လောကကြီးက လုံးဝမတရားဘူးဆိုပေမဲ့ တစ်ဖက်ကနေကြည့်ရင် တရားနေပြန်ရော။
-------------------------------------------------
မူလကတည်းက ကျယ်ဝန်းလှသော ဒါရိုက်တာရုံးခန်းသည် ထူးဆန်းစွာပင် ဟာလင်းဟင်းလင်းဖြစ်နေသည့်အလား။ အခန်းထဲ၌ ဒါရိုက်တာလွီနှင့် မတ်တတ်ရပ်လျက်သား ယန်ရှယ်တို့ နှစ်ဦးသာရှိပြီး တစ်ဦးကိုတစ်ဦးစိုက်ကြည့်နေကြသည်။ မွန်းကြပ်လောက်သည့်အတိုင်းအတာအထိ တိတ်ဆိတ်ခြင်း ကြီးစိုးနေလျက်။
နောက်ဆုံးတော့ ယန်ရှယ် လှုပ်ရှားလာလေပြီ။
သူရှေ့ကိုလျှောက်သွားလိုက်ပြီး စားပွဲနောက်မှထိုင်ခုံတစ်လုံးဆွဲကာ ဘောင်းဘီကို မ လျက် ပေါ့ပေါ့ပါးပါးထိုင်ချလိုက်သည်။ ထို့နောက် အပြုံးတစ်ပွင့်နှင့် ပြော၏။
"ယိုး၊ အဲ့လူကသေသွားပြီဆို။ ကယ်ဆယ်ရေးမစ်ရှင် ဟုတ်လား? ဘယ်သူ့ကိုကယ်တာလဲ?"
အမြဲတစေ အလွန်သဘောကောင်းသည့် အမူအရာကိုသာ ချိတ်ဆွဲထားလေ့ရှိသော ဒါရိုက်တာလွီ၏ မျက်နှာတွင် အပြစ်တင်ခြင်း၊ မေးမြန်းခြင်းတို့မရှိ။ ဒေါသမပါသော လေသံဖြင့် ဖြည်းဖြည်းသာသာ ပြောလေသည်။
"ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် တော်တော်များများက သူသေသွားပြီလို့ ယုံကြည်ကြတာတော့အမှန်ပဲ။ ဒါပေမဲ့ မယုံတဲ့လူလည်းရှိတယ်။"
ဂရုတစိုက်နားထောင်နေသော ယန်ရှယ်၏ပုံစံမှာ မည်သည့်မူမမှန်မှုမျိုးမှမတွေ့ရသော်လည်း လက်ဖဝါးတွင်အနည်းငယ်ချွေးစို့နေသည်ကိုတော့ သူကိုယ်တိုင်သာသိပါသည်။
"ဘယ်သူလဲ?"
"ကုန်ကျိုးရဲ့ ဒုမြို့တော်ဝန်ဟောင်း၊ အများပြည်သူလုံခြုံရေးဌာနချုပ်ခေါင်းဆောင် ယွဲ့ကွမ်ဖင်"
ဒါရိုက်တာလွီက အပူခံခွက်ကိုဖွင့်ကာ လက်ဖက်ရည်တစ်ငုံသောက်လိုက်၏။ ထို့နောက် တိုးဖွစွာ အသံပြုပြီး ယန်ရှယ်၏ စိတ်ဝင်တစားအကြည့်အောက်တွင် အပူခံခွက်ကို စားပွဲပေါ်တင်လိုက်လေသည်။
"ဒီအဖြစ်အပျက်အတိအကျကို လုံခြုံရေးဌာနနယ်ပယ်တစ်ခုလုံးမှာ သိတဲ့လူရှားတယ်။ လောင်ဝေ့တောင်မှ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့အကြောင်းပဲသိတာ။ တကယ်က ပေါက်ကွဲမှုလည်းပြီးရော ကုန်ကျိုးအများပြည်သူလုံခြုံရေးဌာနက စစ်ဆင်ရေးမအောင်မြင်ရတဲ့အကြောင်းကို စုံစမ်းဖို့ အထူးတပ်ဖွဲ့တစ်ခုဖွဲ့စည်းခဲ့တယ်။ တပ်ဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ယွဲ့ကွမ်ဖင်၊ အဲ့ဒီအချိန်တုန်းကတော့ ဒုမြို့တော်ဝန်ရာထူးကနေအနားယူလိုက်ပြီပေါ့ကွာ၊ သူကနေပြီး ကျန်းထင်ကမသေသေးဘဲ မူးယစ်ရာဇာတွေပြန်ပေးဆွဲတာခံလိုက်ရတာလို့ အဆိုပြုလာတယ်။"
".............."
ယန်ရှယ်သည် ဒါရိုက်တာလွီ၏ အကြည့်နှင့် ရင်ဆိုင်လိုက်ရပြီး ခပ်ဖွဖွပြုံးလေသည်။
"ဘယ်လိုမှမဖြစ်နိုင်ဘူး။"
ဒါရိုက်တာလွီကမူ သူ့အဖြေကို ဂရုစိုက်ပုံမပေါ်။
"စုံစမ်းရေးတပ်ဖွဲ့ကတော့ ယွဲ့ကွမ်ဖင်ရဲ့အဆိုကို လက်ခံလိုက်တယ်။"
"အဲ့ဒီအချိန်ပထမဦးစားပေးက ပျောက်နေတဲ့ ရဲဘက်ကသူလျှို 'သံမှို' ကိုကယ်ဖို့ပဲ။ စိစစ်ချက်တွေအရ သူက ကုန်ကျိုးနဲ့ကျန်းနင်ကြား အိမ်ဟောင်းတစ်ခုမှာ အဖမ်းခံထားရပြီး အချိန်မရွေး မူးယစ်ရာဇာတွေသတ်တာခံရနိုင်တဲ့ အခြေအနေနဲ့ရင်ဆိုင်နေရတယ်။ အဲ့ဒီနောက်မှာပဲ တပ်ဖွဲ့က သံမှိုအဖမ်းခံထားရတဲ့ တည်နေရာအတိအကျကို ခြေရာခံပြီး ချက်ချင်းလှုပ်ရှားဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒီလိုနဲ့ ကျန်းနင်နဲ့ ကုန်ကျိုးက ရဲတပ်ဖွဲ့နှစ်ခုပူးပေါင်းပြီး ချင်းနင်းဝင်ရောက်ခဲ့ပေမဲ့ နောက်ကျသွားခဲ့တယ်လေ။"
"သူတို့က ရဲတွေလိုက်လာပြီဆိုတာကို သိသိချင်း ရဲကားတွေမရောက်ခင်လေးမှာတင် အဲ့ဒီအိမ်ဟောင်းကို မီးရှို့ပစ်ခဲ့တယ်။ မီးငြိမ်းသွားတဲ့နောက် အကျိုးအပဲ့တွေကြား ရှာဖွေကြတဲ့အခါမှာ ကျန်းထင်ရဲ့သေနတ်နဲ့အတူ သံမှို ရဲ့ရုပ်အလောင်းကို ရှာတွေ့ခဲ့ကြတယ်။ မျက်ခုံးနှစ်ဖက်ကြား အလယ်တည့်တည့်က ကျည်ပေါက်ရာက သူ့အသက်ကိုဆွဲနှုတ်သွားခဲ့ပုံပဲ။"
ဒါရိုက်တာလွီ၏ စကားစ ရပ်သွားချေသည်။ အခန်းကျယ်ကြီးထဲတွင် ယန်ရှယ်၏ အသက်ရှူသံသဲ့သဲ့ကိုသာ ကြားနေရပါ၏။
"ထင်တဲ့အတိုင်းပါပဲ၊ ကျည်စိစစ်ချက်ရလဒ်က သေနတ်လက်ကိုင်ပေါ်မှာတွေ့ရတဲ့ ကျန်းထင်ရဲ့လက်ဗွေရာနဲ့ ကိုက်ညီနေခဲ့တယ်လေ။"
ကျယ်လောင်စွာသော အသံမဟုတ်သော်ငြား ဟင်းလင်ပြင်တွင် မွန်းကြပ်ခြင်းတို့က နေရာယူလာပြန်သည်။
"ဒီရှုထောင့်ကကြည့်မယ်ဆိုရင်ရော သံမှိုကိုသတ်လိုက်တဲ့လူက ကျန်းထင်အဖြစ်နိုင်ဆုံးပဲ။"
အသေအချာနားထောင်လျှင် သူ့စကားမှာ အဓိပ္ပာယ်နှစ်ခွသက်ရောက်နေသည်ကိုသတိပြုနိုင်သည်။ သဘောတူဟန်ရှိသော်လည်း ယတိပြတ်ကြီးမဟုတ်။ မသင်္ကာသည့်အရာတချို့ကိုပင် အရိပ်အမြွက်ပြသွားခဲ့သေးသည်။ သို့သော်လည်း ဒါရိုက်တာလွီမှာ သူနှင့်ပက်သက်ပြီး နှိုက်နှိုက်ခြွတ်ခြွတ်မသိပေ။
"ဒါက ကျန်းထင်မပျောက်သွားခင် လူရှေ့မှာ နောက်ဆုံးအကြိမ်ပေါ်လာခဲ့ခြင်းပဲ။ သူက အများပြည်သူလုံခြုံရေးနယ်ပယ်တွင်းမှာ ကိုယ်ကျိုးစွန့်တဲ့လုပ်ရပ်မျိုးလုပ်ခဲ့ပေမဲ့ အာဇာနည်ဘွဲ့အပေးမခံခဲ့ရဘူး။"
ဒါရိုက်တာလွီက တိုးညင်းစွာဖြင့်
"ငါ့အထင် သူပြန်ပေါ်လာခဲ့ရင် ဒါဟာကြီးမားတဲ့အန္တရာယ်ကြီးတစ်ခုရဲ့ရှေ့ပြေးနိမိတ်ဖြစ်လိမ့်မယ်။"
သူက ကွန်ပြူတာကိုပြန်ဆွဲယူလိုက်သည်။ ယန်ရှယ်သည် ဖန်သားပြင်၌ပေါ်နေသော အေးစက်စက် မျက်နှာချောချောကိုသာ မမှိတ်မသုန်စိုက်ကြည့်နေ၏။
"ဒါရိုက်တာလွီ......"
"ဘာလဲ?"
ယန်ရှယ် ပါးစပ်ဖွင့်လာသည်။ နောက်ဆုံးတွင် အသံကြားရချေပြီ။
"ခင်ဗျားအမြင်မှာ ခေါင်းဆောင်ကျန်းက ဘယ်လိုလူမျိုးလဲ?"
ဒါရိုက်တာလွီသည် တစ်လုံးတစ်ပါဒမှမပြောဘဲ စားပွဲပေါ်ရှိ ရှုပ်ပွနေသော ပစ္စည်းများကိုသာ ရှင်းနေ၏။ အချိန်အတော်ကြာကုန်ဆုံးသွားပြီးနောက် စကားလုံးအနည်းငယ် ထွက်ကျလာပေသည်။
"ငယ်ရွယ်တယ်၊ရဲရင့်တယ်၊ IQ မြင့်တယ်။ ကြောက်စရာကောင်းလောက်အောင်ကိုမြင့်တာ။"
ခေတ္တရပ်ပြီးမှ စကားဆက်သည်။
"ဒီပုံစံက ငါ့ကိုတော်တော်လေး မသက်မသာဖြစ်စေတယ်။"
---မသက်မသာဖြစ်စေတယ်
တစ်နာရီအတွင်း ဤစကားစုကို ဒုတိယမ္ပိ ကြားလိုက်ရခြင်းဖြစ်ပါသည်။ ယန်ရှယ်၏ မျက်ဝန်းတို့မှာ ကိုယ်တိုင်တောင်မသိလိုက်ဘဲ ပြောင်းလဲသွားချေပြီ။
"ပြန်လို့ရပြီ။"
ဒါရိုက်တာလွီက လက်ကိုဝှေ့ပြလိုက်၏။
"ဒီရက်တွေအတွင်းမှာ မှုခင်းရေးရာစုံစမ်းစစ်ဆေးရေးက ရဲဘော်တွေအကုန်လုံး တော်တော်ပင်ပန်းသွားကြပြီ။ အမှုတွဲဖိုင်ကိုလွှဲပေးပြီးတာနဲ့ စစ်ဆင်ရေးမှာပါသမျှလူအကုန်လုံးကို နားရက်တစ်ရက်ပေးမယ်လို့ ကတိပေးတယ်။ အားလုံးကိုပြောလိုက်၊ တောင့်ခံထားလိုက်ပါဦးလို့။"
ယန်ရှယ်က 'ဟုတ်ကဲ့' ဟုအသံပြုကာ တံခါးဆီလှည့်ထွက်သွားလေသည်။
သူ့နောက်တွင် ဒါရိုက်တာလွီ ဖိုင်ပြန်စီနေသော အသံများကို ကြားသိနေရသည်။ တံခါးလက်ကိုင်ပေါ်ရောက်နေသော ယန်ရှယ်၏လက်တို့ ရပ်တန့်သွားပြန်၏။ သူက နောက်ပြန်လှည့်ပြီး ဒါရိုက်တာလွီကို မျက်နှာချင်းဆိုင်ဖို့ အသက်ဝဝရှူကာ အားမွေးလိုက်ပေသည် ။
"ခင်ဗျားမှာ ကျွန်တော့ကိုမေးစရာမရှိတော့ဘူးလား?"
"ဘာရယ်?"
ဒါရိုက်တာလွီက မျက်လုံးပင့်လျက်
"မရှိတော့ဘူး။"
"......."
ဒါရိုက်တာလွီ၏ အသံမှာ ပကတိတည်ငြိမ်လျက်သား။
"မင်းက လောင်ဝေ့ရဲ့ မျက်လုံးအောက်မှာကြီးပြင်းလာတဲ့သူ။ လက်ရှိ မှုခင်းရေးရာစုံစမ်းစစ်ဆေးရေးဌာနရဲ့ ဒုခေါင်းဆောင်၊ နောင်မှာ ဌာနခေါင်းဆောင်ဖြစ်လာမဲ့လူတစ်ယောက်။ မင်းဘယ်လိုကိစ္စပဲလုပ်လုပ် ကျန်းနင်အများပြည်သူလုံခြုံရေးဌာနကို ကိုယ်စားပြုနေမှာပဲ။ မင်းကို ငါတို့မှမယုံရင် ဘယ်သူယုံမှာလဲ? သွားတော့။"
ဒါရိုက်တာလွီ၏ ဝဖိုင့်ဖိုင့်ခန္ဓာကိုယ်ကြီးမှာ စားပွဲကိုမှီနေလျက်။ ယန်ရှယ်သည် အတန်ကြာ တိတ်ဆိတ်နေခဲ့ပြီး သူ့ကိုဂါရဝပြုကာ နောက်ပြန်လှည့်၍ ထွက်ခွါသွားချေတော့သည်။
တကယ်တမ်းတွင် ဟွမ်းရှင်းသည် နောက်မှလိုက်လာပြီး ဓာတ်လှေကားအပေါက်ဝ၌ စိုးရိမ်တကြီးစောင့်ဆိုင်းနေခဲ့ခြင်းဖြစ်ပေသည်။ သူယန်ရှယ်ကို မြင်မြင်ချင်း လွှားခနဲလျှောက်လာ၏။
"ဒုခေါင်းဆောင်ယန်....."
ယန်ရှယ်ကတော့ သူ့ကို အေးအေးလူလူပြန်ကြည့်လာပြီး ဓာတ်လှေကားထဲသို့ တစ်ချိုးတည်းဝင်သွားလေသည်။
ဟွမ်ရှင်းက သူ့လက်သူပွတ်သပ်ပြီး နောက်ကလိုက်သည်။
"အရင်နေ့က မင်းငါ့ကို Chipပြား တည်နေရာရှာခိုင်းတဲ့ကိစ္စက အသေးအဖွဲလေးပဲမလို့ ငါလည်း ဘယ်သူ့ကိုမှပြောပြဖို့ မရည်ရွယ်ခဲ့ပါဘူး။ ဒါပေမဲ့ ဒါရိုက်တာလွီကလေ အကြားအမြင်ဆရာလိုပဲ၊ အခင်းနေရာကနေ မြို့တော်ရုံးချုပ်ကိုပြန်ရောက်တာနဲ့ ငါိ့ဆီတန်းတန်းမတ်မတ်ရောက်ချလာပြီး မေးပါလေရော။ အဲ့ဒီနောက် နည်းပညာဌာနကိုသွားပြီး တည်နေရာတွေကို ပြန်ဖော်ခဲ့တယ်။ အဲ့ဒါကြောင့် ငါတကယ်ပဲ........"
ယန်ရှယ် : "အမ်ဟမ်?"
ဘာတွေဖြစ်နေမှန်း ဟွမ်ရှင်းနားမလည်နိုင်တော့။ ယန်ရှယ် တည်နေရာရှာခိုင်းသည့်ကိစ္စက သွေးစွန်းကလေးအင်္ကျီနှင့် တစ်နည်းတစ်ဖုံ ဆက်စပ်နေလိမ့်မည်ဟု သူရေးရေးလေး ထင်ခဲ့မိတာ။ နယ်ဘက်တွင် နည်းပညာစွမ်းဆောင်ရည်မှာ အကန့်အသတ်ရှိသဖြင့် သွေးစွန်းအင်္ကျီကိစ္စကို ပြည်ထဲရေးဝန်ကြီးဌာနသို့တင်ပြပြီး ပေကျင်းရှိ ထိပ်တန်း ဝတ္ထုသက်သေစစ်ဆေးရေး ဓာတ်ခွဲခန်းကို ပို့လိုက်ခြင်းဖြစ်ပေသည်။ စစ်ဆေးမှုရလဒ်ကလည်း ဒါရိုက်တာလွီဆီတိုက်ရိုက်ရောက်ပြီး အခြားမည်သူတစ်ဦးတစ်ယောက်မျှ သိရှိရခြင်းမရှိ။
ဟွမ်ရှင်းကြားရသလောက်ဆို အနှီDNA စစ်ဆေးမှုသည် လွန်ခဲ့သောနှစ်အနည်းငယ်က ပိတ်သွားပြီဖြစ်သည့် အမှုတစ်ခုနှင့်ဆက်နွယ်နေပြီး ယန်ရှယ်မှာ ခွင့်ပြုချက်မရဘဲ ပါဝင်ပက်သက်ခဲ့သောကြောင့် ဒါရိုက်တာလွီ၏ အဆူခံရခြင်းဖြစ်ပေမည်။
"မင်းပြောကြည့်၊ ငါဘယ်လိုလုပ်ဒီလောက်ထိခန့်မှန်းနိုင်ပါ့မလဲ။ ငါထင်တာက တစ်ယောက်ယောက်က မင်းပိုက်ဆံခိုးပြီး ထွက်ပြေးသွားလို့၊ ဒါမှမဟုတ် မင်းရည်းစာထွက်ပြေးသွားလို့၊ မဟုတ်ရင်လည်း မင်းအဖေကိုလိုက်ချောင်းဖို့ မင်းအမေခိုင်းလိုက်လို့ လို့ပဲ ထင်ခဲ့တာ။"
ယန်ရှယ် ပြောလိုက်သည်။
"ဖီး၊ ပိုက်ဆံတွေအကုန်လုံးက ငါ့အမေလက်ထဲမှာချည်းပဲ။ ငါ့အဖေသာ ရုတ်ရုတ်ရုတ်ရုတ်လုပ်ကြည့်ပါလား၊ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ကန်ထုတ်ခံရမှာ။"
ဟွမ်းရှင်းလည်း ချက်ချင်းပင် မြှောက်ပင့်ပြောလိုက်ပြီး မဝံ့မရဲမေးလေ၏။
"ဒါရိုက်တာလွီ မင်းကိုမဆူဘူးလား?"
ဓာတ်လှေကားတံခါး ပွင့်လာလေပြီ။ ယန်ရှယ်က လက်ပိုက်ကာ အေးတိအေးစက်နှာမှုတ်လျက် ဟွမ်ရှင်းကို အထက်အောက်ကြည့်လိုက်သည်။ ထို့နောက် ကြွက်သားတွေယောင်ကိုင်းလောက်သည်အထိ ပြုံးပြပြီး ဖြည်းညင်းစွာဖြင့် သူ့ကိုနှစ်ချက်ပုတ်လိုက်လေ၏။
"ဆူတာမဆူတာအသာထားပါ။ မင်းကို ကြယ်ငါးပွင့်ရေကူးကန်မှာ အသားကင်လိုက်ကျွေးမဲ့အစီအစဉ်ကိုတော့ ပြန်စဉ်းစားရတော့မယ်နဲ့တူတယ်။"
ဟွမ်ရှင်း : "......."
ယန်ရှယ်မှာ အင်္ကျီလက်ကိုခါ၍ ထွက်သွားချေပြီ။ ဒါရိုက်တာဟွမ်မှာမူ သူ့နောက်ကျောကို ကြောင်အစွာ ကြည့်နေမိပြီးမှ ဝမ်းနည်းပက်လက်ပြောလေတော့သည်။
"......အသားကင်အကြောင်း ဘာလို့စောစောကမပြောတာလဲလို့?!"
ဒါရိုက်တာဟွမ်တစ်ယောက် ငိုကြီးချက်မနှင့် နောင်တရနေသော်လည်း မြေရှင်ကြီး ယန်ရှယ်ကမူ လှည့်တောင်မကြည့်။ ဥပေက္ခာတရားလက်ကိုင်ထားပြီး မှုခင်းရေးရာစုံစမ်းစစ်ဆေးရေးရုံးခန်းရှိရာကိုသာ တန်းတန်းမတ်မတ် လျှောက်သွားလေ၏။ အထဲရောက်ရောက်ချင်း မုန့်တွေ၊ကိတ်တွေ၊ချောကလက်တွေ၊ပီဇာတွေ၊ အမဲခြောက်တွေ စားပွဲပေါ်တင်ပြီး နို့လက်ဖက်ရည်ကိုယ်စီနှင့် တပျော်တပါး စားသောက်နေကြသော မှုခင်းရဲများကို တွေ့ရလေသည်။ ဘေးတွင် လက်မအရွယ်နီရဲရဲချယ်ရီသီးများပါသည့် ဘူးနှစ်ဘူးကိုပါ ချထားသေးသည်။
"ဟေး၊ ရုံးချုပ်ကကျွေးတာဆို ငါ့လည်းပေးဦး။"
ယန်ရှယ်က ချယ်ရီသီးအချို့ ပါးစပ်ထဲသွတ်ရင်း အာကျယ်အာကျယ် ပြောလေ၏။
"ဘယ်သူကျွေးတာလဲ? ခဏနေရင် ဌာနအသုံးစရိတ်တွေအကုန် ပြန်ပေးရမယ်။ မာရှန် ပြီးရင်ငါ့ကို တစ်ယောက်ချင်းစီဘယ်လောက်ကျလဲတွက်ဖို့ သတိပေး။"
မာရှန်သည် ပီဇာဝါးနေရင် ပလုတ်ပလောင်းနှင့် ခွန်းတုံ့ပြန်၏။
"ပြဿနာမရှာချင်စမ်းပါနဲ့ဗျာ။ အခုက နစ်နာသူကိုယ်တိုင် လာကျွေးသွားတာပါ။ ဟိုမှာ"
ယန်ရှယ် အပြင်ကို လိုက်ကြည့်လိုက်ရာ ရုံးခန်းကျယ်ကြီး၏အပြင်ဘက် စင်္ကြံတွင် မတ်တတ်ရပ်၍ အဝေးတစ်နေရာကို ငေးနေသော လူငယ်တစ်ယောက်ကို မြင်တွေ့လိုက်ရသည်---ချူစင်ပင်။
"စားနေလိုက်! စားဖို့ပဲသိတယ်!"
ယန်ရှယ်က မာရှန်ကိုရိုက်ချလိုက်၏။
"မင်းတို့တွေစားနေတာ လဝက်လစာလောက်ရှိနေပြီ!"
"အစ်ကိုယန်၊ ခင်ဗျားနားမလည်ပါဘူး။"
မာရှန်က မျက်ရည်လေးဆမ်းဆမ်းနှင့် မိုးပြိုမတတ်ကြေကွဲစွာပြောလေသည်။
"ကျွန်တော်တို့လို ကျန်းနင်ရဲ့နံပါတ်တစ် မှုခင်းအရာရှိတွေက နေ့နေ့ညညနှစ်ပေါင်းများစွာ တောတောင်မြစ်ချောင်းတွေပါမချန် လှည့်ပတ်သွားပြီးကာမှ နစ်နစ်သူဘက်က ဂုဏ်ပြုလွှာအစား မုန့်ဝယ်ကျွေးတာ ဒါပထမဦးဆုံးမလို့ ကိုယ့်ဟာကိုလုံးဝမထိန်းနိုင်တော့တာပါဗျာ!......"
ယန်ရှယ်က ချယ်ရီစေ့များကို ထွေးထုတ်လိုက်သည်။ ထို့နောက် မိမိ၏ဂဏန်းငါးလုံးစာတန်ဖိုးရှိသည့် ဘောင်းဘီကို သုတ်မိမလိုဖြစ်သွားပြီး တာဝါအမြန်ထုတ်၍ ပြန်သုတ်လိုက်ရသည်။ ဤသို့နှင့် တံခါးအပြင်ထွက်သွားလေ၏။
စင်္ကြံအဆုံးတစ်ခြားတစ်ဖက်ကို ငေးနေသောချူစင်သည် လေးလံသော အမူအရာဖြင့်လှည့်ကြည့်လာသည်။ ယန်ရှယ်ရပ်ပြီး လှမ်းကြည့်လိုက်ရာ ရဲအရာရှိနှစ်ယောက် တင်းတန်းကိုချုပ်ကာ ထိန်းသိမ်းရေးစခန်းရှိရာသို့ ဖမ်းခေါ်သွားသည်ကို မြင်တွေ့လိုက်ရ၏။
သူပထမဆုံးအကြိမ်မြင်ဖူးခဲ့စဉ်ကကဲ့သို့ တင်းတန်းသည် ဖြူစင်အားနည်းသည့် အမျိုးသမီးငယ်အသွင်မပေါ်တော့သလို စစ်ဆင်ရေးညကကဲ့သို့ မိုက်ရူးရဲဆန်နေပုံလည်းမပေါ်။ ယန်ရှယ်မှာ ဆယ်နှစ်ကျော် ရဲအရာရှိအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည့် အတောအတွင်း ကိုယ်တိုင်ကိုယ်ကျ ထိန်းသိမ်းရေးစခန်းကို ပို့ဖူးသော ရာဇဝတ်သားအရေအတွက်မှာ ရထားတစ်ဝက်စာပင် ရှိပေလိမ့်မည်။ တရားခံတစ်ယောက် အပြစ်ကိုဝန်ခံပြီးနောက် ကပ်ပါလာတတ်သော အပြုအမူပေါင်းများစွာနှင့်လည်း ရင်းနှီးနေနှင့်ပြီး ဖြစ်လေသည်။ မျှော်လင့်ချက်ကင်းမဲ့ခြင်း၊ ဒေါသူပုန်ထခြင်း၊ လက်မခံနိုင်ခြင်း၊ လက်မှိုင်ချသွားခြင်း၊ တစ်ခါတစ်ရံ အမုန်းတရားတို့ကိုပါ အဆစ်မြင်ရလေ့ရှိသည်။ အထူးအဆန်းတော့မဟုတ်။ သို့သော်လည်း တင်းတန်း၏ ယခုပုံစံမှာ သူမြင်ဖူးသမျှနှင့် ကွဲထွက်နေသည်။ သူမ ချူစင်ကိုကြည့်နေသော အကြည့်တို့တွင် အမုန်းတရားတို့ပြည့်လျှံနေသည်ထင်ရသော်လည်း သေချာကြည့်ပြန်လျှင် အမုန်းတရား၏နောက်ကွယ်တွင် ပိုမိုရှုပ်ထွေးပြီး စကားလုံးနှင့်မဖော်ပြနိုင်သော အရာတို့ရှိနေခဲ့ပါသည်။
ချူစင်ကမူ သူမကို တိတ်တဆိတ်သာ ပြန်ကြည့်နေသည်။ သူ့ကိုကျော်သွားချိန်တွင် တင်းတန်းမှာ ရုတ်ခြည်း ခြေစုံရပ်ပြီး လူးလွန့်လာသည်။
"မရပ်နဲ့!"
ရဲများက ချက်ချင်းအော်ငေါက်လိုက်သော်လည်း ယန်ရှယ်၏ အကြည့်ကြောင့် တိတ်သွားလေ၏။
"အဲ့ဒီည စက်ရုံမှာတုန်းက ရဲတွေရောက်မလာခင် ငါကကြိုးကိုင်သူပါလို့ နင်ပြောခဲ့တယ်"
တင်းတန်းက ချူစင်ကို စေ့စေ့ကြည့်၍ မေးသည်။
"နင်ဘယ်လိုသိတာလဲ?"
ချူစင်မှာ သူမထိုမေးခွန်းကိုမေးလာမည်မှန်း အစောကြီးကတည်းက မျှော်လင့်ထားခဲ့ပုံပေါ်သည်။ တုံ့ပြန်မှုကား မတုန်မလှုပ်။
"ဘာလို့လဲဆိုတော့ မေလနှစ်ရက်နေ့ညမှာ ဖုန်းယွီကွမ်းကမင်းကို ကာရာအိုကေဆိုဖို့ချိန်းခဲ့တယ်လို့ မင်းပြောခဲ့တယ်လေ။ ဒီစကားက လိမ်ဆင်ကြီး ဖြစ်နေတာကို။"
တင်းတန်းသာမက ယန်ရှယ်ပါ အံ့အားသင့်သွားရသည်--"သူသိနေခဲ့တယ်"
"နင်.....နင်သိနေခဲ့တာပဲ။"
တင်းတန်း၏ မျက်နှာမှာ မယုံကြည်နိုင်ခြင်းများစွာနှင့် ဖြူဖျော့လာသည်။ ချူစင်က ထပ်ပြောတော့မည့်ဟန်ပြုလိုက်သော်လည်း ပြန်မျိုချကာ ရေးရေးလေး ပြုံးလိုက်၏။
အပြင်လူတွေအနေနှင့် ထိုအပြုံး၏နောက်ကွယ်တွင် ငုပ်လျှိုးနေသော ဝမ်းနည်းမှုလေးကိုတော့ မမြင်နိုင်ခဲ့ပေ။
"ဒါပေါ့"
သူပြောလိုက်သည်။
"အဲ့ဒီနေ့ ဖုန်းယွီကွမ်းက အပြင်မထွက်ခင် လေ့ကျင့်ခန်းစာအုပ်တွေ ထည့်သွားခဲ့တယ်။ ချိန်းတွေ့တဲ့အချိန် ဘယ်သူကစာအုပ်ယူသွားမှာလဲ?"
တင်းတန်း၏ ကယောင်ချောက်ချားအော်သံကြီးမှာ စင်္ကြံလမ်းတွင် ပဲ့တင်သံထပ်လျက်။ ထို့နောက် သူမကိုရဲများက ပြန်ခေါ်သွားပြီး လှေကားအဆုံး၌ ပျောက်ကွယ်သွားကြလေသည်။
"အဟမ်း! အဟမ်း!"
ယန်ရှယ်က လည်ချောင်းရှင်းကာ ပြေလည်ရာပြေလည်ကြောင်း စကားဆိုသည်။
"လာတာများဒီတိုင်းပဲလာလိုက်တာမဟုတ်ဘူး။ ပိုက်ဆံဖြုန်းလိုက်သေးတယ်။"
ချူစင်လည်း တင်းတန်းထွက်ခွာသွားသည့် လမ်းတစ်လျှောက်မှ အကြည့်ရုပ်သိမ်းလိုက်ပြီး ယန်ရှယ်ကို သူကိုင်ထားသော ပလက်တစ်အိတ်လေး ကမ်းပေးပြီး ရှက်ကိုးရှက်ကန်းနှင့် ပြောလေသည်။
"ကျွန်တော်ဝယ်လာတာ ဘာမှအကောင်းစားကြီး မဟုတ်ပါဘူး။ အဲ့ဒီနေ့က ကျွန်တော့အသက်ကို ကယ်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်......."
ပလက်စတစ်အိတ်ထဲတွင် Yunyan(Titbit hard) နှစ်ဘူး။
(T/N- ဆေးလိပ်တံဆိပ်ပါ။ အဲ့ဒါသူ့ရဲ့ official Eng name ပါ။)
ယန်ရှယ်က 'အိုင်းယား' ဟုအသံပြုပြီး နှစ်ကြိမ်တိုင်တိုင်ငြင်းပြီးမှ လက်ခံလိုက်လေသည်။
"ငါလည်းသောက်ချင်နေတာနဲ့အတော်ပဲ။ ကျေးဇူး၊ ကျေးဇူး။ ဒါပေမဲ့ တကယ်မလိုပါဘူး။ ငါတို့က မင်းကိုကယ်လိုက်တာမဟုတ်ဘဲ မင်းကသာ ငါတို့ကို ကယ်လိုက်တာပါ။__ဓားစာခံသာတစ်ခုခုဖြစ်ရင် ငါတို့ရုံးချုပ်ကြီးတစ်ခုလုံး မိုးမီးလောင်ပြီပဲ။ တင်ပြချက်တွေ၊ စိစစ်ချက်တွေ၊ ဘောက်ဆူးတွေ၊ ရာထူးတိုးတွေ။ အမလေး အိမ်ပြန်ရင် ဘယ်နှယောက်လောက်များ မိန်းမတွေဆီမှာ ဆော်ပလော်တီးခံရမလဲမသိဘူး......"
ချူစင်က ရယ်သည်။
"ဘယ်လိုလဲ၊ ထိပ်တန်းကျောင်းသားလေး?"
ယန်ရှယ်က ရွှတ်နောက်နောက်နှင့်
"အလုပ်သင်ဆက်ဆင်းမှာလား? ပေကျင်းကိုပဲပြန်မှာလား ဒါမှမဟုတ် အိမ်ပြန်တော့မှာလား?"
ချူစင်က ဆိုသည်။
"တကယ်တော့ လွန်ခဲ့တဲ့သုံးရက်ကတည်းက ပေကျင်းကိုပြန်ဖို့ လက်မှတ်ဖြတ်ပြီးသား။ ဒီမနက်ကျတော့ ဇာတိမြို့ကနေ ဘူတာကိုရောက်ချလာတဲ့ အမေနဲ့ညီလေးကို သွားကြိုလိုက်ရတယ်။ ဆရာဝန်ပြောတာက ပေါက်ကွဲမှုကြောင့် ခေါင်းနည်းနည်းထိထားတာမလို့ ဆေးရုံစောစောဆင်းဖို့ စိတ်မချရသေးဘူးတဲ့။ အဲ့လိုနဲ့ပဲ ဒီနေ့ကို ရွှေ့လိုက်ရတယ်။ နေ့လည်လောက်ကျ သွားတော့မှာ။"
"မင်းကို ညစာဖိတ်ကျွေးဖို့ နောက်ကျသွားပြီပဲ။ ပြန်သွားပြီး PhD အတွက်စာကျက်တော့မယ်ပေါ့?"
ယန်ရှယ်ထင်ခဲ့သည်က 'ဟုတ်တယ်' ဟုပြန်ဖြေလိမ့်မည်ပေါ့။ သို့သော်လည်း အံ့ဩစရာကောင်းစွာပင် ချူစင်က အကျောဆန့်၍ မျက်ဝန်းတို့တဖြည်းဖြည်း ပြုံးယောင်သန်းလာပြီး ပြန်ဖြေလိုက်သည်က
"-ီးမလို့ကျက်ရမှာလား"
ယန်ရှယ် : "........."
"အရင်ကတည်းက မကျက်ချင်တော့တာ။ ကျွန်တော်တက္ကသိုလ်ကနေဘွဲ့ရပြီးတော့ အလုပ်ထွက်လုပ်ချင်ခဲ့တာ။ ဒါပေမဲ့အမေက ဘွဲ့လွန်ဆက်တက်ခိုင်းပြီး စာဆက်လေ့လာတာပိုကောင်းမယ်လို့ပြောတယ်လေ။"
ချူစင်က ဆက်သည်။
"ဘယ်ကသာကောင်းရမှာလဲ။ ကျွန်တော့ညီလေးရဲ့ ယွမ်နှစ်သောင်းလောက်ရှိတဲ့ကျောင်းစရိတ်ကိုလည်း ဘယ်လိုမှမပေးနိုင်တော့ဘူး။ ကျွန်တော်သာ နှစ်နှစ်လောက်စောပြီး အလုပ်ထွက်လုပ်ခဲ့ရင် သူ့ကို ဂျူနီယာအလယ်တန်းဆက်ထားနိုင်မှာ။"
ယန်ရှယ်လည်း ဘာပြန်ပြောရမလဲမသိတော့။ အတန်ကြာသော် ချောင်းဟန့်၍ စကားတစ်ခွန်းဆိုချေသည်။
"တကယ်ခက်ခဲတာပဲ။"
"ကိစ္စမရှိပါဘူး။ ကျွန်တော့်ကိုအင်တာဗျူးဖို့ကမ်းလှမ်းထားတဲ့ သုတေသနဌာနတစ်ခုရှိတယ်လေ။ အနာဂတ်မှာ ပိုပိုပြီး အဆင်ပြေလာတော့မှာပါ။"
ယန်ရှယ် ခေါင်းညိတ်လိုက်၏။ ချူစင်ကလည်း သူ့ကိုကြည့်လာသည်။
"ခင်ဗျားတို့အလုပ်တွေနှောင့်နှေးနေပါဦးမယ်။ အဲ့ဒါဆို ကျွန်တော်သွားပြီနော်။"
"......ခဏ!"
ယန်ရှယ် သူ့ကိုတားပြီး ခဏစဉ်းစားလိုက်သည်။ ထို့နောက် အလုပ်သင်ရဲတစ်ယောက်ကိုလှမ်းခေါ်ကာ ကားသော့ပစ်ပေးလိုက်၏။
"အောက်ဆင်းပြီး ငါ့ကားထုတ်ခဲ့။ ပြီးရင် နစ်နာသူကို ရထားဘူတာလိုက်ပို့ပေးလိုက်။ ဌာနကပိုက်ဆံတောင်းသွား။ ထမင်းပါလိုက်ကျွေးပြီးမှပြန်လာခဲ့။ လက်မှတ်လည်း တစ်ခါတည်းဖြတ်ပေးခဲ့လိုက်။"
ချူစင်က ငြင်းဆန်မည်ပြုသော်လည်း အလုပ်သင်ရဲလေးမှာတော့ ထီပေါက်သည့်အလား အပျော်လုံးဆို့သွားလေသည်။
"အိုက်ယား အစ်ကိုယန်ရယ်။ ကျွန်တော့မှာ အစ်ကို့ကားကို ဟိုးပဝေသဏီကတည်းက မောင်းကြည့်ချင်နေတာ။ အစ်ကိုကတော့ ကျွန်တော့်အစ်ကိုအရင်းလိုပါပဲဗျာ......"
စကားကြောရှည်လွန်း၍ လူတောင်လွင့်ထွက်သွားမလိုပင်။
"ပို့ပြီးတာနဲ့ ချက်ချင်းပြန်လာခဲ့၊ ခွေးသားလေး!"
ယန်ရှယ်က အနောက်မှ အော်ငေါက်ပြီး ခေါင်းတယမ်းယမ်းနှင့် ကူရာမဲ့စွာပြောလေသည်။
"ဆီမကုန်မချင်းပြန်လာမဲ့ပုံလည်း မပေါ်ပါဘူးလေ။ ထားလိုက်ပါတော့ ထိပ်တန်းကျောင်းသားရယ်၊ ငါမင်းကိုအောက်ထပ်ထိလိုက်ပို့မယ်၊ လာ။"
မေလလယ်တွင် နွေဥတု၏ ကြန်အင်လက္ခဏာများမှာ ပိုမိုပြင်းထန်လာပြီး အများပြည်သူလုံခြုံရေးဌာနချုပ်အောက်ထပ် သစ်ရိပ်ကိုခိုလျက် ပုစဉ်းရင်ကွဲတို့ ကျီကျီကျာကျာ အော်မြည်နေကြသည်။ နေရောင်ခြည်မှာလည်း တလက်လက် တောက်ပနေကာ လမ်းပေါ်၊ ခေါင်မိုးပေါ် နှင့် မနီးမဝေးတွင် ကူးသန်းသွားလာနေကြသော ကားအမိုးများပေါ်သို့ တောက်ပစွာ ဖြာကျနေပေ၏။
ယန်ရှယ်က ချူစင်ကို လှေကားရင်းထိလိုက်ပို့ကာ
"အဲ့လိုဆို အင်တာဗျူးမှာ ကံကောင်းပါစေကွာ။ တစ်ခါတည်းအလုပ်ရအောင်ဖြေပြီး သတင်းကောင်းပါးလိုက်ပါဦး။"
ချူစင်က အလေးအနက်ထား သဘောတူလိုက်ပေသည်။
အသက်နှစ်ဆယ်ဝန်းကျင် ကျောင်းမပြီးသေးသောကျောင်းသားတစ်ယောက်၊ တစ်ချိန်လုံး ဓာတ်ခွဲခန်းထဲမှာ ကုတ်ကုတ်ကုတ်ကုတ်နှင့် အချိန်ကုန်နေခဲ့ရသော်လည်း လူငယ်တစ်ဦး၏ ထိုးဖောက်လွတ်လပ်လိုမှုနှင့် ပျိုမြစ်သောစိတ်ဓာတ်တို့ကိုမူ မဖုံးဖိနိုင်ချေ။ ယန်ရှယ်က သူ့ကိုကြည့်ရင်း လက်ပြနှုတ်ဆက်လိုက်သည်။ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ဘေးပတ်ဝန်းကျင်ကို မျက်လုံးဝေ့ကြည့်လိုက်၏။
"ဝေး၊ ထိပ်တန်းကျောင်းသားလေး"
"အင်း?"
"ငါသိချင်တာလေးတစ်ခုရှိလို့။ မင်းလည်းပြန်တော့မှာဆိုတော့ ငါတစ်ခုပဲထပ်မေးချင်လို့ပါ။ ဟို Fentanyl ဒြပ်ပေါင်းအသစ်ရဲ့ molecular formula အကြောင်း မင်းဘယ်လောက်ထိသိထားလဲ?"
"ကျွန်တော်ထုတ်ဖော်နိုင်လား၊ မထုတ်ဖော်နိုင်ဘူးလားလို့ မေးချင်တာမလား?"
ယန်ရှယ် : "အိုက်ယား၊ လူကိုစိတ်ထိခိုက်အောင် အဲ့လိုဒဲ့တိုးကြီးပြောမှဖြစ်မှာလား"
"တစ်ထစ်ချတော့မပြောနိုင်သေးဘူး။ ဒီထက်ပိုပြီး သုတေသနကောင်းကောင်းလုပ်နိုင်မယ်ဆိုရင်တော့ ဖြစ်နိုင်ချေရှိပါတယ်။"
ချူစင်က ဆက်ပြောသည်။
"ဒါပေမဲ့ ကျွန်တော်မလုပ်ပါဘူး။ စိတ်မပူပါနဲ့။"
"ဒါပေမဲ့ ငွေဝင်ပေါက်ကြီးနော်____"
ယန်ရှယ်က သံရှည်ဆွဲချက် အပြုံးတစ်ပွင့်နှင့် ပြောလိုက်၏။
"မင်းကတော့ ပေကျင်းမှာအလုပ်လေးရပြီး ပိုက်ဆံလေးစုနိုင်ဖို့အတွက်နဲ့ ဒုက္ခပေါင်းစုံကို ရင်စည်းခံနေရတာ၊ ဟော သူများတွေကျတော့ မီးရောင်စုံအောက်မှာ ဝိုင်နီလေးတမြမြနဲ့ သုံးဖြုန်းနေလိုက်တာများ။ တရားရဲ့လား?"
ချူစင်သည် အများပြည်သူလုံခြုံရေးဌာနချုပ်တံခါးဝ၌ ရပ်နေကာ ခေါင်မိုးပေါ်မှ ချိတ်ဆွဲထားသော ရဲဌာနအမှတ်တံဆိပ်ကြီးကို ကျောပေးလျက် အတွေးရေယဉ်ထဲ နစ်မြုပ်သွားဟန်တူသည်။ အတန်ကြာသော် တစ်စုံတစ်ရာကို သေချာတွေးမိသွားသကဲ့သို့ ခေါင်းကိုတွင်တွင်ခါ၏။
"မတရားတာတော့အမှန်ပဲ။ ဒါပေမဲ့ ကမ္ဘာဦးအစကတည်းက အနယ်မပါတဲ့တရားမျှတမှုဆိုတာမှမရှိတာ။ "
ယန်ရှယ် ပြန်မပြောနိုင်တော့ပေ။
"ဝင့်ခွင့်လွှာကျလာတုန်းကဆို တစ်ကျောင်းလုံး အုတ်အော်သောင်းနင်းဖြစ်ပြီး တခြားအတန်းကလူတွေပါ ကျွန်တော်တို့အတန်းရှေ့အပြေးအလွှား ရောက်လာကြတယ်လေ။ကျွန်တော်ကတော့ မျက်နှာကိုစာအုပ်နဲ့ကွယ်ရင်း ကျုံ့ကျုံ့လေးထိုင်လို့ပေါ့။ အဲ့ဒီအချိန်မှာ ကျွန်တော်နဲ့အတူထိုင်တဲ့သူငယ်ချင်းကပြောတယ်၊ ချူစင်ရေ ဘဝကြီးကမတရားဘူးကွာ။ ငါဆိုမင်းထက်တောင် ကြိုးစားရဲ့သားနဲ့ ဘာလို့ငါကျတော့ ပေကျင်းတက္ကသိုလ်ကိုဝင်ခွင့်မရတာလဲ တဲ့။"
"ခင်ဗျားကြည့်။ ကျွန်တော့်သာ လောကကြီးက မတရားဘူးလို့ပဲတွေးနေခဲ့ရင် ကျွန်တော့ထက်ပိုမျှော်လင့်ချက်မဲ့နေတဲ့အဲ့ဒီလူတွေ ဘယ်လိုတွေးကြမလဲ? အနည်းဆုံးတော့ ကျွန်တော်ကမှ ကိုယ့်အားကိုးရုန်းထွက်နိုင်ခဲ့ပြီး မိသားစုအတွက်ပိုကောင်းတဲ့ဘဝမျိုးပေးနိုင်ခဲ့ပါသေးတယ်။ ဒီကနေဖြစ်တည်လာတဲ့ ပီတိက လူချမ်းသာတွေပိုက်ဆံဖြုန်းပြီးရလာတဲ့ ပျော်ရွှင်မှုမျိုးအောက်တော့ မနိမ့်ကျလောက်ပါဘူး။"
ချူစင်က ခေါင်းမော့ကာ ကျန်းနင်နွေရာသီ၏ ပြာလွင့်လွင်ကောင်းကင်ကြီးကိုကြည့်ပြီး စိတ်ချမ်းမြေ့စွာဖြင့် ယန်ရှယ်ဘက်လှည့်၍ ပြုံးပြလေသည်။
"အဲ့ဒါကြောင့်မလို့ ကျွန်တော်ဖြည်းဖြည်းမှန်မှန်နဲ့ ရေကုန်ရေခန်းကြိုးစားနေရတာလည်း ကောင်းပါတယ်။ သွေးစွန်းနေတဲ့ ပိုက်ဆံတွေ၊ ဥပဒေကိုချိုးဖောက်တဲ့ကိစ္စတွေကတော့ တော်ပါပြီ။"
သူက ပြုံးလျက်ပင် လက်ပြနှုတ်ဆက်၍ လွတ်လပ်ပေါ့ပါးစွာနှင့် ခြေလှမ်းတို့အား အသက်ဝင်စေပြီး နေခြည်နွေးကိုကျောပိုးကာ ရုံးချုပ်ဂိတ်ဝကို လျှောက်လှမ်းသွားချေတော့သည်။
ကျန်ရစ်ခဲ့သော ယန်ရှယ်သည် Yunyan ဆေးလိပ်ဘူးကိုဖောက်ပြီး တစ်ချောင်းထုတ်၍ မီးညှိကာ စိမ်ပြေနပြေ ဖွာလိုက်၏။ တွေးဆဆဖြင့် မျက်ဝန်းတို့ မှေးစင်းထားပေသည်။
လွန်ခဲ့သော နှစ်ရက်က တင်းတန်း၏ လူသတ်မှုအကြောင်း ချူစင်အားပြောသင့်မပြောသင့် ကျန်းထင်ကို မေးခဲ့စဉ်က ကျန်းထင်က လုပ်ငန်းစဉ်အတိုင်း ဖြောင့်ဖြောင့်တန်းတန်းသွားပြီး အမှုကိုကိုင်တွယ်ရာ၌ အပိုအလုပ်မလုပ်ရန်၊ လိုအပ်သည့်အဆင့်များကျော်မချရန်ပြောခဲ့သည်ကို ရုတ်ခြည်း သတိရသွားလေသည်။
ထားလိုက်ပါတော့
ယန်ရှယ် တွေးလိုက်သည်။
ရွှယ်ပါ့အတွက်လည်းလွယ်မှာမဟုတ်ဘူး။
---ပြီးတော့ သူလည်းတစ်စက်ကလေးမှမမေးခဲ့ဘူးဆိုမှတော့ နောက်များကျရင် ဒီကိစ္စနဲ့ပက်သက်ပြီး သူ့ကိုပြောဖို့ အကျပ်ရိုက်စရာမလိုတော့တာပေါ့။
"သောက်လို့ကောင်းသားပဲ။"
ယန်ရှယ် တစ်ကိုယ်တည်းရေရွတ်ကာ ဆေးလိပ်ပြာချလိုက်၏။ ထို့နောက် ဖုန်းထုတ်ကာ ရုံးချုပ်အဆောက်အအုံထဲပြန်ဝင်သွားတော့သည်။
"ဟယ်လို ကျန်းကျင်ဟွား? ဘာမှမဟုတ်ပါဘူး။ မင်း တတိယမြောက် ကြက်စွပ်ပြုတ်ပန်းကန်ကို စားပြီးပြီလားလို့ပါ။ အဲ့ဒီ ရွှယ်ပါ့က ဒီနေ့မုန့်တွေလာပို့သွားတယ်လေ။ ညနေကျရင် ငါမင်းကို ချယ်ရီသီးနှစ်ကျင်း လာပို့လှည့်မယ်၊ စောင့်နေ။"
(T/N- ကျင်ဟွား- ရဲပန်းကလေး
斤<ကျင်း> ဆိုတာ တရုတ်တွေရဲ့ အလေးချိန်တိုင်းတဲ့ ယူနစ်တစ်ခုပါ။ တစ်ကျင်းကို 0.5 kg နဲ့ညီမျှပါတယ်။)
ကောင်းကင်တစ်ဆုံးတွင် ပြာလဲ့ကြည်လင်နေကာ ဂိမှာန်လေရူးက အတန်းလိုက်ရှိနေသော အထပ်မြင့်အဆောက်အအုံကြီးများကို ဝေ့ဝဲတိုက်ခတ်လျက် သွားလာလှုပ်ရှားနေကြသော ဈေးတန်းလမ်းကိုဖြတ်ကာ ခြေလျင်ချီတက်နေသော လူအုပ်ကြားထဲ တိုးဝင်လေ၏။ ၎င်းသည် ရှည်လျားလှသော လမ်းကြီး၏ တစ်ဖက်တစ်ချက်ရှိ စိန်ပန်းပင်တို့အား ကျီစယ်သွားလျက် အထက်ကောင်းကင်ထိတိုင် မြည်တမ်းလေသည်။
စည်ပင်ဝပြောသော ကျန်းနင်မြို့ကြီးတွင် တိမ်စိုင်တိုက်တို့ တစ်ရစ်ချင်း စုဝေးလာပေပြီ။ ပူပြင်းစူးရှမြဲ ရှိနေသေးသော နေမင်းကြီးမှာ အများပြည်သူလုံခြုံရေးဌာနချုပ်အဆောက်အအုံကြီး၏ ထိပ်ဆုံးတွင် ငွားငွားစွင့်စွင့် တည်ရှိနေသော ငွေရောင်ရဲဌာနအမှတ်ဆိပ်ကြီးပေါ် အလင်းတန်းတို့ စွန့်ကြဲကုန်လျက်။
-------------------------------------------------
အတွဲ(၁) ပြီး၏။
T/N-
အမှုတွဲ (၅၀၂) ပြီးပါပြီ။ အချိုတွေစားဖို့အဆင်သင့်ဖြစ်ပြီလား ကျယ်မေ့တို့ ><