အပိုင်း (၁၉)
Vim ထဲသို့ တက်တက်ကြွကြွ ဝင်လာသောသက်လတ်ပိုင်း ယောကျ်ားတစ်ယောက်။ သူ့ခြေလှမ်းတွေက bar ဆီ ရောက်သွားပြီး ဝီစကီတစ်ခွက်မှာ၍ အခြေအနေကို အကဲခတ်နေလေသည်။ သိပ်မကြာခင် အတောအတွင်း သူ့အနားသို့ နောက်ယောကျ်ားတစ်ယောက် ချဥ်းကပ်လာပြီး သူ့ခါးကို စွေ့ခနဲ ကောက်ဖက်လိုက်မှုကြောင့် ခန္ဓာကိုယ်တစ်ခုလုံး တွန့်ခနဲ ဖြစ်သွားပြီး ပြန်လှည့်ကြည့်လိုက်တော့မှ ရင်းနှီးနေသည့်မျက်နှာဖြစ်နေ၍ မထူးဆန်းသလို ပြန်တည်ငြိမ်သွားပြီး ထိုလူအား တွန်းထုတ်လိုက်လေသည်။
" ခင်ဗျား ဘာလို့ လိုက်လာတာလဲ"
" ကိုယ် ဆည်းဆာကို တစ်ယောက်တည်း လွှတ်လိုက်ဖို့ အသည်းမမာနိုင်ဘူး"
" ခင်ဗျား!"
ဆည်းဆာသည် အဂ္ဂမင်းညိုအား ခပ်စိမ်းစိမ်း စိုက်ကြည့်လိုက်ပြီးနောက် ခေါင်းခါ၍ အနား၌ ရှိနေလေသည်ဟုပင် သဘောမထားတော့ဘဲ နေလိုက်သည်။ အဂ္ဂမင်းညိုမှာလည်း သမက်ဆီမှ flirt နည်းမျိုးစုံကို အတုခိုး၍ ဆည်းဆာ သူ့အား ပြန်ချစ်လာရန် ကြိုးစားတော့သည်။
ထိုသို့ ရိသဲ့သဲ့လုပ်နေစဥ် မိုးဦးချိုဟာ သူတို့အနားသို့ လျှောက်လှမ်းလာတော့သည်။ အဂ္ဂမင်းညိုလည်း ပရောပရည် ပြုနေရာမှ ခါးဆန့်လိုက်ပြီး သတိကြီးကြီး ထားလိုက်သည်။
" ဒီက လူကြီးမင်းတို့ကို Vim မှာ အခုမှ တွေ့ဖူးသလိုပဲ"
" ဟုတ်ကဲ့ဗျာ့"
" ဒါကြောင့် ဘာလုပ်ရမှန်း မသိ ဖြစ်နေပုံပဲနော်၊ ပျော်စရာလေးများ လိုချင်ရင် ပြောပါ"
" ကျေးဇူးပါ"
" ဒါဆို ခွင့်ပြုပါဦး"
" ကောင်းပြီ"
ဆည်းဆာက နှုတ်ဆက်နေပေမဲ့အဂ္ဂမင်းညိုကတော့ ကျောခိုင်းနေလေသည်။ သူလည်း အဂ္ဂမင်းညိုကို စိတ်ရှုပ်သလို ပြန်ကြည့်လိုက်ပြီး လူကြားထဲသို့ တိုးသွားလိုက်သည်။
" ဟေး ဟေ့ အဲ့သည့်လို ပိုင်ရှင်မရှိတဲ့ပုံစံနဲ့ တစ်ယောက်တည်း မသွားနဲ့လေ"
" ခင်ဗျား အပူလား"
" မင်းက ကိုယ့်ရင်ထဲက ရေခဲတုံးလေးလေ၊ မင်းမရှိရင် ရင်ပူတာပေါ့"
" ခင်ဗျား ဒီလို ပေါက်ကရစကားတွေ ဘယ်က တတ်လာတာလဲ ဟာ...ဘယ်ကတတ်တတ်၊ ပါးစပ်ပိတ်ထား!"
နေ့ချင်းညချင်း စကားအပြောအဆို ကောင်းနေသောအဂ္ဂမင်းညိုကြောင့် ဆည်းဆာမှာ အံ့သြဆွံ့အလျက်။
// လွန်ခဲ့တဲ့ နှစ်၂၀လောက်ကများ အဲ့ဒီလောက် ပွင့်လင်းပြီး သွက်ခဲ့ရင်...ဟာ...ငါ ဘာတွေ တွေးမြော်နေတာလဲ//
တဖြည်းဖြည်းနှင့် Vim ၏အပေါ်ဆုံးထပ်သို့ ရောက်လာကြပြီး အထပ်တိုင်းကလည်း လောင်းကစား လုပ်နေကြသူများနှင့် အုန်းအုန်းကျွက်ကျွက်။ အပေါ်ဆုံးထပ်ကို ရောက်တော့ မည်သူမှ မရှိသလို အပ်ကျသံပင် မကြား။ ထိုစဉ် အဂ္ဂမင်းညိုက ရုတ်ချည်း သူ့အနားသို့ တိုးကပ်လာတော့သည်။
" ဆည်းဆာ ကိုယ် ကြောက်တယ်၊ ကိုယ့်ကို ကာကွယ်ပါ၊ ကိုယ့်လက်ဖျားတွေ အေးနေပြီ၊ ဆုပ်ကိုင်ထားပေးပါ၊ အား! ကိုယ့်ဒူးတွေ တဆတ်ဆတ်..."
" ခင်ဗျားပါးစပ်ပိတ်နေစမ်း!"
" ကိုယ့်ပါးစပ်က အရမ်း စကားပြောနေမိတယ်၊ သေချာပေါက် တစ်ယောက်ယောက်က နှုတ်ခမ်းနဲ့ ပိတ်ပေးမှ..."
" တော်တော့လို့!"
ဘာလို့ အပေါ်ဆုံးထပ်က အစောင့်အရှောက်တောင် မထားရသလဲဟု ဆည်းဆာ စဥ်းစားရခက်နေသည်။ တကယ်ပဲ ဘာလျှို့ဝှက်ချက်မှ မရှိတာလား။ အခန်းတစ်ခန်းရှေ့ အရောက် အခန်းထဲမှ မိန်းမတစ်ယောက်၏စကားပြောသံကို ကြားရသည်။
" ရှင်ကပဲ နှောက်ယှက်နိုင်မလား၊ ကျွန်မကပဲ စောင့်ကြည့်နိုင်မလားပေါ့၊ သေချာပေါက် အဆုံးထိ လိုချင်တပ်မက်နေပုံပဲ၊ ဟား! မဖြစ်နိုင်တာတွေ"
ခိုးနားထောင်နေသောသူတို့နှစ်ယောက်လုံး တစ်ယောက်မျက်လုံး တစ်ယောက် ကြည့်လိုက်ကြ၏။ အခန်းထဲရှိ မိန်းကလေးဟာ မိုးဦးချိုမှ လွဲ၍ တခြား မဟုတ်နိုင်။
သို့ရာတွင် သူတို့နှစ်ယောက် Vim ထဲမှ ပြန်ထွက်လာတော့ ခြံစည်းရိုးအပြင်၌ ပိတ်ရပ်ခံလိုက်ရသည်။
" ရှင်တို့ ပြန်တော့မလို့လား"
အနောက်က အသံကြောင့် လှည့်ကြည့်လိုက်တော့
" မင်း မိုးဦးချို"
" အဟက်...ကျွန်မနာမည်တောင် သိနေတာပဲ၊ ထင်သားပဲ၊ ရှင်တို့ စဝင်လာကတည်းက မရိုးသားပါဘူးလို့၊ ဘယ်ဆိုးလို့လဲ ဒီတစ်ခေါက် လွှတ်လိုက်တဲ့ နှစ်ယောက်က"
" မင်း ဘာတွေပြောနေတာလဲ"
" ကျွန်မ ဖုန်းပြောနေရင်း CCTV ကနေ ရှင်တို့ကို ကြည့်နေတာ ရှင်တို့ မသိဘူး မလား၊ တုံးလိုက်တာ..."
" မင်း! ကောင်းပြီလေ၊ ငါတို့က အေးဆေးပြန်မလို့၊ မင်းက ပြဿနာတွေကို ပိုရှုပ်ချင်နေတယ် ဆိုရင်တော့"
အဂ္ဂမင်းညိုက ရုတ်တရက် မိုးဦးချို၏ရင်ဘတ်ဆီ ကန်လိုက်ချိန် မိုးဦးချိုကလည်း ချက်ချင်း တိမ်းရှောင်လိုက်ပြီး အဂ္ဂမင်းညို၏ကုပ်ပိုးအား ခုန်၍ တံတောင်ဖြင့် အားပြင်းပြင်း ရိုက်ချလိုက်လေသည်။
" ဟား! ဒီမိန်းကလေးက ညှာလို့ မရဘူးဘဲ"
" လာလေ"
အဂ္ဂမင်းညိုလည်း ညှာတာခြင်း မရှိတော့ဘဲ အပြန်အလှန် တိုက်ခိုက်လို့ အပြီး မိုးဦးချို၏လက်တစ်ချောင်းအား လိမ်ချိုးလိုက်လေသည်။ မိုးဦးချိုက နာသွားတော့ ဆည်းဆာနှင့် တိုက်ခိုက်နေသော သူ့လူတွေက အဂ္ဂမင်းညိုဆီ ကူးပြောင်းလာတော့သည်။
" မင်းတို့ Vim က အုပ်စုဖွဲ့ အနိုင်ကျင့်နေတာလားဟ၊ ငါ့သားကို ဒီတရားမျှတမှု မရှိတဲ့ကာစီနိုရဲ့သူဌေးလေးနဲ့ ပေးစားလို့ မသင့်တော်တော့ဘူး"
တိုက်ရင်းခိုက်ရင်း အဂ္ဂမင်းညို၏စကားကြောင့် မိုးဦးချိုတို့ ဘက်မှ ရပ်လိုက်လေသည်။
" ဒေါင်းရဲ့အဖေ ဦးအဂ္ဂမင်းညို"
မိုးဦးချို၏စကားကြောင့် အဂ္ဂမင်းညိုလည်း အင်္ကျီကို ပြန်ပြင်၍ ခါခတ်လိုက်ရင်း ပြန်ဖြေလိုက်သည်။
" ငါ့သားမိန်းမရဲ့အဒေါ်က ရိုင်းလိုက်တာ"
" ရှင်ဘယ်လိုလုပ် ဒီကို..."
" ဒါကြောင့် အပျိုကြီး ဖြစ်နေတာ နေမယ်၊ ဒီလို နေရာကို ယောကျ်ားတွေ စုစည်းရောက်နေတာတောင် မင်းကို သဘောမကျကြဘူးလေ၊ ကြမ်းတမ်း၊ ခက်ထန်၊ နူးညံ့မှုမရှိ"
" စကားပြောရအောင် ဦးအဂ္ဂမင်းညို"
ဆည်းဆာလည်း အခြေအနေကို အကဲခတ်လိုက်ပြီး ကားထဲမှာသာ သွားစောင့်နေလိုက်တော့သည်။ အတော်ကြာတော့ နှစ်ယောက်သား Vim ထဲမှ ပြုံးရွှင်၍ ထွက်လာကြသည်။ မတိုင်ခင်က သတ်ပုတ်ခဲ့တာ သူတို့ မဟုတ်သလို။ ထို့နောက် ထိုလူက ကားထဲကို ပြန်ဝင်လာတော့ သူလည်း ကားမောင်းထွက်လိုက်သည်။ ဒါတောင် ဟိုမိန်းမကို သူက တာ့တာ လှမ်းပြနေ၍ brake ကို ခပ်ပြင်းပြင်း စောင့်အုပ်လိုက်ပြီး
" ခင်ဗျား နေခဲ့မလား"
" ဟမ်..."
" ခင်ဗျားတို့ ပြောလို့ မပြီးနိုင်သေးရင်လည်း ညအိပ်နေလို့ ရတယ်"
" ပေါက်ကရတွေ၊ အိမ်ပြန်ချင်ပြီ၊ မောင်းပါ ချာတိတ်"
" ကျွန်တော် ဆယ်ကျော်သက် မဟုတ်တော့ဘူး"
" ကိုယ် သိပါတယ်"
/~/
Accident ဖြစ်ပြီး နောက်နေ့ကတည်းက ညီမိုးယံ၏နောက်ကို အမြဲနောက်ယောင်ခံလိုက်ကြသော လူတစ်စုအား ဒေါင်းသက်ညို သတိထားမိသည်။ ညဘက် အဆောင်အပြင်မှာ ရပ်စောင့်နေလေ့ရှိပြီး စာသင်ချိန်ဆိုလျှင်လည်း အခန်းအပြင်မှ ဖြတ်သွားဖြတ်လာလုပ်ရင်း အခန်းထဲကို ကြည့်သွားကြသည်။ သို့ပေမဲ့ ညီမိုးယံကို အန္တာရယ်လာပြုခြင်း မရှိသေး၍ ဒေါင်းသက်ညိုလည်း မသိချင်ယောင်ဆောင်ထားသည်။
ယနေ့သည် farewell မို့ ကျောင်းသား၊ကျောင်းသူများ အားလုံး အလုပ်ရှုပ်နေကြ၏။ ထိုအထဲတွင် ညီမိုးယံနှင့် ဒေါင်းသက်ညိုတို့မှာလည်း အစ်မတို့ကို ဝိုင်းကူပေးနေရ၍ စင်ပေါ်မတက်ခင် ချွေးတလုံးလုံးကျလျက်။ Final မှ စီနီယာများကတော့ သူတို့အတွက် နောက်ဆုံးပွဲဖြစ်၍ တဝုန်းဝုန်း သောင်းကျန်းနေကြပြီး အကအဖွဲ့များနှင့် ဝရုန်းသုန်းကား ဖြစ်နေကြ၏။
သို့ရာတွင် အစ်မရွှေလဝင်းတို့ အဖွဲ့မှာ hall ခန်း အပြင်ဘက်ရှိ ခုံတန်းဘက်သို့ ပြေးထွက်သွားပြီး ဒံပေါက်ဘူးတွေ ဖောက်စားနေကြသေးသည်။ မျက်နှာပေါ်၌ လိမ်းကျံထားသော မိတ်ကပ်တို့မှ မထောက်ဘဲ နှုတ်ခမ်းသားတစ်ဝိုက်၌လည်း အဆီများ ကွက်လျက်။ အကအဖွဲ့တွေ ဖျော်ဖြေလျှင်လည်း စားလက်စတွေ ပစ်ချ၍ အပြေးသွားကြည့်ကြသေးသည်။
" ညီ ပုဆိုးသေချာဝတ်၊ စင်ပေါ် တက်ရတော့မယ်"
" အင်း"
ညီမိုးယံလည်း ပုဆိုးကို ပြင်ဝတ်လိုက်ပြီး ပြတင်းပေါက်မှန်ရှေ့၌ ဆံပင်များကို သေချာသပ်တင် လိုက်သေးသည်။ နို့နှစ်ရောင် စတစ်ကော်လံလက်ရှည်ကို ပိုးပုဆိုးအနက်ကွက်နှင့် တွဲဖက်ဆင်တူ ဝတ်ထားကြသည်မို့ နှစ်ယောက်လုံးက သန့်ပြန့်၍ ထင်းထွက်နေသည်။
" ညီ တက်ရအောင်"
" ဟာ... ဒီနေရာကြီးမှာ အသက်ကလည်း"
" ဘာလဲကွ၊ မင်းကို စင်ပေါ်တက်ဖို့ ပြောနေတာ"
" ဪ...ဟီးဟီး"
သူတို့နှစ်ယောက် စင်ပေါ်ကို တက်သွားတော့ အောက်မှာ ကနေသည့်လူအုပ်စုအပြင် ခန်းမတစ်ခုလုံး ဆိတ်ငြိမ်သွားကြပြီး သူတို့ နှစ်ယောက်ထံသို့ အာရုံစိုက်လာကြသည်။
ထို့နောက် တီးလုံးသံလေးက တငြိမ့်ငြိမ့် ထွက်ပေါ်လာပြီး မကြာမီ ဒေါင်းသက်ညို၏ယောကျာ်းပီသသော သြရှရှအသံလေးကလည်း ငြိုးငြိုးငြိမ့်ငြိမ့် ထွက်ပေါ်လာတော့၏။
လွမ်း...
ရင်ထဲလှိုက်လို့ အတိတ်ကို လွမ်း...
လွမ်း...
ရင်ထဲရှိတဲ့ ဒီဇာတ်လမ်း...
နွေရာသီရွက်ကြွေ၊ မြေပေါ် ပြေးလွှားလို့ လွင့်နေစဥ်မှာ၊ သူ့တစ်ယောက်ကို သတိတရနဲ့၊ တမ်းတလို့ လွမ်းမိတယ်လေ.....
ဟိုစဥ် တစ်ချိန် နွေအခါ သူရယ် တို့နှစ်ဦး ရင်းနှီးလို့၊ ပညာရှာရင်းနဲ့ ကျောင်းကြီးရဲ့အရိပ်အောက်မှာ ချစ်ကြသူတွေအဖြစ် ရောက်ရှိခဲ့ကြတယ်
သိပ်ချစ်သူတွေလို့ အများက သတ်မှတ်ခဲ့တယ်
ငယ်စဥ် ဟိုတစ်ချိန်က တို့ဘဝရဲ့အတိတ် ဒီဇာတ်အလွမ်း...
ထိုစဉ် ညီမိုးယံလည်း ယောကျ်ားပီသလွန်းသောအသက်ကို လှမ်းကြည့်နေရင်း တိတ်တခိုး တခစ်ခစ် ရယ်နေလေသည်။ ထို့နောက် သူဆိုရမည့်အလှည့် ရောက်လာတော့ အသက်ကလည်း သူ့ကို ပြန်ငေးကြည့်လာသည်။
လွမ်း...
ရင်ထဲလှိုက်လို့ အတိတ်ကို လွမ်း...
လွမ်း...ရင်ထဲရှိတဲ့ ဒီဇာတ်လမ်း
ပြန်မြင်ယောင်သေးတယ်၊ နွေလေရူးတိုက်ခတ်လို့ နေစဥ်မှာ သူ့အကြောင်းကို တွေးတောရင်း လွမ်းရတဲ့ နေ့တစ်ရက်ပါလေ....
ဟိုစဥ်တစ်ချိန် နွေအခါ သူရယ် တို့နှစ်ဦး ရောက်ခဲ့တယ်...
အတူတူvလျှောက်ဖူးတဲ့ လမ်းလေးရဲ့ ဘေးတစ်ဖက််မှာ...
ပန်းလေးတွေ အရင်တိုင်း ဖူးပွင့်လျက်ပဲမို့...
တို့ရဲ့ရင်ခွင်ထဲ လွမ်းရတဲ့ စိတ်ကြောင့်လေ၊ မြင်ယောင်ကာနေဆဲ လွမ်းရသူ အချစ်ပုံရိပ်များ...
R&D - လွမ်းရင်ထဲ လှိုက်လို့ အတိတ်ကိုလွမ်း~~~
လွမ်းရင်ထဲရှိတဲ့ ဒီဇာတ်လမ်း ~~~
ပြန်မြင်ယောင်သေးတယ် နွေလေရူးတိုက်ခတ်လို့ နေစဥ်မှာ သူ့အကြောင်းကိုတွေးတောရင်း လွမ်းရတဲ့ နေ့တစ်ရက်ပါလေ~~~
ဟိုစဥ်တစ်ချိန် နွေအခါ သူရယ် တို့နှစ်ဦးရောက်ခဲ့တယ်.....
အတူတူ လျှောက်ဖူးတဲ့ လမ်းလေးရဲ့ ဘေးတစ်ဖက််မှာ.....
ပန်းလေးတွေ အရင်တိုင်း ဖူးပွင့်လျက်ပဲမို့~~~
တို့ရဲ့ရင်ခွင်ထဲ လွမ်းရတဲ့ စိတ်ကြောင့်လေ၊ မြင်ယောင်ကာနေဆဲ လွမ်းရသူ အချစ်ပုံရိပ်များ ~~~
လွမ်း ရင်ထဲလှိုက်လို့ အတိတ်ကိုလွမ်း
လွမ်းရင်ထဲရှိတဲ့ ဒီဇာတ်လမ်း.....
လွမ်း......
သူတို့သီချင်းသံအပြီး ကျောင်းသူ၊ကျောင်းသားများနှင့် ဆရာမများမှာလည်း မျက်ရည်ဝဲလျက်။
/~/
ဒုတိယနှစ်ဝက်၏စာမေးပွဲရက်တွေမှာလည်း ညီမိုးယံနှင့် ဒေါင်းသက်ညိုတို့ နှစ်ယောက်အတူ စာကျက်ကြပြီး ညီမိုးယံ အနားကပ်လာသည့် မည်သူ့ကို မဆို ဒေါင်းသက်ညို ရန်လုပ်လွန်း၍ ပါပါးတို့က ခဏခဏ ရောက်ချလာရသည်။ စာမေးပွဲဖြေစဥ်တောင် တစ်ယောက်နှင့် တစ်ယောက် ကြည့်ရင်း ပြုံးပြနေကြ၍ အခန်းစောင့်ဆရာမများ၏ အဆူအပူကလည်း ခံရသေးသည်။ ချစ်မိတော့ tutor တွေပါ ဂရုမစိုက်နိုင်။ ကိုယ့်လူကိုယ် အရိပ်တကြည့်ကြည့် ရှိမနေရလျှင် စိတ်မောရသည်။
စာမေးပွဲများကို ဖြတ်ကျော်လာရပြီးနောက် ကျောင်းအပြီး ပိတ်တော့မည် ဖြစ်၍ final ကျောင်းသားများကတော့ ငိုယိုလို့။ သူတို့နှစ်ယောက်ကတော့ အမှတ်တရဖြစ်အောင် အစ်မတို့အဖွဲ့နှင့် ထန်းရည်သွားသောက်ကြသည်။
အဆောင်ပြန်ရောက်တော့ အဝတ်အစားတွေ သိမ်းပြီး ရေအတူ ချိုးကြသည်။ ညီ့ကို ပြန်မလွှတ်ချင်ဖြစ်နေသောဒေါင်းသက်ညိုကတော့ စိတ်မချဘူးဟု အကြောင်းပြကာ သူနှင့်အတူ မန္တလေးကို လိုက်ခဲ့ဖို့ အပါ ခေါ်နေလေသည်။
ထိုအခါ ညီမိုးယံလည်း ဒေါင်းသက်ညို၏အနားသို့ နှစ်ကိုယ်ကြားရုံ တိုးတိုးလေး ကပ်ပြောလိုက်သည်။ ထိုအခါမှ ဒေါင်းသက်ညို၏မျက်နှာ ပြုံးသွားပြီး ချက်ချင်း Vim မှာ လိုက်နေမည်ဟု ဆိုတော့သည်။
ဒီလိုနှင့် အဆောင်မှာပဲ ညအိပ်လိုက်ကြပြီး မနက်မိုးလင်းတော့ Vim ကို အတူ သွားကြသည်။ ဟိုရောက်တာနှင့် တီလေးကို နှစ်ယောက်အတူ နေဖို့ အခန်းပြင်ဆင်ခိုင်းရသည်။
ဒေါင်းသက်ညိုဟာ ဒေါ်မိုးဦးချိုနှင့် ဆုံတော့ ခေါင်းညိတ်ပြုံးပြရုံမျှဖြင့် အသိအမှတ် ပြုလိုက်သည်။ Vim မှာ ရှိသမျှ လောင်းကစားလုပ်ငန်းအားလုံးကို သူ လိုက်လံ အကဲခတ်သည်။ ညီမိုးယံ၏အနားမှာ ရပ်နေသော သူ့ကို ဘယ်သူကမှ စကားတစ်ခွန်း မဆိုရဲကြ။ သူ့ချစ်သူ၏အရှိန်ပါဝါရော၊ သူ၏အန္တာရယ် အငွေ့အသက်ပါသည့်တည်ကြည်ခန့်ညားမှုကြောင့်ပါ ဝေးဝေးမှသာ ကြည့်ရဲကြသည်။
" အသက် ဒီလုပ်ငန်းကို ဒီ့ထက် တိုးချဲ့ရင် ကောင်းမလား"
" အင်း.... ကိုယ်လည်း ဒါတွေးနေတာ ညီ့ရဲ့ Vim မှာ ဝီစကီကြီးပဲ သောက်လို့ ရနေတာက သိပ်မမိုက်ဘူး၊ ဒီထဲမှာ တစ်ခုခု ရောသင့်တယ်"
အရက်ခွက်ကို ကိုင်လှုပ်နေသော အသက်၏အနားသို့ တိုးကပ်သွားလိုက်ပြီး အသက်၏လည်ပင်းကို နုနုရွရွ ဆုပ်ကိုင်လိုက်သည်။ ထိုအခါ ဒေါင်းသက်ညိုလည်း မဲ့ပြုံးပြုံး၍ ညီ့မျက်လုံးများကို စူးရဲစွာ စိုက်ကြည့်လေသည်။ ညီမိုးယံလည်း အသက်၏လည်ပင်းကို ခဲထားရာမှ လွှတ်လိုက်ပြီး
" ကောင်းလိုက်တာ၊ မောင် မတွေးမိခဲ့ဘူး"
" လာစစ်လို့ မိရင်ရော"
" ရေထိုးလိုက်ပေါ့"
" haha..."
ဒေါင်းသက်ညိုလည်း ညီ မလွယ်ဘူးဆိုသည့် ပုံစံဖြင့် လှောင်ရယ်လိုက်ပြီး အရက်ခွက်ကို မော့ချလိုက်သည်။ ဘေးပတ်ဝန်းကျင်ကလည်း သူ့အာရုံနှင့် သူမို့ ဒေါင်းသက်ညိုလည်း ညီ့အင်္ကျီကော်လံကို ဆွဲ၍ နီးစပ်ရာ အခန်းထဲသို့ ဝင်လိုက်သည်။ ထို့နောက် ညီ့ကို နံရံပေါ် ဖိကပ်၍ ညီ့တင်ပါးတွေကို ဆုပ်ကိုင်လိုက်တော့ ညီ တစ်ချက်တွန့်သွားပြီး သူ့လည်ပင်းကို ဖက်ထားလေသည်။ သို့ရာတွင် ညီ့အိတ်ကပ်ထဲမှ စီးကရက်ကို ရုတ်တရက် ဆွဲထုတ်ချလိုက်တော့ ညီက ဖီးပျက်သွားပုံဖြင့် ကျစ်ခနဲ စုတ်သပ်သည်။
" သောက်နေတုန်းလား"
" မသောက်တာ ကြာပြီ"
" အဲ့ဒါဆို ပြန်မသောက်နဲ့"
ညီ့ပုံစံက တကယ့်ကို ဂျစ်ကန်ကန်လေး။ သူ့စကားကြောင့် ဆံပင်တွေကို ထိုးဖွပြီး လေပူတွေ မှုတ်ထုတ်နေတော့သည်။
" အဲ့သည့်ထက် ကောင်းတဲ့ ကိုယ် အနားမှာ ရှိလျက်နဲ့၊ ဒီစီးကရက်တွေ သောက်နေသေးတာလား"
" ဒါဆို..."
" ဟိုး! နေဦး၊ ဒီိမှာ လာမနေခင် ညီ ပေးထားတဲ့ကတိကို ညီ ပြန်မေ့သွားပြီလား"
" ဟာ့ အသက်ကလည်း"
" မညစ်နဲ့ ညီ၊ နေ့ရက်တိုင်းက ကိုယ့်အတွက်ပဲ ဖြစ်စေရမယ်ဆို"
" ဟုတ်တယ်လေ၊ မောင် ပေးမယ်ဆို..."
" မရဘူး၊ ကိုယ် ပေးမယ်"
" ဟုတ်ပြီ၊ ဟုတ်ပြီ၊ အသက်သဘောပဲ၊ ဒါပေမဲ့ သိပ်မကြမ်းနဲ့"
" အိုကေ ညီ"
" နေပါဦး၊ ဒီအခန်းမှာ Cctv တပ်ထားတယ်၊ တီလေးကို live ကြည့်စေချင်လို့လား"
" အာ..."
ထိုအခါမှ အသက်က ရှက်သွားပြီး နောက်ဆုတ်သွားသည်။ ညီမိုးယံလည်း အသက်၏လက်ကို ဆွဲခေါ်၍ သူ့အခန်းဆီသို့ ခေါ်သွားလိုက်သည်။ အခန်းထဲရောက်တော့ ခုတင်ပေါ် ပစ်လှဲပေးလိုက်ပြီး မျက်စပစ် ပြလိုက်သည်။ အသက်ကလည်း ကုတ်အင်္ကျီကို ချွတ်၍ အခန်းထောင့်သို့ လွှတ်ပစ်လိုက်ပြီး သူ့အား အုပ်မိုးလာတော့သည်။
" ဒီခုတင်တွေက ခိုင်တယ်"
" အင်း"
ပြောမိခါမှ ပိုဆိုးတော့သည်။ မကြမ်းဖို့ ပြောထားသည်ကိုလည်း မေ့ပြီး သူ့ခန္ဓာကိုယ် နှစ်ခြမ်းကွဲပြီးလားဟုပင် တွေးထင်မိ၏။
နောက်တစ်နေ့ကျတော့ ဒေါင်းသက်ညို၏ပါပါးက ထပ်ရောက်ချလာပြန်သည်။ ဆည်းဆာကလည်း အနားက ပါလာ၍ ညီမိုးယံခမျာ ချစ်ရသူ အလုပ်ရှုပ်နေသည်မို့ နောက်ဆုတ်နေရသည်။ သူ နားမလည်သည့်စီမံကိန်းတွေလည်း ချနေပြီး အသက် ပါးပါးနှင့် သူ့တီလေးကလည်း နှစ်ကိုယ်ကြား စကားတွေ ပြောနေသေး၏။
အဂ္ဂမင်းညိုနှင့် မိုးဦးချိုတို့ စကားပြောနေသည်ကို ညီမိုးယံနှင့် ဒေါင်းသက်ညိုသည် အခန်းအပြင်မှ ချောင်းနေကြပြီး သူတို့အနား၌ ဆည်းဆာလည်း ရပ်နေလေသည်။ အခြေအနေကို အကဲခတ်ပြီးနောက် သူ့ထင်မြင်ချက်ကို ဒေါင်းသက်ညိုအား အတင်းနားထောင်ခိုင်းတော့သည်။
" သေချာတယ်၊ အသက်ပါးပါးနဲ့ ကိုယ့်အဒေါ်က တစ်ခုခုပဲ၊ မဟုတ်မှ တစ်အိုးတစ်အိမ် ထူထောင်မလို့ ဒီလောက် တိုင်ပင်နေကြတာလား မသိဘူးနော်"
" ပေါက်ကရတွေ ညီ"
" ကြည့် ကြည့် အသက်ပါပါးရဲ့မျက်ခွက်ကြီး ဖြီးလို့"
" ညီ!"
" အာ...ဟဲဟဲ"
ဒေါင်းသက်ညိုက အော်လိုက်တော့မှ ညီမိုးယံလည်း ဆက်မချောင်းတော့ဘဲ အနားရှိ ကိုဆည်းဆာကို ကြည့်လိုက်တော့ ကိုဆည်းဆာ၏မျက်နှာက မကောင်း။
" အစ်ကို အဆင်ပြေရဲ့လား"
" ဟမ် ငါလား ပြေတယ်"
" ဪ..."
ထိုအခါမှ ဒေါင်းသက်ညိုလည်း ကိုဆည်းဆာကို သတိထားမိသွားပြီး ကိုဆည်းဆာ၏အနားသို့ လျှောက်သွား၍ နဖူးပေါ်သို့ လက်တင်လိုက်သည်။ ထို့နောက် ကိုယ်အပူရှိန်လည်း မရှိ၍ စိတ်အေးသွားပုံဖြင့် သက်မချပြီး ညီ့ကို ပြန်ကြည့်လိုက်တော့ ညီက သူ့ကို မျက်ထောင့်နီနှင့် စိုက်ကြည့်နေတာမို့ သူ လန့်သွားသည်။ သို့ရာတွင် စူပုတ်ပုတ်ဖြင့် ကိုဆည်းဆာနားမှ သူ့ကို ပြန်ဆွဲခေါ်သွားသည်။
" အသက်ရဲ့ယောကျ်ားက ဒီမှာပါ၊ အသက်ကြောင့် ညက မောင် အများကြီး ပင်ပန်းထားရတာ၊ အသက်က မောင့်ကိုယ်အပူရှိန်ကိုကျတော့ မတိုင်းပေးဘဲ ဘာလို့ သူများကို တိုင်းပေးရတာလဲ"
" ကိုဆည်းဆာကလည်း ကိုယ် ငယ်ငယ်က အဲ့သည့်လို ကိုယ်ပူနေရင် လာလာစမ်းကြည့်ပေးနေကျ၊ ကိုယ်လည်း ကိုဆည်းဆာကို အဲ့သည့်လို စမ်းကြည့်နေကျမို့ လုပ်မိတာပါ"
" မရဘူး၊ မရဘူး၊ မောင် သဝန်တိုတယ်"
ဆည်းဆာလည်း သူ့အရှေ့က နှစ်ယောက်ကို ကြည့်နေရင်း အမြင်ကပ်လာတာမို့ အခန်းထဲသို့ ပြန်ကြည့်လိုက်တော့ အခန်းထဲ၌ အဂ္ဂမင်းညို၏ပြုံးရွှင်နေသည့်မျက်နှာက ပိုမြင်ပြင်းကတ်ဖို့ ကောင်းနေသည်။ ထို့ကြောင့် ဆည်းဆာလည်း ရိန်းနှင့် ဒေါင်းအား မျက်စောင်းထိုး၍ Vim ၏ အပြင်ဘက်ရှိ ကားထဲ၌သာ သွားထိုင်နေလိုက်သည်။
အဂ္ဂမင်းညိုသည် အခန်းအပြင်သို့ ပြန်ထွက်လာတော့ ဆည်းဆာကလည်း အခန်းဝမှာ ရှိမနေ။ သူ မြင်လိုက်ရတာက မမြင်ချင်၊ မတွေ့ချင်သည့်သားဖြစ်သူတို့အတွဲ။ အဆိုးဆုံးမှာ ညီမိုးယံသည် သူ့သားအား ခြေတစ်ဖက်ချင်းစီ စောင့်၍ ကလေးတွေလို စိတ်ကောက်ပြနေလိုက်တာ ရွံစရာလေး။ သူ့သားကလည်း အဲ့သည့်ရွံစရာလေးအား စိတ်ရှည်လက်ရှည် လိုက်ချော့နေလေသည်။
ထိုအတွဲကို မမြင်ချင်တော့၍ ဆည်းဆာရှိနိုင်မည့်ကားဆီသို့ သွားလိုက်တော့ ဆည်းဆာကလည်း ကားထဲမှာ အိပ်ပျော်နေလေရဲ့။ သူ ကားတံခါးကို ခေါက်လိုက်မှ နိုးလာပြီး ကားပေါ်မှ ဆင်းလာသည်။
" ဘာလို့ ကိုယ့်ကို မစောင့်တာလဲ ဆည်းဆာ"
" ခင်ဗျားတို့ စကားပြောနေတာ ကြာတယ်လေ"
" သမက်အတွက် လုပ်ပေးနေရတာလေ၊ ကြာမှာပေါ့"
" အဲ့ဒါ ပြုံးရယ်ပြီး ပြောဖို့ လိုလို့လား"
" ဟမ်...အာ...ဆည်းဆာက ကိုယ့်ကို သဝန်တိုနေတာလား၊ စိတ်မချ ဖြစ်နေတာမလား၊ အဲ့ဒါဆို ချစ်လို့ပေါ့၊ အလကားပါ၊ ဆည်းဆာ ကိုယ့်ကို အခုထိ မချစ်သေးဘူး"
အရှေ့ကနေ ခြေစောင့်ပြီး သူ့ကို စိတ်ကောက်ပြနေသောအဂ္ဂမင်းညိုကြောင့် ဆည်းဆာမှာ ပါးစပ်အဟောင်းသား။ ဒီလူ ဒီကလေးကလား အလုပ်တွေကို ဘယ်က သွားသင်လာမှန်း မသိ။ သို့ရာတွင် လူတွေ ဝိုင်းကြည့်နေပြီမို့ သူ့ကလန်ကလား အရပ်ကြီးအား ကုပ်မှ ဆွဲ၍ ကားထဲသို့ အတင်းထည့်ပြီး ထိုနေရာမှ အမြန် မောင်းထွက်ခဲ့ရသည်။
_____________________