ခင်ဝေခက် ပိုင်ဆိုင်သော အပန်းဖြေ စခန်းကြီးမှ အောင်ဇော်ထွေးပြန်ရောက်တော့ ချိုနွယ်က အဝတ်လှမ်းနေသည်။ ပြောင်းလာကတည်းက အဝတ်လှမ်းဖို့ နေရာကလေး လုပ်ပေးမည် တွေးထားသော်လည်း မေ့ပြီး ခုထိ လုပ်မပေးရသေး။ ချိုနွယ်က ရေတွင်း ဘေး ဘယ်ညာတွင် ပေါက်နေသော အုန်းပင်နှစ်ပင်ကို တန်းထားသည့် ကြိုးတန်းတွင် ကလေးအနှီးနှင့် စောင်များ လှမ်းနေ၏။
အောင်ဇော်ထွေး အိမ်ပေါ်တက်သွားတော့ မေ့ကို အိမ်ပေါ်ထပ် ဧည့်ခန်းထဲ သားငယ်လေးကို နို့တိုက်နေတာ တွေ့လိုက်ရသည်။ ဘေးတွင်တော့ ညက တွေ့လိုက်ရသည့် အရုပ်ကလေး။
"မေ.... အောင် ပြန်လာပြီနော်။"
မေက မကြားချင်ယောင်ဆောင်နေ၏။ ကြည့်ရတာ ခုထိ စိတ်ပြေပုံ မရသေး။
အောင်ဇော်ထွေးလည်း အဝတ်အစားလဲရန် အခန်းထဲ ဝင်လာလိုက်သည်။
ဖုန်းအားသွင်းရန် ဧည့်ခန်းဘက် ပြန်လျှောက်လာတော့ မေတို့ သားအမိကို မတွေ့။ သားငယ် အိပ်ပျော်သွားသဖြင့် မေ ကလေးကို အိပ်ရာထဲ သွားထည့်တာ ဖြစ်မည်။ ထူးဆန်းသည်က အရုပ်ကလေးပါ မရှိခြင်း ဖြစ်သည်။
သိပ်များများစားစား မစဉ်းစားနေတော့ဘဲ အောင်ဇော်ထွေးက တီဗွီဖွင့်ကြည့်ရန် ရီမုတ်ကွန်ထရိူးကို လှမ်းယူလိုက်စဉ် မသိစိတ်က သူ့ကို တယောက်ယောက်စိုက်ကြည့်နေသလို ခံစားလာရသဖြင့် အနောက်ဖက်သို့ ဆတ်ကနဲ လှည့်ကြည့်လိုက်သည်။
လား...လား။
ကော်ပတ်ရုပ်က သူ့ နောက်ကျောဘက် ကြမ်းပြင်ေပါ် အခန့်သား မတ်တပ်ရပ်ရင်း သူ့ကို စိုက်ကြည့်နေခြင်း ဖြစ်၏။
ကြည့်နေရင်း အရုပ်က သံပတ်ပေးထားသလို လမ်းစလျှောက်သည်။
ဟင်...
အောင်ဇော်ထွေး စိတ်ထဲ ကြောက်စိတ်၊ ရွံမုန်းစိတ်တို့အပြင် ထူးထူးခြားခြား တွယ်တာစိတ်က တဖြည်းဖြည်း ကြီးထွားလာနေ၏။
ကြည့်နေရင်း အရုပ်ကလေး၏ မျက်နှာက လေး ငါးနှစ်အရွယ် ယောက်ျားလေးတစ်ယောက် မျက်နှာအဖြစ် ပြောင်းသွားပြီး တကိုယ်လုံးကလည်း ပီဘိ လူကလေးတစ်ယောက်အလား ပြောင်းလဲလာသည်ဟု မြင်နေမိသည်။
ကလေးငယ်က အိမ်ဘေးဘက် ဝရန်တာကို အောင်ဇော်ထွေး ဘေးမှ ဖြတ်ကာ ထွက်ပြေးသွားသည်။ ကလေးငယ်များ စိန်ပြေးလိုက်တန်း ကစားသည့်နှယ် တခစ်ခစ်ပင် ရယ်လိုက်သေးသည်။
အောင်ဇော်ထွေး ခြေထောက်များက ဦးနှောက်အသိဉာဏ်ကို ငြင်းဆန်ရင်း မတ်တပ် ထရပ်မိလျှက်သား ဖြစ်သွားသည်။ မသိစိတ်က ဒါသည် လူသားမဟုတ်၊ အရုပ်တရုပ်ဖြစ်သည်ဟု တားနေရင်းက ငါ့သားလေး ဆိုသည့် ဆန္ဒကို မလွန်ဆန်နိုင်။
ကလေးငယ်က ခု ဝရန်တာလက်ရမ်းကို တွယ်တက်နေ၏။ အောင်ဇော်ထွေးက အလန့်တကြား လက်ကို ဆန့်ပြီး တားရန် လုပ်သည်။ သူက 'သား... ပြန်ဆင်းခဲ့...ပြုတ်ကျမယ်' ဟု နှုတ်မှ အော်မိသလားပင် မသိ။
သူ့အသံကြားသဖြင့် မေက ကလေးအခန်းထဲမှ သားငယ်ကို ပွေ့လျှက်သား ပြန်ပြေးထွက်လာသည်။
အရုပ်ကလေး ဝရန်တာလက်ရမ်းပေါ် ကြိုးတန်းလျှောက်သလို လျှောက်နေတာ မြင်တော့ သူမက ဝရန်တာဆီ အပြေးအလွှား ရောက်သွားတော့သည်။
သူမ ရောက်သွားသည့်အချိန် အရုပ်ကလေးက ဘဲလေးကချေသည်များလို ခြေထောက်ကို တပတ်လှည့်လိုက်ရာ အောက်သို့ ပြုတ်ကျသွားတော့သည်။
"သားကြီး...."
မေက အရုပ်ကို ဖမ်းဆွဲရာ ဝရန်တာမှ ကိုယ်တပိုင်းထွက်သွားရာ အောင်ဇော်ထွေး လက်မမြန်လျှင် သူမပါ ပြုတ်ကျသွားလောက်သည်။ သို့ရာတွင် မေ့ကို ဆွဲလိုက်နိုင်သော်လည်း သားငယ်ကတော့ မေ့လက်ထဲမှ ချော်ကာ အောက်သို့ ပြုတ်ကျသွားတော့သည်။
အောင်ဇော်ထွေး စိတ်မထိန်းနိုင်တော့။ မေ့ကို စိတ်ပေါက်ပေါက်နှင့် ဆောင့်တွန်းမိသည်။
"မင်း...ကွာ...."
နောက် အောင်ဇော်ထွေး သတိဝင်လာပြီး အိမ်အောက်သို့ အပြေးအလွှား ဆင်းလာခဲ့သည်။ မေကလည်း အနောက်မှ ထပ်ကြပ်မကွာ လိုက်လာသည်။
"သားလေး...သားလေးရေ။"
လင်မယားနှစ်ယောက်သား မြက်ဖုတ်တွေကြား ရှာသည်။ ရေတွင်းဘေးက အုတ်ပုံ၊ အပျက်အဆီးပုံတွေကြား ရှာသည်။
ကလေးကို မတွေ့။
နောက်တော့ အုန်းပင်ကို တန်းပြီး လှမ်းထားသော စောင်ပုံပေါ်မှ ကလေးရယ်သံ တခစ်ခစ်ကို ကြားလိုက်တော့မှ လင်မယားနှစ်ယောက် သက်ပြင်းချနိုင်တော့သည်။
ချိုနွယ်လည်း ဝရုန်းသုန်းကား အသံကြားသဖြင့် မီးဖိုဆောင်တွင် ညစာဟင်းနွှေးနေရာမှ ပြေးထွက်လာ၏။
ကလေးသာမက အရုပ်ကိုပါ စောင်ပေါ်တွင်တွေ့ရသည်။ သားငယ်က အရုပ်ကို ဖက်လျှက်သား။
ဘာပဲပြောပြော သားလေး ဘာမှ မဖြစ်ရင်တော်ပြီ ဆိုသည့်စိတ်နှင့် အောင်ဇော်ထွေး ကောက်ချီလိုက်တော့ ကလေးက သူ့လက်ထဲ ပြုံးရွှင်စွာ ပါလာသည်။
မေက ကလေးကို အောင်ဇော်ထွေး လက်ထဲမှ ပြန်ယူလိုက်သည်။ သူမလက်ထဲ သားငယ်က တစ်ဖက်၊ အရုပ်က တဖက်။ ကလေးနှစ်ယောက်ကို ချီသလို ချီပိုးပြီး အိမ်ပေါ်ကို ခြေဆောင့်ပြီး တက်သွားတော့သည်။
******
"အောင် ပြောနေတာက သားသားရော မေပါ ပြုတ်ကျသွားရင် ဘယ်လို လုပ်မလဲ။ မေ့ကို စိုးရိမ်လို့ ပြောနေတာပါ။"
"တော်စမ်းပါ။ ရှင်က သားကြီးကိုဆို နဂိုတည်းက မုန်းနေတာ။ ဟိုနေ့ကတောင် လွှင့်ပစ်မလို့ လုပ်နေသေးတာ။"
"ဟ...ခုက မင့်အရုပ်က သူ့ဘာသာ ပြုတ်ကျသွားတာလေ။ ငါလုပ်တာမှ မဟုတ်တာ။"
"ပြောချင်တာပြော။ ကျွန်မကတော့ မယုံဘူး။"
"ခုတောင် သားသားက ကံကောင်းလွန်းလို့ မသေတာ။"
"သားကြီးကိုကျ မေးဖော်ရသလားပြော။"
"အဲ့ဒါက အရုပ်လေ။ ကျတော့ရော ဘာဖြစ်လဲ။"
"ရှင် အဲ့လို မပြောနဲ့လို့ ကျမ ဘယ်နှခါ ပြောရမလဲ။"
"အေး...မင်းအရူးထနေတာနဲ့ သားသားတခုခု ဖြစ်လို့ကတော့ မင်းမလွယ်ဘူးမှတ်။"
"အေး...ကျမ သားကြီး တခုခုဖြစ်ရင် ရှင်လည်း မလွယ်ဘူးမှတ်ပါ။ ရှင့်ကို ကျမလက်နဲ့ ကိုယ်တိုင်သတ်မယ်။"
"မေ... မင်းဘယ်လို ပြောလိုက်တာလဲ။"
"ရှင်ကြားတဲ့ အတိုင်းပဲ။"
မေ့စကားကို ကြားလိုက်ရတော့ အောင်ဇော်ထွေး သူ့နားသူ မယုံနိုင်။ သူ မေ့ကို တွေတွေကြီး စိုက်ကြည့်နေစဉ် မေက ကလေးနှင့် အရုပ်ကို ပိုက်ကာ အိပ်ခန်းထဲ ဝင်ရင်း တံခါးကို ဆောင့်ပိတ်ပစ်လိုက်သည်။ အောင်ဇော်ထွေး သက်ပြင်းချမိရုံမှတပါး...