အပိုင်း (၁၅)
လှိုင်မြစ်ကမ်းဘေး၌ နှစ်ယောက်အတူ ထိုင်ကြရင်း လေကောင်းလေသန့် ရှူနေကြသည်။ မနီးမဝေးရှိ တံတားမှ မီးအလင်းရောင်သည် မြစ်ကမ်းဘေး၌ သူတို့နှစ်ယောက်ကိုတော့ တစ်ယောက်မျက်နှာ တစ်ယောက် မြင်နိုင်ရုံ မှိန်ဖျဖျ လင်းပေးနေသည်။ တံတားပေါ်၌ ကားလေးငါးစီး ဖြတ်သန်းသွားလာ နေကြရုံမှ အပ ရေလှိုင်းကြက်ခွပ်သံလေးတွေသာ ကြားရပြီး အေးချမ်းနေ၏။
" ရေသံလေးတွေက စိတ်ကို အေးမြစေသလို အသက်ရဲ့အသံလေးကလည်း မောင့်အသွေးအသားတွေကို ပူလောင်စေတယ်"
" ဘာ! ကိုယ့်အသံကြားရင် ညီက ပူလောင်တယ်ပေါ့"
" အင်း၊ အိပ်ရာပေါ်မှာ အသက်ရဲ့ညည်းသံလေးတွေက မောင့်အသွေးအသားတွေကို ပူလောင်စေပြီး ဆာလောင်စေတယ်လေ"
" ခွေးကောင်!"
ထိုအခါ ဒေါင်းသက်ညိုလည်း ရယ်ချလိုက်ရင်း ညီ့လက်မောင်းကို လှမ်းထိုးလိုက်တော့ ညီက သူ့လက်မောင်းလေးသူ မနာဘဲ ပွတ်နေသည်။
" ငွေပင်လယ်ဘုရားနဲ့ပတ်သက်ပြီးတော့ ကောလဟာလတစ်ခု ရှိတယ်"
" အင်း ဘာလဲ ညီ"
" မသိဘူး"
" မသိဘူးဆိုရင် ဘာလို့ ပြောနေသေးလဲ"
"ဟားဟား စတာပါ၊ အဲ့သည့်နဂါးရုံဘုရားနဲ့ ဓာတ်ပုံတွဲ မရိုက်ရဘူးတဲ့"
" ဟယ်...ဘာလို့"
" မင်းမေကြီးတော် ဟယ်တဲ့! ဟားဟား!"
ဒေါင်းသက်ညို၏စလိုက်သံကြောင့် ရယ်နေသောညီ့ပုံကို ကြည့်၍ ညီ့နှုတ်ခမ်းလေးကို လှမ်းနမ်းလိုက်သည်။ ညီကလည်း ရုတ်တရက်မို့ ငြိမ်သွားပြီး သူ့ကို ပြန်စိုက်ကြည့်နေ၏။
" ဆက်ပြောလေ၊ ရယ်မနေနဲ့"
ထိုအခါ ညီက သူ့နှုတ်ခမ်းသူ လက်ဖျားလေးဖြင့် ထိကိုင်ထားရင်း ချက်ချင်း မတ်တတ်ထရပ်သည်။
" အား! ရေပြင်ကျယ်ကြီးရေ! အသက်က ကျွန်တော့်ကို ခင်ဗျားတို့ရှေ့ နမ်းတယ်ဗျာ့! အသက်က ကျွန်တော့်ထက်တောင် အရှက်မရှိဘူးပဲ..."
ရူးတူးတူး ပေါတောတောနှင့် အော်ဟစ်နေသော ညီကြောင့် သူပါ အားရပါးရ ရယ်ချလိုက်ပြီး ညီ့လက်ကို လှမ်းဆွဲ၍ ပြန်ထိုင်ခိုင်းလိုက်သည်။
" အခု ဘယ်သွားကြမလဲ"
" အင်း...အဲ့သည့်ကို သွားမလား"
" ဟင့်အင်း၊ ညီ မနက်ဖြန် ညကျမှ ခိုးထွက်ပြီးသွားတာပေါ့"
"ကောင်းပြီ ဟား!"
ညီဟာ သူ့ပေါင်ပေါ်သို့ ခေါင်းအုံးပြီး လှဲချလိုက်သည်။
" ညီ ထကွာ ညစ်ပတ်အောင်လို့"
" အဟွတ်! အဟွတ်!"
" ညီ ချောင်းတွေ ဆိုးနေတယ်၊ လေစိမ်းတိုက်လို့ နေမယ်"
" လေစိမ်းတိုက်လို့ မဟုတ်ဘူး၊ အသက် နှုတ်ခမ်းတွေက ချိုလွန်းလို့ မောင် ချောင်းဆိုးသွားတာ"
" ဟားဟား!"
အမှောင်ထဲမှာ နှစ်ယောက်အတူ ရယ်လိုက်မောလိုက် ဖြစ်နေသည့်သူတို့နှစ်ယောက်ကို အပြင်လူတွေ မြင်လျှင်တော့ ရူးနေသည်ဟု ထင်သွားလိမ့်မည်။ သူတို့ နှစ်ယောက်မှာတော့ နှစ်ယောက်အတူ ရှိနေချိန်တိုင်းကို ပျော်နေကြ၏။ သို့ရာတွင် ညလုံးပေါက် မြစ်ကမ်းဘေး၌ ထိုင်နေကြပြီး မနက်မိုးလင်းမှသာ အဆောင်ကို ပြန်လာခဲ့ကြသည်။
" ကျောင်း မသွားချင်လိုက်တာနော်"
" မသွားလို့ မရဘူး၊ အပျင်းမထူနဲ့၊ စာမေးပွဲနီးပြီကို"
အပျင်းထူနေသည့်ညီ့ကို ချိုင်းမှ ဆွဲမပြီး ရေချိုးခိုင်း၍ ကျောင်းကို ခေါ်ရ၏။ မေဂျာဆောင်ရှေ့ရောက်တော့ သူတို့တက်မည့် လှေကားမှာ အုန်းကြိုင်တစ်ယောက် ပိတ်ရပ်နေတာကို တွေ့လိုက်ရသည်။ ရိုးရိုးပိတ်ရပ်နေခြင်းမျိုး မဟုတ်။ ကောင်မလေးတစ်ယောက်ကို စာလိုက်ပေးနေခြင်း ဖြစ်၏။ အုန်းကြိုင်ပုံစံက ဂွကျကျ၊ ပုဆိုးကို လက်တစ်ဖက်က မ,ထားသေးသည်။ လူကောင်ကလည်း ခပ်သေးသေး။ ဒေါင်းသက်ညိုနှင့် ညီမိုးယံလည်း အနောက်မှ ကြည့်ပြီး ကျိတ်လှောင်နေလိုက်သည်။
" အလှလေးရယ်...မင်း single လား၊ ကိုယ့်စာကို လက်ခံပေးကွာ"
" ရူးနေလားဟဲ့၊ စာပေးတဲ့ခေတ် ကုန်နေပြီနော်၊ ငါ့မှာ ချစ်သူရှိတယ်၊ ဖယ်...အရှေ့က"
" ဘာ! အဲ့ဒါ ဘာလို့ အစကတည်းက မပြောတာလဲ၊ rs ဆိုရင်တော့ မင်းကို အစကတည်းက facebook မှာ unfriend ပြီပေါ့၊ အခု မင်းက single လို့ တင်ထားတာကို"
" နင် ကျက်မပြည့်ဘူးလား၊ ငါ့ဘာသာ ရည်းစားရှိရှိ၊ မရှိရှိ နင့်ကိစ္စလား၊ ကဲ ဖယ်..."
ထိုမိန်းကလေးက သူ့ရှေ့၌ ပိတ်ရပ်နေသော အုန်းကြိုင်အား စောင့်တွန်း၍ ထွက်သွားတော့သည်။ အုန်းကြိုင်မှာ သူ့အင်္ကျီကော်လံကို သူ ပြန်ခါ၍ ကောင်မလေးနောက်ကျောကို ရှုံ့မဲ့ပြီး ကြည့်နေရာမှ သူ့အနားရှိ ညီမိုးယံနှင့် ဒေါင်းသက်ညိုကို မြင်သွားတော့
" ဟမ့်! bro တို့ တွေ့လား၊ အဲ့သည့်လို မိန်းကလေးတွေကို ဝေးဝေးရှောင်၊ ကိုယ်တွေများ မနက်စာကို ဖြစ်သလို ဟိုတယ်လောက်မှာပဲ သွားစားနိုင်တော့ ချက်ချင်းကြီး ငြင်းလွှတ်တော့တာပဲ"
ထိုအခါ ညီမိုးယံနှင့်ဒေါင်းသက်ညိုတို့လည်း သူ့ကို နားမလည်နိုင်စွာ ကြောင်ကြည့်နေမိ၏။ အုန်းကြိုင်ကား သူ ပြောချင်ရာ ပြောပြီး လှေကားပေါ်သို့ ပြန်တက်သွားသည်။
" ညီ သူက မနက်စာကို ဖြစ်သလို ဟိုတယ်တက်စားတဲ့တစ်ယောက်လား"
" အင်း ဟုတ်တယ်လေ အသက်ရဲ့၊ ကိုယ်တွေက တခမ်းတနား လမ်းဘေးဆိုင်မှာ စားပေမဲ့ သူကတော့ ဖြစ်သလို ဟိုတယ် တက်စားတာပေါ့ ဟားဟား!"
နှစ်ယောက်သား ရယ်မောရင်း ပုဆိုးမ၍ ၃ထပ်ဆောင်ပေါ်သို့ ပြေးတက်ခဲ့ကြ၏။ အခန်းဝရောက်တော့လည်း အခန်းထဲပင် မဝင်ရသေး အစ်မရွှေလဝင်းတို့က လာခေါ်ပြန်၍ သူတို့ အနောက်သို့ လိုက်သွားရသေးသည်။
" မောင်လေးတို့ရေ နောက်အပတ် ဆရာကန်တော့ပွဲ ရေး!"
ဆရာကန်တော့ပွဲကို သူ့တို့က ကန်တော့ခံရမည့် လူလိုလို ခုန်ပေါက်ပြီး ပျော်နေကြသော ထိုအစ်မအုပ်စုကို သူတို့နှစ်ယောက်လည်း ဒီအတိုင်းပင် ရပ်ကြည့်နေမိသည်။
" မောင်လေးတို့ ပွဲမှာ သီချင်းထပ်ဆိုပေးနော်"
"ဟမ်...ဆိုရဦးမယ်"
" လုပ်ပါ...အစ်မတို့လည်း ဖျော်ဖြေမှာ"
" အစ်မ နောက်အပတ်ပြီးရင် စာမေးပွဲမလား"
" ဪ...မောင်လေးတို့ရယ်၊ အပိုတွေ လုပ်မနေပါနဲ့၊ one subject, one night ပဲကို၊ ကျန်တဲ့ညတွေ မင်းတို့ တဂျိမ်းဂျိမ်းပဲမလား၊ ကျင့်ချိန် ရှိပါတယ်"
အစ်မသဲလစုက မရှက်မကြောက် ထပြောလိုက်တော့ ညီမိုးယံက ကျိတ်ရယ်သည်။ ဒေါင်းသက်ညိုကတော့ ရှက်သွားပြီး မျက်နှာလွှဲသွား၏။
" ကဲ အသက်ရေ...အစ်မတို့ စကားက မှန်နေတာပဲ"
ညီမိုးယံကလည်း အသက်၏ပါးကို ရွှတ်ခနဲ လှမ်းနမ်းလိုက်ရင်း ပြောလိုက်တော့ အရှေ့က အစ်မတွေခမျာ ချက်ချင်း မျက်နှာငယ်သွားကြသည်။
" ဪ...ဘဲမရှိတာကလည်း ဝဋ်ဆင်းရဲတစ်ခု ပါလားနော်"
အားလုံး အစီစဥ်တကျ တိုင်ပင်ပြီးသွားမှ အခန်းထဲသို့ ပြန်ဝင်လာပြီး စာသင်ကြတော့သည်။ ညဘက် မအိပ်ဘဲ လျှောက်သွားထား၍ စာသင်ချိန်၌လည်း နှစ်ယောက်သား တစ်ယောက်ပခုံးပေါ်သို့ တစ်ယောက် မှီတင်၍ အိပ်ငိုက်နေကြ၏။
" စာမေးပွဲနီးလို့ Roll call မရမှာ ကြောက်လို့သာ အတန်းလာတက်ရတာ၊ စိတ်က စာထဲ မရောက်ဘဲ အသက်ထဲ ရောက်နေတော့ အဆင်မပြေဘူး"
ညီမိုးယံ၏စကားကြောင့် အသက်လည်း မျက်နှာရဲသွားပြီး အရှေ့က မိန်းကလေးတွေကို ကြည့်လိုက်တော့ တခစ်ခစ် ရယ်နေကြ၏။ သူ ပြောလိုက်သည်ကလည်း အဓိပ္ပာယ်တစ်မျိုး သက်ရောက်သွားသည်လေ။
" ဟျောင့်! ညီ အရှေ့မှာ မိန်းကလေးတွေရှိတာ အားနာဦး"
" အားမနာပါဘူး၊ သူတို့ နားရှက်ရင် သူတို့ဘာသာ နေရာပြောင်း ထိုင်ပါလေ့စေပေါ့"
အရှေ့က မိန်းကလေးတစ်သိုက် - ဪ...
တကယ့်ကို မနိုင်စိန်လေး ဖြစ်နေသောညီ့ကို အသည်းယားလွန်း၍ နားရွက်ဖျားလေးအား ဖမ်းကိုက်လိုက်မိ၏။ ညီက တကယ်နာသွားသည့်ပုံဖမ်း၍ သူ့နှုတ်ခမ်းအား ပြွတ်ခနဲ လှမ်းနမ်းလာသည်။ ထိုအခါ ဒေါင်းသက်ညိုတင်မက အနားမှ မိန်းကလေးတွေလည်း ရှက်သွားကြပြီး သူတို့နှစ်ယောက်အား ချောင်းကြည့်နေကြသည်။
" အိုက်ယား! အသက်ရေ၊ ဒီလို အသားနာတဲ့အခါ အချိုစားရတယ် ကြားဖူးလို့ မောင့်မှာ ချိုမြိန်တာဆိုလို့ အသက်ပဲ ရှိတာကြောင့် အသက်နှုတ်ခမ်းလေးကို လှမ်းနမ်းရတာပါ၊ လူကြားထဲ နမ်းလို့ အသက် စိတ်မဆိုးပါနဲ့၊ အယ်...စိတ်ဆိုးရင်လည်း ထပ်ကိုက်လေနော်"
" တော်ပြီ ညီ၊ အရှက်ကို မရှိဘူး၊ ထပ်ကိုက်ရင်လည်း နာလို့ ဆိုပြီး ထပ်နမ်းဦးမှာမလား"
" ဟီးဟီး သိလည်း ပြီးရော၊ ထပ်ကိုက်လေ အင့် အင့်"
သူ့နှုတ်ခမ်းနားသို့ နားထိုးပေးလာသည့်ညီ့ကို အတင်းတွန်းထုတ်လိုက်ရ၏။ ညီ့မျက်နှာပိုးက မသေ၊ စပ်ဖြဲဖြဲဖြင့်။ ညီ့မှာ တကယ့်ကို အရှက်အကြောက် မရှိတော့တာလား။ မွေးလာကတည်းက မပါလာတာလားပဲ။
/~/
ညပိုင်း ခိုးထွက်ရတာက သူတို့အတွက် အကျင့်တစ်ခုလို ဖြစ်နေပြီ။ ညီ့လက်ကို ဆွဲ၍ လူသူ ကင်းမဲ့သည့်လမ်းမပေါ်သို့ လျှောက်ပြေးရတာက ဒေါင်းသက်ညိုအတွက် စိတ်အပန်းဖြေစရာ တစ်ခုလို။ ရည်ရွယ်ထားသောနေရာသို့ နှစ်ယောက်အတူ စိတ်အေးလက်အေးဖြင့် လမ်းလျှောက်သွားကြ၏။
သူတို့သွားရမည့်အိမ်ရှေ့အရောက် ညီမိုးယံနှင့်ဒေါင်းသက်ညိုတို့ နှစ်ယောက် လုံး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်၍ ပြုံးလိုက်ပြီး မျက်နှာပေါ်၌ မျက်နှာဖုံးအနက် ဆင်တူလေး ကောက်တပ်လိုက်ကြ၏။ ထို့နောက် တစ်ဦးနှင့် တစ်ဦး ခေါင်းညိတ်ပြ၍ အိမ်ခြံစည်းရိုး အနားသို့ ချဥ်းကပ်သွားလိုက်သည်။
အိမ်ထဲရှိ အခြေအနေမှာ တိတ်ဆိတ်လျက် ရှိနေပြီး ညသန်းခေါင်းယံ အချိန်မို့ အိမ်သူအိမ်သားများလည်း အိပ်ရာဝင်နေလောက်ပြီ။ ခြံဝင်းအတွင်း၌ မီးသီးတစ်လုံးမျှသာ ထွန်းထားပြီး အိမ်မကြီးပေါ်၌ မီးရောင်မှိန်ဖျဖျသာ အလင်းပေးထား၏။
ညီမိုးယံကဟာ ခွေးတွေ ဘာတွေ မွေးထားသေးလားဆိုပြီး ခြံဝင်းထဲသို့ ဝေ့ဝိုက်ကြည့်လိုက်တော့ မည်သည့် တိရစ္ဆာန်မှ မရှိတာကြောင့် ခြံစည်းရိုးကို ကျော်ဝင်လိုက်၏။ ညီက အရင်ဝင်သွားတော့ ဒေါင်းသက်ညိုလည်း အနောက်မှ လိုက်ဝင်လိုက်သည်။ ထို့နောက် နှစ်ယောက်အတူ အိမ်မကြီး၏တံခါးနားသို့ ချဥ်းကပ်သွားလိုက်ပြီး ဒေါင်းသက်ညိုကား အိမ်မကြီး၏တံခါးကို နှစ်ချက်မျှ ခပ်ကျယ်ကျယ် ခေါက်လိုက်၏။
(ဒေါက်! ဒေါက်!)
ထိုမျှဖြင့် အိမ်ရှိလူကုန် မနိုးနိုင်လောက်တော့ ၃ချက် ထပ်ခေါက်လိုက်သည်။
( ဒေါက်!ဒေါက်!ဒေါက်!)
" ဟင်...အိမ်ရှေ့က ဘယ်သူ တံခါးခေါက်တာလဲ၊ ယောကျ်ား ခြံတံခါး မပိတ်ခဲ့ဘူးလား"
" ဟာ...ငါ သေချာ ပိတ်ခဲ့ပါတယ်ဟ၊ အကောင် တစ်ကောင်ကောင်နေမှာ"
( ဒေါက်! ဒေါက်!)
" ဟမ် ယောကျ်ား...ထ ထ လူ ဖြစ်နိုင်တယ်၊ ဘယ်သူလဲ၊ ထကြည့်ရအောင်လို့"
" ဟ! မင်းကလည်း ဒီအချိန်ကြီး ဘယ်သူက တံခါးလာခေါက်မှာလဲ"
" ထပါဆို ရှင်ကလည်း"
ထိုသို့ ယင်းလင်မယားနှစ်ယောက်၏အသံကို ညီမိုးယံတို့လည်း အပြင်ဘက်မှ ကြားနေရသည်။ ခဏလောက် ကြာတော့ အိမ်မကြီးတံခါးဟာ ကျွီခနဲ ပွင့်လာတော့၏။
" ဟင် မင်းတို့"
( ခွက်!)
" အာ့!"
ညီမိုးယံက အိမ်ရှင်ယောကျ်ား၏မျက်နှာအား ထိုးချလိုက်သည့်အချိန် ဒေါင်းသက်ညိုဟာ မိန်းမဖြစ်သူ၏လက်ကောက်ဝတ်နှစ်ဖက်အား တစ်ပြိုင်နက် ဖမ်းချုပ်လိုက်ချေ၏။ အိမ်ရှင်လင်မယား နှစ်ယောက်မှာ ဤအခြေအနေကို ချက်ချင်း ရိပ်စားမိဖို့ မလွယ်ကူခဲ့။ ဒေါင်းသက်ညိုလည်း ညီ့ကို ပြန်လှည့်ကြည့်လိုက်တော့ ညီက အိမ်ရှင်အဘိုးကြီးအား သုံးလေးချက်လောက် ထိုးနေ၏။
" ညီ ရပ်တော့"
" အင်း"
" ခင်ဗျားတို့ အကြွေးနဲ့ သိမ်းထားတဲ့ ပစ္စည်းတွေ အကုန်ပေး၊ ကြာတယ်၊ ပိုင်ဆိုင်တာ အကုန်ပေး"
" ဟမ်...ဟမ်...မင်းတို့က တကယ်ကြီး ဓားပြတိုက်နေတာလား"
" မဟုတ်ဘူး၊ စနေကြတာ ညကြီးမင်းကြီး surprise လေ"
" ဪ...ဟင်"
" ညီ ပေါက်ကရမပြောနဲ့၊ ခင်ဗျားတို့လည်း ရှိတာ ထုတ်ပေးမလား၊ အသက် အသေခံမလား၊ ပြော!"
" မ...မလုပ်ပါနဲ့၊ ပေးပါ့မယ်ဟယ်၊ လူကိုတော့ ဘာမှမလုပ်ပါနဲ့တော်၊ ကျုပ်တို့လည်း အသက်ကြီးပါပြီ"
" ဟွန့် ကိုယ့်ကိုယ်ကိုယ် သေခါနီးတွေ ဆိုတာတော့ သိကြသားပဲ၊ ဒါနဲ့များ နောင်ဘဝအထိ အထုပ်ထုပ်ပြီး သယ်နေကြသေးတယ်"
ညီက မကျေနပ်ချက်တွေကို တန်းစီ ထုတ်ပြောနေတော့ အိမ်ရှင်လင်မယား နှစ်ယောက်သည် သူတို့ပစ္စည်းတွေ သူတို့ နှမြောတသဖြစ်စွာ ဒေါင်းသက်ညို၏လက်ထဲသို့ ထည့်ပေးလာ၏။
" ခင်ဗျားတို့ ရဲတိုင်ဖို့ မစဥ်းစားနဲ့၊ အသက်ပါ ပျောက်သွားအောင် လုပ်ပစ်လိုက်မယ်"
ဒေါင်းသက်ညိုက ခြိမ်းခြောက်လိုက်တော့ အိမ်ရှင်လင်မယားလည်း လန့်သွားကြပြီး ငြိမ်ကုပ်သွားကြသည်။ သူတို့နှစ်ယောက်လည်း အသာတကြည် ထည့်ပေးလာသော ရွှေထုပ်၊ ငွေထုပ်များကို ကိုင်ဆောင်ရင်း ထိုခြံဝင်းအတွင်းမှ ထွက်လာခဲ့သည်။ လမ်းထိပ်ရောက်တော့ အချိန်ကား ၁၂နည်းပါး ရှိနေပြီ။
ထိုစဉ် သူတို့နှစ်ယောက် မတ်တတ်ရပ်နေတုန်း သူတို့အနားသို့ ကားတစ်စီး လာရပ်၏။ သူတို့နှစ်ယောက်လည်း ထိုကားပေါ်က လူကို အကဲခတ်လိုက်တော့ မနေ့က အဘ ဖြစ်နေသည်။ အဘဟာ ခေါင်းညိတ်၍ အပြင်က သူတို့နှစ်ယောက်ကို ပြုံးပြ နှုတ်ဆက်လာသည်။
" ကလေးတို့ ထပ်တွေ့ကြပြန်ပြီ၊ အခုရော ဘယ်လဲ လာကားပေါ်တက်"
" ဟုတ်ကဲ့ အဘ"
သူတို့နှစ်ယောက်လည်း အဘ၏ကားပေါ်သို့ တက်လိုက်ကြပြီး အဘကို သူတို့နေသည့်အဆောင်ဘက်သို့ ဦးတည်ပြီး မောင်းခိုင်းလိုက်သည်။ အဘမျက်နှာက ပြုံးလျက် ရှိနေပြီး နောက်ကြည့်မှန်ထဲမှ သူတို့နှစ်ယောက်ထံ လှမ်းကြည့်နေ၏။
" အဘ ဘာတွေ သဘောကျနေ"
" မင်းတို့ လူငယ်လေးတွေလည်း အမှန်တရားအတွက်ဆို တစ်ဇွတ်ထိုး လုပ်တတ်လိုက်တာမှ လွန်ရောကွာ"
" ဟင်...အဘ၊ ကျွန်တော်တို့ ဘာလုပ်ခဲ့သလဲဆိုတာ အဘက သိနေလို့လား"
အဘက ပြုံးနေရင်း ခေါင်းညိတ်ပြ၍ ညီမိုးယံကို ပြန်ကြည့်လာသည်။
" ဒါပေမဲ့ မင်းတို့ သိလား၊ ဘဝအခြေအနေနှစ်ခုက တစ်နေရာတည်းမှာ ပူးတွဲ ရှိနေရင် အမှန်အမှားဆိုတာထက် ကိုယ့်ရှင်သန်မှုကိုပဲ တွေးတတ်တော့တာ၊ မင်းကြည့် သူတို့ ရပ်ကွက်ထဲက လူတွေအပေါ် ဖိနှိပ်တယ်၊ သူတို့ဒုက္ခရောက်တော့ ဘယ်ပတ်ဝန်းကျင်မှ ထွက်မကြည့်ချင်ကြဘူး၊ မင်းတို့ သွားတဲ့ အချိန်က လူတွေ မအိပ်သေးပါဘူး၊ အသံတွေ ကြားမှာပဲ၊ မြင်မှာပဲ၊ ဒါပေမဲ့ အားလုံးက ဖြစ်ပါလိမ့်စေ၊ ကောင်းတယ်၊ ဒါမှ မှတ်မှာ၊ ငါတို့ကို ကိုယ်ချင်းစာတတ်မှာလို့ တွေးနေကြမှာပဲ"
ညီမိုးယံနှင့်ဒေါင်းသက်ညိုသည် အဘ၏စကားကို နားထောင်နေရင်း ခေါင်းတရမ်းရမ်း ဖြစ်မိ၏။ အဘပြောနေသည်ကလည်း အမှန်တရားတွေမို့။
" သိစိတ်က လူသားချင်း စာနာစိတ်နဲ့ကူညီဖေးမချင်နေခဲ့ရင်တောင် မသိစိတ်က ငါတို့ကိုလည်း တစ်ချိန်က သူ ဒီလို ငါတို့ဆီက လုယူခဲ့တာပဲဆိုပြီး ဖြေသိမ့်နေကြလိမ့်မယ်"
" ဒါက ဘယ်လူမှ ပြဋ္ဌာန်းထားတာ မဟုတ်ရင်တောင် တစ်သတ်မှတ်တည်း တွေ့ကြုံရမဲ့လောကရဲ့ဓမ္မတာတရားပဲ၊ လှလှပပ သုံးရမယ်ဆိုရင် ဝဋ်ပေါ့၊ ဥပဒေကသာ ဘက်လိုက်ချင် လိုက်မယ်၊ ဝဋ်ကတော့ ဘက်လိုက်မှာ မဟုတ်ဘူး၊ လူတွေ စိတ်က ချမှတ်ထားတာ၊ နှလုံးသားထဲက ချမှတ်ထားတာ၊ ရုန်းကန်နေရတဲ့ဘဝသမားတွေ အတွက် တရားမျှတမှုဆိုတာ ဒါပဲ"
သို့ရာတွင် အဘစကားတွေကို နားထောင်နေရင်း အဆောင်ရှေ့ကိုပင် ပြန်ရောက်လာကြသည်။ ညီမိုးယံနှင့်ဒေါင်းသက်ညိုတို့သည် ကားပေါ်မှ ဆင်းလိုက်ပြီးနောက် အဘကို နှုတ်ဆက်လိုက်ရင်း သူတို့ ဓားပြတိုက်လာခဲ့သောအထုပ်ကို အဘ ပြန်မထွက်သွားခင် အဘ၏လက်ထဲသို့ ထည့်ပေးလိုက်သည်။
" ဝေငှပေးလိုက်ပါ၊ ဒီငွေတွေက ကျွန်တော်တို့အတွက် အသုံးမဝင်ပေမဲ့ အဘတို့လို လူတွေအတွက် အသုံးဝင်မှာပါ"
" သာဓု...သာဓု...သာဓု...၊ ကံကြမ္မာရဲ့အလှည့်အပြောင်းတွေ ကြုံလာရင်တောင် မင်းတို့နှစ်ယောက် လက်တွဲမဖြုတ်မိစေနဲ့"
" ဗျာ..."
" မင်းတို့ သူငယ်ချင်းနှစ်ယောက်ကို ကြည့်ရတာ သိပ်တွဲဖက်ညီတယ်၊ စိတ်တူကိုယ်တူ ရှိကြတယ်၊ နှစ်ယောက်အတူ ရှိနေရင် မင်းတို့က တစ်ယောက်ကို တစ်ယောက် သေချာပေါက် အထောက်အပံ့ကောင်းဖြစ်နေမှာ"
" သေချာတာပေါ့၊ ကျေးဇူးပါ အဘ"
ထို့နောက် အဘ၏ကားဟာ သူတို့၏ရှေ့မှ ပျောက်သွားတော့သည်။ အသက်ကို လှည့်ကြည့်လိုက်တော့ အသက်ကလည်း သူ့ကို ပြုံးကြည့်နေ၏။
" အဘက ရိပ်မိသွားတယ် ထင်တာ"
" အင်း ကိုယ်တို့ ချစ်သူတွေလို့ သိသွားပြီ ထင်တာ"
" မောင်တို့ကြားက သံယောဇဥ် ကြိုးက ကြီးမားလွန်းလို့ ဘေးလူတွေ မြင်ကုန်ပြီ ထင်တယ်"
" ဒါပေါ့၊ အဆောင်ထဲ အမြန်ဝင်ရအောင်၊ ဒီည ကိုယ့်ညလေ"
" ဟွန့်! အသက်ကလည်း"
" လာပါ ညီရဲ့"
အဆောင်ထဲသို့ ခိုးဝင်ရောက်ပြီးနောက် သူတို့နှစ်ယောက်၏အချစ်ညလေးကို စတင်လိုက်ကြသည်။ တကယ်ဆိုလျှင် နားသည့် ရက်မရှိသော သူတို့အတွက် ညတိုင်းဟာ အချစ်ညတွေပါပဲ။ မနက်ရောက်လျှင်တော့ အဆောင်မှူးသည် ဈေးသွား၍ ခုတင်အသစ်တစ်လုံး ထပ်သွားမှာ ရဦးမည်ပေ။
__________________