယွန်းက သူ့လက်သေးသေးလေးတွေနဲ့ ဖက်ပြီး အားပေးလေ့ရှိတယ်။ မေမေက ဂျယ်ယွန်းအဲလိုအမူအရာလေးလုပ်တဲ့အခါတိုင်း ပြုံးယောင်သန်းသွားတတ်တယ်။ "မငိုပါနဲ့ မေမေ။ သားရှိတယ်" ဂျယ်ယွန်းအဲလိုပြောရင် မေမေက အငိုတိတ်သွားတော့တာ။
ဂျယ်ယွန်းနားမှာအမြဲရှိနေခဲ့မယ်လို့ထင်ခဲ့တဲ့ မေမေက လူ့လောကကြီးက စောစောစီးစီး ထွက်ခွါသွားတယ်။ ဂျယ်ယွန်း ကမ္ဘာတစ်ခုလုံး ပြိုလဲသွားသလိုပါပဲ။ သူသေလိုက်ရင်ကောင်းမယ်ဆိုတဲ့ အတွေးက ခဏဏခေါင်းထဲဝင်လာတယ်။
မနက်မိုးလင်းလာရင် အရင်လို မျက်နှာသစ်၊ သွားတိုက်ဖို့ အသင့်ပြင်ပေးထားတဲ့ မေမေမရှိဘူး။ ဂျယ်ယွန်းကြိုက်တဲ့ထမင်းကြော်ချက်ကျွေးတဲ့ မေမေမရှိဘူး။ အပူကန်တတ်တဲ့ဂျယ်ယွန်းအတွက် ဆေးတွေအသင့်ဝယ်ထားပေးတဲ့ မေမေမရှိဘူး။ ကျောင်းလိုက်ပို့ပေးမယ့် မေမေမရှိတော့ဘူး။
ဂျယ်ယွန်းက မနက်အစောကြီးထ၊ ထမင်းဟင်းချက်ရတယ်။ တကယ်က ဂျယ်ယွန်းက ထမင်းအိုးတည်ဖို့ ဆန်ဆေး၊ ခလုတ်လေးနှိပ်တာကလွဲရင် ဘာမှမသိဘူး။ ကြက်ဥတောင် မကြော်တတ်ဘူး။ ဖေဖေကကျ အရင်ထဲက အိမ်ပြင်ထွက်စားတာများတယ်။ နောက်တော့ ဂျယ်ယွန်းလဲ ready made foodတွေ ဝယ်ထားပြီး ready madeတွေပဲ စားတော့တယ်။
ဂျယ်ယွန်းရဲ့ "ငါသေသွားချင်ပြီ"ဆိုတဲ့ အတွေးကြီးက ခေါင်းထဲကြီးစိုးသထက် ကြီးစိုးလာတယ်။ ဂျယ်ယွန်းဖေဖေမသိအောင် လမ်းဘေးစတိုးဆိုင်ကနေ ကြွက်သတ်ဆေးတွေ ဝယ်လာတယ်။ အိပ်ဆေးကျ ဝယ်လို့မရဘူးလေ။ ဆေးစာမှမပါတာ။ ပြီးတော့ ဂျယ်ယွန်းအသက်အရွယ်လေးနဲ့က အဲလိုအားပြင်းတဲ့ဆေးတွေ ဝယ်မရသေးဘူး။
ဂျယ်ယွန်းဟန်မပျက်ဘဲ ကျောင်းတက်နေလိုက်တယ်။ ဒီည အိမ်ပြန်ရောက်ရင် သတ်သေတော့မှာ။ သေချာအစီအစဉ်ဆွဲထားပြီးပြီ။ ဂျယ်ယွန်း မေမေ့နောက်ကို လိုက်သွားတော့မှာ။
ဒါပေမယ့် အဲနေ့ မုန့်စားဆင်းချိန်မှာလေ... ဆောင်းဟွန်းက ဂျယ်ယွန်းကို စပျစ်ဆိုဒါဘူးလေး ပေးလာတယ်။ ဂျယ်ယွန်းက စနေခဲ့တာလေ။ သူကသေတော့မယ့်သူ။ ဘာလို့စပျစ်ဆိုဒါ သောက်ချင်နေရမှာလဲ။ ဒါပေမယ့် ဆောင်းဟွန်းက အစောကြီးထဲက လူတွေကြားထဲတိုးဝှေ့ပြီး မရရအောင် ယူလာပေးတာ။ ဂျယ်ယွန်းလဲ ဆောင်းဟွန်းပေးတဲ့ စပျစ်ဆိုဒါဘူးလေးကို သောက်လိုက်တယ်။
ဘေးမှာထိုင်နေတဲ့ဆောင်းဟွန်းကို ကြည့်ရင်းနဲ့ ဝေဝါးနေတဲ့စိတ်အာရုံလေးထဲ မီးရောင်သေးသေးလေးလင်းလာတယ်။ မေမေမရှိတော့ဘူးဆိုရင်တောင် သူ့မှာ ဆောင်းဟွန်းနီးတစ်ယောက်လုံး ရှိနေသေးတာပဲ။ သူဘာတွေလျှောက်တွေးနေရတာလဲ။
အိမ်ပြန်ရောက်တော့ သူဝယ်ထားတဲ့ ကြွက်သတ်ဆေးကို လမ်းထိပ်က အမှိုက်ပုံးထဲ သွားပစ်လိုက်တယ်။ အဲအစား လွယ်အိတ်ထဲက သောက်ပြီးသား စပျစ်ဆိုဒါဘူးခွံကိုတော့ အိမ်ပြန်သယ်လာတယ်။ ကုတင်အောက်က ဂျပ်စက္ကူပုံးဖြူလေးထဲမှာ ဆိုဒါဘူးခွံကိုထည့်ပြီး သိမ်းလိုက်တယ်။ ဆောင်းဟွန်းနီးပေးတဲ့ လက်ဆောင်လေး🤍
ဂျယ်ယွန်းကျောင်းပြောင်းရတော့လဲ ဆောင်းဟွန်းက သူပြောင်းတဲ့ကျောင်းကို လိုက်လာတယ်။ ဂျယ်ယွန်းနှလုံးသားဖြင့် တိမ်တွေပေါ်ထိတက်ပြီး ခုန်နေတော့တာ။ ပန်းရောင်တိမ်တိုက်လေးတွေပေါ်မှာ ပြေးလွှားနေရသလို ခံစားချက်လေး။
ဒါပေမယ့် ဆောင်းဟွန်း သနားပါတယ်။ အိမ်နဲ့ကျောင်းက အဝေးကြီးဆိုတော့ ပင်ပန်းနေတော့မှာ။ နောက်ကျ စိတ်မကြည်ဖြစ်လာပြီး သူ့ကိုမုန်းသွားရင်တော့ ဒုက္ခပါပဲ။ အတွေးနဲ့တင် ဂျယ်ယွန်းက အရမ်းကြောက်တတ်လာတယ်။
ဒါကြောင့် ဆောင်းဟွန်းကို ကျောင်းပြောင်းပါလားလို့ ပြောလိုက်တယ်။ ဆောင်းဟွန်းက မပြောင်းပါဘူးတဲ့။ ဆောင်းဟွန်းနဲ့အတူတူတက်ရလို့ ပျော်နေတုန်းရှိသေး... သူတို့တွေ အခန်းကွဲသွားတယ်။
သူက အိမ်မှာစာမလုပ်ဖြစ်ဘူးလေ။ အိမ်အလုပ်အကုန်လုံးက သူပဲလုပ်ရတာ။ စာလုပ်ချိန်မရှိဘူး။ ဒါပေမယ့် ဆောင်းဟွန်း Aခန်းရတော့လဲ သူပျော်ပါတယ်။
A B Cသုံးခန်းက ဘင်ခရာတီးဝိုင်းအဖွဲ့ထဲ ပါရမယ်လို့ ကြားတယ်။ ဆောင်းဟွန်းအတွက် ဝမ်းသာမိသွားတယ်။ သူက ငယ်ငယ်လေးထဲက ဘင်ခရာအဖွဲ့တွေကို အရမ်းသဘောကျခဲ့ရတာ။ နောက် ဆောင်းဟွန်း ကျိုင်းကိုင်ဖြစ်သွားတော့ ပိုလို့တောင်ပျော်သေး။
ဆောင်းဟွန်းကို သဘောကျတဲ့သူတွေ ပိုများလာပြီး၊ ဆောင်းဟွန်းအကြောင်းက ရေပန်းစားလာပြီး... ဆောင်းဟွန်းက တောက်ပတဲ့ ကြယ်ပွင့်လေးဖြစ်လာတယ်။ ရင်နဲ့ရင်းလို့ သူပျော်ရတာပါပဲ။ အရင်လို သဝန်မတိုဖြစ်တော့ဘူး။ လူတစ်ယောက်ကို တကယ်ချစ်မိသွားတဲ့အခါ အဲလူဘေးနား နေရရုံနဲ့တင် ကျေနပ်နေမိလို့လဲ ဖြစ်နိုင်တယ်။
ဆောင်းဟွန်းက တော်လိုက်တာ။ figure skaterလဲလုပ်နိုင်သလို ဘင်ခရာခေါင်းဆောင်လဲလုပ်နိုင်တယ်။ သူက ဆောင်းဟွန်းနဲ့ မနီးမဝေးနေရာလေးမှာရပ်ပြီး ဆောင်းဟွန်းကို ဂုဏ်ယူတဲ့အကြည့်တွေနဲ့ တိတ်တိတ်လေး ကြည့်နေမိခဲ့တယ်။
ဆောင်းဟွန်းရဲ့ နိုင်ငံတော်အဆင့်figure skatingပြိုင်ပွဲက ရောက်လာတော့မယ်။ ပြိုင်မယ့်သူထက် ရင်တွေခုန်ရတာ သူပါပဲ။ တိုးတိုးလေးပြောပြမယ်နော်။ သူက ဗေဒင်ဆရာတွေ၊ တားရော့ဆရာတွေထိပါ သွားမေးထားတာ။ အဲလူတွေက ဆောင်းဟွန်းပေါ်မှာ မကောင်းကြံစည်မှုတွေ ရှိနေတယ်တဲ့။ သူအရမ်းလန့်သွားတယ်။ ဒါနဲ့ နတ်ကတော်အန်တီကြီးတွေပြောတဲ့အတိုင်း ယတြာခြေကြည့်တယ်။ အပင်ပေါ်က အမြင့်ဆုံးသရက်သီးကို လေးခွနဲ့ပစ်တာတို့၊ အိမ်ဧည့်ခန်းမှာ black boardတစ်ချက်ထောင်၊ boardပေါ် မကောင်းဆိုးဝါးပုံဆွဲ၊ ပြီးတော့ ဆန်စေ့တွေနဲ့ပစ်ပေါက်ပြီး "သွားစမ်း သွားစမ်း။ ဆောင်းဟွန်းနီးနားမလာနဲ့"ဆိုပြီး အော်ပြောတာတို့။
သူက အရူးလေးလေ။ ဆောင်းဟွန်းကို သေးသေးလေးတောင် အထိခိုက်မခံနိုင်တာမို့ ကာကွယ်နိုင်မယ့်နည်းလမ်းအကုန်လိုက်လုပ်တာ။ တကယ်လို့ တစ်ယောက်ယောက်က "ပတ်ဆောင်းဟွန်း အန္တာရယ်ကင်းစေချင် မင်းကျောက်ကပ်တစ်ခြမ်းထုတ်ပေး"လို့ပြောရင်တောင် သူက မဆိုင်းမတွ ပေးလိုက်မှာပါပဲ။
ပြိုင်ပွဲနေ့ကျမှ သူမေ့လဲသွားခဲ့တယ်။ ဗိုက်တွေထိုးအောင့်လာပြီး ဝမ်းသွားတော့ သွေးခဲတွေအများကြီးပါလာတာ။ အဲသွေးခဲက ရေဆေးချလို့လဲမရနဲ့။ အိမ်သာထဲက ထွက်လာတော့ သူ့တကိုယ်လုံးပျော့ခွေနေပြီ။ ဆောင်းဟွန်းက စောင့်နေမှာ၊ ဆောင်းဟွန်းဆီ သွားကိုသွားရမယ်ဆိုတဲ့အသိနဲ့ ခြေထောက်တွေမနည်းရွေ့နေရပေမယ့် အိမ်ထဲမှာပဲ သူမေ့လဲသွားခဲ့တယ်။
ဆောင်းဟွန်းကို ဆေးရုံတက်ရင်း စောင့်နေခဲ့တာ။ ဆောင်းဟွန်းက သူ့ကို စိတ်ဆိုးသွားပြီလားမသိပါဘူး။ တစ်ပတ်လုံး လုံးဝအဆက်အသွယ်မလုပ်ဘူး။ သူနေ့တိုင်းငိုနေမိတယ်။ ဖေဖေက ဂရုစိုက်လာသလိုပဲဆိုပေမယ့် သူမပျော်ပါဘူး။ သူလိုနေတာ ဆောင်းဟွန်းရဲ့ ဂရုစိုက်မှုတွေ.. အရင်လို အရမ်းကြီးမဟုတ်တောင် "မင်းနေကောင်းရဲ့လား"ဆိုတဲ့ စကားလေးတစ်ခွန်းရယ်ပါ။ မဟုတ်လဲ ဆောင်းဟွန်းအသက်ရှုသံလေး ကြားရရင်ဖြစ်ဖြစ် နည်းနည်းတော့ အဆင်ပြေသွားမယ်ထင်တယ်။
သူအိပ်ရာကနိုးလာတော့ ဘေးမှာဆောင်းဟွန်းကို တွေ့လိုက်ရတယ်။ ဆောင်းဟွန်းက ငိုနေတယ်။ ဘာလို့ငိုတာလဲ။ မငိုပါနဲ့။ သူက ဆောင်းဟွန်းကို နည်းနည်းလေးမှတောင် မျက်ရည်မကျစေချင်တဲ့သူလေ။ ဆောင်းဟွန်းငိုတာ မြင်ရတော့ သူ့ရင်တွေ အရမ်းနာတယ်။ နာလွန်းလို့ထင်ပါရဲ့။ သူလဲ မျက်ရည်တွေကျနေခဲ့တယ်။
ဆောင်းဟွန်းကို figure skatingမလုပ်ပါနဲ့လားလို့ ပြောမိတော့... စိတ်ပူလို့ပြောတာဆိုပေမယ့်လေ.. အကြောင်းအရင်းကို မပြောပြနိုင်ခဲ့ဘူး။ "နတ်ကနားပေးတဲ့ အန်တီကြီးက မင်းပေါ် အဖျက်အမှောင့်တွေရှိနေတယ်ပြောလို့"ဆိုပြီးပြောမိရင် ဆောင်းဟွန်းက သူ့ကို အရူးလို့ထင်သွားမှာပဲ။ ဒါပေမယ့် ဆောင်းဟွန်းက အကြောင်းအရင်းကို မမေးခဲ့ဘူး။ အဲဒီအစား figure skatingကို တကယ်ရပ်ပစ်ခဲ့တယ်။
ဆောင်းဟွန်းကလဲ ခြေထောက်အရိုးအက်၊ သူကလဲဗိုက်နာနဲ့ အဲနေ့ရက်တွေက တကယ်ဂယက်တွေပါပဲ။ ဒါပေမယ့်လဲ သူက အခုလိုဖြစ်တာကို တိတ်တိတ်လေး ကျေးဇူးတင်နေခဲ့မိတာ။ ဆောင်းဟွန်းနဲ့ အတူတူနေခွင့်ရလို့ပါ။
ဆောင်းဟွန်းက သူ့ကို ပူတင်းဖုတ်ကျွေးတယ်။ လုံးဝစားမကောင်းပါဘူး။ ပူတင်းက ငံကျိနေတာပဲ။ ဒါပေမယ့် သူက တအားပျော်နေခဲ့တယ်။
ဆောင်းဟွန်းခြေထောက်ပြန်ကောင်းလို့ ဘင်ခရာအဖွဲ့ထဲ ပြန်ဝင်ပြီးနောက်မှာ အစိုးရဌာနဖွင့်ပွဲအတွက် ကျိုင်းကိုင်နေရာကနေပါရမယ်ပြောတယ်။ သူဖြင့် ဆောင်းဟွန်းအတွက် ဂုဏ်ယူလိုက်ရတာ။ TVကနေ တိုက်ရိုက်ထုတ်လွှင့်တဲ့အစီအစဉ်မှာ ပါရတော့မှာလေ။ တက္ကသိုလ်တက်တဲ့အခါလဲ activitiyအမှတ်အမြင့်ကြီးနဲ့ လျှောက်ခွင့်ရမှာ။ အခွင့်အရေးထူးတွေ အများကြီး ခံစားရတော့မှာ။
ဆောင်းဟွန်းအတွက် ပျော်လွန်းလို့ သူမြို့ပြင်က ဒေစီပန်းခင်းတွေကြား ပြေးနေမိတယ်။ ဆောင်းဟွန်းကိုပေးဖို့ ပန်းခူးနေတာ။ ပြီးရင် လှလှပပလေး သီကုံးပြီး ဆောင်းဟွန်းလည်ပင်းမှာ သွားဆွဲပေးရမယ်။
ဒါပေမယ့် တကယ်တမ်း ပွဲပြီးတော့ ဆောင်းဟွန်းလည်ပင်းမှာ ပန်းကုံးတစ်ကုံးက နေရာယူနှင့်ပြီးနေပြီ။ သူ့ပန်းကုံးကိုမပေးတော့ဖို့လုပ်ပေမယ့် ဆောင်းဟွန်းက ဝန်ကြီးဆုပေးတဲ့ ပန်းကုံးကို အမှိုက်တောင်းထဲလွှင့်ပစ်ပြီး အနီရောင်ဒေစီတွေကို လည်ပင်းမှာ ဝတ်ထားခဲ့တယ်။
အဲနေ့က သူ ဆောင်းဟွန်းကိုပေးတဲ့ ဒေစီနီနီတွေက "ငါမင်းမှမင်း၊ မင်းကလွဲပြီး ဘာမှမသိရလောက်အောင်ထိ မင်းကိုအရူးအမူးချစ်မိနေပြီ" လို့ အဓိပ္ပာယ်ရပါတယ်။
🍂
ဖိဘတ်အရှည်ကြီးတွေ လက်ခံတယ်နော် ဟီးဟီး။
Suggested song - If by Taeyeon