"ငါတို့နိုင်ငံမှာ ပထမအဆင့်ထိန်းသိမ်းစောင့်ရှောက်ရမဲ့ တိရစ္ဆာန်စာရင်းဝင် အမဲလိုက်လင်းယုန်ငှက်ရဲ့သွေး။ အမြီးဖြူလင်းယုန်လို့လည်းခေါ်ကြတယ်။"
--------------------------------------------------
"သွေးစွန်းအင်္ကျီ၊ ကတ်ထူဘူးနဲ့ ပတ်ထားတဲ့တိပ်တွေကို တစ်စက်မှမထိနဲ့။ အဲ့ဒါတွေအကုန်လုံးကို လက်ဗွေစစ်ဆေးဖို့နဲ့ ဓာတ်ခွဲခန်းစစ်ဆေးရေးတွေလုပ်ဖို့ ပို့လိုက်။ နည်းပညာဌာနကို ရှိန်းရှောင်ချီရဲ့ ဖုန်းနံပါတ်ပို့ပြီး ဒါရိုက်တာဟွမ်ကို Triangulation နောက်တစ်ခေါက်ပြန်လုပ်ဖို့ပြော။ အဲ့ဒီကလေးဘယ်မှာရှိနေလဲ ငါသိရမှဖြစ်မယ်။ ယဉ်ကျေးမှုထိန်းသိမ်းရေးဌာနကိုဖုန်းဆက်၊ ရှိန်းရှောင်ချီကျောင်းကဆရာကို ဆက်သွယ်ပြီး ပျော်ပွဲစားထွက်တဲ့ထဲပါတဲ့ ကျောင်းသားစာရင်းနဲ့ ဘေးကစောင့်ရှောက်သူအနေနဲ့ ပါသွားတဲ့လူစာရင်းပါတောင်းခဲ့။ အခုချက်ချင်းလုပ်!"
(T/N-Triangulationက နယ်ပယ်အလိုက်အဓိပ္ပာယ်အမျိုးမျိုးရှိပေမဲ့ ဒီနေရာမှာတော့ ရေဒီယိုလှိုင်းတွေကနေတစ်ဆင့် တည်နေရာခြေရာခံတဲ့နည်းပညာကိုပြောတာပါ)
ယန်ရှယ်၏ ဟိန်းဟောက်သံသည် စင်္ကြံတစ်ခုလုံး ပဲ့တင်ထပ်သွား၏။ မြို့တော်ရုံးချုပ်၌ရှိနေသော တာဝန်ကျ ရဲတပ်သားမှန်သမျှ နာခံကြောင်းအသံပြုပြီး အသီးသီးလှုပ်ရှားကြတော့သည်။
"အစ်ကိုယန်"
ကောင်းဖန့်ချင်သည် အမောတကောပြေးလာကာ တိုးတိုးတိတ်တိတ်မေးမြန်းလေ၏။
"ဌာနမှူးဝေ့ကို ဖုန်းဆက်အကြောင်းကြားဦးမလား?"
ယန်ရှယ်ချက်ချင်းမဖြေသေးဘဲ ရှိန်းအဖေကြီးကိုကြည့်လိုက်ပါ၏။
ရှိန်းအဖေကြီးမှာ သားဖြစ်သူ၏ဖုန်းကိုထပ်ခါထပ်ခါခေါ်နေရှာသည်။ အကြိမ်တိုင်းလည်း တစ်ဖက်မှ ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်ရှိနေတာချည်းပင်။ မျက်နှာအမူအရာကိုကြည့်သည်နှင့် အနှီလင်မယားနှစ်ယောက်ကား စိတ်ဖိစီးလွန်း၍ အာရုံကြောများပေါက်ထွက်မတတ်ဖြစ်နေကြောင်း ယန်ရှယ်ပြောနိုင်ပါသည်။
"လောင်ဝေ့ကို အဲ့ဒီဘက်မှာပဲစောင့်နေခိုင်းလိုက်ဦး။"
ယန်ရှယ်က ကောင်းဖန့်ချင်ကို တီးတိုးပြောလိုက်၏။
"မာရှန်တို့ကို အမြန်ပြန်လာဖို့ ဖုန်းဆက်ခေါ်လိုက်။"
ကောင်းဖန့်ချင်လည်း ခေါင်းညိတ်လျက် ချက်ချင်းထွက်သွားပေသည်။
"သူက ဘယ်လိုလုပ် ဆက်သွယ်မှုဧရိယာပြင်ပရောက်နေတာလဲ? ခင်ဗျားသားအပျော်ခရီးထွက်တာ ဘယ်နေရာလဲ?"
ယန်ရှယ် မေးလိုက်သည်။
"ထျန်းဇုန့်တောင်"
ယန်ရှယ်၏ စိတ်ရှုပ်နေသော မျက်နှာပေးကြောင့်ထင်သည်၊ ရှိန်းအမေကြီးမှာ တဆက်ဆက်တုန်ယီနေရှာ၏။
"အစကတော့ ကျွန်မလည်း တစ်ခါမှ မကြားဖူးပါဘူး။ နောက်ပိုင်းကျမှ အဲ့ဒါက အရှေ့တောင်ပိုင်းမှာ အသစ်ဖွင့်လိုက်တဲ့ ရှုမျှော်ခင်းနေရာမှန်းသိလိုက်ရတာပါ။ မနေ့က သူတို့အဲ့ဒီကိုရောက်ရောက်ချင်း ဖုန်းပြောတော့ကို လိုင်းကထစ်ငေါ့ထစ်ငေါ့ဖြစ်နေတာ။ တောင်ထဲဝင်လို့ လိုင်းမကောင်းဘူးလို့ ပြောတာပါပဲ။"
ဓာတ်ခွဲခန်းရှိရာကို ယန်ရှယ်မေးဆတ်ပြလိုက်၏။
"အဲ့လိုဆို ဒီဘူးကို အတိအကျ ဘယ်အချိန်၊ ဘယ်နေရာမှာ ဘယ်လိုတွေ့တာလဲ?"
"နေ့လည်ခင်း ကျွန်မတို့ပြန်သွားပြီးတဲ့နောက် ကလေးနဲ့ဖုန်းရခဲ့ပါသေးတယ်။ ညနေရောက်တော့ ကုမ္ပဏီကထွက်လာတဲ့အချိန်......အဲ့ဒီအချိန်......သူ့ဘက်ကလည်း လိုင်းကမကောင်းဘူး.........."
ရှိန်းအမေကြီးမှာ တုန်လှုပ်ခြောက်ခြားနေလွန်း၍ ထစ်ငေါ့ထစ်ငေါ့နှင့် လေးလုံးကွဲအောင်ပင်မပြောနိုင်ရှာ။ ယန်ရှယ် မျက်မှောင်ကြုတ်သွားပြီး သူမကိုတစ်ခုခုပြောရန် ပြင်လိုက်သော်လည်း စင်္ကြံပေါ်တွင် လူအများအပြားရှိနေသေးသည်ကိုမြင်ပြီး အနည်းငယ် ဒွိဟဖြစ်သွား၏။ သူခေတ္တမျှစဉ်းစားပြီး လက်ဟန်အမူအရာပြလိုက်ပေသည်။
"အရင်ဆုံး ကျွန်တော့နောက်လိုက်ခဲ့။"
ရှိန်းအမေကြီးလည်း ဘုမသိဘမသိနှင့် ရှိန်းအဖေကြီးကိုပါ တစ်ပါတည်းဆွဲခေါ်ခဲ့ပြီး ယန်ရှယ်နောက်လိုက်ကာ အစည်းအဝေးအခန်းငယ်ထဲသို့ ဝင်သွားလေသည်။
"ဒီစကားကိုကြိုပြောရတာ စည်းကမ်းဖောက်ရာကျပေမဲ့"
ယန်ရှယ် တံခါးပိတ်၍ လိုရင်းကိုပြောလိုက်၏။
"ခင်ဗျားတို့က တအားတုန်လှုပ်နေတော့ ကျွန်တော်အရင်ဆုံးအမှန်အတိုင်းပြောပြပါ့မယ်။ အဲ့ဒီ သွေးစွန်းနေတဲ့အင်္ကျီက လူသွေးနံ့နဲ့မတူဘူး။ ခင်ဗျားတို့ရဲ့သား မကောင်းတာတစ်ခုခုကြုံနေရတာ ဟုတ်ချင်မှဟုတ်မှာပါ။"
ရှိန်းအမေကြီးမှာ စိတ်လှုပ်ရှားလွန်း၍ ကိုယ့်လျှာကို ပြန်ကိုက်မိမတတ်ပင် ဖြစ်သွားရပါသည်။
"ရှင်?"
ယန်ရှယ်က ခေါင်းညိတ်သည်။
"ဒါမျိုးလည်း အနံ့ခံလို့ရတယ်ပေါ့?"
ယန်ရှယ်၏ စိတ်ထဲတွင် 'လတ်လတ်ဆတ်ဆတ်ရော၊ ပုတ်သိုးနေတာရော၊ ပျစ်ချွဲရွဲရိနေတာတွေရော၊ ခဲနေတွေရောအကုန် လူသွေးမှန်သမျှအနံ့ခံလာတာ ဒီတစ်သက် ဘဲသွေးစွပ်ပြုတ်စားတဲ့ အကြိမ်ရေထက်တောင်များတယ်။ ဒါလေးကို အနံ့မခံနိုင်ဘဲ နေမလား? အနံ့ခံစရာတောင်မလိုဘဲ နှစ်ခါလောက်ကြည့်လိုက်တာနဲ့ တိရစ္ဆာန်သွေးမှန်းတမ်းသိတဲ့ ကျန်းမျိုးရိုးကမှ တကယ်လန့်စရာကောင်းတာ။'
သို့သော် အပြင်ကိုတော့ ထုတ်မပြောခဲ့။ ထိုအစား ရိုးရိုးရှင်းရှင်းသာ တုံ့ပြန်လိုက်ပေသည်။
"လောလောဆယ် ခန့်မှန်းရသလောက်ပဲ ရှိပါသေးတယ်။ ဓာတ်ခွဲခန်းရလဒ်ထွက်လာမှ အတိအကျပြောလို့ရမယ်။ ခင်ဗျားက ကတ်ထူဘူးကို ညပိုင်းကုမ္ပဏီအပေါက်ဝမှာ တွေ့တာနော်?"
နောက်ဆုံး၌ ရှိန်းအမေကြီးမှာ အနည်းငယ် စိတ်သက်သာရာရသွားချေပြီ။ သို့ရာတွင် အသံကမူ အဖျားခတ်နေဆဲ။
"ဟုတ်၊ ဟုတ်ပါတယ်။ ကျွန်မတို့ အဲ့ဒီညက အရေးကြီး ညစာစားပွဲရှိတာနဲ့ ကုမ္ပဏီကနေထွက်ထွက်ချင်း........"
ရှိန်းရှောင်ချီမှာ လူချမ်းသာမိသားစုမှ ပေါက်ဖွားလာသည့် လူငယ်တစ်ဦးဖြစ်သည်။ မိဘများက အထည်စက်ရုံတစ်ခုပိုင်ဆိုင်သည်။____ကျန်းထင် ပြောခဲ့သလိုပင် ပြန်ပေးသမားတွေသာ နှစ်သန်းပဲ တောင်းခဲ့မည်ဆိုပါက ရဲတွေဆီတိုင်ကြားစာ ရောက်လိမ့်မည်ကိုမဟုတ်။ ယခုဆို လက်ထဲပိုက်ဆံရောင်နှင့်ပြီး ဖြစ်မည်မှာ အသေအချာ။
နေ့လည်ခင်း ရဲစခန်းမှပြန်သွားချိန်တွင် စိုးရိမ်စိတ်မပြေသေးသော ရှိန်းအဖေကြီးနှင့် ရှိန်းအမေကြီးတို့မှာ ၎င်းတို့၏သားထံ ထပ်မံဆက်သွယ်ခဲ့ပြီး ဆက်မလည်တော့ဘဲ အိမ်ပြန်ခဲ့ဖို့ ပြောခဲ့ကြသည်။ သို့ရာတွင် ရှိန်းရှောင်ချီက သူညနေပိုင်း သူငယ်ချင်းတွေနှင့် သဘောတူပြီးသား 'ကမ်ပိန်းလှုပ်ရှားမှု' ရှိသေးသည်မို့ စောစောပြန်လာခဲ့လျှင်တောင် မနက်ဖြန်နံနက်ရောက်မှသာ အစောဆုံးထွက်လာနိုင်မည်ဖြစ်ကြောင်း၊ ညပိုင်းဆိုလျှင် ဖုန်းလိုင်းမကောင်းကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
မိဘများကမူ သူတို့၏သားထံမှ 'စခန်းချရာတွင်သာနေပြီး သူငယ်ချင်းမပါဘဲ တစ်ယောက်တည်း ဘယ်ကိုမှမသွားပါဘူး' ဟူသောကတိကို ဖုန်းမချမီ ထပ်ခါထပ်ခါတောင်းခဲ့ပေ၏။ ထို့နောက် စိုးရိမ်စိတ်တို့ ရင်ဝယ်ပိုက်လျက် ကုမ္ပဏီကို ပြန်သွားခဲ့ရသည်။
ညနေပိုင်း အလုပ်ဆင်းချိန်၊ စာချုပ်ကိစ္စအရေးကြီး ညစာစားပွဲရှိသဖြင့် စောစောအပြန် ကုမ္ပဏီအပေါက်ဝမှထွက်လျှင်ထွက်ချင်း သွေးစွန်းအင်္ကျီတစ်ထည်ထည့်ထားသော အနှီကတ်ထူဘူးအား ကြမ်းပြင်ပေါ်၌မြင်တွေ့လိုက်ရချေ၏။
ရှိန်းမိသားစုပိုင်ကုမ္ပဏီ၏ အလုပ်ရုံမှာ ဝေးလံလှသောစက်မှုဇုန်တွင်ရှိသော်ငြား ရုံးခန်းကိုမူ အလုပ်လုပ်ရအဆင်ပြေသည့် သီးခြားကိုယ်ပိုင်နေရာလေးတစ်ခုရှိ အဆောက်အအုံအောက်ထပ်တွင် ဖွင့်ထားခြင်းဖြစ်၏။ ကုမ္ပဏီပတ်ဝန်းကျင်တွင် စစ်ဆေးစရာ စောင့်ကြည့်ကင်မရာတို့မရှိ။ သို့ဖြစ်ရာ တစ်စုံတစ်ယောက်က သွေးစွန်းအင်္ကျီတစ်ထည်ပါသော ကတ်ထူဘူးကို လာထားခဲ့ပြီး ခြေရာလက်ရာမကျန်စေဘဲ အလွယ်တကူထွက်သွားနိုင်ပါ၏။ သို့သော် ထိတ်လန့်စရာကောင်းသည်မှာ တစ်ဖက်က ရှိန်းမိသားစု၏ ရုံးခန်းနေရာကို မည်သို့သိသွားခဲ့သနည်း။ ထို့ပြင် ရှိန်းရှောင်ချီဘက်မှ လိုင်းပြတ်တောက်သွားသည့်အချိန်နှင့် ကွက်တိဖြစ်နေရသနည်း။
နေလည်က အဖြစ်အပျက်မှာ ရိုက်စားလုပ်သည်ဆိုစေဦးတော့ ယခုတွင်မူ ရာဇဝတ်မှုကျူးလွန်ခံရနိုင်သည့်ပစ်မှတ်ကား အလွန်ထင်ရှားနေပြီဖြစ်သည်။
".....တီ.....တီ......."
တစ်ဖက်က ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်ရှိနေပါသည် ဟူသည့်အသိပေးချက်မှာ ရုတ်တရက်ပျောက်သွားပြီး အားလုံးသတိအနေအထားဖြစ်သွားကြသည်။ ရှိန်းအဖေကြီးမှာ ကတုန်ကယင်ဖြစ်လာပြီး ဖုန်းပင်လက်ထဲမှလွတ်ကျမတတ်ဖြစ်သွားရသည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက်တွင် ဖုန်းလိုင်းတစ်ဖက်မှ အသံကြားလိုက်ရချေသည်။
"ဟယ်လို၊ အဖေလား?"
ရှိန်းအမေကြီးမှာ ခြေမခိုင်တော့။ ယန်ရှယ်သာ အချိန်မီ မဖမ်းလိုက်လျှင် မြေပေါ်ပုံကျသွားလိမ့်မည်သာ။
ထိုအချိန်တွင် အနောက်မှ ဂျောက်ဆိုသော အသံတစ်ချက်နှင့်အတူ တံခါးကိုတွန်းဖွင့်လျက် ကျန်းထင်ဝင်လာ၏။
"........."
ရှိန်းအဖေကြီး၏ ဟိန်းဟောက်သံတို့ကြား ယန်ရှယ်သည် တံခါးဆီ ဒရောသောပါးပြေးသွားကာ ခပ်တိုးတိုးမေးလိုက်၏။
"မင်းဘယ်လိုလုပ်ရောက်လာတာလဲ?"
"ဒါရိုက်တာလွီရော၊ လက်ထောက်ဒါရိုက်တာဝေ့ရော ဒီမှာမရှိဘူးလို့ မင်းပဲပြောတာလေ။"
ကျန်းထင်ကတော့ ခပ်တည်တည်ပင်။
"ပေါက်စီရော?"
ထိုအခါမှသာ ယန်ရှယ်တစ်ယောက် လက်ဗလာဖြစ်နေမှန်း ကိုယ့်ကိုယ်ကိုယ် သတိထားမိသွားပြီး ပေါက်စီလေးများမှာတော့ ဘယ်ကတည်းက ဘယ်ဘုံကြွသွားပြီလဲမသိ။
"ချီးပဲ၊ မင်းဘာဖြစ်လို့ ဒီလောက်တောင်ဇီဇာကြောင်နေရတာလဲ? ထားလိုက်တော့၊ ငါထပ်မှာပေးမယ်......"
ကျန်းထင်၏အကြည့်တို့မှာ စိုးရိမ်ဒေါသစိတ်တို့ ဖုံးလွှမ်းနေသော ရှိန်းအဖေကြီးထံ ရောက်ရှိသွားလေသည်။ ထို့နောက် လက်ကိုရုတ်ခြည်းမြှောက်ကာ ယန်ရှယ်အား တားလိုက်ပြီး အရှေ့သို့ လျှောက်သွားလိုက်သည်။
"အဖေနဲ့အမေဘယ်လောက်ထိစိတ်ပူနေလဲသိရဲ့လား? ဖုန်းလိုင်းမမိတဲ့နေရာတွေ မသွားနဲ့၊ စခန်းမှာပဲငြိမ်ငြိမ်လေးနေ! ကမ်ပိန်း? ဘာကမ်ပိန်းလဲ?! ဒီနေ့ငါတို့တံခါးဝမှာ သွေးစွန်းနေတဲ့အင်္ကျီလာထားသွားတာကွ သိရဲ့လား!!!......"
"ရှိန်းလူကြီးမင်း?"
ကျန်းထင်က အတည်ပြုသည့်သဘောနှင့် မေး၏။
ရှိန်းအဖေကြီးမှာ သားဖြစ်သူကို ဆူငေါက်နေရင်းတန်းလန်း "ဟမ်" ဟုအသံပြုလျက် မော့ကြည့်လာသည်။
ကျန်းထင်က ဖုန်းကိုလက်ညှိုးထိုးပြလိုက်၏။
"ဗီဒီယိုဖွင့်ဖို့ပြောလိုက်ပါ။"
ရှိန်းအဖေကြီးမှာ အိပ်မက်မှလန့်နိုးလာသူတစ်ဦးနှယ်သတိဝင်လာပြီး 'ရဲတွေရဲ့ ပြဿနာတစ်ခုအပေါ် ထိုးထွင်းသိမြင်နိုင်စွမ်းက သိပ်မြန်တာပဲ' ဟုစိတ်ထဲမှရေရွတ်လျက် သားဖြစ်သူကို ချက်ချင်း ဖုန်းချပြီး ဗီဒီယိုကော ခေါ်ရန်ပြောလေသည်။
ရှိန်းရှောင်ချီ၏ တုံ့ပြန်ပုံအရဆိုလျင် အနည်းငယ် အင်တင်တင်ဖြစ်နေပုံပေါ်သည်။ သို့ရာတွင် အလွန်အမင်းစိုးရိမ်ပူပန်နေသော မိဘများကို မလွန်ဆန်နိုင်ပေရာ အနည်းငယ်ကြာပြီးနောက် ဗီဒီယိုကောခေါ်လာ၏။ သူရဲကောင်းလေး၏ မျက်နှာမှာ ထင်းခနဲလင်းခနဲ။
"ဟယ်လို၊ အဖေ၊ အခုရပြီလား?"
ကျန်းထင်၏ လက်မသည် မေးအောက်တွင်ရှိနေပြီး လက်သီးဆုပ်မှာ မျက်နှာတစ်စိတ်တစ်ဒေသကို စိုးစဉ်းမျှကွယ်ထားလျက် လက်ညှိုးရင်းကို တတိတိကိုက်နေ၏။ _____ဤကား စဉ်းစားခန်းဖွင့်တိုင်း လုပ်လေ့ရှိသည့် အမူအကျင့်လေးတစ်ခုပင်။
ယန်ရှယ် လျှောက်သွားလိုက်ပြီး သူ့နံဘေးအရောက်တွင် လျှာထိုးဦးထုပ်အောက်မှ ဖုန်းစခရင်ကို ပေါက်ထွက်မတတ်စိုက်ကြည့်နေသော မျက်ဝန်းတစ်စုံကို မြင်တွေ့လိုက်ရချေသည်။
"မင်းအမေနဲ့ငါ အခုချက်ချင်းလာကြိုမယ်။ တအားအန္တရာယ်များတယ်ဒါပဲ! တစ်ခွန်းမှပြန်မပြောခဲ့နဲ့!"
"အဖေရာ၊ လုပ်ဇာတ်ကြီးပါဆိုဗျာ။ အလကားနေရင်း ရဲကိုနှစ်ခါတောင် တိုင်လိုက်ကြသေးတယ်........."
"မင်းဘာလို့ စခန်းမှာရှိမနေတာလဲ?! တခြားအတန်းဖော်တွေရော ဘယ်မလဲ?! တစ်ယောက်ထဲဘာလို့အပြင်ထွက်လာတာလဲ?!!"
ရှိန်းရှောင်ချီလည်း ညည်းတွားလေတော့သည်။
"ညကျရင်မီးပုံပွဲရှိပါတယ်ဆို၊ ထင်းတောင်မကောက်ရတော့ဘူးလား? မနက်ဖြန်မနက်ပြန်ခဲ့မယ်လို့ ကတိလည်းပေးပြီးပြီဥစ္စာ။ မနက်ဖြန်မနက်အစောကြီးပြန်ခဲ့မယ်လို့ဗျာ!"
"ဘယ်လိုလဲ?"
ယန်ရှယ်က တိုးဖျော့ဖျော့ အမေးရှိသည်။
ကျန်းထင်၏ အကြည့်များမှာတော့ ဖုန်းစခရင်ပေါ်မှ မခွာသေး။
"မင်းရောဘယ်လိုထင်လဲ?"
"ဒီအရွယ်ယောက်ျားလေးတွေက စာမေးပွဲပြီးတာနဲ့ အပြင်မှာလွတ်လွတ်လပ်လပ်ပျော်ချင်ကြတာ သဘာဝပဲ။ ငါတော့ဘာမှထူးဆန်းတယ်လို့မထင်မိပါဘူး။"
ကျန်းထင် ခေါင်းညိတ်လိုက်သည်။ ထို့နောက် ယန်ရှယ်၏ နားရွက်နားအသာကပ်၍ လေတိုးသံလေးနှင့်ပြောလေသည်။
"အဲ့ဒီကောင်လေးရဲ့ မျက်လုံးတွေကိုကြည့်လိုက်။"
ပူနွေးနွေးလေနုကလေးက ယန်ရှယ်၏ နားစည်ကို လာရောက်ရိုက်ခတ်ချိန်တွင် တစ်ကိုယ်လုံး သွေးပွက်ပွက်ဆူကာ အကြောပေါင်းတစ်ထောင်ဆိမ့်သွားရသည်။ ယန်ရှယ်၏ တုံ့ပြန်နိုင်စွမ်းနှင့် စိတ်အစဉ်မှာ တဒင်္ဂမျှ ဗလာအတိ။ နှလုံးအိမ်တစ်ခုတည်းသာ သံစုံတီးဝိုင်းတီးနေပါ၏။ ကျန်းထင်ထံမှ စကားလုံးဟူသမျှ နားစည်သို့ရောက်ပါသော်လည်း အဓိပ္ပာယ်ခွဲခြားနိုင်ဖို့ရာ ဦးနှောက်အထိတော့မရောက်လိုက်။
"ယန်ရှယ်?"
"............"
ကျန်းထင်ဘက်မှ လူချင်းခွာသွားလေပြီ။
"မင်းဘာဖြစ်နေတာလဲ?"
"..........."
ယန်ရှယ်၏ အကြည့်တို့သည် ကျန်းထင်၏ နှုတ်ခမ်းပေါ် တန်းခနဲရောက်သွားပြီးမှ ဖုန်းစခရင်ထံပြန်လှည့်သွားလေသည်။
".......အင်းအင်း"
အင်းအင်း?
ကျန်းထင် မျက်မှောင်ကြုတ်လိုက်သော်လည်း ဘာမျှထပ်မပြောတော့။ ရုတ်တရက် အစည်းအဝေးခန်းငယ်လေးတွင် အကြိမ်ရေအနည်းငယ်မျှတံခါးခေါက်သံထွက်ပေါ်လာပြီး ဟွမ်ရှင်းက တွန်းဖွင့်လျက် ဝင်လာသည်။
"လောင်ယန်!"
ထိုအခါမှသာ ယန်ရှယ်တစ်ယောက် လွတ်ငြိမ်းချမ်းသာခွင့်ရသွားလေသည်။သူ့ခမျာ ရှိန်းအဖေကြီး ဗီဒီယိုကောခေါ်ပြီးသွားတာတောင် မသိလိုက်ဘဲ လင်မယားနှစ်ယောက်ကို လက်အမြန်ပြပြီး ဟွမ်ရှင်းကိုမေးလိုက်၏။
"စစ်ဆေးချက်ထွက်လာပြီလား?"
"အင်း၊ ဒီမှာ ရှိန်းရှောင်ချီရဲ့ဖုန်းရောက်နေတဲ့နေရာရဲ့ လတ္တီတွဒ်နဲ့ လောင်ဂျီတွဒ်။ ပြီးတော့ ဒီဟာက အဲ့နားတစ်ဝိုက်ရဲ့ မြေပုံ။"
ဒါရိုက်တာဟွမ်သည် အပြင်ဝတ်စုံနှင့်ဖြစ်နေသော ကျန်းထင်ကို တစ်ချက် သတိပြုမိသော်လည်း ယနေ့တွင် မြို့တော်ရုံးချုပ်ရှိ ရဲအများစုမှာလည်း အပြင်ဝတ်စုံနှင့် ဖြစ်နေသဖြင့် ထွေထွေထူးထူးအာရုံစိုက်မနေခဲ့။ ထို့နောက် တည်နေရာစိစစ်ချက်ကိုသာထောက်၍ ယန်ရှယ်ကိုပြောပြလိုက်၏။
"ထျန်းဇုန့်တောင်က ဒီမှာ၊ ကျန်းနင်ရဲ့ အရှေ့တောင်ဘက် ဆင်ခြေဖုံးအရပ်မှာ ခရီးသွားတွေကိုဆွဲဆောင်ဖို့အပန်းဖြေနေရာတစ်ခုအနေနဲ့ ဒီနှစ်အစောပိုင်းလောက်ကမှအသစ်ဖွင့်ထားတာ။ ဒီစာရင်းက အဲ့နားတစ်ဝိုက်မှာရှိတဲ့ မှတ်ပုံတင်ပြီးသား တည်းလို့ရတဲ့အိမ်တွေနဲ့ မိသားစုတည်းခိုခန်းတွေ။ ထျန်းဇုန့်တောင်ရဲ့ တောတောင်ရေမြေအနေအထားက ထိန်းသိမ်းမှုအားကောင်းလို့ သဘာဝအတိုင်းတအားသာယာတယ်လို့ပြောကြတယ်။ ဒါပေမဲ့ မကြော်ငြာရသေးတော့ ဒေသခံလူငယ်တွေ အရောက်အပေါက်နည်းသေးတယ်။ ဒါပေမဲ့ မကြာခင် တော်တော်စည်လာတော့မှာပါ။"
ယန်ရှယ်သည် တည်နေရာအချက်အလက်များကို လက်လွှဲယူပြီး တစ်ရွက်ပြီးတစ်ရွက်လှန်လှောရင်း ရေရွတ်လေသည်။
"မဟုတ်သေးဘူး။"
ဟွမ်ရှင်းက မေး၏။
"ဘာမဟုတ်တာလဲ?"
"ကြော်တောင်မကြော်ငြာရသေးတဲ့ အပန်းဖြေနေရာအသစ်တစ်ခုကို ဂျူနီယာအလယ်တန်းပြီးခါစ ကလေးတစ်သိုက်က ဘယ်လိုဖြစ်လို့ သွားဖို့စိတ်ကူးပေါက်သွားတာလဲ?"
ရှိန်းအဖေကြီးနှင့် ရှိန်းအမေကြီးတို့မှာ အကြည့်ချင်းဖလှယ်လိုက်ကြသော်လည်း အကြောင်းပြချက်မည်မည်ရရရှာမတွေ့ခဲ့။
"ဒါကဖြစ်တတ်ပါတယ်။"
ဟွမ်ရှင်းအိမ်တွင် နေတိုင်းသူဆရာမနှင့်သွားတွေ့ပြီးစကားပြောနေရသော သားတစ်ယောက်ရှိသဖြင့် ဤကိစ္စမျိုးကို သူ့အနေနှင့်နောကျေနေပြီဖြစ်သည်။
"လူငယ်ဆိုတာ ဂျစ်ကန်ကန်လုပ်တဲ့အမျိုး။ သူတို့တွေကအမြဲတမ်း သူများနဲ့ကွဲထွက်ချင်တယ်။ သူတို့ရဲ့ အကြိုက်တွေကတစ်မူထူးတဲ့အကြောင်းပြစားဖို့ ဘယ်သူမှမသွားတဲ့နေရာတွေကိုအပြေးအလွှားသွားချင်ကြတယ်။ ဒါဖြစ်ရိုးဖြစ်စဉ်တွေပါပဲ။"
ယန်ရှယ်အသက်ဖွဖွရှူသွင်းလိုက်၏။ မျက်နှာတွင်ထင်ကျန်ရစ်လေသော သံသယတို့မှာ ပိုမိုထူပြောလာ၏။
ရုတ်တရက် သူတို့နောက်မှ အသံတစ်သံထွက်လာသည်။
"ယတိပြတ်ပြောလို့မရသေးဘူး။"
ယန်ရှယ်လှည့်ကြည့်လိုက်၏။
ကျန်းထင်သည် မျက်နှာအောက်ပိုင်းကို လက်တစ်ဖက်နှင့်ကွယ်ထားဆဲသာရှိပါသေးသည်။သဘာဝကျကျ ခပ်ငိုက်ငိုက်အကြည့်တို့နှင့် ပြေလျော့နေသော မျက်နှာကြွက်သားတို့ကား သူ၏မူပိုင်အမူအရာဖြစ်ပေမည်______ဗလာမည်သောအမူအရာပေ။
"ဘာလို့အဲ့လိုပြောတာလဲ၊ ရဲအရာရှိကြီး?"
ရှိန်းအဖေကြီးမှာ အဖြေကိုသိရရန် အလောတကြီးမေးလေ၏။ ထို့နောက် ကိုယ့်နဖူးကိုပြန်ရိုက်လိုက်သည်။
"အိုင်းယားကြည့်ပါဦး၊ အရာရှိကြီးရဲ့ ရာထူးအဆင့်ကိုမေးဖို့မေ့သွားရတယ်လို့။"
ကျန်းထင်သည် တည်ငြိမ်ခြင်း၊ဖြောင်မတ်ခြင်းမည်သော ဝါရင့်စစ်မှုထမ်းဟောင်းတစ်ဦး၏ အရှိန်အဝါတို့နှင့် မွေးဖွားလာခဲ့သူဖြစ်သည်။ သို့ဖြစ်ရာ ရှိန်းအဖေကြီးသည် သူ့ကို ယန်ရှယ်ထက်ရာထူးကြီးပြီး အနည်းဆုံးဌာနမှူးအဆင့်လောက်ရှိမည်ဟု ထင်သွားရခြင်းဖြစ်ပေသည်။
"ကျွန်တော်ကသူ့သူငယ်ချင်းပါ။"
ကျန်းထင်သည် ဟွမ်ရှင်း၏ သင်္ကာမကင်းဖြစ်နေသော မျက်ဝန်းတို့နှင့် ရင်ဆိုင်လိုက်ရသော်လည်း အေးအေးဆေးဆေးပင် ယန်ရှယ်အား အချက်ပြလိုက်သည်။
_သူကဖြင့် သူငယ်ချင်းအဆင့်လောက်နဲ့မတင်းတိမ်နိုင်တာ အသိသာကြီး။
ယန်ရှယ်၏ အတွေးစပေ။
"လူပျိုပေါက်အရွယ်တွေက ဂျစ်ကန်ကန်လုပ်တတ်တာမှန်ပေမဲ့ ထင်ပေါ်ချင်တဲ့စိတ်က ပိုများတယ်။ အိမ်ကနေအဝေးကိုတစ်ခါမှမသွားဖူးတဲ့ကလေးတစ်ယောက်အနေနဲ့ ပထမဆုံးခရီးစဉ်ကို အင်တာနက်ပေါ်မှာနာမည်ကြီးနေတဲ့နေရာတွေပဲကို ရွေးလိမ့်မယ်။ ပြီးရင် အာရုံစိုက်မှုရအောင်လို့ ပုံတွေအများကြီးတင်မယ်။ ထျန်းဇုန့်တောင်လိုနေရာမျိုးက တစ်အချက် လမ်းပန်းဆက်သွယ်ရေးခက်တယ်၊ နှစ်အချက် ကြွားလုံးထုတ်စရာကောင်းကောင်းကန်းကန်းမရှိဘူး။ ဒါ့ကြောင့် ပထမဆုံးအပျော်ခရီးစဉ်မှာ ဒီလိုနေရာမျိုးကိုမရွေးကြတာများတယ်။"
ကျန်းထင်က မျက်ခုံးတို့အား ဖိနှိပ်ကာ အနည်းငယ်စဉ်းစားလိုက်၏။ ထို့နောက် မပြေမပြစ်ပြောလိုက်ပေသည်။
"ဒါပေမဲ့ တခြားဖြစ်နိုင်ခြေတစ်ခုရှိသေးတယ်။"
"ဘာလဲ?"
"တကယ်လို့ သွားချင်စိတ်တွေပြင်းပြနေတတ်တဲ့ လူမျိုးရှိတယ်ဆိုရင် အဲ့ဒီလူက အသင်းအဖွဲ့တစ်ခုခုရဲ့ခေါင်းဆောင်လိုလူမျိုးပဲ။"
ရှိန်းအဖေကြီးနှင့် ရှိန်းအမေကြီးတို့မှာ ပြိုင်တူခေါင်းယမ်းလိုက်ကြသော်လည်း ချက်ချင်းတန့်သွားကြပေ၏။ ထို့နောက်ရှိန်းအမေကြီးက ကတုန်ကယင်နှင့် ပြောလေသည်။
"ကျွန်မတို့ကလေးက......ဘတ်စကက်ဘောကစားတယ်၊ ရေလည်းကူးတယ်၊ ပြီးတော့ အတန်းဖော်တွေကြားမှာ တော်တော်လေး တက်တက်ကြွကြွရှိတယ်............"
ရှိန်းအဖေကြီးကလည်း ဖြည့်စွက်ပြော၏။
"ကျွန်တော်တို့အနေနဲ့လည်း ရံဖန်ရံခါသူ့သူငယ်ချင်းတွေကို အပြင်မှာညစာလိုက်ကျွေးဖို့ မုန့်ဖိုးပေးတာတွေရှိတယ်.........."
ရဲအရာရှိများ၏ သတိထားနားထောင်နေသော အမူအရာတို့ကို မြင်သွား၍ ထင်သည်၊ ရှိန်းအဖေကြီးကား ချက်ချင်းထပ်ပြောလိုက်၏။
"ဒါပေမဲ့အဲ့ဒီကောင်လေးက ကိုယ့်ကျင်းတရားကောင်းပြီးသားပါ။ ဘယ်သူနဲ့မှ ပြဿနာတောင်မတတ်ဖူးတာ တခြားအတန်းဖော်တစ်ယောက်ယောက်ကို အနိုင်ကျင့်ဖို့ဆိုတာဝေလာဝေး! အနိုင်ကျင့်ကြည့်ပါလား၊ ကျွန်တော်တို့ကသိတာနဲ့သေအောင်ရိုက်မှာ။"
"ရှိန်းရှောင်ချီဘာလို့ တျန်းဇုန့်တောင်ကို သွားချင်တာလဲ ပြန်တွေးကြည့်ရအောင်။"
ကျန်းထင်သည် လေထုထဲတစ်ရှိန်ထိုးတက်လာသော ကျောင်းတွင်းအနိုင်ကျင့်မှုအကြောင်း အရေးတယူလုပ်မနေ။ မပြောင်းမလဲသာ ပြောလိုက်၏။
"ဒီလိုအချိန်မှာမှ ခြိမ်းခြောက်ခံရတယ်ဆိုတော့ တစ်ဖက်က ခင်ဗျားတို့မိသားစုအခြေအနေအကြောင်း မသိဘူးဆိုတာ မဖြစ်နိုင်ဘူး။ ဆိုတော့ မူလကအတည်ပြုထားတဲ့ ရိုက်စားလုပ်ရုံသက်သက် ဖုန်းဆက်ငွေညှစ်တာတော့မဟုတ်တာ သေချာတယ်။"
သနားစရာရှိန်းလင်မယား၏ ပြေလျော့နေပြီးဖြစ်သော အာရုံကြောတို့မှာ ပြန်လည်တင်းမာလာရပေသည်။ ဇနီးမောင်နှံနှစ်ဦး၏ ကြောင့်ကြနေသော မျက်ဝန်းတို့ အပြန်အလှန်ဆုံတွေ့သွားပေကာ သူတို့အနေနှင့် စီးပွားရေးလောကထဲ မည်သူနှင့်များငြိခဲ့ဖူးတာရှိလဲ၊ တစ်စုံတစ်ယောက်ကိုများ သူတို့ပိုင်ဆိုင်မှုတွေအကြောင်း ကြွားလုံးထုတ်မိသွားလို့ ရာဇဝတ်သားတွေကို လက်ယပ်ခေါ်သလို ဖြစ်သွားသည်လား၊ ခပ်တိုးတိုးရေရွတ်ရင်း စဉ်းစားရတော့သည်။
"ဟေး၊ ငါ့ကျင်ဟွားလေး။"
ယန်ရှယ်က ခေါင်းငုတ်ရင်း တိုးတိုးလေးမေး၏။
"မင်းခုနကငါ့ကိုဘာကြည့်ခိုင်းတာလဲ?"
"မျက်လုံး"
"မျက်လုံးကဘာဖြစ်လို့လဲ?"
".........."
ကျန်းထင်က ညင်သာစွာဖြင့်
"ငါလေ တစ်ခါတလေကျ မင်းရဲ့ဝုန်းခနဲတက်ပြီးဝုန်းခနဲပြန်ကျလာတတ်တဲ့ ကျွမ်းကျင်မှုလယ်ဗယ်ကြီးကို အံ့ဩလို့မဆုံးဘူး။"
ကျန်းထင်နှုတ်ခမ်းပါးမှ ထွက်လာသော လေပူနွေးသည် ယန်ရှယ်၏ လည်တိုင်ကို ကျီစယ်ပြန်၏။ အကျိုးဆက်အနေနှင့် နားရွက်ကိုပါ မီးစွဲချေပြီ။
--ကံကောင်းထောက်မပေလို့ ယန်ရှယ်မှာ ယနေ့ကြင်ဖက်တွေ့လာခဲ့သဖြင့် သားရေဖိနပ်စီးထားဆဲဖြစ်၏။ ဖိနပ်ပါးလေးတစ်ရံသာစီးထားသော ကျန်းထင်နှင့် သူ့အကြားတွင် အရပ်ကွာခြားမှုကား တစ်ဆယ်စင်တီမီတာနီးပါးဖြစ်နေသည်။ ကျန်းထင်သည်လည်း တစ်ဖက်မှယောက်ျားပျို၏နားရွက်ကို တကူးတကမော့မကြည့်ခဲ့သည့်အတွက် ဘာကိုမျှသတိထားမိခဲ့ခြင်းမရှိပေ။
"အနောက်မှာတွေ့ရတဲ့ အပင်တွေက အပင်ပုမျိုးတွေဖြစ်ပြီးတော့ အစုလိုက်ပေါက်နေတယ်။ ဒါလူသွားလူလာများတဲ့ဒေသတွေမှာ ပေါက်တတ်တဲ့အပင်မျိုးမဟုတ်ဘူး။ ဒါပေမဲ့လည်း ထျန်းဇုန့်တောင်နားတစ်ဝိုက်ပက်ဝန်းကျင်ကိုက အရောက်အပေါက်နည်းလိုလည်း ဖြစ်နိုင်တယ်။ ငါအဓိကသတိထားမိတာက ကောင်လေးရဲ့ မျက်လုံးတွေ၊ ဂနာမငြိမ်ဘူး။ အဖေနဲ့မျက်လုံးချင်းကောင်းကောင်းမဆုံရဲတဲ့ပုံပဲ။ ပြီးတော့ စကားပြောနေတုန်းမှာလည်း အနောက်ကိုနှစ်ကြိမ်တိတိလှည့်ကြည့်သေးတယ်။ တစ်ခုခုကို တော်တော်လေးသတိထားနေတဲ့ပုံ။"
နောက်ဆုံးတော့ ယန်ရှယ်၏ စုံထောက်အာရုံကြောပွင့်လာပြီး
"သူဘာကိုဖုံးကွယ်ချင်နေတာလဲ?"
"ပြောရခက်တယ်။ ငါ့အမြင်အရဆို ဒီကလေးက တစ်ခုခုကြောင့် စိတ်လှုပ်ရှားနေတဲ့ အခြေအနေဖြစ်နေတယ်။"
ကျန်းထင် တွေးဆဆနှင့် ပြောလိုက်သည်။
"ဒါပေမဲ့ ငါပဲစိတ်ထင်နေတာမျိုးလည်း ဖြစ်နိုင်တာပဲ။"
"လောင်ယန်! အော!"
ဒါရိုက်တာဟွမ်သည် ဖုန်းချပြီး လက်ကိုဝှေ့ယမ်းလျက် ပြောလာ၏။
"ငါပြောမယ်၊ သွေးစွန်းအင်္ကျီရဲ့ ဓာတ်ခွဲခန်းရလဒ်ထွက်လာပြီ!"
အနှီစကားကြောင့် ယန်ရှယ်သာမက ရှိန်းလင်မယားလည်း လှုပ်လှုပ်ရွရွဖြစ်သွားသည်။
"ကတ်ထူပေါ်မှာ ခိုင်လုံတဲ့လက်ဗွေရာရယ်လို့မတွေ့ရဘူး။ တိပ်အတွင်းပိုင်းတွေကိုတော့ ထပ်စစ်ရဦးမယ်။ သွေးစွန်းနေတဲ့အင်္ကျီကကျတော့"
ဟွမ်ရှင်းသည် အနည်းငယ်ရှုပ်ထွေးနေဟန်ဖြင့် စကားစကို ခဏရပ်ပြီးမှ ဆက်ပြောလိုက်၏။
"လူသွေးတော့မဟုတ်ဘူး။ အဲ့ဒါ......ငှက်မျိုးစိတ်တစ်ခုရဲ့သွေး။"
ရှိန်းဇနီးမောင်နှံမှာ စိတ်သက်သာရာရသွားဟန်ဖြင့် ပြိုင်တူသက်ပြင်းချမိကြသည်။ မျက်ဝန်းတို့တွင်လည်း ပျော်ရွှင်မှုများ ရောင်ပြန်လို့။
--သဘာဝကျပါသည်။ သူတို့မိသားစုမှာ တစ်ဖက်ကပစ်မှတ်ထား ခြိမ်းခြောက်ခံရသော်လည်း လူသွေးနှင့်ခြိမ်းခြောက်ခံရသည်အထိ မဆိုးခဲ့။ အဆိုးထဲက အကောင်းဟုပြောရပေမည်။
သို့သော် ယန်ရှယ်ကမူ ထိုသို့မတွေး။
"မင်းမျက်နှာအမူအရာကိုကြည့်ရတာ ကြက်တို့ ဘဲတို့မဟုတ်ဘူးထင်တယ်။"
ဒါရိုက်တာဟွမ်မှာ တုံ့ဆိုင်းနေလျက်
"မဟုတ်ဘူး။ လင်းယုန်မျိုးစိတ်။ ကြည့်ရတာ........အမြီးဖြူလင်းယုန်ဖြစ်ဖို့များတယ်။"
အားလုံး၏မျက်နှာတွင် အံ့ဩမှုနှင့် မရေမရာမှုတို့ရောထွေးကုန်သည်။ ရှိန်းအမေကြီးထံမှ အသံထွက်လာ၏။
"ဘယ်လိုလင်းယုန်မျိုးလဲ?"
"အမြီးဖြူလင်းယုန်၊ အမဲလိုက်ငှက်ကြီးမျိုးနွယ်ဝင်တွေ။ လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုလောက်က မျိုးတုန်းတော့မလိုဖြစ်လိုက်သေးတယ်။ အခုနောက်ပိုင်း အရေအတွက်ပြန်များလာပြီဆိုပေမဲ့ ကျွန်တော်တို့နိုင်ငံမှာတော့ ပထမအဆင့် ထိန်းသိမ်းစောင့်ရှောက်ရေး မျိုးစိတ်ထဲမှာပါနေတုန်းပဲ။"
ဟွမ်ရှင်းက ဆက်ရှင်းသည်။
"မြို့တော်ရုံးချုပ်မှာရှိတဲ့နည်းပညာကန့်သတ်ချက်အရ ငှက်ဖြစ်တယ်ဆိုတာပဲ အတိအကျအတည်ပြုနိုင်သေးတယ်။ ဒါပေမဲ့ ဒီထက်ပိုတိကျတဲ့အချက်အလက်လိုချင်တာမလို့ ဒေသဆိုင်ရာရုံးကို ချန်ချူပြန်မဲ့အချိန်နဲ့တိုက်ဆိုင်တာနဲ့ တစ်ခါတည်းသူ့လက်ထဲအပ်လိုက်တာ။ အခုပဲ ဒေသဆိုင်ရာရုံးရဲ့ ဓာတ်ခွဲခန်းကနေ စစ်ဆေးချက်ရလဒ်တွေထွက်လာပြီ။"
ယန်ရှယ် ကျန်းထင်အားကြည့်လိုက်ချိန်တွင် သူကဘာမျှထပ်စဉ်းစားလို့မရတော့ကြောင်းမသိမသာခေါင်းယမ်းပြနေ၏။
"သစ်တောဦးစီးဌာနကိုဖုန်းဆက်။"
ယန်ရှယ် ညွှန်ကြားလိုက်၏။
"အသတ်ခံရတဲ့လင်းယုန်အရေအတွက်ကိုမေးလိုက်။"
ဟွမ်ရှင်းခေါင်းညိတ်လျက် ထွက်ခွာမည်အပြု ရုတ်တရက်အနောက်မှ ဖုန်းသံမြည်လာသည်။
ယန်ရှယ်လည်း အလိုအလျောက် ကိုယ့်ဘောင်းဘီကိုယ် ပြန်စမ်းမိလိုက်သေးသည်။ ထို့နောက် အားလုံး၏ အကြည့်တို့မှာ စားပွဲပေါ်ရှိမရပ်မနားမြည်နေသော ရှိန်းအဖေကြီး၏ ဖုန်းထံသို့တစ်ပြိုင်တည်းကျရောက်သွားကြသည်။
ခေါ်ဆိုသူ ID နေရာတွင် ပုံမှန်မဟုတ်သော နံပါတ်စဉ်တစ်ခု။
"ဒီတစ်ခုပဲ၊ ဒီတစ်ခုပဲ!"
ရှိန်းအဖေကြီးသည် ဖုန်းကိုလက်ညှိုးတထိုးထိုးနှင့် အံကြိတ်လိုက်၏။
"ဒီမနက်ခြိမ်းခြောက်တဲ့ဖုန်းနဲ့ နံပါတ်အတူတူပဲ! ဒီခွေးသူတောင်းစားပဲ!"
"ကိုင်လိုက်။ ဈေးညှိတဲ့ပုံနဲ့ အချိန်ဆွဲထား၊ တစ်ဖက်ကကောင်ကို ဖုန်းမချစေနဲ့။"
ယန်ရှယ် ဆုံးဖြတ်ချက်တစ်ခုကို ပြတ်သားစွာချလိုက်သည်။
"တာ့ဟွမ်! ခြေရာခံစက်အသင့်ပြင်! မြန်မြန်!"
စကားမဆုံးခင်ပင် ဒါရိုက်တာဟွမ်မှာ ဖင်ကိုမီးတို့လိုက်သကဲ့သို့ လစ်ခနဲပြေးထွက်သွားတော့သည်။ ယန်ရှယ်သည် ဖုန်းကိုကောက်ကိုင်၍ ဖြေဆိုသည့်ခလုတ်ကိုဖိပြီး ရှိန်းအဖေကြီးကို ပြန်ပေးကာ အကြည့်တို့နှင့်အားပေးလိုက်၏။
"............"
ရှိန်းအဖေကြီးလည်း အသက်ဝဝရှူကာ ခံစားချက်အလုံးစုံတို့အား ထိန်းညှိလိုက်ပါ၏။
"ဟယ်လို-"
တစ်မုဟုတ်ချင်း တစ်ဖက်မှ ပုံစံဖျက်ထားသောအေးစက်စက်အသံကြီးထွက်ပေါ်လာသည်။
"ခင်ဗျား ရဲတိုင်ပြီးပြီမဟုတ်လား?"
-----------------------------------------------------------------
T/N
ကိုကိုလေးယန်၏ ဆင့်ပွားပြောင်းလဲမှုဖြစ်စဉ်: လူကြီးမင်းလု➡️ ခေါင်းဆောင်ကျန်း➡️ ကျန်းမျိုးရိုး➡️ ကျန်းထင်➡️ ကျန်းကျင်ဟွား➡️ ငါ့ကျင်ဟွားလေး➡️????