"အောင်....အောင်.... ဘာဖြစ်တာလဲ။ ဘာဖြစ်တာလဲ။"
"ဟင်.... မေ... အောင် အိပ်မက်ဆိုးတွေ မက်လို့။"
"ဟုတ်လား။ ဘာတွေ မက်နေတာလဲ။ ရုန်းကန်ရင်း အော်နေလိုက်တာ ကြောက်စရာ။"
"မသိတော့ပါဘူးကွာ။"
သားရူးရူးနေသော မေစိတ်မကောင်း ဖြစ်မှာစိုးသဖြင့် အိပ်မက်အကြောင်း သူ ပြောမပြတော့။
"ကဲ...ဒါဖြင့်လည်း ပြန်အိပ်လိုက်ဦး။ မေ ဟိုဘက်ခန်းက သားလေးဆီသွားကြည့်လိုက်ဦးမယ်။"
မေက ပြောပြောဆိုဆို ထထွက်သွားရာ အစောပိုင်းက သူမရင်ခွင်ထဲ ပိုက်ထားသော ကော်ပတ်ရုပ်ကို ကုတင်ပေါ် ချသွားသည်။ သေချာကြည့်မိတော့ ထင်သည့်အတိုင်း ယောက်ျားလေးရုပ်။ ကော်ပတ်ရုပ်တွေက ယောက်ျားလေး အရုပ်ရှိလို့လား။ အောင်ဇော်ထွေး စိတ်ထဲ ဇဝေဇဝါ ဖြစ်သွားသည်။ အရုပ်က ခပ်ဟောင်းဟောင်း ဘယ်ဘက် မျက်စိအောက်ခြမ်း ပါးရိုးနားတွင် အက်ရာတစ်ခု ရှိသည်။ ဝတ်ထားသည်က လည်ပိတ်တီရှပ်လက်ရှည် အနက်ရောင်နှင့် မိုးပြာရောင် ဂျင်းဘောင်းဘီရှည်။ အောက်တွင် ခြေထောက်ကို ကင်းဗတ် ဖိနပ်ပုံ ဆေးခြယ်ထားသည်။
အရုပ်က ပက်လက်အနေအထား မေ့နေရာတွင် ကျန်ရစ်သည်။ အောင်ဇော်ထွေးက ဖူးကနဲ လေပူတချက် မှုတ်ထုတ်လိုက်ရင်း ခုတင်ဘေးရှိ စားပွဲပုကလေးပေါ်မှ ရေဘူးကို လှမ်းယူလိုက်သည်။ ထို့နောက် ရေသောက်ရန် ကိုယ်တပိုင်း ထလိုက်စဉ် အရုပ်၏ လက်တစ်ဖက်က ဆတ်ကနဲ လှုပ်သွားရာ အောင်ဇော်ထွေး အံ့ဩသွားသည်။ ညအိပ်မီး မှောင်မှောင်ကြောင့် မြင်မိမြင်ရာတွေ မြင်နေသလား ထင်မိပြီး အခန်းမီးဖွင့်ရန် ထလိုက်သည်။
မီးလင်းသွားတော့ ထိုအရုပ်က ဘေးတစ်စောင်း ဖြစ်နေပြန်သည်။ သူထလိုက်သဖြင့် ခုတင်လှုပ်သွားခြင်းကြောင့် အရုပ်က ပုံစံ ပြောင်းသွားတာလည်း မဖြစ်နိုင်။ ဘေးစောင်းထားသည့်အရုပ်က ပက်လက်လန်သွားခြင်းဆိုလျှင် အဓိပ္ပါယ်ရှိသေးသည်။
ခုတော့...
ဒီအတိုင်းသာဆို ယင်းအရုပ် ဘယ်ကရလာသလဲ မေ့ကို မေးကြည့်မှ ဖြစ်တော့မည်။ ကြည့်နေရင်း အရုပ်၏ မျက်နှာက ပြုံးယောင်သန်းသွားသည်။ အောင်ဇော်ထွေး လန့်သွားပြီး လက်ထဲမှ ရေဘူးလွတ်ကျသွားရာ ကြမ်းပေါ်တွင် ရေတွေရွှဲကုန်၏။
မေက အသံဗလံတွေကြားသဖြင့် အမောတကော ပြန်ပြေးလာသည်။
"ဘာဖြစ်တာလဲ အောင်။"
"မေ....မေ ဒီအရုပ်ကို ဘယ်က ရတာလဲ။"
"ဪ ဘာများလဲလို့ အောင်ရယ်...အလန့်တကြား ရှိလိုက်လေ။"
"ပြောစမ်းပါ မေ ဒီအရုပ် ဘယ်ကရသလဲ။"
"အိမ်ရှင်းရင်းနဲ့ စတိုခန်းထဲက တွေ့တာလေ။ အရင်အိမ်ရှင်တွေ ကျန်ခဲ့တာ နေမှာပေါ့အောင်ရဲ့။ ဘာတွေ ဒီလောက်ကြီး အရေးတကြီး ဖြစ်နေစရာ ရှိလို့လဲ။"
"အဲဒါကို မေက ဒီထဲယူထားပြီး ဘာလုပ်တာလဲ။"
"ဪ...ခုနက သားလေးကို သိပ်ရင်း ဆော့ပြထားတာ။ သားလေးကို သူ့အိပ်ရာထဲ ပြန်ထည့်တော့ အရုပ်က ဒီမှာကျန်ခဲ့တာလေ။ ဘာဖြစ်လို့လဲ။"
"ဘယ်က ဘယ်သူပိုင်ခဲ့တဲ့ ဟာမှန်းမသိတဲ့ အရုပ်ကိုကွာ။ လွှင့်ပစ်လိုက်စမ်းပါ။"
"မပစ်ပါဘူးနော်။ ဒါ သားကြီးရှင့်။ သားငယ်လေးရယ် သားကြီးရယ်နဲ့ ဘယ်လောက်ပျော်ဖို့ကောင်းလဲ။ သားကြီးသာ ရှိရင် ဒီလိုလေး ဆင်ပေးထားမှာ။ ဆံပင်က အုံထူထူဆိုတော့ ဒီလိုလေးဆို အရမ်းချစ်ဖို့ ကောင်းမှာ။"
"အောင် ပြောတာက ဒီအရုပ်က အဟောင်းကြီး။ ဘယ်သူကျန်ခဲ့မှန်း မသိတဲ့ဟာ။ ရောဂါပိုးတွေ ဘာတွေ ကပ်ညိနေမှဖြင့် သားသားကို ကူးနေပါ့မယ်။ ပစ်လိုက်ပါကွာ။ မေက လိမ္မာပါတယ်။"
"အောင် အဲ့လိုပြောမယ်ဆိုတာ သိပြီးသား။ ဒါကြောင့်မို့ မနက်တည်းက မေက နေပူပူမှာ ထုတ်လှမ်းပြီးသား၊ ဖုန်လည်း ခါထားပြီးသား။"
"မေရယ်... ဒါဖြင့်လည်း ဒီအရုပ်ကို အိပ်ရာထဲတော့ မထားစမ်းပါနဲ့ကွာ။"
"အောင်ပဲ ကလေးကို တအိပ်ရာထဲ သိပ်ရင် မလွတ်လပ်ဘူး၊ ကြပ်တယ်ဆို။ ခု... သားကြီးက အရုပ်ကလေးပါရှင်။ ထားရာနေမယ့် အရုပ်လေးပါ။ အောင် ဘာဖြစ်နေတာလဲ။"
"မသိဘူးကွာ။ မထားနဲ့ဆို မထားနဲ့။ ဒါပဲ။"
"ပြီးရော...ပြီးရော။ ရှင်က မထားနဲ့ဆိုလည်း မထားဘူး ဟုတ်ပြီလား။"
မေက ဆူအောင့်အောင့် ပြောဆိုရင်း မှောက်ကျထားသော ရေများကို သုတ်ရန် ကြမ်းတိုက်တုတ် သွားယူလေသည်။
အောင်ဇော်ထွေးရင်ထဲ ဒေါသတွေ ဆူဝေနေသည်။ သူက အရုပ်ကို လှည့်ကြည့်လိုက်တော့ အရုပ်က ဖြတ်ကနဲ မျက်တောင်ခတ်သည်။
သူလန့်သွားပြီး အရုပ်ကို ကောက်ယူလိုက်ကာ ပြတင်းပေါက်ဘက် လျှောက်သွားစဉ် မေက ပြန်ရောက်လာပြီး ရန်တွေ့တော့သည်။
"ရှင် ဒါဘာလုပ်တာလဲ။"
"လွှင့်ပစ်မလို့ကွ။"
"ကျွန်မသားကြီးကို ရှင်လွှင့်ပစ်စရာ မလိုဘူး။"
"အဲဒါ အရုပ်ကွ။ မင့်သား မဟုတ်ဘူး။"
"ဒါ ကျွန်မ သားအကြီး။"
*****
ထိုညက လင်မယား၂ယောက် တယောက်တခွန်း စကားများကြရာမှ မိုးလင်းသည်အထိ ပြန်အိပ်မပျော်တော့။