"ဘာ!"
သူမ ကြားရသော စကားကိုပင်မယုံချင်။
ခန့်ညားက.....ခန့်ညားက ကောင်လေးတစ်ယောက်ကို သဘောကျနေတယ်တဲ့လား။
ဘယ်လိုတောင် ယုတ္တိမရှိတာကြီးလဲ။
"ဟုတ်တယ် ငါ လွမ်းကို သဘောကျတယ်"
"ခန့်ညား....နင်....နင် မဖြစ်နိုင်တာတွေ"
"ဖြစ်လို့မရဘူးလား။
လူသားအချင်းချင်း ချစ်တာလေ။သူများ
ပစ္စည်းလုတာလည်းမဟုတ်၊သူများအသက်
သတ်တာလည်းမဟုတ်ဘူး"
"မ.....မဖြစ်သင့်ဘူးလေ။ဘယ်လိုတောင် ကျက်သရေမရှိတဲ့ကိစ္စလဲ"
"ကျက်သရေမရှိဘူး ဟုတ်လား။
ငါတို့ချစ်တာ ဘယ်သူ့ကိုများ
ထိခိုက်နေလို့လဲ.....ဟင်။ ပြောလေ.....ပြောပါ
ဘယ်သူ့ကို ထိခိုက်လို့ကျက်သရေမရှိရတာလဲ"
"ထားပါ ငါဘာမှမပြောတော့ပါဘူး။ဒါပေမယ့်
ငါတစ်ခုတော့ မေးချင်တယ်"
သူ့မျက်လုံးများအား ဝေဇင်ကတည်ငြိမ်စွာ စိုက်ကြည့်နေရင်း
"နင် သူ့ကို မေ့နိုင်ပြီလား"
ဝေဇင်၏ မေးခွန်းက ခန့်ညားမောင်၏ ရင်ဘတ်တည့်တည့်သို့ ထိုးစိုက်သည်။ပြုံးရယ်နေသော
မျက်ဝန်းညိုလေးကို မြတ်နိုးစွာကြည့်လိုက်ရင်း
မျက်ဝန်းတွင် အနည်းငယ်ရစ်သိုင်းနေပြီ
ဖြစ်သော မျက်ရည်များကို ဖုံးကွယ်စေလိုက်သည်။
"ဖြေစရာမလိုတဲ့ မေးခွန်းတစ်ခုပါ။ငါသူ့ကို ဘယ်တော့မှ မေ့မှာမဟုတ်သလို မေ့ဖို့အကြောင်းအရင်းလဲ မရှိဘူး။ငါလွမ်းကို ချစ်မိတယ်ဆိုတာကလည်း သူနဲ့သိပ်ကိုတူလှတဲ့ လွမ်းရဲ့
မျက်ဝန်းညိုလေးတွေကြောင့်ပါပဲ"
"နင်အရမ်းကြီးလည်း ခံစားမနေပါနဲ့ဟာ။
သူကလည်း နင်အခုလိုခံစားနေရတာ
ကြည့်ရက်မှာမဟုတ်ဘူး"
"အေးပါ ငါသိပါတယ်"
"ဘာတွေဖြစ်ဖြစ် နင့်ဘေးမှာ ငါရှိတယ် သိလား။
အဲ့တာကို မမေ့နဲ့"
"ကျေးဇူးပါပဲ ဝေဇင်"
"ပြောစရာလိုလို့လားဟ"
"အေးပါလို့"
.....................🤎
"ပြောင်းဖူးက လေးဖူး၊နောက်ပြီး မြေပဲပြုတ်
နှစ်ဘူး၊ဆီးပြားကလည်း နှစ်ထုပ်ပေး၊အော် နေကြာစေ့လေးလဲ ပေးပါဦး နှစ်ထုပ်"
"ဟဲ့ မိလဝန်းဘာစားဦးမလဲ"
"နင်ဝယ်တာနဲ့တင် များနေပြီဟဲ့။
ပြန်ရောင်းစားမှာ ကျနေတာပဲ"
"အေး အဲ့လိုပြောပြီးစားတာပဲမလား"
"ဟဲ ဟဲ ဒါပေါ့ ပေး ပေး ငါကူသယ်ပေးမယ်"
မုန့်ထုပ်များကို တစ်ယောက်တစ်ဖက်စီဆွဲကာ ဝင်သွားသော နှစ်ယောက်နောက်မှ ခန့်ညားမောင်တို့လည်း ဝင်လာခဲ့ကြသည်။
ရုပ်ရှင်ကြည့်နေသော်လည်း ခန့်ညားမောင်သည်
ဇာတ်လမ်းအား အာရုံမစိုက်နိုင်ပေ။ဘေးမှ
လွမ်း စားရန်အတွက် ပြောင်းဖူးများကို ခြွေထည့်ပေးနေရသည်။
"နိုင်နိုင်းကလည်း ဘာလဲဟ"
"အေးဟ ဟိုတစ်ယောက်ကလည်း ဘာတုန်း"
"အေးဟဲ့ အဲ့လိုပဲ နင်ကြည့်ပါလား လှည့်ပတ်
ပြီးတော့ကို××××××××××××××××××××××××
××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××"
"ပတ်လုပ်နေတာနော်။ငါနှယ့် စိတ်တိုလိုက်တာ။
ဇာတ်လမ်းထဲဝင်ပြီးတော့သာ ချပစ်လိုက်ချင်တယ်။သြော် မောင် ပြောင်းဖူးပေးပါဦး"
"ရော့ပါဗျာ"
ထိုကောင်လေးက သူ့ခြွေကာထည့်ပေးသော
ပြောင်းဖူးများကိုလည်း ပါးစပ်အပြည့်ငုံ၍ ဝေဖန်လေကန်ရေးကိုလည်း ဆက်လုပ်နေသည်။
"အဲ့တာကိုလေ နိုင်နိုင်းက ပြန်လုပ်ရမှာ
မဟုတ်ဘူးလား။ဘာလို့ ငြိမ်ခံနေရတာတုန်း"
"မိလဝန်းရယ် နင်ကလည်း တုံးချက်။ဒီလိုဟ
ဒီလို ငါပြောပြမယ်×××××××××××××××××××××
××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××အမလေး မောထှာ မောင်ရေ
ရေလေးပေးပါဦး"
"မောင်ရေ ဇီးပြားလေး"
"မောင် လက်ကိုင်ပုဝါပါလားဟင် ဒီမှာချွေးတွေ ထွက်နေပြီ"
"မောင် မြေပဲလေးနည်းနည်းလောက်"
"မောင် အဲ့တာက ဘယ်လိုဖြစ်သွားတာလဲဟင်။
ဒီမှာ မိလဝန်းကမေးနေလို့"
တစ်မောင်တည်းမောင်နေသော အလွမ်းခေတ်ကို
ဝေဇင်ရှင်း ငေးကြည့်နေမိသည်။ခန့်ညားမောင်မှာတော့ အလွမ်းခေတ်အား ပြောင်းဖူးလည်း
ခြွေထည့်ပေးရ၊မြေပဲလည်း အခွံခွာပေးရ၊
ရေဘူးလည်း ယူပေးရ၊လက်ကိုင်ပုဝါနှင့်လည်း
ချွေးသုတ်ပေးနေရကာ မအားလပ်နိုင်ရပေ။
ထို့ပြင် မေးသမျှ ပေါက်ကရလေးဆယ်ကိုလည်း စိတ်ရှည်လက်ရှည်ဖြေပေးနေရပြန်သည်။
သို့သော် ခန့်ညားမောင်၏ မျက်နှာကား တစ်ချက်မျှ ပျက်ယွင်းခြင်းမရှိပဲ ပျားသကာသို့
ချိုမြနေသည်။အချစ်ရဲ့ စွမ်းအားတွေပေါ့။
ပညာတွေလည်း ရပါတယ်လေ......။
လွမ်းတို့ ရုပ်ရှင်ကြည့်ပြီးထွက်လာတော့
ညနေတောင်စောင်းလုပြီ။လွမ်းက မောင့်နားကပ်ကာ တစ်စုံတစ်ခုအား တောင်းဆိုနေသည်။
"ဟာ လွမ်းလေးကလည်း မောင်မလုပ်ချင်ပါဘူး"
"မရဘူး လုပ်ပါ လုပ်ပါလို့ ဟင့် တစ်ခါတည်း
ပဲလေ နော်......လုပ်ပါ လုပ်ပါလို့ မောင်ရဲ့"
"မောင်မှ မလုပ်တတ်တာကို"
"မောင်နော် အီးဟီးအီး မရဘူး မရဘူး
လုပ်ရမယ် လုပ်ကိုလုပ်ရမယ်"
လွမ်းက ခန့်ညားမောင်၏ လက်ကိုခါယမ်းကာ
မုန့်စားချင်နေသော ကလေးတစ်ယောက်သဖွယ်
ပူဆာနေသည်။လက်ကိုခါယမ်းကာ သူကိုယ်တိုင်လည်း လှုပ်ယမ်းနေသောကြောင့် ဦးခေါင်းထိပ်ရှိ
ကြက်တောင်စည်းလေးမှာလည်း တစ်လွင့်လွင့်။
"မောင်မှ သီချင်းမဆိုတတ်တာလေ လွမ်းရယ်"
"အီးဟီး မရဘူးလို့ မရဘူး ဆိုရပါမယ်ဆို။
အီးဟီး "
လွမ်းက ပြောလည်းပြော မြေကြီးပေါ်သို့
ဘုတ်ကနဲ ထိုင်ချကာ မျက်နှာကို လက်ဖဝါးဖြင့်
အုပ်၍ တအိအိငိုနေသည်။
"ဟဲ့ ငလွမ်းလေး လမ်းမပေါ်မှာလေ ဘယ်လိုတွေဖြစ်နေတာတုန်း"
လဝန်းက လွမ်းနားသို့သွားကာ လက်ကိုကိုင်၍ ဆွဲထူသည်။လွမ်းက လဝန်း၏လက်ကို
ပုတ်ထုတ်ရင်း
"အင့်ဟင့် မောင့်ကိုရအောင်ပြောပေး။နို့မို့ဆို
ဒီမှာပဲ တစ်ညလုံးနေလိုက်မှာနော်"
"ငဂျစ်ကောင် ဘာတွေဂျစ်ကျနေတာလဲ။
ထစမ်းပါဟာ လူတွေနဲ့ဟာကို"
"မရဘူး။မောင့်ကို ပြောပေးဆို ပြောပေးလို့"
"ထပါဟာ လူတွေကြည့်နေပြီ"
"ပြောပေးလို့ ဗြဲ....."
"ဟဲ့ ဟဲ့ နင့်ပါးစပ်ကြီးကို ပိတ်ထားစမ်း"
"မရဘူး ငိုမှာပဲ ငိုမှာပဲ အီးဟီး ဗြဲ ဗြဲ"
"မငိုပါနဲ့ဟာ။နင်ကြိုက်တဲ့ ဘိန်းမုန့်ဝယ်ကျွေးမယ်လေ။လိမ္မာတယ်"
"ဟင့် ဘိန်းမုန့်က ဘာလုပ်ရမှာလဲ။ငါ့ကို
လိမ္မာတယ်လို့ လာမပြောနဲ့။ငါက ကလေး
မဟုတ်ဘူး"
ကလေးမဟုတ်သည့်လူက လမ်းမပေါ်တွင်
ကလေးကဲ့သို့ ဂျစ်ကျနေသည်။ကလေးကပင်လျှင် ပြောရဆိုရလွယ်ကူပေဦးမည်။
ဒီအကောင်ပေါက်ကဖြင့် ချော့ပြောလည်းမရ၊
ခြောက်ပြောလည်း မရ။
"အေးပါဟယ် ကလေးမဟုတ်ပါဘူး။
သွားမယ်မလား လာ....လာ"
"မောင့်ကိုမပြောပေးဘူးဆိုတဲ့ သဘောလား"
လဝန်းက ဦးခေါင်းထက်ရှိ သူမ၏ ဆံနွယ်များကို
စိတ်ရှုပ်သလို ဆွဲဖွလိုက်ရင်း ခန့်ညားမောင်ဘက်သို့ လှည့်ကာ
"ဟို.....ဟိုလေ ကိုခန့်ညား သူလုပ်ခိုင်းတာ
ဘာလဲဟင်။အပန်းမကြီးရင် လုပ်ပေးလိုက်
ပါလား။လွမ်းခေတ်က သူလိုချင်တာမရရင်
တစ်အားဂျစ်တာမို့လို့ပါ"
လဝန်း၏ မျက်ဝန်းများက ရိုကျိုးသောအကြည့်များဖြင့် ခန့်ညားမောင်အား အသနားခံကာ တောင်းပန်နေပုံ။လွမ်းလေးကလည်း ယခုထက်ထိ မျက်နှာအား ပေါင်တွင်အပ်ကာ
ငိုကြွေးနေဆဲပင်။ခန့်ညားမောင် အသက်အား
ဝအောင်ရှူသွင်းလိုက်သည်။
ထို့နောက် လွမ်းဆီသို့ သွားကာ လက်ဖဝါးနှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး
"လွမ်းလေး လိမ္မာတယ် မငိုနဲ့။မောင်ဆိုပေးမယ်။
ဘယ်တော့ဆိုရမှာလဲ ဒီညလား။
ဆိုပေးမယ်လေ....နော် မငိုနဲ့နော် မငိုပါနဲ့"
မော့ကြည့်လာသော မျက်ဝန်းညိုညိုများမှ မျက်ရည်များက ညနေဆည်းဆာနှင့်အတူ
လှပလျက်။ပါးပြင်နုနုပေါ်မှ ခိုသီးနေသော မျက်ရည်ဥများကို သုတ်ပေးလိုက်သည်။
"မောင့်လွမ်းလေးက မငိုနဲ့လေကွာ။လွမ်းလေးငိုတော့ မောင်က ဘယ်စိတ်ကောင်းပါ့မလဲလို့။
မောင့်ကိုမသနားဘူးလား ဟင်
မသနားဘူးလားလို့"
"တစ်ကယ်ဆိုပေးမှာလား"
ရှိုက်သံများကြားမှ ထွက်ပေါ်လာသော အသံသေးသေးလေးက ချစ်စွယ်အတိ။မျက်ဝန်းညိုလေး၏ လိမ်ကောက်နေသော နီညိုရောင် ဆံနွယ်လေးများကို ဆွဲဖွလိုက်ရင်း
"တစ်ကယ်ပေါ့"
"ဟီး အဲ့ဒါဆို ချီ"
လွမ်းက သူ၏လက်နှစ်ဖက်ကို ကားပေးကာ
ချီရန် တောင်းဆိုနေသည်။
"ချီပြီဗျာ"
"သြော် ဒါနဲ့ ဝေဇင် လဝန်းနဲ့ပြန်လိုက်ပါလား။
ကိုယ်လွမ်းကို လိုက်ပို့ပေးရမှာမို့"
"အေးပါ ချစ်ကြည်နူးတွေရယ်"
"သြော် မေမေ့ကိုလည်း ပြောပေးပါဦး။ငါဒီနေ့
နောက်ကျမယ်လို့"
"အေးပါဟ ငါသွားစောင့်ပေးမယ်"
"အေးပါဟာ ကျေးဇူးနော် သွားပြီ"
ခန့်ညားမောင်၏ ခန္ဓာကိုယ်ပေါ်တွင် ကပ်ကာ
လိုက်ပါသွားသော အလွမ်းခေတ်ကိုကြည့်ရင်း
သူမတို့နှစ်ယောက်လုံး သက်ပြင်းပြိုင်တူချမိကြသည်။ဝေဇင်ရှင်းက လဝန်း၏ လက်ကိုတွဲလိုက်ရင်း
"ကဲ တို့များလည်း နောက်ကျနေပြီ။သွားကြစို့ရဲ့"
.......................
မြကျွန်းညိုရှိ ယောကျ်ားလေးဆောင်သို့ ဝင်ရောက်လာသော အလွမ်းခေတ်၏ ခြေလှမ်းများက မြောက်ကြွမြောက်ကြွ။အရှုံးသမား
အောင်ဇော်မှာတော့ မျက်စိမျက်နှာ
ပျက်ယွင်းနေလျက်။
လွန်ခဲ့သော နာရီအနည်းငယ်ခန့်က
🍁🍂🍁🍂🍁🍂🍁🍂🍁🍂🍁
အခန်းထဲတွင် အေးအေးလူလူစာရေးနေသော
လွမ်းထံသို့ အောင်ဇော်က ကမူးရှူးထိုးဝင်လာသည်။
အောင်ဇော်က လွမ်းလက်ကို ဆွဲကာလှုပ်လိုက်ရင်း
"လွမ်းခေတ် မင်းဒီညအဆောင်မှာ
လာအိပ်မှာမလား"
"အေးလေ အဲ့တော့"
"ငါတို့ကကွာ ညကျရင် သီရိဆောင်မှာသီချင်းသွားဆိုဖို့ လုပ်ထားတယ်ကွာ"
"ဆိုပေါ့"
"မင်းလိုက်မယ်မလား"
"ဟ လိုက်မှာပေါ့ကွ"
"အေးကွာ အဲ့တာကိုကွာ မင်း ကိုခန့်ညားကို
ခေါ်လာခဲ့"
"ဟင် မောင်က ဘာဖြစ်လို့တုန်းကွ"
"ခွေးကောင် မင်းစကားကို ဖြတ်ဖြတ်ပြီး
မပြောနဲ့ကွ။ဆုံးအောင် နားထောင်"
"အေးပါ ပြော ပြော"
"အဲ့တော့ မင်းနဲ့ငါနဲ့ အပေးအယူလုပ်မလို့"
"ဘာအပေးအယူလဲ"
"မင်းက ကိုခန့်ညားကို သီချင်းဆိုဖို့ ဆွယ်နိုင်ရင်
မင်းနိုင်တယ်။မဆွယ်နိုင်ရင် ငါနိုင်တယ်။
မင်းနိုင်ရင် မနက်ဖြန်ညလုပ်မယ့် ညစာစားပွဲမှာ
မင်းစားသမျှ ငါရှင်းမယ်။ငါနိုင်ရင် ငါ့ကို မင်းတို့
မေဂျာမှူးနဲ့ အောင်သွယ်ပေးရမယ် ဘယ်လိုလဲ"
"ဒီအချစ်ရူးက တစ်မျိုး"
"ဘာလဲ သဘောမတူဘူးလား"
"မင်းက ငါ့ကိုလာစိန်ခေါ်နေတာပဲ"
"ဟ စိန်ခေါ်ရင် တိမ်ပေါ်ထိ လိုက်ခဲ့စမ်းပါကွ"
"အလွမ်းခေတ်တဲ့ကွ။ကြည့်နေ မနက်ဖြန်ည
ငါစားသမျှ မင်းရှင်းရမယ်မှတ်"
"လုပ်ကြည့်စမ်းပါဦးကွာ ငါ့ကောင်ရာ"
နှုတ်ခမ်းထောင့်စွန်းကွေးနေအောင် ပြုံးထားသော လွမ်း၏မျက်နှာမှာ ရအောင်လုပ်ပြမယ်
ဟူသည့် မျက်နှာထားမျိုး။
......................
"ဟေ့ကောင် ဘယ်လိုလဲကွ"
လွမ်းက အောင်ဇော်၏ ပုခုံးကိုတိုက်ကာ
ခပ်ပြုံးပြုံးဖြင့် မေးလိုက်သည်။အောင်ဇော်၏
မျက်နှာမှာတော့ ထိန်းမရအောင်ပင် ပျက်ယွင်းနေကာ အသက်မရှိတော့သည့်လူလို ဖြူဖျော့နေသည်။
"မင်းစားပြီးနားမလည်မလုပ်နဲ့နော် ခွေးသား"
"အေးပါကွ။ဒါနဲ့ ကိုခန့်ညားက ဘာလို့
လိုက်လာတာလဲဗျ"
အောင်ဇော်က သိနေလျက်နှင့်ပင် မေးလိုက်သည်။ခန့်ညားမောင်၏ အဖြေကိုကြားလိုသောကြောင့် ဖြစ်သည်။
"လွမ်းက သီချင်းဆိုပေးပါဆိုလို့"
"သြော်"
တစ်ချို့လူတွေများ ဆန်းကြယ်လှပါပေရဲ့။
အင်းပေါ့လေ။တစ်ကိုယ်တည်းသမား ငါကတော့
ငှက်ပျောတုံးဖက်သေရမှာပေါ့။ကောင်းပါတယ် ကောင်းတယ်။
"ဟဲဟဲ"
ပြောင်စပ်စပ်နှင့် လွမ်း၏ မျက်နှာကို လုပ်ချင်သည်မှာ အသည်းတယားယား။အံကိုကြိတ်ကာ
ချစ်ကြည်နူးနေသော နှစ်ယောက်သားရှေ့
ညနေခင်းမှာ ကုန်ဆုံးသွားခဲ့ရပေသည်။
......................
အေးမြစွာဖြင့် ဖြာကျနေသော လရောင်အောက်တွင် လူတစ်စုမှာ တစ်နေရာသို့ ဦးတည်ကာ
လျှောက်နေကြသည်။သူတို့၏ လက်ထဲတွင်လည်း ဂစ်တာများကို အသီးသီးကိုင်ထားကြသည်။သူတို့၏ဦးတည်ရာမှာဖြင့်
သီရိဆောင်သို့ ဖြစ်သည်။
လရောင်ဖွေးဖွေးအောက်တွင် နွေလေညင်းနှင့်အတူ လွမ်း၏ နီညိုရောင် ဆံနွယ်ကောက်လေးများမှာ လွင့်နေသည်။သီရိဆောင်သို့ သွားမည်ဟု
ဆိုလေတော့ အမှတ်မထင် လူတစ်ယောက်အား
သတိရမိသည်။သူနှင့်ပတ်သက်သည့် အမှတ်တရများကပါ တွဲဖက်လာလေတော့
ပိုမို၍ ဝမ်းနည်းရသည်။
ငိုချင်နေသော ရင်ဘတ်အစုံသည် အနည်းငယ်တော့ လွန်လှသည်ထင်၏။အတိတ်တွင် လုံလောက်စွာ ငိုခဲ့ပြီးပြီလေ။လုံလောက်သည်ထက်ကိုပိုကာပင် သူငိုကြွေးခဲ့ပြီးပြီ။
လုံလောက်သည်ထက်ကိုပင် ပိုကာ
သူနာကျင်ခဲ့ပြီးပြီ။
လွမ်းကိုတွေ့လျှင် ကြည်နူးခြင်းနှင့်အတူ ဝမ်းနည်းခြင်းကိုပါ ခံစားရသည်။အထူးသဖြင့်
လွမ်း၏ ချစ်စရာကောင်းလှပါသော မျက်ဝန်းညိုများတွင် စကာ သူ့အလွမ်းများက တစ်ဖန်ပြန်၍
ဖြစ်တည်လာရခြင်းဖြစ်သည်။
သီရိဆောင်ရှေ့တွင် သူတို့အားလုံးပြိုင်တူ ရပ်လိုက်ကြကာ ကျောင်းသားတစ်ယောက်က
ချောင်းဟန့်၍ စကားစသည်။
"အဟမ်း အဟမ်း။ သာယာအေးချမ်းလှတဲ့ ညခင်းလေးမှာဆိုရင်ဖြင့် ဟောဒီ သီရိဆောင်က
ခင်ပျိုမေတို့ နားသောတဆင်ဖို့အတွက် ကျွန်တော်တို့ ဂီတဘက်တော်သားလေးများက
ရောက်ရှိလာပါပြီ ခင်ဗျာ။ပြတင်းတံခါးလေးများသာမက နှလုံးသားတံခါးလေးတွေကိုပါ ဖွင့်ပြီး
နားဆင်ပေးကြပါခင်ဗျာ"
ဤကျောင်းသားက စကားစလိုက်သောကြောင့်
ပြတင်းပေါက်လေးများက ပွင့်လာကာ မိန်းမငယ်လေးများသည်လည်း အလျှိုလျှိုပေါ်လာကြသည်။
ဤကဲ့သို့ ကျောင်းသားများကြားတွင် ခန့်ညားမောင်မှာ မပါသင့်သော်လည်း လွမ်းကလည်း ဂျစ်ကျနေသည်။ထို့ပြင် ကျောင်းသားအများစု
နှင့်လည်း ရင်းနှီးနေသောကြောင့် အလွယ်တကူ
လိုက်ပါခွင့်ရခဲ့ခြင်းဖြစ်သည်။
ကျောင်းသူလေးများက သူပါလာသည်ကိုမြင်လေတော့ အချင်းချင်းလက်တို့ကြကာ
တီတိုးပြောကြသည်။
"ဟဲ့ ဟိုတစ်ယောက်က ဘယ်သူလဲမသိဘူး"
"အေးဟဲ့ ကျောင်းသားတော့မဟုတ်ဘူးဟဲ့"
"ချောလိုက်တာ"
ထိုစဥ် ကျောင်းသားတစ်ယောက်က စတင်၍
သံစဥ်တစ်ပုဒ်ကို စတင်တီးခတ်တော့သည်။
"လေညင်းလေးက တိုးတိုးလေးပြောသွားတယ်
မင်းချစ်သူ မင်းကိုမေ့ပြီတဲ့
သူသတိရရ မရရပေါ့
ကျွန်တော်ကတော့ မေ့လို့မရပါဘူး"
လွှမ်းမိုး၏ နာမည်ကြီးသော သီချင်းတစ်ပုဒ်ဖြစ်သဖြင့် အကုန်လုံးက အာရုံစိုက်ကာ နားထောင်နေကြသည်။လွမ်းသည်လည်း သီချင်းအပေါ်တွင် လိုက်ပါ၍စီးမျောနေမိသည်။
"ငှက်ကလေးများက မကြားတကြားလေး
ပြောသွားတယ်
မင်းချစ်သူ မင်းကိုမုန်းပြီတဲ့
သူမုန်းမုန်း မမုန်းမုန်းပေါ့
ကျွန်တော်ကတော့ မုန်းလို့မရပါဘူး"
"ပန်းကလေးများက အချင်းချင်း
လှမ်း.....ပြောကြတယ်
သူ့ချစ်သူ သိပ်ရက်စက်တယ်တဲ့
သူရက်စက်စက် မရက်စက်ပေါ့
ကျွန်တော်ကတော့ မရက်စက်ပါဘူး"
"တစ်လောကလုံးက ပြောနေပြီ
မင်းကိုလေ.....မခံချင်ဘူး
ကိုယ်ဘယ်လိုပြောလိုက်ရမှာလဲ
တစ်လောကလုံးက မေးနေပြီ
ကိုယ့်ကိုလေ.....မခံချင်ဘူး
ကိုယ်ဘယ်လိုရင်ဆိုင်ရမှာလဲ
အချစ်ကလေးရယ်"
အဆောင်ပြတင်းပေါက်တွင် ကျောင်းသူလေးများက ပိုမို၍ များပြားလာသည်။ခန့်ညားမောင်ကတော့ ထိုသူများထဲတွင် မရှိနိုင်တော့လေသော
တစ်စုံတစ်ဦးကို ရှာနေမိပြန်သည်။
"လမင်းလေးကို အနားကပ်လို့ မေးကြည့်မယ်
ကျွန်တော့်ချစ်သူတစ်ကယ်မုန်းပြီလား
ကျွန်တော်သူ့ကိုလေ.....သိပ်ချစ်တာ
လမင်းရယ် သတိပေးလိုက်ပါဦး"
"မောင်"
"ဗျာ"
"သူသတိရရ မရရပေါ့ ကျွန်တော်ကတော့
သတိမရပါဘူး"
"ဟာ!"
"ဟီဟိ"
"လွမ်းလေးကတော့လေ"
"သတိမရပါဘူး ကျွန်တော့်မှာ မောင်တစ်ယောက်လုံး ရှိတာကို"
"ကောင်ဆိုးလေး"
မကြာမီပင် ကျောင်းသားများတစ်ယောက်ပြီး
တစ်ယောက်သီချင်းဆို၍ ညကလည်း
နက်သည်ထက် နက်လာခဲ့သည်။နောက်ဆုံးတွင်မူ
ခန့်ညားမောင် သီဆိုရမည့်အလှည့်သို့ ရောက်ရှိလာပေပြီ။
"မောင့်အလှည့်ရောက်ပြီ"
လွမ်းက သူ့အားမျှော်လင့်ကြီးစွာဖြင့် ကြည့်နေလေသည်။ကလေးငယ်၏ မျက်ဝန်းများသည်
လရောင်အောက်တွင် တောက်ပနေသည်။
ခန့်ညားမောင်က ကျောင်းသားထံမှ ဂစ်တာအား
လွှဲပြောင်းယူလိုက်သည်။ထို့နောက် အာရုံစိုက်ကာဖြင့် သက်ရှိနတ်ဘုရားတစ်ပါးအလား
သံစဥ်တစ်ပုဒ်ကို စတင်တီးခတ်တော့သည်။
"မိုးအုံ့လို့.....သစ်ရွက်လေးတွေငြိမ်နေရင်
တိမ်တွေပြိုတော့မှာ ကြိုသိတယ်
ဝါဆိုရယ် သိပ်သတိရမိတယ်"
"ပုန်းညက်တို့ ရောက်ရှိကြောင်းကို ကြေညာကာ
ငွေမှုန်ငွေစတွေ ရွာတော့ကွယ်
ဝါဆိုရယ် သိပ်သတိရမိတယ်"
သံစဥ်၌ ဇျာန်ဝင်စားကာဖြင့် ဆွဲငင်စွာသီဆိုနေသော မောင့်ကို လွမ်း သတိလက်လွတ်ငေးနေမိသည်။ညင်သာလှသော ရှည်သွယ်သည့် လက်ချောင်းများက ဂစ်တာကြိုးများအား သိမ်မွေ့စွာဖြင့် တီးခတ်နေသည်။
"တိုင်းရှစ်ခွင် မှိုင်းညို့ဆိုင်းကာ မှောင်ရီခြယ်
မိုးခြိမ်းသံ သဲ့သဲ့ကြားတယ် ဝါဆိုရယ်
မိုးက အရင်တုန်းကအတိုင်း ရွာနေပြီကွယ်
လွမ်းတယ် ဝါဆိုရယ်"
"မိန်းကလေးရေ မိုးစက်ကလေးတွေငုံနေတယ်
တို့မျက်နှာ မိုးစက်ကလေးတွေ လာစင်တယ်
တို့အဖြစ်ကို ပြောပြပေးပါ ဝါဆိုရယ်
မိုးတွေ ရွာပြီကွယ်"
ဆောင်းဦးသို့ကူးပြောင်းတော့မည်
ဖြစ်သော်လည်း ကောင်းကင်က မိုးသားများ
နှင့် အနည်းငယ်အုံ့မှိုင်းနေသည်။ထို့ကြောင့်
လစန္ဒာသည်ပင် တိမ်ယံကြားတွင် ဖုံးအုပ်
နေလေသည်။ဝိုးတဝါးဖြာကျနေသော လရောင်အောက်တွင် မောင့်မျက်နှာက ကောင်းခြင်းအဖြာဖြာဖြင့် ပြည့်စုံနေသည်။
"တံစက်မြိတ်က သစ်ခွပန်းတွေဝေနေရင်
ပန်ဆင်ခဲ့ဖူးသူကို လွမ်းတယ်
ဝါဆိုရယ် သိပ်သတိရမိတယ်"
"တို့နှစ်ယောက် အမြဲတွေ့ခဲ့ကြတဲ့ ခရေပင်ခြေ
မြေနီရောင်လမ်းကို ရောက်တိုင်းလည်း
ဝါဆိုရယ် သိပ်သတိရမိတယ်"
သီချင်းက ဆုံးခါနီးလာလေလေ မောင်ရုပ်သွင်က
ပိုမို၍ ကျက်သရေရှိလာလေလေ။ကျောင်းသားအုပ်စုသာမက သီရိဆောင်မှ ကျောင်းသူများ၏
အာရုံအစုံမှာလည်း မောင့်ထံပါး
တည်ရှိနေကြသည်။
"တိုင်းရှစ်ခွင် မှိုင်းညို့ဆိုင်းကာ မှောင်ရီခြယ်
မိုးခြိမ်းသံ သဲ့သဲ့ကြားတယ် ဝါဆိုရယ်
မိုးက အရင်တုန်းကအတိုင်း ရွာနေပြီကွယ်
လွမ်းတယ် ဝါဆိုရယ်"
"မိန်းကလေးရေ မိုးစက်ကလေးတွေငုံနေတယ်
တို့မျက်နှာ မိုးစက်ကလေးတွေ လာစင်တယ်
တို့အဖြစ်ကို ပြောပြပေးပါ ဝါဆိုရယ်
မိုးတွေ ရွာပြီကွယ်"
မောင့်မျက်လုံးတွေက ပွင့်ဟလာသည်။ဝေါကနဲ
ထွက်လာသော လက်ခုပ်သံများက ကောင်းကင်ယံသို့ပင် ရောက်ရှိသွားသလားဟုပင်
ထင်ရသည်။
"မောင် သီချင်းဆိုတာ အရမ်းကောင်းတာပဲ"
မောင်က ဘာမျှမပြော။ကောင်းကင်ကို မော့ကာ
ကြည့်နေသည်။မောင့်မျက်ဝန်းများက ဝမ်းနည်းရိပ်များ ဖြတ်ပြေးနေသလိုပင်။
ညက အတော်နက်နေပြီဖြစ်သဖြင့် သူတို့တွေ
အဆောင်သို့ ပြန်ခဲ့ကြသည်။မောင်က လွမ်းကို
အဆောင်ထိတိုင် လိုက်ပို့ပေးသည်။
မောင့်မျက်နှာက သိပ်မကောင်းလှသဖြင့်
'နေမကောင်းဘူးလား'ဟု မေးကြည့်မိတော့
'ကောင်းပါတယ်'ဟုဆိုကာ ပြုံးပြသည်။
သို့သော် သူသိပါသည်။မောင့်အပြုံးက
အသက်မပါ။လုပ်ယူထားရသော အပြုံးမျိုး။
သူနားမလည်နိုင်ပါ။အမြဲတမ်းပျော်ပျော်နေတတ်သော မောင်က ဘာများစိတ်ညစ်စရာ
ရှိနေလို့ပါလိမ့်။
သူတွေးနေဆဲမှာပင် မောင်က နှုတ်ဆက်ကာ ပြန်သွားသည်။လွမ်းလည်း လေပူတစ်ချက်ကို
မှုတ်ထုတ်လိုက်ရင်း ဤညအားကုန်ဆုံးရန်
အိပ်ယာထက်သို့ လှမ်းခဲ့လိုက်သည်။
......................🤎
ခန့်ညားမောင် အိမ်သို့ပြန်ရောက်လာသော်
ပင်ပန်းနေပြီဖြစ်သဖြင့် အိပ်ယာဝင်ရန်
ပြင်ဆင်လိုက်သည်။
သီချင်းဆိုပြီးကာမှ ရုတ်တရက်ကြီး
ငိုချင်လာသောစိတ်ကို ခန့်ညားမောင်လည်း
နားမလည်နိုင်။ထိုစိတ်ကြောင့်ပင်
မျက်ဝန်းညိုလေးအားလည်း နှုတ်မဆက်နိုင်ပဲ အိမ်သို့အလောတကြီး ပြန်လာခဲ့လိုက်မိသည်။
စိတ်များဆိုးသွားလေပြီလား မသိဘူး။
စိတ်ဆိုးရင်တော့ဖြင့် ဒုက္ခ။ဒီကကောင်က
သူစိတ်ဆိုးရင် နေစရာနေရာတောင်
ရှိမှာမဟုတ်ဘူး။
ထို့နောက် ပတ်ထားသော လက်ပတ်နာရီကို ချွတ်ကာ အံ့ဆွဲထဲသို့ ထည့်လိုက်သည်။ပြီးလျှင်
မနက်ဖြန် လုပ်ရမည့် ရုံးမှစာရွက်စာတန်းများကို
ကြည့်ရန် အံဆွဲထဲမှ အပြင်သို့ထုတ်လိုက်သည်။
ထိုအခါ စာရွက်များနှင့်အတူ အရာဝတ္ထုတစ်ခု
ကပါ ရောကာ အောက်သို့ကျလာသည်။
တိကျစွာဆိုရလျှင် ထိုအရာသည် ဓာတ်ပုံတစ်ပုံ။
ထပ်မံတိကျစွာ ဆိုရလျှင်ဖြင့် ထိုပုံသည်
မိန်းမငယ်တစ်ဦး၏ ဓာတ်ပုံတစ်ပုံဖြစ်လေသည်။
အနှီမိန်းမငယ်သည် နက်မှောင်နေသော
ဆံနွယ်တို့ကို ကျောလယ်ထက်တွင်
ဖြန့်ကာချထားသည်။နားသယ်စပ်တွင်
သူမ၏ ဂုဏ်ပုဒ်ဟုပင် ဆိုရမည်ဖြစ်သော ကံ့ကော်တစ်ပွင့်က ငွားငွားစွင့်စွင့်နေရာယူထားသည်။အားရပါးရပြုံးနေသောကြောင့်
ပါးပြင်ထက်ရှိ ပါးချိုင့်လေးများက
ထင်းနေသည်။သူမ၏ နောက်တွင်မူ
သီရိဆောင်က သူမနှင့်အတူ အလှချင်းပြိုင်နေသည်။
ခန့်ညားမောင်သည် ထိုဓာတ်ပုံလေးအား
ကိုင်ထားလျက်နှင့်ပင် လက်များက
တုန်လာသည်။ရင်ဘတ်က တစစ်စစ်နှင့်
နာလာသည်။မျက်လုံးအိမ်က ဝေဝါးလာသည်။ပါးပြင်ထက်တွင်မူ ပုလဲမျက်ရည်တို့က
နေရာယူလာကြသည်။
ခန့်ညားမောင်သည် ဓာတ်ပုံလေးအား ဖြည်းညင်းစွာဖြင့် အံဆွဲထဲသို့ ပြန်လည်ထည့်ထားလိုက်သည်။ထို့နောက် ဝရန်တာသို့
ထွက်လာခဲ့သည်။ထိန်ထိန်သာနေသော လမင်းက
ခန့်ညားမောင်၏ ခံစားချက်တို့အား ဖွင့်ထုတ်ရန်
လုံလောက်ပေလိမ့်မည်။
ခန့်ညားမောင်က လမင်းကို တွေဝေစွာဖြင့်
စိုက်ကြည့်နေသည်။တဟူးဟူးတိုက်ခတ်နေသည့် လေညင်းက ခန့်ညားမောင်၏ ပါးပြင်ထက်မှ မျက်ရည်စတို့အား ခြောက်သွေ့စေရန် စွမ်းဆောင်နိုင်ဟန်ရှိသည်။ထိုညက လမင်းအား
ငေးကြည့်ကာဖြင့် ခန့်ညားမောင် သူ့ခံစားချက်များအား ပြောပြဖြစ်ခဲ့သည်။ထို့နောက်
သူငိုခဲ့သည်။ရယ်လည်းရယ်ဖြစ်ခဲ့သလို ပြုံးကာလည်း နေဖြစ်ခဲ့သည်။ထိုညက ညတာ
ရှည်လျားခဲ့လေသည်။
.....................
-Mile🤎
ပထမတစ်ပုဒ်က ဦးလွှမ်းမိုးရဲ့ သတိရရ မရရ
ဆိုတဲ့ သီချင်းလေးပါဗျ။နောက်တစ်ပုဒ်က
မူရင်းအဆိုတော်တော့ မသိပေမယ့် ဝါဆိုဆိုတဲ့
သီချင်းလေးပါဗျ။နှစ်ပုဒ်လုံးက တော်တော်လေးကို နားထောင်ကောင်းပါတယ်။
နားထောင်ပေးကြပါဦး။