အခန်းဝကနေ ပြူတစ်ပြူတစ်ဖြင့် လာချောင်းလိုက် ပြန်ပြေးသွားလိုက် လုပ်နေတဲ့ အဝါရောင်အရိပ်လေးကို ရှင်းခန့်မသိချင်ယောင်ဆောင် နေလိုက်သည်။အခုအချိန်မှာ တခြားဘာကိစ္စမှ စိတ်မဝင်စား နိုင်လောက်အောင် အလုပ်စားပွဲမှာ ခေါင်းနှစ်ထားရတယ်။သူပြန်ထွက်လာပြီးထဲက ဖေဖေကသူ့ကို တစ်ခါမှသာလာမတွေ့တာ အလုပ်ကိစ္စ လွှဲပြောင်းမှုတွေကတော့ မရပ်မနားပဲ။ရွှေတွင်းကိစ္စတွေကစလို့ ဆိုင်ခွဲမှန်သမျှရဲ့ အလုပ်တွေအားလုံးဟာ သူ့ခေါင်းပေါ်မှာချည်းပဲ။အသက်ရှုဖို့တောင် အချိန်တွေငှားထားရမလိုပင်။အလုပ်ထဲနစ်မြုပ်နေလိုက်တာ လျှပ်တပြက်အတွင်းပဲ အချိန်တွေကုန်ဆုံးသွားလေတယ်။ဝမ်းထဲက တဂျုတ်ဂျုတ်မြည်လာတော့မှ နာရီကြည့်မိတော့ နေ့လည်၁နာရီတောင်ထိုးနေပြီ။ရှင်းခန့်နေရာမှ ထရပ်၍ ခန္ဓာကိုယ်ကိုဟိုလှည့် ဒီလှည့်ပြုပြီးမှ အခန်းထဲရှိ ဧည့်သည်ထိုင်တဲ့ဆိုဖာပေါ်မှာ ထိုင်နေသော နိုရာအား တွေ့လိုက်ရလေသည်။
!ဒီကလေး အခုထိမပြန်ရသေးဘူးလား...!
"ကိုကိုက အလုပ်လုပ်နေတာလား..."
ထုံးစံအတိုင်း နိုရာက မျက်ဝန်းတောက်တောက်လေးတွေဖြင့် ကြည့်ရင်းမေးလာလေ၏။
"အင်း.."
ရှင်းခန့် အင်းဟုသာ မပွင့်တပွင့် ပြန်ဖြေမိသည်။ကလေးတွေနဲ့ ဘယ်လိုများ ပြောဆိုဆက်ဆံရမလဲ သူတကယ်မသိဘူး။ပြီးတော့ ဒီကလေးရဲ့အဖေကလည်း ဒီကလေးနဲ့သူနဲ့ ခင်မင်ရင်းနှီးမှာကို မကြိုက်တဲ့ပုံစံမျိုး ပြထားတာမို့ ဒီကလေးကို ဘယ်လိုများဆက်ဆံလိုက်သင့်လဲ သူမသိတော့ပေ။အဒေါ်ကြီးပြင်ထားပေးတဲ့ ထမင်းဝိုင်းမှာ တိတ်တိတ်ဆိတ်ဆိတ်ပဲ ဝင်ထိုင်ရင်း နေ့လည်စာစားဖို့လုပ်တော့ နိုရာက သူ့ကို မေးလေးထောက်ပြီးသာ ငေးကြည့်လို့နေတယ်။
"အတူတူစားချင်လား..."
ရှင်းခန့် မျက်လုံးထောင့်ကပ်ကြည့်ရင်း မေးတော့ နိုရာ့မျက်နှာပေါ်မှာ အပြုံးကြီးကြီး ဖြစ်ထွန်းသွားကာ ခေါင်းတဆတ်ဆတ်ညိတ်ရင်း ဆိုဖာပေါ်မှ ဆင်းပြေးလို့လာလေသည်။မျက်လုံးတွေကအစ ဝမ်းသာအားရဖြစ်နေခဲ့ကာ သူ့ရှေ့က ခုံ၌ဝင်ထိုင်လေသည်။သူ့ရဲ့ မျက်နှာသာပေးမှု သေးသေးလေးက ဒီကလေးကို ဒီလောက်အထိပျော်ရွှင်စေတယ်တဲ့လား။သူ့ဆီမှာ ဒီကလေးနှစ်လိုလောက်စရာ ဘာများရှိနေတာမို့လဲ..။ထူးဆန်းလွန်းတယ်။
ရှင်းခန့် တွေးနေရင်းဖြင့် နိုရာ့အတွက် ထမင်းပန်းကန်ပြင်ပေးရင်း ဟင်းတွေကို သေချာပုံထည့်ပေးလိုက်၏။နိုရာက ၅နှစ်သာ ရှိသေးသည်ဆိုသော်ငြား နိုရာက လူကြီးတစ်ယောက်၏ ဟန်ပန်ဖမ်းကာ ဇွန်းနှင့်ခရင်းအား ကိုင်ထားရင်းဖြင့်....
"ကိုကိုက စိတ်ကောက်ပြေသွားပြီလားဟင်..."
ရုတ်တရက်ကြီး ထမေးလာတာမို့ ရှင်းခန့်၏ မျက်ခုံးတန်းတို့ မြင့်တက်သွားရ၏။
"ဘယ်သူက စိတ်ကောက်တာလဲ..."
"ကိုကိုလေ ဟိုနေ့က မုန့်ဆိုင်မှာ ဒယ်ဒီနဲ့ရန်ဖြစ်ပြီး စိတ်ကောက်သွားတာလေ..."
"...."
"အဲ့ဒါ မီးကဒယ်ဒီ့ကို ပြန်ချော့ခိုင်းပါတယ် ဒယ်ဒီကပြောတယ် ချော့စရာမလိုဘူးတဲ့ ကိုကို့ဖာသာ စိတ်ကောက်ပြေသွားမှာတဲ့..."
!စိတ်ကောက်တယ် စိတ်ကောက်ရအောင် သူကမိန်းမမို့လို့လား ပြီးတော့ သူတို့က စိတ်ကောက်ရလောက်အောင် ရင်းနှီးနေတဲ့ ဆက်ဆံရေးလည်း မဟုတ်ပဲနဲ့..ဒီကောင်လေးက ဘာလို့များ စိတ်ကောက်တယ်လို့ သုံးရတာလဲ!
"အခု ကိုကို စိတ်ကောက်ပြေပြီလားဟင်..."
နိုရာက စကားပြောနေရင်းဖြင့် အားပါလာကာ ကိုယ်လေးကိုပါ ရှေ့သို့ငုံ့ကိုင်း၍ မေးလာတာမို့....
"စိတ်မကောက်ပါဘူး ဘာလို့စိတ်ကောက်ရမှာလဲ..."
"ကောက်ပါတယ် အဲ့ဒီနေ့က ကိုကိုစိတ်ကောက်ပြီး ပြန်သွားတာ နိုရာတွေ့တာပဲကို..."
ကလေးဆိုတော့ အဖြစ်အပျက် အခြေအနေကို သူအသိလေးဖြင့် နားလည်ချင်သလို နားလည်နေကာပြောနေလေ၏။
"စိတ်မကောက်နဲ့တော့နော် မီး ချောကလက်ကျွေးမယ်..."
ပြောရင်းဖြင့် ဂါဝန်ရင်ဘတ်ပေါ်မှ အိတ်လေးထဲ လက်နှိုက်ပြီး ပြန်ထုတ်လိုက်တော့ ချောကလက်တွေ ပါလာလေ၏။ပြီးတော့ လက်သေးသေးလေးများဖြင့် သူ့၏ မျက်နှာရှေ့သို့ ထိုးပေးလာတာမို့ ငိုရခက်ရယ်ရခက် ဖြစ်သွားရလေသည်။အရှေ့သို့တိုး၍ ငုံ့က်ိုင်းလာသော ကလေးမလေး၏ ပခုံးလေးအား အသာအယာပြန်ဖိချ၍....
"ထမင်းစားရင် စကားမများရဘူး...."
"မီးက စကားမများပါဘူး တိတ်တိတ်လေးပဲ စားတာပါ ကိုကို စိတ်ကောက်နေမှာစိုးလို့..."
"...."
"စိတ်မကောက်နဲ့တော့နော်..."
"အင်း!...ထမင်းစားတော့...."
သူ့ဆီမှ စကားကိုကြားတော့ နိုရာ့၏ မျက်နှာလေးဝင်းလက်သွားပြီးမှ ချောကလက်တွေကို သူ့ရှေ့သို့ တိုးပေးလာကာဖြင့်....
"အဲ့ဒါဆို ဒယ်ဒီ့ကို ပြန်ခေါ်လိုက်နော်..."
"..."
!ပြန်ခေါ်တယ် မခေါ်ဘူးပြောနေရအောင် သူ့အဖေနဲ့ကိုယ်က ဘယ်တုန်းကများ ရင်းနှီးခဲ့ကြလို့လဲ..!
"စကားမများနဲ့တော့ ထမင်းကိုသေချာစား..."
ရှင်းခန့် ခပ်တည်တည်ပြောတော့မှ နိုရာက ခေါင်းလေးညိတ်ကာ ထမင်းစားဖို့ အာရုံပြန်ရလေ၏။ကလေးတွေရဲ့ စွဲမိစွဲရာ စွဲတက်တဲ့အကျင့်တွေက တကယ်ကိုဆိုးရွားလေသည်။ရှင်းခန့် ထမင်းကို ငုံ့စားနေရင်း အာရုံအသိဖြင့် ဆတ်ကနဲ မော့ကြည့်မိတော့ နိုရာ့၏ အကြည့်များဖြင့် ဆုံလ်ိုက်ရတာမို့...
"ဘာဖြစ်လို့လဲ....."
သူမေးတော့ သူ့ပန်းကန်ထဲမှာ ငါးပေါင်းဆီသို့ အကြည့်တို့ဝေ့ဝဲတာမို့...
"ငါးစားချင်လို့လား ထည့်စားလေ..."
ရှင်းခန့် ပြောပြောဆိုဆို အချိုပေါင်းထားသော ငါးအားပန်းကန်ထဲသို့ ထည့်ပေးလိုက်၏။
"မီး အရိုးမနွှင်တက်ဘူး...."
"...."
နောက်ဆုံးတော့ ထမင်းအတူစားဖို့ ခေါ်မိတဲ့ က်ိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်ရင်း မယ်မင်းကြီးမလေးအား ငါးအရိုးနွှင်ပေးလိုက်ရသလို ထမင်းပါခွံ့ကျွေးရတဲ့ အဖြစ်သို့ရောက်တော့သည်။ကိုယ့်အတွက် နေ့လည်စာတောင် ဘယ်လိုဘယ်ပုံ စားဖြစ်သွားမှန်း မသိလိုက်တော့ပေ။ထို့နေ့က နိုရာက နေ့လည်စာစားပြီး သူ့ရုံးခန်းမှာ အတော်ကြာကြာ ကစားပြီးမှ ပြန်သွားလေသည်။ထိုကလေး စပ်စပ်စုမေးတဲ့ ပေါက်ပေါက်ရှာရှာ မေးခွန်းတွေကိုလည်း အလုပ်လုပ်ရင်းဖြင့် တစ်ခုချင်းစိတ်ရှည်လက်ရှည် ပြန်ဖြေနေမိရင်း အနှောင့်အယှက်ဖြစ်တယ်လို့လည်း မခံစားရပေ။ပျင်းရိခြောက်သွေ့နေတဲ့ သူ့ရဲ့အချိန်တချို့တောင် စိုစိုပြေပြေဖြစ်သွားတယ်လို့ ခံစားနေရလေသည်။
!တခါတလေတော့လည်း ကလေးတွေနဲ့ စကားစမြည်ပြောရတာ စိတ်ချမ်းသာစရာ ကောင်းတာပဲ..!
~~~~
"ပန်းတွေ အများကြီးပဲ ဘယ်ကရတာလဲ အနူး..."
ကံကော်ပန်းတွေ တပွေ့တပိုက်ဖြင့် ဆိုင်ထဲဝင်လာသော မြေးအဘွားနှစ်ယောက်အား ဆိုင်းလော့ဒ် မေးလိုက်ခြင်းဖြစ်သည်။အနူးက ပန်းတွေကိုမှန်ခုံပေါ်တင်လိုက်ပြီးမှ...
"ဟိုဖက်ခြံကအပင်ကလေ..."
မိခင်ဖြစ်သူ၏စကားကြောင့် ခေါင်းရင်းခြံထောင့်မှာ ကံကော်ပင်ကြီးရှိနေတာကို ဆိုင်းလော့ဒ် အမှတ်ရသွားသလို ပိုင်ရှင်၏ အထက်စီးဆန်ဆန် မျက်နှာထားကလည်း အာရုံ၌ပေါ်လာလေ၏။
"အနူးက သူများခြံထဲကဟာကို ဘာလုပ်ဖို့သွားခူးခဲ့တာလဲ.."
ဆိုင်းလော့ဒ် မနှစ်မြို့သလိုပြောတော့ မိခင်ဖြစ်သူက ပန်းအရွက်တွေကို ခြွေချနေရာမှ လှမ်းကြည့်လာပြီး...
"ဘာလုပ်ရမှာလဲ ဆိုင်မှာပန်းအိုးထိုးမလို့လေ ပြန်ရင်လည်း အိမ်ကဆိုင်မှာထိုးဖို့ ယူသွားအုံးမယ် ကံကော်တွေမွှေးနေတာပဲ..."
ပြောရင်းဖြင့် မိခင်ဖြစ်သူက ပန်းတွေကို နမ်းရှိုက်နေ၏။
"သူများကြိုက်မှန်းမသိ မကြိုက်မှန်းမသိ အနူးကတော့ စျေးမှာဝယ်ရင် တစ်စည်းမှဘာမှမရှိဘူး..."
"ဟဲ့ ကံကော်ပန်းလေးခူးတာပဲ ဘာကိုကြိုက်တာမကြိုက်တာပြောနေတာလဲ ပန်းပွင့်ရင်အိမ်နီးချင်းတွေ ဒီလိုပဲဟိုကခူး ဒီကခူးပဲလေ ပြီးတော့ ဒီအပင်က ငါအရင်ထဲကသွားခူးနေကြလေ...."
"အခုက အရင်ကလိုမှမဟုတ်တော့တာ အိမ်ပိုင်ရှင်ရောက်နေပြီလေ..."
"အမလေး အဲ့ဒီပိုင်ရှင်ဆိုတာနဲ့လည်း တွေ့ခဲ့ပါတယ်တော် ကောင်လေးက ချောလိုက်တာ နုဖတ်ဖြူဥနေလိုက်တာ သူ့အမေရွှေမှုန်များစားပြီး မွေးထားသလားမှတ်ရတယ် သဘောလည်းကောင်းသားဟဲ့ မထည်ဘူးနော် ပန်းတွေ ကိုယ်တိုင်ခူးပေးလိုက်တာ..."
မိခင်ဖြစ်သူ၏ စကားကြောင့် ဆိုင်းလော့ဒ် မျက်လုံးလည်လောက်အောင် အံ့သြသွားရ၏။ရွှေမှုန်စားမွေးထားသလို ဆိုတာတော့ လက်ခံနိုင်ပေမဲ့ သဘောကောင်းသည်ဆိုတာကတော့ ဟုတ်မနေပေ။ဒီလောက် အထက်စီးဆန်နေတဲ့သူကိုများ သဘောကောင်းသည်ဆိုတော့ သူ့အမေဟာ မျက်စိများ မကောင်းတော့တာလား။
"မီး ပြောသားပဲ ကိုကိုက ချောလည်းချောပြီး သဘောလည်းကောင်းပါတယ်လို့..."
"အမလေး နိုရာတို့များ မုန့်စားရတာနဲ့ပဲ ကိုကိုက သဘောကောင်းတယ် ချောတယ်ဆိုတာကြီးပဲ..."
နိုရာက ဝင်ပြောတော့ အနူး၏ အာရုံက နိုရာ့ဆီသို့ ရောက်သွားလေသည်။ထိုအခါမှ ဆိုင်းလော့ဒ်လည်း သမီးဖြစ်သူဆီမှ ကြည့်လိုက်တာနှင့် စျေးကြီးမှန်း သိသာနေသော နိုင်ငံခြားဖြစ် ချောကလက်များအား သတိပြုမိလေသည်။
"မီးက မုန့်စားရလို့ပြောတာ မဟုတ်ပါဘူး ဘွားရဲ့ မီးသွားလည်ရင်လည်း ကိုကို့ကို မီးရဲ့သကြားလုံးတွေ မုန့်တွေကျွေးတယ်လေ မီးတို့ကျောင်းက သကြားလုံးတွေဆို ကိုကိုက အရမ်းကြိုက်တာ.."
သူကတော့ သိပ်မသွားဖို့တားဆီထားပေမဲ့ နိုရာတို့က သူလစ်လျှင်လစ်သလို အဲ့ဒီဖက်အိမ်ကို ပြေးပြေးသွားတက်သည်။သူသိနေပေမဲ့ ဒီထက်ပိုပြီး သူလည်းထိန်းမနိုင်ပေ။
"ဟော့တော် အဲ့ဒီသူငယ်နဲ့ သူငယ်ချင်းသွားလုပ်နေတာလား..."
"ဟုတ်တယ် ကိုကိုက မီးနဲ့ အိမ်ဆက်တမ်းတောင်ကစားသေးတယ် ပြီးတော့ မိုနိုပိုလီလည်းဆော့ပေးတယ် ဒယ်ဒီ့လိုမျိုး ပျင်းစရာကြီးလို့လည်း မပြောဘူး အလုပ်မအားဘူးလို့လည်း မပြောဘူး မီးနဲ့အတူတူဆော့ပေးတယ်.."
!ဖအေက သိပ်မသွားနဲ့လို့ တားထားတဲ့ကြားက ခိုးသွားတဲ့အပြင် အဲ့ဒီမောက်မာတဲ့လူနဲ့ သူငယ်ချင်းတောင်လုပ်ပြီး တော့ ဖအေကို အပုပ်လှည့်ချလိုက်သေးတယ်။ကောင်းလိုက်တဲ့ သမီး..!
"သြော် မေ့နေတာ အဲ့သူငယ်က တစ်ယောက်ထဲနေတာဆို ဟင်းနည်းနည်းသွားပို့လိုက် ဆိုင်းလော့ဒ်..."
"..."
မိခင်ဖြစ်သူ၏ ရုတ်တရက်ပြောလာသော စကားကြောင့် ဆိုင်းလော့ဒ် ဆွံ့အသွားရသည်။အနူးက ပြောပြောဆိုဆိုနေရာမှ ထရပ်၍ အိမ်မှ သူ့အတွက် စီစဥ်ချက်ပြုတ်ခဲ့ပေးတဲ့ ဘူးတွေကို ဖွင့်နေလေပြီ။အနူးက နှစ်ပတ်တစ်ခါလောက်တော့ သူ့အိမ်ကို ဟိုဟာဒီဟာချက်လာပို့ပြီး ဟိုရှင်းဒီရှင်းလာလုပ်ပေးတက်သည်။အဖုံးပါသောချိုင့်လေးဖြင့် ဟင်းတွေ ဟိုတစ်မျိုးဒီတစ်မျိုး ထည့်နေတာကို ဆိုင်းလော့ဒ် ကူကယ်ရာမဲ့စွာ ကြည့်ရင်းဖြင့်....
"ဘာလုပ်ဖို့ဟင်းပို့မှာလဲ အနူးကလည်း သူများကသူဌေး ကိုယ်တွေလိုမျိုး ဘယ်စားမှာလဲ..."
"ဟဲ့ စားစား မစားစား ကိုယ့်စေတနာပဲလေ ငါတို့လည်း ပန်းတွေသွားခူးတယ် နို့ရာကိုလည်းမုန့်တွေ တပုံကြီးပေးလိုက်သေးတယ် ကောင်လေးကြည့်ရတာ ရည်ရည်မွန်မွန်လေးပါဟယ် ဟင်းလေးတစ်ခွက် သွားပြန်ပို့ရတာ ဘာအပန်းကြီးလို့လဲ..သွား သွား အခုသွားပို့လိုက်.."
အနူးက ပြောပြောဆိုဆို ချိုင့်အား ဆိုင်းလော့ဒ်၏ လက်ထဲသို့ လာထိုးထည့်ပြီးမှ မှန်ခုံပေါ်မှ ပန်းတွေကိုပွေ့ယူကာ..
"နိုရာ စားပွဲပေါ်က ပန်းအိုးယူခဲ့ အနောက်မှာပန်းလဲရအောင် လာခဲ့..."
တစ်ဆက်တည်း နိုရာ့ကိုပါလှမ်းပြော၍ အိမ်ထဲသို့ဝင်သွားလေ၏။ဆိုင်းလော့ဒ်မှာတော့ ဟင်းချိုင့်ကြီးက်ိုင်ရင်းသာ ကျန်ခဲ့လေသည်။ထောင်ထွက်လူသတ်သမား ဘာညာဆိုတဲ့ ကိစ္စတွေကိုလည်း မိခင်ဖြစ်သူအား မပြောလိုတော့ပေ။ဘာမှလည်းမဟုတ်ပဲဖြင့် အလကားသက်သက် စိတ်ပူနေရမှာစိုး၍ ဖြစ်သည်။ပတ်ဝန်းကျင်မှာသာ သို့လောသို့လော ဖြစ်နေကြတာ ဟိုလူ၏ပုံစံက သူ့ဖာသာအေးရာအေးကြောင်သာ နေနေတာဖြစ်သည်။လူသတ်တာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် လက်ခုပ်ဆိုတာနှစ်ဖက်တီးမှ မြည်တာမဟုတ်လား။အရာရာတိုင်းမှာ အကြောင်းနှင့်အကျိုးရှိတက်တာ သူနားလည်သည်။သူက တစ်ဖက်သတ်တွေးတက်သည်သူတော့မဟုတ်ပေ။ထို့ကြောင့် ဖခင်တစ်ယောက်အနေဖြင့် သမီးဖြစ်သူကို စိုးရိမ်ပေမဲ့လို့ တဖက်သား၏သိက္ခာကို စော်ကားသလိုဖြစ်မိလည်း စ်ိုးလေသည်။
"သွားပို့လိုက်ပါ ဒယ်ဒီရဲ့ ဒီမှာ ကိုကိုက ဒယ်ဒီ့အတွက် ချောကလက်တောင် ပေးလိုက်သေးတယ်.."
နိုရာက ပြောပြောဆိုဆို ချောကလက်နှစ်တုံးအား မှန်ခုံပေါ်သို့ ခြေဖျားထောက်တင်ပေးပြီးမှ စားပွဲပေါ်ရှိ ပန်းအိုးအားမယူကာ သူ့အဘွားနောက်သို့ လိုက်ဝင်သွားလေသည်။
!ချောကလက်ပေးရအောင် သူက ကလေးလား...!
ချိုင့်ကိုကိုင်၍ ဆိုင်းလော့ဒ် အတွေးများစွာဖြင့် တဖက်ခြံသို့ထွက်ခဲ့လိုက်၏။
!လူကို မောက်မောက်မာမာ ဆက်ဆံတက်တဲ့ အဲ့ဒီလူနဲ့ထပ်ကိုမတွေ့ချင်တာတော့ တကယ်..!
~~~~
ဟင်းချိုင့်ကိုင်၍ ဟန်ကြီးပန်ကြီး ထွက်ခဲ့ပြီးမှ ခြံဝရောက်တော့ ဆိုင်းလော့ဒ် ခြံထဲပဲဝင်သွားရနိုး မဝင်ရနိုးဖြင့် ယောင်တောင်တောင်ရပ်နေမိသည်။ခြံထဲသို့ ဝေ့ဝဲကြည့်တော့ ခြံထောင်ရှိဒန်းပေါ်မှာ ခြေချိတ်ထိုင်၍ စာအုပ်တစ်အုပ်ဖြင့် ငြိမ်းချမ်းစွာရှိနေသော အဖြူရောင်အရိပ်လေးအား မြင်လိုက်ရသည်။အိမ်နေရင်း အဖြူရောင်ချည်သား ဝတ်စုံအား ပေါ့ပေါ့ပါးပါးဝတ်ထားသော ရှင်းခန့်၏ပုံစံက မိခင်ဖြစ်သူပြောသလိုမျိုး နုဖတ်ကာ ရှင်းသန့်ကြည်လင်လို့နေ၏။ကတ္တီပါ ညှပ်ဖိနပ်လေးစီးထားသော ခြေဖဝါးဝါးရဲရဲအထိ ဆိုင်းလော့ဒ် လ်ိုက်ကြည့်နေမိပြီးမှ အသံပြုဖို့စိတ်ကူးမိသော်လည်း ဘယ်လိုခေါ်ရမှန်းမသိပေ...။
!မမွန်ခေါ်သလို ကိုရှင်းလို့ပဲ ခေါ်လိုက်ရမလား.ဟေ့လူလို့ပဲ အသံပြုလိုက်ရမလား.!
ဆိုင်းလော့ဒ် အတွေးဖြင့်ဗျာများနေရင်း နောက်ဆုံး ချောင်းဟန့်သံသာ ပြုမိတော့သည်။
"အဟမ်း!...အဟမ်း!"
ဆိုင်းလော့ဒ်၏ အသံကြောင့် ရှင်းခန့်က ဖြတ်ကနဲမော့ကြည့်လာတာမို့ အကြည့်ချင်းဆုံသွားရ၏။
"အနူး ဟင်းပို့ခိုင်းလိုက်လို့..."
ဆိုင်းလော့ဒ် လည်ချောင်းရှင်းရင်းပြောတော့ ရှင်းခန့်က ခဏလောက်ကြောင်ကြည့်နေပြီးမှ နေရာမှထလာလေ၏။ခြံတံခါးအားသော့ဖွင့်နေရင်း....
"အန်တီ ခုနကတော့ ပြောသွားတယ် ချက်ချင်းလာမယ်လို့မထင်ဘူး..."
ယောက်ျားတန်မဲ့ စကားကို တိုးဖွဖွပြောတက်တာကလည်း ဒီလူ့၏ ဝါသနာဖြစ်ပေလိမ့်မည်။ဒီလူနှင့်ဆုံလိုက်ရတိုင်း ယောက်ျားချင်းဟူသော ပေါ့ပါးသည့် သက်တောင့်သက်သာ ခံစားချက်မျိုးကို မရရှိတာဟာလည်း ထူးဆန်းလေသည်။
"အထဲဝင်အုံးလေ ချိုင့်လှယ်ပေးမယ်...."
ရှင်းခန့်၏ ဦးဆောင်မှုဖြင့် ဆိုင်းလော့ဒ် အနောက်မှာလိုက်ဝင်ခဲ့ရင်း ဟိုရက်က ပြဿနာကို ပြန်တွေးမိတော့ မျက်နှာပူသလိုလို ဘာလိုလိုဖြင့်။ရှင်းခန့်အား မသိမသာအကဲခတ်မိတော့ ဘာမှမဖြစ်ခဲ့သလို ပုံမှန်မျက်နှာဖြင့် ပေါ့ပေါ့ပါးပါးသာ ရှိနေတာကိုတွေ့ရလေသည်။
!အဲ့ဒီနေ့ကတော့ စကားလုံးတွေနဲ့ပစ်ပေါက်ပြီး တကယ်ပဲစိတ်ဆိုးသွားခဲ့တာ မဟုတ်ဘူးလား...!
တိတ်ဆိတ်နေသော အထပ်နှစ်ထပ်အား ဖြတ်ကျော်၍ နှစ်ယောက်သား အပေါ်ဆုံးထပ်သို့ တက်ခဲ့သည်။အောက်ထပ်နှစ်ထပ်စလုံးက အလုပ်အတွက်အသုံးပြုပုံရကာ အပေါ်ထပ်မှာပဲ လူနေတာဖြစ်မည်။အပေါ်ဆုံးထပ်က သိပ်တော့မကျယ်ပါ။ဟောခန်းပုံစံက်ိုမှ အရှေ့ဖက်ခြမ်းမှာ ဆက်တီတစ်စုံချထား၍ အနောက်တခြမ်းမှာကျ ထမင်းစားစားပွဲချထားပြီး မီးဖိုခန်းကို သပ်သပ်မကန့်ထားပေ။ဆိုင်းလော့ဒ် ဆိုဖာ၌ ဝင်ထိုင်ဖို့ စိတ်ကူးမိပြီးမှ မထိုင်ဖြစ်တော့ပဲ ရှင်းခန့်လျှောက်သွားရာ ထမင်းစားစားပွဲအထိ လိုက်သွားလိုက်၏။
"ခဏ ထိုင်အုံး...."
ရှင်းခန့် ညွှန်ပြသော ထမင်းစားခုံ၌ ဝင်ထိုင်လိုက်သည်။ရှင်းခန့်က ပန်းကန်တစ်ခုဖြင့် ဟင်းတွေလှယ်ထည့်လို့နေသည်။အခန်းထဲရှိလေထုက ထူးဆန်းစွာ တိတ်ဆိတ်ငြိမ်သက်နေတာမို့ ဆိုင်းလော့ဒ် မနေတက်မထိုင်တက်ဖြစ်နေရသည်။လူတစ်ယောက်လုံးကို အရှေ့မှာ မြင်နေရတော့ ကတောက်ကဆ ဖြစ်မိခဲ့တဲ့ ပြဿနာကို ပြန်အမှတ်ရမိလာ၏။ဟိုလူကြီးနှင့်သူတို့ ပြောနေခဲ့ကြတဲ့ စိတ္တဇလူသတ်သမားဆိုတာကို ဒီလူများ ကြားသွားလေသလားဟု တွေးမိရင်း မျက်နှာပူသလိုလို အားနာသလိုလိူဖြင့် အနေခက်နေရသည်။
"ချောကလက်ပေးလိုက်တဲ့အတွက် ကျေးဇူးပဲ.."
အနေခက်နေရတဲ့ အခြေအနေကို အလ္လာပသလ္လာပ ပြော၍ ကျော်ဖြတ်ဖို့ ကြိုးစားမိတော့ စကားတွေက အစီအစဥ်မကျစွာ ထွက်ပေါ်လေသည်။
"ဟင်...!"
ဆိုင်းလော့ဒ်၏ စကားကြောင့် ရှင်းခန့် ရေခဲသေတ္တာအား ဖွင့်နေရင်း အံ့သြသလိုကြည့်မိသည်။
!ချောကလက်ပေးတာ ဘယ်သူ့ကိုလဲ နိုရာကိုပေးလိုက်တဲ့အတွက်လား...!
"ရပါတယ် နိုရာက ချောကလက်ကြိုက်တယ်ဆိုလို့ ဒီအတိုင်း ကလေးကိုမုန့်ကျွေးလိုက်တာပဲ ကျေးဇူးတင်စရာမလိုပါဘူး..."
"မဟုတ်ဘူးလေ ကျွန်တော့်အတွက်လည်း ပေးလိုက်တာကိုပြောတာလေ အဲ့အတွက် ကျေးဇူးပါလို့..."
!ကျွန်တော့်အတွက်... ဘယ်သူက သူ့အတွက်ပေးလိုက်လို့လဲ..သူက ဘာကိစ္စနဲ့ ကြီးကောင်ကြီးမားကြီးကို ချောကလက်ကျွေးရမှာလဲ..ချောကလက်ကျွေးရအောင် ဘာမို့လို့လဲ..!
ရှင်းခန့်တွေးနေရင်းဖြင့် ဘာပြန်ပြောရမှန်းမသိပဲ မျက်နှာပူသလိုလို အနေခက်လာရသည်။အယောင်ယောင်အမှားမှားဖြင့် ရေခဲသေတ္တာထဲမှ ခဲနေသောဟင်းတို့အား ဆွဲထုတ်မိရင်း....
"ဟိုဟာ...."
ရှင်းခန့်ဆီမှ အသံထွက်လာတော့ ဆိုင်းလော့ဒ်က ဘာလဲဆိုသော သဘောဖြင့် မျက်ခုံးပင့်ကြည့်လာ၏။
"မင်း...ဒီဟာသုံးတက်လား..."
microwaveကို ညွှန်ပြရင်း ပြောမိပြောရာပြောမိတော့
"သုံးတက်တယ်လေ ဘာလုပ်ချင်လို့လဲ..."
"ဒါတွေခဲနေလို့...."
ဟင်းဘူးများထဲမှ ခဲတောင့်နေသောဟင်းများအား ကြည့်ရင်း ဆိုင်းလော့ဒ် နေရာမှထရပ်၍....
"သြော် ရတယ် ကျွန်တော်လုပ်ပေးမယ်လေ...."
ဆိုင်းလော့ဒ်ပြောတော့ ရှင်းခန့်က ဝမ်းသာအားရဖြင့် ရေခဲသေတ္တာထဲမှ ခဲနေသောဟင်းဘူးတို့အား ထုတ်ယူပေးလေသည်။ရှင်းခန့်ကတော့ ဘယ်လိုနေလဲမသိပေမဲ့ ခဲတောင့်နေတဲ့ ဟင်းအမယ်တွေကို ကြည့်ရင်း ဆိုင်းလော့ဒ်ရင်ထဲ အံ့သြခြင်းကြီးစွာဖြစ်သည်။ထမင်းဟင်းဆိုတာ ပူပူနွေးနွေး လတ်တလတ်ဆတ်ဆတ် စားရတာမဟုတ်လား။ဒီလူတစ်ယောက်ထဲ ဘယ်လိုများနေထိုင်နေတာပါလိမ့်။
"ဒါက မကောင်းတော့ဘူးထင်တယ်..."
"ဟင်.!ဟုတ်လား..."
ရှင်းခန့်က အနားတိုးကပ်လာရင်းဖြင့် ဆိုင်းလော့ဒ်လက်ထဲမှ ဟင်းဘူးအား ငုံ့ကြည့်လေသည်။ခေါင်းလျှော်ထားခါစမို့ မခြောက်တခြောက် ဆံနွယ်ပျော့ပျော့လေးများဆီမှ ရှန်ပူရနံ့သင်းသင်းက ဆိုင်းလော့ဒ်၏ နှာခေါင်းနား၌ ရစ်ဝဲလို့သွားလေသည်။
"ဒါတွေက ဘယ်နှရက်တောင်ရှိပြီလဲ..."
"၂ရက်..."
ခဲနေတဲ့ဟင်းတွေကို ၂ရက်လုံးစားနေခဲ့တဲ့လား။သူဌေးဖြစ်ပြီး ကပ်စေးနဲတဲ့ပုံနဲ့လည်း မတူပဲနဲ့။ကိုယ်တိုက်မချက်နိုင်ရင်လည်း အလုပ်သမားငှားထားလို့ရတာကို။မိဘအိမ်ပြန်စားလို့ရော မရတာမို့လား။
"လာချက်ပေးတဲ့ အဒေါ်ကြီးက ခွင့်ယူသွားတော့ ကိုယ်လည်းဘာမှမလုပ်တက်ဘူး ငယ်ငယ်ထဲက သူများချက်တာပဲ အဆင်သင့်စားခဲ့တာဆိုတော့လေ.ပြီးတော့ ကိုယ်ကအပြင်စာတွေလည်း သိပ်မစားတက်လို့..."
ရှင်းခန့်က ဆိုင်းလော့ဒ်၏ အတွေးတို့အား ရိပ်မိနေသည့်အလား ခပ်တိုးတိုးပြောလာလေသည်။
"မကောင်းတော့ရင်လည်း ထားလိုက်ပါ ဒီရက်တွေထဲ သည်းခံပြီး အပြင်ကပဲ တစ်ခုခုမှာစားတော့မယ်..."
"အားလုံး မကောင်းတာတော့ မဟုတ်ပါဘူး ဒါပေမဲ့ ထမင်းဟင်းဆိုတာ ပူပူနွေးနွေးစားရတာလေ ဒီအတိုင်းဆို ကြာရင် ခင်ဗျားကျန်းမာရေး ထိခိုက်လိမ့်မယ်."
ဆိုင်းလော့ဒ် လွှတ်ကနဲ ပြောပြီးတော့မှ အံ့သြသလို မော့ကြည့်လာသော ရှင်းခန့်ကြောင့် အိုးတိုးအမ်းတမ်းဖြစ်သွားရသည်။
!တကယ်ဆို သူတို့အများကြီး ရင်းနှီးတာမှ မဟုတ်ကြတာပဲ...!
"ကျေးဇူးပါပဲ ကိုယ်လည်း ဒါတွေစားဖို့ စိတ်ကူးမရှ်ိတော့ပါဘူး မင်းလာပို့တဲ့ဟင်းကတော့ ကောင်းမဲ့ပုံပဲ ဒါပေမဲ့ ထမင်းက ကိုယ်ချက်တာ မကျက်သလိုပဲ စားလို့မရလောက်ဘူး..."
"...."
ပြောပြောဆိုဆိုဖြင့် ရှင်းခန့်ဖွင့်ပြသော ပေါင်းအိုးအား ကြည့်ရင်း ဆိုင်းလော့ဒ် ရယ်ရခက်ငိုရခက် ဖြစ်သွားရလေသည်။ထမင်းက ရေနည်းနေ၍ထင်သည် ဆန်ကအစေ့လိုက်ဖြစ်နေ၏။
"ခင်ဗျား ရေနည်းနည်းပဲ ထည့်ထားတာကို လာ ကျွန်တော်ပြမယ်..."
နောက်ဆုံးတော့ ဟင်းမပို့ချင်ခဲ့တဲ့သူက မီးဖိုအထဲထိရောက်ကာ ထမင်းချက်ပေးရတဲ့အဖြစ်သို့ ရောက်လေသည်။ရှင်းခန့်ကတော့ ဆိုင်းလော့ဒ် ပြောပြသည့် ဆန်ဘယ်လောက်ဆို ရေဘယ်လောက်ထည့်ရမည့် ဆိုတာတွေကို သေချာစိတ်ဝင်တစား မှတ်သားလို့နေလေသည်။ထမင်းအိုးကို ပလပ်ထိုးပြီးသွားတော့မှ....
"ခဏနေ မီးတက်သွားရင် ဖြုတ်လိုက်လို့ရပြီ...."
"ကျေးဇူးပဲ ကိုယ်တကယ် အပြင်စာတွေ မစားနိုင်တာ..."
ရှင်းခန့်၏စကားကြောင့် အိမ်မပြန်စားဘူးလားဟု မေးမိတော့မလို ဖြစ်သွားပြီးမှ ဆိုင်းလော့ဒ် ပါးစပ်ကိုဘရိတ်အုပ်လိုက်ရသည်။သူများကိစ္စကို အများကြီးလိုက်မေးနေလို့မှမကောင်းပဲလေ။
"ရပါတယ် စိတ်ထဲမထားနဲ့ ခင်ဗျားလည်း ကျွန်တော့်ကို ချောကလက်တွေ ပေးလိုက်တာပဲကို..."
"..."
ချောကလက်ဇာတ်လမ်း ပြန်စလာတော့ ရှင်းခန့် ဘာပြောရမှန်းမသိပဲ အိုးတိုးအမ်းတမ်းဖြင့် ကြောင်အအရှိနေမိသည်။
"ဒါဆို ကျွန်တော်ပြန်တော့မယ်..."
"အင်း!..အန်တီ့ကို ကျေးဇူးတင်တယ်လို့ ပြောပေးပါ..."
"အိုကေ...."
ဟင်းဘူးအလွတ်ကို ဆွဲယူ၍ အောက်ထပ်သို့ ဆင်းသွားပြီးဖြစ်သော ဆိုင်းလော့ဒ်၏ ကျောပြင်အား လိုက်ကြည့်နေပြီးမှ တံခါးဆင်းပိတ်ဖို့ရာ သတိရလေသည်။
!ဒီလိုကျတော့လည်း ဒီကောင်လေးက ကူညီချင်စိတ်ရှိသားပဲ..!
ဘယ်လိုပဲဖြစ်ဖြစ် ဆိုင်းလော့ဒ်တို့ မိသားစုကြောင့် ဒီနေ့ညနေစာလေးကတော့ ဖွယ်ဖွယ်ရာရာ နွေးနွေးထွေးထွေးလေးဖြစ်ခဲ့တာတော့ အမှန်ပဲဖြစ်လေသည်။
~~~~
AN.ဒီနေ့အပိုင်းက နည်းနည်းလေးတိုသွားတာ သိပါတယ်။အိုင်သွေးတိုးနေလို့ပါ။နောက်အပိုင်းကျ ရှည်ရှည်လေးupပေးမယ်နော်။