《Poyun》ဖော့ယွင် (မြန်မာဘာသာပြ...

By jinghastriplesun

211K 31.5K 3.7K

Title : Po Yun (破云) Author : Huai Shang (淮上) Chapter:155 chapters + 6 Extras Genre:Action,Crime,Adult,Mystery... More

မိတ်ဆက်
အပိုင်း(၁)-ငါနဲ့အတူငရဲကိုလိုက်ခဲ့
အပိုင်း(၂) - ယန်ရှယ်
အပိုင်း(၃)-ကုန်တင်ကားကိုတမင်ဝင်တိုက်ခြင်း
အပိုင်း(၄)-အတွဲလို့အထင်ခံရမှာမကြောက်ဘူးလား
အပိုင်း(၅)နာမည်က ချူစင်၊ သက်ညှာမှုရဲ့'စင်'
အပိုင်း(၆)-ဟို.....ခေါင်းဆောင်ကျန်း
အပိုင်း(၇)-လွန်ခဲ့သောသုံးနှစ်ကအသက်စတေးသွားသူ ကျန်းထင်
အပိုင်း(၈)- ကျန်းထင်ကိုယ်တိုင်ဖြစ်နေနိုင်တာပဲ
အပိုင်း(၉)- ဆေးသုံးထားတယ်လို့အဖြေထွက်လား?
အပိုင်း(၁၀)-ဒီနေ့ဘာလို့အရမ်းတက်ကြွနေတာလဲ?
အပိုင်း(၁၁)-အသားကျသွားလိမ့်မယ်
အပိုင်း(၁၂)-လူသတ်သမားရဲ့လှည့်စားမှု
အပိုင်း(၁၃)-ဘာဖြစ်လို့ရဲအရာရှိလုပ်တာလဲ?
အပိုင်း(၁၄)-ပျစ်ချွဲချွဲအသားစပေါ် အလောင်းခွဲစိတ်ခြင်း
အပိုင်း(၁၅)-မင်းကအရမ်းနုတာပဲ
အပိုင်း(၁၆)-သေစရာလိုမှာမဟုတ်ဘူး
အပိုင်း(၁၇)-Will you still love me when I'm no longer beautiful?
အပိုင်း(၁၈)-အချိန်တစ်နာရီပဲပေး
အပိုင်း(၁၉)-ယန်ရှယ်သေနတ်ခလုတ်ကိုဖိလိုက်ချေပြီ
အပိုင်း(၂၀)-အနမ်းတစ်ပွင့်ခြွေလိုက်သည်
အပိုင်း(၂၁)- ဒရာမာကွင်းမွေးဖွားခြင်း
အပိုင်း(၂၂)-အထန်ကိုယ်တော်
အပိုင်း(၂၃)-မထော်မနန်းပြုတ်ကျခြင်း
အပိုင်း(၂၄)-အမှုလိုက်ရာ၌ ခေါင်းဆောင်ကျန်း​၏ တည်ငြိမ်မှု
အပိုင်း(၂၅)- ငါကြည့်ချင်တဲ့အချိန်ကြည့်လို့ရတယ်
အပိုင်း(၂၆)-ကျန်းထင်ကိုသူ့ဘေးဆွဲစိလိုက်သည်
အပိုင်း(၂၇)-အကူအညီအတွက်အချက်ပြခြင်း
အပိုင်း(၂၈)-စုံစမ်းစစ်ဆေးရေးခေါင်းဆောင် Vs ခြေတံရှည်ရှည် ကျင်ဟွား
𝚟𝚒𝚍𝚎𝚘 𝚌𝚘𝚕𝚕𝚎𝚌𝚝𝚒𝚘𝚗 (𝚜𝚘𝚗𝚐𝚜,𝚊𝚞𝚍𝚒𝚘 𝚍𝚛𝚊𝚖𝚊 𝚌𝚞𝚝𝚜,𝚎𝚝𝚌...)
အပိုင်း(၂၉)-မျက်နှာချင်းဆိုင်
အပိုင်း(၃၀)-ချွေးမလက်ဖက်ရည်သောက်လိုက်ပြီဆိုတော့ ငါ့သတို့သမီးလေးဖြစ်သွားပြီပေါ့
အပိုင်း(၃၁)-ဒုခေါင်းဆောင်ယန် သောင်းကျန်းတော့မည်
အပိုင်း(၃၂)-ယန်ရှယ်သာလျှင် အချောဆုံး
အပိုင်း(၃၃)-ဖူးKလို့တလေးတစားခေါ်ကြတယ်
အပိုင်း(၃၄)-အမေ့ခံနာမည်လေးတစ်ခုရှိတယ်၊ 'ထင်ယွင်' တဲ့
အပိုင်း(၃၅)-ငါ့ရဲ့အပြစ်ကင်းစင်မှုကို တခြားလူ ဆုံးဖြတ်ပေးစရာမလိုဘူး
အပိုင်း(၃၆)-ဓားခုတ်ကောင်သည် ပုစဉ်းကိုချောင်းနေသည်နှင့် ငှက်ဝါကိုသတိမမူမိ
အပိုင်း(၃၇)-မင်းဘယ်လောက်လိုက်နိုင်မှာမလို့လဲ?
အပိုင်း(၃၈)-သိမ်မွေ့ခြင်းနောက်ကွယ်က ပုံစံအစစ်အမှန်
အပိုင်း(၃၉)-ငါအသက်ရှင်မှဖြစ်မယ်
အပိုင်း(၄၀)-ရွေးချယ်စရာမရှိဘူး၊ ငါရဲ့ငွေသုံးနိုင်မှုအပေါ်မှာပဲမူတည်တယ်
အပိုင်း(၄၁)-မင်းငါ့ကိုလိုက်ပို့ပေးလို့ရမလား
အပိုင်း(၄၂)-မတရားမှုတွေပြည့်နှက်နေတဲ့လောကကြီးဟာ တရားနေပြန်တယ်
အပိုင်း(၄၃)-စုံစမ်းစစ်ဆေးရေးခေါင်းဆောင်​၏ ကြင်ဖက်တွေ့ခြင်းဒိုင်ယာရီ (၁)
အပိုင်း(၄၄)-စုံစမ်းစစ်ဆေးရေးခေါင်းဆောင်​၏ ကြင်ဖက်တွေ့ခြင်းဒိုင်ယာရီ(၂)
အပိုင်း(၄၅)-ကျန်းထင်က တအားချောတာ၊ မှုခင်းရဲအလှပဂေးလေး
အပိုင်း(၄၆)-အမြီးဖြူ ပင်လယ်လင်းယုန်
အပိုင်း(၄၇)-ရဲမေအလှလေးအတွက် ပေါက်စီရော?
အပိုင်း(၄၈)- အရင်းရှင်ကြီးနှင့် ပစ္စည်းမဲ့လူတန်းစားလေး​၏ ခုခံမှု
အပိုင်း(၅၀)-ငါက အရင်းရှင်ကြီးရဲ့ တောက်တိုမည်ရ လုပ်ပေးရုံတင်ပါ
အပိုင်း(၅၁)- မင်း ငါ့ကိုယုံလား?
အပိုင်း(၅၂)-နလန်ထူခါစ
အပိုင်း(၅၃)-လူငယ်ဘဝ​၏ ချစ်မေတ္တာအလှတရား
အပိုင်း(၅၄)-သဲလွန်စအားလုံး ချိတ်ဆက်သွားပေပြီ
အပိုင်း(၅၅)-အပြစ်ရှိတဲ့လူတွေကို အပြစ်ပေးပြီး အပြစ်မဲ့တဲ့လူတွေ လွတ်မြောက်ရမယ်
အပိုင်း(၅၆)-သူတကယ်ကွပ်မျက်ချင်တဲ့လူက ငါပဲ
အပိုင်း(၅၇)- ငါတစ်ချိန်လုံး သိနေခဲ့တယ်
အပိုင်း(၅၈)-ကျွန်တော်....ကျွန်တော်ကသူ့သူငယ်ချင်း
အပိုင်း(၅၉)-ရေသန့်
အပိုင်း (၆၀)-နှလုံးခုန်နေတာကို ခံစားရလား?
အပိုင်း(၆၁)- အိမ်ကလူ ခိုးရာလိုက်ပြေးသွားလို့!
အပိုင်း(၆၂)-မင်းကို အရမ်းတွေ့ချင်လာတာ
အပိုင်း(၆၃)-တွဲကြမလား၊ ခေါင်းဆောင်ကျန်း?
အပိုင်း(၆၄)-အသက်ကိုတန်ဖိုးမထားဘူး
အပိုင်း(၆၅)-တအားတူတယ်
အပိုင်း(၆၆)-Darwin​၏သီအိုရီမှာ လိင်တူဆက်ဆံရေးအတွက် မဟုတ်
အပိုင်း(၆၇)-အဓိပ္ပာယ်ပါသော အပြုံး
အပိုင်း(၆၈)-နောက်ဆုံးတော့ ယန်ရှယ်​၏တစ်ခုတည်းသော အားနည်းချက်ကို ထိုးမိသွားလေပြီ
အပိုင်း(၆၉)- မင်းနှမကြီးကို သဝန်တိုနေလိုက်!

အပိုင်း(၄၉)-ထူးဆန်းသော ခံစားချက်

1.9K 394 36
By jinghastriplesun

အလှလေး​၏ ဓာတ်ပုံကိုကြည့်ရင်း ယန်ရှယ်​၏ ရင်တွင်းမှ အမျိုးအမည်မသိသော ခံစားချက်တို့ ပေါက်ဖွားလာခဲ့သည်။
--------------------------------------------------

တည်းခိုဆောင်နံနက်စာစားခန်းထဲ၌

သတင်းကြားကြားချင်း အပြေးရောက်လာသော တည်းခိုဆောင်ပိုင်ရှင်လင်မယားနှင့် ကျောင်းသူကျာင်းသား လေးယောက်တို့မှာ ဟောခန်းထဲရောက်ရှိနေပြီး စားပွဲဝိုင်းသုံးဝိုင်းတွင် နှစ်ယောက်တစ်တွဲ ထိုင်နေကြ​၏။ ရဲအရာရှိများသည် မျက်နှာသေနှင့် ဝင်ပေါက်၊ထွက်ပေါက်များ၌ အေးစက်ခက်ထန်စွာ စောင့်ကြပ်နေကြပြီး ဂနာမငြိမ်ဖြစ်နေသော မျက်နှာပိုင်ရှင်တို့ထံ အကြည့်စူးစူးတို့ ဝေ့ဝဲနေပေသည်။

ထန်ရွှမ်က မသိမသာ မျက်လုံးလေးပင့်၍ မနီးမဝေး တစ်ဖက်စားပွဲဝိုင်းတွင် ထိုင်နေသော ဝမ်ခေါကိုလှမ်းကြည့်လိုက်ရာ တစ်ဖက်လူကလည်း သူမကို နင့်နင့်နဲနဲ စိုက်ကြည့်နေသည်နှင့် ကြုံသွားလေသည်။

".........."

ထန်ရွှမ်သည် ရဲများရှိရာအခန်းရှေ့ကို မျက်စပစ်ပြပြီး ခေါင်းယမ်းပြလိုက်​၏။

ဝမ်ခေါကလည်း သတိကြီးစွာ အကြည့်ရုတ်လိုက်သည်။

"ထန်ရွှမ်......"

ကျန်းထုံထုံက လေသံလေးနှင့် ခေါ်လာ​၏။

"ငါကြောက်တယ်........"

တိတ်ဆိတ်မှုကြောင့် မွန်းကျပ်စရာကောင်းလှသော အခန်းတွင်းဝယ် သူမ​၏ တိုးဖွဖွအသံငယ်ကပင် အထူးတလည် ရင်ထိတ်ဖွယ်ကောင်းနေပါ​၏။ ထန်ရွှမ်က ချက်ချင်းပင် သူမ​၏ ရေခဲတမျှအေးစက်နေသည့်လက်ကို ဆုပ်ကိုင်လိုက်ပြီး စကားဆက်မပြောဖို့ရာ တားလိုက်သည့်နှယ်။ ထို့နောက် ဖုန်းထုတ်၍ စကားလုံးအနည်းငယ်ကို အမြန်ရိုက်ထည့်လိုက်ပေ​၏။

"မကြောက်ပါနဲ့။ ဘာမှမဖြစ်လောက်ပါဘူး။"

ကျန်းထုံထုံတစ်ယောက် မျက်ရည်ဝဲနေပြီဖြစ်သည်။

ထန်ရွှမ်မှာ သူမ​၏ ကြောင့်ကြနေသော အကြည့်များကြား စကားလုံးအချို့ကို တရစပ် ရိုက်လိုက်ပြန်သည်။

"အကုန်လုံး ရှိန်းရှောင်ချီကြောင့် ဖြစ်ရတာ။ ပြန်လာလို့ကတော့ ကောင်းကောင်းကြီး ဆုံးမပစ်ဦးမယ်!"

ကျန်းထုံထုံ​၏လက်မှာ ပိုမိုတင်းကျပ်လာသကဲ့သို့ ခံစားလိုက်ရသည်။ သူမ​က နှုတ်ခမ်းကိုက်လျက် သူငယ်ချင်းကို ခေါင်းညိတ်ပြလို​က်ပြီး ဘေးကိုတစ်ချက်ကြည့်လိုက်သည်။

ဝမ်ခေါ​၏ဘေးမှ နောက်ထပ်ကောင်လေးတစ်ယောက်ဖြစ်သူ ဝူဇစ်ရှန်က သူမကို နှစ်သိမ့်ခြင်းနှင့် အားပေးခြင်းတို့ရောပြွမ်းနေသော အကြည့်တို့နှင့် ကြည့်လာ​၏။

အခန်းကျယ်ကြီးတွင် စိတ်ရှုပ်စရာအုံ့ပုန်းလေထုက တရိပ်ရိပ်တက်လာသည်။ အခန်းအပြင်မှ စကားသံ၊ခြေသံများကြားလိုက်ရချိန်တွင် အားလုံး တစ်ပြိုင်နက် လှည့်ကြည့်လိုက်ကြပြီး အပေါက်ဝ၌ လုံခြုံရေးယူထားသော မှုခင်းရဲများကလည်း ချက်ချင်း ကိုယ်ကို လှည့်လိုက်ကြ​၏။

"ဒုခေါင်းဆောင်ယန်!"

ယန်ရှယ်​သည် ဘယ်လက်ကို ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားပြီး ပလက်စတစ်အိတ်ကိုင်ထားသော ညာလက်ကိုမူ စိတ်ရှိတိုင်း ဝှေ့ယမ်းနေ​၏။ ထို့နောက် ကျန်းထင်​၏ ပုခုံးပေါ် လက်တင်ကာ အခန်းထဲဝင်လာသည်။

"အိုး၊ ဒီက အရာရှိကြီး!"

"ရှေ့ကသွားပါ၊ ရှေ့ကသွားပါ"

သူဘာမှ ဆက်မပြောနိုင်ခင်မှာပင် ပိုင်ရှင်လင်မယားနှစ်ယောက်မှာ အလိုအလျောက် မတ်တတ်ရပ်ပြီးဖြစ်ကာ ယခင်က မှုခင်းအရာရှိများကြောင့် လည်ချောင်းထဲ ပြန်ဝင်သွားရပြီး ရင်နှင့်မဆံ့ဖြစ်နေသော စကားလုံးများမှာ နောက်ဆုံး၌ ထွက်ပေါက်ရှာတွေ့သွားချေပြီ။

"ကျွန်မတို့ ဘာဆိုဘာမှ မသိရတာပါဗျာ!"

"တကယ်ပါ၊ ကျွန်တော်တို့က အခန်းငှားပေးရုံတင်ပါ။ ဘယ်ကျောင်းသား၊ ဘယ်ပြန်ပေးအမှုကိုမှ မသိရပါဘူး။ ကျွန်တော်တို့နဲ့ လားလားမှ မဆိုင်တာပါဗျာ!"

"အရာရှိကြီးတို့၊ ကျေးဇူးပြုပြီး ကျွန်မတို့ကို ယုံကြည်ပေးပါ!"

ယန်ရှယ်က မျက်ဝန်းနက်တို့ဖြင့် သူတို့​၏ မျက်လုံးတည့်တည့်စိုက်ကြည့်လိုက်ပြီး လက်တစ်ဖက်နှင့် သူတို့ကို ဖိချလိုက်သည်။

တိကျပြတ်သားပြီး ပြန်လည်ခုခံခွင့်မပြုသော ခွန်အားကြောင့် ပိုင်ရှင်လင်မယား​၏ ငြင်းခုံသံတို့ တိုးသထက်တိုးဝင်သွားပြီး တခဏအတွင်း တိတ်သွားလေသည်။

"တည်းခိုခွင့်ပြုတဲ့ အချက်အလက်စာရင်းမပြည့်စုံဘူး၊ မီးဘေးကာကွယ်ရေးအတွက် သတ်မှတ်ထားတဲ့ စံနှုန်းနဲ့ မကိုက်ညီဘူး၊ စောင့်ကြည့်ကင်မရာတွေလည်း ပျက်နေတယ်။"

ယန်ရှယ်​၏ အသံမှာ ပကတိ တည်ငြိမ်လျက်သား။

"စက်မှုလက်မှုနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာနနဲ့ ခင်ဗျားတို့ စကားပြောရပါလိမ့်မယ်။"

ပိုင်ရှင်လင်မယားကား တရားမျှတမှုအတွက် ချက်ချင်းလက်ငင်း ချုံးပွဲချငိုလေတော့သည်။ထို့နောက် ဆေးလိပ်တစ်လိပ်ထုတ်ပြီး ယန်ရှယ်ကို အတင်းထိုးပေးနေလေရာ မှုခင်းအရာရှိနှစ်ယောက်​၏ ဆွဲထုတ်သွားခြင်းကို ခံလိုက်ရရှာသည်။

ငြင်းခုံသံနှင့် တောင်းပန်တိုးလျှိုးသံတို့ကား တဖြည်းဖြည်းဝေးသွားလျက် အခန်းတွင်း၌ တိတ်ဆိတ်ခြင်းက တစ်ဖန် အစိုးရပြန်​၏။ လူငယ်လေးယောက်တို့မှာ နေရခက်စွာဖြင့် တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြပြီး ယန်ရှယ်​၏ အေးစက်စက်အသံကြီးက ရုတ်ချည်း ကြားဖြတ်လာ​၏။

"ဘာကြည့်နေကြတာလဲ၊ မင်းတို့က?"

ကျောင်းသားများအားလုံး မျက်လွှာချလိုက်ကြပြီး တစ်ယောက်မှ အသံထွက်မလာကြတော့။ ဝမ်ခေါတစ်ဦးတည်းသာ ခိုးကြောင်ခိုးဝှက်နှင့် မျက်လုံးလေးပင့်ကြည့်လိုက်သော်ငြား ယန်ရှယ်​၏ အကြည့်စူးစူးနှင့် ထိပ်တိုက်တွေ့သွားပြီး လျှပ်စီးနှင့်တို့လိုက်သကဲ့သို့ ဆတ်ခနဲ ခေါင်းပြန်ငုံ့သွား​၏။

"ထန်ရွှမ်"

ယန်ရှယ်က ဖြေဖြေချင်းဆိုသည်။

ထန်ရွှမ်မှာ တစ်မုဟုတ်ချင်း တောင့်တင်းသွားလေ​၏။

"ဝမ်ခေါ"

ဝမ်ခေါမှာ တုန်လှုပ်နေသည်။

"ဝူဇစ်ရှန်"

ဝမ်ခေါဘေးရှိ အရပ်မြင့်မြင့်နှင့် ကောင်လေးမှာ အသံပင်မထွက်ရဲ။

"ကျန်းထုံထုံ"

မျက်ရည်ဝဲနေရှာသော မိန်းကလေးငယ်မှာ ကတုန်ကယင်ဖြစ်သွားပြီး မဝံ့မရဲ ခါးလေးမတ်လိုက်​၏။

တိတ်ဆိတ်မှုတို့ ကြီးစိုးရာနယ်မြေတွင် ယန်ရှယ်မှာ ယုန်တောထဲ ချင်းနင်းဝင်ရောက်လာသော ဝံပုလွေတစ်ကောင်အလား။ လူငယ်လေးများ​၏ ချောက်ချားနေသော ပုံစံကို တစ်ဝကြီး ကြည့်ရှုခံစားပြီးသော် တစ်လုံးချင်း ဆိုလိုက်ချေသည်။

"ဒီမှာ လူတစ်ယောက်လိုသေးတယ်။"

"ရှိန်းရှောင်ချီ သေချာပေါက် ပြန်လာမှာ........."

စားပွဲဝိုင်းဆီမှ ထန်ရွှမ်​၏ အသံမှာ တုန်ယီစွာ ထွက်ပေါ်လာသည်။

"ဟုတ်လား?"

ယန်ရှယ်ကမူ တည်ငြိမ်စွာပင် ကြီးမားပြင်းထန်လှသော ဗုံးကြီးတစ်လုံး ကျဲချလိုက်လေပြီ။

"---အဲ့ဒါဆို ရှိန်းရှောင်ချီ ခေါ်သွားတဲ့ ကောင်မလေးကရော? "

အုန်း!!!

တိတ်ဆိတ်ခြင်း​၏ ကျယ်လောင်လှသော ဟစ်ကြွေးသံကား လေထုထဲ၌ ပေါက်ကွဲချေပြီ။ သူတို့အားလုံး အသက်ရှူမှားကုန်ကြပြီး ထန်ရွှမ်မှာ ချွေးစေးများ တတောက်တောက်ကျလာရသည်!

ယန်ရှယ်သည် သူတို့​၏ အသိစိတ်ပျောက်လျက် ဖြူဖျော့နေသော မျက်နှာကို အရေးမလုပ်ဘဲ လက်ထဲမှ ပလက်စတစ်အိတ်ကိုသာ စားပွဲပေါ်တင်လိုက်လေသည်။ ထို့နောက် အိတ်ထဲမှ ပန်းရောင်ဆံပင်ကော​က်စက်ကိုထုတ်ကာ ဝှေ့ယမ်းပြလိုက်​၏။

"ထန်ရွှမ်၊ ကျန်းထုံထုံ၊ မင်းတို့နှစ်ယောက် တမြန်နေ့ညက အတူတူ မအိပ်ဘူးမလား? "

ကျန်းထုံထုံ၏ မျက်နှာတွင် သွေးမရှိတော့ချေ။ သူမက အလိုအလျောက်ပင် ဝူဇစ်ရှန်ကို ကြည့်လိုက်ပါ​၏!

---သူမ​၏ တုံ့ပြန်မှုကား ဖုံးကွယ်ဖို့ရာ အချိန်မမီခဲ့။ တဒင်္ဂအတွင်းမှာပင် 'သွားပြီ' ဆိုတာကို အားလုံးသိလိုက်ရသည်။

"ကြည့်ရတာ ဒီမှာ အချစ်ငှက်လေးတစ်တွဲ ရှိနေတာနဲ့တူတယ်။"

ယန်ရှယ်က ဝမ်ခေါနှင့် ထန်ရွှမ်ကို အဓိပ္ပာယ်ပါပါ ကြည့် လိုက်လေသည်။

"ဒါမှမဟုတ်၊ နှစ်တွဲများလား"

"မဟုတ်ကဟုတ်ကတွေ လျှောက်မပြောနဲ့!"

"ဦးလေးယန် အဖေ့ကို ပြန်မပြောပါနဲ့နော်!"

ထန်ရွှမ်နှင့် ဝမ်ခေါထံမှ တစ်ချိန်တည်း ထွက်လာခြင်း။ စူးရှသော အကြည့်နှင့် အသနားခံသော အကြည့်တို့​၏ ပွတ်တိုက်မှုကြောင့် လှောင်ရယ်ချင်စရာ ဟာသတစ်ခု ပေါက်ဖွားလာပေသည်။

ယန်ရှယ်မှာ မနေနိုင်ဘဲ လွှတ်ခနဲ ရယ်မိတော့သည်။ ထို့နောက် မသိလိုက်မသိဘာဘဲ ကျန်းထင်ကို ကြည့်လိုက်မိရာ ကျန်းထင်သည်လည်း သက်ပြင်းသဲ့သဲ့ချရင်း သူ့ကိုကြည့်လာ​၏။ နှစ်ဦးသားတို့မှာ တစ်ယောက်ရင်ထဲမှစကားကို တစ်ယောက်ကကြားနေရသည့်အလား အကြည့်ချင်းစကားပြောနေကြသည် : ဒီနို့နံ့မစင်သေးတဲ့ဟာလေးတွေတော့.........

ဤသည်ကို စိတ်ချင်းဆက်နေသည်ဟု ဆိုရမည်လား ယန်ရှယ်မသိပါ။ သို့သော် နားရွက်ထိပ်များ နီရဲလာသဖြင့် ချောင်းဟန့်လျက် ခေါင်းကို တစ်ဖက်သို့ လှည့်မိပါတော့သည်။

"ကျွန်မတို့က ဘာမှမဟုတ်ဘူး။ အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့!"

ထန်ရွှမ်က ဝမ်ခေါနှင့် ယန်ရှယ်နှစ်ယောက်လုံးကို ဒေါသတကြီး ကြည့်လိုက်ပြီး ကိုင်ထားသည့်ဖုန်းပင် ကွဲလုမတတ် အားပါလာသည်။

"ကျွန်မတို့က ဘာဆိုဘာမှမဟုတ်ဘူး။ ရှင်တို့ရဲတွေ လွန်လာပြီလို့မထင်ဘူးလား? ရဲဖြစ်တာနဲ့ပဲ သွားပုတ်လေလွင့်လျှောက်ပြောလို့ရရောလား? ကျွန်မတို့က အစကတည်းက..........."

"မင်းတို့နှစ်ယောက်က တစ်ခန်းတည်းမအိပ်ဘူးလို့ ငြင်းနိုင်ပေမဲ့ သူတို့နှစ်ယောက်ကတော့ ငြင်းနိုင်မဲ့ပုံမပေါ်ဘူး။"

ယန်ရှယ်က ဝူဇစ်ရှန်ရှိရာကို မေးဆတ်ပြပြီး ခနဲ့တဲ့တဲ့ ပြောလိုက်​၏။

"ယောက်ျားဆိုတာ လုပ်ရဲရင် ခံရဲရတယ်။ အိပ်တုန်းကအိပ်ပြီး ဝန်မခံရဲဘူးဆိုမှတော့ ယောက်ျားလို့ ဘယ်ခေါ်တော့မလဲ၊ မဟုတ်ဘူးလား?"

နံဘေးမှ ကျန်းထုံထုံမှာ အလဲလဲအပြိုပြိုဖြစ်နေချေပြီ။ ဝူဇစ်ရှန်သည် မျက်နှာတစ်ခုလုံးနီရဲလျက် အတန်ကြာသည်အထိ အာစေးမိနေပြီးမှ စကားတစ်ခွန်းပြောထွက်လာသည်။

".......ခင်ဗျား ဘယ်လိုလုပ်သိတာလဲ?"

ဤကား ဝန်ခံခြင်းပေ။

ယန်ရှယ်သည် ဆံပင်ကောက်စက်ကို ဖွင့်၍ အဟပြဲကြားမှ ရှည်ရှည်ကောက်ကောက် ဆံချည်မျှင် တစ်မျှင်ကို ဆွဲထုတ်လျက် ထန်ရွှမ်နှင့် ကျန်းထုံထုံတို့အား ကြည့်စေလိုက်သည်။

"မင်းတို့နှစ်ယောက်မှာ တစ်ယောက်က ဂုတ်ဝဲ၊ တစ်ယောက်က ပိုနီတေး ဆံပင်အဖြောင့်။ မင်းတို့ ဘယ်လိုပဲ ဆံပင်ကောက်စက်သုံးတယ် ဆိုစေဦးတော့ ဆံပင်အဖျားတွေက ထပ်ခါထပ်ခါကော​က်ပြီး ဆေးတွေကြောင့် လောင်သွားတဲ့ ဆံပင်လိုမျိုးလောက်ထိတော့ ပျက်စီးနေမှာမဟုတ်ဘူး။ နောက်တစ်ခုက မိန်းကလေးအခန်းရဲ့ ကြမ်းပြင်၊ ရေချိုးခန်းနဲ့ အိပ်ရာပေါ်မှာ ပုံစံလုံးဝမတူတဲ့ ဆံပင်ချည် သုံးမျိုးသုံးစားတွေ့ခဲ့တယ်။ အဲ့ဒီထဲကတစ်မျိုးက ဒီဆံပင်ရှည်နဲ့တစ်ထပ်တည်းတူနေတာဖြစ်တဲ့အတွက်ကြောင့် ဆံပင်ကောက်စက်ရဲ့ပိုင်ရှင်က နှစ်ယောက်အိပ်အခန်းမှာ တစ်ညနေသွားတယ်ဆိုတဲ့ သဘောပဲ။"

"ပြီးတော့ မင်းအခန်းထဲက ခေါင်းအုံးပေါ်မှာ မထင်မရှား နှုတ်ခမ်းနီရာလေးရယ် ဆံပင်ချည်တွေနဲ့လုံးနေတဲ့ ခေါင်းစည်းကွင်းလေးရယ် ရှာတွေ့ခဲ့သေးတယ်။ သေချာပေါက် ချစ်သူကောင်မလေးရဲ့ဟာပဲ မဟုတ်လား။"

ယန်ရှယ်က ဝူဇစ်ရှန်ကို မျက်ခုံးတစ်ဖက် ပင့်ပြလိုက်​၏။

"တစ်ခုတည်းသော အထင်ကြီးစရာအနေနဲ့ ငါကိုယ်တိုင် အမှိုက်ပုံးထဲ နေ့ဝက်လောက် မွှေနှောက်ပြီး ရှာတွေ့လိုက်တဲ့အရာတွေအရ မင်းတို့ အကာအကွယ်ကို သေချာဂရုစိုက်ပြင်ဆင်ခဲ့တာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအသက်အရွယ်မှာ.........."

ဝူဇစ်ရှန်မှာ ရှက်သွေးများဖြာလို့။

"မပြောပါနဲ့တော့!"

ယန်ရှယ် နှာမှုတ်လိုက်လေသည်။

ထမင်းစားခန်းကြီး တစ်ဖန်တိတ်ဆိတ်သွားပြန်သည်။ ယောက်ျားလေးများ​၏ အသံရှူသံနှင့် မိန်းကလေးတို့​၏ ရှိုက်သံသဲ့သဲ့မှအပ မည်သည့်အသံမျိုးကိုမျှ ကြားရခြင်းမရှိပေ။

"ဘာလို့ငိုတာလဲ?"

ယန်ရှယ်က လက်ပိုက်လျက် တွေးဆဆနှင့် ပြောလိုက်​၏။

"ကျောင်းက သိသွားမှာ စိုးလို့? အိမ်က သိသွားမှာစိုးလို့လား? ဘာမှမဖြစ်ပါဘူး။ ဆယ်ကျော်သက်တွေကြားမှာ နှစ်ဦးသဘောတူဖြစ်တဲ့ကိစ္စပဲဥစ္စာ၊ စာသင်ယူတဲ့နေရာမှာ အနှောက်အယှက်မဖြစ်ရင် အဆင်ပြေပါတယ်။ အသက်သုံးဆယ်ကျော်တဲ့အထိ ဂေါ်မစွံသေးတဲ့ ငါ့ကိုလည်း စိုးရိမ်ဖို့ချန်ကြပါဦး။ ဒီနေ့ ဦးဦးရဲကြီးတို့လာတာ ပြန်ပေးဆွဲတဲ့အမှုကို စုံစမ်းဖို့။ ရှိန်းရှောင်ချီနဲ့ ကျန်တဲ့ကောင်မလေးတို့ ဘေးကင်းကင်းနဲ့ ပြန်လာပြီဆိုတာနဲ့ မြို့တော်ရုံးချုပ်က ရဲကားတွေအကုန် ချက်ချင်း တပ်ခေါက်သွားမှာပါ။ အဲ့ဒီအချိန်ကျရင် တမြန်နေ့ညက ဘယ်သူက ဘယ်သူ့အိပ်ရာပေါ် အိပ်ခဲ့တယ်ဆိုတာ တစ်ယောက်မှသိမှာမဟုတ်တော့ပါဘူး။"

ရှိုက်သံတို့ တဖြည်းဖြည်း ငြိမ်သက်သွားလေပြီ။ တွန့်ဆုတ်နေသော ကျောင်းသားကျောင်းသူတစ်ယော​က်ချင်းစီကို ယန်ရှယ်ကြည့်ကာ အသံမြှင့်လိုက်​၏။

"အခုပြောလို့ရပြီလား?"

အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက်တွင် သေးငယ်ဖျော့တော့လှသော အသံငယ်က ငြိမ်သက်နေသော အခြေအနေကို ဖောက်ထွင်းလိုက်ပေ​၏။

"ပုဝေး၊ သူ.........."

ထစ်ငေါ့ထစ်ငေါ့ဖြစ်နေသော ကျန်းထုံထုံကို ထန်ရွှမ်ဖြတ်ပြောလိုက်သည်။

"ပုဝေးက ထင်းသွားကောက်ရင်း လမ်းပျောက်သွားလို့ ရှိန်းရှောင်ချီကလိုက်ရှာတာ။ အဲ့ကတည်းက တစ်ညလုံး ပြန်မလာတော့တာ။"

အနှီစကားတို့ထွက်လာသည်နှင့် ပတ်ဝန်းကျင်မှာ တိတ်ဆိတ်သွားရပြန်သည်။ ကျန်းထုံထုံသည် အကြောက်တရားတို့ကို အစွမ်းကုန် ချုပ်တည်းလျက် ခေါင်းကိုငုံ့ချလိုက်ပြီး တစ်ခွန်းမျှ အတွန့်မတက်ရဲ။ ဝမ်ခေါသည်လည်း တစ်စုံတစ်ရာပြောမည့်ဟန်ပြင်ပြီးမှ တံတွေးပြန်မျိုချလိုက်သည့်ပုံပင်။

"ဪ"

ယန်ရှယ်က ထန်ရွှမ်​၏လ​က်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ ထို့နောက် ပြန်ပြောတော့မည်အပြု အနောက်မှ ကြည်လင်ပြတ်သားသောအသံက ကြားဖြတ်ဝင်ရောက်လာသည်။

"မင်းလက်ဖမိုးက ရှရာတွေမှာ ပုဝေးရဲ့ DNA ရှိနေမှာပဲ။ စစ်ဆေးဖို့အတွက် မြို့တော်ရုံးချုပ်ကို လိုက်ခဲ့ရဲလား?"

ဘုံး!

ထန်ရွှမ်မှာ ချက်ချင်းလက်ကို ဖွက်လျက် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ မျက်နှာပျက်သွားချေသည်။

ယန်ရှယ် တစ်မုဟုတ်ချင်း ကျန်းထင်ကို လှည့်ကြည့်လိုက်ရာ အကြင်သူ​၏ မျက်ဝန်းထဲ၌ တွန်းကန်သပိတ်မှောက်ခြင်းတို့ ပြည့်နှက်နေသည်ကို မြင်တွေ့လိုက်ရသည် : ငါအရင် ရှာတွေ့တာ!

သူ့ဘက်လှည့်လာချိန်တွင်တော့ ကျန်းထင်က အပြစ်ကင်းစင်ပါသည့် မျက်နှာသေနှင့်ပြန်ဖြစ်သွားပေ​၏။

"ကျွန်မသူ့ကို ထိခိုက်အောင်မလုပ်ခဲ့ဘူး။ ရှင်ဘာမှမသိဘဲ လျှောက်မပြောနဲ့........."

ထန်ရွှမ်​၏ အသံကား တုန်ယင်နေပြီ ဖြစ်​၏။

"ကျွန်မတကယ်မလုပ်၊ တကယ်မလုပ်........"

"ဘယ်လိုဖြစ်ခဲ့လဲဆိုတာ ငါခန့်မှန်းလို့ရနေပါပြီ။"

ယန်ရှယ် ရှေ့တိုးလာပြီး ခုန်တစ်လုံးဆွဲကာ ထန်ရွှမ်ဘေး၌ ဝင်ထိုင်လိုက်​၏။ လက်နှစ်ဖက်ကို ပိုက်လျက် သန်မာလှသောခြေတံရှည်ကြီးတို့အား သက်သောင့်သက်သာ ခွဲလိုက်ပေသည်။

"စုံတွဲနှစ်တွဲက လူလွတ်ဖြစ်နေတဲ့ ကောင်လေးနဲ့ ကောင်မလေးနှစ်ယောက်ကို အပျော်ခရီးထွက်ဖို့ခေါ်လာတယ်ဆိုတော့ ဖြစ်နိုင်ခြေအများဆုံးက ဒီနှစ်ယောက်ကို ချိတ်ပေးမလို့မဟုတ်လား။ ရှိန်းရှောင်ချီက ပုဝေးကို တစ်ဖက်သတ်ကြိုက်နေတာမဟုတ်ရင် နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် ကြိုက်နေရက်သားနဲ့ မပွင့်မလင်းလုပ်နေကြတာ ဖြစ်နိုင်တယ်။ အဲ့ဒါကြောင့် မင်းတို့က ဒီခရီးကို အခွင့်ကောင်းယူပြီး သူ့ကို ကူညီဖို့ အာမခံလိုက်ပြီး သူတို့နှစ်ယောက်တည်းရှိနိုင်မဲ့ အခြေအနေတစ်ခုကို ဖန်တီးပေးလိုက်ကြတယ်။"

ထန်ရွှမ်၏ မျက်စံတို့မှာ လှုပ်ပင်မလှုပ်နိုင်တော့ဘဲ ကြက်သေသေသွားလေသည်။

"မင်းလက်က ဒဏ်ရာက ဘယ်လိုရလာတာလဲဆိုတာ ခန့်မှန်းကြည့်မယ်နော်။"

ယန်ရှယ်​၏ အာရုံအလုံးစုံမှာ သူမထံ၌ ရှိနေပြီး အသံတွင် မကောင်းဆိုးဝါးအငွေ့အသက်က ဖုံးမရဖိမရ။

"မင်းတို့ မနေ့ညက မီးပုံပွဲလုပ်တယ်လို့ပြောတယ်နော်။ အဲ့ဒါဆို ထင်းသွားကောက်တဲ့ အချိန်မှာဖြစ်မှာပေါ့။ မင်းကပုဝေးကို လူအရောက်အပေါက်နည်းတဲ့ တောင်ပေါ်တောအုပ်တစ်နေရာကို မျှားခေါ်သွားမယ်၊ ပြီးရင် သတိလစ်အောင်လုပ်ပြီး ရှိန်းရှောင်ချီကို ပြစ်မှုကျူးလွန်ဖို့ လမ်းဖောက်ပေးလိုက်မယ်............"

"ကျွန်မမလုပ်ဘူး!"

ထန်ရွှမ်မှာ ဆောက်တည်ရာမရ အော်ဟစ်လေတော့သည်။

"မဟုတ်ဘူး! အဲ့လိုမဟုတ်ဘူး!"

"အသက်မပြည့်သေးတာက ကျူးလွန်မိတဲ့ ရာဇဝတ်မှုအတွက် အကာအကွယ်တစ်ခုလို့ မင်းထင်နေရောပေါ့။ ဒါပေမဲ့ တကယ်တမ်း ဆယ့်လေးနှစ်ပြည့်ပြီးပြီဆိုတာနဲ့ လူသတ်မှု၊ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ပြီး အသက်သေသည်အထိ ထိခိုက်နာကျင်စေမှု၊ မုဒိမ်းမှု၊ ဓားပြမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ဖောက်ခွဲမှု၊ အဆိပ်ခပ်မှု အကုန်လုံး သူ့နေရာနဲ့သူ ကျူးလွန်ခဲ့သမျှ တာဝန်ယူရမှာချည်းပဲ။ ထပ်ပြောရရင် အဲ့ဒီ ပုဝေးဆိုတဲ့ကောင်မလေး တစ်ခုခုဖြစ်လို့ကတော့........"

"မဟုတ်တာတွေ လျှောက်မပြောနဲ့! အကုန်လုံး လီဆယ်ပြီး အသရေဖျက်နေတာ! အဓိပ္ပာယ်မရှိတာတွေ ပြောနေတာ!!"

ထန်ရွှမ်းကား လုံးဝ လွတ်သွားချေပြီ။ ရေခွက်ကိုကောက်ကိုင်ပြီး ယန်ရှယ်မျက်နှာတည့်တည့် ပက်လိုက်​၏။

"ရှင် ပါးစပ်ပိတ်ထား!"

ဘန်း ဟူသော အသံနှင့်အတူ သူမ​၏လက်မှာ လေထဲ၌ ဖမ်းဆုပ်ခံလိုက်ရပြီး စားပွဲပေါ် ရေတစ်ချို့တစ်ဝက် ဖိတ်စင်သွားပေသည်။

ယန်ရှယ် ခေါင်းမော့ကြည့်လိုက်​၏။

---ကျန်းထင်ပေ။

ကျန်းထင်​၏ လက်ချောင်းများမှာ ရှည်လျားသွယ်လျပြီး အရိုးအဆစ်တို့ ထင်းနေ၏။ လက်မောင်းတစ်လျှောက် အပေါ်တက်ကြည့်လိုက်ပါလျှင် နှင်းတမျှ ဖြူဖွေးသော အသားအရေနှင့်အတူ မျက်ခုံးနက်နက်တို့က ပနံသင့်စွာ။ မဟူရာမျက်တောင်တို့ တောင်ပံခတ်လေတိုင်း ယန်ရှယ်​၏ စိတ်နှလုံးကို အသိပေးခြင်းမရှိပါဘဲ လှုပ်ခတ်စေတာချည်းပင်။

"ထန်ရွှမ်"

အရှေ့မှ မျက်နှာတစ်ခုလုံး နီရဲနေသော ကောင်မလေးနှင့် ယှဉ်လိုက်ပါလျှင် ကျန်းထင်​၏ အမူအရာကား အေးဆေးတည်ငြိမ်၍ တစ်မျိုးတစ်မည် နူးညံ့နေပါ​၏။

"မင်းကတော့ အဲ့လောက်ထိတွေးမိမှာမဟုတ်ပေမဲ့ ရှိန်းရှောင်ချီသာ သွေးနားထင်ရောက်နေခဲ့ရင် ဘယ်လိုပဲ ရှိန်းရှောင်ချီနဲ့ ပုဝေးတို့ အချင်းချင်းကြိုက်နေကြတယ်ပဲပြောပြော နောက်ဆုံးကျရင် မင်းက ပြစ်မှုကျူးလွန်သူတစ်ယောက် ဖြစ်ကိုဖြစ်သွားမှာ။ နားလည်လား?"

ထန်ရွှမ်သည် ရှိရှိသမျှအားတို့စိုက်ထုတ်၍ ရုန်းကန်နေသော်ငြား ရှေ့ကလူ​၏ ခိုင်မာတည်တံ့သော ရှည်သွယ်သွယ်လက်ချောင်းတို့ဆီမှ နည်းနည်းလေးမျှ မလွတ်မြောက်နိုင်ခဲ့။ ဤသို့နှင့် နောက်ဆုံးတွင် 'ဝါး' ခနဲ ငိုချလိုက်ပါတော့သည်။

"ကျွန်မမလုပ်ခဲ့ပါဘူး။ ကျွန်မ ပြစ်မှုမကျူးလွန်ခဲ့ပါဘူး.........."

"မင်းက မရည်ရွယ်ခဲ့ဘူးဆိုရင်တောင်မှ ဥပဒေကိုက မုဒိမ်းမှုနဲ့ပက်သက်ရင် နစ်နာသူဘက်မှာ အပြည့်အဝအလေးသာတာမလို့ အမျိုးသမီးဘက်က ဖော်ထုတ်ခွင့်ပြုပြီဆိုတာနဲ့ ဇီဝစစ်ဆေးချက်ရလဒ်တွေကနေတစ်ဆင့် သက်သေကွင်းဆက်ပေါ်လာလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် အခင်းဖြစ်တုန်းက အမျိုးသမီးဘက်က ဆန္ဒရှိခဲ့ရင်တောင် ခံစားချက်နဲ့ပက်သက်တဲ့ သက်သေထွက်ဆိုချက်တွေကို လက်မခံတာမလို့ အမျိုးသားဘက်က လွယ်လွယ်ကူကူ ပြစ်ဒဏ်ခံရမှာပဲ။"

ကျန်းထင် ခဏရပ်ပြီး ထန်ရွှမ်​၏ စိုစွတ်လျက် ဗလာနတ္ထိဖြစ်နေသော မျက်ဝန်းတို့အား အပေါ်စီးမှ ကြည့်လိုက်လေသည်။

"အပြန်အလှန်ခံစားချက်တွေရှိနေတဲ့ ရှိန်းရှောင်ချီနဲ့ ပုဝေးတို့နှစ်ယောက်က အခု အပြင်မှာဘာတွေဖြစ်နေလဲ သိကြမှာမဟုတ်ဘူး။ ဒါပေမဲ့ သူတို့ပြန်လာလို့ အခြေအနေက မြို့တော်ရုံးချုပ်ရောက်အောင်အထိ မုန်တိုင်းထန်နေပြီဆိုတာ ပုဝေးသိသွားရင် ကျောင်း၊အိမ်၊ ဆွေမျိုး၊ သူငယ်ချင်း ပတ်ဝန်းကျင်ကို ရင်ဆိုင်ဖို့......ဘယ်လိုဖြောင့်ချက်ပေးမယ်ထင်လဲ?"

"ဒီကလူတွေအကုန် သူ့ကိုထိခိုက်အောင်လုပ်ကြတာပါဆိုပြီး သူ့ပါးစပ်ကနေ 'ကျွန်မဖိအားပေးခံရတာပါ' လို့ စကားလုံးငါးလုံးသာ ထွက်လာကြည့် ရှိန်းရှောင်ချီအပါအဝင် မင်းတို့အားလုံး သွားပြီပဲ။"

(T/N- 我是被迫的- ဆိုပြီး ငါးလုံးထဲပါ)

ကျန်းထင်​၏ လေသံမှာ နူးညံ့သော်လည်း စကားတစ်လုံးစီတိုင်း ကြည်လင်ပြတ်သားလှသည်။

"မင်းလက်မှာ ဒဏ်ရာရှိတယ်။ ငါတို့ စုံစမ်းစစ်ဆေးရေးကို ထပ်ပြီး ကန့်လန့်တိုက်နေဦးမယ်ဆိုရင် ငါတို့မင်းကို ညှာမှာမဟုတ်တော့ဘူး။ မင်းကို ဖမ်းဖို့ဆိုတာ ပုရွက်ဆိတ်တစ်ကောင်ကို ဖိချေရတာထက်တောင် ပိုလွယ်သေးတယ်။"

ကျန်းထင်သည် သူမလက်ထဲမှ ရေခွက်ကိုယူပြီး စားပွဲပေါ်မတင်ဘဲ ယန်ရှယ်ကိုသာ အေးအေးဆေးဆေး လှမ်းပေးလိုက်၏။

"......"

သွေးကြောများပင်ပေါက်လုမတတ် ရဲတောက်နေသော ထန်ရွှမ်​၏ မျက်နှာမှာ ချက်ချင်း ဖြူဖျော့သွားလေသည်။ သူမနှုတ်ခမ်းများ လှုပ်ရုံမျှလှုပ်လာပြီး တစ်ကိုယ်စာပင် မကြားနိုင်လောက်သည်အထိ တိုးညှင်းလှသော အသံငယ်လေး ထွက်ပေါ်လာသည်။

"ကျ....ကျွန်မ ပြစ်မှုမကျူးလွန်ခဲ့ဘူး။"

ရုတ်တရက် အနားရှိ ဝမ်ခေါမှာ မတ်တတ်ရပ်လျက်သား။

"ထန်ရွှမ်!"

ထန်ရွှမ်သည် အားကိုးစရာတစ်ခုကို ရှာတွေ့သွားသည့်အလား သူ့ကို ကူရာမဲ့သော မျက်ဝန်းတို့နှင့် ကြည့်လိုက်ပေသည်။

"ဘာမှမဖြစ်ဘူး ပြောလိုက်!"

ဝမ်ခေါက အသံနက်ကြီးနှင့်အော်​၏။

"စုံစမ်းစစ်ဆေးရေးမှာပူးပေါင်းလိုက်တာနဲ့ မင်းအဆင်ပြေသွားမှာ!"

ကျန်းထင်နှင့် ယန်ရှယ်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ မိန်းကလေးငယ်​၏ စိတ်ပိုင်းဆိုင်ရာ ခံတပ်ကြီးကား အလျင်အမြန်ပင် ပြိုကျနေသည်ကို သာမန်မျက်စိနှင့်ပင် မြင်နိုင်ပါ​၏။ သူမ မိနစ်ဝက်မျှ ရှိုက်ကြီးတငင်ငိုကြွေးနေပြီးသော် လက်ကလေးကို ဖွက်ထားရာမှ ပြန်ထုတ်လာပြီး ရှရာနှစ်ချက်ဟာ လူမြင်ကွင်းရှေ့ရောက်လာပေသည်။

"ကျ ကျွန်မ သူ့ကို ထိခိုက်အောင်မလုပ်ခဲ့ပါဘူး......ကျွန်မ သူ့ကို ကယ်ချင်ခဲ့ရုံတင်ပါ!"



ရဲကားကြီးသည် တောတောင်ပေါ်၌ ယမ်းခါနေပြီး နွေဦးရာသီ​၏ ထူထပ်လှသော သစ်ကိုင်းခက်တို့က ကားမှန်ကို ခြစ်မိကြသဖြင့် လမ်းတစ်လျှောက်လုံး တကျွီကျွီအသံဟာ အတောမသတ်နိုင်ဘဲ ရှိလေသည်။

"စုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ဖွဲ့ကို နည်းပညာအရာရှိတစ်ယောက်ကိုခေါ်သွားခိုင်းပြီး ရှိန်းရှောင်ချီရဲ့ အိမ်ကိုလွှတ်လိုက်။ သူ့ကွန်ပျူတာကိုယူ၊ QQ က စကားပြောထားတွေ၊ ဝက်ပ်ဆိုက်မှာ ရှာထားတဲ့ မှတ်တမ်းတွေ၊ လွန်ခဲ့တဲ့ သုံးလကစပြီး ဖုန်းထဲက ငွေလွှဲမှတ်တမ်းတွေအကုန် တစ်ခုပြီးတစ်ခု စစ်မယ်။ Wechat, Taobao နဲ့ Alipay ကအဓိကပဲ။ ရှိန်းရှောင်ချီ နောက်ဆုံး ဘယ်အချိန်၊ ဘယ်လို၊ ဘာကားငှားသွားတာကအစ နှစ်နာရီအတွင်း ငါ့ဆီအတိအကျ တင်ပြရမယ်။ အခုချက်ချင်းလှုပ်ရှားတော့!"

ယန်ရှယ် ဖုန်းချပြီး ဘေးခုံကိုကြည့်လိုက်ရာ ကျန်းထင်နှင့် အကြည့်ချင်းဆုံသွားလေသည်။

"?"

ယန်ရှယ် မျက်ခုံးပင့်ပြလိုက်​သည်။

ကျန်းထင်ကလည်း နောက်ခုံကို မျက်စပစ်ပြလိုက်​၏။ အဓိပ္ပာယ်ကတော့ ရှင်းပါသည် : မင်းသူ့ကိုယုံတယ်ပေါ့?

ယန်ရှယ် တခဏမျှစဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။

__ထန်ရွှမ်​၏ တငိုငိုတရီရီ ဝန်ခံချက်နှင့် ဝမ်ခေါအပါအဝင် ကျန်လူများ​၏ ဖြည့်စွက်ချက်အရ ယခုကိစ္စကို အကြမ်းအားဖြင့် ဤသို့ အနှစ်ချုပ်နိုင်သည် : အနှီ ရဲတင်းလှသော ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ်အရွယ် သူငယ်နှပ်စားလေးများမှာ ရှိန်ရှောင်ချီ​တစ်ယောက် သူကြိုက်နေသည့် ကောင်မလေးကိုလိုက်ဖို့ရာ အစီအစဉ်ဆွဲ၍ ကူညီခဲ့ကြပါသည်။ သူတို့အစီအစဉ်ကား အရွယ်ရောက်ပြီးသား လူတွေ​၏ မျက်လုံးထဲ၌ပင် အလွန်တရာမှ ရဲတင်းလွန်းနေပေ​၏။

ပထမဆုံး ဤခရီးကို စီစဉ်ခဲ့သူက ရှိန်ရှောင်ချီ ဖြစ်သည်။ ထျန်းဇုန့်တောင်ကို ရွေးရသည့်အကြောင်းရင်းမှာ လူအရောက်အပေါက်နည်းသည့်အပြင် တည်းခိုခန်းများကလည်း စည်းကမ်းတင်းကြပ်ခြင်းမရှိသဖြင့် နောက်လာမည့်အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ရာ အဆင်ပြေသောကြောင့်ပင်။ မူလအစီအစဉ်အရ ရောက်ပြီးဒုတိယမြောက်နေ့တွင် မီးပုံပွဲကျင်းပရန်အတွက် ရည်ရွယ်ချက်ရှိရှိနှင့် ကျောင်းသားများအားလုံး အလျှိုလျှို ကိုယ့်တာဝန်ကို ဖြန့်ပြီး လုပ်ကြမည်။ ထိုအခါ ထန်ရွှမ်က တောထဲထင်းကောက်ထွက်ရန် အကြောင်းပြပြီး ဘာဆိုဘာမျှမသိရှာသော ပုဝေးကိုအဖော်ခေါ်သွားပေမည်။

သူတို့နောက်ကို ရှိန်းရှောင်ချီ တိတ်တိတ်လေးလိုက်သွားမည်မှန်း အားလုံးသိပြီးသားပင်။

ထန်ရွှမ်းက ရှေ့ကဦးဆောင်ပြီး တောနက်ကြီးထဲ တမင်သက်သက် သူမထက်မြန်အောင်လျှောက်မည်။ ထို့နောက် မျက်ခြေဖျက်၍ တိတ်တိတ်လေးပြန်လာပြီး သူမကိုထားခဲ့မည်။ လမ်းပျောက်၍ ယောင်လည်လည်ဖြစ်နေရှာသော ပုဝေးမှာ တဖြည်းဖြည်းမှောင်လာသည်နှင့်အမျှ ကြောက်စိတ်ဝင်လာပြီး ကူရာမဲ့ဖြစ်လာကာ ထိတ်လန့်တုန်လှုပ်နေမည်။ သူမ အားကိုးရာမဲ့နေသည့် အချိန်ကိုက်ပင် ရှိန်းရှောင်ချီက တောထဲမှ ရုတ်တရက် ထွက်လာပြီး သူမကို ရှာဖို့ ခရီးဝေးနှင်ခဲ့ဟန် ဟန်ဆောင်လိုက်မည်။ ကောင်းကင်ဘုံက လွှတ်လိုက်သော လူစွမ်းကောင်းကဲ့သို့ ကျေးဇူးအလီလီအတင်ခံရပြီး မင်းသမီးလေး​၏ နှလုံးသားကို အလွယ်တကူ သိမ်းပိုက်နိုင်လိမ့်မည်။

အစီအစဉ် ချောချောမွေ့မွေ့နှင့် ပြီးသွားရန် ရှိန်းရှောင်ချီသည် ပန်းစည်းများ၊ လက်ဆောင်များပြင်ပြီး ကားတစ်စီးကို ရှုခင်းသာဧရိယာပြင်ပ၌ ချန်ထားခဲ​၏။ သူက ဝမ်ခေါတို့အား တိတ်တိတ်လေး ပြောခဲ့ပါသေးသည်။ သူဝန်ခံတာ အောင်မြင်သွားလျှင် ညတွင်းချင်း ပုဝေးကို တောင်အောက်ခေါ်သွားမည်၊ မဟုတ်ပါက တည်းခိုဆောင်ကို ပြန်ရောက်လျှင် "ထန်ရွှမ်တို့က တအားစ လိမ့်မယ်"၊ "ပုဝေးက စိတ်ဆိုးပြီး ငါ့ကို မခေါ်တော့ရင် ဘယ်လိုလုပ်မလဲ" ဟုပြောခဲ့သေး​၏။ နောက်တော့မှ မနီးမဝေးရှိ တည်းခိုခန်းတစ်ခုကိုသွားပြီး နှစ်ယောက်တည်း တစ်ကမ္ဘာတည်ရမလား၊ အင်တာနက်ကဖေးမှာပဲ အချိန်ကုန်ရမလား ဆိုတာကိုတော့ နောက်ခါလာနောင်ခါဈေးဟူ၍သာ။

အစီအစဉ်က အကွက်စေ့သလို ချောမွေ့စွာလှုပ်ရှားခဲ့ကြသော်လည်း မထင်မှတ်ထားသည့် မတော်တဆမှုတစ်ခု ဖြစ်ခဲ့ပေသည်။ ထန်ရွှမ်တစ်ယောက် ပုဝေးကို တောနက်ထဲခေါ်သွားပြီး မျက်ခြေမဖျက်ခင်မှာပင် ပုဝေးမှာ ချောက်တစ်ခုထဲ ပြုတ်ကျသွားခဲ့​၏။ ထန်ရွှမ်လက်က ဒဏ်ရာမှာ သူမကို ဆွဲတင်ဖို့ကြိုးစားရင်း ခြစ်မိခဲ့ခြင်းဖြစ်ပေသည်။

"ဒီမှာ ခဏတောင့်ခံထားဦး၊ နင့်ကို ကယ်ဖို့ ငါကောင်လေးတွေကို သွားခေါ်လိုက်မယ်!"

ပုဝေးခမျာ မြေပေါ်မှ အင်းစက်များကိုကြည့်ရင်း ကြောက်လာသဖြင့်

"အဲ့ဒါဆိုလည်း မြန်မြန်သွား!"

ထန်ရွှမ်မှာ တောထဲပြန်ပြေးပြီး ရှိန်ရှောင်ချီကို သွားခေါ်ရတော့သည်။

အဖြစ်အပျက်အလုံးစုံကို ရှိန်းရှောင်ချီသိသိချင်း ဘုရားသခင်က သူ့ကို ကူညီလိုက်တာပဲ ဟုဆိုကာ ဓာတ်မီးကိုဆွဲလျက် အင်တိုက်အားတို​က် ချီတက်လေသည်။ စိတ်မချနိုင်သော ထန်ရွှမ်မှာ သူ့နောက်က လိုက်သွားပြီး ရှိန်းရှောင်ချီကိုယ်တိုင် အောင်အောင်မြင်မြင်နှင့် ပုဝေးကို ချောက်ထဲမှ ဆွဲတင်ပြီးတာ သေချာမှ ရင်ထဲက အလုံးကြီးပြန်ကျသွားကာ ရှိန်းရှောင်ချီချန်ခဲ့သည့် အမှတ်အသားအတိုင်း တည်းခိုဆောင်သို့ ပြန်လာခဲ့ခြင်းဖြစ်ပေသည်။

အချစ်ငှက်အတွဲတွေကတော့ ဤအခြေအနေအထိ ခန့်မှန်းထားခဲ့ပုံမပေါ်။ ထို့ကြောင့် ညကြီးမင်းကြီး ရှိန်းလင်မယား တံခါးရှေ့ရောက်ချလာသည့်အခါ သူတို့​၏ ပထမဆုံး တုံ့ပြန်မှုက ဘူးခံငြင်းခြင်းပင်။ နောက်တစ်ရက် မြို့တော်ရုံးချုပ်ကတပ်များ ရောက်လာသည့်တိုင်အောင် အတင့်ရဲလှသော ကျောင်းသားတစ်သိုက်ကတော့ သစ္စာရှိစွာနှင့် ဝန်မခံဘဲ တင်းခံထားခဲ့ကြသည်။ သူတို့ထင်သည်က ရှိန်းရှောင်ချီနှင့် ပုဝေးတို့နှစ်ယောက်မှာ အင်တာနက်ကဖေးတွင် သာသာယာယာရှိနေပြီး ပြန်ပေးဆွဲမှုဆိုသည်မှာလည်း ဖုန်းဆက်၍ ရိုက်စားလုပ်ခြင်းသက်သက် ဟူ၍သာ။

ယန်ရှယ်တစ်ယောက် ကလေးတစ်သိုက်​၏ နုံအပြီး မိုက်ရူးရဲဆန်သော လုပ်ရက်အပေါ် အံ့အားသင့်သွားရသဖြင့် ဤကဲ့သို့ ရှေးကျလှသော တောကြီးမျက်မည်းထဲတွင် အန္တရာယ်တွေ ဘယ်လောက်များ စောင့်ကြိုနေလဲ ဆိုတာကို သိကြရဲ့လားဟု မေးမိသည်အထိ။ မှောင်မှောင်မည်းမည်းတွင် မြွေ၊ အင်းစက်၊ အဆိပ်ရှိသည့် အကောင်ပလောင်များနှင့် သားရဲတိရစ္ဆာန်တွေ ဘယ်တောင်တောင်မှ ပေါလိုက်မလဲ? ဆယ့်ငါး ဆယ့်ခြောက်အရွယ် ကလေးနှစ်ယောက်ကို မရဏအရောက်ပို့မဲ့လမ်း ဘယ်နှလမ်းတောင် ရှိလိုက်သလဲ?

လောကကြီးအကြောင်း မသိရှာသော ကလေးတစ်သိုက်မှာကား ဘူးတစ်လုံးဆောင်အိုအောင်မဆင်းရဲ ဟူသည့်ထုံးကို နှလုံးမူကာ မျက်လုံးရွှဲကြီးများနှင့် ပြူးကြည့်လျက် ခေါင်းခါ ခေါင်းယမ်းခြင်းအမှုကိုသာ ပြုလေ​၏။

ရာဇဝတ်ပြစ်ဒဏ်များအကြောင်း ကျန်းထင်​၏ ပညာပေးမှုကြောင့် ကျောင်းသူကျောင်းသားအပေါင်းတို့မှာ သူ့ထက်ငါအလျင် ထွက်ဆိုကြတော့သည်။ ထန်ရွှမ်​၏ စကားအရဆိုလျှင် ပုဝေးက ရှိန်းရှောင်ချီအပေါ် တော်တော်လေး အမြင်ကြည်ပြီး စိတ်ဝင်တစားရှိကြောင်း သူမရှေ့၌ အကြိမ်ကြိမ်ပြောခဲ့ဖူးသည်။ သို့သော် မိန်းကလေးသဘာဝ ရှက်စိတ်ကြောင့်ရော ပူပူနွေးနွေး အချစ်ဇာတ်လမ်းလေးကို ဆရာမိသွားမှာ စိုးတာကြောင့်ပါ နှစ်ယောက်ကြားက စည်းကိုမကျော်ရဲ ဖြစ်ခဲ့ရပုံပင်။ သူတို့နှစ်ယောက်ကို ကူညီဖို့အတွက်သာမဟုတ်လျှင် စီနီယာအလယ်တန်းဝင်ခွင့်စာမေးပွဲဖြေပြီးခါစ ဆယ်ကျော်သက်လေးတွေအနေနှင့် လွတ်လွတ်လပ်လပ် သွားချင်သည့်နေရာမသွားဘဲ အဘယ်ကြောင့်များ ဤကဲ့သို့ ငှက်ပင်ဥမဥချင်သော ချောင်ကြိုချောင်ကြားက နေရာကို အပြေးလေး ရောက်လာပါ့မလဲ?

ယန်ရှယ်သည် တစ်ဖက်က စီယာတိုင်ကို ကိုင်ရင်း ကျန်တစ်ဖက်ဖြင့် ရေဘူးထုတ်ကာ ဘေးခုံကို ကမ်းပေးလိုက်​၏။

"သောက်ဦးမလား?"

ကျန်းထင်က မသောက်တော့ဘူးဟူသည့် သဘောနှင့် ခေါင်းယမ်းပြရင်း အဖုံးဖွင့်ပေးပြီး ယန်ရှယ်ကိုပြန်ပေးလိုက်သည်။

"အံမယ် သိတတ်လှချည်လား?"

ယန်ရှယ် ဆိုရင်း ရေဘူးကိုပြန်ယူကာ တစ်ငုံသောက်လိုက်ပေသည်။ ထို့နောက် ကျန်းထင်က အဖုံးသေချာပြန်ပိတ်ပေးပြီး ရေဘူးကို တူးဘောက်စ်ထဲ ပြန်ထည့်လိုက်​၏။

ကားနောက်ခန်းတွင်မူ ဝမ်ခေါ​၏ နူးနူးညံ့ညံ့ နှစ်သိမ့်သံနှင့် ထန်ရွှမ်​၏ တရွှတ်ရွှတ်ငိုသံတို့က လွှမ်းမိုးနေသည်။ အနှီ သတ္တိရှိလှသော မိန်းမငယ်လေး​​၏ အသွေးအသားတို့မှာ ချက်ချင်းရေနှင့် တည်ဆောက်ထားသလား အောက်မေ့ရသည်။ နာရီဝက်ကြာသည့်တိုင် အငိုမတိတ်နိုင်သေး။

"ဦးလေးယန်"

ဝမ်ခေါက သတိကြီးစွာဖြင့် လှမ်းကြည့်လာခဲ့သည်။

"ရေရှိလား?"

ယန်ရှယ်က ဟွန့်ခနဲ အသံပြုပြီး မဖွင့်ရသေးသော ရေတစ်ဘူး ထုတ်ပေးလိုက်​၏။ ဝမ်ခေါလည်း ကမန်းကတန်း ကျေးဇူးတင်၍ လှမ်းယူကာ ရေဓာတ်ခန်းနေလောက်ပြီဖြစ်သော ချစ်သူကောင်မလေးကို ဂရုတစိုက် တိုက်လိုက်လေသည်။ ထို့နောက် မဝံ့မရဲ အမေးရှိပြန်​၏။

"ဦးလေးယန်........"

ယန်ရှယ်က သူ့ကို အဖက်မလုပ်။

".......ဦးလေးတို့ ကျွန်တော့်အဖေကို ပြန်တိုင်မှာလား?"

နောက်ဆုံး၌ ဝမ်ခေါတစ်ယောက် ရှိသမျှအားအကုန်စုကာ မေးထွက်ခဲ့လေပြီ။

"ဘာတိုင်ရမှာလဲ? အနာဂတ်ချွေးမလောင်းလေးအတွက် ရွှေလမ်းငွေလမ်းဖောက်ဖို့ လက်ဆောင်ပစ္စည်းတွေ ပြင်ဆင်ထားပါလို့ ပြောရမှာလား?"

ဝမ်ခေါခမျာ အသံမထွက်ရဲတော့။

ယန်ရှယ်ကမူ ဗြောင်ကျကျပင် မျက်ဖြူဆိုက်ပြလိုက်သေးသည်။

"မင်းဘိုးအေငါတောင် စီနီယာအလယ်တန်းတုန်းက ညစ်ညမ်းကား မကြည့်ရဲသေးဘူး။ မင်းတို့ခေတ်ကျတော့ ပြောင်းပြန်၊ နို့နံ့တောင့်မစင်သေးဘူး ဒီအခြေအနေအထိ လုပ်ရဲနေကြပြီ။"

ပါးစပ်ကလည်း မကျေမနပ်ပြော၊ လက်ကလည်း စီယာတိုင်ကိုကွေ့ပြီး အကြမ်းပတမ်း ဘရိတ်အုပ်လိုက်ရာ ရုတ်တရက် ရှေ့က မညီမညာ ချိုင့်ခွက်များနှင့်လမ်း​၏ ရှေ့၌ ထိုးရပ်သွားပေသည်။

မျက်စိရှေ့တွင် ညွှန်ကြားရေးယာဉ်က အလယ်ခေါင်၌ လာရပ်ပြီး မှုခင်းရဲဆယ်ယောက်ကျော် ရဲခွေးကိုယ်ဆီနှင့် ဆင်းလာကာ တောထဲ၌ ရှာဖွေရေးဆင်းကြတော့သည်။

--ပုဝေးပြုတ်ကျသွားသည့် ချောက်နေရာကို ရောက်ပေပြီ။

"အစ်ကိုယန်!"

မာရှန်သည် ညွှန်ကြားရေးကားပေါ်မှ ရေးကြီးသုတ်ပျာ ဆင်းလာပြီး မျက်နှာတစ်ခုလုံး နီရဲလျက် ချွေးပင်မသုတ်နိုင်သေးဘဲ

"ကျွန်တော်တို့ ကျောင်းကို အသိပေးပြီးပါပြီ။ ကျန်တဲ့ ကျောင်းသားမိဘတွေလည်း အခု ထျန်းဇုန့်တောင်ကို လာနေကြပြီ! ဒီကောင်မလေး ပုဝေးရဲ့ အိမ်ထောင်စုဇယားကိုလည်း ရထားပြီးပါပြီ။ မိဘမဲ့လေးဖြစ်ပြီးတော့ ဦးလေးရဲ့ အုပ်ထိန်းမှုအောက်မှာ ကြီးပြင်းလာရပါတယ်။ ကျွန်တော်တို့အခု အုပ်ထိန်းသူကို ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်!"

ယန်ရှယ် မေးလိုက်​၏။

"ဒါဘာလဲ?"

"ပုဝေးရဲ့ ပရိုဖိုင်ပါ။"

မာရှန်မှာ အသက်ကိုလုရှူရင်း လပ်တော့ ကိုပြလိုက်သည်။

"ကျွန်တော့်အနေနဲ့ ပြောရမယ်ဆို ရှိန်းရှောင်ချီ ဒီလောက် အသည်းအသန်ဖြစ်လည်း ဖြစ်ချင်စရာပဲ။ ကျွန်တော် ရဲဖြစ်လာတဲ့ သက်တမ်းတစ်လျှောက် မြင်ဖူးသမျှ အိမ်ထောင်စုဇယား ဓာတ်ပုံထဲမှာ ဒီကလေးမလေးက တကယ်ကို........."

အသင့်တော်ဆုံး နာမဝိသေသနပုဒ်ကို ရှာမတွေ့တော့သည်ဖြစ်ရာ ရိုးရှင်းသော စာတစ်ကြောင်းကိုသာ သူအသုံးပြုလိုက်ပါသည်။

"အနုပညာရှင်မဟုတ်တာ နှမြောစရာပဲ။"

ယန်ရှယ်က မာရှန်လက်ထဲမှ လပ်တော့ကို ယူကြည့်လိုက်ပြီး ပထမဆုံး ခေါင်းထဲဝင်လာသည့် အတွေးက

"အလှပဂေးလေးပဲ"

သို့သော် သာမန်ထက်ပို၍ တည်တံ့နေပြန်သည်။

ID ဓာတ်ပုံတော်တော်များများ ပုံစံတူကြသော်လည်း ပုဝေး​၏ အနီးကပ်ပုံမှာ သာမန်လူထက်ပို၍ အုံ့မှိုင်းလျက် အမူအရာမဲ့နေ​၏။ ပုံပန်းသဏ္ဌာန်ကို ဖော်ပြရလျှင် အပြာနုရောင်ကို နောက်ခံလျက် ရိုးရာစုတ်ချက်တို့ဖြင့် အသေးစိတ်ဆွဲထားသော မိန်းမလှလေးတစ်ယောက်​၏ ပန်းချီကားတစ်ချပ်ကဲ့သို့ပင်။ မြင်ရသူကို မှင်တက်သွားစေနိုင်လောက်သည်အထိ ချောမောလှပသော မျက်နှာကို ပိုင်ဆိုင်ထားသူဖြစ်​၏။ လက်ရှိ ပေါ်ထွက်လာသော အနုပညာရှင်များ​၏ ID ဓာတ်ပုံများနှင့် လားလားမျှမဆိုင်။ သို့သော်လည်း အသက်ဝင်နေခြင်းမရှိပေ။

အနှီဓာတ်ပုံကို ယန်ရှယ် တခဏမျှကြည့်ပြီးသော် သူ့ဘေးကို ဖျတ်ခနဲ လှမ်းကြည့်လိုက်​၏။

ကျန်းထင်သည် ကားပေါ်မှဖြည်းဖြည်းချင်း ဆင်းလာနေပြီး သူ​၏အားနည်းပုံပေါ်သော လည်ဂုတ်ကိုကိုင်လျ​က် မျက်ဝန်းတို့ကိုမှေးစင်းကာ ခေါင်းကိုလှည့်၍ အညောင်းပြေအညာပြေချိုးလိုက်သည်။ ဤလှုပ်ရှားမှုကြောင့် သစ်ရိပ်မှ လွတ်မြောက်လာသော နေခြည်နွေးသည် သူ​၏ မည်းနက်နေသော နားသယ်မွှေးတစ်လျှောက် စီးဆင်းလျက် သေးမျှင်လှသော ရွှေအိုရောင်အလင်းတန်းလေး ကွန့်မြူးချေ၏။

ယန်ရှယ်သည် ချက်ချင်းပင် မသင့်တော်သော အတွေးတစ်စကို ခေါင်းထဲမှ ခါထုတ်လိုက်သည် : ကျင်ဟွားက ပိုလှတုန်းပဲ။

"ဘာဖြစ်နေတာလဲ?"

ကျန်းထင်က ပျင်းတိပျင်းတွဲ မေးလေသည်။

"........"

ယန်ရှယ်လည်း အကြည့်ကို အမြန်ရုပ်ကာ ချောင်းဟန့်ပြီး အိမ်ထောင်စုဇယားကို ကြည့်ချင်ယောင်ဆောင်လိုက်သည်။ လပ်တော့မျက်နှာပြင်ပေါ်ရှိ ကောင်မလေးက ယန်ရှယ်ကို စိုက်ကြည့်နေသည်။ မျက်စံတို့မှာ ဖီးနစ်ငှက်တစ်ကောင်​၏ မျက်ဝန်းထဲရောက်နေသော မင်ပြောက်နှစ်ပြောက်နှင့် တူချေ​၏။ ယန်ရှယ်မှာ ကိုယ်တိုင်တောင် မသိလိုက်ဘဲ သူမကို အချိန်တစ်ခုတိုင် စိုက်ကြည့်နေမိသည်။ စိတ်ပိုင်းဆိုင်ရာ လွှမ်းမိုးမှု တစ်ခုခုကြောင့်ပေလားမသိ၊ ရုတ်တရက် ထူးဆန်းသော ခံစားချက်ကြီး ဝင်လာ​၏။

ထင်ယောင်ထင်မှားဖြစ်တာ မဟုတ်မှန်း သေချာအောင် သူမျက်လုံးမှိတ်လိုက်ပြီး တစ်ခဏအကြာမှ ပြန်ဖွင့်လိုက်လေသည်။

ဤလှပသော မိန်းမငယ်လေး​၏ ဓာတ်ပုံတစ်ပုံက သူ့ကို စကားလုံးဖြင့် ဖော်ပြရန်မစွမ်းသာသော ခံစားချက်တို့ ပေးခဲ့သည်ပင်။

--------------------------------------------------

T/N

အုံမာခင်ကြောင့် သေချာအာရုံမစိုက်နိုင် ဖြစ်နေတာမလို့ ဖတ်ရတာ အဆင်မပြေရင် တောင်းပန်ပါတယ်။ အားလုံးပဲ ဂရုစိုက်ကြပါ။

Continue Reading

You'll Also Like

49.4K 6K 200
အပိုင်း ၁၂၈၁ မှ ၁၇၇၃ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလ...
352K 38.7K 132
Type Web Novel (CN) Genre School Life Yaoi Tags Black Belly Enemies Become Lovers Hot-blooded Protagonist Kind Love Interests Love Interest Falls in...
377K 25.3K 30
"မောင်ဟာ မိန်းမချင်းတောင် သိပ်နိုင်စားလွန်းတယ်"