အခန်း (၇)

7 1 0
                                    

ဦးသော့်ကို မျှော်ရတာကြာတော့ ခင်မေခက် စိတ်ပျက်လာသည်။ ဒီနေ့လည်း မေ့မွေးနေ့ ရှိပါသည် ဆိုထားပါလျှက် အလုပ်ကိစ္စ ရှိသည်တဲ့လေ။ ကြည့်ရတာ မယားကြီးအိမ်မှ ထွက်မရ ဖြစ်နေပြန်ပြီ ထင်သည်။

မေက စိတ်ပေါက်ပေါက်နှင့် မီနီဘားပေါ်မှ ဖန်ခွက်တစ်လုံးယူပြီး ပြင်သစ်ဝိုင်အကောင်းစား တစ်ပုလင်းဖောက်ကာ ငှဲ့ထည့်လိုက်သည်။ အဒေါ်ကြီး ဒေါ်စိန်တင်က အိမ်အလုပ်ပြီးသဖြင့် သွားအိပ်နေပြီ။

ဒီညလည်း မေ အိပ်ပျော်မည် မထင်။ ဦးသော်က မေ့ကို အလေးမထား။ ဒီရက်ပိုင်း ပိုဆိုးလာသည်။ အလုပ်‌အကြောင်းပြကာ အလာကျဲသွားသည်။ သူ တခြားဇယ်လေးတွေ တွေ့နေပြီလား မပြောတတ်။

သူမက ဝိုင်ခွက်ကို ကိုင်ကာ ဧည့်ခန်းထဲ ထွက်လာရင်း ကြိမ်ဆက်တီတွင် ထိုင်ချလိုက်သည်။ စိတ်တွေက အစိုးမရ။ ပေါက်ကွဲချင်သော်လည်း ဘယ်သူ့ကို ပေါက်ကွဲရမှန်း မသိ။ စားပွဲပေါ်ရှိ ဘတ်ဒေးကိတ်ဘေးက စီးကရက်ထည့်သည့် ငွေယွန်းအစ်ကို ယူပြီး စီးကရက်တလိပ် ထုတ်ကာ မီးညှိရှိုက်ဖွာလိုက်သည်။

ဦးသော်က ဆေးလိပ်သောက်တာ မကြိုက်။

သွားစမ်းပါ။ သူမကြိုက်တော့ကော အရေးလုပ်စရာလား။

ဆေးလိပ်ကို လက်ကြားညှပ်ရင်း လက်ထဲက ဝိုင်ခွက်ကို အပြတ်ရှင်းလိုက်သည်။ ဖန်ခွက်ကို စားပွဲပေါ်ပြန်တင်ရင်း မျက်လုံးက ဖုန်းဆီရောက်သွားသည်။ နံရံပေါ်က နာရီကို ကြည့်မိတော့ ဆယ့်တစ်နာရီကျော်။ လမ်းမပေါ်တွင် ကားအသွားအလာ မရှိသလောက် ရှင်းနေပြီ။

ဦးသော်အသံကို ကြားချင်လာသည့်စိတ်တို့က ထိန်းမရ။

ခင်မေခက်က ဖုန်းခွက်ကို ကောက်မပြီး ဒိုင်ခွက်ပေါ်မှ နံပတ်ကို လှည့်ရင်း လာကိုင်မည့်သူကို စောင့်‌‌ေနမိသည်။ ဦးသော့်မိန်းမ ဒေါ်ခင်ခင်အုန်း လာကိုင်လျှင်ကော သူမ ဘာပြောရမလဲ မသိ။ ဦးသော် လာကိုင်ပါစေဟုသာ ဆုတောင်းရင်း ရင်တထိတ်ထိတ်နှင့် စောင့်နေမိသည်။

အတော်လေးကြာမှ ဦးသော် ဖုန်းလာကိုင်သည်။

"ဟယ်လို...ဦးသော်"

Baby BluesOnde histórias criam vida. Descubra agora