"မြေစာတစ်ပင်နှင့် အကြင်သူ"

Oleh Mi-Kyaw

829 59 29

မြေစာတစ်ပင် ပြန်ရှင်သန်စေဖို့ အချစ်ကိုနင်းချ ရည်စူးသမျှအား အို...အကြင်သူ မင်းသာဓုခေါ်မယ်မလား ။ Lebih Banyak

မြေစာတစ်ပင်နှင့် အကြင်သူ
Unicode

Zawgyi

76 7 0
Oleh Mi-Kyaw

Unicode


  အနောက်တောင် အရပ်ဆီမှ မိုးသားတိမ်တိုက်တို့က မှိုင်းညို့၍လာပြီ။ရက်,ဆက်စွာ ရွာနေသည့် စွေမိုးတို့က အခြေပြုလာပြန်သည်။ထန်းပင်တန်းတို့ စီရီနေသည့် ရွာအဝင်လမ်းနံဘေး တစ်ပတ်နွမ်း စက်ဘီးတစ်စီးနှင့်အတူ အရပ်မြင့်မြင့် အမျိုးသားနှစ်ဦးက မျက်နှာချင်းဆိုင် ရှိနေကြ၏။

"မိုးသားတွေ ညို့လာပေါ့ လွမ်းရာ..။အချိန်မလင့်ခင် ကျုပ်ပြန်တော့မယ်နော်ဗျာ"

ပြုံး၍လည်းမနေ၊မျက်ရည်လည်းမဝေ့ မျက်လွှာလေးချလျက်သာ အကြင်သူက ကျွန်တော့်အား ခေါင်းညိတ်ပြ၏။အိုဟောင်းချင်ပြီဖြစ်သည့် စက်ဘီးကလေးအား 'ပန်းချည်'ရွာ၏ ဆန့်ကျင်ဘက်သို့ ဦးတည်လိုက်သည်။သို့တစေ အပြန်လမ်းကို ရည်ရွယ်သည့်ခြေလှမ်းများ ဒီကနေ့မှ လေးပင်နေသလိုရှိသည်။

"မေတ္တာမျှသူရှိနေပြီလားတဲ့။ အဖေ့အမေးကို ကျွန်တော် ဘယ်လိုဖြေလိုက်ရမလဲ ဆရာဂုဏ်း..."

စက်ဘီးနင်းရန် အရှိန်ယူနေသမျှ တုန့်ဆိုင်းသွားရပြီ။ပခုံးတစ်ဘက်ရှိ ဖျင်လွယ်အိတ်လေးအား မ,တင်လိုက်ကာ နောက်ကျောဘက်သို့ ပြန်လှည့်လိုက်သည်။ကောင်းကင်မှ ပြိုသည့်မိုးထက် မျက်ဝန်းအိမ်မှာ ပျိုးမည့်ငွေ့ရည်က ကျွန်တော့်ရင်မှာ လာစိုနိုင်စွမ်း၏။

"ကျုပ်ကို အချိန်ထပ်ပေးလို့ မရတော့ဘူးလားလေ။မေတ္တာတွေစစ်မှန်ကြောင်းတော့...လွမ်းရာ၊ မင်းယုံကြည်ပေးမယ်မလား"

"စေတီဦးမှာ ထားဆိုခဲ့ဖူးတဲ့ သစ္စာစကားတွေကို ကျွန်တော် အကြွင်းမဲ့ယုံပါတယ် ဆရာဂုဏ်း.."

"ကျုပ်တို့အချစ်ဟာ အများတကာနဲ့ ကွဲပြားတာကို မင်းရော၊ကိုယ်ပါ အသိသားပဲလေ။ဒီအတွက်ကြောင့်...."

"မိုးတွေတောင် သည်းလာပေါ့လေ။ဒီစကားတွေကို နောက်ရက်မှ ဆက်ကြပါစို့လား"

"ကောင်းပါပြီ...မောင့်လွမ်းရာ"

ကျွန်တော့် ဦးခေါင်းထက်မှ ဝါးခမောက်လေးအား မြတ်နိုးရသည့်ဆံနွယ်စများ မိုးမစွတ်ရလေအောင် ဆောင်းကာပေးတော့ မျက်လုံးဝိုင်းဝိုင်းများက ဟန့်တားချင်နေပြန်သည်။

"ရွာပြန်ရောက်တဲ့အခါ ဒီမိုးတွေကြားမှာပဲ ယာတောကိုသွားပြီး နွားတွေသွားငင်ရဦးမှာ လွမ်းရာရဲ့။မင်းသာ မိုးမစို၊လေမစွတ် ပြန်ပါလေကွယ်"

"ကျွန်တော်..."

"ကျုပ်ပြောတာ နားထောင်ပါကွယ်"

"ဖြစ်စေရပါ့မယ်"

  ရွာဝင်လမ်းအတိုင်း တဖြည်းဖြည်း လျှောက်လှမ်းသွားသူအား မိုးရေမိုးပေါက်တွေအောက် ကျွန်တော် ငေးကြည့်နေခဲ့သည်။ဘဝတွေဟာ ဤမျှ ခက်ခဲမည်မှန်းသိရင် ဒီနွံတွေထဲ ဆွဲမသွင်းခဲ့ပါဘူးလေ။သို့တစေ ကိုယ့်ထက် (၁)နှစ်စော၍ ဒီလောကကြီးထဲ ကြိုရောက်နှင့်သည်ကိုပင် ဝန်တိုချင်နေမိတော့ အခက်သားပဲ။

အေးစက်စက်မိုး၏ ပယောဂကြောင့် ကျွန်တော့်တစ်ကိုယ်လုံး ချမ်းခိုက်နေပြီ။သို့သော် ရင်တွင်းမှ စိတ်အနာအဆာများဟာ ပူလောင်နေဆဲဖြစ်၏။(၃)မိုင်သော ခရီးအတွင်း စက်ဘီးခြေနင်းနှစ်ဖက် ဘယ်နကြိမ် လည်ပတ်ခဲ့မည်လဲ။သောကမီးတွေကတော့ အတွေးစတို့ကြား တဝဲလည်လည်ပေါ့။

  'ရိပ်သာ'ဆိုသည့် ရွာအဝင်ဆိုင်းပုဒ်အား ဖြတ်ကျော်ခဲ့ပြီးနောက် ဝါးခြမ်းကာ ခြံဝင်းအတွင်း စက်ဘီးကို ထိုးရပ်လိုက်လျှင်ပဲ နှမဖြစ်သူ ရှားမေက ပျာပျာသလဲ ဆီးလို့ကြို၏။

"ကိုကြီးရေ...လုပ်ပါဦး"

"မထိတ်သာ မလန့်သာ ရှိလိုက်တာ ရှားမေရယ်။အဘယ်အကြောင်းများ ရှိနေသလဲကွယ်"

"အမေငိုနေတယ် ကိုကြီးရဲ့"

"ဟင်"

သစ်သား လှေကားထစ်များအတိုင်း ကျွန်တော် အိမ်ပေါ်သို့ ပြေးတက်လိုက်သည်။ဘုရားစင်နှင့် မျက်စောင်းထိုး နှီးဖျာခင်းထားသည့် ကြမ်းပြင်ထက်ဝယ် ရှိုက်ကြီးတငင် ငိုနေရင်းမှ အားကိုးတကြီး မော့ကြည့်လာသည့် အမေ...။

"သားကြီး"

"အမေ....ဘာဖြစ်သလဲဟင်။ကျွန်တော့်ကို ပြောပြလေနော်"

"အမေတို့ ချောင်းကမ်းဘေးက မြေပဲစိုက်ထားတဲ့ ယာကွက်လေး မရှိတော့ဘူးသားရဲ့။ပြီး ပြီးတော့လေ.."

အမေ့အသံတွေက စကားမဆုံးခင် သိမ်ဝင်သွားပြန်သည်။အဲဒီနောက် မျက်ရည်တွေက အဆက်မပြတ် ကျလာ၏။

"ဘယ်လို ဖြစ်တာလဲဗျာ။မဟုတ်မှလွဲ မနေ့ညက မိုးတွေသည်းနေခဲ့တာဆိုတော့..."

"ဟုတ်တယ် ကိုကြီး...တောင်ကျရေက အတော်များတော့ ယာကမ်းပါးကို အကုန်တိုက်စားသွားတယ်လေ"

တူမငယ်ကို ချီထားသည့် ရှားမေက ဝင်ပြောလာသည့်အခါ သဘောပေါက် နားလည်သွားရပြီ။ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသော်ငြား အဖေမရှိသည့်နောက်ပိုင်း အားငယ်တတ်လွန်းသည့် အမေ့နံဘေး ကျွန်တော်က မားမားမတ်မတ် ရပ်တည်ရမည်။ပြိုလဲပစ်လို့ မဖြစ်ချေဘူးလေ။

"ကံပဲပေါ့...အမေရယ်။လယ်ကြီးတစ်ကွင်းလည်း ရှိသေးသားပဲ။မျက်ရည်တွေ သုတ်လိုက်ပါနော်"

"သားကြီး...မင်းမသိဘူးကွယ်။လယ်ကြီးလည်း ရေလွှမ်းနေတယ်။စပါးဝမ်းပိုးချိန်ကြီးဆိုတော့ (အနှံထွက်စအချိန်) အဆံအောင်တော့မယ် မထင်ဘူးကွယ့်။ဒီလိုသာဆို စပါးအခွန် ဘယ်လိုဆောင်ကြပါ့မလဲ။ပြီးတော့လေ။ပြီးတော့ မင်းအဖေရဲ့ အချစ်တော် နွားပြာကြီးနှစ်ကောင်...။ဟင့်...ရေနှင့်အတူ မျောပါသွားတယ် သားရဲ့"

"ဗျာ..."

ကျွန်တော့် ကမ္ဘာကြီးတော့ ချာချာလည်သွားပြီ ထင်၏။အဘယ်ဝဋ်တွေကြောင့် ဒီလောက်ကံဆိုးရပါသနည်း။၁၉၈၄ ဆိုသည့် ဒီခေတ်ကာလမှာ နွားတစ်ကောင်၏ တန်ကြေးဟာ (၁၇၀)ကျပ်သာရသည့် မူလတန်းပြကျောင်းဆရာ ကျွန်တော့်လစာ၏ သုံးဆနီးနီး ရှိနေခဲ့သည် မဟုတ်လား။

အလုပ်ဝင်ဝင်ချင်း လစာ(၁၅ဝ)ကျပ်အပေါ်၌ (၂)နှစ်လျှင် (၁၀)ကျပ်တိုးနှုန်းဖြင့် တစ်ဘက်ရွာတွင် တာဝန်ကျခဲ့သည်မှာ (၄)နှစ်တာရှိခဲ့ပြီ။ထိုကာလများအတွင်း အဖြစ်အပျက်တွေက မျက်စိတစ်မှိတ်မျှ မြန်ဆန်လွန်း၏။

လွန်ခဲ့သည့်နှစ်က အဖေနှင့် နှမယောက်ျား ပိုးထိ၍ ဆုံးသည်။(၂)နှစ်အရွယ် သမီးလေးကို ရင်ဝယ်ပိုက်ရင်း ရူးမတတ်ငိုကြွေးခဲ့သည့် ရှားမေ၊အဖေ့စိတ်နှင့် အိပ်ရာထဲ လဲသွားရသည်အထိ ထိချက်ပြင်းခဲ့သည့်အမေ၊ သူတို့တွေကို ကြည့်ရင်း ကျွန်တော် မျက်ရည်မကျသာခဲ့ဘူး။ယခုတစ်ကြိမ်တွင်လည်း ထိုနည်းလည်းကောင်းပေါ့။

"ကံစီမံရာပါပဲ အမေရယ်။စိတ်မကောင်း မဖြစ်ပါနဲ့နော်"

'ကျွန်တော့်မှာ ရည်ရွယ်သူ ရှိနေပြီ'ဟူသော ဝါကျတစ်ခုအစား နှစ်သိမ့်စကားတစ်ခွန်းက နေရာယူခဲ့ပြီ။တစ်စစီကျိုးပဲ့သွားမတတ် ရင်တွေနာရသည်။သို့သော် မျိုသိပ်ရင်းသာ ကျွန်တော် မငိုဖြစ်ခဲ့တော့ပါ။

"ဒီတစ်နှစ်လည်း ဝေးပြန်ပြီ အချစ်ရယ်။လူတွေပြောသလို ဘဝတွေဟာ ခါးလွန်းလှပေါ့ကွယ်"

  ဒီလိုဖြင့်သာ သောကဗျာပါရများကြား နောက်တစ်ရက် မိုးလင်းသွားခဲ့ရသည်။အကြံကုန် ဂဠုန်ဆားချက်တဲ့ ။ကျွန်တော်လုပ်နိုင်တာ စက်ဘီးလေးအား မြို့တက်ရောင်းရန်သာ...။

"လိုရာသုံးဖို့ ယူထားလိုက်ပါ အမေ"

ဖျင်အင်္ကျီ အိတ်ကပ်ထဲမှ နှစ်ဆယ်တန် တစ်ရွက်အား အမေ့လက်ထဲ ထည့်ပေးလိုက်သည်။

"နောက်နှစ်အတွက် ချန်ထားတဲ့ နှမ်းမျိုးထဲက တစ်ပြည်လောက် ရောင်းလိုက်ရင် ဖြစ်ပါတယ်ကွယ်။မင်းသာ လိုရာသုံးပါ"

"နှမ်းတစ်ပြည်မှ ဆယ့်ခုနှစ်ကျပ်ပဲ ရတာမဟုတ်လား။ကျွန်တော်ပေးတာကို ယူထားလိုက်ပါနော် အမေ"

"သာဓုကွယ်။ဒါနဲ့ ကျောင်းသွားတော့မလို့လား သားရဲ့။အမေ ထမင်းချိုင့် ပြင်လိုက်မယ်လေ"

"ဒီနေ့ ကျောင်းကိစ္စနဲ့ မြို့တက်ရမယ် အမေ၊တစ်ညအိပ်တော့ ကြာခဲ့လိမ့်မယ်"

"ဂရုစိုက်ပြီး သွားပါလေကွယ်။ဘေးမသိ ရန်မခ ပြန်ရောက်ပါစေ သားကြီးရယ်"

"ဟုတ်ကဲ့ပါ အမေ"

အမေ့မေတ္တာတွေ အောက်မေ့ကာဖြင့် စက်ဘီးတာယာတို့ တရစ်ရစ်လည်ပတ်ခဲ့သည်။ဦးစွာပဏာမ ခွင့်တိုင်စာပေးရင်း အကြင်သူအား နှုတ်ဆက်ရမည်။အပြန်လမ်းခရီးတွင် ဘဝရဲ့အဖော်မွန် ဒီစက်ဘီးအိုလေး ပါမလာတော့မည့်အရေး တွေးမိတော့ ရင်ထဲမချိလှချေ။အင်းလေ ကံပါသရွေ့ ဆုံကြ၊ကြုံကြရတာပေါ့။

"မောင့်လွမ်းရာ...ဆရာကြီးရှိသလားဟင်"

"အဖေ ရွာထဲ ခဏသွားတယ် ဆရာဂုဏ်း၊ဒီလောက်အစောကြီး ကျောင်းလာတာ မဟုတ်ဘူး မလား။လာ...အိမ်ထဲဝင်ဦးလေ"

ဖျင်နီပုဆိုး အမြဲဝတ်သည့် လွမ်းရာက မြင်လိုက်ရကတည်းက မျက်စိအာရုံ အေးချမ်းသွားစေသည်။မောင့်လွမ်းရာဆိုတာ ကျောင်းအုပ်ဆရာကြီး ဦးအုန်းရွှေ၏ တစ်ဦးတည်းသောသားပင်။ကိုယ်က ဖမရှိ၊ လွမ်းရာက မိမစုံ၊ဘဝတစ်ခြမ်းပဲ့တာချင်းက အတူတူပေါ့။

"ကျုပ် မြို့တက်စရာရှိလို့ ခွင့်တိုင်စာ ချန်ခဲ့ချင်လို့ပါ"

"ကျွန်တော့်ထံ ထားခဲ့ပါလေ"

"လွမ်းရာ...မြို့ပြန် ဘာလက်ဆောင် လိုသလဲဟင်"

"အာ....ကျွန်တော် ကလေးမဟုတ်ဘူးလေဗျာ"

"ကောင်းပါပြီ မောင့်လွမ်းရာ...ဒီအစား မေတ္တာတွေပဲ ပိုလို့ပေးရမှာပေါ့လေ"

"ခင်ဗျားက ပိုတော့မယ်ဗျာ"

"ကျုပ်ဘဝမှာ အမြတ်နိုးဆုံး ဇာတ်လမ်းတစ်ပုဒ်ဟာ မင်းပါပဲ လွမ်းရာ..။ချစ်မိသွားတဲ့နောက် မင်းပြုံးရင် ကိုယ်ပျော်တယ်။မျက်ဝန်းတွေမှာ လမသာတဲ့အခါ ကျုပ်ရင်မှာ လာအပူဟပ်ပြန်တယ်။ ပျော်ရွှင်ခြင်း၊ဝမ်းနည်းခြင်း ရသစုံအောင် မင်းပေးစွမ်းနိုင်တယ်လေ"

"ကျောင်းဆရာရေ...ခင်ဗျား သိပ်စကားတတ်လွန်းတယ်လေ"

"စကားတတ်၏၊မတတ်၏ ဆိုတာထက် ဘယ်အထိ ချစ်၏၊မချစ်၏ဆိုတာက ပိုစိတ်ဝင်စားဖို့ကောင်းမယ် မထင်ဘူးလား မောင့်လွမ်းရာ"

"အညှာကို မခြွေပါနဲ့ဗျာ။တကယ်ကြွေကျမှ မနိုင်မနင်းနဲ့ လေးလှချည်ရဲ့ ဖြစ်နေပါ့မယ်"

"တစ်ဆစ်လောက် လွမ်းရာ"

"ဗျာ.."

"အနမ်းဦးကို မင်းနဖူးမှာ သံတော်ဦးတင်ပါရစေလား"

"ဟာဗျာ"

အကြင်သူ၏ နဖူးလေး နွေးသွားတယ်ဆိုရုံမျှ ကျွန်တော် နမ်းရှိုက်လိုက်သည်။ရှက်ပြုံးလေးပြုံးရင်း တစ်ဖက်သို့ လှည့်သွားသူကြောင့် ကျွန်တော့်အဖြစ်ဟာ ခြေမကိုင်မိ၊လက်မကိုင်မိ ပါပဲ။

"လွမ်းရာ....ကျုပ်သွားတော့မယ်ဗျာ"

"ဟို....ခွင့်တိုင်စာ.."

"အာ....ဒီမှာပါ"

စာရွက်ခေါက်လေးကို စားပွဲပေါ်ချခဲ့ပြီး အိမ်အပြင်ဘက်ရှိ စက်ဘီးအား ဒေါက်ဖြုတ်လိုက်ရင်းမှ ကျွန်တော်ပြုံးမိသည်။ကျန်ရစ်သူ၏ နီရဲရဲနားဖျားတွေကို ပြန်မြင်ယောင်မိတော့ သွေးခုန်နှုန်းများပင် မြန်နေရလေပြီ။

"ကျုပ်နဲ့ လွမ်းရာ ဇာတ်ပေါင်းတဲ့အခါမှ ထားခဲ့ရာကနေ မင်းကိုဧကန် ပြန်လာခေါ်မယ်ကွယ်"

ကိုယ့်ကို စွန့်ပစ်မယ့်အရပ်သို့ ကိုယ်တိုင်၊ကိုယ်ကျ လိုက်ပို့ရသည့် အဖြစ်အား သူ့ခမျာ သိရှာခဲ့ရင် သည်းထန်စွာ ငိုကြွေးလေမလား။ယခုများတော့ မိုင် (၃၀)ကျော်ဝေးသည့် 'တော်ဝင်'မြို့သို့ ရင်နာနာဖြင့် ခရီးဆက်ခဲ့ရပြီ။

"ပွမ်....ပွမ်..."

"အာ...အမေ့.."

"ဒုန်း..."

"ဘုန်း.."

အတွေးများနေခိုက် လမ်းချိုးမှလာသည့်
ဂျစ်ကားတစ်စီးအား လွတ်ကင်းအောင် ကျွန်တော် မရှောင်နိုင်ခဲ့ချေ။ဖျောက်ဆိပ်ပင် ခြေရင်းသို့ တလှိမ့်ခေါက်ခွေး လွင့်စင်သွားသည့် စက်ဘီးလေးအား လဲကျနေရာမှ စုန်ချည်ဆန်ချည် မျက်စိကစားမိသည်။

"အဆင်ပြေရဲ့လားရှင့်။ဘယ်နား နာသွားသလဲဟင်"

"ကျုပ်က ရပါတယ် နှမရဲ့။နာသွားတာက သူရယ်ပါ"

"သြော်...စက်ဘီးလား။ကျွန်မ တာဝန်ယူပါ့မယ်ရှင်။အစ်ကိုက ခရီးသွားဖြစ်မယ်ထင်ရဲ့။အချိန်လည်း လင့်နေပြီဆိုတော့ ဒီညအိမ်မှာပဲ လိုက်တည်းပါလား"

မြို့နှင့် (၄)မိုင်ခန့်သာ ကွာတော့သော်ငြား ခရီးအဝေးကြီး လာခဲ့ရခြင်းကြောင့် လူကပင်ပန်းနေခဲ့ပြီ။ဘယ်လိုဖြစ်ဖြစ် တစ်ညတာနားခိုဖို့ နေရာရှာရဦးမည်မလား။အဆိုးဆုံးက စက်ဘီးရောလူပါ ဒဏ်ရာမကင်း ဖြစ်သွားခြင်းပင်။ထို့ကြောင့် လိုက်သွားရန် ဆုံးဖြတ်လိုက်သည်။

"အာ့...ကျွတ်...ကျွတ်"

"ရလားရှင့်။ကျွန်မကိုတွဲပြီး ကားပေါ်တက်လိုက်နော်။လှမ်းမြင်နေရတဲ့ အမယ်ရာမြိုင်ဆိုတာ ကျွန်မတို့ရဲ့အိမ်တော်ပါ"

"သြော်..."

မြို့အလာလမ်းရှိ ထီးထီးမားမား ထိုအိမ်ကြီးအား မျက်မှန်းတန်းမိတာ ကြာခဲ့ပါပြီ။ယခုတော့ ပိုင်ရှင်၏ ခေါ်ဆောင်မှုဖြင့် ထိုအိမ်ကြီးအား ကျွန်တော် ရောက်လာခဲ့ပြီ။

"အစ်ကို....အိမ်ထဲဝင်လေ"

"ဟုတ် နှမငယ်"

အိမ်ထဲသို့ ဝင်ဝင်ချင်း သြချရလောက်သည့် ခမ်းနားမှုတို့က ဆီးလို့ကြို၏။ခင်းထားသည့် ကြမ်းပြင်ဟာ ပိတောက်သား အချောထည်များပင်။ကျွန်းဖြင့်ပြုလုပ်သည့် ပန်းပုရုပ်တုများက နေရာတကျ ကြွကြွရွရွ ရှိနေသည်။၎င်းနောက် တမလန်း(ဒေသခေါ် သစ်မလန်း) စားပွဲ၊ကုလားထိုင်များက ငေးမောဖွယ်ရာ ကောင်းလိုက်ပေစွ။

အုတ်တစ်ချပ်၏ တန်ကြေးထက် သစ်တစ်ဖြတ်၏တန်ဖိုးက အဆများစွာ သာနေသည်မဟုတ်လား။မှန်းဆရသလောက် အိမ်အခွံကြီးတစ်ခုလုံးကိုပါ အသားကောင်းသစ်များဖြင့် မွမ်းမံခြယ်သထားခြင်း ဖြစ်သည်။ကိုယ်က ငွေကြေးတတ်နိုင်သည် ထားဦး။သစ်ဆိုသည့် အမျိုးက လွယ်လင့်တကူ ဝယ်မရနိုင်ဘူးလေ။

"အစ်ကို ဒီမှာ ဒဏ်ကြေလိမ်းဆေးဘူးပါ"

"ကျေးဇူးပါ ကျုပ်နှမ"

အဲဒီနောက် ထိုမိန်းကလေးက မိခင်ဖြစ်သူနှင့် မိတ်ဆက်ပေးကာ ညစာထမင်းအား သားနားစွာ တည်ခင်းကျွေးမွေး၏။ပြီးတော့မှ ကျွန်တော် တည်းခိုရမည့် အခန်းအား လမ်းညွှန်ပေးလေသည်။

"လာ...အစ်ကို၊ ဒီဘက်က တက်စို့"

အိမ်ကြီး၏ အလယ်တွင် ပိတောက်သား ပွတ်လုံးများဖြင့် လက်ရန်းကာထားသော လှေကားနှစ်စင်း ရှိသည့်အနက် ညာဘက်တစ်ခုမှ တက်ခဲ့ကြသည်။

"ဒါက ကျွန်မအခန်းပါ။တစ်ခုခုလိုအပ်ရင် ခေါ်ပြောဖို့ အားမနာပါနဲ့ရှင်"

"ကျေးဇူးပါဗျာ"

သူမက ဘေးခန်းကို ဝင်သွားလေလျှင် ကျွန်တော်လည်း အခန်းတံခါးကို ဖွင့်လိုက်တော့သည်။မြင်လွှာမှာ ထင်ရှားသွားစေသည်က ကနုတ်ပန်းများ အလှဆင်ထားသည့် တမလန်းကုတင်ကြီးနှင့် ပရိဘောဂ ပစ္စည်းများပင်။

တမလန်းဆိုတာ ကျန်းမာရေးအတွက် အလွန်တရာ ကောင်းပါသည်ဟု သတင်းဆောင်းပါးများတွင် ရေးသားဖော်ပြကြသည်။ညောင်းညာ ကိုက်ခဲမှုအပါအဝင် လေဖြတ်ခြင်းကိုပါ ကာကွယ်နိုင်သည်တဲ့လေ။

"အို လွမ်းရာရေ..။ကျုပ်လေ အမေနှင့် မင်းကို ဒီလိုခမ်းနားမှုမျိုးနှင့် ထားပေးချင်စမ်းပါဘိ"

အခန်းနံရံရှိ ကျွန်းသားဘောင်ခံ ချိန်သီးနာရီကြီးက ည(၈)နာရီကို အချက်ပြနေပြီ။ကိုယ်တိုင်ကလည်း နာကျင်နွမ်းနယ်နေပြီမို့ တရေးတမော အနားယူရန် ထိုကုတင်ကြီးဝယ် နှစ်ခြိုက်စွာ အိပ်ပစ်လိုက်တော့သည်။

"တိန်း တင်း...တိန်း တင်...တိန်း တင်း တင်း...တင့် တင် တင်း...."

  နားဝသို့ ရိုက်ခတ်လာသည့် စောင်းသံ..။၁၉၈၂ ခုနှစ်က ပေါ်ထွက်ခဲ့သည့် ဦးခင်မောင်တိုး၏ စောင်းကြိုးရှိုက်သံ သီချင်းပင်။အဘယ်သူလဲ။ဒီအချိန်ကြီး အဘယ်သူက တီးခတ်နေသလဲ။အိပ်ပျော်တစ်ဝက် နိုးတစ်ဝက်ဖြင့် ငုတ်တုတ်ထထိုင်ရင်းမှ နာရီကြည့်မိတော့ ည(၂)နာရီထိုးနေပြီ။

ထိုတခဏ လေယူရာပါလာသည့် စောင်းသံနှင့်အတူ သင်းပျံ့ပျံ့ကံ့ကော်ရနံ့အား နှာခေါင်းဖျားမှ အာရုံခံမိပြန်သည်။အကြောင်းတရားကား လှစ်ဟာထားမိသည့် ပြတင်းတစ်ချပ် ဖြစ်နေ၏။ထို့ကြောင့် ခြေသံဖွဖွဖြင့် ထိုအနားသို့ ကျွန်တော် ချဉ်းကပ်လိုက်သည်။

"ဗုဒ္ဓေါ.."

ကံ့ကော်ပင်အောက်ရှိ အဖြူရောင်ဒန်းတစ်ခုတွင် မိန်းမပျိုတစ်ယောက် နောက်ကျောပေးကာ စောင်းတီးနေ၏။တစ်ပတ်လျှို ဆံထုံးဘေးတွင် ကံ့ကော်တစ်ပွင့် ပန်ဆင်ထားသည်။ထို အမျိုးသမီးဟာ ဘေးခန်းမှ မိန်းကလေး ဖြစ်နေမလား။သို့မဟုတ်ပါက မည်သူမည်ဝါနည်း။

"ဝေါ...ဝေါ..."

"ဝုန်း..."

"ဘုရား....ဘုရား"

ထိုစဉ် လေပွေ၏ တိုးတိုက်မှုကြောင့် အနီးနားရှိ စာအုပ်စင်နှင့် ကပ်ရပ်စားပွဲမှ စာအုပ်တချို့ ပြုတ်ကျသွားရသည်။

ထိုအခြင်းအရာကို အာရုံရောက်နေခိုက် စောင်းသံတို့က တိတ်ဆိတ်သွားသည်။ကျွန်တော် အမြန်လှမ်းကြည့်လိုက်တော့ လရောင်ဖြဖြအောက် လှုပ်ခတ်နေသည့် ဒန်းထက်ဝယ် အဘယ်သူမျှ ရှိမနေတော့ပါ။

"လွမ်းရာရေ...။ကျုပ်တော့ မျက်စိတွေ နားတွေ ထင်ယောင်ထင်မှား ဖြစ်နေပြီထင်ရဲ့ကွယ်"

စာအုပ်တွေကို ပြန်ကောက်နေရင်းမှ အများစုဟာ စာရေးဆရာမခယ်ရာ၏ ဝတ္ထုတွေ ဖြစ်ကြောင်း သတိထားမိသည်။သူမ ကွယ်လွန်သွားတာ (၆) နှစ်ပင် ရှိတော့မည်။ဆက်စပ်ကြည့်ရလျှင် ဒီအိမ်တော်နှင့် ပတ်သက်မှုတစ်ခုခု ရှိနေနိုင်၏။

"မြက်...
ဝပ်တွားခစား ဤလောကတရားကို
အို အဘယ်မျှ ငါကြောက်ရပါသနည်း"

ဖွင့်ဖတ်မိသည့် ပထမစာမျက်နှာမှ စာတစ်စုဟာ ကျွန်တော့်ရင်ကို လှုပ်ခတ်သွားစေသည်။၎င်းကား လက်ရေးမူဖြင့် ရေးသားထားသည့် ဝတ္ထုတစ်ပုဒ်သာ ဖြစ်လေ၏။မှန်းဆကြည့်ပါက စာအုပ်ထုတ်ရန် ကြံရွယ်ပြီးမှ လက်စကျန်ခဲ့ပုံရသည်။အိပ်မပျော်တော့မည့်အတူတူ စာအုပ်ဆက်ဖတ်ရန် ကျွန်တော် ဆုံးဖြတ်လိုက်သည်။

"မြက် ဒီကိုလာဦး"

မမမြစ်၏ လှမ်းခေါ်သံကြောင့် မှန်တင်ခုံတွင် ခေါင်းဖြီးနေရာမှ အမြန်ထသွားလိုက်သည်။အင်းလေ။မမမြစ်က လေးပင်တာ မကြိုက်ဘူးမလား။

"ငါနဲ့ မေမေ ဈေးထဲမှာ ပိတ်စသွားဝယ်မလို့၊ အောက်ထပ်ကို ခိုးဆင်းဖို့ လုံးဝမစဉ်းစားနဲ့နော်"

မြက် ခေါင်းညိတ်ပြလိုက်သည်။မမမြစ်ကတော့ သူမ၏ အမူအကျင့်အတိုင်း နှာခေါင်းရှုံ့ရင်းသာ လှည့်ထွက်သွားလေပြီ။(၃)နှစ်တာလုံးလုံး ထိုအရာတွေဟာ မြက်အတွက် ရိုးအီနေခဲ့ပါပြီ။ဝမ်းနည်းမှုကို ထွေထွေထူးထူး မခံစားမိတော့ဘူး။

"မေမေဟာ မြက်ရဲ့ဆံပင်ရှည်တွေကို မုန်းနေခဲ့တာလား"

မှန်ရှေ့သို့ ပြန်ရောက်သွားသည့်မြက် ကိုယ့်ပုံရိပ်တွေမှာ မေးခွန်းထုတ်မိ၏။မြက်မှာ ရှည်မျောမျော ဆံပင်တွေရှိသည်။တစ်ပတ်လျှို ထုံးထားသည့် ဆံကေသာဝယ် ညကကောက်ယူခဲ့သည့် ကံ့ကော်တစ်ပွင့်အား ပန်ဆင်လိုက်၏။

"မိန်းမမြတ်တို့ ဆံနွယ်မမည်တဲ့ ငါ့ဦးခေါင်းဝယ် ပန်ဆင်မိလို့ အားနာလိုက်တာ ကံ့ကော်ရယ်။ကြုံတိုင်း ကြိုက်တိုင်း ငါတောင်းပန်ပါ့မယ်ကွယ်"

မှန်ထဲကိုကြည့်ရင်း ပေါ့ပေါ့တန်တန် မြက်ပြုံးလိုက်သည်။မြက်ဟာ ချောမောခန့်ညားသည့် ယောကျာ်းတစ်ဦး မဖြစ်ခဲ့သည့်နောက်ဝယ် မိန်းကလေးနှယ် ဝတ်ဆင်သည့်အခါ မှုန့်ညက်အောင် လှ၍မနေပါ။သူလို ငါလို ရွက်ကြမ်းရေကျို ရုပ်ရည်မျိုးသာဖြစ်၏။

"ငါ့မျက်တောင်လေးတွေရေ...ရောက်ရာအရပ်က သာဓုခေါ်ကြနော်။မမမြစ်က သိပ်ဆိုးပေမယ့် မင်းတို့ကပဲ ခွင့်လွှတ်ပေးလိုက်ကြကွယ်"

မြက်မှာ ရှားရှားပါးပါး သိပ်လှသည့် အရာဆိုလို့ ရှည်ကော့ကော့ မျက်တောင်တွေသာ ရှိသည်။သို့သော် မိန်းမဆန်လွန်းသည်ဟူသော ပြစ်ချက်ဖြင့် မမမြစ်က မြက်နှင့်သူတို့အား ထက်ဝက်ပိုင်း၍ ဘဝခြားပေးလိုက်သည်။ချစ်သူကောင်လေးနှင့် အဆင်မပြေတိုင်း မြက်အပေါ် ဒေါသပုံချတတ်တာ မြက်အပြင် မေမေတော့ သိကောင်းပါရဲ့လေ။

မြက်နှင့် မြစ်တဲ့။မြစ်က မြက်ထက် (၅)မိနစ်စော၍ အမေ့ဝမ်းမှ ထွက်သည်။မြစ်ဆိုတာ အလွှာလွှာသော ကမ္ဘာမြေကြီးတို့အပေါ်မှ ဖြတ်သန်းစီးဆင်းသည့်အရာ၊ မြက်ဆိုတာကတော့ လောကကြီး၏ အမှိုက်သရိုက်မဟုတ်လား။နင်းလိုက နင်း၊ချေလိုက ချေ တုံ့ပြန်ခြင်းကင်းကင်းဖြင့် ဝဋ်ခံနေရသည့် ဘဝမျိုးပင်။

အေမက ဘယ်အဓိပ္ပါယ်မျိုးနဲ့ ထိုအမည် ခေါ်တွင်စေခဲ့သည် မသိသော်ငြား မြစ်ကိုချစ်၍ မြက်ကိုမုန်းသည့် မေမေ့အကြောင်း ကောင်းစွာ တီးခေါက်တတ်နေပါပြီ။

"နင်ကျောင်းထွက်တော့ မြက်၊ နင့်ပုံစံကြောင့် ပတ်ဝန်းကျင်မှာ အရှက်ရနေရပြီ။အခြောက် တစ်ယောက်ကြောင့်တော့ ငါတို့သိက္ခာတွေ အပွန်းတီး မခံနိုင်ဘူး"

လွန်ခဲ့သည့် (၃)နှစ်၊ မြက်(၈)တန်းအရွယ်မှာ မေမေပြောခဲ့သည့် ထိုစကား..။မြက်ဟာ အတန်းပညာ မစုံလင်ခဲ့ပေမယ့် အခြောက်ဆိုသည့် စကားလုံး မြန်မာအဘိဓာန်မှာ ရှိမနေကြောင်းတော့ ကောင်းကောင်းသိ၏။သို့သော်ငြား ပိပြားအောင်ဖိထားသည့် အသိုင်းအဝန်းကြား မြက်မှာချေပစရာ စကားမရှိခဲ့ချေ။

မြက်က သိတတ်စအရွယ်ကတည်းက မိန်းမတစ်ယောက်လို ဝတ်ဆင်ချင်သည်။ဤအရာ ဤစိတ်တို့အား မြက်ဘယ်လို တားဆီးရမလဲ။မြက်ဘဝကို မြက်ဘယ်လို အပြစ်ပေးရမလဲ။အမေတို့အလိုကျ ဖြစ်ပေးလိုက်ချင်စမ်းပါဘိ။ထို့ကြောင့်လည်း ကျောင်းတက်ခဲ့သည့် ကာလပတ်လုံး အမေဆင်ပေးသည့် ဖျင်ချောပုဆိုးဖြင့် နေသားကျဖို့ ကြိုးစားခဲ့တာပါ။

တစ်နေ့ပေါ့။ကျောင်းကပွဲမှာ မြက် စောင်းဝင်တီးခဲ့သည့်နေ့၊မြက်ကမ္ဘာကြီး အမှောင်ကျသွားသည့်နေ့ တစ်ရက်တည်းပါပဲ။ထိုတစ်ကြိမ်တည်း မိန်းမတစ်ယောက်လို မြက်ဆင်မြန်းမိသည်။မျက်နှာချေ အနည်းငယ် လိမ်းကျံမိသည်။ရလဒ်ဟာ မြက်ကျောင်းထွက်လိုက်ရသည် ဆိုပါတော့လေ။

"ဒီနေ့ကစပြီး နေ့ခင်းဘက် အိမ်အောက်ကို ဆင်းခဲ့စရာ မလိုဘူး။နင်ဝတ်ချင်လှတဲ့ မိန်းမအဝတ် နင့်စိတ်ကြိုက် နင့်အခန်းထဲမှာဝတ်နေ၊နင်တီးချင်လှတဲ့စောင်း နင့်စိတ်ကြိုက်တီးစမ်း။အေး...တစ်ခုတော့ရှိတယ်။ငါတို့ဘဝထဲမှာ နင်ဟာ သေလူပဲ"

မသေအောင် ကျွေးကာ ထားပါစေ၊ မြက်ဘဝက လမ်းဆုံးသွားခဲ့ရပြီ။ရယ်သံတွေ ချုပ်တည်းသွားရပြီ။စကားသံလွင်လွင်တွေဟာ လေလှိုင်းတို့မှာ ခိုကပ်ဖို့ရာ လမ်းစမရှိတော့။မြက် ဝမ်းနည်းသည့်အခါ စောင်းကြိုးတွေထက် လက်တင်ဖြစ်သည်။ငိုကြွေးလိုသည့်အခါ ကံ့ကော်တို့ထံ ရင်ဖွင့်မိသည်။အင်း...မြက်ဘဝဟာ ချိတ်ပိတ်ခံလိုက်ရသည့် ကဗျာတစ်ပုဒ်ပါပဲ။

"ဟဲ့....နေ့ခင်းဘက် ဘာလို့ဆင်းခဲ့တာလဲ"

"မြက် ထမင်းစားဖို့ပါ မေမေ"

"ခက်ဝါ..."

"ဟုတ် မေမေကြီး....ကျွန်မ ထမင်းပို့ဖို့မေ့ပြီး ဗန်ဗန်ကို ကျွေးလိုက်မိတယ်"

မြက်ဆိုတာ အားလုံးရဲ့ အကြဉ်ခံ အဖယ်ခံ လူတစ်ဦးပါပဲ။လူမလေး ခွေးမခန့်တဲ့။မြက်ဘဝဟာ အများအမြင်မှာ နိမ့်ကျလွန်းသည် ထင်ပါရဲ့။တစ်အိမ်လုံးရဲ့ အချစ်ခံ ခွေးကလေးဗန်ဗန်ကို မြက်အားကျမိတာ မဆန်းဘူး မဟုတ်လား။

"စကားပြောဖော် ကြောင်လေးတစ်ကောင်လောက် ဝယ်ပေးပါလား မေမေ၊မြက် အခန်းထဲမှာပဲ နေပါ့မယ်လေ"

"ငါ့စကားကို နားမထောင်ခဲ့ဘဲ အခုမှ ဇာတ်နာမပြနဲ့ မြက်...ငါမသနား တတ်ဘူးတော်ရဲ့"

"မြက် ပင်ပန်းတယ် မေမေ"

"အဟက်...ဒီအိမ်မှာ ဘာစောက်လုပ်မှ မလုပ်ဘဲ ထမင်းစားရတာ နင်နဲ့ ဗန်ဗန်ပဲရှိတယ်။ဒါတောင် ဗန်ဗန်က ငါတို့မျိုးရိုးဂုဏ်ကို မညှိုးနွမ်းစေဘူး။သိရဲ့လား"

"တော်တော့ မယ်ရာ...."

"မမ..."

"ဟုတ်တယ် ငါညည်းအစ်မ"

"နင်ဘယ်တုန်းက ပြန်ရောက်တာလဲ"

ကြီးကြီးကို မြင်လိုက်ရခိုက် မြက်မျက်ရည်ကျမိပြီ။နွံနစ်နေသည့် လူတစ်ယောက် နွယ်တစ်ပင်ကို လှမ်းဆွဲမိသည့် အားကိုးမှုမျိုးနဲ့ပေါ့။

"မြက်တို့အဖေ သေပြီးကတည်းက ငါ့တူကို ညည်းတို့ အနိုင်ကျင့်နေခဲ့တာ။အခုထိ အားမရကြသေးဘူးလား"

မြက်ရဲ့ ဖေဖေဟာ နှလုံးရောဂါဖြင့် ဆုံးပါးသွားခဲ့သည်။အကျဉ်းထဲ အကြပ်ထဲက မြက်ဘဝဟာ ထိုအခိုက်အတန့်တွေနောက်မှာ ပို၍ မှောင်မိုက်ခဲ့ရသည်။ကြီးကြီးကလည်း မြို့ပေါ်တွင်သာ အနေများခဲ့တော့ မြက်ဘက်မှာ သာစရာ ဘာအလေးမှ ရှိမနေခဲ့ပါ။

"နင်ကသာ ငါ့တူလို့ ပြောနေတာ မမရဲ့။အခုကြည့်စမ်းပါဦး။အထီးလား အမလား မသဲကွဲတဲ့ သတ္တဝါလေ"

"မယ်ရာ...ညည်း အတ္တသိပ်ကြီးပါလားအေ။နင့်အစ်မဖြစ်ရတာ ငါသိပ်ရင်နာတယ်။ငါတို့အသိုင်းဝိုင်းမှာ လူစိတ်မရှိတဲ့ ညည်းလိုမိန်းမမျိုး အသေလေး မွေးခဲ့သင့်တာ"

"မမ...ညီအစ်မချင်း နင်ဒီလို ပြောထွက်တယ်ပေါ့လေ"

"အဟွန်း...ညည်းတောင်မှ သားအမိချင်း မစာမနာ ပြောဆိုနေသေးတာပဲ။ငါဘာလို့ ပြောမထွက်ရမှာလဲ"

"မမ နင်...နင်"

"သိပ်နာမပြနဲ့ မယ်ရာ။ငါ ညည်းကို ဒီတစ်ခါပဲ အထိနာအောင် ပြောဖူးတာ။ဒါတောင် ညည်းဒီလောက်စပ်နေရင် ဘဝတစ်လျှောက်လုံး ညည်းတို့ရဲ့ ပြောဆိုထိုးနှက်မှုဒက်တွေကို သူဘယ်လောက် ခံစားခဲ့ရမလဲ။ဘယ်လောက်တောင် နာကျင်ခဲ့ရမလဲ။ကိုယ်ချင်းစာ ကြည့်ပါဦးလား"

"သားဦးစနေ မီးလိုမွှေနေတာကျတော့ နင်မသိဘူး မဟုတ်လား မမ..။ငါတို့ရဲ့ ဂုဏ်သိက္ခာတွေ သူချနင်းနေတာလေ"

"မြစ်ကအကြီး မြက်ကအငယ်...နင်ဦးနှောက်မှ မှန်သေးရဲ့လား မယ်ရာ..။ပြီးတော့ သားဦးစနေက ဆိုးသတဲ့လား။အဟွန်း...ဆိုးချင်တဲ့ကလေးက စနေသား၊ တနင်္လာသားလို့ သတ်မှတ်မနေဘူး။ဗီဇကဆိုးနေရင် ဘာနေ့မွေးမွေး ဆိုးမှာပဲ။နောက်တစ်ခု ယောက်ျားစစ်စစ် မိန်းမစစ်စစ်တိုင်းကရော ကောင်းနေကြသလား။လူ့ကျင့်ဝတ်နဲ့ညီမှ လူပီသတာပါအေ။လူလူချင်း မစာနာတတ်တဲ့ညည်းတို့မှာ နာစရာဘာဂုဏ်များ ရှိသေးလို့လဲ"

မြက် မေမေ့ကို မမုန်းခဲ့သလို မမမြစ်ကိုလည်း သိပ်ချစ်ခဲ့ပါသည်။ကြီးကြီးပြောနေသည့် စကားတွေကြောင့် မေမေမက မျက်နှာတွေ မဲမှောင်ကုန်ပြီ။ထိုစဉ် ဗန်ဗန်ကိုချီထားသည့် မမမြစ်က အနားသို့ရောက်လာသည်။

"ဒီလောက် နိမ့်ကျတဲ့ကောင်ဘက်က ကြီးကြီးက ဝင်နာပေးနေတယ်ပေါ့လေ"

"သြော်....ညည်းကိုလည်း ငါတစ်ခါတည်း ပြောရဦးမယ်။နိမ့်ကျတာကို ဘယ်ပေတံနဲ့ တိုင်းလိုက်တာလဲ"

"ယောကျာ်းဖြစ်နေပါရက် နိမ့်ပါးတဲ့ဘဝကို ခုန်ဆင်းနေမှတော့ နိမ့်ကျနေပြီပေါ့ ကြီးကြီးရယ်"

"ကောင်းပြီ။ညည်းလက်ထဲက ခွေး၊ညည်းချစ်လှတဲ့ခွေး..၊အဲတာ အနိမ့်ကျဆုံး အပ္ပါယ်လေးဘုံမှာပါတဲ့ ဝဋ်ခံနေရတဲ့ တိရိစ်ဆာန်ပဲ။အေး...ဘဝနိမ့်တာ ထည့်ပြောချင်သပါ့ဆို အဲဒီခွေးကို အမှိုက်တောင်းထဲ အရင်သွားပစ်ချေ"

"....."

"လူဆိုတာ ကုသိုလ်၊အကုသိုလ် ရွေးလုပ်နိုင်တဲ့ တစ်ခုတည်းသော ဘုံဌာနမှာ ဖြစ်တည်လာတာ။ဝဋ်ဒုက္ခမကင်းစွာ သံသရာမှာ ကျင်လည်ရတာချင်း တူပေမယ့် တိရိစ်ဆာန်ထက် လူဆိုတာက အများကြီးမြတ်တယ်။ ခွေးတွေကြောင်တွေကိုတောင် ငါတို့ မေတ္တာထားနိုင်သေးတာပဲ။ညည်းမောင် ငါ့တူက လူအေ့ လူ..။ဘယ်သူ့ကိုမှ ထိခိုက်နာကျင်အောင် မလုပ်ခဲ့ဖူးတဲ့လူ..။ပညာတတ်ပြီး မေတ္တာနဲ့ အသိဉာဏ် ခေါင်းပါးနေတဲ့ ညည်းတို့ကမှ နိမ့်ကျတဲ့အဆင့်အတန်းကို ရောက်မှန်းမသိရောက်နေတာ။ရှက်တတ်ရင် ကိုယ့်မျက်ချေးကို ကိုယ်ပြန်မြင်ကြပါဦးအေ"

"ကြီးကြီး..."

"မြစ်.... ထားလိုက်တော့။ညည်း ကြီးကြီးက စာတွေရေးရလွန်းပြီး ရူးနေပြီထင်တယ်"

မေမေနှင့် မမမြစ်က ခွန့်တုံမပြန်နိုင်တော့သည့်အဆုံး စိတ်ဆိုးမာန်ဆိုးဖြင့် ထွက်သွားကြတော့သည်။

"မြက်...မနက်ဖြန် ကြီးကြီး မင်းကို ဒီအိမ်ကနေ ခေါ်သွားမယ်နော်။အားမငယ်တော့နဲ့ကွယ်။သင်းတို့ရဲ့ယုတ်မာမှုနဲ့ မင်းလိုကြုံတွေ့နေရတဲ့ အဖြစ်မျိုးတွေ လူအများကိုချပြနိုင်အောင် ကြီးကြီး ကြိုးစားပေးမယ်ကွယ်"

"မြက် မေမေတို့နဲ့ မခွဲချင်ဘူး ကြီးကြီးရယ်။လှောင်ချိုင့်ထဲမှာ မြက်နေပျော်နေပါပြီ"

"ခက်နေပါရောလား မြက်ရယ်"

ဒေါ်ခယ်ရာ မြက်ကို ဖျောင်းဖျပြီး အပေါ်ထပ်သို့ တက်လာခဲ့သည်။အခန်းထဲရောက်သည်နှင့် စာအုပ်တစ်ခု ဆွဲယူကာ ကဗျာတစ်ပုဒ် အစချီ၍ ဇာတ်လမ်းတစ်ပုဒ် ရေးသည်။သို့သော်....။

"ကြီးကြီး ခေါင်းတွေ ကိုက်လာတယ် မြက်ရယ်။မနက်(၃)နာရီလည်း ထိုးပြီလေ။ကြီးကြီး အိပ်တော့မယ်ကွယ်။တစ်စုံတစ်ရာကို ကြိုမြင်နေသလိုပဲ မြက်ရဲ့။အကယ်၍ ကြီးကြီး မနိုးထခဲ့တော့ရင် မင်းကိုယ်မင်း ဂရုစိုက်ရမယ်နော်။ပြီးတော့ အမြဲတမ်း သန်မာရမယ်"

နောက်ဆုံး စာပိုဒ်ကို ကျွန်တော်ဖတ်ရင်း ရင်ထဲ၌ ဆို့နင့်သွားရသည်။ဆရာမခယ်ရာဟာ ဦးနှောက်သွေးကြောပြတ်ပြီး ဆုံးသွားသည်ဟု သတင်းစာတစ်ခုတွင် ဖတ်ခဲ့ဖူးသည်။ဒီလိုဆို မြက်ဆိုသည့် ကလေးဟာ ယခုထိ ရှိနေသေးတာလား။ကံ့ကော်ပင်အောက်က ပုံရိပ်တစ်ခုဟာ သူဖြစ်နေမလား။

စာအုပ်အရ မှန်းဆရလျှင် ထိုကလေးဟာ (၂၂) အရွယ်ရှိကာ ကိုယ့်ထက်(၆)နှစ်လောက် ငယ်လိမ့်မည်။တွေးမိတိုင်း အသည်းနာသည်။ကြေကွဲစရာ ဇာတ်လမ်းတစ်ပုဒ်ဟာ အိပ်မရခြင်းကို ဖြစ်တည်စေခဲ့ပြီ။အမှန်တကယ်ပင် တစ်ညလုံး တမှေးမျှအိပ်မရဘဲ မိုးလင်းသွားခဲ့ရသည်။

"တောက်....ငါမုန်းတာ အဲတာတွေပဲ"

ကျယ်လောင်စွာ ထွက်ပေါ်လာသည့် အောက်ထပ်မှ အော်သံတစ်ခုကြောင့် ကျွန်တော်အမြန်ထရပ်လိုက်မိသည်။အကြောင်းတစ်ခုတော့ ရှိနေပြီထင်၏။

"တစ်ညလောက် မထွက်ရတာနဲ့ နင်သေသွားမှာလား"

"...."

"ဧည့်သည်ရှိတာကိုရော နားမလည်ဘူးလား"

"မြက်..."

"ဘာသံမှ မကြားချင်ဘူး။အပေါ်ပြန်တက်တော့"

"ခဏလောက် ဒေါ်ဒေါ်..."

"မင်း...."

စကားအရာ မတွန်းလှန်နိုင်သူအား ဆူပူကြိမ်းမောင်းနေသူ ဒေါ်မယ်ရာက ကျွန်တော်ရှိရာသို့ ရှူးရှူးရှားရှား လှည့်ကြည့်လာ၏။မိန်းကလေး အသွင်ဖြင့် ရှိနေသူဟာ မြက်ပင်ဖြစ်လိမ့်မည်။စာလွှာတွေမှာ ဖော်ပြထားသလို မြက်ဟာ သာမန်ရုပ်ရည်မျိုးသာဖြစ်သည်။

"ဒီစာအုပ်လေး ဖတ်မိတော့ ကျုပ်ရင်မချိဘူး ဒေါ်ဒေါ်ရယ်။မြက်သာ ကျုပ်တို့အမေဝမ်းမှာ သန္ဓတေည်ခဲ့ရင် ဆင်းရဲတာကလွဲလို့ မိခင်မေတ္တာတော့ ပြည့်ဝစွာရခဲ့မှာဗျ"

"မင်းနှင့်မဆိုင်ဘူး မောင်ရင်"

"လူတစ်ယောက်မို့ လူစိတ်ထားပြီး ဝင်ပါမိတဲ့သဘောပါ"

"ဘာ...မင်း...မင်းကများ"

ဒေါ်မယ်ရာ၏ မျက်နှာဟာ ရေနွေးပူပူဖြင့် ဖျန်းပက်ခံလိုက်ရသည့်နှယ် ဒေါသအဟုန် ရဲရဲထကုန်သည်။ထိုအခိုက် မြစ်ဆိုသည့် မိန်းကလေးက စိတ်ဆိုးမာန်ဆိုး ပုံစံမျိုးဖြင့် လှေကားမှ ဆင်းလို့လာ၏။

"မေမေ...သမီးအခန်းကို ဘယ်သူ အပြင်လော့ ချသွားတာလဲ။ခက်ဝါသာ လာမဖွင့်ပေးရင် မွန်းကျပ်ပြီး သေတော့မလို့ရှင်"

"အဲတာကျုပ်ပဲ မြစ်"

"ဘာရယ်...ရှင်..ရှင်"

"တစ်နာရီရဲ့ တစ်စိတ်တစ်ပိုင်းလောက် ပိတ်မိရုံနဲ့ တုန်လှုပ်မပြနဲ့လေ။ဘဝတစ်လျှောက်လုံး အမှောင်ချခံထားရသူကို မင်းစာနာမှပေါ့ကွယ်"

"ညည်းကြားလား။ညည်းခေါ်လာတဲ့ လူလေ။ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်နေတာ"

"အဟက်...လက်စသတ်တော့ ရှင်က အမှိုက်ဘက်က လာနာနေတာပဲ"

"ပြန်မရှင်သန်နိုင်အောင် အညွှန့်ကနေချိုးချပြီးမှ အမှိုက်တစ်စလို့ နာမည်တပ်ခဲ့တာ တရားခံဟာ ခင်ဗျားတို့ပဲ ဖြစ်ပါလိမ့်မယ်"

သားအမိနှစ်ယောက်ဟာ အံတင်းတင်းကြိတ်ကာ လက်နှစ်ဖက်အား တင်းကျပ်စွာ ဆုပ်ထားကြ၏။အင်းလေ၊ အနာထိလို့ စပ်ကြတာ သဘာဝပဲမလား။

"ခင်ဗျားတို့သာ သူ့အပေါ်မှာ နှလုံးသားနဲ့ ရှုမြင်ခဲ့ရင် သူတီးခတ်တဲ့ စောင်းသံဟာ လောကကြီးကိုပါ နာပျော်စေလိမ့်မယ်။သူပန်ထားတဲ့ ကံ့ကော်တစ်ပွင့်ဟာ တလောကလုံးကို သင်းပျံ့စေလိမ့်မယ်။အခုတော့ဗျာ။ပန်းကောင်းအညွှန့်ကို ရက်စက်စွာ ချိုးရက်ကြပါ့"

မလှုပ်မယှက် ရပ်နေသည့် ခန္ဓာကိုယ်ပိုင်ရှင်ဟာ လက်ထိပ်တွေအချင်းချင်း နီရဲသည်အထိ ကုတ်ဖဲ့နေ၏။ဘဝကို သိမ်ဖျင်းသွားစေမည့် အဆိပ်မျိုးသုံးကာ စနစ်တကျ နင်းချေထားခဲ့ကြသည်။တကယ်ကို ကြောက်ဖို့ ကောင်းလိုက်လေစွ။

"ဒီမှာ မောင်ရင်...ငါမွေးထားတဲ့သား ငါ့ဘာသာ သတ်လို့ပဲ စားစား...ဝင်စွက်ဖက်ဖို့ မင်းမှာ ဘာအာဏာမှ မရှိဘူး"

"သားသမီးကို မချစ်တဲ့မိဘ ဒီလောကမှာ ရှိနေတဲ့အကြောင်း ဒေါ်ဒေါ်က သက်သေပြလိုက်တာပါပဲ"

"မင်းပြန်လိုက်တော့"

ဒေါ်မယ်ရာ၏ အော်သံကြီးက ဧည့်ခန်းတစ်ခုလုံး သောသောညံသွား၏။

"ဒေါ်ဒေါ်တို့ရဲ့ မာန်မာနမီးခဲတွေကြား လောင်ကျွမ်းသွားတဲ့ မြေစာပင်ကို အသုံးမလိုတော့မယ့်အတူတူ ကျုပ်ကိုပဲ လက်ဆင့်ကမ်းလိုက်ပါ။ထမင်းတစ်နပ်၊ ကျောတစ်နေရာစာအတွက် ခင်ဗျားတို့သတ်မှတ်တဲ့ အမှိုက်ကို ရှင်းပေးသွားတယ်လို့ သဘောထားပေါ့"

"အဟက်..."

မရဲတရဲ မော့ကြည့်လာသည့် မျက်ဝန်းတို့၌ အားကိုးရိပ်များ ဖြတ်ပြေးသွားခိုက် ဒီကလေးကို မျက်ကွယ်ပြုခဲ့ဖို့ ကျွန်တော် ဝန်လေးသွားခဲ့ရပြီ မဟုတ်လား။

"မင်း ကျုပ်နဲ့ လိုက်ခဲ့ချင်သလား"

"......"

"ဘယ်သူ့ကိုမှ ထောက်ရှုနေစရာမလိုဘူး။မင်းသာ ဆန္ဒရှိရင် ကျုပ်ဘဝနဲ့ရင်းပြီး ခေါ်ထုတ်ပေးသွားမယ်"

ထိုအခါမှ မြက်က ခေါင်းတဆတ်ဆတ်ငြိမ့်၏။ဒီကလေး ပင်ပန်းရှာတော့မည်လေ။သံယောဇဉ်တွေ၊သောကမီးစတွေကို လွှတ်ချခဲ့ဖို့ အချိန်သင့်ပါပြီ။အကြင်သူရေ၊ဒီဆုံးဖြတ်ချက်အတွက် ကျုပ်ကို ခွင့်လွှတ်မယ်မလား။

"ဒေါ်ဒေါ်....မြက်ကို ကျုပ်နဲ့ထည့်လိုက်ပါ"

"ဘယ်လုပ်ပိုင်ခွင့်နဲ့ တောင်းဆိုနေတာလဲ"

"ကျုပ်သူ့ကို လက်ထပ်ယူမယ်"

"ဘာရယ်"

"ဒီလိုဆို ကျုပ်အိမ်ထောင်ဘက်ကို ကျုပ်ပိုင်သွားပြီမလား"

"အဟွန်း...ဒီလောက်ဖြစ်နေရင် ခေါ်သွားအေ။မင်းပြောသလို ငါ့အိမ်မှာ အမှိုက်ရှင်းတာပေါ့။မြစ်...ညည်းမင်္ဂလာပွဲအတွက် ကြိုစီစဉ်ထားတဲ့ လက်ထပ်စာချုပ် သွားယူပေးလိုက်"

"ဟုတ်ကဲ့"

"ဒီစာချုပ်ဟာ ငါတို့အတွက်တော့ အပြီးတိုင်စွန့်လွှတ်ခြင်းလို့ အဓိပ္ပါယ်ရတယ်။ကျန်တာ မင်းအပိုင်းပဲ"

"သက်သေအဖြစ် လိုချင်သပါ့ဆို ယူထားလိုက်ပါ။ကရုဏာနဲ့ ရွေးတဲ့လမ်းမှာ စာချုပ်စာတမ်းတွေ မလိုအပ်ပါဘူး"

ရွေးချယ်လိုက်သည့် အမှန်တရားအတွက် နှလုံးသားနှစ်စုံနှင့် အကြင်သူအား ရင်းနှီးလိုက်ရသည်။လူသားဆန်မှု၏ တစ်ဖက်ခြမ်းတွင် ဝမ်းနည်းမှုတို့ ကင်းဝပ်သည်။သို့သော် သေချာဆုံးဖြတ်ခဲ့သည် မဟုတ်လား။

"မင်းအမေကို မွေးကျေးဇူးအတွက် ကန်တော့ခဲ့ပါ။ မင်းအစ်မကိုတော့ မင်းသဘောပေါ့"

"....."

"မင်းမြတ်နိုးတဲ့ စောင်းတစ်လက်နဲ့ မင်းခေါင်းထိပ်က ကံ့ကော်တစ်ပွင့်ကလွဲရင် ဘယ်အရာမှ ယူမလာပါနဲ့။စိတ်ချ...မင်းမျက်နှာ တစ်ချက် မငယ်စေရဘူးလေ"

မြက်က ထိုနှစ်ဦးအား ဦးချဝပ်တွားလိုက်သည်။သို့သော် တုံ့ပြန်မေတ္တာ မရခဲ့ချေ။အဲဒီနောက် အမယ်ရာမြိုင်အား ခြေစုံကန်ခဲ့ကြသည်။စုတ်ပြတ်သတ်နေသည့် စက်ဘီးအား လက်တစ်ဖက်ဖြင့် တွန်းယူခဲ့၏။အကြင်နာတရား ခေါင်းပါးရာအရပ်မှာ နင်းခဲ့မိသည့် ခြေရာကိုတောင် ဖြစ်နိုင်လျှင် ပြန်ခွာယူခဲ့ချင်စမ်းပါဘိ။

"အကြင်သူရေ...ကျုပ်စကားကို ပြန်ပြင်ချင်တယ်ဗျာ။ခမ်းနားခြင်း အခွံသာရှိပြီး အတ္တမီးတွေခိုကပ်နေတဲ့ ဒီအရပ်အစား ဝါးထရံအိမ်မှာပဲ မေတ္တာပေးကာ ထားချင်တော့ရဲ့ကွယ်"

မဖြစ်နိုင်တော့မည့် ဝါကျတွေအား တိုးဖွဖွရေ ရွတ်မိတော့ မြက်ကလှည့်ကြည့်လာသည်။မြက်စကားပြောတာတော့ ကျွန်တော်မကြားဖူးသေးချေ။

"ဆရာဂုဏ်း...ခြေလျင်ကြီး ရွာပြန်ဖို့လားကွယ်"

"ဟုတ်တယ်ဗျ"

"မြို့အပြန် ရွာအထိ လမ်းကြုံသားပဲ။လှည်းပေါ် တက်ကြလေဗျာ"

"ကျေးဇူးပါ ဦးရာသောင်း"

  အဆိုပါပုဂ္ဂိုလ်ဟာ ကျွန်တော်တာဝန်ကျရာ ရွာသားဖြစ်၏။ဤသို့ဖြင့် ပန်းချည်ရွာအထိ လှည်းကြုံစီးကာ ရွာသို့ခြေလျင်လျှောက်ခဲ့ကြသည်။အကြင်သူ၏ အိမ်ရှေ့ကိုအဖြတ် ခေါင်းမမော့ဝံ့ခဲ့တာ ဒီတစ်ကြိမ်ဟာ မှတ်မှတ်ရရပါပဲ။

"အမေဖြင့် ဘာပြောရမှန်း မသိတော့ဘူးကွယ်"

"မတိုင်မပင် ကျွန်တော် ဆုံးဖြတ်ခဲ့မိလို့..."

"အမေ အပြစ်မတင်ပါဘူး သားကြီးရယ်။ နာသုံးနာခံတဲ့ ဆရာတစ်ယောက်ကို သားတော်ထားတဲ့ အမေပါကွယ်။ဥစ္စာချို့တဲ့ပေမယ့် မေတ္တာတွေ အမေကြွယ်ဝပါတယ်"

"ကျေး...ဇူး...ပါ...ဒေါ်..ဒေါ်"

တစ်လုံးချင်း ထွက်ကျလာသည့် စကားသံတွေက ကျွန်တော့်ရင်ကို လှိုင်းအကြီကြီး ရိုက်ခတ်သွားစေသည်။အခန်းကျဉ်းထဲမှာ အဖော်မဲ့စွာ နှစ်ရှည်လများ ရှင်သန်ခဲ့ရခြင်းက ဤမျှအထိ အကျိုးသက်ရောက် စေသတဲ့လား။ရင်မချိစွာ ကျွန်တော် ဆွံ့အမိသည်။

"ဆ..ရာ...၊ မြက်...ကျေး..ဇူး...တင်...ပါတယ်"

"မလိုဘူးကွယ်။လှောင်ချိုင့်ထဲက မင်းဘဝ လွတ်မြောက်လာတာကိုပဲ ကျုပ်ဝမ်းသာလှပါပြီ။ညကျရင် ကျုပ်အခန်းမှာ မင်းအိပ်လိုက်ပါ။အဝတ်အစားအတွက် နောက်ရက် စီစဉ်တာပေါ့"

ကိုယ်တိုင်ဟာ ဘုရားစင်ရှေ့မှာ တစ်ညတာလုံး ငုတ်တုတ်ထိုင်လျက်ပေါ့။အပြစ်ကင်းသည့် လွမ်းရာ၊သိပ်ချစ်သည့် လွမ်းရာ၊ကျုပ်၏အကြင်သူ မောင့်လွမ်းရာအား ကြေကွဲစရာ မြေစာတစ်ပင်အကြောင်း အဘယ်သို့ ပြောပြရပါမည်လဲ။ထားခဲ့ဖူးသည့် သစ္စာကြိုးကို ဘယ်နှလုံးသားနှင့် ဖြေရပါ့မလဲ။အိမ်ရှေ့ကွပ်ပျစ်မှ စောင်းသံတို့ဟာ အိပ်ပျော်ဖို့ရာ မစွမ်းသာခဲ့ပါဘူး။

အို...အကြင်သူ
မင်းသာဓုခေါ်နိုင်မယ်မလား.."

  တွေးရင်းတောရင်း၊ ရင်မောရင်းသာ မိုးလင်းသွားရတော့သည်။ကျောင်းပိတ်ရက်ပင် ဖြစ်လင့်ကစား စေတီခြေရင်းအား ညနေ,နေရီ အရောက်လာမည်ဟု အကြင်သူထံ စာလွှာပါးရသေးသည်။

"ဆရာ..."

"သြော်...မြက်၊ ကျုပ်မညာချင်လို့ တစ်ခုပြောပါရစေကွယ်။ကျုပ်အကြင်သူဟာ မင်းလိုပဲ ယောက်ျားတစ်ယောက်ပါ။သို့ပါငြား ဆက်ပြီးရည်ငံဖို့ရာ မသင့်တော်ဘူးလေ။ဒါကြောင့် နောက်ဆုံးအကြိမ် သွားနှုတ်ဆက်ဖို့ ယာခင်းအပြန် ကျုပ်နောက်ကျပါလိမ့်မယ်"

"ဟုတ် ကဲ့ ပါ ဆရာ"

မိုးချုပ်စချိန် ယာခင်းမှ တစ်ဆက်တည်း ပန်းချည်ရွာသို့ ခြေသုတ်တင်ခဲ့သည်။စေတီမုခ်ဦးမှာ စောင့်နေသူကို မြင်လိုက်ရခိုက် ဆို့နင့်မှုနှင့်တကွ နာကျင်ရပြန်သည်။ဖျင်နီပုဆိုး ဆင်မြန်းတတ်သူဟာတော့ ဒီနေ့မှာလည်း တည်ငြိမ်အေးချမ်းလျက်ရှိ၏။

"လွမ်းရာ..."

"ဆရာဂုဏ်း..."

"ကျုပ်လေ.."

"မြို့ပြန်လက်ဆောင်ဟာ ရင်နှစ်ခြမ်း ဗျန်းဗျန်းကွဲစေမယ့် မြားတစ်စင်းဆိုတာ ကြိုသိခဲ့ရင် မေတ္တာတွေပဲ ပြန်သယ်လာပါလို့ ပူဆာမိခဲ့မယ် ထင်ပါရဲ့ဗျာ"

"လွမ်းရာရယ်...ကျုပ်တောင်းပန်ပါတယ်ကွယ်"

"မလိုပါဘူးလေ။နှလုံးသားတွေကို လက်ပမာပြုပြီး ဒီမြေစာကို အတူပျိုးထောင်ပါစို့။ပေကျံမယ့် ရွံ့တွေကိုအမှုမထားဘဲ သံသရာမှာ ရေစက်ပါစေဖို့ ကျွန်တော်ရည်စူးပါ့မယ်"

"ကျုပ်ကြောင့် မင်းနာကျင်ရပြီကွယ်"

"ဒီသတင်း ကြားကြားချင်း မတုန်လှုပ်ဘဲတော့ ဘယ်ရှိပါ့မလဲ ဆရာဂုဏ်းရယ်။သို့ပေမယ့် ရင်ကွဲခြင်းကို မျက်ကွယ်ပြုပြီး ချစ်ရသူအတွက် ဂုဏ်ယူချင်တာမို့ ခင်ဗျားစိတ်မကောင်းမဖြစ်ပါနဲ့လေ"

"လွမ်းရာရယ်"

"ခင်ဗျားကို ချစ်ခဲ့မိလို့ နောင်တမရဘူးလေ။စေတီဦးမှာ ထားဆိုဖူးတဲ့ သစ္စာစကားကို သေသည်အထိ ကျွန်တော် ယုံကြည်သွားမှာပါ"

"မောင့်လွမ်းရာ...ကျုပ်ရင်တွေ နာလိုက်တာဗျာ"

အကြင်သူက စကားမပြန်ဘဲ တိတ်ဆိတ်စွာရှိ၏။ဆည်းလည်းသံသာတို့ကလည်း တသဲ့သဲ့ မြည်နေသည်။

"ဆရာဂုဏ်း...ဆရာဂုဏ်း"

"ဗျာ...ဘာများလဲ မောင်မောင်ရယ်"

"မိန်းကလေးပုံစံနဲ့ ယောကျာ်းတစ်ဦး ဆရာ့ကို ဒီစာပေးခိုင်းလိုက်တယ်ဗျ။ဟိုနားကနေ ဆရာတို့ကို သူအကြာကြီး ကြည့်သွားသေးတာ"

"ဟင်"

လွမ်းရာရှေ့မှောက် ထိုစာကို ကျွန်တော် ဖွင့်ဖတ်လိုက်သည်။လက်ရေးသော့သော့များက ကျွန်တော့်အား ထိတ်လန့်သွားစေသည်က အမှန်ပင်။

"ဆရာ...အဖော်မဲ့ တိုးတိတ်စွာရှင်သန်ခဲ့ရတာ ဆင်းရဲခြင်းတစ်ပါးဆိုရင် မချစ်မနှစ်သက်သူနဲ့ အတူနေရခြင်းက ဆရာ့အတွက်လည်း သောကမည်တယ်မဟုတ်လား"

"တကယ်တော့ မြက်ဟာ အချစ်မခံရဖို့ ဝဋ်ကြီးခဲ့တယ် ထင်ပါရဲ့လေ။ အားကိုးခြင်းရဲ့ နောက်မှာ ချစ်ခြင်းသဘောတွေ ကပ်ပါသွားမှာ မြက်သိပ်ကြောက်ခဲ့တာ။ဆရာ့အိတ်ထောင် ဘောင်ကျဉ်းကျဉ်းထဲက အမျိုးသားတစ်ဦးကို ဝန်တိုမိခြင်းအတွက် မြက် ဘယ်ခေါင်းစဉ် တပ်ရပါ့မလဲ"

"သားရေပေါ်အိပ် သားရေးနားစား၊ အမဲရိုးက ဟင်းအိုးမှ အားမနာတဲ့။ဒီဆိုရိုးစကားတွေနဲ့ မြက်မသက်ဆိုင်ချင်ဘူး ဆရာရယ်"

"မြက် အဒေါ့်ကို ရွာထဲခဏဆိုပြီး ထွက်လာခဲ့တာ။ညာခဲ့မိလို့ တောင်းပန်စကားကို ဆရာနဲ့ ပါးပါရစေ။ပြီးတော့လေ၊ အမြတ်နိုးဆုံးအရာကို အမြတ်နိုးရဆုံးလူထံ ပေးအပ်ခဲ့မယ် ဆရာ..။ကြိုးပြတ်နေတဲ့ စောင်းတစ်လက် ဆရာဆက်ချင်ရင်ဆက်၊ လွှင့်လိုကလည်း လွှင့်ပစ်လိုက်ပါ။ သဘာဝရားကို ထိတွေ့ခွင့်ပြန်ရရုံနဲ့ မြက်အတွက် ကျေနပ်ဖို့ ကောင်းလှပါပြီ။ဒီလောကကြီး ဘယ်လောက်ကျယ်ပြောသလဲ၊ မြက်ခြေဆန့်ကြည့်ဦးမယ် ဆရာ..။အတောင်ပံတွေဖြန့်ပြီး လွတ်လပ်စွာ ပျံသန်းကြည့်ပါဦးမယ်"

"ဝဋ်ဆိုတဲ့စကား သံသရာမှာ ထပ်မကြားလိုတော့တာမို့ အချစ်နှစ်ခုကို မြက်မခွဲရက်ဘူးလေ။ခွင့်လွှတ်လိုက ခွင့်လွှတ်ပါ။ စိတ်နာလိုက နာပစ်လိုက်ပါ။ရေစက်တွေ မကုန်သေးရင် လှပတဲ့ဘဝတစ်ခုနဲ့ ထပ်ဆုံချင်ပါရဲ့ ဆရာ"

စာရွက်လေးအား သေချာခေါက်ပြီး အိပ်ထောင်ထဲသို့ ကျွန်တော် ထည့်လိုက်သည်။ဆောင်နေကျ ဓာတ်ပုံလေးနှင့် ကျောချင်းကပ်သွားသည့် အဖြစ်ကိုတော့ အမှတ်တမဲ့သာပေါ့။

"ဒီကလေးနောက် လိုက်သွားပါလားလေ"

"လှောင်အိမ်ထဲမှာ ပိတ်မိနေတာ ကြာခဲ့ပြီပဲ။လောကကြီးကို လွတ်လပ်စွာ ထိတွေ့ပါစေ။ ကျုပ် လိုက်မဖမ်းလိုတော့ဘူး လွမ်းရာရယ်"

"အင်း...သဘောပါ"

"ကျုပ်လေ....သူ့ကို..."

"ခင်ဗျားသူ့ကို ဘယ်မေတ္တာနဲ့ပဲ သံယောဇဉ်တွယ်တွယ် အပြင်လူဖြစ်ပြီးသားလူမှာ စွက်ဖက်ဖို့ရာ ရဲဝံ့ခြင်းကင်းပါတယ်လေ"

"ကျုပ်စိတ်နှလုံးကို မင်းအပြင် ဘယ်သူကများ မောင်ပိုင်စီးနိုင်မှာလဲကွယ်။မင်းဆန္ဒ မင်းသဘောပါ လွမ်းရာရယ်"

"ပိုင်ရှင်က ပြန်ပေးပါဆိုတဲ့တစ်နေ့ ဒုတိယမ္ပိ ရင်ကွဲခန်းကို ခင်ဗျား ရှုမြင်လိုတယ်ဆိုရင်ဖြင့် ဒီပြဇာတ်ကို ကျွန်တော် ဆက်ကပါ့မယ်"

"ကျုပ်အရှိုက်ကို ထိစေမယ့်လက်နက်မျိုး မင်းရှာတတ်လိုက်တာ လွမ်းရာရယ်"

"တစ်ခါတစ်လေ ကလေးဆန်စွာ ကျွန်တော် တွေးမိတယ်။မိုးတွေသာ မရွာခဲ့ရင်၊ ကံတရားက ခင်ဗျားကို မြို့မတက်စေခဲ့ရင်၊ ခင်ဗျားနှင့်သူ မကြုံဆုံခဲ့ရင်၊ နောက်ဆုံး ကျွန်တော်တို့သာ မချစ်မိခဲ့ကြရင်..."

"တော်ပါတော့ မောင့်လွမ်းရာရယ်...တော်ပါတော့ကွယ်"

"အို....ဘာလို့ မျက်ရည်ကျရတာလဲလေ။သန်မာခြင်းတွေကို ခင်ဗျားစွန့်လွှတ်တော့မလို့လား"

"ကျုပ်မင်းကို နားမလည်ချင်တော့ဘူး လွမ်းရာရယ်"

"ဟိုးကိုကြည့်...."

ဘာအတွက်ကြောင့်များ ကျွန်တော် ငြင်းဆန်အံ့နည်း။အကြင်သူ မေးညွှန်ရာဟာ အနိဋ္ဌာရုံအရပ်ဖြစ်နေလျှင်တောင် အတွန့်မတက်ဘဲ လိုက်နာမည့်သူပါ။

"ဆည်းဆာတွေဟာ သိပ်လှတယ် ခင်ဗျားရဲ့။တစ်နည်းအားဖြင့် နေတစ်စင်းရဲ့ နောက်ဆုံးအချိန်ပေါ့။သူကိုယ်တိုင် ပျောက်ကွယ်စပြုမယ့် အခြေအနေမျိုးမှာ လောကကြီးကို လှပစေတုန်း၊ ငြိမ်းချမ်းစေတုန်းလေ။ခင်ဗျားလည်း သူ့လိုပဲပေါ့။ကိုယ့်သောကတွေ အမြဲဘေးချိတ်ပြီး စာနာခြင်းနဲ့ရှေ့ဆက်ခဲ့တယ်မလား"

လွမ်းရာဟာ ကျွန်တော့်မျက်ဝန်းတို့အား တည်တည်ငြိမ်ငြိမ် ငဲ့ကြည့်လာ၏။မျက်ဝန်းညိုတွေ မိုးမစိုတာတစ်ခုနှင့်တင် ကျွန်တော့်အတွက် လုံလောက်ပါပြီ။တကယ် လုံလောက်နေခဲ့ပါပြီ။

"ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို ဒီဆည်းဆာနဲ့အတူ ကုန်ဆုံးကြရအောင် ခင်ဗျားရယ်။ နေဝင်ချိန်ဟာ သိပ်လှသလို အချစ်တွေဟာလည်း ခမ်းနားနေခဲ့ပါတယ်။ ပြည့်စုံတဲ့အလှမှာ မျက်ရည်တွေမပါဘူး ခင်ဗျားရဲ့။ မနက်ဖြန်တွေမှာ တိတ်တဆိတ် ငိုကြွေးရမယ်ဆိုရင်တောင် အနားသတ်လေးတော့ ချောမွတ်ပါရစေလား"

"ကျုပ်မငိုဘူး လွမ်းရာရယ်။ ကျုပ်မငိုပါဘူးလေ"

"သွေးအေးသွားတဲ့အခါ ခင်ဗျားသူ့ကို စိတ်ပူလိမ့်မယ်။ထိုတခဏ စည်းအပြင်ကလူဟာ နှလုံးသားနဲ့ အဝေးဆုံးမှာပေါ့။ကျွန်တော်ဆိုတာ မနီးစပ်တော့မယ့် လူပါလေ"

"သစ္စာစကားကို မင်းယုံမယ်ဆို..."

"ကရုဏာတရား သူ့အပေါ်ထားပေးခဲ့ရုံပါ"

ရှေ့ဆင့်နောက်ဆင့် အကြင်သူက ကျွန်တော့နဖူးအား ခပ်ဖွဖွနမ်း၏။ မလှုပ်မယှက်နဲ့ ကျွန်တော် ငိုပစ်ချင်သည်။ အသက်အရွယ်တွေ၊ ရင့်ကျက်မှုတွေကို မထောက်မရှု ငိုပစ်လိုက်ချင်သည်။သို့သော် မောင့်လွမ်းရာစကားကို ပယ်မချဝံ့ပါဘူး။ကျွန်တော် သူ့ကိုသိပ်ချစ်တာလေ။

"ပထမဆုံးအနမ်းက နောက်ဆုံးလက်ဆောင် ဖြစ်သွားခဲ့ပြီ။ နှုတ်ဆက်ခြင်းကို အမှတ်ရခဲ့ရင် အတူပြုဖူးတဲ့ ကုသိုလ်ကို အောက်မေ့ပါ။မတော်တဆ ရေစက်ပါကြရင်လည်း အမြတ်ပဲမလား။အဟင်း...."

ရယ်သံတွေမှာ အနှစ်မပါဘူး။ပြန်ချေပဖို့ အသင့်တော်ဆုံး ဝါကျတွေကို ကျွန်တော် ရှာမတွေ့ဘူး။လှိုင်းခတ်လိုက်တိုင်း ပြိုရသည့် ကမ်းပါးစွန်းလို သူ့အလိုကျ ညံ့သက်ရပြန်သည်။တောင်နံရံတွေကြား အနီရောင်နေဝန်းက စုံးစုံးမြုပ်တော့မည်။နောက်ဆုံး ကျွန်တော်တို့လည်း ဝေးရတော့မည်။

"သိပ်ချစ်ခဲ့တယ် လွမ်းရာ။ကျုပ်မင်းကို သိပ်ချစ်ခဲ့တာ"

"အင်း...ထပ်တူစွာပေါ့"

မနက်ဖြန်တွေဆို ရွာအဝင်လမ်းကလေး ခြောက်ကပ်လို့ နေမလား။မိုးတွေကြားက ဝါးခမောက်တစ်ချပ် ဆံနွယ်ဖွဖွတို့အား လွမ်းဆွတ်၍ နေလေမလား။ဒီရာဇဝင်တစ်ခုတော့ နှလုံးသားမှာ အရာထင်သွားခဲ့ပြီ။

နေရောင်တွေ ကွယ်ပျောက်သည်အထိ ထိုရပ်ဝန်းမှာ အတူရှိနေခဲ့ကြသည်။နီးလျှက်နှင့်ဝေး၊ ဝေးသထက်ဝေးရင်းသာ အစွန်းနှစ်ဖက်သို့ ရောက်သွားခဲ့ချေပြီ။သမိုင်းတစ်ခုရဲ့ အကြွင်းဟာ ခွဲခွာခြင်းလို့ သိလိုက်ရချိန် စေတီဦးထံ ကျွန်တော် ဆုန်ပန်ခဲ့၏။

"သံသရာတွင် ကျင်လည်နေသမျှ သူတစ်ယောက်ကိုသာ မြတ်နိုးရပါစေသား အရှင်ဘုရား"

  ထိုဆုဟာ တောင်းအပ်၊မတောင်းအပ် ရှိကောင်းရှိမည်။ဆုတောင်းကြောင့်ဆုံမည်။ ရေစက်ကြောင့်ဆုံမည်။ချစ်ခြင်းမေတ္တာကြောင့်ပဲ အချစ်နှင့်ဆုံကြသည်။မည်သို့ပင်ဖြစ်ပါစေ အာသဝေါတရား မကင်းနိုင်ဆဲ ကျွန်တော့်အဖို့ အကြင်သူနှင့်သာ ပဌာန်းဆက်လိုပါ၏။

******************

Lanjutkan Membaca

Kamu Akan Menyukai Ini

408K 7.3K 41
Emily Addison has been abused and neglected by a man she thought was her father. What happens when she gets saved by her brothers? Who has been searc...
92.5K 2.1K 49
Alissa Iris De León the daughter of both the Spanish and Italian Mafia. A week after she was born she was sent away from her 2 brothers to live with...
96.4K 317 23
fetish ဖြစ်တာတွေ ချက်ဖြစ်ခဲ့တဲ့ roleplay တွေ တကယ်ဖြစ်ဖူးခဲ့တာလေးတွေ တချို့က ကိ စိတ်ကူးယဉ်တာဖြစ်သလို တချို့က ကိ တကယ်လုပ်ချင်တာ တချို့က ကိဖြစ်ခဲ့တာလ...
15M 459K 32
"We can't do this." I whisper as our lips re-connect, a tingling fire surging through my body as his hands ravage unexplored lands; my innocence di...